← Chapters

အခန်း ၂၇၈၉

Vol. 219 Ch. 2789

အခန်း ၂၇၈၉

Vol. 219 Ch. 2789

အခန်း(၂၇၈၉)

တောင်တန်း၏ အတွင်းပိုင်းသို့ ဝင်ရောက်သွားသော်လည်း ကျန်းချန်တို့ အခြေအနေမှာ ချောချောမွေ့မွေ့ မဖြစ်ခဲ့ပေ။

တောင်တန်းအတွင်း၌ ရှေးဦးအင်‌မော်တယ် များစွာရှိနေဆဲ ဖြစ်ပြီး ထိုရှေးဦးအင်‌မော်တယ်များသည် အရေအတွက်ရော အရည်အသွေးအရပါ တောင်တန်းအပြင်ဘက်ရှိ ရှေးဦး အင်‌မော်တယ်များထက် ပိုမို သာလွန်နေခဲ့သည်။

ဌာနခွဲ ဆယ့်ရှစ်ခုမှ ပါရမီရှင်များသည် ယာယီမဟာမိတ် ဖွဲ့ခဲ့ကြသော်လည်း အားလုံး၏ ရင်ထဲတွင် ကိုယ်စီ အကြံအစည်များ ရှိကြသည်။

ထို့ကြောင့် ဌာနခွဲ တစ်ခုခုမှ ပါရမီရှင်များ အကျပ်အတည်းနှင့် ရင်ဆိုင်ရလျှင် တခြားဌာနခွဲမှ ပါရမီရှင်များသည် မသိမသာ လျစ်လျူရှခဲ့ကြ၏။

ဤအကြောင်းကြောင့်ပင် လမ်းတစ်လျှောက်တွင် အားနည်းသော လူငယ်ပါရမီရှင် အများအပြားသည် သေရေး ရှင်ရေး အကျပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ရပြီး ကျောက်စိမ်းတံဆိပ်ပြားကို လှုံ့‌ဆော်ကာ လျှို့ဝှက်နယ်မြေထဲကနေ ထွက်ခွာခဲ့ကြရသည်။

အတွင်းသို့ ဝင်ရောက်လာလေလေ ပို၍ အစွမ်းထက်သော ရှေးဦး အင်‌မော်တယ်များနှင့် ရင်ဆိုင်ရလေလေ ဖြစ်ပြီး ထိုအထဲတွင် ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့် ရှေးဦးအင်‌မော်တယ်ပင် ပါဝင်နေခဲ့သည်။

ထိုခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့် ရှေးဦးအင်‌မော်တယ်ကို ရှင်းပစ်ရန် အတွက် လော့ကျင်းလင်နှင့် ရီချန်းခွန်တို့ နှစ်ဦး ပူးပေါင်း၍ ရင်ဆိုင်ခဲ့ရသည်။

အခြားသော ပါရမီရှင်များနှင့် ရှေးဦးအင်‌မော်တယ်များတို့အကြားရှိ တိုက်ပွဲသည်လည်း အလွန်တရာပင် ကြောက်မက်ဖွယ်ရာ‌ ကောင်းနေခဲ့သည်။

အဆုံးသတ်တွင် သူတို့အားလုံးသည် ရှေးဦး အင်‌မော်တယ်များကို သတ်ဖြတ်နိုင်ခဲ့သော်လည်း ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ခဲ့ရ၏။

တောင်ထိပ်သို့ ရောက်ရှိလာသော လူငယ်ပါရမီရှင် အားလုံးတွင် ထက်ဝက်ကျော်သည် လျှို့ဝှက်နယ်မြေထဲကနေ ထွက်ခွာခဲ့ကြရပြီး လူငယ်ပါရမီရှင် နှစ်ဆယ် သုံးဆယ်ခန့်သာ ကျန်ရစ်ခဲ့သည်။

ထိုအယောက်နှစ်ဆယ် သုံးဆယ်ခန့်သာ ဌာနခွဲ ဆယ့်ရှစ်ခုမှ ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြ၏။

ရှေးဦးအင်‌မော်တယ်များကို သတ်ဖြတ်ပြီးနောက်တွင် ကျန်းချန်တို့၏ နောက်ထပ် ခရီးစဥ်သည် အတော်လေး ချောမွေ့သွားခဲ့သည်။

မကြာမီမှာပင် ကျန်းချန် တို့သည် တောင်ထိပ်သို့ ရောက်ရှိလာခဲ့ကြသည်။

ထိုအခါ အလွန်တရာ ကြီးမားပြီး ဆန်းကြယ်သော အဆောက်အအုံ တစ်ခုသည် ကျန်းချန်တို့၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့၏။

အဆောက်အဦး၏ ပုံသဏ္ဌာန်သည် ဖီးနစ်ဌက် အသိုက်အမြုံနှင့် အတော်လေး ဆင်တူနေခဲ့သည်။

လျှို့ဝှက်နယ်မြေ တစ်ခုလုံးကို လှုပ်လှုပ်ခတ်ခတ် ဖြစ်စေခဲ့သည့် အင်‌မော်တယ် အလင်းတန်းသည် ထိုဖီးနစ် အသိုက်အမြုံထဲကနေ ထွက်ပေါ်လာပုံရ၏။

“ဒါက ဒဏ္ဍာရီလာ ဖီးနစ်ငှက် အသိုက်အမြုံပဲ.. ဒီနေရာမှာ တစ်ချိန်က အင်မော်တယ်ဖီးနစ် တစ်ကောင် နေထိုင်ခဲ့ပုံရတယ်.. ဒီနေရာမှာ ဘုရင်အဆင့် အင်မော်တယ်ဆေးဝါး ပေါ်ထွက်လာတာ မဆန်းတော့ဘူး”

သူ့ရှေ့မှ ဖီးနစ်ဌက် အသိုက်အမြုံကို အကဲခတ်ရင်း လော့ကျင်းလင် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ရီချန်းခွန်၏ မျက်ဝန်းများက လက်ခနဲ ဖြစ်သွားခဲ့ပြီး လေးနက်စွာ ပြောလိုက်သည်။

“ဒါက မီးလျှံစွမ်းအားကို ပိုင်ဆိုင်ထားတဲ့ အင်မော်တယ်မီးလျှံဖီးနစ်ငှက်ရဲ့ အသိုက်အမြုံပဲ.. ဒီနေရာမှာ တစ်ချိန်က နေထိုင်ခဲ့တဲ့ ဖီးနစ်ငှက်က မီးလျှံဖီးနစ်ငှက်ရဲ့ မျိုးဆက် ဖြစ်ဖို့ အလားအလာ အရမ်းများတယ်.. ဒီပုံအတိုင်းဆိုရင် ဒီနေရာမှာ ပေါ်ထွက်လာတဲ့ ဘုရင်အဆင့် ဆေးဝါးက မီးလျှံဖီးနစ် အင်မော်တယ်သစ်သီး ဖြစ်နိုင်ခြေ အရမ်းများတယ်”

“မီးလျှံဖီးနစ် အင်မော်တယ်သစ်သီးလား”

ရီချန်းခွန်၏ မှန်းဆချက်ကို ကြားလျှင် လူတိုင်းက အနည်းငယ် အံ့အားသင့်သွားကြသည်။

ရှေးခေတ်ကာလကနေ ယခုအချိန်အထိ အင်မော်တယ်လောကတွင် ပေါ်ထွက်ခဲ့ဖူးသော ဘုရင်အဆင့် အင်မော်တယ် ဆေးဝါးများမှာ များစွာ မရှိဘဲ အမျိုးအစား နှစ်ဆယ်ခန့်သာရှိသည်။

ဤမီးလျှံဖီးနစ် အင်မော်တယ်သစ်သီးသည် မှတ်တမ်းတင်ထားသည့် ဘုရင်အဆင့် အင်မော်တယ်ဆေးဝါးများ ထဲမှ တစ်ခု ဖြစ်သည်။

မီးလျှံဖီးနစ် အင်မော်တယ်သစ်သီး ဆိုသည်မှာ ကမ္ဘာဦး အင်မော်တယ်သားရဲ ဖြစ်သည့် ဖီးနစ်ငှက် နေထိုင်ရာတွင်သာ ပေါ်ထွက်လေ့ ရှိသည့် ဒဏ္ဍာရီလာ အင်မော်တယ်သစ်သီး ဖြစ်သည်။

ထိုသစ်သီးကို စားသုံးလိုက်သည်နှင့် ပြာပုံထဲကနေ ချက်ချင်းဆိုသလို ပြန်လည် မွေးဖွားလာနိုင်သကဲ့သို့ စွမ်းအားများ အသစ်တစ်ဖန် ဖြစ်တည်လာမည် ဖြစ်ပြီး မယုံကြည်နိုင်စရာ ကောင်းသော စွမ်းအင်များကို ရရှိစေမည် ဖြစ်သည်။

ကမ္ဘာဦး အင်မော်တယ်သားရဲ ဖြစ်သည့် မီးလျှံဖီးနစ်ငှက်သည် ဖီးနစ်ငှက် မျိုးနွယ်စုထဲတွင် တစ်ခု အပါအဝင် ဖြစ်ပြီး အင်မော်တယ်လောကတွင် ကျော်ကြားသော အနှိုင်းမဲ့ အင်မော်တယ် သားရဲတစ်မျိုးလည်း ဖြစ်သည်။

မီးလျှံဖီးနစ်ငှက်သည် ဖီးနစ်ငှက်မျိုးနွယ်စု ထဲတွင် အတော်လေး ရှားပါးပြီး ဖီးနစ်ငှက် တစ်ထောင်တွင် မီးလျှံဖီးနစ်ငှက်တစ်ကောင် ထွက်ပေါ်လာရန် မသေချာပေ။

‌ရှေးခေတ်ကာလက အင်မော်တယ်လောကတွင် မီးလျှံဖီးနစ်ငှက်တစ်ကောင် ရှိခဲ့ဖူးပြီး ၎င်း၏ စွမ်းရည်သည် အင်မော်တယ် ဧကရာဇ်နှင့်ပင် ယှဥ်နိုင်ခဲ့သည်။

ဆိုရလျှင် မီးလျှံဖီးနစ်ငှက် နေထိုင်ရာတွင် ပေါ်ထွက်လာသည့် မီးလျှံဖီးနစ် အင်မော်တယ်သစ်သီးသည် ဒဏ္ဍာရီလာ ဧကရာဇ်အဆင့် ဆေးဝါးပင် ဖြစ်နိုင်၏။

သူတို့ရှေ့မှ မီးလျှံဖီးနစ်ငှက် အသိုက်အမြုံသည် ကမ္ဘာဦးအင်မော်တယ်သားရဲ ဖြစ်သည့် မီးလျှံဖီးနစ်ငှက်၏ နေထိုင်ရာမဟုတ်ဘဲ မီးလျှံဖီးနစ်ငှက်၏ သွေးမျိုးဆက် ဖြစ်သည့် ဖီးနစ်ငှက် တစ်ကောင်၏ နေထိုင်ရာသာ ဖြစ်ဖို့များသည်။

သို့သော်လည်း ဘုရင်အဆင့် အင်မော်တယ်ဆေးဝါးသည်ပင် မရေမတွက်နိုင်သော တလော့အဆင့် ကျင့်ကြံသူများနှင့် အင်မော်တယ်ဘုရင်များကို သရေကျစေရန် လုံလောက်နေပြီဖြစ်သည်။

“ဒါက ဖီးနစ်ငှက် အသိုက်အမြုံ ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. ဒီတစ်ခါတော့ ပင်ပန်းရကျိုး နပ်သွားပြီ”

သူတို့ရှေ့မှ အခြေအနေကို ကြည့်ကာ ကျင့်ကြံသူများ၏ မျက်နှာထက်တွင် တက်ကြွသော အမူအရာများ ဖြစ်ပေါ်လာကြသည်။

ဖီးနစ်ငှက်၏ အသိုက်အမြုံ အတွင်းမှ ထွက်ပေါ်နေသည့် အရောင်အသွေး စုံလင်နေသေ အလင်းတန်းများသည် အလွန်တရာပင် ခမ်းနားလှ၏။

ထိုအရာအားလုံးသည် ကောင်းကင်နှင့် မြေကြီး၏ အဖိုးတန်ရတနာပစ္စည်းများ ထံမှ ထွက်ပေါ်လာသည့် အင်မော်တယ် အလင်းတန်းများ ဖြစ်သည်။

မီးလျှံဖီးနစ် အင်မော်တယ် သစ်သီးကို မရရှိနိုင်သည့်တိုင် အခြားသော ဆေးဝါးတချို့ကို ရရှိနိုင်ခဲ့လျှင် ဤခရီးသည် ထိုက်တန်သည်ဟု ဆို၍ ရပြီ မဟုတ်ပါလော။

သူ၏‌ရှေ့မှ ဖီးနစ်ငှက် အသိုက်အမြုံကို အကဲခတ်ရင်း ကျန်းချန် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူ၏ရှေ့မှ ဖီးနစ်ငှက် အသိုက်အမြုံသည် မီးလျှံဖီးနစ်ငှက်၏ သွေးမျိုးဆက် ဖြစ်သည့် ဖီးနစ်ငှက် နေထိုင်သော နေရာ ဖြစ်သည်။

အကယ်၍ မီးလျှံဖီးနစ်ငှက်၏ မျိုးဆက်သာ ဖီးနစ်ငှက်အသိုက်အမြုံထဲတွင် ရှိနေသေးလျှင် သူတို့ အနေဖြင့် ဖီးနစ်ငှက် အသိုက်အမြုံထဲသို့ ဝင်ရောက်ခြင်းမှာ ကိုယ့်သေတွင်း ကိုယ်တူးသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

ရှင်းလင်းစွာ ဆိုရလျှင် ဖီးနစ်ငှက် အသိုက်အမြုံထဲတွင် မီးလျှံ ဖီးနစ်ငှက်၏ သွေးမျိုးဆက်ဖြစ်သည့် ဖီးနစ်ဌက် မရှိလျှင်ပင် အထဲသို့ ဝင်ရောက်ရန်မှာ မလွယ်ကူပေ။

ဖီးနစ်ငှက် အသိုက်အမြုံထဲတွင် ငှက်ပုံသဏ္ဌာန်‌ ရှေးဦးအင်မော်တယ် များစွာ ရှိနေသည်ကို ကျန်းချန် ခံစားမိနေခဲ့ပြီး ၎င်းတို့ထဲမှ တချို့သည် အလွန်တရာပင် အင်အားကြီးမားကာ ရွှေအင်မော်တယ် အဆင့်သို့ပင် ရောက်ရှိနေကြသည်။

ဤနေရာရှိ လူငယ်ပါရမီရှင် အားလုံး ပူးပေါင်းလျှင်ပင် ဖီးနစ်ငှက် အသိုက်အမြုံထဲသို့ ထိုးဖောက်ဝင်ရောက်ရန် ခဲယဥ်းလိမ့်မည်ဟု သူ ထင်မြင်မိသည်။

ထို့အပြင် ဌာနခွဲ ဆယ့်ရှစ်ခုမှ လူငယ် ပါရမီရှင်များသည် ကိုယ်စီ အကြံအစည်များ ရှိနေကြသဖြင့် ဖီးနစ်ငှက်အသိုက်အမြုံ ထဲသို့ ဝင်ရောက်ရန်မှာ ပို၍ပင် ခက်ခဲနိုင်ဖွယ်ရှိ၏။

“အားလုံးပဲ.. ဒဏ္ဍာရီလာ ဖီးနစ်ငှက်အသိုက်အမြုံကတော့ မင်းတို့ရဲ့ ရှေ့တည့်တည့်မှာ ရှိနေပြီ.. ဒီဖီးနစ်ငှက် အသိုက်အမြုံထဲမှာ ဘုရင်အဆင့် အင်မော်တယ် ဆေးဝါး ဖြစ်တဲ့ ဖီးနစ်ငှက်အင်မော်တယ်သစ်သီး အပြင် တခြားရှားပါးပြီး ထိပ်တန်း အရည်အသွေးရှိတဲ့ ဆေးပင်တွေလည်း အများကြီး ရှိနေပုံပဲ.. ငါတို့အနေနဲ့ ဖီးနစ်ငှက် အသိုက်အမြုံထဲကို ဝင်နိုင်သရွေ့ ဒါက ငါတို့အတွက် အခွင့်အလမ်းကြီး တစ်ခုပဲ”

ဖီးနစ်ငှက် အသိုက်အမြုံထဲမှ အခြေအနေကို အကဲခတ်ပြီးနောက်တွင် လော့ကျင်းလင်သည် လူငယ်ပါရမီရှင်များကို ဝေ့ကြည့်ကာ ပြောလိုက်သည်။

“ဒါပေမဲ့ ဖီးနစ်ငှက် အသိုက်အမြုံထဲမှာ အင်အားကြီးမားတဲ့ ရှေးဦးအင်မော်တယ် အများအပြား ရှိနေတယ်.. ဖီးနစ်ငှက် အသိုက်အမြုံထဲက အင်မော်တယ်ဆေးဝါးတွေကို အမှန်တကယ် လိုချင်တယ် ဆိုရင်တော့ မင်းတို့ရဲ့ စွမ်းအားတွေကို ထိမ်ချန်မထားဘဲ အစွမ်းကုန် ကြိုးစားတာ အကောင်းဆုံးပဲ”

“စီနီယာအစ်ကိုလော့ ဒီအတွက် မစိုးရိမ်ပါနဲ့.. ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားပါ့မယ်”

ပါရမီရှင် အများအပြားက ပြုံးရွှင်သော အမူအရာဖြင့် ပြန်လည် ဖြေကြားခဲ့သည်။

လော့ကျင်းလင်သည် လူတိုင်း၏ ဟန်ပြ အမူအရာကို ကြည့်ပြီး တိတ်တဆိတ် ခေါင်းခါရမ်းလိုက်ရုံသာ တတ်နိုင်ခဲ့၏။

သူက ဌာနခွဲ(၁)၏ အထူးချွန်ဆုံးပါရမီရှင် ဖြစ်ပြီး အမည်မဲ့အင်မော်တယ်နန်းတော် တစ်ခုလုံးတွင် ကျော်ကြားသော်လည်း အခြားသော ဌာနခွဲမှ ပါရမီရှင်များကို အမိန့်ပေးပိုင်ခွင့် မရှိပေ။

သို့ရာတွင် လော့ကျင်းလင်သည် ဌာနခွဲ ဆယ့်ရှစ်ခုမှ ပါရမီရှင်များအပေါ်တွင် မျှော်လင့်ချက် အလွန်အမင်း မထားရှိခဲ့ချေ။

သူ့အနေဖြင့် ဌာနခွဲ ဆယ့်ရှစ်ခုမှ ပါရမီရှင်များကို ဤနေရာအထိ ခေါ်ဆောင်လာခဲ့ခြင်းမှာ ထိုလူများကို အသုံးချရန်အတွက်သာ ဖြစ်သည်။

သူ့အနေဖြင့် ဘုရင်အဆင့် အင်မော်တယ်သစ်သီး ဖြစ်သည့် မီးလျှံဖီးနစ် အင်မော်တယ်သစ်သီးကို လိုချင်လျှင် ကိုယ့်ကိုယ်ကိုယ်သာ အဓိက အားကိုးရလိမ့်မည် မဟုတ်ပါလော။

လော့ကျင်းလင်က ဘာစကားမျှ ထပ်မပြော‌တော့ဘဲ လူအုပ်ကြီးကို ရှေ့ကနေ ဦးဆောင်ကာ ဖီးနစ်ငှက်အသိုက်အမြုံ ဆီသို့ တဖြည်းဖြည်းချင်း ချဥ်းကပ်သွားခဲ့သည်။

သူတို့၏ မြင်ကွင်းထဲတွင် အရောင်အသွေး စုံလင်သော ဖီးနစ်ငှက် အသိုက်အမြုံသည် တဖြည်းဖြည်း ပို၍ ကြီးမားလာခဲ့သည်။

ရုတ်တရက် ဖီးနစ်ငှက် အသိုက်အမြုံထဲကနေ စူးရှသော အော်ဟစ်သံများ ထွက်ပေါ်လာခဲ့၏။

ချက်ချင်းဆိုသလိုပင် ဆယ်ပေကျော် ရှည်လျားပြီး ဖီးနစ်ငှက်ပုံသဏ္ဌာန်ရှိသည့် ဧရာမဌက် ဆယ်ကောင်ကျော်သည် ဖီးနစ်ငှက် အသိုက်အမြုံထဲကနေ လျင်မြန်စွာ ထွက်ပေါ်လာခဲ့သည်။

လော့ကျင်းလင်က မျက်မှောင်ကြုတ်သွားခဲ့ပြီး ကျယ်‌လောင်စွာ အော်ဟစ်လိုက်သည်။

“အားလုံးပဲ သတိထားကြ.. ဒါက ဖီးနစ်ငှက်ကနေ ဗီဇပြောင်းလဲသွားတဲ့ ရှေးဦးအင်မော်တယ်ပဲ”

ဤဖီးနစ်ငှက်များသည် မူလက သာမန်ငှက်များသာ ဖြစ်သော်လည်း ဖီးနစ်ငှက်အသိုက်အမြုံ ထဲတွင် တစ်နှစ်ပတ်လုံးနေထိုင်ခဲ့သဖြင့် ဖီးနစ်ငှက်၏ အသွင်အပြင် လက္ခဏာရပ်များကို တဖြည်းဖြည်း ရရှိလာခဲ့ကြခြင်း ဖြစ်သည်။

ထိုဖီးနစ်ငှက်များသည် ဖီးနစ်ငှက်၏ သွေးမျိုးဆက် မဟုတ်သော်လည်း အလွန်တရာပင် အင်အားကြီးမား၏။

ရှေးခေတ်ကာလမှ အပြောင်းအလဲကြောင့် ဖီးနစ်ငှက် အသိုက်အမြုံအတွင်းရှိ ဖီးနစ်ငှက်များသည်လည်း ရှေးဦးအင်မော်တယ်များ အဖြစ် ဗီဇ ပြောင်းလဲသွားသည်မှာ ထင်ရှားနေခဲ့၏။

“သတ်ကြ”

လော့ကျင်းလင်က ရှေ့ကနေ ဦးဆောင်ကာ ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်၏ စွမ်းအားများကို အစွမ်းကုန်ထုတ်ဖော်၍ ကောင်းကင်အင်မော်တယ် နဝမအဆင့်ရှိ ဖီးနစ်ငှက်တစ်ကောင်ကို သတ်ဖြတ်လိုက်သည်။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

တစ်ချိန်တည်းမှာပင် ဌာနခွဲ ဆယ့်ရှစ်ခုမှ လူငယ်ပါရမီရှင်အားလုံးသည်လည်း ကိုယ်စီစွမ်းအားများကို ထုတ်ဖော်လိုက်ကြပြီး ဖီးနစ်ငှက် အသိုက်အမြုံထဲကနေ ထွက်ပေါ်လာကြသော ဖီးနစ်ငှက်များကို တိုက်ခိုက်လိုက်ကြသည်။

အခန်း(၂၇၈၉)ပြီး၏။

All Chapters