← Chapters

အခန်း ၅၂၉

Vol. 38 Ch. 529

အခန်း ၅၂၉

Vol. 38 Ch. 529

အခန်း ( ၅၂၉ ) - လုံခြုံသော ရွေးချယ်မှု၊ တစ်ခုတည်းသော နည်းလမ်းနှင့် လက်စားချေခြင်း တာအိုအတွက် ယှဉ်ပြိုင်ခြင်း

‎

‎

‎

‎တာအိုအရှင်သခင် တစ်ပါးနှင့် ယှဉ်ပြိုင်ရခြင်းထက် သူ၏ မျိုးဆက်နှင့် တာအိုအတွက် ယှဉ်ပြိုင်ရခြင်းက ပိုကောင်းပါသည်။

‎

‎

‎ဤသည်မှာ အလွန် သိသာထင်ရှားသော အမှန်တရား တစ်ခုပင်။

‎

‎

‎သို့သော်.....

‎

‎

‎" တကယ်လို့... ကျွန်တော်က တာအိုအရှင်သခင်ရဲ့ မျိုးဆက်တစ်ယောက်နဲ့ တာအိုအတွက် ယှဉ်ပြိုင်မယ်ဆိုရင်... သူတို့ရဲ့ ဘိုးဘေးက ဝင်မစွက်ဖက်ဘူးလား "

‎

‎

‎ကုချန်သည် မျက်မှောင်ကျုံ့ကာ မေးမြန်းလိုက်၏။

‎

‎

‎အဆုံးမဲ့ကမ္ဘာများအတွင်းသို့ ပို့လွှတ်ခံရသူများသည် တာအိုဘိုးဘေးများ အလေးထားရဆုံး မျိုးဆက်များသာ ဖြစ်ကြသည်။

‎

‎

‎အကယ်၍ တစ်စုံတစ်ယောက်မှ သူတို့၏ မျိုးဆက် သက်သေပြရန် ရည်ရွယ်ထားသော မဟာတာအို အခြေခံအုတ်မြစ်ကို လုယူနေကြောင်း သူတို့ သိရှိသွားပါက ထိုတာအိုအရှင်သခင်အဆင့် တည်ရှိမှုများမှာ ဘာမှမလုပ်ဘဲ လက်ပိုက်ကြည့်နေကြမည်လော။

‎

‎

‎" ဟင့်အင်း...ဝင်မစွက်ဖက်ကြပါဘူး "

‎

‎

‎ရှူလောင်မှ ပြတ်သားစွာ ငြင်းဆိုလိုက်၏။

‎

‎

‎" ငါ အရင်က ပြောခဲ့သလိုပဲ... ဒီကျယ်ပြောလှတဲ့ ကောင်းကင်ဘုံတွေက အဲဒီတာအိုအရှင်သခင်တွေ ဝင်ရောက်လာမှုကို ငြင်းပယ်ပြီး ဖယ်ကြဉ်ထားသလို... သူတို့ရဲ့ စောင့်ကြည့်မှုကိုပါ ငြင်းပယ်ထားတယ်.....

‎

‎သူတို့ရဲ့ ကိုယ်ပိုင်မျိုးဆက်တွေကို ကပ်စက်ဝန်းတစ်ခုရဲ့ ကောင်းကင်ဘုံတွေထဲကို ပို့လွှတ်ဖို့ဆိုတာက သူတို့ရဲ့ စွမ်းအားတော်တော်များများကို ကုန်ခမ်းစေပြီးသား... ဒီလိုအခြေအနေမှာ ဒီကောင်းကင်ဘုံတွေထဲက လှုပ်ရှားမှုတွေကို အမြဲတမ်း စောင့်ကြည့်နေဖို့ သူတို့ဆီမှာ ဘယ်လိုလုပ် စွမ်းအင်တွေ ကျန်နေတော့မှာလဲ.....

‎

‎သူတို့ တကယ် အာရုံစိုက်မိတဲ့ အချိန်ကျရင်... တာအိုယှဉ်ပြိုင်သူရဲ့ အခြေခံအုတ်မြစ်က ခိုင်မာနေလောက်ပြီဖြစ်လို့ ပစ်မှတ်ထားဖို့ အရမ်း နောက်ကျသွားလိမ့်မယ်.....

‎

‎အဲ့ဒါအပြင် တာအိုအရှင်သခင် နေရာကို သက်သေပြနိုင်တဲ့ သူတွေအားလုံးက သူတို့ရဲ့ ကိုယ်ပိုင်ကပ်စက်ဝန်းတွေမှာ အထွတ်အထိပ်ကို ရောက်ခဲ့ကြတဲ့ တည်ရှိမှုတွေချည်းပါပဲ... ဘာကိုများ မကြုံဖူးလို့လဲ... စစ်မှန်တဲ့ တောင်လိုခိုင်မာတဲ့ မဏ္ဍိုင်ကြီးတွေကို ဖန်လုံအိမ်ထဲမှာ မွေးမြူလို့မရဘူး ဆိုတာကို သူတို့ ကျိန်းသေပေါက် သိကြတာပေါ့.....

‎

‎တချို့ တာအိုအရှင်သခင်တွေဆိုရင် သူတို့ရဲ့ မျိုးဆက်တွေနဲ့ တာအိုအတွက် ယှဉ်ပြိုင်မယ့်သူ တစ်ယောက်ယောက် ရှိလာတာကိုတောင် ကြိုဆိုကြသေးတယ်.....

‎

‎ဘာကြောင့်လဲဆိုတော့... အဲဒီလို ရက်စက်ကြမ်းကြုတ်တဲ့ ပတ်ဝန်းကျင်မျိုးမှာမှ စစ်မှန်တဲ့ တာအိုအရှင်သခင်အဆင့် တည်ရှိမှု တစ်ခုကို မွေးမြူနိုင်မယ်လို့ သူတို့ ယုံကြည်ကြလို့ပဲ... တကယ်လို့ သူတို့ မျိုးဆက်တွေရဲ့ တာအိုလမ်းကြောင်းတွေ အားလုံးကို အဟန့်အတားမရှိအောင် ကြိုတင် ခင်းကျင်းပေးထားမယ်ဆိုရင်... အဲဒါက တာအိုအရှင်သခင်နေရာကို ရယူဖို့ နောက်ဆုံး ကြီးမားတဲ့ ကျော်လွှားမှုအတွက် ဆိုးကျိုးတောင် ဖြစ်စေလိမ့်မယ် "

‎

‎

‎ရှူလောင်၏အသံမှာ အလွန်ပြတ်သားနေ၏။ ကုချန်သည်လည်း ရှူလောင်ပြောချင်သည်ကို နားလည်သွားခဲ့သည်။

‎

‎

‎အဆုံးမဲ့ကမ္ဘာများ ပြင်ပရှိ ထိုတာအိုအရှင်သခင်အဆင့် တည်ရှိမှု အများစုသည် ကောင်းကင်ဘုံများအတွင်း သူတို့၏ မျိုးဆက်များနှင့် တာအိုအတွက် ယှဉ်ပြိုင်မည့် သက်ရှိများ ရှိနေမည်ကို ဂရုစိုက်ကြမည် မဟုတ်ပေ။

‎

‎

‎အကြောင်းမှာ ရက်စက်ကြမ်းကြုတ်သော ယှဉ်ပြိုင်မှုများကသာ စစ်မှန်သော တာအိုအရှင်သခင်အဆင့် တည်ရှိမှု တစ်ခုကို ပြုစုပျိုးထောင်ပေးနိုင်မည်ဟု သူတို့ ယုံကြည်ကြသောကြောင့်ပင်။

‎

‎

‎ထို့အပြင် ထိုတာအိုအရှင်သခင်အဆင့် တည်ရှိမှုများသည် သူတို့၏မျိုးဆက်များကို အလွန်အလေးထားသော်လည်း အလွန်အကျွံ ဝင်ရောက်စွက်ဖက်ကြမည် မဟုတ်ပေ။ အကယ်၍ သူတို့၏မျိုးဆက်သည် လက်ရှိကပ်စက်ဝန်းမှ သက်ရှိတစ်ဦးကို အမှန်တကယ် မယှဉ်ပြိုင်နိုင်ခဲ့လျှင် ရှုံးနိမ့်မှုက ရှုံးနိမ့်မှုသာ ဖြစ်သည်။ ကောင်းကင်ဘုံများအတွင်းသို့ ဝင်ရောက်စွက်ဖက်ရန် ကြီးမားသော တန်ဖိုးကို ပေးဆပ်ရလောက်အောင် မတန်ချေ။

‎

‎

‎အောင်မြင်ခဲ့လျှင်တော့ သေချာပေါက် ဝမ်းသာစရာပင်။

‎

‎

‎ရှုံးနိမ့်ခဲ့လျှင်လည်း ဘာမှ မဖြစ်ပေ။

‎

‎

‎တာအိုအရှင်သခင်အဆင့် တည်ရှိမှုများအတွက် သူတို့တွင် အပေါဆုံးအရာမှာ မျိုးဆက်များပင် ဖြစ်သည်။

‎

‎

‎အဆုံးမရှိ ရှည်လျားလှသော နှစ်ကာလများ တစ်လျှောက်တွင် စစ်မှန်သော ပါရမီရှင် တစ်ဦး၊ နှစ်ဦး အမြဲတမ်း မွေးဖွားလာတတ်စမြဲပင်။

‎

‎

‎ပါရမီရှင် တစ်ဦး ရှုံးနိမ့်သွားပါက သူတို့သည် အချိန်ကာလရှည်ကြာ စောင့်ဆိုင်းပြီးနောက် နောက်ထပ် ပါရမီရှင်တစ်ဦးကို ကပ်စက်ဝန်းတစ်ခုအတွင်းသို့ ပို့လွှတ်ကာ တာအိုကို သက်သေပြရန် ထပ်မံကြိုးစားခိုင်းမည် ဖြစ်သည်။

‎

‎

‎" ဒါပေမဲ့ လုံးဝ ဘာမှမဖြစ်ဘူးလို့တော့ မပြောနိုင်ဘူး... တာအိုအရှင်သခင် အများစုက တာအိုယှဉ်ပြိုင်တဲ့ ကိစ္စတွေမှာ ဝင်မစွက်ဖက်ကြဘူး ဆိုပေမဲ့... သူတို့ရဲ့ မျိုးဆက်ကို အရမ်း အလေးထားလွန်းလို့ ဝင်စွက်ဖက်နိုင်တဲ့ တာအိုအရှင်သခင် နည်းနည်းလောက်တော့ ရှိနေနိုင်တယ်.....

‎

‎ဒီလိုအခြေအနေမျိုးက အများအားဖြင့် တာအိုအရှင်သခင်ရဲ့ အရင်းနှီးဆုံး သားသမီးတွေ... ဒါမှမဟုတ် သူတို့ရဲ့ တာအိုလက်တွဲဖော်တွေနဲ့ ပတ်သက်နေတတ်တယ်... တခြား ဆွေမျိုးဝေးတဲ့ မျိုးဆက်တွေဆိုရင်တော့ ဒီလို ဆက်ဆံခံရဖို့ မလွယ်လောက်ဘူး "

‎

‎

‎ရှူလောင်မှ ဆက်လက် ဖြည့်စွက်ပြောဆိုလေသည်။

‎

‎

‎ဤအချက်နှင့် ပတ်သက်၍မူ ကုချန်သည် နားလည်ကြောင်း ပြသသည့်အနေဖြင့် အနည်းငယ် ခေါင်းညိတ်ရုံသာ ပြုလိုက်၏။

‎

‎

‎တာအိုအရှင်သခင်အဆင့် တည်ရှိမှုများသည် ဤမျှ ရှည်လျားသော နှစ်ကာလများကို ဖြတ်သန်းလာခဲ့ကြရာ ကျိန်းသေပေါက် အထီးကျန်ဆန်နေမည် မဟုတ်ပေ။ သူတို့တွင်လည်း သူငယ်ချင်းများ၊ မိသားစုများနှင့် ချစ်ရသော လက်တွဲဖော်များ ရှိကြ၏။

‎

‎

‎အကယ်၍ သူတို့၏ သားသမီးများ သို့မဟုတ် တာအိုလက်တွဲဖော်များသာ တာအိုအတွက် ယှဉ်ပြိုင်ခံရပါက သူတို့သည် ဒေါသအလျောက် ကြီးမားသော တန်ဖိုးကို ပေးဆပ်ရမည် ဆိုလျှင်တောင် ဝင်ရောက်စွက်ဖက်ကောင်း စွက်ဖက်နိုင်ပေသည်။

‎

‎

‎" ဒါဆိုရင် ဒီတာအိုအရှင်သခင်တွေရဲ့ မျိုးဆက်တွေနဲ့ တာအိုအတွက် ယှဉ်ပြိုင်ရတာက တကယ်ကို အလုံခြုံဆုံး ရွေးချယ်မှုပါပဲ "

‎

‎

‎ကုချန်သည် တိုးဖွဖွ ရေရွတ်လိုက်၏။

‎

‎

‎အကယ်၍ သူသာ မဟာတာအို တစ်ခုကို မဆင်မခြင် ရွေးချယ်၍ စတင်ကျင့်ကြံမည်ဆိုပါက မသေချာမှုများ ပြည့်နှက်နေမည် ဖြစ်သည်။ မည်သူမျှ မကျင့်ကြံသေးသော မဟာတာအို တစ်ခုကို သူရွေးချယ်မိပါက ရလဒ်မှာ ကျိန်းသေပေါက် အားလုံးအတွက် ပျော်ရွှင်စရာ ဖြစ်ပေလိမ့်မည်။

‎

‎

‎သို့သော် တာအိုအရှင်သခင် တစ်ပါး နေရာယူထားပြီးသား မဟာတာအို တစ်ခုကို သူရွေးချယ်မိပါက ရလဒ်မှာ သေချာပေါက် သေလမ်းသာ ဖြစ်ပေလိမ့်မည်။

‎

‎

‎ကောင်းကင်ဘုံများ၏ ပျက်သုဉ်းချိန် မရောက်မီ ဤတာအိုကို သူ လျင်မြန်စွာ မကျင့်ကြံနိုင်ပါက ထိုတာအို၏ တာအိုအရှင်သခင်၏ ပစ်မှတ်ထား သုတ်သင်ရှင်းလင်းခြင်းကို သေချာပေါက် ခံရမည် ဖြစ်သည်။

‎

‎

‎ထိုအရာနှင့် ယှဉ်လိုက်ပါက တာအိုအရှင်သခင်၏ မျိုးဆက်တစ်ဦး ရွေးချယ်ထားသော မဟာတာအို တစ်ခုကို ရွေးချယ်ခြင်းက များစွာ ပိုမို ရိုးရှင်းပေလိမ့်မည်။

‎

‎

‎ပထမအချက်အနေဖြင့် ဤမဟာတာအိုသည် ပိုင်ရှင်မရှိသေးချေ။ မည်သူမဆို ကျင့်ကြံနိုင်ပြီး တာအိုအရှင်သခင်အဆင့် တည်ရှိမှုတစ်ခု၏ ပစ်မှတ်ထား သုတ်သင်ရှင်းလင်းခြင်းကို ခံရမည် မဟုတ်ပေ။

‎

‎

‎ဒုတိယအချက်အနေဖြင့် တာအိုအရှင်သခင်၏ မျိုးဆက်တစ်ဦးနှင့် တာအိုအတွက် ယှဉ်ပြိုင်ရလျှင်တောင် တာအိုအရှင်သခင်အဆင့် တည်ရှိမှုတစ်ခုမှ ဝင်ရောက်စွက်ဖက်မည် မဟုတ်သောကြောင့် ၎င်းမှာ အလုံခြုံဆုံး ရွေးချယ်မှု ဖြစ်လာလေသည်။

‎

‎

‎" ဒါက တကယ်ကို အလုံခြုံဆုံး ရွေးချယ်မှုပဲ "

‎

‎

‎ရှူလောင်သည် သဘောတူလိုက်ပြီးနောက် သူ၏အသံကို နှိမ့်ကာ ပြောဆိုလိုက်၏။

‎

‎

‎" ဟဲဟဲ... ဒီအဘိုးကြီး သိထားသလောက်ဆိုရင်... တချို့ တာအိုအရှင်သခင်အဆင့် တည်ရှိမှုတွေက တာအိုအရှင်သခင် တစ်ပါးပါး နေရာယူထားပြီးသား မဟာတာအို တစ်ခုကိုတောင် သူတို့ရဲ့ မျိုးဆက်တွေ ကျင့်ကြံဖို့အတွက် တမင်တကာ ရွေးချယ်ပေးတတ်ကြတယ် "

‎

‎

‎တာအိုအရှင်သခင် နေရာယူထားပြီးသား မဟာတာအို တစ်ခုကို ကျင့်ကြံဖို့ ရွေးချယ်ပေးတယ်? ဒါက ဘာအဓိပ္ပာယ်လဲ။

‎

‎

‎ကုချန်သည် မှင်တက်သွားရ၏။ တာအိုအရှင်သခင်အဆင့် တည်ရှိမှုများသည် မည်သည့် မဟာတာအိုကို နေရာယူထားပြီး၊ မည်သည့် မဟာတာအိုကို နေရာမယူရသေးကြောင်း ခွဲခြားသိမြင်နိုင်သည်ဟု ပြောခဲ့သည် မဟုတ်ပါလော။

‎

‎

‎ထိုသို့ဆိုလျှင် သူတို့သည် မည်သူမျှ မကျင့်ကြံသေးသည့် လွတ်လပ်သော မဟာတာအိုကို မကျင့်ကြံခိုင်းဘဲ တာအိုအရှင်သခင်တစ်ပါး နေရာယူထားပြီးသား မဟာတာအို တစ်ခုကို အဘယ်ကြောင့် ရွေးချယ်ကြရသနည်း။

‎

‎

‎ဘယ်လိုအကြောင်းကြောင့်လဲ။

‎

‎

‎" တာအိုအရှင်သခင်အဆင့် တည်ရှိမှုတွေက သူတို့နဲ့ တာအိုတူညီတဲ့ နောက်မှ ရောက်လာသူတွေကို ဘာလို့ သုတ်သင်ရှင်းလင်းပစ်ကြသလဲ သိလား "

‎

‎

‎ရှူလောင်သည် အနည်းငယ် အေးစက်နေသောအသံဖြင့် ပြော‌ဆိုလိုက်၏။

‎

‎

‎" ဘာကြောင့်လဲဆိုတော့ နောက်မှ ရောက်လာတဲ့သူက အရမ်း အစွမ်းထက်နေမယ်ဆိုရင်... သူက တာအိုအရှင်သခင် မဖြစ်လာသေးရင်တောင် ဒီမဟာတာအိုအပေါ် ထိန်းချုပ်မှု တစ်စိတ်တစ်ပိုင်းကို ခွဲဝေရယူသွားမှာဖြစ်လို့... တာအိုအရှင်သခင်ရဲ့ အဲဒီတာအိုအပေါ် အမိန့်ပေးနိုင်တဲ့ အခြေခံအုတ်မြစ်ကို လှုပ်ခတ်သွားစေလို့ပဲ!

‎

‎နောက်မှရောက်လာသူ ခိုးယူသွားတဲ့ အခွင့်အာဏာက... တာအိုအရှင်သခင် ထိန်းချုပ်ထားတဲ့ စုစုပေါင်းပမာဏနဲ့ ယှဉ်လိုက်ရင် လျစ်လျူရှုထားနိုင်ပေမယ့်... ဒါက အရမ်း ဆိုးရွားတဲ့ လက္ခဏာရပ် တစ်ခုပဲ.....

‎

‎မဟာတာအို အများကြီးရှိပေမယ့် အရှင်သခင်က တစ်ပါးတည်းပဲ... မဟာတာအို တစ်ခုစီကို တာအိုအရှင်သခင် တစ်ပါးတည်းကပဲ အမိန့်ပေးခွင့် ရှိတယ်ဆိုတာ မင်းသိလား "

‎

‎

‎" ဒါပေါ့... ကျွန်တော် သိပါတယ် "

‎

‎

‎ကုချန်သည် ခေါင်းညိတ်လျက် ပြောဆိုလိုက်၏။

‎

‎

‎တာအိုအားလုံး၏ ပေါင်းစည်းမှုက တာအိုအရှင်သခင် တစ်ပါးတည်းကိုသာ အမိန့်ပေးခွင့် ပြုထားသည်။ ထိုသို့မှ မဟုတ်လျှင် တာအိုအရှင်သခင်အဆင့်၏ မြင့်မြတ်သော အဆင့်အတန်းကို မည်သို့လုပ်၍ ဖော်ပြနိုင်မည်နည်း။

‎

‎

‎" ဟဲဟဲ... ဒါပေမဲ့ အရာရာတိုင်းမှာ ချွင်းချက်ဆိုတာ ရှိတယ် "

‎

‎

‎ရှူလောင်သည် ထူးဆန်းသော အဓိပ္ပာယ်များ ပြည့်နှက်နေသော အသံဖြင့် ရယ်မောလျက် ပြောဆိုလိုက်လေသည်။

‎

‎

‎" အဲဒါကတော့ နောက်မှ ရောက်လာတဲ့သူက လက်ရှိ ကပ်စက်ဝန်းအတွင်းမှာ တာအိုအရှင်သခင်အဖြစ် အောင်မြင်စွာ သက်သေပြနိုင်သွားတဲ့ အချိန်ပဲ!

‎

‎ဒီလိုနည်းနဲ့ မဟာတာအို တစ်ခုတည်းကို တာအိုအရှင်သခင် နှစ်ပါးက အမိန့်ပေးနိုင်သွားလိမ့်မယ်... ဆိုလိုတာက အရင် တာအိုကို သက်သေပြခဲ့တဲ့ တာအိုအရှင်သခင်ကော... နောက်မှ သက်သေပြခဲ့တဲ့ တာအိုအရှင်သခင်ကောက ဒီမဟာတာအိုရဲ့ ထက်ဝက်စီကိုပဲ ထိန်းချုပ်နိုင်ကြတော့မယ်ဆိုတဲ့ သဘောပဲ!

‎

‎ကျိန်းသေပေါက် သူတို့ရဲ့ စွမ်းအားကလည်း... တခြား မဟာတာအိုတွေကို အမိန့်ပေးတဲ့ တာအိုအရှင်သခင်တွေလောက် ရှိတော့မှာ မဟုတ်ဘူး.....

‎

‎ဒါကြောင့် ပထမဆုံး သက်သေပြခဲ့သူနဲ့ နောက်မှ သက်သေပြတဲ့သူဟာ မသေမချင်း ရန်သူတွေ ဖြစ်သွားကြတော့တာပဲ... ဒါဟာ တာအိုအတွက် ယှဉ်ပြိုင်မှုတစ်ခုဖြစ်ပြီး... တစ်ဖက်ဖက်က သေဆုံးသွားပြီး မဟာတာအို တစ်ခုလုံးကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်မှသာ လုံးဝ အဆုံးသတ်သွားလိမ့်မယ်...

‎

‎ပြီးတော့ ဒါက ဒီကောင်းကင်ဘုံတွေထဲမှာ ဖြေရှင်းရအလွယ်ဆုံး မဟုတ်တဲ့ အခက်အခဲဆုံး ရန်ငြိုးတစ်ခုလည်း ဖြစ်တယ်... တခြား ရန်ငြိုးတွေကို နည်းလမ်းမျိုးစုံနဲ့ ဖြေရှင်းလို့ ရနိုင်ပေမယ့်... တာအိုယှဉ်ပြိုင်မှုကနေ ဖြစ်လာတဲ့ ဒီရန်ငြိုးကတော့ ကပ်စက်ဝန်းပေါင်းများစွာ ကြာသွားရင်တောင် ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်ဘူး! "

‎

‎

‎ရှူလောင်၏စကားများကို နားထောင်လျက် ကုချန်မှာ အပြည့်အဝ သဘောတူမိလေသည်။

‎

‎

‎အစက ပြီးပြည့်စုံသော မဟာတာအို တစ်ခုလုံးကို အမိန့်ပေးနိုင်ခဲ့ရာမှ နောက်ဆုံးတွင် တစ်စုံတစ်ယောက်၏ ရှင်းပြ၍မရနိုင်အောင် တစ်ဝက်ခန့် လုယူခြင်းကို ခံလိုက်ရသည်ဖြစ်ရာ မည်သည့် တာအိုအရှင်သခင်က သည်းခံနိုင်မည်နည်း။

‎

‎

‎ထို့ပြင် အောင်မြင်စွာ တာအိုသက်သေပြနိုင်ခဲ့သော နောက်မှ ရောက်လာသူသည်လည်း ကျိန်းသေပေါက် သည်းခံနိုင်မည် မဟုတ်ပေ။ ကြီးမားသော အခက်အခဲများကို ဖြတ်ကျော်ပြီးနောက် ကပ်စက်ဝန်းတစ်ခုတွင် အောင်ပွဲခံကာ အမြင့်ဆုံး နေရာတစ်ခုကို သက်သေပြနိုင်ခဲ့သော်လည်း ထိုနေရာကို တစ်စုံတစ်ယောက်မှ နေရာယူထားပြီးဖြစ်နေ၍ သူ့အတွက် ထိုင်ခုံတစ်ဝက်သာ ကျန်ရှိတော့သည်ကို တွေ့လိုက်ရသောအခါ မည်သူက သည်းခံနိုင်မည်နည်း။

‎

‎

All Chapters