အခန်း ၅၁၉
Vol. 38 Ch. 519
အခန်း ( ၅၁၉ ) - သစ်ပင်ထဲက ဝိညာဉ်၊ ပျက်သုဉ်းခြင်း ဝိညာဉ်နှင့် ကောင်းကင်ဘုံများ စုဝေးခြင်း
အသက်ရှင်နေဆဲဖြစ်သော သစ်ပင်ငယ်လေးတစ်ပင်.....
" မင်းက ဒီစကြာဝဠာက သက်ရှိလား... ဘယ်ကနေ လာတာလဲ "
ကုချန်သည် ဆောင့်ကြောင့်ထိုင်လိုက်ကာ သူ၏ရှေ့ရှိ လက်ဖဝါးအရွယ် သစ်ပင်ငယ်လေးကို ကြည့်ရင်း တိုးညင်းစွာ မေးမြန်းလိုက်၏။
ထိုသစ်ပင်ငယ်လေးတွင် အသက်ငွေ့ငွေ့သာ ကျန်ရှိတော့ပြီး သူ့အတွက် မည်သည့်အန္တရာယ်မှ မပေးနိုင်တော့သည်ကို သူသိသည်။
" ရှဲ...! "
ကုချန် စကားပြောလိုက်သည်နှင့် သစ်ပင်ငယ်လေး၏ အရွက်များသည် သူ့အား တုံ့ပြန်သည့်အလား အားနည်းစွာ နှစ်ချက်မျှ လှုပ်ခတ်သွားလေသည်။
ဤသည်ကို မြင်သောအခါ ကုချန်မှာ မျက်မှောင်ကျုံ့သွားမိသည်။ သစ်ပင်ငယ်လေး၏ အခြေအနေမှာ အလွန်ဆိုးရွားနေ၏။ ၎င်း၏ နောက်ဆုံးကျန်ရှိနေသော အသက်စွမ်းအင်လေးမှာ လောင်ကျွမ်းကုန်ခမ်းလုနီးပါး ဖြစ်နေပြီး သူ၏မေးခွန်းများကို ဖြေကြားရန် နတ်ဝိညာဉ်လှိုင်းလေး ထုတ်လွှင့်ဖို့ပင် ခက်ခဲလွန်းနေလေသည်။
" မင်းရဲ့ အခြေအနေကို အရင် တည်ငြိမ်အောင် ငါလုပ်ပေးမယ် "
ကုချန်မှ သူ၏လက်ဖဝါးကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်ရာ လက်ချောင်းထိပ်များမှ အသက်စွမ်းအင်များ ယိုစိမ့်ထွက်လာကာ သစ်ပင်ငယ်လေးဆီသို့ ကျဆင်းသွားလေ၏။
ကုချန်၏ လက်ရှိစွမ်းအားဖြင့်ဆိုလျှင် ဤအသက်စွမ်းအင် တစ်စက်သည် သေလုမြောပါး ဖြစ်နေသော အင်မော်တယ်အဆင့် ဝေလငါးကြီးတစ်ကောင်ကိုပင် ချက်ချင်း အသက်ဝင်လန်းဆန်းလာစေနိုင်သည်။
သစ်ပင်ငယ်လေး၏ အရွယ်အစားမှာ ဝေလငါးကြီးနှင့် ယှဉ်လျှင် ကွာခြားလွန်းလှသည်။ ယုတ္တိရှိရှိဆိုလျှင် ကုချန်သည် မည်သည့်အားစိုက်ထုတ်မှုမှ မလိုဘဲ ၎င်းကို အသက်ပြန်ရှင်လာစေနိုင်လေသည်။
သို့သော် ကုချန်အား အံ့အားသင့်စေသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့၏။
သူ၏လက်ချောင်းများမှ စီးကျလာသော အသက်စွမ်းအင်များသည် သစ်ပင်ငယ်လေးထဲသို့ ဝင်ရောက်သွားသော်လည်း မည်သည့် အကျိုးသက်ရောက်မှုမှ မရှိသကဲ့သို့ ဖြစ်နေသည်။
သစ်ပင်ငယ်လေးမှာ နုံးချည့်ကာ သေလုမြောပါး အခြေအနေတွင်ပင် ရှိနေဆဲဖြစ်သည်။
" ဟင်? "
ဤသည်ကို မြင်လိုက်ရသဖြင့် ကုချန် အနည်းငယ် အံ့ဩသွားမိ၏။ ယခုလေးတင် သူ အသက်စွမ်းအင်ကို သစ်ပင်ငယ်လေးထဲသို့ ပို့လွှတ်လိုက်သော်လည်း ထိုစွမ်းအင်များသည် သစ်ပင်ငယ်အတွက် မည်သည့်အကျိုးမှ မသက်ရောက်ကြောင်း ခံစားလိုက်ရသည်။
ကုချန်သည် မယုံကြည်နိုင်စွာဖြင့် အသက်စွမ်းအင် ပို့လွှတ်မှုနှုန်းကို မြှင့်တင်လိုက်၏။ အဆုံးမဲ့ အသက်စွမ်းအင်များဖြင့် ဖွဲ့စည်းထားသော နဂါးငယ်လေးများသည် ကုချန်၏ လက်ချောင်းထိပ်များတွင် ရစ်ဝဲကခုန်နေပြီး နောက်ဆုံးတွင် သစ်ပင်ငယ်လေးထဲသို့ အလုံးအရင်း ဝင်ရောက်သွားကြသည်။
သို့ရာတွင် အခြေအနေမှာ အတူတူပင် ဖြစ်နေဆဲ
ပင်။ ထိုအသက်စွမ်းအင် နဂါးငယ်လေးများသည် သစ်ပင်ငယ်လေးထဲသို့ ဝင်ရောက်သွားပြီးနောက် လျင်မြန်စွာ ပြိုကွဲပျံ့လွင့်သွားသော်လည်း ထွက်ပေါ်လာသော စွမ်းအင်များကို သစ်ပင်လေးမှာ အနည်းငယ်မျှပင် စုပ်ယူနိုင်ခြင်း မရှိပေ။
ဒါက.....
ဤသည်ကို မြင်သောအခါ ကုချန်မှာ မှင်တက်သွားရ၏။
ဤကဲ့သို့သောအခြေအနေမျိုးကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ဤသစ်ပင်ငယ်လေးသည် အသက်စွမ်းအင် အနည်းငယ်ကိုမျှပင် မစုပ်ယူနိုင်ချေ။
တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ။
ကုချန်သည် မျက်မှောင်ကျုံ့ကာ ဖြေရှင်းရန်နည်းလမ်းကို စဉ်းစားနေစဉ် သစ်ပင်ငယ်လေးသည် အားနည်းစွာဖြင့် နှစ်ချက်ခန့် လှုပ်ခတ်သွားသည်ကို တွေ့လိုက်ရသည်။
ထိုအချိန်မှာပင် သစ်ပင်ငယ်ထံမှ မှေးမှိန်မရေရာသော နတ်ဝိညာဉ်လှိုင်းလေးတစ်ခု ထွက်ပေါ်လာကာ ကုချန်၏နားထဲသို့ ဝင်ရောက်လာ၏။
" အဟွတ်! အဟွတ်...! အင်အားတွေ ဖြုန်းတီးမနေပါနဲ့... မင်းရဲ့ စွမ်းအားက ဒီအဘိုးကြီးအပေါ် ဘာအကျိုးမှ သက်ရောက်မှာ မဟုတ်ဘူး... ငါ့ကို အေးအေးဆေးဆေးပဲ ထွက်သွားခွင့် ပြုလိုက်ပါတော့ "
ရုတ်တရက် ထွက်ပေါ်လာသော အသံမှာ အနည်းငယ် တိုးညင်းသြရှနေပြီး အလွန်ပင် ရှေးကျနေဟန်ရှိသည်။
ဤအသံသည် သစ်ပင်ငယ်လေးထဲမှ ထွက်လာခြင်းများလော။
ကုချန်သည် အနည်းငယ် အံ့အားသင့်သွား၏။ သစ်ပင်ငယ်လေးတစ်ပင်ထံမှ ရှေးကျသည့်အသံကြီးတစ်ခု ထွက်ပေါ်လာခြင်းဖြစ်သည်။ ဤပြင်းထန်လှသော ကွာဟချက်က သူ့ကို သဘာဝကျကျပင် အံ့ဩသွားစေခဲ့သည်။
" လိုက်မရှာနဲ့... မင်းကို စကားပြောနေတာ ဒီအဘိုးကြီးပဲ "
သစ်ပင်ငယ်လေးမှာ လှုပ်ရှားသွား၍ နောက်ထပ်အသံတစ်ခု ထွက်ပေါ်လာရာ ကုချန်အတွက် အရာအားလုံးကို အတည်ပြုပေးလိုက်သကဲ့သို့ပင် ဖြစ်သွား၏။
" လူလေး... မင်းဆီမှာ ပျက်သုဉ်းခြင်းချီတွေ မတွေ့ရဘူး... မင်းက ဒီကပ်စက်ဝန်းက သက်ရှိတစ်ယောက် ဖြစ်ရမယ်... ဟုတ်လား "
အဘိုးအို၏ စကားကြောင့် ကုချန်မှာ စိတ်ရှုပ်ထွေးသွားရသည်။
ပျက်သုဉ်းခြင်းချီလား။
ကပ်စက်ဝန်းလား။
ဒါတွေက ဘာအဓိပ္ပာယ်တွေလဲ။
ကုချန်၏ တွေဝေနေသော အမူအရာကို မြင်သောအခါ အဘိုးအိုသည် မနာလိုမှု အနည်းငယ်စွက်နေသော အသံဖြင့် ထပ်မံပြောဆိုလေ၏။
" ငါ မင်းကို တကယ်အားကျတယ်... ပူပင်သောကကင်းပြီး ဘာမှ မသိရှာဘူး... ကောင်းကင်ဘုံကလည်း စည်ပင်ဝပြောနေပြီး အရာရာတိုင်းအတွက် မျှော်လင့်ချက် ရှိနေသေးတယ်... ဒီအဘိုးကြီးနဲ့တော့ တခြားစီပါပဲလေ... ဒီနေရာမှာပဲ သောင်တင်နေပြီး နောက်ဆုံးထွက်သက်ကို စောင့်ရင်း မြေမှုန့်အဖြစ် လုံးဝ ပျောက်ကွယ်သွားရုံပဲ ရှိတော့တယ် "
" အရှင်... ခုနက စကားတွေက ဘာကိုဆိုလိုတာလဲ... ကျေးဇူးပြုပြီး ရှင်းပြပေးပါဦး "
ကုချန်သည် သစ်ပင်ငယ်လေးဘက်သို့ လက်အုပ်ချီကာ မေးမြန်းလိုက်၏။
သစ်ပင်ထဲရှိ နတ်ဝိညာဉ်မှ သူ့ကိုယ်သူ 'အဘိုးကြီး' ဟု သုံးနှုန်းခဲ့သော်လည်း ကုချန်အတွက် မည်သို့မျှ မှားယွင်းနေသည်ဟု မခံစားရပေ။ ဤရှေးဟောင်းစကြာဝဠာကြီးသည် မည်မျှကြာအောင် တည်ရှိခဲ့မှန်း မသိနိုင်သည်မှာ ထင်ရှားနေသည် မဟုတ်ပါလော။
ဤအဘိုးအို၏ သက်တမ်းသည် အဆုံးမဲ့ကမ္ဘာကို ဖန်တီးခဲ့သည့် အချိန်ထက်ပင် ပို၍ရှေးကျနေနိုင်သည်။ ယခုလို အဘယ်ကြောင့် ဖြစ်လာရပြီး နတ်ဝိညာဉ်ကိုပင် သစ်ပင်ငယ်လေးထဲ၌ အဘယ်ကြောင့် ချုပ်နှောင်ခံထားရသည်ကိုသာ မသိရခြင်း ဖြစ်သည်။
ကုချန်သည် အဘိုးအို၏ဇာစ်မြစ်ကို မသိသော်လည်း ထိုနတ်ဝိညာဉ်နှင့် သစ်ပင်ငယ်လေးမှာ အစကတည်းက ပြီးပြည့်စုံစွာ ပေါင်းစပ်နေခြင်း မဟုတ်ဘဲ နောက်မှ ဝင်ပူး ပေါင်းစပ်ထားခြင်းဖြစ်သည်ကိုမူ သိရှိနေ၏။
" တစ်ခါတလေတော့လည်း ဘာမှမသိတာက ကောင်းချီးတစ်ခုပါပဲ... မင်း တကယ်ပဲ အမှန်တရားကို သိချင်တာ သေချာလား "
အဘိုးအို၏အသံမှာ အလွန်တရာ ထူးကဲသော အမှန်တရားတစ်ခုကို ထုတ်ဖော်တော့မည့်အလား ပို၍ လေးနက်သွားလေသည်။
" သေချာတာပေါ့ "
ကုချန်သည် တုံ့ဆိုင်းနေခြင်းမရှိဘဲ ခေါင်းညိတ်လိုက်၏။ အမှန်တရားကို မသိရဘဲ မိုက်မဲစွာ ရှင်သန်နေရမည်ဆိုလျှင် ထိုဘဝက ဘာအဓိပ္ပာယ် ရှိမည်နည်း။
" အမှန်တရားက..... "
အဘိုးအိုသည် ဖြည်းညင်းစွာ စကားစလိုက်သော်လည်း ရုတ်တရက် လေသံပြောင်းသွားကာ ပြောဆိုလိုက်လေသည်။
" ဒီအဘိုးကြီးလည်း သိပ်မမှတ်မိတော့ဘူး "
" ..... "
ထိုအဘိုးအိုမှ သူ့အား 'နောက်ပြောင်' လိမ့်မည်ဟု မမျှော်လင့်ထားခဲ့သဖြင့် ကုချန်မှာ တိတ်ဆိတ်သွားရသည်။ သူ၏အကြည့်များမှာလည်း အနည်းငယ် စူးရှသွားကာ လေသံပြတ်ပြတ်ဖြင့် ပြောဆိုလိုက်၏။
" အရှင်က ဘဝကို စိတ်မဝင်စားတော့ဘူးဆိုရင်လည်း... ကျွန်တော်က အရှင့်ကို စောစောစီးစီး လမ်းဖြောင့်အောင် ပို့ပေးလို့ရပါတယ် "
" အဟွတ်! အဟွတ်...! နောက်တာပါကွာ... နောက်တာပါ... တကယ်ပါပဲ... အခုခေတ် လူငယ်တွေက ဘာလို့ ဟာသဉာဏ်လေးတောင် မရှိကြတာလဲ "
ကုချန်သည် သူ့အား နောက်ပြောင်နေခြင်း မဟုတ်ကြောင်း သိသွားသဖြင့် အဘိုးအိုမှ ရယ်မောကာ အလျင်အမြန် ရှင်းပြလေသည်။
" ဒီအဘိုးကြီး တကယ် မမှတ်မိတော့တဲ့ အရာတွေ အများကြီးရှိတယ်... ငါ သိသေးသလောက်ပဲ မင်းကို ပြောပြနိုင်မယ်... မေးစရာရှိရင် အေးအေးဆေးဆေး မေးပါ... ဒီအဘိုးကြီး သိသမျှတော့ မင်းကို သေချာပေါက် ပြောပြပါ့မယ် "
အဘိုးအို၏စကားကို ကြားသောအခါ ကုချန်၏ မျက်နှာအမူအရာ အနည်းငယ် ပြေလျော့သွားကာ သူ၏ ပထမဆုံး မေးခွန်းကို မေးမြန်းလိုက်၏။
" အရှင်... ခုနကပြောတဲ့ ပျက်သုဉ်းခြင်းချီ ဆိုတာက ဘာလဲ... ပြီးတော့ 'ကပ်စက်ဝန်း' ဆိုတာကကော ဘာအဓိပ္ပာယ်လဲ "
" သက်ရှိတွေမှာ အို၊ နာ၊ သေ ဆိုတာ ရှိကြတယ်... အသက်ကြီးလာတဲ့အခါ ယိုယွင်းခြင်းချီတွေ ပြည့်နှက်လာတတ်တယ်... ကောင်းကင်ဘုံကလည်း အတူတူပဲလေ.... ဆည်းဆာချိန်ကို ရောက်လာတဲ့အခါ ပျက်သုဉ်းခြင်းချီတွေ ပျံ့နှံ့လာပြီး သက်ရှိအားလုံးဆီမှာ ကပ်ငြိနေလိမ့်မယ်... သေလွန်သူတွေအတွက် အချိန်မရွေး မြည်ဟည်းနိုင်တဲ့ သေမင်းတမန် ခေါင်းလောင်းသံကြီးလိုပဲပေါ့ "
အဘိုးအိုမှ ခံစားချက်အပြည့်ဖြင့် ပြောဆိုလေသည်။
ကောင်းကင်ဘုံရဲ့ ဆည်းဆာချိန်လား။
ကုချန် အံ့အားသင့်သွားရ၏။ ဤကဲ့သို့သော စကားမျိုးကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။
ကောင်းကင်နှင့် မြေကြီး၏ သက်တမ်းမှာ အဆုံးမဲ့လုနီးနီးပင်။ သေးငယ်သော အဆုံးမဲ့ကမ္ဘာလေးပင်လျှင် မည်မျှကြာအောင် တည်ရှိခဲ့မှန်း မသိနိုင်ပါက အင်မော်တယ်နယ်မြေ၊ နတ်ဆိုးနယ်မြေနှင့် ပိုမိုကျယ်ပြောလှသော ကောင်းကင်ဘုံများဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ပေ။
ဤမျှ ကျယ်ပြောလှသော ကောင်းကင်ဘုံများ၌ပင် သက်တမ်းကုန်ဆုံးချိန် ရှိနေသလော။
ကုချန်၏မျက်ဝန်းများမှာ တုန်လှုပ်သွား၏။ သူ တစ်စုံတစ်ခုကို နောက်ဆုံးတွင် နားလည်သွားကာ အတည်ပြုသည့်အနေဖြင့် မေးမြန်းလိုက်လေသည်။
" အရှင့်စကားအရဆိုရင် ကွေ့ရွှီးနယ်မြေထဲက မရေမတွက်နိုင်တဲ့ ပျက်စီးနေတဲ့ စကြာဝဠာတွေက... 'သေဆုံး' သွားတဲ့ ကောင်းကင်ဘုံတွေရဲ့ အကြွင်းအကျန်တွေပေါ့ "
" မင်းက တကယ် သင်ပေးရလွယ်တဲ့သူပဲ "
အဘိုးအို၏အသံတွင် ကျေနပ်မှု အနည်းငယ် စွက်နေလေသည်။
" တိတိကျကျပြောရရင် အဲဒါတွေက အရင်ကပ်စက်ဝန်းမှာ သေဆုံးသွားခဲ့တဲ့ ကောင်းကင်ဘုံတွေရဲ့ အကြွင်းအကျန်တွေပဲ... ပိုပြီး ရှေးကျတဲ့ ကပ်စက်ဝန်းတွေတုန်းက ကောင်းကင်ဘုံတွေ လှည့်ပတ်နေချိန်မှာတင် သူတို့ဟာ မြေမှုန့်အဖြစ် ပြိုကွဲပျက်စီးသွားခဲ့တာ ကြာပြီလေ.....
မင်းက... 'ကပ်စက်ဝန်း' ဆိုတာ ဘာလဲ သိချင်တယ် မဟုတ်လား.....
ဟားဟားဟား... ဒီအဘိုးကြီး အခုပဲ ပြောပြမယ်... ကျယ်ပြောလှတဲ့ ကောင်းကင်ဘုံကြီး မွေးဖွားလာချိန်ကနေ ပျက်စီးသွားတဲ့အချိန်အထိ... ဒီအဆုံးမရှိတဲ့ အချိန်ကာလရှည်ကြီးကို ကပ်စက်ဝန်းလို့ ခေါ်တာပဲ.....
ကပ်စက်ဝန်းရဲ့ အစမှာ... အရာရာတိုင်းက အသစ်ပြန်ဖြစ်တယ်.....
ကပ်စက်ဝန်းရဲ့ အဆုံးသတ်မှာတော့ ကောင်းကင်ဘုံတွေ ပြိုကျပျက်စီးရတော့တာပဲ "