အခန်း ၅၂၇
Vol. 38 Ch. 527
အခန်း ( ၅၂၇ ) - တာအိုအရှင်သခင်၏ လမ်းညွှန်မှု၊ မွေးရာပါပါရမီနှင့် တာအိုအလင်းရရှိရာ နေရာ
ယနေ့ ရှူလောင်နှင့်သာ မတွေ့ခဲ့ရပါက စကြာဝဠာ၏ ဤမျှနက်နဲသော လျှို့ဝှက်ချက်များကို သူ မည်သို့ သိနိုင်မည်နည်း။
ဤကဲ့သို့သော လျှို့ဝှက်ချက်များကို ရှာနာနတ်ဆိုးဧကရာဇ်ကဲ့သို့ အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုများပင် သိရှိထားမည်မဟုတ်ပေ။
သူတို့ကျင့်ကြံနေသော မဟာတာအိုကြောင့် အမှောင်ထုထဲမှ တာအိုအရှင်သခင်၏ စောင့်ကြည့်မှုကို ခံနေရသည်လား ဆိုသည်ကိုပင် သူတို့ သိရှိကြမည် မဟုတ်ချေ။
ပါရမီမှာ သာမန်မျှသာဖြစ်လျှင် ပြဿနာမရှိ၍ တာအိုအရှင်သခင်အဆင့် တည်ရှိမှုများ၏ ပစ်မှတ်ထားခြင်းကို ခံရမည်မဟုတ်ပေ။ သို့သော် ဤကပ်စက်ဝန်းကို ကျော်လွန်ကာ တာအိုအရှင်သခင်နေရာကို ရယူနိုင်မည့် ပါရမီမျိုးကို အမှန်တကယ် ပြသလာပါက သူတို့ကို စောင့်ကြိုနေမည့်အရာမှာ မကျေမချမ်း သေဆုံးသွားခဲ့ရသော ထိုအင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုများ၏ ကံကြမ္မာမျိုးသာ ဖြစ်ပေလိမ့်မည်။
" ဒါပေမဲ့ တကယ်တော့ တာအိုတစ်ခုကို တာအိုအရှင်သခင်အဆင့် တည်ရှိမှုတစ်ခုက နေရာယူထားတာမျိုး ရှိ၊ မရှိ ခွဲခြားသိနိုင်မယ့် နည်းလမ်းတစ်ခု ရှိပါတယ် "
ကုချန် သက်ပြင်းချနေစဉ်မှာပင် ရှူလောင်မှာ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ဆက်၍ ပြောဆိုလေသည်။
" အို... ဘာနည်းလမ်းလဲ... ပြောပြပါဦး "
ရှူလောင်၏စကားကို ကြားသောအခါ ကုချန်မှာ ချက်ချင်း စိတ်ဝင်စားသွားလေသည်။
" အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုတွေကတော့ စကြာဝဠာရဲ့ ဒီမဟာတာအိုတွေမှာ ပိုင်ရှင်ရှိမရှိ အာရုံမခံနိုင်ကြဘူး... ဒါပေမဲ့ တာအိုအရှင်သခင်အဆင့် တည်ရှိမှုတွေကတော့ လုပ်နိုင်တယ်.....
သူတို့ တစ်ပါးစီက မဟာတာအို တစ်ခုစီကို ပိုင်စိုးထားကြပြီး ဒီမဟာတာအို သုံးထောင်နဲ့ သူတို့ရဲ့ ဆက်သွယ်မှုက သဘာဝအရကို အလွန်နီးကပ်နေတာမလို့... မဟာတာအိုတစ်ခုရဲ့ ပိုင်ရှင်သစ်ဖြစ်တဲ့ ဘယ်သူမဆို သူတို့ရဲ့ အာရုံခံသိရှိမှုကနေ မလွတ်မြောက်နိုင်ဘူး......
ဒါကြောင့် တာအိုအရှင်သခင်အဆင့် တည်ရှိမှုတစ်ခုက မင်းကို လမ်းညွှန်ပေးမယ်ဆိုရင်... တာအိုအရှင်သခင်တွေ နေရာယူပြီးသား မဟာတာအိုတွေကို လွယ်လွယ်ကူကူ ရှောင်ရှားနိုင်လိမ့်မယ် "
ရှူလောင်မှ အသေးစိတ် ရှင်းပြလေသည်။
" တာအိုအရှင်သခင်ရဲ့ လမ်းညွှန်မှု..... "
ကုချန်မှာ ဆွံ့အသွားရကာ ရှူလောင်၏ နည်းလမ်းမှာ ဘာမှမပြောသည်နှင့် အတူတူဟုပင် ခံစားလိုက်ရ၏။
ဤစကြာဝဠာအတွင်း တာအိုအရှင်သခင်အဆင့် တည်ရှိမှုများ၏ ခြေရာများ လုံးဝနီးပါး ပျောက်ကွယ်နေပြီဟု သူကိုယ်တိုင် ယခုလေးတင် ပြောခဲ့သည် မဟုတ်ပါလော။
ထို့ပြင် ထိုတာအိုအရှင်သခင်အဆင့် တည်ရှိမှုများသည် စကြာဝဠာ၏ ပျက်သုဉ်းချိန် ရောက်မှသာ ကပ်စက်ဝန်း၏ စကြာဝဠာထဲသို့ နည်းလမ်းအမျိုးမျိုးဖြင့် ဝင်ရောက်လာနိုင်ကြခြင်းပင်။
သို့ဆိုလျှင် ဤစကြာဝဠာအတွင်း တာအိုအရှင်သခင်အဆင့် တည်ရှိမှုတစ်ခုနှင့် တွေ့ဆုံရန် ဖြစ်နိုင်ခြေ မည်မျှပင် နည်းပါးလိုက်မည်နည်း။ တစ်သက်တာလုံး ရှာဖွေလျှင်ပင် တာအိုအရှင်သခင်အဆင့် တည်ရှိမှုတစ်ခု၏ အရိပ်အယောင်ကိုမျှ တွေ့ရမည် မဟုတ်သည်မှာ သေချာလှပေသည်။
ထို့အပြင် တကယ်တမ်း ကံကောင်းလွန်း၍ တာအိုအရှင်သခင်အဆင့် တည်ရှိမှုတစ်ခုနှင့် တွေ့ဆုံခဲ့လျှင်ပင် ထိုသူက အဘယ်ကြောင့် လမ်းညွှန်ပေးလိမ့်မည်နည်း။
တာအိုအရှင်သခင်နေရာကို ရယူနိုင်သူများသည် သဘောကောင်းသူများ ဖြစ်လိမ့်မည်ဟု ကုချန် လုံးဝ မထင်ထားပေ။
ဤအဆင့်သို့ ရောက်ရှိပြီး တာအိုတစ်ခု၏ အရှင်သခင် ဖြစ်လာသူများအားလုံးသည် ကိုယ်ပိုင်ကပ်စက်ဝန်းများတွင် မရေမတွက်နိုင်သော နှစ်ကာလများစွာ တိုက်ပွဲဝင်ခဲ့ကြ၍ သက်ရှိပေါင်းစုံ၏ အရိုးခေါင်းများကို နင်းဖြတ်ကာ အမြင့်ဆုံးနေရာသို့ တစ်လှမ်းချင်း တက်လှမ်းလာခဲ့ကြသော စကြာဝဠာကို အပေါ်စီးမှ ကြည့်နိုင်သည့် အထွတ်အထိပ် အရှင်သခင်ကြီးများသာ ဖြစ်ကြ၏။
ထိုကဲ့သို့သော တည်ရှိမှုမျိုးမှာ မျက်နှာသစ်တစ်ယောက်ကို လမ်းညွှန်ပေးရန် မည်သို့လုပ် အားလပ်နေမည်နည်း။
ထို့အပြင် သူတို့ ကပ်စက်ဝန်းတစ်ခု၏ စကြာဝဠာထဲသို့ ဝင်ရောက်လာတိုင်း သူတို့၏ ရည်ရွယ်ချက်မှာ သူတို့နှင့် တာအိုတူညီသော နောက်မှရောက်လာသူများကို သတ်ဖြတ်ရန်သာ အဖြစ်နိုင်ဆုံးပင်။
ဤသို့ဆိုလျှင် သူတို့မှ အခြားသော အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုများကို အကြောင်းမဲ့ သတ်မပစ်လျှင်ပင် တော်လှပြီဖြစ်ရာ တစ်စုံတစ်ယောက်ကို လမ်းညွှန်ပေးရန် မည်သို့လုပ်၍ သဘောကောင်းနိုင်မည်နည်း။
ထို့ကြောင့် ရှူလောင်၏ နည်းလမ်းမှာ လက်တွေ့တွင် လုံးဝ အသုံးမဝင်ချေ!
" မဟုတ်ဘူး... မဟုတ်ဘူး "
ကုချန်၏ တုံ့ပြန်မှုကို မြင်သောအခါ ရှူလောင်သည် ကုချန် ဘာတွေးနေသည်ကို သိသွားဟန်ဖြင့် အလျင်အမြန် ရှင်းပြလေသည်။
" တာအိုအရှင်သခင်အဆင့် တည်ရှိမှုတွေက တာအိုကို သက်သေပြပြီး ကျော်လွန်သွားကြပြီ ဆိုပေမဲ့... သူတို့မှာ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ သွေးဆက်မျိုးဆက်တွေ ရှိနေသေးတယ်လေ! "
" အရှင် ဆိုလိုတာက စကြာဝဠာ ပျက်သုဉ်းချိန်မှာ တာအိုအရှင်သခင်အဆင့် တည်ရှိမှုတွေက သူတို့ရဲ့ ပတ်ဝန်းကျင်က လူတွေကိုပါ အသက်ရှင်အောင် ကာကွယ်ပေးနိုင်တယ်လို့ ပြောချင်တာလား "
ကုချန်သည် စဉ်းစားဟန်ဖြင့် မေးမြန်းလိုက်၏။
" မှန်တယ် "
ရှူလောင်သည် ကုချန်၏ ခန့်မှန်းချက်ကို အတည်ပြုပေးသည့်အလား ၎င်း၏ အကိုင်းအခက်များကို လှုပ်ခတ်လိုက်၏။
" စကြာဝဠာကြီး ပျက်သုဉ်းခါနီးအချိန်မှာ စကြာဝဠာထဲမှာ ကျန်ရစ်နေသေးတဲ့ တာအိုအရှင်သခင်တွေရဲ့ သွေးဆက်တွေကို စကြာဝဠာပြင်ပက တာအိုအရှင်သခင်တွေက ဆင့်ခေါ်လိမ့်မယ်ဆိုတဲ့ ဒဏ္ဍာရီတွေ ရှိတယ်... စကြာဝဠာ အဆုံးမသတ်ခင်မှာ သူတို့က ဒီပြိုကျပျက်စီးနေတဲ့ ကပ်စက်ဝန်းထဲကနေ ခေါ်ထုတ်ခံရပြီး စကြာဝဠာများစွာနဲ့အတူ ပျက်သုဉ်းရမယ့် ကံကြမ္မာကနေ ကင်းလွတ်ခွင့် ရသွားကြတယ် "
ရှူလောင်မှ ဖြည်းညင်းစွာ ပြောဆိုလိုက်၏။ သူ၏အသံတွင်လည်း ဖုံးကွယ်မရသော အားကျမှုများ ပါဝင်နေလေသည်။
" သက်ရှိအားလုံး တောင့်တကြတဲ့ တစ်ဖက်ကမ်းကို ကူးဖြတ်နိုင်မယ့် အခွင့်အရေးကို ဒီတာအိုအရှင်သခင်တွေရဲ့ သွေးဆက်မျိုးဆက်တွေက မွေးကတည်းက ပိုင်ဆိုင်ထားကြတာပဲ "
ရှူလောင်၏စကားကို နားထောင်ရင်း ကုချန်မှာ ခံစားချက်များစွာ ဖြစ်ပေါ်လာရ၏။
ရှူလောင် အားကျနေသည်မှာလည်း အံ့သြစရာ မဟုတ်ပေ။
အောက်ခြေမှ ရုန်းကန်လာခဲ့ရပြီး ကပ်စက်ဝန်းတစ်ခု၏ အထွတ်အထိပ်တွင် အောင်မြင်စွာ ရပ်တည်နိုင်ခဲ့ကာ တာအိုအရှင်သခင်အဆင့်သို့ ရောက်ရန် နီးစပ်ခဲ့သော ရှူလောင်ကဲ့သို့ လူပင်လျှင် စကြာဝဠာ ပျက်သုဉ်းမှုမှ အသက်ရှင်ကျန်ရစ်ရန် နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့ရပြီး နောက်ဆုံးတွင် လူနှင့်လည်းမတူ သရဲတစ္ဆေနှင့်လည်းမတူသော ဤအသွင်အပြင်သို့ပင် ပြောင်းလဲသွားခဲ့ရသည်။
ထိုမျှ ကြီးမားသော တန်ဖိုးကို ပေးဆပ်ခဲ့ရသော်လည်း နောက်ဆုံးရလဒ်မှာ အသက်ကို ခဲယဉ်းစွာ အချိန်အနည်းငယ် ပိုဆွဲဆန့်နိုင်ရုံမျှသာ ဖြစ်ခဲ့ကာ သေဆုံးရမည့် ကံကြမ္မာမှ မရှောင်လွှဲနိုင်ခဲ့ပေ။
ယနေ့ ကုချန်နှင့်သာ မတွေ့ခဲ့လျှင် ဤအရောင်ငါးမျိုး ဝိညာဉ်အရည် တစ်ဆုပ်စာ ခန်းခြောက်သွားသည်နှင့် နှစ်အနည်းငယ်အတွင်း သူ သေဆုံးသွားနိုင်ကာ ဤပျက်စီးနေသော ရှေးဟောင်းစကြာဝဠာကြီးနှင့်အတူ ပျက်သုဉ်းသွားရမည်သာ ဖြစ်သည်။
ထိုသို့ဆိုလျှင် ထိုတာအိုအရှင်သခင်အဆင့် တည်ရှိမှုများ၏ သွေးဆက်များဆိုလျှင်ကော။
သူတို့၏ကျင့်ကြံခြင်းမှာ သာမန်မျှသာ ဖြစ်ပြီး ကျော်လွန်တက်လှမ်းသည့် အဆင့်နှင့် အလှမ်းဝေးနေလျှင်တောင် စကြာဝဠာ၏ အဆုံးသတ်ကို ရောက်လာချိန်တွင် တာအိုအရှင်သခင်အဆင့် တည်ရှိမှုများ၏ ကာကွယ်မှုကို ရရှိကာ စကြာဝဠာများ လည်ပတ်ပျက်သုဉ်းခြင်း ကပ်ဘေးကြီးမှ ကင်းလွတ်၍ မည်သည့် အားစိုက်ထုတ်မှုမှ မလိုဘဲ ဆက်လက် ရှင်သန်နိုင်ကြမည် ဖြစ်သည်။
ထိုနှစ်ခုကို နှိုင်းယှဉ်ကြည့်လိုက်လျှင် အမှန်တကယ်ပင် 'လူနဲ့လူ ယှဉ်ရင် တစ်ယောက်က သေရပြီး၊ ပစ္စည်းနဲ့ပစ္စည်း ယှဉ်ရင် တစ်ခုက လွှင့်ပစ်ခံရတယ်' ဆိုသည့် အခြေအနေမျိုးပင် ဖြစ်လေသည်။
" ဒါဆိုရင် အဲဒါက တာအိုအရှင်သခင်အဆင့် တည်ရှိမှုတစ်ခုရဲ့ လမ်းညွှန်မှုနဲ့ ဘာဆိုင်လို့လဲ... တာအိုအရှင်သခင်တွေ ကာကွယ်ပေးထားတဲ့ ဒီလူတွေက ဒီစကြာဝဠာထဲမှာ မရှိတော့ဘူး မဟုတ်လား "
ကုချန်မှ စူးစမ်းချင်စိတ်ဖြင့် မေးမြန်းလိုက်၏။
ရှူလောင်၏စကားအရ စကြာဝဠာ ပျက်သုဉ်းချိန်တွင် ထိုတာအိုအရှင်သခင်အဆင့် တည်ရှိမှုများ၏ သွေးဆက်မျိုးဆက်များကို တာအိုအရှင်သခင်များမှ ခေါ်ဆောင်သွားမည်ဖြစ်ရာ ထိုသို့ဖြင့် စကြာဝဠာနှင့်အတူ ပျက်သုဉ်းမည့် ကပ်ဘေးကို ရှောင်လွှဲနိုင်မည် ဖြစ်သည်။
သို့သော် ထိုသို့ဆိုလျှင် ဤသွေးဆက်မျိုးဆက်များမှာ ဤစကြာဝဠာထဲတွင် ရှိမနေတော့သည် မဟုတ်ပါလော။
ထို့အပြင် တာအိုအရှင်သခင်အဆင့် တည်ရှိမှုတစ်ခုထံမှ လမ်းညွှန်မှု ရနိုင်သည်ဆိုသော ရှူလောင်၏ ယခင်စကားနှင့် ဤအရာက ဘာပတ်သက်နေသနည်း။
" မင်းပြောတာ မှန်ပါတယ်... စကြာဝဠာ ပြိုကျပျက်စီးချိန်မှာ ဒီတာအိုအရှင်သခင်တွေရဲ့ သွေးဆက်မျိုးဆက်တွေက စကြာဝဠာထဲကနေ ထွက်ခွာသွားကြတာ အမှန်ပဲ.....
ဒါပေမဲ့ နောက်ကပ်စက်ဝန်း ရောက်လာတဲ့အခါ... တာအိုအရှင်သခင်တွေ ဂုဏ်ယူရတဲ့ သွေးဆက်မျိုးဆက်တချို့ကိုတော့ နောက်ကပ်စက်ဝန်းရဲ့ စကြာဝဠာထဲကို ပြန်ပို့ပေးဖို့အတွက်... သူတို့ နည်းလမ်းပေါင်းစုံကို သုံးပြီး ကြိုးစားကြသေးတယ် "
ထိုသို့ပြောနေရင်းဖြင့် တစ်စုံတစ်ယောက် ကြားသွားမည်ကို စိုးရိမ်သည့်အလား ရှူလောင်၏ အသံမှာ အနည်းငယ် နက်ရှိုင်းကာ လျှို့ဝှက်ဆန်းကြယ်လာလေသည်။
" ဒီတာအိုအရှင်သခင်တွေရဲ့ သွေးဆက်မျိုးဆက်တွေဟာ... တာအိုအရှင်သခင်တွေလိုပဲ နောက်ကပ်စက်ဝန်းက စကြာဝဠာရဲ့ အလိုဆန္ဒကြောင့် ငြင်းပယ်ခံရလိမ့်မယ်.....
ဒါပေမဲ့ ဒီတာအိုအရှင်သခင် မျိုးဆက်တွေရဲ့ စွမ်းအားက မပြင်းထန်တဲ့အတွက်... သူတို့အပေါ် သက်ရောက်တဲ့ စကြာဝဠာအလိုဆန္ဒရဲ့ ငြင်းပယ်မှု စွမ်းအားကလည်း သိပ်မကြီးမားလှဘူး.....
တာအိုအရှင်သခင်အဆင့် တည်ရှိမှုတွေက... သူတို့ရဲ့ မျိုးဆက်တွေကို နောက်ကပ်စက်ဝန်းရဲ့ စကြာဝဠာထဲ အောင်မြင်စွာ ပြန်ပို့ပေးဖို့ နည်းလမ်းတချို့ကို အသုံးပြုရုံနဲ့ ရတယ်... ဒါပေမဲ့ ပြန်ပို့ခံရတဲ့ မျိုးဆက် အရေအတွက်ကတော့ သိပ်များမှာ မဟုတ်ဘူး.....
ပြီးတော့ အဲဒီတာအိုအရှင်သခင်တွေက သူတို့ အချစ်ရဆုံး မျိုးဆက်တွေကို ဘာလို့ ပြန်ပို့ရသလဲဆိုတဲ့ အကြောင်းရင်း ရှိတယ် "
" ဘာအကြောင်းရင်းလဲ "
ကုချန်မှ ချက်ချင်းပင် သိလိုစွာ မေးမြန်းလိုက်၏။
" တာအိုအရှင်သခင်အဆင့်ကို တက်လှမ်းဖို့အတွက် ဒီကပ်စက်ဝန်းရဲ့ စကြာဝဠာထဲမှာပဲ လုပ်ရလို့ပေါ့! "
ရှူလောင်မှ တိုးညင်းသော အသံဖြင့် ပြောဆိုလေသည်။
" ဒီတာအိုအရှင်သခင်တွေရဲ့ သွေးဆက်မျိုးဆက်တွေဟာ အရင်ကပ်စက်ဝန်း ပြိုကျပျက်စီးချိန်မှာ သူတို့ ဘိုးဘေးတွေရဲ့ ကာကွယ်ပေးမှုကြောင့် ကပ်ဘေးကနေ လွတ်မြောက်ခဲ့ကြပေမဲ့... တချိန်တည်းမှာပဲ တာအိုအရှင်သခင် နေရာကို တက်လှမ်းနိုင်မယ့် အခွင့်အရေးကို ဆုံးရှုံးသွားကြတယ်.....
ဒါကြောင့်... တာအိုအရှင်သခင်အဆင့်ကို ထပ်ပြီး တက်လှမ်းချင်တယ်ဆိုရင်တော့ လမ်းကြောင်းတစ်ခုပဲ ရှိတော့တယ်... အဲဒါက စကြာဝဠာထဲ ပြန်သွားပြီး နောက်ကပ်စက်ဝန်းမှာ တာအိုအရှင်သခင် ဖြစ်လာအောင် လုပ်ဖို့ပဲ! "