← Chapters

အခန်း ၅၂၄

Vol. 38 Ch. 524

အခန်း ၅၂၄

Vol. 38 Ch. 524

အခန်း ( ၅၂၄ ) - အသက်ရှင်နေရသည်က ပိုကောင်းခြင်း၊ ရှူလောင် ဟူသော အမည်နှင့် ကြက်သီးမွေးညင်းထဖွယ်ရာ

‎

‎

‎

‎အဘိုးအို၏အသံတွင် မျှော်လင့်ချက်များ ပြည့်နှက်နေလေသည်။

‎

‎

‎ယခင်က သူသည် ကိုယ့်ကိုယ်ကိုယ် အိပ်စက်ခြင်းအခြေအနေသို့ ဝင်ရောက်စေကာ အသက်စွမ်းအင်အနည်းငယ်ကိုသာ စားသုံး၍ အရောင်ငါးမျိုး ဝိညာဉ်အရည် ကုန်ဆုံးမှုကိုများစွာ နှေးကွေးစေရန် လုပ်နိုင်၏။ ထို့မှသာ သူ၏သက်တမ်းကို သိသိသာသာ ဆွဲဆန့်ပေးနိုင်မည်ဖြစ်သည်။

‎

‎

‎သို့သော် ဤကဲ့သို့ အိပ်စက်ခြင်းအခြေအနေသို့ ဝင်ရောက်သွားပါက အသိစိတ်လွတ်ကာ ဝေဝါးသော အခြေအနေဖြင့်သာ ရှင်သန်ရမည်ဖြစ်သောကြောင့် သူ မလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ထိုသို့သာဆိုလျှင် ဤမျှ အချိန်ကြာမြင့်စွာ အသက်ရှင်နေရခြင်းက ဘာအဓိပ္ပာယ် ရှိမည်နည်း။

‎

‎

‎နောက်ဆုံးတွင် အရောင်ငါးမျိုး ဝိညာဉ်အရည်များ ကုန်ခမ်းသွားချိန်၌ သူ သေဆုံးရမည်သာ ဖြစ်သည်။

‎

‎

‎ဝေဝါးသောအသိဖြင့် အချိန်ကြာမြင့်စွာ ရှင်သန်ပြီးမှ သေဆုံးရမည့်အစား ရှင်းလင်းသော အသိစိတ်ဖြင့် စောစောစီးစီး သေဆုံးလိုက်ရသည်က ပိုကောင်းပေလိမ့်မည်။

‎

‎

‎ဤသည်မှာ အဘိုးအို ယခင်က တွေးတောခဲ့သော အတွေးဖြစ်သည်။ သို့သော် ယခုအခါ ကုချန်တွင် သူ့အတွက် အသက်စွမ်းအင်အသစ်များ ထည့်သွင်းပေးနိုင်စွမ်း ရှိကြောင်း သိလိုက်ရသောအခါ အဘိုးအို၏အတွေးများမှာ ချက်ချင်း ပြောင်းလဲသွားခဲ့လေသည်။

‎

‎

‎သေရမယ်? သူ လုံးဝ သေမှာ မဟုတ်တော့ဘူး။

‎

‎

‎သေလူတစ်ယောက်ထက်စာလျှင် အသက်ရှင်နေရသည်က ပိုကောင်း၏။ အသက်ရှင်နေသရွေ့ မျှော်လင့်ချက်ဆိုတာ ရှိနေသေးသည် မဟုတ်ပါလော။

‎

‎

‎အဘိုးအို၏ ဤမျှ ပြင်းထန်သော အပြောင်းအလဲကို မြင်သောအခါ ကုချန်မှာ ရယ်ချင်စိတ်ကို အနည်းငယ် မထိန်းနိုင်ဖြစ်သွားရ၏။

‎

‎

‎သို့သော် အဘိုးအို၏ခံစားချက်များကို သူ နားလည်နိုင်သည်။

‎

‎

‎ယခင်က ရှင်သန်ရန် မျှော်လင့်ချက် လုံးဝ မတွေ့ခဲ့ရသဖြင့် သူသည် သေရန်သာ ရည်ရွယ်ထားခဲ့၏။ အသက်ကို ခဲယဉ်းစွာ ဖက်တွယ်ထားမည့်အစား စောစောစီးစီး သေဆုံးပြီး အရာအားလုံး အဆုံးသတ်လိုက်ခြင်းက ပိုကောင်းသည်ဟု ယူဆခဲ့ခြင်းဖြစ်သည်။

‎

‎

‎ယခုမူ ရှင်သန်ရန် မျှော်လင့်ချက်ကို တွေ့ရှိသွားပြီဖြစ်ရာ အချိန်ကာလတစ်ခုအထိ ဝေဝါးသောအသိဖြင့် ရှင်သန်ရမည် ဆိုလျှင်တောင် အဘိုးအိုအတွက် သည်းမခံနိုင်စရာ မရှိတော့ပေ။

‎

‎

‎မည်သို့ပင်ဆိုစေ ယခင်ကပ်စက်ဝန်းမှ ဤအဘိုးအိုကို ဤအတိုင်း သေဆုံးသွားစေရန် ကုချန် အမှန်တကယ် ဆန္ဒမရှိခဲ့ပေ။

‎

‎

‎အနည်းဆုံးတော့ သူသည် ကုချန်မသိသော ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များစွာကို သိရှိထား၏။ လျှို့ဝှက်ချက်အချို့ကို ကြိုတင်သိရှိထားခြင်းက လမ်းလွဲအချို့ကို ရှောင်ရှားနိုင်စေမည်ဖြစ်ရာ ကုချန်၏ အဆင့်ရှိ တည်ရှိမှုတစ်ခုအတွက် ဤသည်မှာ အလွန်တရာ အဓိပ္ပာယ်ရှိလှပေသည်။

‎

‎

‎အိမ်တစ်အိမ်၌ သက်ကြီးရွယ်အိုတစ်ယောက် ရှိနေခြင်းက ရတနာတစ်ခု ပိုင်ဆိုင်ထားသလိုပဲ ဆိုသည့် စကားမှာ အမှန်ပင်။

‎

‎

‎" အခုကစပြီး ခင်ဗျားကို ရှူလောင်လို့ပဲ ခေါ်တော့မယ်"

‎

‎

‎ကုချန်သည် အရောင်ငါးမျိုး ဝိညာဉ်အရည်တွင် အမြစ်တွယ်နေသော သစ်ပင်ငယ်လေးကို ကြည့်ကာ ပြုံးလျက် ပြောဆိုလိုက်၏။

‎

‎

‎" ရှူလောင်? ရပါတယ်လေ... ဘယ်လိုပဲဖြစ်ဖြစ် ငါ့နာမည်ကို မေ့နေတာလည်း ကြာပြီဆိုတော့ "

‎

‎

‎ကုချန် ပေးသော အမည်ကို ကြားသောအခါ ရှူလောင်၏ အသံတွင် လွမ်းဆွတ်မှု အနည်းငယ် ပါဝင်နေသကဲ့သို့ ဝမ်းမြောက်မှု အနည်းငယ်လည်း စွက်နေလေသည်။

‎

‎

‎သူ၏အတိတ်မှတ်ဉာဏ် အများစုကိုပင် မေ့လျော့နေပြီဖြစ်၍ သူ အနည်းငယ် လွမ်းဆွတ်မိခြင်းပင်။

‎

‎

‎ထို့ပြင် ကုချန်မှ သူ့အား ယခုမှစ၍ ရှူလောင်ဟု ခေါ်ရန် ရည်ရွယ်ထားခြင်းက သူ့ကို ကူညီကယ်တင်ပေးရန် စီစဉ်ထားကြောင်း အဓိပ္ပာယ်ရနေသဖြင့် သူ ဝမ်းမြောက်မိလေသည်။

‎

‎

‎" ငါ မကြာခင် လျှို့ဝှက်နည်းစနစ်တစ်ခုကို သုံးပြီး အိပ်စက်တဲ့အခြေအနေကို ဝင်ရောက်တော့မယ်... အသက်အငွေ့အသက်လေးကိုပဲ ထိန်းသိမ်းထားနိုင်တော့မှာ....

‎

‎နှစ်တစ်ရာကြာတိုင်း ငါ ခဏလောက် နိုးထလာလိမ့်မယ်... မင်းမှာ မေးစရာရှိရင် အဲဒီအချိန်ကျမှ မေးလို့ရတယ်.....

‎

‎ဒီလက်တစ်ဆုပ်စာ အရောင်ငါးမျိုး ဝိညာဉ်အရည်လေးက... ငါ့ရဲ့ အိပ်စက်ခြင်းအခြေအနေကို နှစ်တစ်သိန်းလောက်တော့ ထိန်းသိမ်းထားပေးနိုင်ပါလိမ့်မယ်.....

‎

‎ဒီနှစ်တစ်သိန်းအတွင်းမှာ မင်း တာအိုအရှင်သခင်အဆင့်ကို တက်လှမ်းနိုင်ဖို့ပဲ လိုတယ်... အော် ဟုတ်သားပဲ... အဲဒါကို မင်းတို့က အင်မော်တယ်ဧကရာဇ်အဆင့်လို့ ခေါ်တာပဲ.....

‎

‎မင်း အင်မော်တယ်ဧကရာဇ်အဆင့်ကို ရောက်သွားတာနဲ့ အသက်စွမ်းအင်အချို့ကို သာမန်ကာလျှံကာ သန့်စင်လိုက်ရုံနဲ့တင်... ငါ့ရဲ့ ရှင်သန်မှု လိုအပ်ချက်တွေကို ထောက်ပံ့ဖို့ လုံလောက်သွားပါပြီ "

‎

‎

‎ရှူလောင်မှ ဖြည်းညင်းစွာ ပြောဆိုလေသည်။

‎

‎

‎အိပ်စက်ငြိမ်သက်ခြင်းအခြေအနေကို ဝင်ရောက်ပြီး နှစ်တစ်ရာကြာတိုင်း တစ်ခဏ နိုးထလာမယ်? နှစ်တစ်သိန်းဆိုရင် လုံလောက်သင့်ပါတယ်လေ။

‎

‎

‎ကုချန် တစ်ခု တွေးတောလိုက်၏။ နှစ်တစ်သိန်းအတွင်း အင်မော်တယ်ဧကရာဇ်အဆင့်ကို တက်လှမ်းရန်ဆိုသည်မှာ အခြားသော အင်မော်တယ်ဘုရင်တစ်ပါးသာဆိုလျှင် ဤကဲ့သို့ အာမခံရဲမည် မဟုတ်ပေ။

‎

‎

‎သို့သော် ကုချန်၏မျက်စိထဲတွင်မူ နှစ်တစ်သိန်းအတွင်း အင်မော်တယ်ဧကရာဇ် ဖြစ်လာရန်ဆိုသည်မှာ အလွန်တရာ နှေးကွေးသော တိုးတက်မှုဟုပင် ယူဆရမည်ဖြစ်သည်။ သူ့အတွက်မူ ဤသည်မှာ လုံးဝ ခက်ခဲသင့်သည့်အရာ မဟုတ်ပေ။

‎

‎

‎" ကောင်းပါပြီ "

‎

‎

‎ကုချန်သည် သဘောတူညီကြောင်း ခေါင်းညိတ်ပြလိုက်၏။

‎

‎

‎" ဒါဆို မင်းမှာ တခြား မေးစရာမေးခွန်းတွေ ရှိသေးလား... အေးအေးဆေးဆေး မေးပါ... ငါသိတာ မှန်သမျှ အကုန်ပြောပြပါ့မယ်... အခု မမေးရင် ငါ နိုးလာမယ့် နောက်ထပ် နှစ်တစ်ရာကို မင်း စောင့်နေရလိမ့်မယ် "

‎

‎

‎ရှူလောင်မှ အလျင်အမြန် ပြောဆိုလိုက်၏။

‎

‎

‎မေးစရာမေးခွန်းလား.....

‎

‎

‎ကုချန်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် မေးမြန်းလိုက်၏။

‎

‎

‎" တာအိုအရှင်သခင်အဆင့် တည်ရှိမှုတွေကပဲ ကောင်းကင်ဘုံ အဆုံးသတ်ပျက်သုဉ်းချိန်မှာ ဘေးကင်းကင်း ရှင်သန်နိုင်တယ်လို့ အရှင် ခုနက ပြောခဲ့တယ်နော်... အရှင်တို့ရဲ့ ကပ်စက်ဝန်းမှာကော တာအိုအရှင်သခင်အဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့သူ ရှိလား "

‎

‎

‎" ကျိန်းသေပေါက် ရှိခဲ့တာပေါ့ "

‎

‎

‎ရှူလောင်မှာ တုံ့ဆိုင်းခြင်းမရှိဘဲ ပြောဆိုလေသည်။

‎

‎

‎" ဒီအရောင်ငါးမျိုး ဝိညာဉ်အရည်လိုမျိုးပေါ့... ငါ တောင်းဆိုခဲ့တဲ့ တာအိုအရှင်သခင်တစ်ပါးက ဖန်တီးသန့်စင်ပေးခဲ့တာလေ... အဲဒါကလည်း အဲဒီအချိန်တုန်းက အဲဒီတာအိုအရှင်သခင်နဲ့ ငါ့ကြားမှာ ရင်းနှီးတဲ့ ခင်မင်မှု ရှိခဲ့လို့ပါ... ဒီအရောင်ငါးမျိုး ဝိညာဉ်ရေကန်ကို ဖန်တီးနိုင်ဖို့ ငါ့တစ်သက်တာ ရှာဖွေစုဆောင်းထားခဲ့သမျှ အင်မော်တယ်ပစ္စည်းတွေနဲ့ နတ်ဘုရားရတနာတွေ အားလုံးကို အကုန်အစင် သုံးစွဲခဲ့ရတယ်.....

‎

‎တာအိုအရှင်သခင်တစ်ပါးကသာ ကိုယ်တိုင်ဝင်ပါပြီး သန့်စင်ပေးခဲ့တာ မဟုတ်ဘူးဆိုရင်... သာမန် အင်မော်တယ်ရတနာတွေနဲ့ နတ်ဘုရားပစ္စည်းတွေက ပျက်သုဉ်းခြင်းချီရဲ့ ဆေးကြောမှုကို ဘယ်လိုလုပ် ခံနိုင်ရည်ရှိပါ့မလဲ... သဲလွန်စလေးတောင် မကျန်ဘဲ မြေမှုန့်အဖြစ် ပျက်သုဉ်းသွားခဲ့တာ ကြာပြီပေါ့ "

‎

‎

‎အဘိုးအို၏ ရှင်းပြချက်ကို နားထောင်ရင်း ကုချန်မှာ ရုတ်တရက် သဘောပေါက်သွားလေသည်။

‎

‎

‎စင်စစ်တွင် သူ အစောပိုင်းက ထိုအချက်ကို မတွေးမိခဲ့ချေ။

‎

‎

‎ဤကွေ့ရွှီးနယ်မြေအတွင်းရှိ မရေမတွက်နိုင်သော ပျက်စီးနေသည့် စကြာဝဠာများကို ဖြတ်သန်းသွားလာစဉ်အတွင်း သူ မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့ပေ။

‎

‎

‎ပထမဆုံး စကြာဝဠာရှိ ရှေးဟောင်းအခေါင်းတဆာအတွင်းမှ မရေမတွက်နိုင်သော နတ်ဘုရားပစ္စည်းများနှင့် အင်မော်တယ်ပစ္စည်းများပင်လျှင် မြေမှုန့်အဖြစ် ပြောင်းလဲသွားခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်ကာ အနည်းငယ် ထိလိုက်သည်နှင့် ကြေမွသွားခဲ့သည် မဟုတ်ပါလော။

‎

‎

‎သို့တိုင်အောင် ရှူလောင်၏အောက်ရှိ ဤအရောင်ငါးမျိုး ဝိညာဉ်အရည် လက်ဆုပ်စာမှာ ဆက်လက် တည်ရှိနေနိုင်ခဲ့ခြင်းကပင်လျှင် တစ်စုံတစ်ခုကို သက်သေပြနေလေသည်။

‎

‎

‎သာမန် နတ်ဘုရားပစ္စည်းများသည် မည်သို့လုပ် ရှင်သန်ကျန်ရစ်နိုင်မည်နည်း။ ပြာပင်မကျန်တော့ဘဲ ယခင်ကတည်းက ပျက်စီးသွားခဲ့ပေလိမ့်မည်။

‎

‎

‎ထို့ပြင် ဤအဘိုးအို အသက်ရှင်ကျန်ရစ်နိုင်ခဲ့ခြင်းမှာ ထိုအရောင်ငါးမျိုး ဝိညာဉ်အရည် တစ်ဆုပ်စာကြောင့်ပင် ဖြစ်သည်။

‎

‎

‎" အရင်ကပ်စက်ဝန်းက တာအိုအရှင်သခင်အဆင့် တည်ရှိမှုတစ်ခုကို အရှင် တွေ့ဖူးတယ်ပေါ့... ဆိုလိုတာက အရှင်တို့ရဲ့ ကပ်စက်ဝန်းမှာ တာအိုအရှင်သခင်အဆင့် တည်ရှိမှု တစ်ပါးထက်ပိုပြီး ရှိခဲ့တယ်ဆိုတဲ့ သဘောလား "

‎

‎

‎ကုချန်သည် တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် ဆက်လက်မေးမြန်းလိုက်၏။

‎

‎

‎" အဲဒါကိုတော့ ငါ မသိဘူး "

‎

‎

‎သစ်ပင်ငယ်လေး၏ အကိုင်းအခက်များသည် ကုချန်အား ဖြေကြားသည့်အလား အနည်းငယ် လှုပ်ခတ်သွားလေသည်။

‎

‎

‎" အဲဒီတာအိုအရှင်သခင်နဲ့ ငါ ရင်းနှီးကျွမ်းဝင်ခဲ့တာက အတိတ်က ဆက်နွယ်မှုတစ်ခုကြောင့် သက်သက်ပါပဲ.....

‎

‎တာအိုအရှင်သခင်အဆင့် တည်ရှိမှုတွေက အရမ်း လျှို့ဝှက်ဆန်းကြယ်ကြပြီး ကောင်းကင်ဘုံတွေမှာ ပေါ်လာခဲတယ်... တာအိုအရှင်သခင်အဆင့်ကို ရောက်ရှိသွားတဲ့အခါ ကိုယ်တိုင်က ကြီးကျယ်ခမ်းနားတဲ့ မဟာတာအိုတစ်ခုနဲ့ ညီမျှသွားပြီး... ဒီအဆုံးမဲ့ ကောင်းကင်ဘုံတွေနဲ့ ကမ္ဘာလောကတွေရဲ့ ကြီးမားလှတဲ့ ပမာဏကတောင် တာအိုအရှင်သခင်လို ကြီးမြတ်တဲ့ တည်ရှိမှုမျိုးတွေကို ဆက်လက် မထမ်းပိုးထားနိုင်တော့ဘူးလို့ ရှေးဟောင်းဒဏ္ဍာရီတစ်ခုမှာ ဆိုထားတယ်.....

‎

‎ဒါကြောင့် တာအိုအရှင်သခင်အဆင့်ကို တက်လှမ်းနိုင်သူတိုင်းက ဒီအဆုံးမဲ့ စကြာဝဠာတွေထဲမှာ သူတို့ကိုယ်သူတို့ ထုတ်ဖော်ပြသလေ့ သိပ်မရှိကြဘူး "

‎

‎

‎ဒီလိုကိုး.....

‎

‎

‎ကုချန်မှာ အနည်းငယ် ခေါင်းညိတ်လိုက်သော်လည်း ရှာနာနတ်ဆိုးဧကရာဇ် သူ့အား အစောပိုင်းက ပြောခဲ့သည့်စကားကို ပြန်လည်သတိရသွားဟန် ပေါ်လေသည်။

‎

‎

‎အင်မော်တယ်ဧကရာဇ်အဆင့် အထက်သို့ တက်လှမ်းရန်မှာ အလွန်တရာ ခက်ခဲလှ၏။ မရေမတွက်နိုင်သော နှစ်ကာလများစွာ ကောင်းကင်ဘုံတစ်ခုလုံးကို ရှာဖွေလျှင်ပင် ထိုကဲ့သို့သော တည်ရှိမှု တစ်ပါး၊ နှစ်ပါးကို တွေ့ရှိရန် ခဲယဉ်းလှပေသည်။

‎

‎

‎ထို့ကြောင့်ပင် အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုများအတွက် ရွေးချယ်စရာ မဟာတာအိုများစွာ ရှိနေပြီး သူတို့ ရွေးချယ်ထားသော မဟာတာအိုကို တာအိုအရှင်သခင် တစ်ပါးပါးမှ ပိတ်ဆို့နေမည်ကို စိုးရိမ်စရာမလိုကြောင်း ရှာနာနတ်ဆိုးဧကရာဇ်မှ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

‎

‎

‎သို့သော် ရှာနာနတ်ဆိုးဧကရာဇ်၏ နားလည်မှုအရ အင်မော်တယ်ဧကရာဇ်အဆင့် အထက်ရှိ တည်ရှိမှုများမှာ အလွန်တရာ ရှားပါးလှသည်ဟုဆိုရာ ဤသည်မှာ ကောင်းကင်ဘုံများ လည်ပတ်ခြင်း၏ အမှန်တရားကို သူ မသိရှိထားကြောင်း ပြနေ၏။

‎

‎

‎တွေးကြည့်ပါလေ။ ကောင်းကင်ဘုံများသည် ကျယ်ပြောလှ၍ အဆုံးအစမရှိ၊ ရပ်တန့်ခြင်းမရှိ လည်ပတ်နေကာ ယခုအချိန်အထိ မရေမတွက်နိုင်သော ကပ်စက်ဝန်းများ ဖြတ်သန်းခဲ့ပြီးပြီ ဖြစ်သည်။

‎

‎

‎ထို့ပြင် ကပ်စက်ဝန်းတိုင်းတွင် တာအိုအရှင်သခင်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်သည့် တည်ရှိမှု တစ်ပါး၊ နှစ်ပါးခန့် ရှိနိုင်ပေသည်။

‎

‎

‎ထို့ပြင် ရှူလောင်၏စကားအရ တာအိုအရှင်သခင်အဆင့်ကို တက်လှမ်းနိုင်ပါက ကောင်းကင်ဘုံများ ပြိုကျပျက်စီးမှုကို သေဆုံးခြင်းမရှိဘဲ ဖြတ်ကျော်နိုင်မည် ဖြစ်သည်။

‎

‎

‎ကပ်စက်ဝန်းတစ်ခုလျှင် တာအိုအရှင်သခင် တစ်ပါး၊ နှစ်ပါးခန့်မျှတော့ မွေးဖွားလာခဲ့မည် ပင်။

‎

‎

‎ယခုအခါ ကောင်းကင်ဘုံများသည် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ပြောင်းလဲခဲ့ပြီး မရေမတွက်နိုင်သော ကပ်စက်ဝန်းများကို ဖြတ်သန်းခဲ့ပြီးပြီ ဖြစ်သည်။

‎

‎

‎ထို့အပြင်... တာအိုအရှင်သခင်အဆင့် တည်ရှိမှုများသည် ကောင်းကင်ဘုံများ ပြိုကျပျက်စီးမှုကို သေဆုံးခြင်းမရှိဘဲ ဖြတ်ကျော်နိုင်သည် ဆိုပါက.....

‎

‎

‎ထိုသဲလွန်စများ အားလုံး စုဆုံသွားသောအခါ ကုချန်သည် ကြက်သီးမွေးညင်းထဖွယ်ရာကောင်းသော ခန့်မှန်းချက်တစ်ခုကို ချက်ချင်း ရရှိသွားခဲ့လေတော့သည်။

‎

All Chapters