အခန်း ၅၃၀
Vol. 38 Ch. 530
အခန်း ( ၅၃၀ ) - အလွန် ရက်စက်ကြမ်းကြုတ်သော အကြံအစည်၊ တာအိုတွင် အနိမ့်အမြင့် မရှိခြင်းနှင့် အဘိုးအို၏ ကိုယ်ပိုင်အမှတ်အသား
မဟာတာအိုဆိုသည်မှာ ကောင်းကင်ဘုံများ အားလုံးတွင် အမြင့်ဆုံး တာအိုအသီးအပွင့် ဖြစ်ပြီး အလွန်တရာ ဆွဲဆောင်မှုရှိသော်လည်း လူတစ်ဦးတည်းကိုသာ သီးသန့် ခံစားခွင့်ပြုလေသည်။
မည်သူကမျှ သူ၏ တာအိုအသီးအပွင့်ကို အခြားတစ်ယောက်နှင့် ခွဲဝေခံစားရခြင်းကို သည်းခံနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် နောက်မှရောက်လာသူများနှင့် ရှေ့ဆောင်လမ်းပြများကြားရှိ တိုက်ပွဲမှာ လုံးဝ ရှောင်လွှဲ၍မရသော အရာတစ်ခု ဖြစ်လာ၏။
သို့သော် ဤအရာက ထိုတာအိုအရှင်သခင်၏ မျိုးဆက်များအနေဖြင့် တာအိုအရှင်သခင် တစ်ပါး ထိန်းချုပ်ထားပြီးသား မဟာတာအိုတစ်ခုကို ရွေးချယ်ခြင်းနှင့် ဘာပတ်သက်နေသနည်း။
ဖြစ်နိုင်သည်က.....
ကုချန်၏စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့၏။
အကယ်၍ လက်ရှိ ကပ်စက်ဝန်းတွင် မွေးဖွားလာသည့် ကျင့်ကြံသူတစ်ဦးသည် နောက်ခံအင်အား မရှိဘဲ တာအိုအရှင်သခင် တစ်ပါး နေရာယူထားပြီးသား မဟာတာအိုတစ်ခုကို မဆင်မခြင် ရွေးချယ်မိပါက နောက်ဆုံး ရလဒ်မှာ သေချာပေါက် သေလမ်းသာ ဖြစ်ပေလိမ့်မည်။ သူတို့သည် ကြီးပြင်းလာခွင့်ပင် မရလိုက်ဘဲ ထိုတာအိုကိုပိုင်ဆိုင်သည့် တာအိုအရှင်သခင်၏ သုတ်သင်ရှင်းလင်းမှုကို ခံရမည် ဖြစ်သည်။
သို့သော် ထိုတာအိုအရှင်သခင်၏ မျိုးဆက်များကတော့ ကွာခြား၏။
သူတို့တွင် နောက်ခံအင်အား ရှိသည်။
သူတို့၏ဘိုးဘေးမှာ စစ်မှန်သော တာအိုအရှင်သခင်အဆင့် တည်ရှိမှုကြီး တစ်ခုပင် ဖြစ်သည်။
ဤနည်းဖြင့် တာအိုအရှင်သခင် တစ်ပါးမှ သူ၏ တာအို ခိုးယူခံရပြီး နေရာလုခံရကြောင်း သိရှိသွားလျှင်တောင် ထိုတာအိုအရှင်သခင် မျိုးဆက်၏ ဘိုးဘေးမှ ဝင်ရောက်တားဆီးလိမ့်မည် ဖြစ်သည်။
ထိုအခါ တာအိုအရှင်သခင်မှာ သူ၏ တာအို လုယူခံနေရသည်ကို လက်ပိုက်ကြည့်နေရုံသာ တတ်နိုင်ကာ တာအိုလုယူသူကို မည်သို့မျှ မလုပ်နိုင်တော့ချေ။
ထို့ပြင် နောက်မှ ရောက်လာသူသည် ထိုအဆင့်သို့ အမှန်တကယ် ရောက်ရှိသွားပြီး မဟာတာအို၏ အခွင့်အာဏာ ထက်ဝက်ကို အောင်မြင်စွာ ရယူနိုင်သွားချိန်တွင် သူ၏ တာအိုအရှင်သခင် ဘိုးဘေးမှ ဘာမှမလုပ်ဘဲ ရပ်ကြည့်နေမည်လော။
သူ၏မျိုးဆက် ဤမဟာတာအိုကို အပြည့်အဝ ထိန်းချုပ်နိုင်ရန်အတွက် ထိုတာအိုအရှင်သခင်ကို သတ်ဖြတ်ရန်ပင် ကူညီကောင်း ကူညီပေးလိမ့်မည်။
မည်သို့ပင်ဆိုစေ သူ၏မျိုးဆက်သည် ထိုမဟာတာအိုအပေါ် တစ်စိတ်တစ်ပိုင်း ထိန်းချုပ်နိုင်သွားပြီ ဖြစ်သလို ယခင် တာအိုအရှင်သခင်၏ အားနည်းနေချိန်လည်း ဖြစ်၏။ ဤသည်မှာ ထိုတာအိုအရှင်သခင်ကို သုတ်သင်ရန် အကောင်းဆုံး အခွင့်အရေး မဟုတ်ပါလော။
" ဒီအကြံအစည်က တကယ်ကို ရက်စက်လွန်းတယ်! "
ကုချန်မှာ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။ ဤသည်မှာ ရိုးရှင်းစွာ ဖြေရှင်း၍မရနိုင်သော ပွင့်လင်းမြင်သာသည့် ပူးပေါင်းကြံစည်မှု တစ်ခုပင် ဖြစ်သည်။
တစ်နည်းအားဖြင့် ဤနည်းလမ်းသည် ရန်သူဖြစ်နေပြီးသား တာအိုအရှင်သခင် နှစ်ပါးကြားတွင်သာ ရွေးချယ်အသုံးပြုလေ့ရှိသော နည်းလမ်းတစ်ခု ဖြစ်သည်။
သူတို့သည် သူတို့၏မျိုးဆက်များကို လက်ရှိ ကပ်စက်ဝန်းထဲသို့ စေလွှတ်ကာ ရန်သူတာအိုအရှင်သခင် ကျင့်ကြံထားသော မဟာတာအိုကို အတင်းအဓမ္မ သက်သေပြခိုင်းမည် ဖြစ်သည်။ ကိုးဆယ့်ကိုးရာခိုင်နှုန်း ကျရှုံးမည်ကို သိထားလျှင်တောင် သူတို့ ကြိုးစားကြမည်ပင်။
သို့သော် အကယ်၍ မျိုးဆက်တစ်ဦးမှ အောင်မြင်သွားပြီး ရန်သူတာအိုအရှင်သခင်ထံမှ မဟာတာအို၏ ထိန်းချုပ်မှု တစ်စိတ်တစ်ပိုင်းကို လုယူနိုင်မည့် အခွင့်အရေး အမှန်တကယ် ရရှိလာပါက ထိုတာအိုအရှင်သခင် မျိုးဆက်၏ ဘိုးဘေးသည် သူ၏မျိုးဆက် တာအိုအရှင်သခင်အဆင့်သို့ အမှန်တကယ် တက်လှမ်းကာ ထိုမဟာတာအို၏ ထိန်းချုပ်မှု တစ်ဝက်ကို ရယူနိုင်သည်အထိ သေချာပေါက် အစွမ်းကုန် ကာကွယ်ပေးလိမ့်မည်ပင်။
ထိုအဆင့်သို့ ရောက်သောအခါ ရန်သူတာအိုအရှင်သခင် ထိန်းချုပ်ထားသော မဟာတာအိုမှာ ထက်ဝက်သာ ကျန်ရှိတော့မည်ဖြစ်ပြီး သူ၏ စွမ်းအားမှာလည်း ကျိန်းသေပေါက် ယခင်ကလောက် ရှိတော့မည် မဟုတ်သဖြင့် သူ့ကို ပစ်မှတ်ထားရန် ပိုမို လွယ်ကူသွားမည် ဖြစ်သည်။
ထို့နောက် သူ၏ မျိုးဆက်နှင့် ပူးပေါင်းကာ ထိုရန်သူတာအိုအရှင်သခင်ကို အတူတကွ သတ်ဖြတ်ပြီး သူ၏မျိုးဆက်မှ မဟာတာအို၏ အခွင့်အာဏာ အပြည့်အဝကို ရယူနိုင်ရန် ကူညီပေးမည် ဖြစ်သည်။
ဤအဖြစ်အပျက် ကွင်းဆက်ကြီးတစ်ခုလုံးမှာ လုံးဝကို ဖြေရှင်းရန် မဖြစ်နိုင်ချေ!
ဤသည်ကို တာအိုအရှင်သခင်များက သူတို့၏ မျိုးဆက်များကို ပြုစုပျိုးထောင်ပေးသည့် နည်းလမ်းဟု ဆိုခြင်းထက် တာအိုအရှင်သခင် နှစ်ပါးကြားရှိ တိုက်ပွဲတစ်ခု၏ နောက်ဆက်တွဲ ရလဒ်ဟု ဆိုခြင်းက ပို၍ မှန်ကန်ပေလိမ့်မည်။
တာအိုတွင် အနိမ့်အမြင့် မရှိပေ။ မဟာတာအို သုံးထောင်လုံးမှာ အထွတ်အထိပ်များသာ ဖြစ်ကြသည်။
မဟာတာအို တစ်ခုစီကို ထိန်းချုပ်ထားသော တာအိုအရှင်သခင်အဆင့် တည်ရှိမှုများသည် သဘာဝအရ တစ်ပါးနှင့်တစ်ပါး အန္တရာယ်ပြုနိုင်စွမ်း မရှိကြပေ။
ဤအခြေအနေမျိုးတွင် အခြားတာအိုအရှင်သခင် တစ်ပါးနှင့် သေမလောက် ရန်ငြိုးရန်စ ရှိနေပါက ထိုသူကို မည်သို့ ပစ်မှတ်ထားမည်နည်း။
ဤသည်မှာ ထိုသူ၏ အခြေခံအုတ်မြစ်ကို တိုက်ရိုက် လှုပ်ခါပစ်သော နည်းလမ်းပင် ဖြစ်သည်။ ပြိုင်ဘက်၏ တာအိုကို အတင်းအဓမ္မ သက်သေပြရန် မျိုးဆက်များကို စေလွှတ်၍ မဟာတာအိုအပေါ် ပြိုင်ဘက်၏ ထိန်းချုပ်မှုကို အားနည်းသွားစေရန် ပြုလုပ်ခြင်း ဖြစ်သည်။ အကယ်၍ အောင်မြင်ခဲ့ပါက ပြိုင်ဘက်ကို လုံးဝ အစားထိုးနိုင်ပြီး သူတို့၏ မျိုးဆက်ကို တာအိုအရှင်သခင်သစ် ဖြစ်လာစေနိုင်သည်။
သို့ရာတွင် ရှူလောင်၏ရှင်းပြချက်ကို ကြားပြီးနောက် တာအိုအရှင်သခင်အဆင့် တည်ရှိမှုဆိုသူများသည် ထင်သလောက် ကြီးကျယ်ခမ်းနားမှု မရှိဘဲ အန္တရာယ်များ ပြည့်နှက်နေ၍ သတိမထားပါက သေဆုံးကာ တာအို ပျောက်ကွယ်သွားနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်ရမည့် ဖြစ်တည်မှုများဟု အဘယ်ကြောင့် ခံစားနေရသနည်း။
ကုချန်မှာ မျက်မှောင်ကျုံ့လိုက်မိသည်။ မဟာတာအိုတစ်ခု၏ အရှင်သခင်များအနေဖြင့် သူတို့ မဟာတာအိုအပေါ် ထိန်းချုပ်ထားမှုက တကယ်ပင် ဤမျှ အလွယ်တကူ လုယူ၍ ရနိုင်သည်လော။
" ငါပြောခဲ့သလိုပဲ... ဒါက တစ်ယောက်နဲ့တစ်ယောက် သေမလောက် ရန်ငြိုးရန်စ ရှိနေတဲ့ တာအိုအရှင်သခင်တွေအတွက်ပဲ သင့်တော်တာပါ "
ကုချန်၏ နားမလည်နိုင်သော အကြည့်နှင့် ဆုံလိုက်ရသောအခါ ရှူလောင်မှ ဖြည်းညင်းစွာ ရှင်းပြလေသည်။
" ဘာကြောင့်လဲဆိုတော့ ရန်သူက ဒီနည်းလမ်းကို အသုံးပြုနေပြီဆိုတာ သိလိုက်ရတာနဲ့ ပြောနေစရာတောင် မလိုတော့ဘူး... အဲဒီ ရန်သူတာအိုအရှင်သခင်က သေချာပေါက် ရူးသွပ်သွားမှာပဲ... ရန်သူရဲ့ မျိုးဆက်က သူရဲ့ မဟာတာအို အခြေခံအုတ်မြစ်ကို လှုပ်ခါနေတာကို သူက ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မှာလဲ... သူက အဲဒီပြိုင်ဘက် တာအိုအရှင်သခင်နဲ့ အသေအကြေ သွားတိုက်ခိုက်နေလောက်ပြီ.....
အဲ့ဒါအပြင် တာအိုအရှင်သခင်အဆင့် တည်ရှိမှုတွေရဲ့ မဟာတာအိုအပေါ် ထိန်းချုပ်မှုက အရမ်းကို ခိုင်မာတယ်... အဲဒါကို လှုပ်ခါဖို့ဆိုတာ အဲဒီလောက် မရိုးရှင်းဘူး.....
သာမန်သက်ရှိတွေအတွက် ထိန်းချုပ်သူမရှိတဲ့ မဟာတာအိုတစ်ခုကို သက်သေပြဖို့ ကြိုးစားတာတောင် ကောင်းကင်ဘုံကို တက်ရသလို ခက်ခဲနေပြီ.....
တာအိုအရှင်သခင် တစ်ပါး ထိန်းချုပ်ထားတဲ့ မဟာတာအိုတစ်ခုကို သက်သေပြဖို့ ကြိုးစားတာကတော့ ကောင်းကင်ဘုံကို တက်ရတာထက်တောင် ပိုခက်သေးတယ်!
ပြီးတော့ အရမ်းကို အစွမ်းထက်တဲ့ တာအိုအရှင်သခင် တချို့အတွက်ဆိုရင် ဒီနည်းလမ်းက လုံးဝ အသုံးမဝင်ဘူး... ဒီလို တာအိုအရှင်သခင်တွေအပေါ် ဒီနည်းလမ်းကို သုံးရဲရင် ဘယ်လို သေသွားမှန်းတောင် သိလိုက်ရမှာ မဟုတ်ဘူး "
" တာအိုမှာ အနိမ့်အမြင့် မရှိဘူးလေ... အားလုံးက တာအိုအရှင်သခင်တွေ ဖြစ်ပြီး မဟာတာအို တစ်ခုစီကို ထိန်းချုပ်ထားကြတာပဲ... သူတို့ကြားမှာကော စွမ်းအားကွာခြားချက် ရှိသေးလို့လား "
ကုချန်သည် နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်၏။
မဟာတာအို သုံးထောင်လုံးမှာ အထွတ်အထိပ်များသာ ဖြစ်ကြသည်။
တာအိုအရှင်သခင်တိုင်းသည် မဟာတာအို တစ်ခုစီကို ထိန်းချုပ်ထားကြရာ ယုတ္တိရှိရှိဆိုလျှင် သူတို့၏စွမ်းအားများမှာ နှိုင်းယှဉ်၍ ရသင့်သည် မဟုတ်ပါလော။
ရှူလောင်၏ စကားအရဆိုလျှင် တာအိုအရှင်သခင်များကြားတွင် စွမ်းအားကွာခြားချက် ရှိနေသည်ဟု အဘယ်ကြောင့် ကြားနေရသနည်း။
" တာအိုအရှင်သခင်အဆင့် တည်ရှိမှုတွေကြားမှာ ကျိန်းသေပေါက် စွမ်းအား ကွာခြားချက်တွေ ရှိတာပေါ့ "
ရှူလောင်မှ ချက်ချင်း ပြန်လည် ဖြေဆိုလေသည်။
" တာအိုမှာ အနိမ့်အမြင့် မရှိပေမယ့် လူတွေမှာတော့ အနိမ့်အမြင့် ရှိတယ်!
သူတို့အားလုံး မဟာတာအို တစ်ခုစီကို ထိန်းချုပ်ထားတယ် ဆိုပေမယ့်... အဲဒီ မဟာတာအိုကနေ ဘယ်လောက်အထိ တိုက်ခိုက်ရေးစွမ်းအား ထုတ်သုံးနိုင်သလဲ ဆိုတာက... တာအိုအရှင်သခင် တစ်ပါးစီရဲ့ စွမ်းရည်နဲ့ ကျင့်ကြံခြင်းအပေါ်မှာ မူတည်တယ်.....
အဲ့ဒါအပြင်... အရမ်း ရှေးကျတဲ့ တာအိုအရှင်သခင် တချို့ဟာ မဟာတာအို တစ်ခုတည်းကိုပဲ ထိန်းချုပ်ထားတာ မဟုတ်ဘဲ... ပိုများတဲ့ မဟာတာအိုတွေကို ထိန်းချုပ်ထားတယ်လို့လည်း ပြောကြသေးတယ်!
ဒီလို တည်ရှိမှုမျိုးအတွက်... မင်းက သူရဲ့မဟာတာအို တစ်ခုအပေါ် ထိန်းချုပ်ထားတဲ့ အခြေခံအုတ်မြစ်ကို လှုပ်ခါလိုက်ရင်ကော ဘာဖြစ်လဲ... သူက တခြား မဟာတာအိုတွေကို သုံးပြီး မင်းကို ရိုက်သတ်လို့ ရနေသေးတာပဲ.....
ဒါကြောင့်... တာအိုကို ခိုးယူတဲ့ ဒီ 'အခြေခံအုတ်မြစ်ကို လှုပ်ခါပစ်တဲ့' နည်းလမ်းက အားနည်းတဲ့ တာအိုအရှင်သခင်တွေ အချင်းချင်း တိုက်ခိုက်ကြတဲ့ အချိန်မှာ သုံးဖို့ပဲ သင့်တော်တာ... ပိုပြီး အစွမ်းထက်တဲ့ တာအိုအရှင်သခင်အဆင့် တည်ရှိမှုတွေကတော့ ဒီလိုလုပ်ဖို့ကို အထင်သေးကြတယ် "
တာအိုအရှင်သခင်အဆင့် တည်ရှိမှုတစ်ခု ထိန်းချုပ်နိုင်တဲ့ မဟာတာအို အရေအတွက်က တစ်ခုတည်း မဟုတ်ဘူးလား။
ရှူလောင်၏စကားကြောင့် ကုချန်မှာ ထပ်မံ၍ လှုပ်ရှားသွားရပြန်၏။
တာအိုအရှင်သခင်အဆင့် တည်ရှိမှုတစ်ခုသည် မဟာတာအို တစ်ခုကိုသာ ထိန်းချုပ်နိုင်သည်ဟု သူ အစက ထင်မှတ်ခဲ့သည်။ တာအိုအရှင်သခင်အဆင့် တည်ရှိမှုတစ်ခု ထိန်းချုပ်နိုင်သော မဟာတာအို အရေအတွက်၏ ကန့်သတ်ချက်မှာ တစ်ခုတည်း မဟုတ်ကြောင်း မည်သူ ထင်ထားမည်နည်း။
သို့သော် မဟာတာအိုကို သက်သေပြရန်အတွက် လက်ရှိ ကောင်းကင်ဘုံများ အတွင်း၌သာ ပြုလုပ်ရမည်ဟု ရှူလောင် အရင်က ပြောခဲ့သည် မဟုတ်ပါလော။
ထို့ပြင် ထိုတာအိုအရှင်သခင်အဆင့် တည်ရှိမှုများအတွက် သူတို့၏ ကပ်စက်ဝန်း ပျက်သုဉ်းသွားခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်ကာ အခြား ကပ်စက်ဝန်းများကလည်း သူတို့ ဝင်ရောက်လာမှုကို ငြင်းပယ်ထားကြ၏။ ထို့ကြောင့် ထိုရှေးဟောင်း တာအိုအရှင်သခင်များသည် ဤမျှများပြားသော မဟာတာအိုများကို မည်သို့ ထိန်းချုပ်နိုင်ခဲ့ကြသနည်း။
ရှူလောင်သည် ကုချန်၏နားမလည်နိုင်မှုကို မြင်သွားဟန်ပေါ်သော်လည်း ဤတစ်ကြိမ်တွင်မူ သူသည် ကုချန်ကို ရှင်းပြခြင်းမရှိတော့ပေ။ ယင်းအစား သူ၏အကိုင်းအခက်များကို လှုပ်ခါကာ ပြောဆိုလိုက်၏။
" ဒီကိစ္စတွေကိုတော့ ငါ မသိတော့ဘူး... ငါ ဒီလျှို့ဝှက်ချက်တွေလောက်ကိုပဲ သိတာ "
လျှို့ဝှက်ချက် တချို့ကိုပဲ သိတာလား။
ကုချန်မှာ အနည်းငယ် ရယ်ချင်စိတ် ပေါ်လာခဲ့၏။
ရှူလောင် ယခုလေးတင် ဖွင့်ဟခဲ့သော လျှို့ဝှက်ချက်များစွာသည်ပင် ဤကောင်းကင်ဘုံ နယ်ပယ်မှ နားလည်နိုင်စွမ်းရှိသော ကန့်သတ်ချက်များကို ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
အကြောင်းမှာ ထိုတာအိုအရှင်သခင်အဆင့် တည်ရှိမှုများနှင့် ပတ်သက်သော အချက်အလက်များကို ကောင်းကင်ဘုံအတွင်းမှ သက်ရှိတစ်ဦးအနေဖြင့် ဤမျှ များပြားစွာ သိရှိနိုင်ရန်မှာ လုံးဝကို မဖြစ်နိုင်သောကြောင့်ပင်။
တကယ်တမ်းတွင် ကုချန်၏အမြင်အရ ရှူလောင်သည် ကောင်းကင်ဘုံ ပြင်ပမှ လာရောက်သော ဧည့်သည်တစ်ဦး ဖြစ်နိုင်ချေ များလေသည်။
ထိုသို့မဟုတ်လျှင် ရှူလောင်သည် တာအိုအရှင်သခင် တစ်ပါး၏ မျိုးဆက်တစ်ဦး ဖြစ်ပြီး တာအိုအတွက် ယှဉ်ပြိုင်ရန် ကောင်းကင်ဘုံများထဲသို့ ပို့လွှတ်ခံရပြီးနောက် ကျရှုံးသွားခဲ့၍ နောက်ဆုံးတွင် စွန့်ပစ်ခံလိုက်ရခြင်းများ ဖြစ်နိုင်မည်လော။
ကုချန်သည် ရှူလောင်၏ ကိုယ်ပိုင်အမှတ်အသားကို ခန့်မှန်းကြည့်လိုက်၏။
သို့သော် မည်သို့ပင်ဆိုစေကာမူ ဤကွေ့ရွှီးနယ်မြေထဲသို့ ဝင်ရောက်လာပြီး ရှူလောင်နှင့် တွေ့ဆုံရခြင်းသည် ကုချန်အတွက် လွန်စွာကောင်းမွန်သော ကံကြမ္မာကောင်း တစ်ခုပင်။
တစ်ခါတစ်ရံတွင် ကောင်းကင်ဘုံ၏ ဖုံးကွယ်နေသော လျှို့ဝှက်ချက်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များသည် သာမန် နတ်ဘုရားလက်နက်များနှင့် ရတနာများထက်ပင် ပို၍ တန်ဖိုးရှိလှပေသည်။