အခန်း ၅၂၈
Vol. 38 Ch. 528
အခန်း ( ၅၂၈ ) - အေးချမ်းမှုမရှိခြင်း၊ တာအိုအရှင်သခင်၏ လျှို့ဝှက်ချက်များနှင့် တာအိုအတွက် ယှဉ်ပြိုင်ခြင်း
တာအိုအရှင်သခင်အဆင့်ကို တက်လှမ်းရန်အတွက် လက်ရှိကပ်စက်ဝန်း၏ ကောင်းကင်ဘုံများအတွင်း၌သာ ကျင့်ကြံ၍ တာအိုကို သက်သေပြနိုင်မည့် အခွင့်အရေး ရရှိနိုင်မည်ဖြစ်သည်။
ရှူလောင်၏စကားများကြောင့် ကုချန်မှာ ရုတ်တရက် သဘောပေါက်သွားခဲ့၏။ ဤသည်မှာ သူ ယခင်က တစ်ခါမျှ မကြားဖူးခဲ့သော ကောင်းကင်ဘုံများ၏ နောက်ထပ် လျှို့ဝှက်ချက်တစ်ခုပင် ဖြစ်လေသည်။
မည်သည့်အကြောင်းကြောင့်မှန်း ကုချန် မသိသော်လည်း ကောင်းကင်ဘုံများ၏ ပြင်ပတွင် တာအိုသက်သေပြရန်အတွက် လိုအပ်သော အရာအချို့ ကင်းမဲ့နေသောကြောင့် ကောင်းကင်ဘုံများအတွင်း၌သာ တာအိုကို သက်သေပြနိုင်ခြင်း ဖြစ်မည်ဟု သူ ခန့်မှန်းမိလေသည်။
" ဒါဆိုရင် အဲဒီတာအိုအရှင်သခင်တွေက သူတို့ အချစ်ရဆုံး သွေးဆက်မျိုးဆက်တွေကို နောက်ကပ်စက်ဝန်း ဒါမှမဟုတ် နောက်ထပ် ကပ်စက်ဝန်းတွေရဲ့ ကောင်းကင်ဘုံတွေဆီ ပို့ဆောင်တာဟာ သူတို့ တာအိုအရှင်သခင်နေရာကို ရယူနိုင်ဖို့အတွက် သက်သက်ပဲပေါ့ "
ကုချန်မှ ခန့်မှန်းချက် ထုတ်လိုက်၏။
" မှန်တာပေါ့! "
ရှူလောင်သည် ခေါင်းညိမ့်ပြလျက် ကုချန်အား သဘောတူလိုက်လေသည်။
" တာအိုအရှင်သခင်တစ်ပါးရဲ့ သွေးဆက်က သေချာပေါက် ထူးကဲပြီး သာမန်သက်ရှိအားလုံးထက် အများကြီး သာလွန်တယ်... တာအိုအရှင်သခင် တစ်ပါးအတွက် သူ့ရဲ့ အလေးထားရဆုံး မျိုးဆက် တစ်ယောက် နှစ်ယောက်က တာအိုအရှင်သခင်နေရာကို တက်လှမ်းနိုင်မယ့် အခွင့်အရေးရှိမယ်ဆိုရင်... ကျိန်းသေပေါက် သူက နှမြောနေမှာ မဟုတ်ဘဲ နောက်ကပ်စက်ဝန်းဆီကို ပို့ပေးနိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားမှာပဲ.....
နောက်ကပ်စက်ဝန်းမှာ တာအိုကို သက်သေမပြနိုင်ဘူးဆိုရင်တောင်... အခွင့်အရေးရှိရင် နောက်ထပ် ကပ်စက်ဝန်းတွေဆီ ဆက်ပြီး ပို့ပေးဦးမှာပဲ.....
ငါ့ခန့်မှန်းချက်အရ... တာအိုအရှင်သခင်အဆင့် တည်ရှိမှုတွေက သူတို့ရဲ့ သွေးဆက်တွေကို ဘာလို့ ဒီလောက်တောင် တန်ဖိုးထားရသလဲဆိုရင်... ဒီကောင်းကင်ဘုံတွေရဲ့ ပြင်ပက အေးချမ်းမှု မရှိလောက်လို့ပဲ... တာအိုအရှင်သခင်အဆင့် တည်ရှိမှုတွေကတောင် အေးအေးချမ်းချမ်းနဲ့ ထာဝရ အသက်ရှင်နိုင်တာမျိုး မဖြစ်နိုင်ဘူး.....
ဒါကြောင့် သူတို့ရဲ့ စွမ်းအားကို တတ်နိုင်သမျှ မြှင့်တင်ဖို့ လိုအပ်လာတာပဲ... တကယ်လို့ သူတို့ရဲ့ သွေးဆက်မျိုးဆက်တွေက တာအိုအရှင်သခင်အဆင့်ကို ထပ်ပြီး သက်သေပြနိုင်မယ်ဆိုရင်... ကျိန်းသေပေါက် သူတို့အဖွဲ့ရဲ့ အင်အားက အများကြီး မြင့်တက်လာပြီး... ကပ်ဘေးတချို့ကို ခုခံနိုင်စွမ်းနဲ့ အဆုံးမဲ့ကမ္ဘာတွေရဲ့ ပြင်ပက တိုက်ပွဲတွေမှာ ဦးဆောင်နိုင်စွမ်းပိုရလာပြီး ပိုအသံကောင်းဟစ်နိုင်လာမှာပေါ့ "
အဆုံးမဲ့ကမ္ဘာတွေရဲ့ ပြင်ပက အေးချမ်းမှုမရှိဘူးတဲ့လား။
ရှူလောင်၏ စကားများကြောင့် ကုချန်မှာ သက်ပြင်းချလိုက်မိ၏။ လူတို့သည် တာအိုအရှင်သခင်အဆင့်သို့ တက်လှမ်းခြင်းကို အမြင့်ဆုံးပန်းတိုင်အဖြစ် သတ်မှတ်ထားကြ၍ ထိုသို့ဖြစ်လာပါက ထာဝရမသေနိုင်တော့ဘဲ အထွတ်အထိပ်သို့ ရောက်ရှိသွားမည်ဟု ယုံကြည်ထားကြသည်။
သို့သော် ဤအဆုံးမဲ့ ကောင်းကင်ဘုံများကသာ အမှန်တကယ် ဘေးကင်းလုံခြုံသော နေရာဖြစ်နေခဲ့လျှင်ကော မည်သို့ဖြစ်မည်နည်း။
သို့သော် ဤအရာအားလုံးမှာ ရှူလောင်၏ ခန့်မှန်းချက်သာ ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူသည် တာအိုအရှင်သခင်အဆင့် တည်ရှိမှုတစ်ခု မဟုတ်သကဲ့သို့ ထိုအရာအားလုံးကို ကိုယ်တိုင် မျက်မြင်တွေ့ရှိနိုင်ခြင်းလည်း မရှိပေ။ ထိုအရာမှာ အမှန်ဖြစ်နိုင်သော်လည်း သူပြောသမျှ မှန်ကန်နေမည်ဟု သေချာပေါက် ဆိုလို၍ မရနိုင်ချေ။
" ဒီလောက်များပြားတဲ့ လျှို့ဝှက်ချက်တွေကို ခင်ဗျား ဘယ်လိုလုပ် သိနေတာလဲ "
ကုချန်သည် အနည်းငယ် ထူးဆန်းအံ့သြစွာဖြင့် မေးမြန်းလိုက်၏။
ဤအရာအားလုံးမှာ ရှူလောင်၏ ခန့်မှန်းချက်များသာ ဖြစ်သည်ဆိုလျှင်တောင် အလွန်တရာ ထူးဆန်းလွန်းနေလေသည်။
တာအိုအရှင်သခင်အဆင့်ကို မရောက်ရှိပါဘဲနှင့် တာအိုအရှင်သခင်အဆင့်နှင့် ပတ်သက်သော လျှို့ဝှက်ချက်များစွာကို သူ မည်သို့ သိရှိနိုင်မည်နည်း။ ဤရှူလောင်၏ ဇာစ်မြစ်နှင့် အခြေခံအုတ်မြစ်သည် ကပ်စက်ဝန်းတစ်ခုအတွင်းမှ အနာဂတ်တာအို သက်သေပြမည့်သူ ဖြစ်ရုံသက်သက်လောက် ရိုးရှင်းမည် မဟုတ်ချေ။
" ဟီးဟီး... ငါ မေ့သွားပြီ... ငါ့ရဲ့ အသိစိတ်ပင်လယ်ထဲမှာ ဒီမှတ်ဉာဏ်တွေကို ပြန်တွေ့လိုက်ရုံပဲ... ဘယ်ကနေ သိလာခဲ့တာလဲဆိုတာကိုတော့ အခု ငါ မပြောတတ်တော့ဘူး "
ရှူလောင်မှ ဝေဝါးစွာဖြင့် ပြန်လည် ဖြေဆိုလေသည်။
လက်ရှိမှာ သူ၏ရုပ်ခန္ဓာ ပျက်စီးကာ နတ်ဝိညာဉ် အပြင်းအထန် ဒဏ်ရာရရှိထားသည့် အခြေအနေသို့ ကျဆင်းသွားခဲ့ပြီဖြစ်ရာ သူ၏ အသိစိတ်ပင်လယ် မှတ်ဉာဏ်များသည် သဘာဝကျကျပင် ဆယ်ပုံတစ်ပုံထက်ပင် ပို၍နည်းပါးနေပြီ ဖြစ်သည်။
သို့သော် ရှူလောင်ကိုယ်တိုင်ပင် သူ့တွင် ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သော အခြေခံအုတ်မြစ် သို့မဟုတ် ဇာစ်မြစ်မျိုး ရှိနေသည်ဟု တစ်ခါမျှ မယုံကြည်ခဲ့ပေ။ ဤသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ ရှင်းလင်းလှ၏။
အကယ်၍ သူ၏အခြေခံအုတ်မြစ်သည် အမှန်တကယ်ပင် ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်စွမ်းရှိ၍ သူ၏ဇာစ်မြစ်သည်လည်း အလွန်တရာ ထူးကဲနေမည်ဆိုပါက ယနေ့ကဲ့သို့သော အလွန်တရာ ဆိုးရွားသည့် အခြေအနေမျိုးသို့ သူ မည်သို့ ကျရောက်ခဲ့မည်နည်း။
" ငါတို့ အရင်အကြောင်းအရာကိုပဲ ဆက်ကြတာပေါ့... တာအိုအရှင်သခင်အဆင့် တည်ရှိမှုတွေက သူတို့ရဲ့ မျိုးဆက်တွေကို နောက်ထပ် ကပ်စက်ဝန်းတွေဆီ ပို့လွှတ်တယ်ဆိုတာဟာ... ကပ်စက်ဝန်းတိုင်းမှာ အဆုံးမဲ့ကမ္ဘာတွေ ပြင်ပကနေ လာရောက်တဲ့ ဧည့်သည်တွေ အမှန်တကယ် ရှိနေတယ်ဆိုတာကို ဆိုလိုတာပဲ "
ရှူလောင်သည် အကြောင်းအရာကို သိမ်မွေ့စွာ ပြောင်းလဲလိုက်၍ တာအိုအရှင်သခင်အဆင့်၏ လျှို့ဝှက်ချက်များကို ဆက်လက် ပြောဆိုလေသည်။
" အဲဒီလိုဆိုရင်တော့ ကပ်စက်ဝန်းတိုင်းမှာရှိတဲ့ အဆုံးမဲ့ကမ္ဘာတွေ ပြင်ပကနေ လာရောက်တဲ့ ဧည့်သည် အရေအတွက်က ကြောက်ခမန်းလိလိ များပြားနေရမှာပေါ့ "
ကုချန်သည် ရှူလောင်မှ တစ်စုံတစ်ခုကို တမင် ဖုံးကွယ်ထားသည်ဖြစ်စေ ဖုံးကွယ်မထားသည်ဖြစ်စေ ဂရုမစိုက်ခဲ့ပေ။ လူတိုင်းတွင် ကိုယ်ပိုင်လျှို့ဝှက်ချက်များ ရှိကြ၍ ကုချန်သည်လည်း အတင်းအကျပ် စူးစမ်းလိုစိတ် မရှိခဲ့ချေ။ တစ်ဖက်လူမှ သူ့အပေါ် မကောင်းသော ရည်ရွယ်ချက် မရှိကြောင်း သေချာနေလျှင် လုံလောက်ပြီပင်။
" တကယ်တော့ အဲဒီလို မဟုတ်ဘူး "
ကုချန်၏စကားကို ကြားသောအခါ ရှူလောင်မှာ ချက်ချင်း ငြင်းဆိုလိုက်၏။
" ကပ်စက်ဝန်းတိုင်းမှာရှိတဲ့ အဆုံးမဲ့ကမ္ဘာပြင်ပက ဧည့်သည် အရေအတွက်က အဲဒီလောက် မများပါဘူး... ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့ သွေးဆက်မျိုးဆက်တွေကို ကောင်းကင်ဘုံတွေထဲ ပို့လွှတ်ဖို့ဆိုတာ တာအိုအရှင်သခင်အဆင့် တည်ရှိမှုတစ်ခုအတွက်တောင် ကြီးမားတဲ့ တန်ဖိုးတစ်ခု ပေးဆပ်ရလို့ပဲ.....
ဥပမာအနေနဲ့... တာအိုအရှင်သခင်အဆင့် တည်ရှိမှုတစ်ခုက သူ့ရဲ့ မျိုးဆက်ကို မင်းရှိနေတဲ့ လက်ရှိကပ်စက်ဝန်းထဲကို ပို့လွှတ်လိုက်တယ်ဆိုပါစို့... တကယ်လို့ အဲ့ဒီသူက တာအိုကို သက်သေပြဖို့ အောင်မြင်သွားခဲ့ရင် ကျိန်းသေပေါက် လူတိုင်း ပျော်ရွှင်ရမှာပေါ့.....
ဒါပေမဲ့ သူ့ရဲ့ မျိုးဆက်က တာအိုအရှင်သခင်အဆင့်ကို မတက်လှမ်းနိုင်ဘူးဆိုရင်တော့... အဲဒီတာအိုအရှင်သခင်မှာ ရွေးချယ်စရာ နှစ်ခု ရှိတယ်.....
ပထမတစ်ခုကတော့ လက်လျှော့လိုက်ပြီး ဒီမျိုးဆက်ကို ကပ်စက်ဝန်းနဲ့အတူ ပျက်သုဉ်းခွင့်ပြုလိုက်ဖို့ပဲ... ဘယ်လိုပဲဖြစ်ဖြစ် တာအိုအရှင်သခင်က သူပေးသင့်တဲ့ အခွင့်အရေးကို ပေးပြီးပြီလေ.....
ဒုတိယတစ်ခုကတော့ ကောင်းကင်ဘုံတွေ မပျက်သုဉ်းခင်မှာ မျိုးဆက်ကို ပြင်ပကို ဆက်ပြီးခေါ်ထုတ်သွားဖို့ပဲ... တကယ်လို့ ဒီမျိုးဆက်က တာအိုအရှင်သခင်အဆင့်ကို တက်လှမ်းနိုင်မယ့် အခွင့်အရေး ရှိသေးတယ်လို့ တာအိုအရှင်သခင်က ယုံကြည်မယ်ဆိုရင်... ကပ်စက်ဝန်းများစွာ ကြာပြီးတဲ့နောက်မှာ ကပ်စက်ဝန်းတစ်ခုရဲ့ အဆုံးမဲ့ ကောင်းကင်ဘုံတွေထဲကို သူ့ကို ထပ်မံထည့်သွင်းပြီး တာအိုကို ဆက်လက်သက်သေပြဖို့ ကြိုးစားခွင့်ပြုလိမ့်မယ်.....
ဒါပေမဲ့... ဒီလိုအခွင့်အရေးမျိုးက တာအိုအရှင်သခင်ရဲ့ အရမ်းကို တန်ဖိုးထားခံရတဲ့ မျိုးဆက်တွေအတွက်ပဲ ရရှိနိုင်တာပါ... ဘာကြောင့်လဲဆိုတော့ မျိုးဆက်တစ်ယောက်ကို ကပ်စက်ဝန်းတစ်ခုထဲ ပို့လွှတ်ရတဲ့ ကုန်ကျစရိတ်က... တာအိုအရှင်သခင်အဆင့် တည်ရှိမှုတစ်ခုတောင်မှ လွယ်လွယ်ကူကူ ခံနိုင်ရည်ရှိတဲ့အရာ မဟုတ်လို့ပဲ.....
ဒါကြောင့်... တာအိုအရှင်သခင်တစ်ပါးက သူ့ရဲ့ မျိုးဆက်ကို ကပ်စက်ဝန်းတစ်ခုထဲ ပို့လွှတ်ပြီးတဲ့နောက်မှာ... နောက်တစ်ကြိမ် တခြားကပ်စက်ဝန်းထဲ နောက်ထပ် မျိုးဆက်တစ်ယောက်ကို မပို့လွှတ်ခင် ကြားထဲမှာ ကပ်စက်ဝန်းများစွာ ခြားနေနိုင်တယ်... ဒီအချက်က ကပ်စက်ဝန်းတိုင်းမှာရှိတဲ့ အဆုံးမဲ့ကမ္ဘာတွေ ပြင်ပကနေ လာရောက်တဲ့ ဧည့်သည် အရေအတွက် သိပ်မများဘူးဆိုတာကို ပိုပြီး သေချာစေတာပေါ့.....
အဲ့ဒါအပြင် အဲဒီတာအိုအရှင်သခင်တွေက သေချာချိန်ဆ စဉ်းစားကြဦးမှာ... ပုံမှန်အားဖြင့်တော့ သူတို့ရဲ့ မျိုးဆက်တွေကို ကပ်စက်ဝန်းတစ်ခုတည်းထဲကို အတူတူ ပို့လွှတ်မှာ မဟုတ်ကြဘူး... ဘာလို့လဲဆိုတော့ တူတူပို့လိုက်တာက သူတို့ရဲ့ ကိုယ်ပိုင်မျိုးဆက်တွေ တာအိုသက်သေပြနိုင်မယ့် အခွင့်အရေးကို လျော့ကျစေတာကလွဲရင် တခြားဘာမှ ဖြစ်မလာလို့ပဲ "
ရှူလောင်၏ရှင်းပြချက်ကို နားထောင်ရင်း ကုချန်မှာ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်လေသည်။
ကပ်စက်ဝန်းတစ်ခုထဲသို့ ဝင်ရောက်လာမည့် အဆုံးမဲ့ကမ္ဘာများ ပြင်ပမှ ဧည့်သည် အရေအတွက်မှာ သိပ်များမည် မဟုတ်ပေ။
သို့ဆိုလျှင်.....
" မဟာတာအိုတစ်ခုမှာ ပိုင်ရှင်ရှိမရှိ အာရုံခံနိုင်တဲ့အကြောင်း အရင်ကပြောခဲ့တာ... အဲဒါက ဒီအဆုံးမဲ့ကမ္ဘာတွေ ပြင်ပကလာတဲ့ ဧည့်သည်တွေဆီကနေ သိရမှာလား "
ကုချန်မှ တွေးတောဟန်ဖြင့် မေးမြန်းလိုက်၏။
" မှန်တာပေါ့! ငါတို့ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ဒီတာအိုအရှင်သခင်တွေရဲ့ မျိုးဆက်တွေဆီကနေ ရယူရမှာပဲ! "
ရှူလောင်မှ ရယ်မောလျက် ပြောဆိုလိုက်၏။
" ဒါပေမဲ့ မဟာတာအိုသုံးထောင် ဆိုတာ အဆုံးအစမရှိ ရှုပ်ထွေးလွန်းတယ်... သူတို့ရဲ့ မျိုးဆက်က ဘယ်မဟာတာအိုကို သက်သေပြချင်တယ်ဆိုတာကို အဲဒီတာအိုအရှင်သခင်တွေက ဘယ်လိုလုပ် သိပြီး ကြိုတင် အသိပေးနိုင်မှာလဲ... တစ်ခုတည်းသော ဖြစ်နိုင်ချေက အဲ့ဒီသူ ဒီကောင်းကင်ဘုံတွေထဲ မဝင်ရောက်လာခင်ကတည်းက... ဘာအမှားအယွင်းမှ မဖြစ်အောင် သူ သက်သေပြရမယ့် မဟာတာအိုကို ကြိုတင် သတ်မှတ်ပေးထားတာပဲ ဖြစ်ရမယ် "
ကုချန်မှာ မျက်မှောင်ကျုံ့လျက် ပြောဆိုလိုက်၏။
" မင်း ခန့်မှန်းတာ မှန်ပါတယ်... အဆုံးမဲ့ကမ္ဘာ ပြင်ပကလာတဲ့ ဒီတာအိုအရှင်သခင်ရဲ့ မျိုးဆက်တွေအတွက် သူတို့ သက်သေပြရမယ့် မဟာတာအိုကို... ကပ်စက်ဝန်းတစ်ခုရဲ့ ကောင်းကင်ဘုံတွေထဲ မဝင်ရောက်လာခင်ကတည်းက အဲဒီတာအိုအရှင်သခင်တွေက ကြိုတင် သတ်မှတ်ပေးထားကြပြီးသားပဲ "
ရှူလောင်မှ ဖြည်းညင်းစွာ ပြောဆိုလေသည်။
" ပြီးတော့ ငါတို့လုပ်ရမှာက ဒီတာအိုအရှင်သခင် မျိုးဆက်တွေရဲ့ ကိုယ်ပိုင်အမှတ်အသားတွေကို မြန်မြန်ဆန်ဆန် စုံစမ်းဖို့ နည်းလမ်းရှာပြီး... သူတို့ ဘယ်မဟာတာအိုကို သက်သေပြဖို့ ရည်ရွယ်ထားသလဲဆိုတာကို ရှာဖွေရုံပဲ... ဒါဆို လုံလောက်ပြီ "
ထိုတာအိုအရှင်သခင် မျိုးဆက်များ မည်သည့် မဟာတာအိုကို သက်သေပြရန် ရည်ရွယ်ထားကြောင်း သိရုံဖြင့် လုံလောက်သည်။
ရှူလောင်၏စကားများကြောင့် ကုချန်မှာ ချက်ချင်း တစ်စုံတစ်ခုကို နားလည်သွားခဲ့၏။
ဤအခြေအနေမှာ သူတို့သည် ထိုတာအိုအရှင်သခင် မျိုးဆက်များနှင့် တာအိုအတွက် ယှဉ်ပြိုင်ကြတော့မည် ဟူသော သဘောလော။
သေချာပေါက် ထိုတာအိုအရှင်သခင် မျိုးဆက်များ ကျင့်ကြံမည့် မဟာတာအိုများအားလုံးသည် ပိုင်ရှင်မရှိသေးသော တာအိုများသာ ဖြစ်ရပေမည်။ ထိုတာအိုကို ကျင့်ကြံပါက အခြား တာအိုအရှင်သခင်အဆင့် တည်ရှိမှုများထံမှ ဖိနှိပ်မှုကို ကြုံတွေ့ရမည် မဟုတ်ဘဲ ထိုတာအိုအရှင်သခင် မျိုးဆက်များနှင့် တာအိုအတွက် ယှဉ်ပြိုင်ရန်သာ လိုအပ်တော့မည် ဖြစ်သည်။