အခန်း ၅၂၃
Vol. 38 Ch. 523
အခန်း ( ၅၂၃ ) - မူလအစများ၏ ပင်လယ်၊ အချိန်ကုန်ဆုံးခါနီး၊ ရှင်သန်ရန် မျှော်လင့်ချက်
ဤကပ်စက်ဝန်းတွင် အင်မော်တယ်ဧကရာဇ်အဆင့်အထက်ရှိသူများကို အင်မော်တယ်ဧကရာဇ်များ၊ မဟုတ်လျှင် တာအိုဘိုးဘေးများဟု ခေါ်ဆိုကြသည်။
သို့သော် အဘိုးအို၏ စကားအရ သူပိုင်ဆိုင်ခဲ့သော ကပ်စက်ဝန်း၌မူ ထိုကဲ့သို့သော တည်ရှိမှုများကို တာအိုအရှင်သခင်များဟု ခေါ်ဆိုလေသည်။
တာအိုအရှင်သခင်နှင့် တာအိုဘိုးဘေး၊ ၎င်းတို့၏ အဓိပ္ပာယ်မှာ အတူတူပင် ဖြစ်သည်။ ၎င်းတို့သည် တာအိုတစ်ခု၏ မူလအစ သို့မဟုတ် ဂိုဏ်းသခင်များသာ ဖြစ်ကြ၏။ ကပ်စက်ဝန်းတစ်ခုနှင့်တစ်ခု အခေါ်အဝေါ်များ ကွာခြားသွားခြင်းမျှသာ ဖြစ်လေသည်။
ကုချန်သည် သဘာဝကျကျပင် တာအိုအရှင်သခင်တစ်ပါး မဟုတ်ချေ။ ယခင်ကပ်စက်ဝန်း၏ အဆုံးမဲ့တာအို စွမ်းအားကို ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရှိခြင်းမှာ ' ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း ' ကြောင့်သာ ဖြစ်သည်။
ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်းသည် ကောင်းကင်ဘုံအားလုံး၏ အဆုံးမဲ့တာအိုများကို လွှမ်းခြုံထားပြီး ပြောင်းလဲမှုအားလုံးကို ကြီးကြပ်ပေးလေသည်။
ကပ်စက်ဝန်းများသည် အဆုံးမရှိ လည်ပတ်နေကာ ကပ်စက်ဝန်းတစ်ခုစီရှိ အဆုံးမဲ့တာအိုများမှာ ကွဲပြားခြားနားသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင်မူ တူညီသော မူလအစမှ မြစ်ဖျားခံလာခြင်းဖြစ်ပြီး တူညီသော မဟာတာအိုကိုသာ လိုက်နာကြခြင်း ဖြစ်သည်။
ထို့ပြင် ကောင်းကင်နှင့် မြေကြီး၏ အဆုံးမဲ့တာအိုများကို ခွဲခြမ်းစိတ်ဖြာပေးသည့် ဤ ' ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း ' သည်လည်း မည်သို့လုပ်၍ ကျယ်ပြောလှသော မဟာတာအိုကြီး ဖြစ်မနေဘဲ ရှိပါမည်နည်း။
ထို့ကြောင့် ကုချန်သည် ယခင်ကပ်စက်ဝန်းမှ အဆုံးမဲ့တာအို၏ စီစဉ်ဖွဲ့စည်းပုံကို လွယ်ကူစွာ နားလည်သဘောပေါက်နိုင်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ သူသည် ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်းကို ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ တက်လှမ်းနိုင်အောင် စွမ်းဆောင်နိုင်မည်ဆိုပါက အခြားသော ကပ်စက်ဝန်းများမှ အဆုံးမဲ့တာအိုများ၏ ဖွဲ့စည်းပုံများကို ကျွမ်းကျင်ပိုင်နိုင်ရန်မှာ ပို၍ပင် လွယ်ကူလာမည်ဖြစ်ပြီး မျက်စိတစ်မှိတ်အတွင်း၌ပင် ပြီးမြောက်သွားနိုင်ချေ ရှိလေသည်။
" မယုံနိုင်စရာပဲ... တကယ်ကို မယုံနိုင်စရာပဲ..... "
အဘိုးအို၏အသံတွင် အံ့အားသင့်မှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေလျက် တစ်ကိုယ်တည်း တိုးဖွဖွရေရွတ်လိုက်၏။
သူသည် ယခင်ကပ်စက်ဝန်းမှ ရှေးဟောင်းတည်ရှိမှုတစ်ခု ဖြစ်သည်။ သူ၏ အတိတ်မှတ်ဉာဏ်များစွာကို ဆုံးရှုံးခဲ့ရသော်လည်း သူ၏ ယခင်အမြင်အာရုံနှင့် ထိုးထွင်းသိမြင်မှုများမှာ ကျန်ရှိနေဆဲဖြစ်သည်။
သို့ရာတွင် ကုချန်ကဲ့သို့ ' ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သော ' တည်ရှိမှုမျိုးကိုမူ ကပ်စက်ဝန်းတစ်ခုလုံးကို ရှာဖွေလျှင်ပင် သူ တစ်ခါမျှ မမြင်ဖူးခဲ့ချေ!
ကုချန်ကသာ ငြင်းဆိုခဲ့ခြင်း မရှိလျှင် သူ၏အမြင်၌ ကုချန်သည် ရုပ်ဖျက်ထားသော တာအိုအရှင်သခင်တစ်ပါး မဟုတ်ခဲ့လျှင်တောင် တာအိုအရှင်သခင်တစ်ပါး ဝင်စားလာသူဖြစ်ကြောင်း အကြွင်းမဲ့ ယုံကြည်နေမည်ပင်။
" ဒီလို ငယ်ရွယ်တဲ့အရွယ်မှာ ကပ်စက်ဝန်းတွေရဲ့ တာအိုကို လွယ်လွယ်ကူကူ ဖွဲ့စည်းနိုင်တယ်... မင်းက တကယ်ကို ငယ်ပါသေးတယ်... ဒါပေမဲ့ ကံမကောင်းတာက ဒီကပ်စက်ဝန်းအတွက် အချိန် သိပ်မကျန်တော့တာပဲ... မဟုတ်လို့ အချိန်အလုံအလောက်သာ ရှိမယ်ဆိုရင် မင်း အနာဂတ်မှာ တာအိုအရှင်သခင် နေရာကို ရောက်ရှိနိုင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး! "
အဘိုးအိုသည် စစ်မှန်သော ခံစားချက်ဖြင့် သက်ပြင်းချကာ ပြောဆိုလိုက်၏။
" ကျွန်တော့်အတွက် အချိန် သိပ်မကျန်တော့ဘူးလား "
ကုချန်သည် အဘိုးအို၏စကားထဲမှ အဓိပ္ပာယ်ကို ထက်မြက်စွာ သတိပြုမိလိုက်၍ နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်၏။
သူ၏အချိန်များ ကုန်ဆုံးလုနီးနေပြီဖြစ်ကြောင်း ထိုအဘိုးအိုမှ မည်သို့များ ဆုံးဖြတ်နိုင်သည်ကို သူ နားမလည်နိုင်ခဲ့ပေ။
" တကယ်တော့ ကပ်စက်ဝန်းတစ်ခုရဲ့ ကောင်းကင်ဘုံတွေက ဘယ်လိုအခြေအနေမှာ ရှိနေသလဲဆိုတာကို သိချင်ရင် ဒီ ' မူလအစတွေအားလုံးရဲ့ ပင်လယ် ' အခြေအနေကို ကြည့်လိုက်ရုံနဲ့တင် လုံလောက်တယ် "
အဘိုးအိုမှ တိုးညင်းစွာ ပြောဆိုလိုက်ရာ ကုချန်သည် အဘိုးအို ဘာကိုဆိုလိုကြောင်း နားလည်သွားခဲ့၏။
သူပြောသော မူလအစများအားလုံး၏ ပင်လယ် ဆိုသည်မှာ လက်ရှိ ကုချန် ရောက်ရှိနေသည့် ကွေ့ရွှီးနယ်မြေပင် ဖြစ်ရပေမည်။ ကွေ့ရွှီးနယ်မြေနှင့် မူလအစများ၏ ပင်လယ်ဆိုသည်မှာ မတူညီသော ကပ်စက်ဝန်းများ၌ ကွေ့ရွှီးနယ်မြေကို ခေါ်ဝေါ်သော အမည်ကွဲများသာ ဖြစ်ပေလိမ့်မည်။
" ဒီ မူလအစတွေအားလုံးရဲ့ ပင်လယ်ထဲမှာရှိတဲ့ မရေမတွက်နိုင်တဲ့ ပြိုကွဲနေတဲ့ စကြာဝဠာတွေက အရင်ကပ်စက်ဝန်းကနေ ကျန်ရစ်ခဲ့တဲ့ အကြွင်းအကျန်တွေဆိုတာ မင်းလည်း သိပါတယ် "
သစ်ပင်ငယ်လေးမှာ လှုပ်ခတ်သွားလျက် အဘိုးအိုမှ ဖြည်းညင်းစွာ ရှင်းပြလေသည်။
" ဒါပေမဲ့ အရင်ကပ်စက်ဝန်းကနေ ဘာတွေပဲ ကျန်ရစ်ခဲ့ပါစေ... ကောင်းကင်ဘုံတစ်ခုလုံးရဲ့ စုစုပေါင်းပမာဏကတော့ ပြောင်းလဲသွားမှာ မဟုတ်ဘူး.....
ဆိုလိုတာက ဒီ မူလအစတွေအားလုံးရဲ့ ပင်လယ်ထဲက ပျက်စီးနေကြတဲ့ စကြာဝဠာတွေ အားလုံးက နောက်ဆုံးမှာ သန့်စင်တဲ့ စွမ်းအားအဖြစ် ပြောင်းလဲသွားပြီး... ဒီကျယ်ပြောလှတဲ့ ကောင်းကင်ဘုံတွေထဲကို စီးဝင်သွားလိမ့်မယ်.....
ကြည့်လိုက်ပါဦး... ဒီ မူလအစတွေအားလုံးရဲ့ ပင်လယ်ထဲမှာ ပျက်စီးနေတဲ့ စကြာဝဠာတွေ သန်းဆယ်ချီပြီး ရှိမနေဘူးလား.....
ဒီလောက်များပြားတဲ့ ပျက်စီးနေတဲ့ စကြာဝဠာတွေက... ကျိန်းသေပေါက် ဒီကျယ်ပြောလှတဲ့ ကောင်းကင်ဘုံတွေရဲ့ စွမ်းအားတစ်စိတ်တစ်ပိုင်းကို ကိုယ်စားပြုနေတာပေါ့.....
ပြီးတော့ ဒီ မူလအစတွေအားလုံးရဲ့ ပင်လယ်ထဲက ပျက်စီးနေတဲ့ စကြာဝဠာတွေ အားလုံး မြေမှုန့်အဖြစ် ပျက်သုဉ်းသွားပြီး... စွမ်းအားအဖြစ် ပြောင်းလဲလို့ ကောင်းကင်ဘုံတွေထဲ ဝင်ရောက်သွားတဲ့အခါ... ဒီကပ်စက်ဝန်းရဲ့ အဆုံးမဲ့ကမ္ဘာတွေက ကျိန်းသေပေါက် အစည်ပင် အဝပြောဆုံး အချိန်ကို ရောက်ရှိသွားလိမ့်မယ်.....
အဲ့ဒီလို စည်ပင်ဝပြောပြီးတဲ့နောက်မှာတော့... ကျဆင်းယိုယွင်းမှုဆိုတာ ရောက်လာတော့တာပါပဲ.....
စကြာဝဠာတွေ စတင် အိုမင်းရင့်ရော်လာမယ်... သေဆုံးလာမယ်.... အပျက်အစီး အကျိုးအပဲ့တွေအဖြစ် ပြောင်းလဲသွားပြီး ဒီ မူလအစတွေအားလုံးရဲ့ ပင်လယ်ထဲကို ဆက်ပြီး ဝင်ရောက်လာလိမ့်မယ်.....
ပြီးတော့ ဒီ မူလအစတွေအားလုံးရဲ့ ပင်လယ်ထဲက ပျက်စီးနေတဲ့စကြာဝဠာ အရေအတွက် အထွတ်အထိပ်ကို ရောက်ရှိသွားလိမ့်မယ်... အဲဒါက ကောင်းကင်ဘုံတွေရဲ့ နောက်ဆုံးအဆုံးသတ်အချိန် နီးကပ်လာပြီဆိုတဲ့ အဓိပ္ပာယ်ပဲ... အရာအားလုံး သန့်စင်ခံရပြီး အသစ်ပြန်စတင်ကာ နောက်ကပ်စက်ဝန်းရဲ့ သံသရာကို စတင်လည်ပတ်တော့မှာ ဖြစ်တယ်.....
ငါက ဒီ မူလအစတွေအားလုံးရဲ့ ပင်လယ်ထဲမှာ နေထိုင်နေခဲ့တာမို့... ဒီနေရာက ပျက်စီးနေတဲ့စကြာဝဠာ အရေအတွက်တွေ တိုးပွားလာနေတာကို ခံစားသိရှိနိုင်တယ်.....
ဒါဟာ ဒီလက်ရှိ ကပ်စက်ဝန်းက ရှင်သန်ကြီးထွားနေတဲ့ အထက်တက်နေတဲ့ အခြေအနေမှာ မရှိတော့ဘဲ... ဆက်တိုက် ကျဆင်းနေတဲ့ အခြေအနေကို ရောက်နေပြီဆိုတာကို ဆိုလိုတာပဲ.....
ဒါပေမဲ့ စိတ်မပူပါနဲ့... ဒီကပ်စက်ဝန်းက ကျဆင်းစပြုနေပြီ ဆိုပေမဲ့ လုံးဝ ပျက်သုဉ်းသွားဖို့ဆိုတာ အချိန်အကြာကြီး လိုပါသေးတယ်.....
မင်း သိပ်ပြီး စိတ်ပူနေစရာ မလိုပါဘူး... မင်းအတွက် အချိန်တွေ ကျန်ပါသေးတယ် "
ဤလက်ရှိ ကပ်စက်ဝန်း၏ အဆုံးမဲ့ကမ္ဘာများသည် ကျဆင်းယိုယွင်းခြင်း စတင်နေပြီတဲ့လော။
အဘိုးအို၏ ရှင်းပြချက်ကို နားထောင်ရင်း ကုချန်မှာ အလိုအလျောက် တိတ်ဆိတ်သွားရကာ သူ၏ရင်ထဲတွင်လည်း ဝေဝါးသော အလျင်စလိုဖြစ်မှု ခံစားချက်တစ်ခု ပေါ်ထွက်လာခဲ့၏။
သူ့အတွက် ကျန်ရှိနေသော အချိန်များမှာ အမှန်တကယ်ပင် ကန့်သတ်ချက် ရှိနေပုံရသည်။
အဘိုးအို၏စကားအရ ကောင်းကင်ဘုံများ၏ နောက်ဆုံး ပျက်သုဉ်းချိန်တွင် မဟာတာအိုတစ်ခုကို အပြည့်အဝ ကျွမ်းကျင်ပိုင်နိုင်ပြီး တာအိုအရှင်သခင်အဆင့် တည်ရှိမှု ဖြစ်လာသူများသာ ပြိုကျပျက်စီးမှုမှ ရှင်သန်လွတ်မြောက်နိုင်မည် ဖြစ်သည်။
၎င်းအပြင် အင်မော်တယ်ဧကရာဇ်အဆင့် ရှိသူများပင်လျှင် ဤကပ်ဘေးကို မကျော်လွှားနိုင်ဘဲ ပြိုကွဲနေသော စကြာဝဠာများစွာနှင့်အတူ ဤကွေ့ရွှီးနယ်မြေထဲသို့ ကျရောက်လာကာ အေးစက်သော ရုပ်အလောင်းများအဖြစ်သာ ပြောင်းလဲသွားရမည် ဖြစ်သည်။
ဤအဘိုးအိုကဲ့သို့ တစ်ချိန်က အင်မော်တယ်ဧကရာဇ်အဆင့်ကို ကျော်လွန်လုနီးပါး ဖြစ်ခဲ့သော်လည်း နောက်ဆုံးတွင် တာအိုအရှင်သခင် မဖြစ်လာခဲ့သူများပင်လျှင် နည်းလမ်းပေါင်းစုံကို အသုံးပြုကာ ကိုယ်ပိုင်နတ်ဝိညာဉ်နှင့် ရုပ်ခန္ဓာကို ဖြတ်တောက်ရန် ဝန်မလေးခဲ့သဖြင့် ယနေ့ကဲ့သို့ လူနှင့်လည်းမတူ သရဲတစ္ဆေနှင့်လည်းမတူသော အသွင်အပြင်မျိုး ဖြစ်လာခဲ့ရသည်အထိတိုင် ဤကပ်ဘေးမှ မလွတ်မြောက်နိုင်ခဲ့ဘဲ ကွေ့ရွှီးနယ်မြေ၏ ပျက်စီးနေသည့်စကြာဝဠာများထဲတွင်သာ သောင်တင်နေကာ သေမင်း ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေရလေသည်။
" အဟွတ်! အဟွတ်...! မိတ်ဆွေလေး... မင်းမှာ အရင်ကပ်စက်ဝန်းရဲ့ အဆုံးမဲ့တာအိုတွေကို စီစဉ်ခွဲခြမ်းစိတ်ဖြာပြီး ထိန်းချုပ်နိုင်စွမ်း ရှိနေပြီဆိုတော့... ဒီအဘိုးကြီး အသက်ရှင်နိုင်မလား မရှင်နိုင်ဘူးလားဆိုတာ အခု မင်းအပေါ်မှာပဲ လုံးဝ မူတည်နေပြီ "
အဘိုးအို၏အသံတွင် မျှော်လင့်ချက်အချို့နှင့် ပိုမိုကြီးမားသော တောင့်တမှုတို့ ပါဝင်နေလေသည်။
အသက်ရှင်နိုင်ခွင့်ရှိလျက်နှင့် မည်သူက သေချင်မည်နည်း။
အထူးသဖြင့် ပြည့်စုံသော ကပ်စက်ဝန်းတစ်ခုလုံးကို ဖြတ်သန်းနိုင်ခဲ့၍ ယခု ကပ်စက်ဝန်းသစ်၌ အသက်ကို ခဲယဉ်းစွာ ဖက်တွယ်ထားရသည့် ဤအဘိုးအိုကဲ့သို့သူမှာ ခေတ်ဟောင်းနှင့် ခေတ်သစ်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူသည် ဖြစ်နိုင်မည်ဆိုပါက သေချာပေါက် ဆက်လက် ရှင်သန်ချင်နေမည်သာ ဖြစ်၏။
ယခင်က လက်ကျန် အရောင်ငါးမျိုး ဝိညာဉ်အရည် တစ်ဆုပ်စာကို အားကိုးခြင်းက အလွန်ဆုံးမှ သူ့ကို အချိန်အနည်းငယ်မျှ ဆက်လက်ရပ်တည်နိုင်စေမည်ဖြစ်ပြီး ယာယီဖြေရှင်းချက်မျှသာ ဖြစ်ရာ သူ၏အဆိုးမြင်စိတ်မှာ ရှင်သန်ရန် မျှော်လင့်ချက် မရှိတော့ဟု ခံစားခဲ့ရ၏။
သို့သော် ယခုအခါ ကုချန်သည် ယခင်ကပ်စက်ဝန်း၏ အဆုံးမဲ့တာအိုများကို ခွဲခြမ်းစိတ်ဖြာနိုင်၍ သူ့အတွက်လည်း အသက်စွမ်းအင်များကို ပြောင်းလဲပေးနိုင်စွမ်း အမှန်တကယ် ရှိနေကြောင်း သိလိုက်ရသောအခါ အဘိုးအို၏ရင်ထဲတွင် ရှင်သန်လိုသည့် မျှော်လင့်ချက်များ ပြန်လည် ရှင်သန်လာခဲ့လေသည်။
" ကျွန်တော့်ရဲ့ လက်ရှိစွမ်းအားနဲ့ဆိုရင်တော့ အရှင့်ကို ပြန်အသက်ဝင်လာအောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူး "
ကုချန်သည် ခေတ္တမျှ ချိန်ဆတွေးတောလိုက်ပြီးနောက် ရိုးသားစွာ ပြောဆိုလိုက်၏။
သူသည် အရောင်ငါးမျိုး ဝိညာဉ်အရည်ကို ခွဲခြမ်းစိတ်ဖြာခဲ့ပြီးဖြစ်ရာ ၎င်းအတွင်း၌ ပါဝင်နေသော အသက်စွမ်းအင်များ မည်မျှတိုင် ကြောက်မက်ဖွယ်ကောင်းကြောင်း သေချာ သိရှိထား၏။
သူ၏လက်ရှိအစွမ်းဖြင့် အဘိုးအို၏ အသက်စွမ်းအင် လိုအပ်ချက်နှင့် ကိုက်ညီအောင် အပြည့်အဝ ပြောင်းလဲပေးနိုင်ကောင်း ပေးနိုင်မည်ဖြစ်သော်လည်း သူသည် ထိုသို့ သေချာပေါက် လုပ်ဆောင်မည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေ သူ၏စွမ်းအင်အားလုံးကို ဤအဘိုးအိုထံ အသက်စွမ်းအင်များ ထောက်ပံ့ပေးရန်အတွက်သာ မြှုပ်နှံထား၍ မဖြစ်နိုင်ပေ။
" အဲဒါက ပြဿနာမဟုတ်ပါဘူး "
အဘိုးအိုမှ ဤသည်ကို ကြိုတင် ခန့်မှန်းထားပြီးဖြစ်ပုံရကာ အလျင်အမြန် ဆက်၍ ပြောဆိုလေသည်။
" အခုချိန်မှာ မင်း ငါ့ကို ပြန်လည်အသက်ဝင်လာအောင် မလုပ်ပေးနိုင်တာကော... ဒီအဘိုးကြီး ဆက်လက်ရှင်သန်ဖို့ ထိန်းသိမ်းပေးရတာက အရမ်းခက်ခဲတယ်ဆိုတာကော ငါသိတယ်.....
ဒါပေမဲ့ ငါ စောင့်နိုင်ပါတယ်... ငါ့ရဲ့ ခန္ဓာကိုယ်ကို အိပ်စက်ခြင်းအခြေအနေထဲ ဝင်ရောက်သွားအောင် ငါ ထိန်းချုပ်ထားနိုင်ပါတယ်... အဲဒီအတွက်လည်း အသက်စွမ်းအင် နည်းနည်းလောက်ပဲ လိုအပ်တာပါ.....
မင်း အနာဂတ်မှာ အဆင့်တက်လှမ်းနိုင်သွားတဲ့အခါမှ ဒီအဘိုးကြီးကို လာကယ်တင်ပေးဖို့ပဲ လိုတာပါ "