အခန်း ၂၇၈၈
Vol. 219 Ch. 2788
အခန်း(၂၇၈၈)
သူ၏ရှေ့မှ ကျန်းချန်ကို ကြည့်ကာ ရှပေါင်သည် ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိသွားခဲ့ပြီး မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
“မင်းက ဌာနခွဲ(၁၈)က ကျန်းချန်လား”
ရှပေါင်သည် အမည်မဲ့အင်မော်တယ် နန်းတော်၏ ဌာနခွဲ(၁၈)နှင့် ပတ်သက်၍ အတော်လေး သိရှိထားခဲ့သည်။
ဌာနခွဲ(၁၈)၏ လူငယ်ပါရမီရှင်များ ထဲတွင် အထူးချွန်ဆုံး ပါရမီရှင်မှာ သံသယဖြစ်ဖွယ်ရာမရှိ ဟယ်ယွီပင် ဖြစ်သည်။
သို့သော်လည်း မကြာသေးမီကစ၍ ကျန်းချန် အမည်ရှိ ပါရမီရှင် တစ်ဦးသည် ဌာနခွဲ(၁၈)တွင် ရုတ်တရက် ပေါ်ထွက်လာသည်ကို ရှပေါင် ကြားသိထားခဲ့သည်။
ယခု ကြည့်ရသည်မှာ သူ၏ရှေ့မှ အနက်ရောင်ဝတ်စုံဝတ်လူငယ်သည် ကျန်းချန် ဖြစ်ပုံရ၏။
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် အေးစက်စက် ပြောလိုက်သည်။
“ထွက်သွားစမ်း.. ဌာနခွဲ(၁၈)ကလူတွေကို လာမနှောင့်ယှက်နဲ့.. မဟုတ်ရင်တော့ ငါ့ကို ရက်စက်တယ် ဆိုပြီး အပြစ်မတင်နဲ့”
“တကယ်လား.. ဒါဆိုရင် မင်း ငါ့အပေါ် ဘယ်လောက်အထိ ရက်စက်နိုင်မလဲ ဆိုတာ ငါကြည့်ချင်သေးတယ်”
ရှပေါင်က အေးစက်စက် ပြုံးကာ ပြောလိုက်သည်။
“ဌာနခွဲ(၁၈)က ပါရမီရှင်အသစ်က အမည်မဲ့အင်မော်တယ်မြို့တော်ရဲ့ တံခါးဝမှာ ဌာနခွဲ(၃)က ရန်လီကို လက်သီးချက် တစ်ချက်တည်းနဲ့ နောက်ဆုတ်စေခဲ့တယ်လို့ ငါကြားမိတယ်.. ဒီနေ့တော့ ငါကိုယ်တိုင် မင်းရဲ့ အရည်အချင်းကို ကြည့်ရသေးတာပေါ့”
စကားဆုံးသည်နှင့် ရှပေါင်သည် သူ၏ လက်ထဲမှ သွေးရောင်ဓားရှည်ကို ဝှေ့ယမ်းလိုက်ရာ ပေတစ်ထောင်ခန့် ရှိသည့် သွေးရောင် ဓားအလင်းတန်း ထွက်ပေါ်လာခဲ့ပြီး ကျန်းချန် ဆီသို့ သက်ရောက်လာခဲ့သည်။
“ဒီလောက်လေးပဲလား”
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး လက်တစ်ဖက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ သွေးရောင်ဓားအလင်းသည် ဟင်းလင်းပြင်ထဲမှာပင် ချက်ချင်းဆိုသလို ပြိုကွဲသွားခဲ့သည်။
ကျန်းချန်က လက်တစ်ဖက်ကို ဝှေ့ယမ်း၍ ထုတ်ဖော်လိုက်သော ဓားစွမ်းအားသည် သွေးရောင်ဓားအလင်းကို ချေမှုန်းပြီးနောက်တွင် ရှပေါင်ကို တုံ့ပြန်ရန်ပင် အခွင့်အရေး လုံးဝ မပေးဘဲ ရှပေါင်၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ပင် သက်ရောက်သွားခဲ့၏။
“ဝေ့ါ”
ရှပေါင်၏ ခန္ဓာကိုယ် တစ်ခုလုံးက တုန်ယင်သွားခဲ့ပြီး သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရကာ လေထဲတွင် လွင့်ထက်သွားခဲ့သည်။
သူ ဖြတ်သန်းသွားသည့် နေရာတိုင်းရှိ ဟင်းလင်းပြင်သည်ပင် ကြီးမားသော အက်ကြောင်းကြီး အဖြစ် ကွဲအက်သွားခဲ့၏။
အဆုံးသတ်တွင် ရှပေါင်၏ ခန္ဓာကိုယ်သည် လေထဲကနေ မြေပြင် ဆီသို့ ပြုတ်ကျသွားခဲ့ပြီး သတိလစ်မေ့မျောကာ အသက်ယဲ့ယဲ့မျှသာ ကျန်ရစ်တော့သည်။
“...........”
သူတို့၏ရှေ့မှ မယုံကြည်နိုင်စရာ မြင်ကွင်းကို ကြည့်ကာ ပတ်ဝန်းကျင် တစ်ခုလုံး ရုတ်တရက် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။
ဌာနခွဲ ဆယ့်ရှစ်ခုမှ ပါရမီရှင်အားလုံးသည် မှင်တက်ရာကနေ ပြန်လည် သတိဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရ၏။
“ဒီကောင်က ဌာနခွဲ(၁၈)က ဖြတ်မြင်း ကျန်းချန် မဟုတ်လား"
"ဌာနခွဲ(၃)က ရန်လီကို လက်သီးချက် တစ်ချက်တည်းနဲ့ နောက်ဆုတ်စေခဲ့တဲ့ ပါရမီရှင်လို့ မပြောရဘူး.. တကယ်ကို အစွမ်းထက်တာပဲ”
ရှပေါင်သည် အမည်မဲ့အင်မော်တယ် နန်းတော်၏ ဌာနခွဲ(၁၇)မှ အသန်မာဆုံးပါရမီရှင် ဖြစ်သည်။
ရှပေါင်၏ စွမ်းရည်သည် အမည်မဲ့အင်မော်တယ် နန်းတော်၏ ဌာနခွဲ ဆယ့်ရှစ်ခုတွင် သိပ်မထူးခြားသော်လည်း ရှပေါင်သည် ကောင်းကင်အင်မော်တယ် ပထမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသည့် ပါရမီရှင်တစ်ဦး ဖြစ်၏။
ဌာနခွဲ ဆယ့်ရှစ်ခုရှိ ပါရမီရှင်များထဲတွင် ရှပေါင်ကို အနိုင်ယူနိုင်သူ များစွာ ရှိသော်လည်း ကျန်းချန် ကဲ့သို့ လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် ရှပေါင်ကို အလွယ်တကူ ဒဏ်ရာ အပြင်းအထန် ရရှိအောင် လုပ်နိုင်သူမှာ အတော်လေး နည်းပါးသည်။
ရှပေါင်ကို လက်ဝါး တစ်ချက်တည်းဖြင့် သင်ခန်းစာပေးပြီးနောက်တွင် ကျန်းချန်သည် သူ့ရှေ့မှ တောင်တန်းကို အကဲခတ်ကြည့်လိုက်သည်။
လျှို့ဝှက်နယ်မြေ တစ်ခုလုံးကို လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေသော အင်မော်တယ် အလင်းတန်းသည် သူ၏ ရှေ့ရှိ တောင်ထိပ်တွင် တည်ရှိနေသည်ကို သူမြင်တွေ့ခဲ့ရသည်။
ဤတောင်တန်းသည် ဖုန်းရွှေ အလွန်တရာ ကောင်းမွန်သော ရတနာမြေ ဖြစ်သည်မှာ ထင်ရှားပြီး တောင်တန်း၏ အပြင်ဘက်တွင် ရှေးဦးအင်မော်တယ် အများအပြား စုဝေးနေကြ၏။
ရှေးဦးအင်မော်တယ် အရေအတွက်သည် တစ်ရာထက် မနည်းရှိပြီး ကောင်းကင်အင်မော်တယ် နဝမအဆင့် ရှေးဦးအင်မော်တယ် ပင်လျှင် သိပ်မရှားပေ။
ရှေးဦးအင်မော်တယ်များသည် ကျန်းချန် အတွက် ခြိမ်းခြောက်မှု ကြီးကြီးမားမား မဖြစ်စေသော်လည်း ကျန်းချန်သည် မဆင်မခြင် မလှုပ်ရှားခဲ့ချေ။
မည်သို့ပင်ဖြစ်စေကာမူ သူ၏ စွမ်းရည်ဖြင့်ပင် ရှေးဦးအင်မော်တယ်များကို ရှင်းလင်းပြီး တောင်၏ အတွင်းပိုင်းဆီ ဝင်ရောက်ရန် အတွက် အားထုတ်မှုများစွာ လိုအပ်လိမ့်မည် ဖြစ်၏။
ယခုအခါတွင် ဌာနခွဲ ဆယ့်ရှစ်ခုမှ ပါရမီရှင်အားလုံးသည် ဤနေရာတွင် စုဝေးနေကြပြီ ဖြစ်သည်။
ဆိုရလျှင် ကျန်းချန်သည် ဌာနခွဲ ဆယ့်ရှစ်ခုမှ ပါရမီရှင်များကို မည်သည့် အားစိုက်ထုတ်မှုမှ မရှိဘဲ တံငါသည် ကဲ့သို့ အကျိုးအမြတ် ရယူခွင့် မပေးလိုခဲ့ပေ။
ဤကဲ့သို့ စောင့်ဆိုင်းရင်း အမည်မဲ့အင်မော်တယ် နန်းတော်၏ ဌာနခွဲ ဆယ့်ရှစ်ခုမှ ပါရမီရှင်များသည် ဤနေရာတွင် ပို၍ စုဝေးလာခဲ့ကြသည်။
"ဝုန်း"
ရုတ်တရက် အပြာရောင် အလင်းတန်း တစ်ခုသည် ကောင်းကင်ယံကို ဖြတ်ကျော်ကာ အဝေးရှိ မိုးကုတ်စက်ဝိုင်းကနေ ဆင်းသက်လာခဲ့သည်။
ထိုလူငယ်မှာ ဓားကဲ့သို့ မျက်ခုံးနှင့် ကြယ်တာရာ ကဲ့သို့ တောက်ပသော မျက်ဝန်းများ ရှိသည့် အဖြူရောင်ဝတ်စုံဝတ် လူငယ်တစ်ဦး ဖြစ်၏။
အဖြူရောင်ဝတ်စုံဝတ် လူငယ်မှာ တခြားသူ မဟုတ်ဘဲ ဌာနခွဲ(၂)မှ နံပါတ်တစ် ပါရမီရှင်ဖြစ်သူ ရီချန်းခွန် ဖြစ်သည်။
ရီချန်းခွန်သည် ကောင်းကင်အင်မော်တယ် တတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ခန္ဓာကိုယ်ကနေ လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါများ ထွက်ပေါ်နေခဲ့၏။
ကျန်းချန်က ရီချန်းခွန်ကို အကဲခတ်လိုက်ရာ ရီချန်းခွန်၏ စွမ်းရည်သည် ဌာနခွဲ(၃)မှ ရန်လီထက် ပို၍ မြင့်မားမှန်း သိရှိလိုက်သည်။
“ဝုန်း..”
ရီချန်းခွန် ရောက်ရှိပြီး သိပ်မကြာခင်မှာပင် ဟင်းလင်းပြင်ထဲ၌ နောက်ထပ် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ရွှေရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် ဟင်းလင်းပြင်ထဲကနေ ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်တို့၏ မြင်ကွင်းထဲ၌ ပေါ်လာခဲ့သည်။
ရွှေရောင်ဝတ်စုံဝတ် လူငယ်ကိုမြင်လျှင် ကျန်းချန်သည် မျက်မှောင်ကြုတ်သွားခဲ့၏။
ထိုလူငယ်မှာ ဌာနခွဲ(၁)မှ လော့ကျင်းလင်ပင် ဖြစ်သည်။
လော့ကျင်းလင်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ ထိပ်သီး ဆယ်ယောက်စာရင်းတွင် ပါဝင်သည့် ဌာနခွဲ(၁)မှ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်၏။
လော့ကျင်းလင်သည် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီး ကျန်းချန်နှင့် နှိုင်းယှဥ်လျှင်ပင် အားမနည်းပေ။
ကျန်းချန်သည် လော့ကျင်းလင် ထံကနေ အင်အားကြီးမားသော အရှိန်အဝါ ဖိအားကိုပင် ခပ်ရေးရေး ခံစားမိခဲ့၏။
ဤလူငယ်သည် အင်မော်တယ်လောကတွင် ကျန်းချန် တွေ့ဖူးသမျှ လူငယ်ပါရမီရှင်များ ထဲ၌ အထူးချွန်ဆုံး လူငယ်ပါရမီရှင် ဖြစ်သည်မှာ သေချာသလောက်ပင်။
သူ၏ လက်ရှိစွမ်းရည်ဖြင့်ပင် လော့ကျင်းလင်ကို အနိုင်ယူရန်မှာ မလွယ်ကူနိုင်မှန်း ကျန်းချန် ခံစားမိခဲ့သည်။
“လော့ကျင်းလင် နောက်ဆုံးတော့ မင်းရောက်လာပြီပေါ့”
လေထဲတွင် ရီချန်းခွန်သည် ရုတ်တရက် ရောက်ရှိလာသော လော့ကျင်းလင်ကို ကြည့်ကာ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
လော့ကျင်းလင်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
“ဘုရင်အဆင့် အင်မော်တယ်ဆေးဝါး ပေါ်ထွက်လာတဲ့ မြင်ကွင်းက တစ်သက်မှာတစ်ခါ တွေ့ရခဲတဲ့ မြင်ကွင်းမျိုးပဲ.. ဘာလို့ ငါက ဒီကို မလာရမှာလဲ.. ဒါပေမဲ့ အခြေအနေကို ကြည့်ရသလောက်တော့ ဘုရင်အဆင့် အင်မော်တယ်ဆေးဝါးကို တွေ့ဖို့တောင် မလွယ်တဲ့ပုံပဲ"
"ဘုရင်အဆင့် အင်မော်တယ်ဆေးဝါး ထွက်ပေါ်လာတာ ဆိုတော့ အဲဒီနေရာက ဖုန်းရွှေ ကောင်းမွန်တဲ့ ရတနာမြေပဲ ဖြစ်ရမယ်.. ပြဿနာက ငါတို့အနေနဲ့ ဘုရင်အဆင့် အင်မော်တယ်ဆေးဝါး ထွက်ပေါ်လာတာကို မြင်ချင်ရင်တောင် ရှေးဦးအင်မော်တယ်တွေကို ကိုင်တွယ်ဖို့က မလွယ်ကူတဲ့ အလုပ်ပဲ”
ရီချန်းခွန်က တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါ့အမြင်အရတော့ ဌာနခွဲ ဆယ့်ရှစ်ခုစလုံးက ကျင့်ကြံသူတွေ ပူးပေါင်းပြီး ရှေးဦး အင်မော်တယ်တွေကို အရင် တိုက်ခိုက်သင့်တယ်”
ထိုစကားကိုကြားလျှင် လော့ကျင်းလင်သည် အနည်းငယ် စဥ်းစားဟန်ပြုပြီးမှ ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ”
ဤနေရာတွင် ရှေးဦးအင်မော်တယ် အများအပြား ရှိနေခဲ့ပြီး အတော်လေး အင်အား ကြီးမားသဖြင့် လော့ကျင်းလင်သည်ပင် သူတစ်ယောက်တည်း ကိုင်တွယ်နိုင်မည်ဟု မသေချာပေ။
အကယ်၍ ကိုင်တွယ်နိုင်ခဲ့လျှင်ပင် လော့ကျင်းလင်သည် တစ်ယောက်တည်း လုပ်ဆောင်မည် မဟုတ်ပေ။
မည်သို့ပင် ဖြစ်စေကာမူ ဘုရင်အဆင့် အင်မော်တယ် ဆေးဝါးအတွက် ယှဥ်ပြိုင်ရန် သူ၏ ခွန်အားကို ထိန်းသိမ်းထားရလိမ့်မည် ဖြစ်သည်။
ထို့ကြောင့် ရှေးဦးအင်မော်တယ်များ အပေါ်တွင် သူ၏ စွမ်းအားများကို အလွန်အကျွံ မဖြုန်းတီးချင်ခဲ့ပေ။
ဤရှေးဦးအင်မော်တယ်များကို ရင်ဆိုင်ရန် အတွက် အားလုံးပူးပေါင်းဆောင်ရွက်ခြင်းသည် သာလျှင် သံသယဖြစ်ဖွယ်ရာ မရှိ အကောင်းမွန်ဆုံး ရွေးချယ်မှုပင် ဖြစ်၏။
အမည်မဲ့အင်မော်တယ်နန်းတော်၏ ထိပ်တန်း ပါရမီရှင်များထဲမှ နှစ်ဦး ဖြစ်သည့် လော့ကျင်းလင်နှင့် ရီချင်းခွန် တို့က သဘောတူညီလိုက်ရာ အခြားသူများသည်လည်း ဤကိစ္စနှင့်ပတ်သက်၍ ကန့်ကွက်စရာ မရှိတော့ပေ။
ဤသို့ဖြင့် လော့ကျင်းလင်နှင့် ရီချင်းခွန် တို့၏ ဦးဆောင်မှုအောက်တွင် ဌာနခွဲ ဆယ့်ရှစ်ခုမှ ပါရမီရှင်များသည် ယာယီမဟာမိတ် အဖြစ် ဖွဲ့စည်းလိုက်ကြပြီး ကတိကဝတ် သုံးခုကို ပြုလုပ်ခဲ့ကြသည်။
ထို့နောက်တွင် သူတို့လူစုသည် တောင်တန်း ဆီသို့ ချီတက်သွားခဲ့ကြ၏။
အင်မော်တယ်ဘုရင်၏ အမွေအနှစ်နယ်မြေ ဖြစ်သည့် လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်လာကြသည့် အမည်မဲ့အင်မော်တယ်နန်းတော်၏ ဌာနခွဲ ဆယ့်ရှစ်ခုမှ လူငယ်ပါရမီရှင်များသည် ပါရမီအရာတွင် အားမနည်းသော ကျင့်ကြံသူများ ဖြစ်ကြသည်။
လော့ကျင်းလင်နှင့် ရီချန်းခွန်တို့ ကဲ့သို့ ပြိုင်ဘက်ကင်း ပါရမီရှင် နှစ်ဦးက သူတို့ကို ဦးဆောင်နေသဖြင့် ရှေးဦးအင်မော်တယ်များသည် သူတို့အတွက် မည်သည့်ပြဿနာမျှ မဖြစ်စေခဲ့ပေ။
တောင်တန်း၏ အဝင်ဝတွင်ရှိသော ရှေးဦးအင်မော်တယ်အားလုံးကို ရှင်းလင်းရန်မှာ သူတို့အတွက် အလွန်တရာပင် လွယ်ကူခဲ့၏။
လော့ကျင်းလင်နှင့် ရီချန်းခွန် တို့သည် ရှေ့ကနေ ဦးဆောင်ကာ တောင်ထိပ်ဆီသို့ ချီတက်သွားခဲ့ကြသည်။
ကျန်းချန်သည်လည်း ဟယ်ယွီ တို့နှင့် အတူ လော့ကျင်းလင်တို့၏ ဦးဆောင်မှု နောက်ကနေ လိုက်ပါသွားခဲ့ကာ အင်မော်တယ် အလင်းတန်းများ ထွက်ပေါ်နေသည့် နေရာ ဆီသို့ ချဥ်းကပ်သွားခဲ့သည်။
အခန်း(၂၇၈၈)ပြီး၏။