← Chapters

ဖမ်ဟမ် မျက်ရည်ဝဲလာခြင်း

Vol. 13 Ch. 186

ဖမ်ဟမ် မျက်ရည်ဝဲလာခြင်း

Vol. 13 Ch. 186

ဖမ်ဟမ်က စိတ်လှုပ်ရှားနေသော ကျန်းဟဲကို တစ်ချက်ကြည့်၍ ရုတ်တရက် မေးလေသည်။

“မင်း အဲ့လောက် ယုံကြည်မှုရှိတာလား”

“ဆရာ ကျွန်တော် အမှန်ကို ပြောနေတာပါ”

ကျန်းဟဲက သူ့ကိုယ်သူ ကာကွယ်ပြောဆိုသည်။ စိတ်လှုပ်ရှားနေသော သူ့အခြေအနေကြောင့် သူ့မျက်လုံးများက မျက်ရည်ပင် ဝေ့နေသေးသည်။

“သူ့ဆီမှာ ကျွန်တော် တရုတ်နိုင်ငံ ဘတ်စကတ်ဘောရဲ့ မျှော်လင့်ချက်ကို မြင်နေရတယ်”

ယခုတစ်ခေါက်တွင် ဖမ်ဟမ်သည် သူ့ကို ပြန်၍ ငြင်းမနေတော့ဘဲ ချင်ယွမ်ကိုသာ လှမ်းကြည့်လိုက်သည်။ ထို့နောက် ပြိုင်ကွင်းဘက်သို့ အကြည့်ပြန်လွှဲလိုက်လေသည်။

“ဘုတ် ဘုတ် ဘုတ်”

ဘောလုံးကို ပုတ်နေသော အသံက တဖြည်းဖြည်း တိုတောင်းလာပြီး ရဲ့လင်းချန် လှုပ်ရှားလာသည်။

ရဲ့လင်းချန်ကို တစ်ချိန်လုံး စောင့်ကြည့်နေသည့် ချမ်ရှန်ကလည်း လှုပ်ရှားလာလေသည်။ ရဲ့လင်းချန်အား သူ့ခံစစ်ကို ထိုးဖောက်ခွင့် ပြုမည် မဟုတ်ပါ။

သို့သော် တစ်ခဏအတွင်းမှာပင် ရဲ့လင်းချန်က ရုတ်တရက် အရှိန်မြှင့်လာပြီး တစ်ဖက်သို့ လှည့်လာသည်။ ဘေးသို့ ရှောင်တိမ်းလိုက်သည့် ခြေလှမ်းနှင့်အတူ ဘောလုံးကိုပုတ်၍ ချမ်ရှန်၏ ဘေးမှ အလွန်ပုံမှန်မဟုတ်သော ကိုယ်ဟန်ဖြင် ဖြတ်ကျော်သွားလေသည်။

ထိုအခိုက်တွင် ချမ်ရှန်သည် သူ့အရှိန်ကြောင့် ဟန်ချိန်ပျက်သွားပြီး ဘေးသို့ တစ်ကိုယ်လုံး ယိုင်ကာ ကြမ်းပြင်ပေါ် ပစ်လဲကျသွားသည်။

ရဲ့လင်းချန်က လက်ကိုမြှောက်၍ ခြေဖျားထောက် ခုန်လိုက်ပြီး ဘောလုံးကို လှမ်းပစ်လိုက်သည်။

“ဘုတ်”

ဘောလုံးက ပိုက်ကွန်ထဲသို့ ဝင်သွားပြီး ကြမ်းပြင်ပေါ် ကျလာသည်။ ၎င်းအသံက လူတိုင်း၏ ရင်ထဲ၌ တူဖြင့် ထုချခံလိုက်ရသကဲ့သို့ ဖြစ်သွားစေပြီး အားလုံး အသက်ရှူ မြန်လာသည်။

တိတ်ဆိတ်သွားလေသည်။

လူတိုင်း ပါးစပ်အဟောင်းသားဖြင့် မျက်လုံးပြူး မျက်ဆံပြူးဖြစ်ကာ ကြမ်းပြင်ပေါ် လိမ့်နေသော ဘောလုံးကို ကြည့်ပြီး ပြောစရာစကား မဲ့နေကြသည်။

ချမ်ရှန်သည် ကြမ်းပြင်ပေါ်၌ လဲနေပြီး မတ်တပ်ရပ်ရန်ပင် မေ့ကာ မျက်လုံးများက ထိုင်းမှိုင်းနေသည်။

အရှိန်၊ တုံ့ပြန်မှုနှင့် ရဲ့လင်းချန် ပြသွားသော အယောင်ပြခြင်းတို့က သူ့အား တွေဝေငေးငိုင်သွားအောင် လုပ်နိုင်ခဲ့သည်။ ယင်းက သူ မထင်မှတ်ထားသည့်အရာပင်။

ဘတ်စကတ်ဘောတွင် တစ်ဖက်လူ၏ ခံစစ်ကို ထိုးဖောက်ရန်ကပင် ခက်ခဲနေပြီ ဖြစ်ပြီး တစ်ဖက်လူအား အငိုက်ဖမ်း၍ လဲကျအောင် လုပ်နိုင်ရန်က ပို၍ပင် ခက်ခဲသေးသည်။ ထို့အပြင် တစ်ဖက်လူက ပရော်ဖက်ရှင်နယ် ဘတ်စကတ်ဘော ကစားသမားဖြစ်ပါက ခက်ခဲမှုနှုန်းက မဖြစ်နိုင်သော အခြေအထိပင် ရောက်သွားနိုင်သည်။

သို့သော်ငြားလည်း ရဲ့လင်းချန်က ယင်းကို အလွယ်တကူ လုပ်နိုင်ခဲ့သည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ဖမ်ဟမ် အံ့ဩသွားသည်။ သူ့နှုတ်ခမ်းက တဆတ်ဆတ် တုန်လာပြီး စိတ်ထဲ၌ မုန်တိုင်းထန်နေလေသည်။ သူ့အတွေးအမြင်တို့ အကြီးအကျယ် ပြောင်းလဲနေ၏။

ရဲ့လင်းချန်၏ အစောပိုင်းက စွမ်းဆောင်ရည်က ပြစ်ချက်မရှိဟု သတ်မှတ်နိုင်ပေသည်။

လျင်မြန်မှု၊ ခွန်အား၊ ဘောလုံးကို ထိန်းချုပ်နိုင်စွမ်းနှင် တိကျစွာ ပစ်နိုင်ခြင်းတို့က ပရော်ဖက်ရှင်နယ် ကစားသမားဖြစ်သော ချမ်ရှန်ထက် သာလွန်နေသည်။

*ပါရမီရှင်*

*တကယ့်ကို ပါရမီရှင် တစ်ယောက်ပဲ*

“အံ့ဩစရာကောင်းတဲ့ လူငယ်လေးပါလား”

ချင်ယွမ်သည်လည်း ထိတ်လန့်နေပြီး ပင့်သက်ရှိုက်လိုက်ပြီးမှ ချီးကျူးလေသည်။

“ကပ္ပတိန်က သူ့ခံစစ် ပေါက်သွားတုန်းမှာ လဲကျသွားတယ်လား၊ ဒါမျိုး အရင်က တစ်ခါမှ မဖြစ်ဖူးပါဘူး”

“မယုံနိုင်စရာပဲ၊ စောနက ဘောလုံးကို ဖြတ်ယူလိုက်တာရောပဲ၊ အဲ့အရှိန်က မြန်လွန်းတယ်”

“ငါ အိပ်မက်မက်နေတာပဲ ဖြစ်ရမယ်၊ ဘယ်လိုလုပ် အဲ့လောက် ကြောက်စရာကောင်းတဲ့ လူမျိုး ရှိမှာလဲ”

“ဒါက … ကြောက်ဖို့ကောင်းလွန်းတယ်”

…

တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဘတ်စကတ်ဘော ခန်းမတစ်ခုလုံး ဆူညံလာပြီး အံ့ဩတကြီး ပြောဆိုသံများနှင့် ပြည့်နှက်လာသည်။

ရဲ့လင်းချန်က သူတို့ကို အရေးမလုပ်သလို အနိုင်ရသည့်အတွက် ဂုဏ်ယူသလိုလည်း မခံစားရချေ။ ထိုအစား သူသည် ခံစားချက် ကင်းမဲ့စွာဖြင့် တံခါးဝဘက်သို့ ဦးတည်သွားသည်။

“ကျောင်းသားရဲ့ ခဏလေး နေပါဦး”

ဖမ်ဟမ်၏ အိုမင်းနေသော ခန္ဓာကိုယ်က ရုတ်တရက် အံ့ဩစရာ ကောင်းလောက်အောင် လျင်မြန်စွာ လှုပ်ရှားလာသည်။

“ငါ အမြင်မရှိခဲ့တာပါ၊ ဒီအိုမင်းနေတဲ့ လူအိုကြီးရဲ့ အပြုအမူကို ကျောင်းသားရဲ့ စိတ်ထဲမထားဖို့ တောင်းဆို ချင်ပါတယ်”

“ဥက္ကဋ္ဌဖမ်၊ ခင်ဗှား ဒီလိုလုပ်ဖို့ မလိုပါဘူး”

ရဲ့လင်းချန် ခေါင်းခါလိုက်သည်။

“နှုတ်ဆက်ပါတယ်”

“ကျောင်းသားရဲ့ မင်းက သေချာပေါက် အနာဂတ်မှာ ဘတ်စကတ်ဘော ကြယ်ပွင့် ဖြစ်လာမှာပါ၊ ငါတို့ တင်စီးခဲ့မိတာပါ၊ ကျေးဇူးပြုပြီး ဘတ်စကတ်ဘော အဖွဲ့ကို ပူးပေါင်းပေးပါ”

ချင်ယွမ်သည်လည်း အနားသို့ လျှောက်လာပြီး သူ့အား စိတ်ရင်းအတိုင်း ဖျောင်းဖျရန် ကြိုးစားလေသည်။

“ခင်ဗျားတို့ စေတနာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော် မလုပ်တော့ဘူး”

ရဲ့လင်းချန်က လက်ခါ၍ ပြောလိုက်သည်။

ဖြစ်ပျက်သွားခဲ့သော ကိစ္စများအားလုံး ပြီးနောက်တွင် သူ၏ စိတ်ဝင်စားမှု ကျဆင်းသွားခဲ့သည်။ သူနှင့် ဘတ်စကတ်ဘော အဖွဲ့အစည်းတို့က ကံမပါဟုသာ ဆိုရပေတော့မည်။

“ကျောင်းသားရဲ့ မင်းအရည်အချင်းကို ဒီမှာ မြှုပ်မထားလိုက်သင့်ဘူး၊ ဒါ ငါ့အမှားပဲ၊ ငါ မင်းကို တကယ် စိတ်ရင်းနဲ့ တောင်းပန်ပါတယ်”

ဖမ်ဟမ်သည် အံကြိတ်လိုက်ပြီးနောက် ဒူးကိုကွေးကာ ရဲ့လင်းချန်အရှေ့၌ ဒူးထောက်ရန် ပြင်လေသည်။

“မလုပ်ပါနဲ့”

ရဲ့လင်းချန်က သူ့ကို ချက်ချင်း တားလိုက်သည်။

“ဒီမှာပဲ လမ်းခွဲလိုက်ကြတာပေါ့”

ထိုသို့ပြောပြီးနောက် သူသည် နောက်ပြန်လှည့်မကြည့်ဘဲ တံခါးဆီသို့ အမြန်ပြေးသွားသည်။

*သူ တကယ် … သွားလိုက်ပြီလား*

လူတိုင်း အဝေးရောက်သွားသော ရဲ့လင်းချန်၏ ပုံရိပ်ကို လှမ်းကြည့်နေကြပြီး ဆုံးရှုံးမှုအတွက် စိတ်ပျက်သလို ခံစားနေရသည်။

ထိုစဉ် ချမ်ရှန်က ဖြည်းဖြည်းချင်း လျှောက်လာသည်။ သူသည် ယခုအထိ အံ့ဩနေသော အမူအရာဖြင့် ငိုင်တွေနေ၏။

“ခုနက ပြိုင်ပွဲကို မင်း ဘယ်လိုထင်လဲ”

ချင်ယွမ်က မေးလိုက်သည်။

“သန်တယ်၊ သူက သန်လွန်းတယ်”

ချမ်ရှန်က တုံ့ဆိုင်းမနေဘဲ ပြန်ဖြေ၏။

“ကျွန်တော် သူ့ဆီကနေ အတော်လေး ဖိအားပေးခံရသလို ခံစားရတယ်၊ ဒီလို ခံစားချက်မျိုးကို MBA မှာ နိုင်ငံတကာ ဘတ်စကတ်ဘော ကြယ်ပွင့်တွေနဲ့ တွေ့မှ ကျွန်တော် ခံစားခဲ့ဖူးတာ၊ ကျွန်တော့်မှာ ပြန်တိုက်ချင်တဲ့ သတ္တိတောင် မရှိတော့သလိုပဲ”

ချမ်ရှန်က MBA တွင် ပါဝင်နိုင်သည်အထိ အရည်အချင်း မပြည့်မီသော်လည်း ထိုသူများကို သူ မတော်တဆ တွေ့ဆုံခဲ့ဖူးသည်။ သူတို့နှင့် မည်သို့မျှ ယှဉ်ပြိုင်ခြင်း မပြုခဲ့သော်လည်း ထိုသူများက သူ့ကို အတော်လေး ဖိနှိပ်နိုင်ခဲ့သည်။

အားလုံး ပင့်သက်ရှိုက်မိသွားပြီး အံ့အားသင့်ဟန် ပေါ်လာကြသည်။

*ချမ်ရှန်ရဲ့ အတွေ့အကြုံက ဘာကို ပြောချင်တာလဲ၊ ရဲ့လင်းချန်က MBA မှာ ပါဝင်နိုင်တဲ့ နိုင်ငံတကာ ဘတ်စကတ်ဘော ကြယ်ပွင့် ဖြစ်လာနိုင်တယ်လို့ ပြောချင်နေတာလား*

သူတို့၏ ခန္ဓာကိုယ် တည်ဆောက်ပုံကြောင့် ယခုအချိန်အထိ MBA က အသိအမှတ်ပြုသော တရုတ်လူမျိုး တစ်ယောက်ပင် မရှိသေးပေ။

“ဒါ … ဒါ …”

ဖမ်ဟမ် ရှုံ့မဲ့လာသည်။ သူ နောက်ထပ် ဆယ်နှစ်မျှ ပိုအိုစာသွားသလိုပင်။ သူ့ခန္ဓာကိုယ်က တုန်ယင်လာပြီး ကြမ်းပြင်ပေါ်သို့ စိတ်ဓာတ်ကျစွာ လဲကျသွားသည်။

သူသည် ဘတ်စကတ်ဘောနယ်ပယ်၌ တရုတ်နိုင်ငံ၏ တိုးတက်လာရေးကို မြင်ရရန် မျှော်လင့်ချက်ထား၍ ဆယ်စုနှစ်များစွာ ပင်ပင်ပန်းပန်း လုပ်ဆေင်ခဲ့သည်။ သူ့အိပ်မက်က တရုတ်နိုင်ငံ၏ ဘတ်စကတ်ဘောကို ဂုဏ်ကျက်သရေ တိုးမြင့်လာစေရန် ဖြစ်ပေသည်။ သို့သော် ထိုမျှော်လင့်ချက်က သူ့မျက်စိရှေ့ ပေါ်လာခဲ့ သော်လည်း သူ့လက်ဖြင့် ကိုယ်တိုင် ပုတ်ထုတ်ခဲ့သည်။ ထိုနာကျင်မှုက သူ့နှလုံးသားကို တစ်စစီ စုတ်ဖြဲနေ၏။

“ငါက အပြစ်သားပဲ၊ ငါက တရုတ်နိုင်ငံ ဘတ်စကတ်ဘောအပေါ် အပြစ်လုပ်ခဲ့တာဂ

သူ ဆောက်တည်ရာမရ ဖြစ်လာပြီး မျက်ရည်များကျကာ နောင်တရစိတ်တို့ ဖြစ်ပေါ်လာသည်။

“ငါက အရူးပဲ၊ ငါက သူငယ်ပြန်နေတာပဲ”

“ဥက္ကဋ္ဌဖမ် စိတ်ကို ထိန်းပါဦး၊ လူငယ်တွေ မာနကြိးတတ်တာက သဘာဝပါပဲ၊ ကျွန်တော်တို့ သူ့ကို ထပ်ဖျောင်းဖျနိုင်မယ့် အခွင့်အရေး ရှိလာဦးမှာပါ”

ချင်ယွမ်က အကြံပေးသော်လည်း မျက်မှောင်ကြုတ်နေကာ ယူကြုံးမရ ဖြစ်နေပုံရသည်။

“ဟုတ်တယ် သူ့အခြေအနေက ဘာပဲဖြစ်နေပါစေ ငါ့မာနကို လွှင့်ပစ်ရမယ်ဆိုရင်တောင်မှ ငါ သူ့ကို ဘတ်စကတ်ဘော အဖွဲ့အစည်းထဲ ဝင်ဖို့ တောင်းပန်မယ်”

ဖမ်ဟမ်၏ မျက်ရည်များက ဆက်လက် စီးကျနေသည်။ ထို့နောက် သူက ကျန်းဟဲကို မျက်ရည်များဖြင့် ပြည့်နေသော အကြည့်ဖြင့် နားလည်ပေးနိုင်ရန် မျှော်လင့်သော အမူအရာနှင့် လှမ်းကြည့်လေသည်။

ကျန်းဟဲသည် သူ့ဆရာ ဤသို့ ငိုသည်ကို တစ်ခါမှ မမြင်ဖူးပါ။ သူ စိတ်မကောင်းသလို ခံစားရသော်လည်း သူ့အသံက လေးနက်နေ၏။

“ဆရာ ကျွန်တော်လည်း ရဲ့လင်းချန် ကျွန်တော်တို့ အဖွဲ့အစည်းထဲ ဝင်ဖို့ မျှော်လင့်ပါတယ်၊ သူက အရင်ကတည်းက ဘတ်စကတ်ဘော အဖွဲ့အစည်းကို ဝင်ဖို့ စိတ်မပါတာ၊ သူ့ကို ဒီရောက်လာအောင် ကျွန်တော် တော်တော်လေး ကြိုးစားခဲ့ရတာ၊ အခု ကိစ္စတွေက ဒီလို ဖြစ်သွားပြီဆိုတော့ … တကယ် ခက်ခဲလာမှာ စိုးရတယ်”

သူတို့အားလုံး ဝမ်းနည်းနေသော မျက်နှာများနှင့် ထိုင်ချကာ ဆက်တိုက် သက်ပြင်းချနေသည်။ ရဲ့လင်းချမ်၏ စွမ်းဆောင်ရည်ကို မြင်ပြီးနောက် သူတို့ အခြားကစားသမားများကို အထင်မကြီးတော့ချေ။ ၎င်းက ရွှေကို ကျောက်ခဲနှင့် နှိုင်းယှဉ်နေရသလိုပင်။

ထိုစဉ် ချင်ယွမ်က ရုတ်တရက် လက်ဖျောက်ထတီး၍ စိတ်လှုပ်ရှားစွာ အော်လေသည်။

“လူအိုကြီးဖမ် နည်းလမ်း ရှိတယ်၊ ကျုပ်တို့မှာ နည်းလမ်း ရှိသေးတယ်”

“ဘာများလဲ”

ဖမ်ဟမ်သည် စိတ်လှုပ်ရှားမှုကြောင့် ခုန်မိလုနီးပါး ဖြစ်နေသည်။

“မြန်မြန်ပြော”

“စာချုပ်လေ၊ ကျုပ်တို့မှာ ရဲ့လင်းချန် လက်မှတ်ထိုးထားတဲ့ စာချုပ် ရှိတယ်”

ချင်ယွမ်၏အသံက တုန်နေသည်။

“ကျုပ်တို့ အဲ့စာချုပ်ကို ရှာပြီး စာရင်းသွင်းတာကို ပြီးအောင် လုပ်ဖို့ပဲ လိုတာ၊ အဲ့ဒါဆိုရင် ရဲ့လင်းချန်က ကျုပ်တို့ အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာမှာ”

“မြတ်စွာဘုရား၊ မြတ်စွာဘုရား … မင်း ဉာဏ်ကောင်းသားပဲ”

ဖမ်ဟမ် အလျင်စလို ပြောလိုက်သည်။ သူ့မျက်နှာက စိတ်လှုပ်ရှားဟန်‌ ပေါ်နေပြီး ငရဲမှ ကောင်းကင်ဘုံသို့ တက်လှမ်းလိုက်နိုင်သည့် ခံစားချက်မျိုး ရနေလေသည်။

“ဟုတ်တယ် အမှိုက်ပုံး၊ အားလုံး အမှိုက်တွေကိုထဲက အတူတူ ရှာရအောင်၊ ငါ့ကို စာချုပ်ရှာပေးပါ၊ မင်းတို့ ဘယ်လိုလုပ်လဲ ငါ ဂရုမစိုက်ဘူး၊ ငါတို့ ရဲ့လင်းချန်ကို ငါတို့ အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်အဖြစ် အရင် စာရင်းသွင်းထားမှ ဖြစ်မယ်”

သူသည် အရူးတစ်ယောက်သဖွယ် ရယ်မောပြီး အမှိုက်ပုံးထံသို့ ပြေးသွားလေသည်။

လက်ရှိအချိန်တွင် အမှိုက်ပုံးသည် သူ့မျက်လုံးထဲ၌ ညစ်ပတ်မနေတော့ဘဲ တောက်ပစွာ ဝင်းလက်နေသလို ဖြစ်နေသည်။

ကျန်းဟဲက သူ့အနောက်မှ ချက်ချင်း အမီလိုက်ကာ စိုးရိမ်တကြီး သတိပေးသည်။

“ဆရာ ကိုယ့်ခန္ဓာကိုယ်ကို သတိထားပါဦး၊ နှလုံးရပ်သွားပါဦးမယ် …”

All Chapters