အခန်း ၅၁၇
Vol. 38 Ch. 517
အခန်း ( ၅၁၇ ) - သတ္တိကောင်းခြင်း၊ ဟွမ်သွမ့်ဝေလငါးကြီး၏ အတွေ့အကြုံနှင့် အမှန်တရား၏ အစိတ်အပိုင်းတစ်ခု
ဝေလငါးကြီးသည် ဤရှာဖွေတွေ့ရှိမှုကို ကုချန်အား ချက်ချင်း ပြောပြလိုခဲ့သော်လည်း ကုချန်ကို ဆက်သွယ်ရန် ကြိုးစားသောအခါ ဆက်သွယ်၍ မရနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဟွမ်သွမ့်ပင်လယ်၏ အနက်ရှိုင်းဆုံးသို့ ရောက်ရှိလွန်းနေသောကြောင့် ဖြစ်ပေမည်။
ဧရာမ အလောင်းကောင်ကြီးသည် ဟွမ်သွမ့်ပင်လယ်နက်ထဲသို့ တဖြည်းဖြည်း ရွေ့လျားသွားနေသည်ကို ကြည့်ရင်း ဝေလငါးကြီးသည် အခြားရွေးချယ်စရာမရှိဘဲ နောက်မှလိုက်ရန်သာ တတ်နိုင်ခဲ့သည်။ ၎င်း ရပ်တန့်သွားမည်ဟု မျှော်လင့်ကာ တည်နေရာ အတိအကျကို မှတ်တမ်းတင်ပြီးနောက် ကုချန်ကို ဆက်သွယ်ရန် ပြင်ဆင်ခဲ့သည်။
သို့သော် ဝေလငါးကြီး မမျှော်လင့်ထားခဲ့သည်မှာ ဤရှေးဟောင်း အလောင်းကောင်ကြီးသည် ရပ်တန့်မသွားခဲ့သည့်အပြင် ဟွမ်သွမ့်ပင်လယ်ထဲတွင် လွင့်မျောနေသည့် အရှိန်မှာလည်း ပိုမို မြန်ဆန်လာခဲ့ပြီး နောက်ဆုံးတွင် ဝေလငါးကြီးပင် အမီလိုက်ရန် ခက်ခဲလာသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
ယခင်က ကုချန် ပေးသနားခဲ့သော အင်မော်တယ်ကျမ်းသည် ဤအလောင်းကောင်နှင့် ဆင်တူသော ရှေးဟောင်း အလောင်းကောင်တစ်ခုထံမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း သူ မှတ်မိနေသေး၏။
ဤရှေးဟောင်း အလောင်းကောင်ကြီးသည် စိတ်ကူးမယဉ်နိုင်လောက်သော ကံကြမ္မာအကျိုးပေးများ ပါဝင်နေနိုင်ရာ လုံးဝ လက်လွတ်ခံ၍မဖြစ်ကြောင်း ဝေလငါးကြီး ကောင်းစွာ သိရှိထားသည်။
ထို့ကြောင့် ဤကံကြမ္မာအကျိုးပေးကို လက်လွတ်မခံစေရန်အတွက် ဝေလငါးကြီးသည် အန္တရာယ်များသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့၏။ သူသည် ရှေးဟောင်း အလောင်းကောင်ကြီးကို ဝန်းရံနေသော ရှေးဟောင်း စကြဝဠာထဲသို့ ဝင်ရောက်ခဲ့ပြီး ၎င်းနှင့်အတူ မျောပါရန် ရည်ရွယ်ခဲ့သည်။
သူ၏ ရည်ရွယ်ချက်မှာ အလောင်းကောင်ကြီး ရပ်တန့်သွားမည့်အချိန်ကို စောင့်ဆိုင်းရင်း ပတ်ဝန်းကျင်ရှိ စကြဝဠာများကို စူးစမ်းလေ့လာကာ ၎င်းတို့အတွင်း ကံကြမ္မာအကျိုးပေးများ ရှိမရှိ ရှာဖွေရန် ဖြစ်သည်။
" မင်း သတ္တိ တော်တော်ကောင်းတာပဲ "
ဝေလငါးကြီး၏ ဇာတ်လမ်းကို နားထောင်ပြီးနောက် ကုချန်မှာ သူ၏ရဲရင့်မှုကို ချီးကျူးရမလား၊ မိုက်မဲမှုကို အပြစ်တင်ရမလား မသိတော့စွာ ခေါင်းခါလိုက်မိသည်။
သူ၏ဖော်ပြချက်အရ ထိုဧရာမအလောင်းကောင်ကြီးသည် အင်မော်တယ်ဘုရင်ထက် များစွာ သာလွန်သော ဧကရာဇ်အဆင့်ရှိ ခန္ဓာကိုယ်တစ်ခု ဖြစ်ကြောင်း ရှင်းလင်းနေ၏။
ထိုဝေလငါးကြီးသည် အစစ်အမှန် အင်မော်တယ် တစ်ပါးသာ ဖြစ်ပြီး အင်မော်တယ်ဧကရာဇ်အဆင့်နှင့် များစွာ ကွာဝေးလှ၏။ ၎င်းသည် အလောင်းကောင်တစ်ခုမျှသာ ဖြစ်နေလျှင်တောင် ကျန်ရစ်နေသေးသော မည်သည့် အရှိန်အဝါကမဆို သူ့ကို ပြာအဖြစ် ချေမှုန်းပစ်ရန် လုံလောက်ရာ ခုခံရန် အခွင့်အရေးပင် ရမည်မဟုတ်ချေ။
သို့သော် သူသည် ဤအလောင်းကောင်ကြီးဘေးရှိ ပျက်စီးနေသော စကြဝဠာထဲသို့ မဆိုင်းမတွ ဝင်ရောက်သွားခဲ့သည်တဲ့လော။ ဤသည်မှာ ဒဏ္ဍာရီထဲက အဆိုပမာ 'အန္တရာယ်ကြားမှ ချမ်းသာကြွယ်ဝမှုကို ရှာဖွေခြင်း' ပဲ မဟုတ်လော။
" နောက် ဘာဖြစ်သေးလဲ "
ကုချန်မှ ဆက်လက် မေးမြန်းလိုက်၏။
" နောက်ပိုင်း ကျွန်တော် ဝင်ရောက်ခဲ့တဲ့ ရှေးဟောင်း စကြဝဠာကို စူးစမ်းလေ့လာကြည့်တော့ အဲ့ဒီထဲမှာ တကယ်ပဲ အင်မော်တယ်ပစ္စည်းတွေနဲ့ နတ်ဘုရားရတနာတချို့ ရှိနေတာကို တွေ့လိုက်ရတယ်... ကျွန်တော် အရမ်း အံ့သြသွားပြီး တခြား စကြဝဠာတွေရော ဒီလိုပဲလားဆိုတာ သိရအောင် ဒီစကြဝဠာကနေ ထွက်ဖို့ တွေးလိုက်တယ် "
" ဒါပေမယ့် စကြဝဠာ အကာအရံကနေတစ်ဆင့် ထွက်ဖို့ ကြိုးစားတော့ ကျွန်တော် လုံးဝ ထွက်လို့မရဘူးဆိုတာ တွေ့လိုက်ရတယ် "
ဝေလငါးကြီး၏အသံတွင် ကြောက်ရွံ့မှု အနည်းငယ် ပါဝင်နေလေသည်။
" အဲ့ဒီ အလောင်းကောင်ကြီးက ဘယ်ကို ရောက်သွားမှန်းမသိအောင် လွင့်မျောသွားတယ်... ပတ်ပတ်လည်မှာလည်း စိတ်ကူးမယဉ်နိုင်လောက်အောင် ပြင်းထန်တဲ့ ဟွမ်သွမ့်လေပြင်းတွေ တိုက်ခတ်နေတာ... ပြီးတော့ အဲ့ဒါတွေက အရမ်းကို အားပြင်းလွန်းတာမှ အစစ်အမှန် အင်မော်တယ်တစ်ပါးရဲ့ နတ်ဘုရားဝိညာဉ်နဲ့ ရုပ်ခန္ဓာတောင် မခံနိုင်ဘဲ ပျက်စီးသွားနိုင်လောက်အောင်ပဲ... ကျွန်တော်လည်း အရမ်း ကြောက်သွားပြီး အသက်ရှင်ဖို့က အရေးကြီးဆုံးပဲလို့ တွေးလိုက်မိလို့ အဲ့ဒီနေရာကနေ မြန်မြန် ထွက်သွားဖို့ ကြိုးစားခဲ့တယ် "
" ဒါပေမယ့် အဆုံးအစမဲ့တဲ့ လေပြင်းတွေကို ကျွန်တော် လုံးဝ မခုခံနိုင်ဘူး... စကြဝဠာ အကာအရံ အပြင်ဘက်ကို ရောက်နေတာ တစ်ခဏလေးပဲ ရှိသေးတယ်... ကျွန်တော့် ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ အပြည့်ဖြစ်နေပြီ... ပြီးတော့ လေပြင်းတွေက ပိုပြီး ပြင်းလာတော့ ကျွန်တော် မခုခံနိုင်တော့ဘူးလေ "
" အဲ့ဒါကြောင့် မတတ်သာတဲ့အဆုံး ကျွန်တော့်ရဲ့ ဒဏ်ရာရနေတဲ့ ခန္ဓာကိုယ်နဲ့ ဒီရှေးဟောင်း စကြဝဠာထဲ ပြန်ဝင်လိုက်ရပြီး ဒီစကြဝဠာထဲမှာ ပိတ်မိနေခဲ့တာပါပဲ "
" အချိန်တိုအတွင်းမှာ ထွက်လို့မရတော့ဘူးဆိုတာ သိသွားပြီးတဲ့နောက်... ဒီစကြဝဠာထဲမှာရှိတဲ့ အမျိုးမျိုးသော နတ်ဘုရားရတနာတွေနဲ့ အင်မော်တယ်ပစ္စည်းတွေကို စုဆောင်းပြီး ကျွန်တော့်ရဲ့ ကျင့်ကြံမှုအတွက် အသုံးပြုခဲ့တယ်... ဒါကြောင့်မလို့ ကျွန်တော် အချိန်တိုအတွင်းမှာ အစစ်အမှန် အင်မော်တယ်အဆင့်ကို ရောက်ရှိသွားနိုင်ခဲ့တာပါ "
" ဒါတွေက အရှင်သခင် အရင်က ပေးသနားခဲ့တဲ့ အင်မော်တယ်ကျမ်းကြောင့်လည်း ပါပါတယ်... အင်မော်တယ်ကျမ်းရဲ့ လမ်းညွှန်မှု မရှိရင် အင်မော်တယ်ပစ္စည်းတွေ၊ နတ်ဘုရားရတနာတွေ ဘယ်လောက်ပဲ အများကြီး ပေးပေး အလကားပါပဲ "
ဝေလငါးကြီးသည် စိတ်သက်သာရာ ရသွားစွာဖြင့် ဖြည်းညင်းစွာ ပြန်လည် ပြောပြလေသည်။
" တကယ်တော့ ဟွမ်သွမ့်လေပြင်းက အရမ်းကို ပြင်းလွန်းလို့ ကျွန်တော်တင်မဟုတ်ဘဲ ဒီရှေးဟောင်း စကြဝဠာတွေကလည်း ခုခံနိုင်စွမ်း ရှိမှာ မဟုတ်ဘူး "
" ဒါပေမယ့် အဲ့ဒီ ဧရာမ အလောင်းကောင်ကြီးရဲ့ ကျန်ရစ်နေတဲ့ အရှိန်အဝါက ဒီရှေးဟောင်း စကြဝဠာတွေကို ကာကွယ်ပေးထားလို့ သူတို့ လေပြင်းတွေကြောင့် ပျက်စီးမသွားခဲ့တာပါ "
" ဒီရှေးဟောင်း စကြဝဠာထဲမှာ ခိုလှုံခဲ့လို့သာ ကျွန်တော် ဒီဘေးအန္တရာယ်ကနေ သီသီလေး လွတ်မြောက်ခဲ့တာပါ "
" ဒါပေမယ့် ကျွန်တော်လည်း ဒီရှေးဟောင်း စကြဝဠာထဲမှာ ပိတ်မိသွားပြီး ထွက်လို့မရတော့ဘူးလေ... ဒါကြောင့် ဒီနေရာမှာပဲ နေပြီး ဒီငရဲလို နေရာကနေ ထွက်သွားနိုင်မယ့် အချိန်ကို မျှော်လင့်ရင်း ကြိုးကြိုးစားစား ကျင့်ကြံနေခဲ့တာပါ "
" ဘယ်သူသိမှာလဲ... ဘယ်သူသိမှာလဲ..... "
ဝေလငါးကြီးသည် သူ့ကို ထိတ်လန့်စေခဲ့သော အရာတစ်ခုကို ပြန်လည်အမှတ်ရသွားသည့်အလား ကြောက်ရွံ့မှု ခံစားချက်တစ်ခု စတင်ဖြစ်ပေါ်လာခဲ့၏။
" လေပြင်းတွေတိုက်ခတ်လာတဲ့ နေရာက ပိုလို့တောင် အားကောင်းပြီး ပြင်းထန်ပါတယ် "
" နောက်ဆုံးတော့... အဲ့ဒီ ရှေးဟောင်း အလောင်းကောင်ကြီးရဲ့ ပတ်ပတ်လည်မှာ ကျန်ရစ်နေတဲ့ အရှိန်အဝါကတောင် ဒီရှေးဟောင်း စကြဝဠာတွေကို ဆက်မကာကွယ်ပေးနိုင်တော့လို့... ထူထဲတဲ့ စကြဝဠာ အကာအရံတွေလည်း ပေါက်ပြဲသွားပြီး အဲ့ဒီလေပြင်းတွေ စကြဝဠာတွေထဲကို ပျံ့နှံ့တိုက်ခတ်လာတော့တာပဲ "
ဝေလငါးကြီးသည် လေပြင်းများ စကြာဝဠာ အကာအရံကို ဖောက်ထွင်း၍ အထဲသို့ ဝင်ရောက်တိုက်ခတ်လာပြီး များမကြာမီမှာပင် ၎င်း၏စွမ်းအားကြောင့် သူရှိနေသော စကြာဝဠာကြီးမှာလည်း လုံးဝ ဆုတ်ဖြဲခံရ၍ ပျက်စီးသွားနိုင်ဖွယ်ရှိသည်ကြောင့် အလွန်တရာ ထိတ်လန့်ခဲ့ရ၏။
သို့သော် သေစေနိုင်သော ထိုလေပြင်းများကို ရင်ဆိုင်ရာတွင် ဝေလငါးကြီးအနေဖြင့် စကြဝဠာအတွင်း၌ လှည့်ပတ်ပုန်းအောင်းနေရန်သာ တတ်နိုင်ခဲ့သည်။
ထိုအခိုက်အတန့်ကို ဖြတ်သန်းပြီးနောက် မူလက အကောင်းအတိုင်းရှိနေခဲ့သော ဤစကြာဝဠာသည်လည်း ပျက်စီးယိုယွင်းသွားရလေသည်။
" ဟွမ်သွမ့်လေပြင်းတွေကို ရှောင်တိမ်းနေရင်းနဲ့ တခြား ရှေးဟောင်း စကြဝဠာတွေကနေ အော်ဟစ်သံတွေ၊ ကျိန်ဆဲသံတွေကို ခပ်ဖျော့ဖျော့ ကြားလိုက်ရသလိုပဲ... ဒါပေမယ့် အဲ့ဒီအချိန်တုန်းက ကျွန်တော် အရမ်း စိတ်လှုပ်ရှားနေတော့ အဲ့ဒါတွေကို ဂရုမစိုက်နိုင်ခဲ့ဘူး... ကိုယ့်အသက်ရှင်ဖို့ကိုပဲ တွေးနေခဲ့တာပါ "
" ဒါပေမယ့် လေပြင်းတွေ တိုက်တာ ရပ်သွားတဲ့အချိန်မှာ... ကျွန်တော်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီး ဒီနေရာကနေ ထွက်သွားဖို့ ခွန်အား မရှိတော့ပါဘူး... အဲ့ဒီနောက်ပိုင်း... အဲ့ဒီနောက်ပိုင်းမှာ အရှင်သခင် ရောက်လာတာပါပဲ "
ဝေလငါးကြီးသည် လေပြင်းများ တိုက်ခတ်ပြီးနောက် အံ့သြဖွယ်ကောင်းလောက်အောင် အသက်ငွေ့ငွေ့ဖြင့် အသက်ရှင်ကျန်ရစ်ခဲ့၏။
သို့သော်လည်း သူသည် သေလုနီးပါး ဖြစ်နေပြီပင်။ အကယ်၍ ကုချန်သာ သူ့ကို လာရောက် မကူညီခဲ့ပါက နောက်ထပ် နှစ်အနည်းငယ်အတွင်း နောက်ဆုံး သက်စောင့်အငွေ့အသက်လေးကို ဆုံးရှုံးရကာ သေဆုံးသွားပေလိမ့်မည်။
ဝေလငါးကြီး၏ ဇာတ်လမ်းကို နားထောင်ပြီးနောက် ကုချန်သည် အတွေးထဲသို့ နက်နက်ရှိုင်းရှိုင်း နစ်မျောသွားလေသည်။
ဝေလငါးကြီး၏ အတွေ့အကြုံဟာ သူ့ကို တစ်စုံတစ်ခု ပြောပြနေသကဲ့သို့ပင်။
ဟွမ်သွမ့်ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာတွင် လွင့်မျောနေသော ရှေးဟောင်း အလောင်းကောင်ကြီးတစ်ခုသည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု၏ ဆွဲငင်မှုကိုခံရကာ ဟွမ်သွမ့်ပင်လယ်၏ ပိုမိုနက်ရှိုင်းသော နေရာများဆီသို့ လျင်မြန်စွာ ရွေ့လျားသွားခဲ့၏။ ထိုခရီးစဉ်အတွင်း အဆုံးအစမဲ့ လေပြင်းများ ပြည့်နှက်နေသော တားမြစ်နယ်မြေတစ်ခုကိုလည်း ဖြတ်သန်းခဲ့ရလေသည်။
ထိုသေစေနိုင်သော လေပြင်းများ တားမြစ်နယ်မြေကို ဖြတ်သန်းပြီးနောက် နောက်ဆုံးတွင် ယခုကွေ့ရွှီးနယ်မြေ၌ ရပ်တန့်သွားခဲ့၏။
သို့သော် သူ ရောက်ရှိလာချိန်၌ ပျက်စီးနေသော စကြဝဠာများကိုသာ မြင်တွေ့ခဲ့ရပြီး ဝေလငါးကြီး ပြောသော ဧရာမ အလောင်းကောင်ကြီးကို မတွေ့ခဲ့ရပေ။
ထိုအလောင်းကောင်ကြီး ဘယ်ကို ရောက်သွားသနည်း။
လွင့်မျောနေစဉ်အတွင်း စကြဝဠာများနှင့် ကွဲကွာသွားခဲ့ခြင်းလော။
ထို့အပြင် ဝေလငါးကြီး၏ ကြုံတွေ့ရမှုကလည်း ကုချန်အား တစ်စုံတစ်ခုကို နားလည်သွားစေခဲ့သည်။
ကွေ့ရွှီးနယ်မြေသည် မရေမတွက်နိုင်သော ပျက်စီးနေသည့် စကြဝဠာများဖြင့် ပြည့်နှက်နေ၏။
ဝေလငါးကြီး နေထိုင်သော ရှေးဟောင်း စကြဝဠာသည် အစက ပျက်စီးနေခြင်း မရှိသေးဘဲ လေပြင်းများ တိုက်ခတ်နေသော တားမြစ်နယ်မြေကို ဖြတ်သန်းပြီးနောက်မှသာ လက်ရှိ ပျက်စီးနေသည့် အခြေအနေသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။
ဆိုလိုသည်မှာ ဤကွေ့ရွှီးနယ်မြေထဲရှိ စကြဝဠာများ အားလုံးသည် ယခုကဲ့သို့ ပျက်စီးနေသည့် အခြေအနေသို့ ရောက်ရှိလာရခြင်းမှာ ထိုလေပြင်းများ တိုက်ခတ်နေသော တားမြစ်နယ်မြေကို ဖြတ်သန်းခဲ့ရခြင်းကြောင့်လော။
တနည်းအားဖြင့်ဆိုသော် ဤကွေ့ရွှီးနယ်မြေထဲရှိ ပျက်စီးနေသော စကြဝဠာများ အားလုံးသည် ဟွမ်သွမ့်ပင်လယ်ကြီးထဲမှ ဤနေရာအထိ လွင့်မျောလာခဲ့သည်လော။