အခန်း ၅၁၈
Vol. 38 Ch. 518
အခန်း ( ၅၁၈ ) - ထိတ်လန့်ဖွယ် အမှန်တရား၊ သဲလွန်စများကို ရှာဖွေခြင်းနှင့် သစ်ပင်ငယ်လေး
အကယ်၍ ထိုသို့သာ အမှန်တကယ် ဖြစ်ခဲ့မည်ဆိုပါက အနည်းငယ် ထိတ်လန့်ဖွယ် ကောင်းနေပေလိမ့်မည်။
ကွေ့ရွှီးနယ်မြေအတွင်းရှိ မရေမတွက်နိုင်သော ပျက်စီးနေသည့် စကြဝဠာများ၏ ပမာဏနှင့် ကျယ်ပြောမှုသည် ကုချန်၏ တွေးထားသည်ထက် ကျော်လွန်နေလေသည်။
သမိုင်းတစ်လျှောက် ဟွမ်သွမ့်ပင်လယ်ထဲတွင် မွေးဖွားလာခဲ့သမျှ စကြဝဠာများ အားလုံးသည် နောက်ဆုံးတွင် ဤကွေ့ရွှီးနယ်မြေထဲသို့ လွင့်မျောလာကာ ထာဝရ တိတ်ဆိတ်ခြင်းသို့ ရောက်ရှိသွားခဲ့ကြသည်များလော။
" မဟုတ်ဘူး... အဲ့ဒါ မဖြစ်နိုင်ဘူး... သာမန် စကြဝဠာတွေက လေပြင်း တားမြစ်နယ်မြေကို လုံးဝ ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး... အင်မော်တယ်ဧကရာဇ် အလောင်းကောင်ကနေ ထွက်ပေါ်လာတဲ့ အရှိန်အဝါရဲ့ ကာကွယ်မှုကို ရရှိထားတဲ့ စကြဝဠာတွေကသာ... လေပြင်း တားမြစ်နယ်မြေကို ဖြတ်ကျော်ပြီး ဒီကွေ့ရွှီးနယ်မြေထဲကို ရောက်ရှိလာနိုင်ဖို့ အခွင့်အရေး ရှိတာပဲ "
ကုချန်၏ မျက်မှောင်များမှာ ကြုတ်သွားလေသည်။
ယခုလေးတင် ဝေလငါးကြီး၏ ပြောပြချက်အရ ၎င်းရှိနေသော စကြဝဠာသည် လေပြင်း တားမြစ်နယ်မြေကို အန္တရာယ်ကင်းစွာ ဖြတ်ကျော်၍ ဤကွေ့ရွှီးနယ်မြေထဲသို့ လွင့်မျောလာနိုင်ခဲ့ခြင်းမှာ ၎င်းသည် အင်မော်တယ်ဧကရာဇ် အလောင်းကောင်ကြီးနှင့် နီးကပ်စွာ ရှိနေပြီး ၎င်းထံမှ ထွက်ပေါ်လာသော အရှိန်အဝါ၏ ကာကွယ်မှုကို ရရှိထားသောကြောင့်ပင် ဖြစ်သည်။
ထိုအင်မော်တယ်ဧကရာဇ် အလောင်းကောင်ကြီး၏ ကာကွယ်မှုသာ မရှိခဲ့ပါက ဝေလငါးကြီး နေထိုင်သော စကြဝဠာရော ၎င်းနှင့်အတူ မျောပါလာသော ရှေးဟောင်း စကြဝဠာ ထောင်ပေါင်းများစွာပါ လေပြင်း တားမြစ်နယ်မြေထဲတွင် လုံးဝ ဖျက်ဆီးခံလိုက်ရမည်ဖြစ်ပြီး ဤကွေ့ရွှီးနယ်မြေထဲသို့ ရောက်ရှိလာရန် အခွင့်အရေးပင် ရခဲ့မည် မဟုတ်ချေ။
ထိုသို့ဆိုလျှင် ဤကွေ့ရွှီးနယ်မြေထဲရှိ မရေမတွက်နိုင်သော ပျက်စီးနေသည့် စကြဝဠာများသည်လည်း အင်မော်တယ်ဧကရာဇ်အဆင့် အလောင်းကောင်ကြီးတစ်ခု၏ ကာကွယ်မှုကို ရရှိခဲ့သောကြောင့် တားမြစ်နယ်မြေကို အောင်မြင်စွာ ဖြတ်ကျော်၍ ဤကွေ့ရွှီးနယ်မြေသို့ ရောက်ရှိလာခဲ့ကြခြင်းများလော။
အကယ်၍ ထိုသို့သာ အမှန်တကယ် ဖြစ်ခဲ့မည်ဆိုပါက ဤကွေ့ရွှီးနယ်မြေထဲရှိ မရေမတွက်နိုင်သော ပျက်စီးနေသည့် စကြဝဠာများစွာကို လမ်းညွှန်ခေါ်ဆောင်လာရန်အတွက် အင်မော်တယ်ဧကရာဇ်အဆင့် အလောင်းကောင် မည်မျှ လိုအပ်ခဲ့မည်နည်း။
ထို့အပြင် ဤအရာသာ အမှန်ဖြစ်ပါက ထိုအင်မော်တယ်ဧကရာဇ်အဆင့် အလောင်းကောင်များ ဘယ်ရောက်သွားကြသနည်း။
ကုချန်သည် သူ၏ခရီးစဉ်တစ်လျှောက် အင်မော်တယ်ဧကရာဇ် အလောင်းကောင် တစ်လောင်းကိုသာ တွေ့ခဲ့ရပြီး ကျန်သည်များမှာ အဆုံးအစမဲ့သော ပျက်စီးနေသည့် စကြဝဠာများသာ ဖြစ်သည်။
သို့သော်လည်း ၎င်းမှာ အမှန်တရားပမာထင်ရ၍ အလွန်တရာ ထိတ်လန့်ဖွယ် ကောင်းနေသည်ဖြစ်ရာ သူ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်မိ၏။
ဤပျက်စီးနေသော စကြဝဠာများသည် အခြားသော လမ်းကြောင်းများမှတစ်ဆင့် ကွေ့ရွှီးနယ်မြေထဲသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ထိုလမ်းကြောင်းများတွင် လေပြင်း တားမြစ်နယ်မြေကဲ့သို့သော အရာများ မရှိသဖြင့် ဤစကြဝဠာများ ကွေ့ရွှီးနယ်မြေသို့ ချောမွေ့စွာ ရောက်ရှိလာနိုင်ခဲ့ခြင်း ဆိုသော နောက်ထပ် ဖြစ်နိုင်ချေ တစ်ခု မရှိလျှင်တော့ ၎င်းမှာ စင်စစ် အမှန်တရားသာဖြစ်ပေမည်။
သို့သော် ထိုဖြစ်နိုင်ချေမှာ အမှန်တကယ်တွင် နည်းပါးလွန်းလှ၏။
အဘယ်ကြောင့်ဆိုသော် ကွေ့ရွှီးနယ်မြေထဲရှိ ထိုစကြဝဠာများ အားလုံးသည် ပျက်စီးယိုယွင်းနေသော အခြေအနေတွင် ရှိနေကြရာ လေပြင်း တားမြစ်နယ်မြေကဲ့သို့သော တားမြစ်နယ်မြေတစ်ခုကို ဖြတ်သန်းခဲ့ရသဖြင့် ဤမျှအထိ ပျက်စီးသွားရခြင်းဖြစ်ကြောင်း ထင်ရှားနေသောကြောင့်ပင်။ ထို့အပြင် ထိအခိုက်အတန့်အတွင်း ၎င်းတို့အတွင်းရှိ သက်ရှိအများစု သေဆုံးသွားခဲ့ရခြင်းလည်း ဖြစ်၏။
ဝေလငါးကြီးကဲ့သို့ ကံကောင်းသော သက်ရှိအချို့သည်ပင် ထိုအချိန်အတွင်း မသေဆုံးဘဲ ပျက်စီးနေသော စကြဝဠာထဲတွင် ပုန်းအောင်းကာ ဘေးအန္တရာယ်မှ အံ့သြဖွယ်ကောင်းလောက်အောင် လွတ်မြောက်ပြီး ဤကွေ့ရွှီးနယ်မြေထဲသို့ ရောက်ရှိလာခဲ့လျှင်တောင် သူတို့ကို စောင့်ကြိုနေသည်မှာ ပျက်စီးခြင်း လမ်းကြောင်းတစ်ခုတည်းသာ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဤကွေ့ရွှီးနယ်မြေထဲတွင် သက်ရှိဟူ၍ မရှိသောကြောင့်ပင်။ အံ့သြဖွယ်ကောင်းလောက်အောင် အသက်ရှင်ကျန်ရစ်ခဲ့သော သက်ရှိများသည်ပင် ရှည်လျားသော နှစ်ကာလများအတွင်း တဖြည်းဖြည်း ချေမှုန်းခံလိုက်ရလေသည်။
" မင်း ဒီမှာ အနားယူပြီး ဒဏ်ရာတွေ ပျောက်အောင် ကုသနေလိုက်... ငါကိုယ်တော်က အနီးအနားက တခြား စကြဝဠာတွေကို စုံစမ်းကြည့်လိုက်ဦးမယ် "
ကုချန်သည် ဝေလငါးကြီးကို မှာကြားလိုက်ပြီးနောက် ပျက်စီးနေသော စကြဝဠာမှ ထွက်ခွာကာ အနီးအနားရှိ အခြား ပျက်စီးနေသော စကြဝဠာများထဲသို့ ချက်ချင်း ဝင်ရောက်သွားလေသည်။
ဝေလငါးကြီးထံမှ လေပြင်း တားမြစ်နယ်မြေကို ဖြတ်သန်းစဉ်က စကြဝဠာအပြင်ဘက်မှ ငိုကြွေးသံတစ်ခုကို ကြားခဲ့ရသည်ဟု သူ ကြားခဲ့ရသည်။
ကုချန်၏ ခန့်မှန်းချက်အရ ထိုအသံ၏ အရင်းအမြစ်သည် လေပြင်း တားမြစ်နယ်မြေမှ မဟုတ်ဘဲ ထိုအင်မော်တယ်ဧကရာဇ် အလောင်းကောင်ကြီး အနီးရှိ အခြား ပျက်စီးနေသော စကြဝဠာများမှ ဖြစ်နိုင်ချေရှိသည်။
တနည်းအားဖြင့်ဆိုသော် ဝေလငါးကြီးအပြင် ဤပျက်စီးနေသော စကြဝဠာများထဲတွင် ပုန်းအောင်းနေပြီး သူတို့နှင့်အတူ ကွေ့ရွှီးနယ်မြေထဲသို့ ဝင်ရောက်လာသော အခြားသော သက်ရှိများလည်း ရှိနေနိုင်သည်။
ထို့ကြောင့် ကုချန်သည် သဲလွန်စတစ်ခုခု ရှာတွေ့နိုင်မလား သိရအောင် စုံစမ်းစစ်ဆေးရန် သွားရောက်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ထိုသက်ရှိများအားလုံး လေပြင်း တားမြစ်နယ်မြေကို ဖြတ်သန်းပြီးနောက် သေဆုံးသွားခဲ့လျှင်တောင် ဤကွေ့ရွှီးနယ်မြေအတွင်း အချိန်၏တိုက်စားမှုကြောင့် ဖျောက်ဖျက်မခံရသေးသော အကြွင်းအကျန်များစွာ သူတို့၏စကြဝဠာများထဲတွင် ကျန်ရှိနေနိုင်သေးသည်။
ထို့ကြောင့် ကုချန်အတွက် ဤသည်မှာ သံသယဝင်စရာ မလိုဘဲ စုံစမ်းစစ်ဆေးရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်။
ထိုအတွေးဖြင့် ကုချန်သည် အနီးအနားရှိ ပျက်စီးနေသော စကြဝဠာ အချို့ထဲသို့ အဆက်မပြတ် ဝင်ရောက်ခဲ့၏။
သို့သော် သူ့ကို စိတ်ပျက်စေခဲ့သည်မှာ ဤပျက်စီးနေသော စကြဝဠာများသည် ဝေလငါးကြီး ရှိနေသော ပျက်စီးနေသည့် စကြဝဠာနှင့် တစ်ချိန်တည်း ရောက်လာခဲ့ခြင်း မဟုတ်ကြောင်း ထင်ရှားနေခြင်းပင်။ ၎င်းတို့သည် ကွေ့ရွှီးနယ်မြေသို့ ပို၍ စောစီးစွာ ရောက်ရှိလာခဲ့ကြရာ ထိုစကြဝဠာများအားလုံး၌ ဗလာနတ္ထိဖြစ်နေကာ မည်သည့်အရာမျှ မရှိတော့ချေ။
သို့သော် ကုချန်သည် အလျင်စလို လက်မလျှော့ဘဲ ဆက်လက် စုံစမ်းစစ်ဆေးခဲ့၏။
ဝေလငါးကြီး၏ အဆိုအရ ၎င်း ကွေ့ရွှီးနယ်မြေသို့ ရောက်ရှိခဲ့သည်မှာ နှစ်အနည်းငယ်သာ ရှိသေးသည်။
ထိုပျက်စီးနေသော စကြဝဠာများသည် ဤနေရာတွင် ပုံမှန်မဟုတ်ဘဲ ရွေ့လျားနေကြသော်လည်း အချို့သော စကြဝဠာများသည်တော့ ယခု ဝေလငါးကြီး ရှိနေသော စကြဝဠာနှင့် သိပ်မဝေးသော နေရာတွင် ရှိနေနိုင်ချေ ရှိ၏။
ထို့ကြောင့် ကုချန်သည် ဝေလငါးကြီး ရှိနေသော စကြဝဠာကို ဗဟိုပြု၍ သူ၏ စုံစမ်းစစ်ဆေးမှုကို စတင်ခဲ့သည်။
နောက်ဆုံးတွင် နှစ်ဝက်နီးပါး ကြာပြီးနောက် စကြဝဠာတစ်ခုကို စုံစမ်းစစ်ဆေးနေရင်းဖြင့် တစ်ခုခုကို ရှာဖွေတွေ့ရှိသွားခဲ့လေသည်။
ကုချန်မှ ထိုဟောင်းနွမ်းပျက်စီးနေသော စကြဝဠာထဲသို့ ဝင်ရောက်သွားသောအခါ သူ၏ နတ်ဘုရားဝိညာဉ်မှာလည်း အနည်းငယ် တုန်ခါသွားခဲ့၏။ ၎င်းမှာ အဆုံးအစမဲ့ သေဆုံးတိတ်ဆိတ်မှုများကြားတွင် ရုတ်တရက် သက်ရှိတစ်စုံတစ်ရာကို မြင်လိုက်ရသောကြောင့် ဖြစ်ပေါ်လာသည့် ဝမ်းသာမှုတစ်ခုပင် ဖြစ်သည်။
ထို ဟောင်းနွမ်းပျက်စီးနေသော စကြဝဠာထဲတွင် သက်ရှိများ ရှိနေပုံပင်!
ကုချန်၏မျက်လုံးများထဲတွင် ဝမ်းသာသော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့လေသည်။
သူသည် အစက အနည်းငယ် စိတ်ပျက်နေကာ လက်လျှော့တော့မည်ဟု တွေးထားသော်လည်း မမျှော်လင့်ထားစွာဘဲ တစ်ခုခုကို ရှာတွေ့ခဲ့၏။
ကုချန်သည် သက်ရှိအငွေ့အသက်လေး ထွက်ပေါ်လာသည့် ဦးတည်ရာသို့ လိုက်သွားလိုက်ရာ ရုတ်တရက် အလင်းတစ်ချက် လင်းလက်သွားလျက် တစ်မှိတ်အတွင်း ထိုနေရာသို့ ရောက်ရှိသွားခဲ့လေသည်။
ဤသည်မှာ မြေညိုရောင် ရှေးဟောင်းဂြိုဟ်တစ်ခု ဖြစ်သည်။ ဂြိုဟ်၏မျက်နှာပြင်သည် မီးတောင်ပေါက်များဖြင့် ဖုံးလွှမ်းနေကာ အနိမ့်အမြင့် တစ်ခုမျှပင် မရှိဘဲ စွမ်းအားတစ်ခုခုကြောင့် ပြန့်ပြူးသွားခဲ့သည့်အလား ဖြစ်နေ၏။
ကုချန်သည် ထိုရှေးဟောင်းဂြိုဟ်ပေါ်သို့ ခြေချကာ ရှေ့သို့ လျှောက်လှမ်းသွားခဲ့လေသည်။
မကြာမီမှာပင် သက်စောင့်စွမ်းအားများ ထွက်ပေါ်လာသည့် ဦးတည်ရာကို သူ မြင်လိုက်ရ၏။
ပေတစ်ဆယ်ခန့် ကျယ်ဝန်းသော ရေအိုင်ငယ်လေးတစ်ခု ရှိနေ၍ ၎င်းအတွင်း၌ အရောင်ငါးမျိုးရှိသော ဝိညာဉ်အရည်များ စိမ့်ထွက်နေကာ သက်စောင့်စွမ်းအား အငွေ့အသက်လေးတစ်ခုဖြင့် ဖုံးလွှမ်းနေလေသည်။
ထိုဝိညာဉ်အရည်များ၏ အလယ်တွင် သစ်ပင်ငယ်လေး တစ်ပင် အမြစ်တွယ်နေလေ၏။
ထိုသစ်ပင်ငယ်လေးမှာ လက်ဖဝါးအရွယ်ခန့်သာ မြင့်၍ အလွန်အမင်း သနားစရာကောင်းလှသည်။ ၎င်းသည် ကြီးမားလှသော စွမ်းအားတစ်ခု၏ ရိုက်နှက်မှုကို ခံထားရသည့်အလား ပင်စည်သည် အလယ်မှ ကျိုးသွားရုံသာမက သစ်ကိုင်းများနှင့် အရွက်များအားလုံး မြေပြင်ပေါ်တွင် ပြန့်ကျဲနေ၍ အမြစ်များသာ ကျန်ရစ်တော့သည်။
သစ်ပင်၏ပင်စည်မှာ အဝါရောင်ဖျော့ဖျော့ ရှိနေရာ သေဆုံးခြင်းကို ကိုယ်စားပြုနေလေသည်။
ကျိုးပဲ့နေသော သစ်ပင်ငယ်လေးသည် အရောင်ငါးမျိုးရှိ ဝိညာဉ်အရည်များထဲတွင် တစောင်း လဲလျောင်းနေ၍ ကျန်ရှိနေသေးသော ဝိညာဉ်အရည် အနည်းငယ်သည် ထိုသစ်ပင်ငယ်လေး အသက်ရှင်သန်နိုင်မည့် တစ်ခုတည်းသော အရင်းအမြစ် ဖြစ်နေပုံပင်။
သေးသွယ်သော အမြစ်များသည် အရောင်ငါးမျိုးရှိ ဝိညာဉ်အရည်ထံမှ စွမ်းအားများကို အသည်းအသန် စုပ်ယူကာ သူတို့ကိုယ်သူတို့ အာဟာရ ဖြည့်တင်းနေကြသည်။
သို့သော် ၎င်း၏ပင်စည်မှာ ကျိုးပဲ့နေပြီဖြစ်ရာ စုပ်ယူလိုက်သော စွမ်းအားအများစုသည် ကောင်းကင်နှင့် မြေကြီးထဲသို့ ပျံ့နှံ့သွားခဲ့ပြီး စွမ်းအင်အနည်းငယ်မျှသာ ကျန်ရစ်ကာ ထိုသစ်ပင်ငယ်လေး၏ သက်စောင့်စွမ်းအားကို ခဲယဉ်းစွာ ထိန်းသိမ်းထားနေလေသည်။
သို့သော် တဖြည်းဖြည်း ခန်းခြောက်လာနေသော ဝိညာဉ်အရည်များကို ကြည့်လျက် ထိုသစ်ပင်ငယ်လေးသည် အချိန်အကြာကြီး တောင့်ခံနိုင်တော့မည် မဟုတ်ကြောင်း ကုချန် သိလိုက်လေသည်။
ယခုလေးတင် သူ ခံစားသိရှိခဲ့ရသော သက်စောင့်စွမ်းအားသည် ထိုသစ်ပင်ငယ်လေးထံမှ လာခြင်းဖြစ်ပေမည်။
ကုချန် ဆင်းသက်လာသောအခါ ထိုသစ်ပင်ငယ်လေးအတွင်းမှ ထွက်ပေါ်လာသော တုန်ခါနေသည့် လှိုင်းဂယက်များကိုလည်း ခံစားလိုက်ရသည်။
၎င်းမှာ ထိုသစ်ပင်ငယ်လေး၏ နတ်ဘုရားဝိညာဉ် နက်ရှိုင်းရာမှ မြစ်ဖျားခံလာသော လှိုင်းဂယက်တစ်ခု ဖြစ်၏။
ဤသည်က ထိုသစ်ပင်ငယ်လေးသည် အသိစိတ်မရှိသော သက်မဲ့အရာတစ်ခု မဟုတ်ဘဲ ကုချန် ယခင်က တစ်ခါမျှ မမြင်ဖူးခဲ့သော သက်ရှိတစ်မျိုးသာ ဖြစ်ကြောင်း သက်သေပြနေပေသည်။