← Chapters

အခန်း ၅၂၂

Vol. 38 Ch. 522

အခန်း ၅၂၂

Vol. 38 Ch. 522

အခန်း ( ၅၂၂ ) - ထာဝရအထွတ်အထိပ်၊ အဆုံးမဲ့တာအိုအားလုံးကို ခွဲခြမ်းစိတ်ဖြာခြင်း၊ မင်းက တာအိုအရှင်သခင်လား

‎

‎

‎

‎သူကိုယ်တိုင်ပင် မစွမ်းဆောင်နိုင်ခဲ့သည်ကို သူ၏ရှေ့မှ ဤလူငယ်လေးက စွမ်းဆောင်နိုင်မည်တဲ့လော။

‎

‎

‎အဘိုးအိုမှာ လုံးဝ မယုံကြည်နိုင်ခဲ့ချေ။

‎

‎

‎သူ၏ မှတ်ဉာဏ်အများစုမှာ ပျောက်ဆုံးနေပြီ ဖြစ်သော်လည်း ထိုကပ်စက်ဝန်းအတွင်း၌ သူသည် အလွန်တရာ ထင်ရှားကျော်ကြားသော တည်ရှိမှုတစ်ခု ဖြစ်ခဲ့ပြီး ကောင်းကင်ဘုံများတစ်ခွင်လုံး၌ သူ့အား ပခုံးချင်းယှဉ်နိုင်သူမှာ လက်ချိုးရေတွက်၍ ရလောက်အောင် နည်းပါးလှကြောင်းကို သူ ဝေဝါးစွာ မှတ်မိနေသေး၏။

‎

‎

‎ယခုမူ သူ၏ရှေ့မှ ဤလူငယ်လေးမှာ အလွန်တရာ အားနည်းလှသည်ဖြစ်ရာ ယခင်ကပ်စက်ဝန်း၏ အဆုံးမဲ့တာအို ခြေရာများကို မည်သို့လုပ်၍ ထိန်းချုပ်နိုင်မည်နည်း။ ဤသည်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စပင်။

‎

‎

‎" စမ်းကြည့်မှပဲ သိရမှာပေါ့ "

‎

‎

‎အဘိုးအို၏ မယုံကြည်မှုအပေါ် ကုချန်သည် မည်သို့မျှ တုံ့ပြန်ခြင်းမရှိဘဲ အရောင်ငါးမျိုး ဝိညာဉ်အရည်ထဲတွင် ပါဝင်နေသော အဆုံးမဲ့တာအို စွမ်းအားကိုသာ ဂရုတစိုက် ဆက်လက် လေ့လာနေလေသည်။

‎

‎

‎သူ့အတွက်မူ ဤသည်မှာ လုံးဝ အသစ်စက်စက် အတွေ့အကြုံတစ်ခု ဖြစ်နေပြီး သူ့အား စိတ်လှုပ်ရှားလာစေရန်ပင် ဖန်တီးပေးနေ၏။

‎

‎

‎အကြောင်းမှာ ဤအရောင်ငါးမျိုး ဝိညာဉ်အရည်ထဲ၌ ပါဝင်နေသော အဆုံးမဲ့တာအို ခြေရာများကို ခွဲခြမ်းစိတ်ဖြာနေသည့် လုပ်ငန်းစဉ်အတွင်း သူ၏ ' ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း ' အပေါ် နားလည်သဘောပေါက်မှုသည် ပိုမို နက်ရှိုင်းလာကြောင်း ကုချန် သတိပြုမိလိုက်သောကြောင့်ပင်။

‎

‎

‎' ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း ' သည် အစကတည်းက ကောင်းကင်ဘုံများ၏ တာအိုကို အပြည့်အဝ ခွဲခြမ်းစိတ်ဖြာ ဖော်ထုတ်ထားခြင်းဖြစ်ပြီး စကြာဝဠာ၏ အဆုံးမဲ့တာအို အားလုံးအား အကျုံးဝင် ပါဝင်စေလေသည်။

‎

‎

‎တစ်နည်းအားဖြင့် ဆိုရလျှင် တစ်စုံတစ်ယောက်မှ ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်းကို ရာခိုင်နှုန်းပြည့် နားလည်သဘောပေါက်သွားပါက ၎င်းမှာ မဟာတာအိုသုံးထောင်ကို အပြည့်အဝ ကျွမ်းကျင်ပိုင်နိုင်သွားခြင်းပင် ဖြစ်သည်။

‎

‎

‎တာအိုအရှင်သခင် အဆင့်ကဲ့သို့ မဟာတာအို တစ်ခုတည်းကိုသာ ထိန်းချုပ်နိုင်ခြင်းမျိုး မဟုတ်ဘဲ မဟာတာအိုသုံးထောင်လုံးကို ထိန်းချုပ်နိုင်သွားခြင်းပင် ဖြစ်လေသည်။

‎

‎

‎ထို့ကြောင့် ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်းကို ကျွမ်းကျင်ပိုင်နိုင်သွားပါက ကျယ်ပြောလှသော ကောင်းကင်ဘုံများ မည်သို့ပင် လည်ပတ်ပြောင်းလဲနေစေကာမူ သူသည် ထာဝရ မသေနိုင်တော့ဘဲ မရေမတွက်နိုင်သော ကပ်စက်ဝန်းများ တစ်လျှောက်လုံး အမြင့်ဆုံးနေရာကို ရယူထားနိုင်မည် ဖြစ်သည်။

‎

‎

‎အကြောင်းမှာ ကောင်းကင်ဘုံများ ပြောင်းလဲသကဲ့သို့ အဆုံးမဲ့တာအိုများမှာလည်း ပြောင်းလဲတတ်၏။ သို့ရာတွင် မဟာတာအိုများမှာမူကား ထာဝရတည်မြဲပြီး မည်သည့်အခါမျှ ပြောင်းလဲသွားခြင်း မရှိပေ။

‎

‎

‎ဤမဟာတာအိုသုံးထောင်ကို ကျွမ်းကျင်ပိုင်နိုင်ထားပြီးပြီ ဆိုပါက အဆုံးမဲ့တာအိုများ မည်သို့ပင် ပြောင်းလဲသွားစေကာမူ မည်သို့ အရေးပါတော့မည်နည်း။

‎

‎

‎ကုချန်၏ လက်ရှိ ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်းအပေါ် နားလည်မှုမှာ မနက်ရှိုင်းလှသေးဘဲ ကြီးမားသော အောင်မြင်မှုနှင့် လွန်စွာ ဝေးကွာနေသေးသော်လည်း အတိုင်းအတာ တစ်ခုအထိတော့ အောင်မြင်မှု ရရှိနေပြီ ဖြစ်သည်။

‎

‎

‎ထို့ကြောင့် သူသည် ယခင်ကပ်စက်ဝန်း၏ အဆုံးမဲ့တာအို အကြောအကွက် ခြေရာများကို ခွဲခြမ်းစိတ်ဖြာ နားလည်ရန် အမှန်တကယ် စတင် ကြိုးစားလိုက်သောအခါ ထိုအရာက အလွန်တရာ ရိုးရှင်းလွယ်ကူနေကြောင်းကို တွေ့ရှိလိုက်ရ၏။

‎

‎

‎အသက်ရှူချိန် အကြိမ်အနည်းငယ်အတွင်းမှာပင် သူသည် ထိုအရာများထဲမှ ဆယ်ပုံတစ်ပုံခန့်ကို ဖော်ထုတ်ကျွမ်းကျင်နေပြီ ဖြစ်လေသည်။

‎

‎

‎ထိုအရာအားလုံးကိုသာ သူ အပြည့်အဝ ကျွမ်းကျင်ပိုင်နိုင်သွားပါက သူ့အား ယခင်ကပ်စက်ဝန်းထဲသို့ ပို့ဆောင်လိုက်လျှင်တောင် ရေနှင့်ငါးကဲ့သို့ သက်သောင့်သက်သာ ရှင်သန်နေနိုင်မည်သာ ဖြစ်သည်။

‎

‎

‎" စိတ်ဝင်စားစရာပဲ..... "

‎

‎

‎ကုချန်သည် တီးတိုး ရေရွတ်လိုက်ကာ ယခင်ကပ်စက်ဝန်း၏ အဆုံးမဲ့တာအိုများကို ခွဲခြမ်းစိတ်ဖြာနေသည့် လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်လိုက်၏။

‎

‎

‎မကြာမီမှာပင် သူ၏လက်ဖဝါးထဲရှိ အရောင်ငါးမျိုး ဝိညာဉ်အရည် တစ်စက်မှာ လုံးဝ အငွေ့ပျံသွားလေတော့သည်။

‎

‎

‎ထို့ကြောင့် ကုချန်၏အကြည့်တို့သည် ရေအိုင်ငယ်လေးထဲတွင် ကျန်ရစ်နေသေးသော အရောင်ငါးမျိုး ဝိညာဉ်အရည်များဆီသို့ ရောက်ရှိသွား၏။

‎

‎

‎" အဟွတ်! အဟွတ်...! ယူချင်လည်း ယူလိုက်ပါတော့ကွာ... ဘယ်လိုပဲဖြစ်ဖြစ် ဒီအဘိုးကြီးက အခြေအနေမလှတော့ပါဘူး... စောစောသေတာနဲ့ နောက်ကျသေတာလောက်ပဲ ကွာတော့တာပါ "

‎

‎

‎ကုချန်၏ အကြည့်နှင့် ဆုံလိုက်ရသောအခါ အဘိုးအိုသည် ကုချန် ဘာကို တွေးနေသည်ကို သဘာဝကျကျပင် သိလိုက်သဖြင့် ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်၏။

‎

‎

‎လက်ရှိတွင် သူသည် သေခါနီးအသက်ကို ဖက်တွယ်ထားရုံမျှသာ ဖြစ်ပြီး ဤအရောင်ငါးမျိုး ဝိညာဉ်အရည်များသည်လည်း သူ၏ နောက်ဆုံးရုန်းကန်မှုကို အချိန်အနည်းငယ်မျှ ပိုဆွဲဆန့်ပေးနိုင်ရုံမှတစ်ပါး ကြီးကြီးမားမား အဓိပ္ပာယ်မရှိတော့ချေ။

‎

‎

‎အကြောင်းမှာ ထိုအချိန်အထိ သူ ဆက်လက် အသက်ရှင်နေနိုင်ခဲ့လျှင်တောင် နောက်ဆုံးတွင် သေရမည်သာဖြစ်ရာ သူ့အတွက် ရှင်သန်ရန် မျှော်လင့်ချက် တစ်စက်ကလေးမျှပင် ပေးစွမ်းနိုင်မည် မဟုတ်သောကြောင့်ပင်။

‎

‎

‎ထို့ပြင် သူသည် ယခင်ကဲ့သို့ အထွတ်အထိပ် တည်ရှိမှုကြီး တစ်ခု မဟုတ်တော့ပေ။ ဤကပ်စက်ဝန်း၌ သူသည် ဆည်းဆာချိန်သို့ ရောက်ရှိနေပြီဖြစ်ကာ သာမန် ကျင့်ကြံသူတစ်ယောက်ထက်ပင် အောက်ရောက်နေပြီ ဖြစ်သည်။

‎

‎

‎ဤအခြေအနေမျိုးတွင် ကုချန်အား တားဆီးနေခြင်းက ဘာအဓိပ္ပာယ် ရှိမည်နည်း။ မိမိကိုယ်ကို အရှက်ခွဲခံနေမည့်အစား ပွင့်ပွင့်လင်းလင်း ရှိလိုက်သည်ကသာ ပိုကောင်းပေမည်။ စောစောသေရသည်ဖြစ်စေ နောက်ကျမှ သေရသည်ဖြစ်စေ မည်သို့ပင်ဆိုစေ သူ ဆက်လက် ရှင်သန်နိုင်မည် မဟုတ်ပေ။

‎

‎

‎အဘိုးအို၏ပွင့်လင်းမှုကို မြင်သောအခါ ကုချန်လည်း အားနာမနေတော့ချေ။

‎

‎

‎ဤတစ်ကြိမ်တွင်မူ သူသည် အရောင်ငါးမျိုး ဝိညာဉ်အရည် ဆယ်စက် တိတိကို ယူလိုက်လေသည်။

‎

‎

‎ဤအရောင်ငါးမျိုး ဝိညာဉ်အရည်များထဲတွင် ယခင်ကပ်စက်ဝန်း၏ အဆုံးမဲ့တာအို အကြောအကွက် ခြေရာများ ပါဝင်နေသော်လည်း ၎င်းတို့မှာ ပြည့်စုံခြင်း မရှိပေ။ ယခင်ကပ်စက်ဝန်း၏ အဆုံးမဲ့တာအို ခြေရာများကို အပြည့်အဝ ပုံဖော်နိုင်ရန်အတွက် အရောင်ငါးမျိုး ဝိညာဉ်အရည် အစက်များစွာထံမှ အဆုံးမဲ့တာအို အကြောအကွက် ခြေရာများကို စုပ်ယူကာ တစ်ခုနှင့်တစ်ခု တိုက်ဆိုင်စစ်ဆေး ပေါင်းစပ်ရန် လိုအပ်လေသည်။

‎

‎

‎အချိန်များသည် တရွေ့ရွေ့ ကုန်ဆုံးသွား၏။

‎

‎

‎ကုချန်၏ လက်ဖဝါးထဲမှ အရောင်ငါးမျိုး ဝိညာဉ်အရည်များသည်လည်း တစ်စက်ပြီးတစ်စက် အငွေ့ပျံ ပျောက်ကွယ်သွားကြသည်။

‎

‎

‎နောက်ဆုံးသော အရောင်ငါးမျိုး ဝိညာဉ်အရည်တစ်စက် ပျောက်ကွယ်သွားချိန်တွင် ကုချန်သည် ယခင်ကပ်စက်ဝန်း၏ အဆုံးမဲ့တာအို ခြေရာများကို ကျွမ်းကျင်ပိုင်နိုင်သွားခဲ့လေပြီ။

‎

‎

‎စိတ်ဆန္ဒအရ သူ၏လက်ဖဝါးထဲတွင် အဆုံးမဲ့တာအို အငွေ့အသက်များ ထွက်ပေါ်လာကာ လည်ပတ်သွား၍ ယခင်ကပ်စက်ဝန်း၏ အဆုံးမဲ့တာအို စွမ်းအားအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားလေသည်။

‎

‎

‎ထို့နောက် အသက်စွမ်းအင် အနှစ်သာရများအားလုံး လက်ထဲသို့ စီးဝင်သွား၍ အဆုံးမဲ့တာအို၏ ပြောင်းလဲမှုမှတစ်ဆင့် ယခင်ကပ်စက်ဝန်းမှ သက်ရှိများ စုပ်ယူနိုင်သော အသက်စွမ်းအင်များအဖြစ်သို့ ပြောင်းလဲသွားကာ နဂါးငယ်လေးများ အသွင်ဖြင့် သစ်ပင်ငယ်လေးထဲသို့ ဝင်ရောက်သွားကြသည်။

‎

‎

‎" ဆက်မစမ်းသပ်ပါနဲ့တော့ကွာ... ဒီအဘိုးကြီးကို အေးအေးဆေးဆေးလေး နေပြီး လမ်းဖြောင့်ဖြောင့် သွားခွင့်ပြုပါတော့ "

‎

‎

‎ကုချန် ဆက်လက် ' လျှောက်လုပ် ' နေသည်ကို မြင်သောအခါ အဘိုးအိုမှ စိတ်မရှည်စွာဖြင့် ပြောဆိုလိုက်၏။

‎

‎

‎ကုချန် အောင်မြင်လိမ့်မည်ဟု သူ လုံးဝ မယုံကြည်ပေ။ ကုချန်၏ အဆက်မပြတ် စမ်းသပ်နေမှုက သူ၏ တိတ်ဆိတ်ငြိမ်သက်မှုကို အနှောင့်အယှက်ပေးနေသည်ဟုသာ ခံစားရ၏။ မည်သို့ပင်ဆိုစေ သူ သေရမည်ဖြစ်ရာ အေးအေးချမ်းချမ်းလေး သေဆုံးခွင့်ပြုလိုက်၍ မရဘူးလော။

‎

‎

‎သို့သော် အဘိုးအိုမှ ကုချန်အား နေရာရှိ အရောင်ငါးမျိုး ဝိညာဉ်အရည်များ အားလုံးကို ယူဆောင်သွားစေ၍ သူ့အား အေးအေးဆေးဆေး သေဆုံးခွင့်ပြုရန် ပြောတော့မည့် ဆဲဆဲမှာပင် ထိုအသက်စွမ်းအင် နဂါးငယ်လေးများ အားလုံး သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာလေသည်။

‎

‎

‎သို့သော် ဤတစ်ကြိမ်တွင်မူ အံ့ဖွယ်ကိစ္စတစ်ခု ဖြစ်ပေါ်လာခဲ့၏။

‎

‎

‎ထိုအသက်စွမ်းအင် နဂါးငယ်လေးများသည် ယခင်ကကဲ့သို့ သစ်ပင်ငယ်လေးထဲသို့ ဝင်ရောက်သွားပြီးနောက် လုံးဝ ပေါင်းစပ်၍မရ ဖြစ်မနေတော့ပေ။ ဤတစ်ကြိမ်တွင် ထိုအသက်စွမ်းအင် နဂါးငယ်လေးများ အားလုံးသည် သစ်ပင်ငယ်လေး၏ အစိတ်အပိုင်း အားလုံးထဲသို့ ဝင်ရောက်သွားပြီး ယိုယွင်းပျက်စီးနေသော ခန္ဓာကိုယ်ကို အားဖြည့်ပေးနေတော့၏။

‎

‎

‎ကူးပြောင်းရောက်ရှိလာသော အသက်စွမ်းအင်မှာ အရောင်ငါးမျိုး ဝိညာဉ်အရည် တစ်စက်စာနှင့် မယှဉ်နိုင်သေးသော်လည်း ဤသည်က အဘိုးအိုကို ရှင်းပြ၍မရနိုင်လောက်အောင် အံ့အားသင့် မှင်တက်သွားစေခဲ့သည်။

‎

‎

‎အကြောင်းမှာ ဤသည်က ဘာကို ကိုယ်စားပြုနေသည်ကို သူ ရှင်းရှင်းလင်းလင်း သိရှိထားသောကြောင့်ပင်။

‎

‎

‎ဤသည်မှာ အရောင်ငါးမျိုး ဝိညာဉ်အရည်များထံမှ စွမ်းအားမဟုတ်ဘဲ ဤလူငယ်လေးကိုယ်တိုင် ဖန်တီးပေးအပ်လိုက်သော စွမ်းအား ဖြစ်၏။

‎

‎

‎ဆိုလိုသည်မှာ ဤလူငယ်လေးသည် ယခင်ကပ်စက်ဝန်း၏ အခြေခံ အဆုံးမဲ့တာအို အကြောအကွက်များကို အမှန်တကယ်ပင် ကျွမ်းကျင်ပိုင်နိုင်သွားခဲ့ပြီ။

‎

‎

‎သို့မဟုတ်ပါက သူ စုပ်ယူနိုင်သော အသက်စွမ်းအင်အဖြစ်သို့ ပြောင်းလဲပေးနိုင်ရန်မှာ လုံးဝကို မဖြစ်နိုင်သော ကိစ္စပင်။

‎

‎

‎သို့သော်... ဤသည်မှာ လုံးဝကို မဖြစ်နိုင်ချေ!!

‎

‎

‎သူကိုယ်တိုင်ပင် မစွမ်းဆောင်နိုင်ခဲ့သော ကိစ္စရပ်ကို ဤကောင်လေးက မည်သို့ စွမ်းဆောင်နိုင်ခဲ့သနည်း။

‎

‎

‎ထို့အပြင် ဤမျှ တိုတောင်းလှသည့် အချိန်လေးအတွင်းမှာတဲ့လော။

‎

‎

‎အဘိုးအို၏ရင်ထဲတွင် ကြိတ်၍ အော်ဟစ်ညည်းတွားလိုက်မိ၏။ သူ ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။

‎

‎

‎ကုချန်သည် ဤအရောင်ငါးမျိုး ဝိညာဉ်အရည်ထဲမှ စွမ်းအားများကို စတင် ခွဲခြမ်းစိတ်ဖြာရန် ကြိုးစားခဲ့ချိန်မှစ၍ ယခင်ကပ်စက်ဝန်း၏ အဆုံးမဲ့တာအို ခြေရာများကို အပြည့်အဝ ကျွမ်းကျင်ပိုင်နိုင်သွားသည့် အချိန်အထိ ဤဖြစ်စဉ်တစ်ခုလုံး ကြာမြင့်ချိန်မှာ လက်ဖက်ရည်တစ်ခွက်စာ အချိန်မျှပင် မရှိခဲ့ချေ!

‎

‎

‎လက်ဖက်ရည်တစ်ခွက်စာ အချိန်လေးအတွင်းမှာပင် ကပ်စက်ဝန်းတစ်ခု၏ အဆုံးမဲ့တာအို အသုံးချနည်းများကို ကျွမ်းကျင်သွားခဲ့သည်။

‎

‎

‎ဒါက... ဒါက.....

‎

‎

‎အကယ်၍ အဘိုးအိုတွင် ရုပ်ခန္ဓာ ရှိနေသေးမည် ဆိုပါက သူ၏မျက်လုံးများ ပြူးကျယ်ထွက်နေမည်မှာ သေချာလှပေသည်။

‎

‎

‎" မင်းက ဒီအဘိုးကြီးကို လာနောက်နေတဲ့ တာအိုအရှင်သခင် တစ်ပါးပါးများ ဖြစ်နေမလား "

‎

‎

‎အဘိုးအိုသည် တိုးညင်းသော လေသံဖြင့် မေးမြန်းလိုက်၏။

‎

‎

‎လက်ဖက်ရည်တစ်ခွက်စာ အချိန်လေးအတွင်း ကပ်စက်ဝန်းတစ်ခု၏ အဆုံးမဲ့တာအို အသုံးချနည်းများကို ကျွမ်းကျင်ပိုင်နိုင်သွားရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စပင်။

‎

‎

‎ဤအတွက် တစ်ခုတည်းသော ရှင်းပြချက်မှာ သူ၏ရှေ့မှ ဤသူသည် လူငယ်လေးတစ်ဦး လုံးဝ မဟုတ်ဘဲ ကျားကိုစားရန် ဝက်ယောင်ဆောင်နေသည့် တာအိုအရှင်သခင်တစ်ပါး ဖြစ်နေပြီး ယခင်ကပ်စက်ဝန်း၏ အဆုံးမဲ့တာအို ခြေရာများကို ကျွမ်းကျင်ထားပြီးသား ဖြစ်နေခြင်းသာတည်း။

‎

‎

‎သို့မဟုတ်ပါက ဤအရာများ အားလုံးကို မည်သို့မျှ ရှင်းပြနိုင်စွမ်း ရှိမည်မဟုတ်ချေ။

‎

‎

‎" အရှင် အထင်လွဲနေပါပြီ "

‎

‎

‎ကုချန်သည် အေးဆေးတည်ငြိမ်စွာ ပြောဆိုလိုက်၏။

‎

‎

‎သူသည် လုံးဝ တာအိုအရှင်သခင်အဆင့် တည်ရှိမှုတစ်ခု မဖြစ်နိုင်ပေ။ သို့သော် ' ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း ' ဆိုသည်မှာ ကုချန်၏ အကြီးမားဆုံး လျှို့ဝှက်ချက် ဖြစ်နေသောကြောင့် ဤအဘိုးအိုအား မည်သည့်အရာကိုမျှ ရှင်းပြမည် မဟုတ်သည်မှာ သေချာပေသည်။

‎

‎

‎အစပိုင်း အံ့အားသင့်မှုများ လွန်ဆုံးပြီးနောက် အဘိုးအိုလည်း သတိပြန်ဝင်လာကာ ကုချန်မှာ တာအိုအရှင်သခင် ဖြစ်နိုင်ခြေ မရှိကြောင်း နားလည်သွားခဲ့သည်။ အကြောင်းမှာ သူသည် သေလုမြောပါး ဖြစ်နေကာ သူ၏ထံတွင်လည်း ကြီးမားလှသော လျှို့ဝှက်ချက်များလည်း မရှိတော့ပေ။ တာအိုအရှင်သခင်တစ်ပါးမှ သူ့လိုလူကို ဤသို့ လာရောက်ကစားနေရန်အတွက် သူ့ရှိ မည်သည့်အရာက တန်ဖိုးရှိနေမည်နည်း။

‎‎

‎

All Chapters