အခန်း ၂၇၉၀
Vol. 219 Ch. 2790
အခန်း(၂၇၉၀)
“ဝုန်း..”
“ဝုန်း..”
“ဝုန်း..”
ဌာနခွဲ ဆယ့်ရှစ်ခုမှ လူငယ်ပါရမီရှင်အယောက် နှစ်ဆယ်၊သုံးဆယ်ခန့်သည် ဖီးနစ်ငှက် အသိုက်အမြုံထဲမှ ပျံသန်း၍ ထွက်ပေါ်လာသည့် ဖီးနစ်ငှက် ဆယ်ကောင်ကျော်နှင့် ချက်ချင်းပင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
သို့ရာတွင် ရှေးဦးအင်မော်တယ်များအဖြစ် ဗီဇပြောင်းလဲသွားသော ဖီးနစ်ငှက်များသည် အလွန်ပင် အင်အားကြီးမား၏။
၎င်းတို့ထဲမှ အားအနည်းဆုံးပင် ကောင်းကင်အင်မော်တယ်စတုတ္ထအဆင့်နှင့် ယှဥ်နိုင်စွမ်းရှိသည်။
ထက်ဝက်ခန့်ကမူ ကောင်းကင်အင်မော်တယ် သတ္တမအဆင့်သို့ပင် ရောက်ရှိနေကြပြီ ဖြစ်သည်။
ကောင်းကင်အင်မော်တယ် နဝမအဆင့်သို့ ရောက်ရှိနေသည့် ဖီးနစ်ငှက်ကမူ သုံးကောင် တိတိ ရှိနေခဲ့သည်။
ထို့အကြောင်းကြောင့်ပင် ဌာနခွဲ ဆယ့်ရှစ်ခုမှ လူငယ်ပါရမီရှင်များသည် အရေအတွက်အရသာ ဖီးနစ်ငှက်များထက် သာလွန်သော်လည်း ဖီးနစ်ငှက်များကို ယှဥ်နိုင်ရန် ခက်ခဲနေခဲ့ကြသည်။
လော့ကျင်းလင်သည် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်သာ ရှိသော်လည်း ကောင်းကင်အင်မော်တယ် နဝမအဆင့် ဖီးနစ်ငှက်ကို သက်သောင့်သက်သာ ရင်ဆိုင်နိုင်ခဲ့ပြီး သေလုနီးပါး ဖိနှိပ်ထားနိုင်ခဲ့သည်။
လော့ကျင်းလင်ထက် ကျင့်ကြံခြင်းအဆင့်တစ်ဆင့် နိမ့်သော ရီချန်ခွန်သည်လည်း ကောင်းကင်အင်မော်တယ် နဝမအဆင့် ဖီးနစ်ငှက်တစ်ကောင်ကို ယှဥ်ပြိုင်နိုင်စွမ်း ရှိနေခဲ့သည်။
သို့သော်လည်း ၎င်းတို့နှစ်ဦးသည် ကောင်းကင်အင်မော်တယ် နဝမ အဆင့် ဖီးနစ်ငှက်ကို ရင်ဆိုင်နိုင်စွမ်း ရှိသော်လည်း အချိန်တိုအတွင်း အနိုင်ယူရန်မှာ မလွယ်ကူချေ။
လူငယ်ပါရမီရှင်များ ထဲတွင် အသန်မာဆုံး ဖြစ်သည့် လော့ကျင်းလင်နှင့် ရီချန်းခွန် တို့သည် ကောင်းကင်အင်မော်တယ် နဝမအဆင့် ဖီးနစ်ငှက်နှစ်ကောင်၏ ထိန်းချုပ်ခြင်းကို ခံထားရသဖြင့် ကျန်ရှိသော ကောင်းကင်အင်မော်တယ် နဝမအဆင့် ဖီးနစ်ငှက်သည် မည်သူမျှ မယှဥ်နိုင်သော အခြေအနေတွင် ရှိနေခဲ့သည်။
ဌာနခွဲ ဆယ့်ရှစ်ခုမှ ကောင်းကင်အင်မော်တယ် တတိယအဆင့်သို့ ရောက်ရှိနေသည့် လူငယ်ပါရမီရှင် သုံးဦး ပူးပေါင်းခဲ့သည့်တိုင် ကောင်းကင်အင်မော်တယ် နဝမအဆင့် ဖီးနစ်ငှက်၏ တိုက်ခိုက်မှုကို အသေအလဲ ခုခံနေကြရသည်။
ကျန်ရှိသော လူငယ် ပါရမီရှင်များသည်လည်း ဖီးနစ်ငှက်များကို ရင်ဆိုင်နိုင်စွမ်း မရှိခဲ့ကြပေ။
တစ်ခဏအတွင်းမှာပင် လူငယ်ပါရမီရှင် အများအပြားသည် ဖီးနစ်ငှက်များ၏ လက်ချက်ဖြင့် အထိနာခဲ့ကြပြီး သူတို့၏ ခန္ဓာကိုယ်ပေါ်မှ ကျောက်စိမ်းတံဆိပ်ပြားများကို အသုံးပြုကာ လျှို့ဝှက်နယ်မြေထဲကနေ ထွက်ခွာသွားကြရသည်။
အားလုံးထဲတွင် ကျန်းချန်တို့ လူစုသာလျှင် ပုံမှန်ထက် ထူးခြားစွာ တည်တည်ငြိမ်ငြိမ် ရှိနေခဲ့သည်။
ကျန်းချန်၏ ခွန်အားဖြင့် ဆိုလျှင် ကောင်းကင်အင်မော်တယ် နဝမအဆင့်နှင့် နှိုင်းယှဥ်နိုင်သည့် ဖီးနစ်ငှက်သည် ပုရွက်ဆိတ် တစ်ကောင်မျှသာ ဖြစ်သည်။
ထို့ကြောင့် ကျန်းချန်သည် သူတို့ အနားသို့ ချဥ်းကပ်လာသည့် ဖီးနစ်ငှက်တိုင်းကို အေးအေးဆေးဆေးပင် ခုတ်ပိုင်းပစ်လိုက်သည်။
ဤမြင်ကွင်းသည် ပတ်ဝန်းကျင်ရှိ လူငယ်ပါရမီရှင် အများအပြား၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
ကျန်းချန်၏ အစွမ်းထက် ခွန်အားကို မြင်တွေ့ပြီးနောက်တွင် သူတို့အားလုံးသည် ဘေးကင်းရေး အတွက် ကျန်းချန်၏ အနားသို့ ချဥ်းကပ်လာခဲ့ကြ၏။
“ညီနောင်ကျန်းချန် ငါတို့ကို ကူညီပါဦး”
ထိုအချိန်တွင် ကောင်းကင်အင်မော်တယ် နဝမအဆင့်နှင့် နှိုင်းယှဥ်နိုင်သည့် ဖီးနစ်ငှက်၏ ရိုက်နှက်ခြင်းကို ခံနေရသော လူငယ်ပါရမီရှင် သုံးဦးသည် ကျန်းချန်ကို အကူအညီမတောင်းဘဲ မနေနိုင်တော့ပေ။
ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့်ပင် ထျန်းယွမ်အင်မော်တယ်ဓားကို ဝှေ့ယမ်းကာ ကောင်းကင်အင်မော်တယ် နဝမအဆင့် ဖီးနစ်ငှက်ကို တိုက်ခိုက်လိုက်သည်။
ကျန်းချန် ပါဝင်လာသဖြင့် လူငယ်ပါရမီရှင် သုံးဦးသည် ဖိအားများစွာ လျော့ကျသွားခဲ့ပြီး သက်သောင့်သက်သာ ဖြစ်သွားခဲ့သည်။
ကျန်းချန်က တုံ့ဆိုင်းမနေဘဲ အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်း၏ တိုက်ကွက် သုံးကွက်စလုံးကို ဆက်တိုက်ဆိုသလို ထုတ်ဖော်လိုက်ရာ ကောင်းကင်အင်မော်တယ် နဝမအဆင့် ဖီးနစ်ငှက်သည် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။
ထိုအခိုက်အတန့်တွင် လူငယ်ပါရမီရှင် သုံးဦးသည်လည်း လက်နှေးမနေဘဲ ဖီးနစ်ငှက်ကို အလျင်အမြန်ပင် သတ်ဖြတ်ပစ်လိုက်ကြတော့သည်။
အခြားတစ်ဖက်တွင်လည်း လော့ကျင်းလင်သည် တလော့အဆင့် နည်းစနစ်များကို ထုတ်ဖော်ကာ သူရင်ဆိုင်နေရသည့် ကောင်းကင်အင်မော်တယ် နဝမအဆင့် ဖီးနစ်ငှက်ကို သတ်ဖြတ်ပစ်လိုက်သည်။
ရီချန်းခွန်သည်လည်း သူနှင့် ရင်ဆိုင်နေရသော ဖီးနစ်ငှက်ကို အရှုံးမပေးခဲ့ပေ။
သူက ဆန်းကြယ်သော လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်ကာ အင်မော်တယ်ဝင်္ကဘာ တစ်ခုကို ခင်းကျင်း၍ ထိုဖီးနစ်ငှက်ကို ဝင်္ကဘာ အတွင်း ပိတ်မိသွားစေခဲ့သည်။
ယင်းနောက်တွင် လူအုပ်ကြီးသည် ထိုအနားသို့ ရောက်ရှိလာခဲ့ပြီး ဖီးနစ်ငှက်ကို ဝိုင်းဝန်း သတ်ဖြတ်ပစ်လိုက်ကြသည်။
တိုက်ပွဲအပြီးတွင် ဌာနခွဲ ဆယ့်ရှစ်ခုမှ လူငယ်ပါရမီရှင်အနည်းငယ်သာ လျှို့ဝှက်နယ်မြေ ထဲတွင် ကျန်ရစ်ခဲ့သည်။
ကျန်ရှိသူများကမူ တိုက်ပွဲအတွင်း ကျောက်စိမ်းတံဆိပ်ပြားများကို အသုံးပြုကာ လျှို့ဝှက်နယ်မြေထဲကနေ ထွက်ခွာသွားကြပြီ ဖြစ်၏။
“ညီနောင်က ဌာနခွဲ(၁၈)က နာမည်ကျော်ပါရမီရှင် ကျန်းချန်ပဲဖြစ်ရမယ်.. ဒီနေ့ ကိုယ်တိုင် မြင်တွေ့လိုက်ရမှ တကယ်ကို နာမည်နဲ့ လိုက်အောင် ထူးချွန်တာပဲ”
လော့ကျင်းလင်က ရှေ့သို့ လှမ်းလာခဲ့ပြီး ကျန်းချန်ကို ဂါဝရပြု၍ နှုတ်ဆက်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့၏။
ကျန်းချန်သည် အမည်မဲ့အင်မော်တယ် မြို့တော်၏ အပြင်ဘက်တွင် ဌာနခွဲ(၃)မှ ရန်လီကို လက်သီး တစ်ချက်တည်းဖြင့် နောက်သို့ ဆုတ်သွားအောင် လုပ်ဆောင်နိုင်ခဲ့ခြင်းမှာ မတော်တဆ မဟုတ်မှန်း ထင်ရှားနေခဲ့၏။
အစောပိုင်းကပင် ကျန်းချန်သည် ကောင်းကင်အင်မော်တယ် နဝမအဆင့်နှင့် နှိုင်းယှဥ်နိုင်သည့် ဖီးနစ်ငှက်ကို ပထမဆုံး သတ်ဖြတ်နိုင်ခဲ့သည်။
ထိုဖီးနစ်ငှက်သည် ကောင်းကင်အင်မော်တယ် တတိယအဆင့် ပါရမီရှင်သုံးဦးနှင့် တိုက်ခိုက်ခဲ့ရ၍ ခွန်အားများစွာ ကုန်ခမ်းနေပြီ ဖြစ်သော်လည်း အားစိုက်ထုတ်စရာ မလိုဘဲ အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့ခြင်းမှာ အတော်လေး အံ့အားသင့်စရာ ကောင်းနေခဲ့သည်။
ဆိုရလျှင် ဌာနခွဲ(၁၈)မှ ကျန်းချန်သည် အနည်းဆုံး သူနှင့်အဆင့်တူ ပါရမီရှင်တစ်ဦး ဖြစ်သည်။
ဤတစ်ကြိမ်တွင် သူ့အတွက် ရီချန်းခွန် အပြင် နောက်ထပ်ပြိုင်ဘက် တစ်ဦး တိုးလာပုံ ရ၏။
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။
“ညီနောင်လော့က ချီးမွမ်းလွန်းနေပါပြီ”
လော့ကျင်းလင်ကလည်း ပြုံး၍ ပြောလိုက်သည်။
“ညီနောင်ကျန်းချန်.. ဒီဖီးနစ်ငှက် အသိုက်အမြုံထဲမှာ အန္တရာယ်အများအပြား ရှိနေသေးတယ်.. ဒဏ္ဍာရီလာ မီးလျှံဖီးနစ် အင်မော်တယ်သစ်သီးကို ရဖို့အတွက် ဆိုရင် ငါတို့တွေ ပူးပေါင်းဆောင်ရွက်မှ ဖြစ်လိမ့်မယ်”
“ပူးပေါင်းဖို့ အဆင်သင့်ပါပဲ ညီနောင်လော့”
ကျန်းချန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
ဤနေရာသို့ ရောက်လာကတည်းကပင် ဖီးနစ်ငှက် အသိုက်အမြုံထဲတွင် ရွှေအင်မော်တယ်အဆင့် ဖီးနစ်ငှက် အရှိန်အဝါ ရှိနေကြောင်း ကျန်းချန် ခပ်ရေးရေး ခံစားမိခဲ့သည်။
တစ်ကိုယ်တော်စွမ်းရည်ဖြင့် ရွှေအင်မော်တယ်အဆင့် ဖီးနစ်ငှက်ကို ရင်ဆိုင်လျှင် အဖိုးအခ ကြီးမားစွာ ပေးဆပ်ရလိမ့်မည်ဖြစ်၏။
ယခု ဤနေရာတွင် ဌာနခွဲ ဆယ့်ရှစ်ခုမှ ပါရမီရှင်များ ရှိနေခဲ့ပြီး အားလုံးနီးပါးသည် ဌာနခွဲအသီးသီးမှ အထူးချွန်ဆုံး ပါရမီရှင်များ ဖြစ်ကြသည်။
အထူးသဖြင့် လော့ကျင်းလင်နှင့် ရီချန်းခွန် တို့၏ စွမ်းရည်သည် သူ့ထက်များစွာ နိမ့်ကျလိမ့်မည် မဟုတ်ပေ။
ဤလူများနှင့်အတူ တိုက်ခိုက်ခြင်းသည် သူ့အတွက် ခွန်အားများစွာ သက်သာစေနိုင်မည် ဖြစ်၏။
“သွားကြစို့.. ငါတို့ ဖီးနစ်ငှက် အသိုက်အမြုံထဲကို ဝင်ကြရအောင်”
လော့ကျင်းလင်က ဘာစကားမျှ ထပ်မပြောတော့ဘဲ လက်တစ်ဖက်ကို ဝှေ့ယမ်းကာ လူတိုင်းကို ဖီးနစ်ငှက် အသိုက်အမြုံဆီသို့ ဦးဆောင်ခေါ်သွားခဲ့သည်။
ဖီးနစ်ငှက် အသိုက်အမြုံထဲသို့ ဝင်ရောက်လိုက်သော အခါတွင် ကျန်းချန်တို့ လူစုသည် တခြား ကမ္ဘာငယ်လေး တစ်ခုထဲသို့ ရောက်ရှိသွားသလို ခံစားလိုက်ရသည်။
ဤနေရာတွင် အင်မော်တယ် အဆီအနှစ်များ အလွန်တရာကြွယ်ဝပြီး အင်မော်တယ် ဆေးပင်များနှင့် အင်မော်တယ် သစ်သီးများ နေရာအနှံ့တွင် ရှိနေခဲ့သည်။
“ရေလှိုင်းသဏ္ဌာန် အင်မော်တယ်ပန်း.. မြေကမ္ဘာအင်မော်တယ်သစ်သီး..”
ဗဟုသုတ ကြွယ်ဝသော လူငယ် ပါရမီရှင် အချို့သည် ဖီးနစ်ငှက် အသိုက်အမြုံထဲမှ ရှားပါးအဖိုးတန်သော ဆေးပင်များနှင့် သစ်သီးများကို မြင်လျှင် မျက်ဝန်းများ ချက်ချင်းဆိုသလို တောက်ပလာခဲ့သည်။
ဖီးနစ်ငှက် အသိုက်အမြုံသည် အင်မော်တယ်လောကတွင် အမှန်တကယ်ပင် ရှားပါးသော ရတနာသိုက်တစ်ခု ဖြစ်၏။
ဤနေရာတွင် ရှိနေသည့် အင်မော်တယ် သစ်သီးများနှင့် အင်မော်တယ်ဆေးပင်များ ထဲတွင် အရည်အသွေး အညံ့ဖျင်းဆုံး အရာသည်ပင် ရွှေအင်မော်တယ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
“တလော့အဆင့် ဆေးပင်ဖြစ်တဲ့ ဖီးနစ်သွေးအင်မော်တယ်ဂျင်ဆင်းပါလား.. ဒီဖီးနစ်သွေး အင်မော်တယ်ဂျင်ဆင်းက ငါ့အပိုင်ပဲ”
ထိုအချိန်တွင် ကောင်းကင်အင်မော်တယ် ဒုတိယအဆင့်ရှိ လူငယ်ပါရမီရှင် တစ်ဦးသည် သွေးနီရောင် အလင်းတန်းများ ထွက်ပေါ်နေသည့် အပင်ဆီသို့ အလျင်အမြန် ပြေးသွားခဲ့သည်။
ထိုမြင်ကွင်းကိုမြင်လျှင် လော့ကျင်းလင်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး ကျယ်လောင်စွာ အော်ဟစ်သတိပေးလိုက်သည်။
“စိတ်မလောနဲ့.. ငါ့ဆီ အရင်ပြန်လာခဲ့”
သို့သော်လည်း ထိုလူငယ်ပါရမီရှင်သည် ဖီးနစ်သွေးဂျင်ဆင်းကို အတော်လေး မျက်စိကျနေပြီ ဖြစ်ရာ လော့ကျင်းလင်၏ သတိပေးမှုကို မည်ကဲ့သို့ နားထောင်ပါအံ့နည်း။
သူက ဖီးနစ်သွေးအင်မော်တယ်ဂျင်ဆင်း အနားသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားခဲ့ပြီး ဖီးနစ်သွေးဂျင်ဆင်းကို သိမ်းဆည်းရန် ပြင်ဆင်လိုက်စဥ်မှာပင် အနက်ရောင်မီးလျှံတစ်ခုသည် လူငယ်ထံသို့ ရုတ်တရက် ဦးတည်လာခဲ့သည်။
ထိုလူငယ်ပါရမီရှင်က ထိတ်လန့်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ အင်မော်တယ်စွမ်အားများကို အစွမ်းကုန် ထုတ်ဖော်ကာ ထိုအနက်ရောင်မီးလျှံများကို ခုခံရန် အသည်းအသန် ကြိုးစားလိုက်သည်။
သို့သော်လည်း အနက်ရောင်မီးလျှံသည် အလွန်တရာပင် ပြင်းထန်လွန်း၍ ကောင်းကင်အင်မော်တယ် ဒုတိယအဆင့် လူငယ်ပါရမီရှင်သည် လုံးဝ ခံနိုင်ရည်မရှိခဲ့ဘဲ မျက်စိတစ်မှိတ်အတွင်း မီးလျှံများအတွင်း နစ်မြုပ်သွားခဲ့သည်။
အကယ်၍ ထိုကဲ့သို့ သေရေးရှင်ရေး အချိန်တွင် ကျောက်စိမ်းတံဆိပ်ပြားသာ အလုပ်မလုပ်ခဲ့လျှင် ထိုလူငယ်ပါရမီရှင်သည် လျှို့ဝှက်နယ်မြေထဲကနေ ထွက်ခွာနိုင်မည် မဟုတ်ဘဲ အနက်ရောင်မီးလျှံများ၏ လောင်ကျွမ်းမှုကြောင့် ပြာကျသွားလောက်ပေပြီ။
“ဘယ်လောက်တောင် ပြင်းထန်လိုက်တဲ့ မီးလျှံလဲ”
သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ ကျန်းချန် အပါအဝင် လူငယ်ပါရမီရှင် အားလုံး မျက်မှောင်ကြုတ်သွားခဲ့ကြ၏။
အနက်ရောင်မီးလျှံသည် အလွန်ပင် ပြင်းထန်ပြီး သာမန် ကောင်းကင်အင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူ ပင်လျှင် ခုခံရန် ခက်ခဲလိမ့်မည် ဖြစ်သည်။
ဤနေရာသို့ ရောက်ရှိနေသော လူငယ်ပါရမီရှင်ထဲတွင် ထိုအနက်ရောင် မီးလျှံကို တားဆီးနိုင်မည့်သူမှာ သုံးယောက်ထက် ပိုမရှိနိုင်ပေ။
အခန်း(၂၇၉၀)ပြီး၏။