အခန်း ၅၂၁
Vol. 38 Ch. 521
အခန်း ( ၅၂၁ ) - သေစေနိုင်သော အဆိပ်၊ တာအိုအရှင်သခင် ရှင်သန်နိုင်ရန် မဖြစ်နိုင်ခြင်း
သမုဒ္ဒရာတစ်မျှ ကျယ်ပြောလှသော အသက်စွမ်းအင် အနှစ်သာရမှာ သူ၏မျက်စိရှေ့တွင် ရှိနေသော်လည်း ကုချန် လုံးဝ စုပ်ယူ၍မရနိုင်ခဲ့ပေ။ ဤသည်မှာ မတူညီသော ကပ်စက်ဝန်းများကြားမှ ကွဲကွာခြားနားမှု၏ အမှန်တရားပင်လော။
သို့ဆိုလျှင် ယခင်ကပ်စက်ဝန်းမှ မည်သည့်သက်ရှိမျှ ဤကွေ့ရွှီးနယ်မြေ၌ ရှင်သန်နိုင်ခြင်း မရှိသည်မှာလည်း အံ့သြစရာ မဟုတ်တော့ပေ။
ဤအဘိုးအိုကဲ့သို့ အံ့ဖွယ်တမျှ ရှင်သန်ကျန်ရစ်ပြီး ကွေ့ရွှီးနယ်မြေထဲသို့ မျောပါလာသည့် ယခင်ကပ်စက်ဝန်းမှ သက်ရှိများ အမှန်တကယ် ရှိနေခဲ့လျှင်တောင် ဘာအကျိုးရှိမည်နည်း။
မတူညီသော ကပ်စက်ဝန်းများဖြစ်နေ၍ တစ်ဖက်လူမှာ မိမိကိုယ်ကို ပြန်လည်ဖြည့်တင်းရန် ဤကပ်စက်ဝန်းနှင့် သက်ဆိုင်သော ဝိညာဉ်ချီကို လုံးဝ စုပ်ယူနိုင်စွမ်း မရှိချေ။
သူ၏ စွမ်းအားနှင့် အနှစ်သာရများ အားလုံး ကုန်ခမ်းသွားသည်နှင့် ကျင့်ကြံခြင်းအဆင့် မည်မျှပင် မြင့်မားနေစေကာမူ သာမန်သက်ရှိတစ်ဦးကဲ့သို့ အိုမင်းရင့်ရော်ကာ နောင်တတရားများဖြင့် သေဆုံးသွားရုံသာ ရှိတော့သည်။
ထို့ပြင် ဤအရောင်ငါးမျိုး ဝိညာဉ်အရည်ထဲတွင် ပါဝင်နေသော အသက်စွမ်းအင် အနှစ်သာရမှာ ကုချန်အား အံ့သြမှင်သက်သွားစေခဲ့၏။
သူထုတ်ယူလိုက်သော အရောင်ငါးမျိုး ဝိညာဉ်အရည်မှာ တစ်စက်မျှသာ ဖြစ်သော်လည်း ၎င်းအတွင်း၌ ပါဝင်နေသော အသက်စွမ်းအင်မှာ စိတ်ကူး၍ပင် မရနိုင်လောက်အောင် ကြီးမားများပြားလှ၏။
ကုချန်၏ခန့်မှန်းချက်အရ ဤအရောင်ငါးမျိုး ဝိညာဉ်အရည် တစ်စက်တည်းတွင် ပါဝင်သော အသက်စွမ်းအင်သည် အင်မော်တယ်ဘုရင်တစ်ပါး၏ စွမ်းအင်နှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေသည်။
ထို့ပြင် ဤအရောင်ငါးမျိုး ဝိညာဉ်အရည်မှာ ရေအိုင်ငယ်လေးတစ်ခုစာမျှ ရှိနေသေးသည့်တိုင်အောင် ထိုပမာဏသည် အဘိုးအို သေဆုံးမသွားစေရန်နှင့် သူ၏ နောက်ဆုံးအသက်မီးတောက်လေးကို ဆက်လက်ထိန်းထားရန်မျှသာ လုံလောက်နေခဲ့၏။
ယခင်က ဤအရောင်ငါးမျိုး ဝိညာဉ်အရည်များ မခန်းခြောက်သေးချိန်တွင် ရေကန်ငယ်တစ်ခုစာမျှ အပြည့်အဝ ရှိခဲ့သည်ဆိုလျှင် တစ်စက်တည်းကပင် အင်မော်တယ်ဘုရင်တစ်ပါးနှင့် ယှဉ်ပြိုင်နိုင်သည်ဖြစ်ရာ ရေကန်ငယ်တစ်ခုစာမျှရှိသော အရောင်ငါးမျိုး ဝိညာဉ်အရည်ထဲတွင် ပါဝင်မည့် အသက်စွမ်းအင် အနှစ်သာရမှာ မည်မျှတိုင် ကြီးမားကျယ်ပြန့်မည်ကို ကုချန်ကိုယ်တိုင်ပင် စိတ်ကူးကြည့်ရန် ခက်ခဲနေတော့သည်။
ထို့ကြောင့် သူ၏ရှေ့ရှိ အဘိုးအိုသည် ယခုအခါ အလွန်တရာ သနားစရာကောင်းနေသော်လည်း တကယ်တမ်းတွင် စိတ်ကူး၍ပင် မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ဖြစ်ကြောင်း သူ သိလိုက်လေသည်။
ကွေ့ရွှနယ်မြေထဲသို့ ရုပ်အလောင်းများအဖြစ် မျောပါလာကြသော အင်မော်တယ်ဧကရာဇ်များပင်လျှင် ၎င်းတို့ အထွတ်အထိပ်အချိန်၌ ဤအဘိုးအို၏ ပြိုင်ဘက် ဖြစ်နိုင်ခဲ့မည် မဟုတ်ပေ။
အကြောင်းရင်းမှာ ရှင်းလင်းလှ၏။ ထိုအင်မော်တယ်ဧကရာဇ်များအားလုံးသည် သေဆုံးသွားကြ၍ အေးစက်နေသော ရုပ်အလောင်းများသာ ကျန်ရစ်ခဲ့သော်လည်း ဤအဘိုးအိုမှာ မည်သည့်နည်းလမ်းကို အသုံးပြုခဲ့သည်ဖြစ်စေ ခေါင်းမာစွာဖြင့် အသက်ရှင်နေဆဲပင်။ ဤသည်မှာ သူတို့ကြားရှိ အကြီးမားဆုံးသော ကွာဟချက်ပင်တည်း!
" အဟွတ်! အဟွတ်...! ဘယ်လိုလဲ... အဆုံးမဲ့တာအိုတွေရဲ့ မတူညီတဲ့ စွမ်းအားကို မင်း ခံစားလိုက်ရပြီလား... ကျင့်ကြံသူတစ်ယောက်နဲ့ အဆုံးမဲ့တာအိုရဲ့ ဆက်နွယ်မှုက ရေကင်းပြီး မရှင်သန်နိုင်တဲ့ ငါးတစ်ကောင်လိုပဲ... ဒါပေမဲ့ ဒီကောင်းကင်ဘုံက အဆုံးမဲ့တာအိုကတော့ ဒီအဘိုးကြီးအတွက် ရေမဟုတ်ဘဲ သေစေနိုင်တဲ့ အဆိပ်ပြင်းတစ်ခု ဖြစ်နေတယ်... အဟွတ်! အဟွတ်! အဟွတ်! "
အဘိုးအိုသည် အားနည်းစွာ ပြောဆိုလိုက်ရာ သူ၏အသံရှိ မျှော်လင့်ချက် ကင်းမဲ့မှုမှာ ပို၍ပင် ထင်ရှားလာလေသည်။
ယခင်က သူ၏ကျင့်ကြံခြင်း မည်မျှပင် မြင့်မားခိုင်မာခဲ့ပါစေ ကပ်စက်ဝန်း နှစ်ခု၏ အဆုံးမဲ့တာအိုများမှာ ကွဲပြားခြားနားနေသောကြောင့် အားလုံးမှာ အချည်းနှီးသာ ဖြစ်သွားရသည်။ သူ တစ်ချိန်က ကျွမ်းကျင်ပိုင်နိုင်ခဲ့သော အံ့ဖွယ်နည်းလမ်းများနှင့် နတ်ဘုရားစွမ်းရည်များသာမက သူ၏ အဆင့်မှာပင်လျှင် ချိပ်ပိတ် သော့ခတ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ဤကပ်စက်ဝန်း၏ ကောင်းကင်ဘုံများတွင် အသုံးပြုရန် မဖြစ်နိုင်တော့ရာ ကူကယ်ရာမဲ့စွာ သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။
" အရှင့် စကားအရဆိုရင် ကပ်စက်ဝန်းတစ်ခုကနေ နောက်တစ်ခုကို ကူးပြောင်းချိန်မှာ ဘယ်သူမှ မရှင်သန်နိုင်တော့ဘူးပေါ့... ဒါဆိုရင် စီနီယာက ကောင်းကင်ဘုံတွေနဲ့ ပတ်သက်တဲ့ အချက်အလက် ဒီလောက်အများကြီးကို ဘယ်လိုလုပ် သိနေရတာလဲ "
ကုချန်သည် အေးဆေးတည်ငြိမ်စွာ မေးမြန်းလိုက်၏။
ဤအဘိုးအို ပြောသည့်စကားသာ မှန်ကန်ပါက ကောင်းကင်ဘုံများ၏ အဆုံးသတ်တွင် အရာအားလုံး ပျက်သုဉ်းကာ သက်ရှိအားလုံး ပျောက်ကွယ်သွားမည်ဖြစ်၍ အရာခပ်သိမ်းမှာ ပြာအဖြစ် ပြောင်းလဲသွားမည်ပင်။
ထိုသို့သာဆိုလျှင် ကပ်စက်ဝန်းများ၏ အယူအဆကို ဤအဘိုးအိုမှာ မည်သို့ သိရှိနေသနည်း။ ထို့ပြင် ကောင်းကင်ဘုံများသည် အဆုံးမရှိ လည်ပတ်နေ၍ ရပ်တန့်ခြင်းမရှိကြောင်းကို သူ မည်သို့ သိရှိနိုင်မည်နည်း။
ဤကောင်းကင်ဘုံများ လည်ပတ်မှု ကပ်ဘေးမှ ရှောင်လွှဲကာ ဤအချက်အလက်များကို လက်ဆင့်ကမ်း ပေးဝေနိုင်မည့် နည်းလမ်းတစ်ခုခု မဟုတ်လျှင် သက်ရှိအချို့တော့ ရှိနေရပေမည်။
သို့မဟုတ်ပါက ကပ်စက်ဝန်းနှင့် ကောင်းကင်ဘုံများ လည်ပတ်ခြင်းကဲ့သို့သော အယူအဆများသည် လုံးဝ လက်ဆင့်ကမ်းနိုင်မည် မဟုတ်ချေ။ အကြောင်းရင်းမှာလည်း အလွန်ရိုးရှင်းလှ၏။ ယခင်ကပ်စက်ဝန်းမှ အရာအားလုံး ပျက်စီးမြုပ်နှံသွားပြီ ဖြစ်သောကြောင့် နောက်ကပ်စက်ဝန်းမှ သက်ရှိများသည် ဤကောင်းကင်လည်ပတ်မှုနှင့် ပတ်သက်သည့် မည်သည့်အချက်အလက်ကိုမျှ လုံးဝ သိရှိနိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ သိရှိချိန်တွင် သူတို့၏သေဆုံးချိန်မှာလည်း နီးကပ်နေပြီ ဖြစ်သောကြောင့်ပင်။
" အဟွတ်! အဟွတ်...! မကြာခင် သေရတော့မှာ ဆိုပေမဲ့ ဒီအဘိုးကြီးတောင် အသက်ရှင်ကျန်ရစ်ခဲ့သေးတယ် မဟုတ်လား "
အဘိုးအိုမှ သူ့ကိုယ်သူ လှောင်ပြောင်သည့်အပြုံးဖြင့် ပြုံးလျက် ပြောဆိုလိုက်၏။
" ဒါပေမဲ့ မင်းပြောတာ အမှန်ပါပဲ... ဒီကောင်းကင်လည်ပတ်မှု ကပ်ဘေးကနေ ရှောင်လွှဲပြီး အောင်မြင်စွာ ရှင်သန်နိုင်တဲ့သူတွေ အမှန်တကယ် ရှိနေမယ်လို့ ဒီအဘိုးကြီး ခန့်မှန်းမိတယ်.....
ဒါက ဒီအဘိုးကြီးရဲ့ ခန့်မှန်းချက်သက်သက်ပါပဲ... မဟာတာအို သုံးထောင်ထဲက တစ်ခုခုကို လုံးဝ ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျင်ပြီး အဲဒီတာအိုရဲ့ တာအိုအရှင်သခင် ဖြစ်လာရမယ်... ဒီလိုဆိုရင်တော့ ကောင်းကင်ဘုံတွေ ဘယ်လိုပဲ လည်ပတ်ပြောင်းလဲနေပါစေ... အဆုံးမဲ့တာအိုတွေ ဘယ်လိုပဲ ပြောင်းလဲသွားပါစေ... တာအိုတစ်ခုရဲ့ အပြည့်အဝ ပြောင်းလဲမှုတွေကို ကျွမ်းကျင်ထားတဲ့အတွက် ကိုယ့်ရဲ့ အဆင့်အတန်းနဲ့ တာအိုအသီးအပွင့်ဟာ ပြောင်းလဲသွားမှာ မဟုတ်ဘူး......
ပြီးတော့ ကိုယ်တိုင်က တာအိုတစ်ခုရဲ့ မူလအစ... တာအိုတစ်ခုရဲ့ အခြေခံအုတ်မြစ် ဖြစ်နေတဲ့အတွက် အဆုံးမဲ့တာအိုတွေ ပြောင်းလဲသွားတဲ့အတွက်ကြောင့် ကိုယ့်အပေါ် သက်ရောက်လာမယ့် ရိုက်ခတ်မှုတွေကို သေချာပေါက် ကြောက်ရွံ့နေစရာ မလိုတော့ဘူးပေါ့.....
ဒီကောင်းကင်ဘုံရဲ့ တာအိုက ဘယ်လိုပဲ ပြောင်းလဲသွားပါစေ... ဒီအချက်ကတော့ ပြောင်းလဲသွားဖို့ အကြောင်းမရှိဘူး "
မဟာတာအိုသုံးထောင်ထဲမှ တစ်ခုကို လုံးဝ ပိုင်နိုင်စွာ ကျွမ်းကျင်ခြင်းက ကောင်းကင်လည်ပတ်မှု ကပ်ဘေးမှ ရှောင်လွှဲနိုင်စေပြီး နောက်ကပ်စက်ဝန်းသို့တိုင်အောင် အောင်မြင်စွာ ရှင်သန်နိုင်စေသည်လော။
အဘိုးအို၏ ရှင်းပြချက်ကို နားထောင်ရင်း ကုချန်မှာ အနည်းငယ် မှင်တက်သွားရ၏။ ဤသည်မှာ မကြာသေးမီကမှ ရှာနာနတ်ဆိုးဧကရာဇ်ထံမှ သူ ကြားခဲ့ရသော တာအိုအရှင်သခင်အဆင့်၊အင်မော်တယ်ဧကရာဇ်နှင့် နတ်ဆိုးဧကရာဇ်အဆင့် ဆိုသည်များနှင့် အတူတူပင် မဟုတ်ပါလော။
အမှန်ပင်။ ကောင်းကင်ဘုံများ၏ ကျယ်ပြောလှသော အဆုံးမဲ့တာအိုများသည် မဟာတာအိုသုံးထောင်မှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်မှ ဤမဟာတာအိုသုံးထောင်ထဲမှ တစ်ခုကို အပြည့်အဝ ပိုင်နိုင်စွာ ကျွမ်းကျင်နိုင်ပါက ကောင်းကင်ဘုံများ ပြောင်းလဲသွားချိန်၌ အဆုံးမဲ့တာအိုများ ထပ်မံပြောင်းလဲသွားမည်ကိုပင် ကြောက်ရွံ့နေရန် မလိုတော့ပေ။ အဘယ်ကြောင့်ဆိုသော် ပြောင်းလဲမှုအားလုံးသည် ၎င်းတို့၏ မူလအစမှ သွေဖည်သွားခြင်းမရှိသလိာ ထို 'မူလအစ' ဆိုသည်မှာလည်း မဟာတာအိုသုံးထောင်ပင် ဖြစ်သောကြောင့်တည်း။
ပြည့်စုံသော တာအိုတစ်ခုကို ပိုင်နိုင်သည့် တာအိုအရှင်သခင်တစ်ပါး ဆိုသည်မှာ ထိုတာအို၏ အဆုံးမရှိသော ပြောင်းလဲမှုများကို ကျွမ်းကျင်ပိုင်နိုင်ခြင်းပင်။ ထို့ကြောင့် ကောင်းကင်ဘုံများ မည်သို့ပင် ပြောင်းလဲစေကာမူ၊ အဆုံးမဲ့တာအိုများ မည်သို့ပင် လည်ပတ်စေကာမူ၊ တာအိုအရှင်သခင်အဆင့် တည်ရှိမှုတစ်ခုအတွက် ဤကောင်းကင်ဘုံများ၌ နေရာတစ်နေရာ ရှိနေမည်သာ ဖြစ်သည်။
သို့ရာတွင် အဘိုးအို၏ စကားများသည် ကုချန်အား အကြံဉာဏ် အနည်းငယ် ရရှိစေခဲ့၏။ တာအိုအရှင်သခင်အဆင့် တည်ရှိမှုတစ်ခုသည် တာအိုတစ်ခုကို ထိန်းချုပ်ထားခြင်းအား အားကိုး၍ နောက်ကပ်စက်ဝန်းထဲသို့ ပေါင်းစည်းဝင်ရောက်နိုင်ပြီး ထိုကောင်းကင်ကပ်ဘေးမှ ရှောင်လွှဲကာ အောင်မြင်စွာ ရှင်သန်နိုင်သည် ဆိုပါလျှင် ယခင်ကပ်စက်ဝန်း၏ အဆုံးမဲ့တာအိုများကို သူသာ ပိုင်နိုင်ကျွမ်းကျင်လိုက်ပါက ဤအရောင်ငါးမျိုး ဝိညာဉ်အရည်ထဲမှ စွမ်းအားများကို သူ စုပ်ယူနိုင်မည် မဟုတ်ပါလော။
တစ်နည်းအားဖြင့် ဤကပ်စက်ဝန်း၏ စွမ်းအားကို ယခင်ကပ်စက်ဝန်း၏ စွမ်းအားအဖြစ်သို့ သူ ပြောင်းလဲနိုင်၍ ဤအဘိုးအိုကို ကယ်တင်နိုင်မည် မဟုတ်ပါလော။
ဤသို့ တွေးမိသောအခါ ကုချန်၏မျက်ဝန်းများမှာ အရောင်လက်သွား၍ သူ၏လက်ဖဝါးထဲရှိ အရောင်ငါးမျိုး ဝိညာဉ်အရည် တစ်စက်ကို ကြည့်လိုက်ကာ ထိုအရည်စက်လေးထဲတွင် ပါဝင်နေသော အဆုံးမဲ့တာအို စွမ်းအားကို ထိုးဖောက်မြင်နိုင်ရန်နှင့် ခွဲခြမ်းစိတ်ဖြာ ထိန်းချုပ်နိုင်ရန် ဆန္ဒရှိနေဟန် ပေါ်လာလေ၏။
ကုချန်၏လုပ်ရပ်ကို မြင်သောအခါ အဘိုးအိုမှ တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် အရွက်များမှာ တရှဲရှဲ အသံမည်ကာ ရပ်တန့်မသွားဘဲ တုန်ခါနေလေသည်။
" အလကားပါပဲ... မင်း ဘာလုပ်ချင်တယ်ဆိုတာ ဒီအဘိုးကြီး သိပေမဲ့ အဲဒါက လုံးဝကို မဖြစ်နိုင်တာပါ....
ကပ်စက်ဝန်းတစ်ခုရဲ့ တာအိုဆိုတာ ကျယ်ပြန့်ပြီး အဆုံးအစ မရှိဘူးလေ... အဆုံးမဲ့တာအိုတွေ တစ်ခုချင်းစီကို နည်းနည်းစီလောက်ပဲဖြစ်ဖြစ် ကျွမ်းကျင်ပိုင်နိုင်ဖို့ဆိုတာ ဘယ်လောက်တောင် လွယ်ကူမှာမို့လို့လဲ.....
မဟုတ်ဘူး... လွယ်ကူတာ မလွယ်ကူတာက ပြဿနာ မဟုတ်တော့ဘူး... အဲဒါက လုံးဝကို အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်တဲ့ ကိစ္စပဲ! "
အဘိုးအိုသည် ပြတ်ပြတ်သားသားပင် ပြောဆိုလိုက်၏။ ကုချန်သည် ယခင်ကပ်စက်ဝန်း၏ အဆုံးမဲ့တာအိုများကို မည်သို့မျှ ကျွမ်းကျင်ပိုင်နိုင်နိုင်မည် မဟုတ်ကြောင်း သေချာပေါက် ယုံကြည်နေဟန် ရှိသည်။
အမှန်တကယ်တော့ သူသည် ဤကွေ့ရွှီးနယ်မြေထဲသို့ မျောပါလာပြီးနောက်ပိုင်းတွင် ဤကပ်စက်ဝန်း၏ ကောင်းကင်ဘုံများမှ တာအိုကို ကျွမ်းကျင်ပိုင်နိုင်ရန်နှင့် ယင်းမှတစ်ဆင့် ဤကပ်စက်ဝန်းထဲသို့ ပေါင်းစည်းဝင်ရောက်နိုင်ရန် ကြိုးစားခဲ့ဖူးသည် မဟုတ်ပါလော။
သို့သော် ရလဒ်မှာမူ ရှင်းလင်းလှ၏။ သူ ကျရှုံးခဲ့သည်။ အခွင့်အရေး၊ မျှော်လင့်ချက် တစ်စက်ကလေးမျှပင် မရှိဘဲ အလွန်တရာ ဆိုးရွားစွာ ကျရှုံးခဲ့ရသည်။
အကြောင်းမှာ ကပ်စက်ဝန်းတစ်ခုအတွင်းရှိ အဆုံးမဲ့တာအိုများ၏ အကြောအကွက်များကို အစမှပြန်လည် စတင်နားလည်သဘောပေါက်ရန် လုပ်ဆောင်ရမည့် ပမာဏမှာ ကြီးမားလွန်းလှသောကြောင့်ပင်။
နှစ်သန်းပေါင်းများစွာ၊ နှစ်ကုဋေပေါင်းများစွာ ဆိုလျှင်ပင် လုံလောက်မည် မဟုတ်ရာ ထိုမျှ ရှည်ကြာ များပြားလှသော အချိန်ကာလမျိုး သူ့တွင် လုံးဝ မရှိတော့သည်မှာ အသေအချာပင် ဖြစ်လေတော့သည်။