ဂီတလောက၌ ပွက်လောရိုက်ခြင်း
Vol. 13 Ch. 187
နောက်တစ်နေ့သည် သီချင်းသစ်များ ထုတ်လွှင့်ပြီးသော သုံးရက်မြောက်နေ့ ဖြစ်ပြီး QQ Music ၏ စာရင်း၌ ကြီးမားသော ပြောင်းလဲမှုတစ်ခု ဖြစ်လာလေသည်။
ဤပြောင်းလဲမှုက လူတိုင်းကို ထိတ်လန့်သွားစေရန် လုံလောက်ပေသည်။
လက်ရှိတွင် ရေပန်းစားနေသော ဇယားကွက်၌ သီချင်းသစ်သုံးပုဒ်က သိသာသော နှုန်းဖြင့် မြင့်တက်လျက် ရှိသည်။
အလင်းအားဖွေရှာသူ၊ ကျယ်ပြောသော ကောင်းကင်နှင့် ပင်လယ်နှင့် အလင်းနှစ်များစွာ။
တေးဆို ချန်ရှောင်ယန်
တေးရေး ဝိုင်
တေးဂီတ ဝိုင်
ထိုသီချင်းသုံးပုဒ်အား QQ Music ၏ အကြံပြုချက် ခေါင်းစီးစာတန်း၌ ဖော်ပြထားသည်။ ထိုနေရာသည် စူပါစတားများအတွက်သာ ဖြစ်သော်လည်း လက်ရှိတွင် ချန်ရှောင်ယန်၏ သီချင်းသုံးပုဒ်လုံးက နေရာယူ ထားလေသည်။
ဤသို့သော အဖြစ်သည် သာမန်လူများ ထင်မှတ်မထားသည့် ကိစ္စပင်။
QQ Music ကို ဖွင့်လိုက်သည်နှင့် ထိုသီချင်းသုံးပုဒ်၏ ရူးချင်စရာကောင်းသော ကိန်းဂဏန်း အချက်လက်ကို မြင်ရပေလိမ့်မည်။
ပထမနေ့မှာတင် သီချင်းကို download လုပ်သူက ငါးသိန်း ရှိသည်။ ဒုတိယနေ့တွင် အရေအတွက်က ၁,၂၀၀,၀၀၀ ရှိလေသည်။ ယနေ့မနက်တွင်မူ စုစုပေါင်း download အရေအတွက်က ၂,၆၀၀,၀၀၀ သို့ ရောက်နေ၏။
၎င်းက အသစ်ထွက် သီချင်းများနှင့် နေ့စဉ် ကျော်ကြားသော ဇယားကွက်နေရာမှ ထပ်ဆုံး သုံးနေရာကို သိမ်းပိုက် ထားသည်။
ရေပန်းစားနေသော ဇယားကွက်တွင်လည်း သုံးဆယ့်ခြောက်၊ လေးဆယ့်ရှစ်နှင့် ငါးဆယ့်နှစ် စသည့် နေရာများတွင် ရှိနေသည်။
ဤသည်က တင်ပြီး သုံးရက်မျှသာ ရှိသေးသည်။
ဤသို့ အံ့ဩစရာကောင်းသော အချက်အလက်အရ လူတိုင်း အာရုံစိုက်ထားကြောင်း သိသာလှသည်။ ဂီတနယ်ပယ်၌ ချန်ရှောင်ယန်၏ လွှမ်းမိုးမှုက စူပါစတားများနှင့်ပင် ယှဉ်နိုင်နေလေပြီ။
ထိုအချိန်တွင် တေးရေးဆရာ ဝိုင်နှင့် ချန်ရှောင်ယန်တို့၏ ဝေ့ပေါ်တို့သည် အသက်ဝင် လှုပ်ရှားလျက် ရှိသည်။
[အား ချန်ရှောင်ယန်ရေ မင်း အဲ့ဒါကို မြင်လား၊ မင်း ဇယားရဲ့ ထိပ်ဆုံးကို စိုးမိုးထားတာနော်]
[ဟင့် ဟင့် ဟင့်၊ ချန်ကွမ်းတစ်ယောက်ဖြစ်တဲ့ ငါတော့ ငိုနေမိပြီ၊ ငါ တကယ် ချန်ရှောင်ယန်အတွက် ပျော်နေပြီ]
[ဒါ တကယ့် ခွန်အားအစစ်ပဲ၊ တရုတ်နိုင်ငံ Top Voice က ချန်ရှောင်ယန် သူတို့စင်မြင့်ပေါ်မှာ ဖျော်ဖြေဖို့ မထိုက်တန်ဘူး]
[နောက်ဆုံးတော့ သီချင်းကို ထုတ်ပြီပဲ၊ ငါ စောင့်နေခဲ့တာ ကြာလှပြီ၊ အရေးမပါတာတွေ ပြောမနေတော့ဘူး၊ ငါ ဒါကို တစ်လလုံး ကျော့ပြီး ဖွင့်တော့မယ်]
[အပေါ်ကပို့စ် ပိုင်ရှင် မင်း နောက်ကျလွန်းနေပြီ၊ ငါ ဒါကို ကျော့ပြီးဖွင့်နေတာ နှစ်ရက် ရှိပြီ]
[ငါ ဒါကို မငြီးငွေ့နိုင့်ဘူး၊ တကယ့်ကို သာယာလိုက်တဲ့ ဂီတ၊ ချန်ရှောင်ယန် ထွက်လိုက်ရတာကို တွေးမိတာနဲ့ ငါ စိတ်လှုပ်ရှားလာရပြီ]
[တရုတ်နိုင်ငံ Top Voice ရဲ့ နာမည်ကတော့ သွားပြီ]
…
QQ Music ၏ နောက်ကွယ်မှ လည်ပတ်နေသော လုပ်ငန်းပိုင်းတွင် ရှောင်ချန်နှင့် အခြား ဂီတ အယ်ဒီတာများလည်း ထိတ်လန့်နေကြသည်။
ချန်ရှောင်ယန်၏ သီချင်းများက ပေါက်လိမ့်မည်ဟု သူတို့ ခန့်မှန်းထားသော်လည်း ဤမျှ လူကြိုက်များလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။
ဤသို့သောနှုန်းဖြင့်ဆိုလျင် သူမသီချင်းက ရေပန်းစားနေသော ဇယား၌ ထိပ်ဆုံး သုံးနေရာကို ရောက်နိုင်ချေ မြင့်မားလေသည်။
“အံ့ဩစရာပဲ၊ သိပ်ကို အံ့ဩဖို့ကောင်းတယ်၊ Top Voice သာ ဒီရလဒ်ကို မြင်လို့ကတော့ ငိုသွားလောက်တယ်”
“ဟားဟားဟား ဘာလုပ်နိုင်မှာလဲ၊ ချန်ရှောင်ယန်ကို သူတို့ စင်ပေါ်က ဆင်းခိုင်းလိုက်ကတည်းက သူတို့ အကြီးအကျယ် ဆုံးရှုံးလိုက်ရပြီပဲ”
“သီချင်းသုံးပုဒ်လည်း ဇယားရဲ့ ထိပ်ဆုံး ရောက်နေပြီ၊ တစ်ခုစီကိုက ဂန္ထဝင်တွင်တယ်၊ Top Voice က ဘာအရေးယူမှုမှ မလုပ်တာက ပြီးသွားလိမ့်မယ်လို့ ထင်နေတာလား၊ အရူးတွေ”
ရှောင်ချန်က ပြုံးနေသည်။
“ဒါ အကုန်မဟုတ်သေးဘူး၊ တရုတ်နိုင်ငံရဲ့ Top Voice စောင့်ကြည့်နေလိုက်ဦးပေါ့ကွာ”
သူ့အကြည့်က နောက်သီချင်းခေါင်းစဉ် တစ်ခုဖြစ်သည့် လူတစ်ချို့ပေါ်သို့ ကျရောက်လာသည်။
ထိုသီချင်းသည်လည်း ဇယား၌ အံ့ဩစရာကောင်းသော နှုန်းဖြင့် တက်လာနေသည်။ သို့သော် ၎င်းကို ကြော်ငြာထားသည့် နေရာက ပိုသေးသောကြောင့် ၎င်း၏ ရလဒ်က ချန်ရှောင်မန်၏ သီချင်းများလောက် မကောင်းပေ။ သို့သော်ငြားလည်း ၎င်း၌ အကန့်အသတ်မဲ့သော အလားအလာ ရှိပေသည်။
အသေးစား ကြော်ငြာနှင့် နှစ်ရက်မျှသာ ကြော်ငြာပြီးနောက် လူတစ်ချို့ကို download လုပ်သူက နှစ်သိန်း သုံးသောင်း ကျော်သွားလေသည်။
ထိုအချက်အလက်သည်လည်း အလွန် ကြောက်စရာကောင်းသည်။ နာမည်မရှိသော သူတစ်ယောက်၏ သီချင်းသစ် တစ်ပုဒ်အတွက် ဤရလဒ်များက မျက်လုံးပြူးစရာပင်။
အထူးသဖြင့် ယင်းကို ဝိုင်ကိုယ်တိုင်ရေး၍ ကိုယ်တိုင်ဆိုထားခြင်းပင်။ ပေါက်သွားသည်နှင့် အရာအားလုံး တောက်ပ သွားပေလိမ့်မည်။
သောကြာနေ့သို့ ရောက်လာလေပြီ။
ရှောင်ဟိုင်သည် သာမန် ရုံးဝန်ထမ်းတစ်ယောက် ဖြစ်သည်၊။ သူ့တွင် မည်သည့် ထူးထူးခြားခြား ဝါသနာမှ မရှိပေ။ သူသည် စိတ်ဓာတ်ကျနေချိန်၌ ခံစားချက်များ ချောမွေ့လာအောင် သီချင်းတစ်ချို့ နားထောင်ရခြင်းကို နှစ်ခြိုက်သည်။
“အံ့ဩစရာပဲ၊ ချန်ရှောင်ယန်ရဲ့ သီချင်းသစ် သုံးပုဒ်လုံး QQ Music ကနေ ထုတ်လိုက်ပြီပဲ”
သူသည် သီချင်းကို ရွေးလိုက်ပြီးနောက် မျက်လုံးမှိတ်၍ သီချင်းကို ခံစားလေသည်။
ထို့အပြင် သူသည် အသစ်ထွက် ဇယားထဲမှ စိတ်ဝင်စားစရာကောင်းသော သီချင်းသစ်အချို့ကို လိုက်ရှာ လေသည်။
သက်တမ်းရင့် ဂီတပရိသတ်တစ်ယောက် ဖြစ်သောကြောင့် သူသည် သီချင်းများနှင့် ပတ်သက်၍ အလွန် ဇီဇာကြောင်လေသည်။ သူ ဆက်၍ ဖုန်းကိုပွတ်နေရင်းနှင့် ရုတ်တရက် တန့်သွားသည်။
*အာ*
သူ ဤသီချင်းကို နားမထောင်ဖူးသော်လည်း ကိန်းဂဏန်း အချက်အလက်က အလွန် ကောင်းနေပုံရသည်။
နေ့စဉ် အတော်လေး တိုးတက်လာပြီး ဤသီချင်း၏ ရေပန်းစားမှုနှင့် အဆင့်နေရာကလည်း လျင်မြန်စွာ တက်လာနေ၏။
*သီချင်းကို လူတစ်ချို့လို့ နာမည်ပေးထားပါလား၊ ထူးဆန်းတဲ့ နာမည်ပဲ*
*ငါ စမ်းကြည့်ရင် ကောင်းမလား*
လူတစ်ချို့ကို နှိပ်လိုက်ပြီးနောက် မြင်လိုက်ရသည့် အရာကြောင့် မျက်မှောင်ကြုတ်မိသွားသည်။ သီဆိုသူ၊ တေးဂီတနှင့် စာသားကို ရေးသားဖန်တီးသူ အားလုံးက ဝိုင်ဖြစ်နေ၏။
*ဒါ ဘာသဘောလဲ၊ ငါ လေးစားရတဲ့လူကို အတုခိုးတာလား*
လတ်တလော ဝိုင်၏ နာမည်ကျော်ကြားမှု မြင့်တက်လာခြင်းကြောင့် အတုအယောင်များစွာ ပေါ်လာခြင်းကလည်း ရှောင်လွှဲ၍ မရသော ကိစ္စပင်။ တစ်ချို့ဆိုလျင် ဝိုင်ပါဟူ၍ လူလုံးထွက်ပြကြသေးသည်။ သို့သော် ထိုလူများအားလုံး သူတို့ အရည်အချင်းကို ပြသရန် ရှုံးနိမ့်ခဲ့လေသည်။
ဝိုင်၏ ရေပန်းစားမှုက နာမည်ကြောင့်သာ မဟုတ်ဘဲ သူ၏ အရည်အချင်းကို လူအများက အသိအမှတ် ပြုကြသောကြောင့်ပင်။
*ဒါ လူစိတ်ဝင်စားတာကို ခံချင်တဲ့ လူတွေထဲက တစ်ယောက်ပဲ ဖြစ်မယ်၊ ဒီသီချင်းသာ ဆိုးရွားလို့ကတော့ ငါ အဲ့လူကို သူ့အကောင့်နဲ့ သီချင်းကို ဖျက်တဲ့အထိ ဝေဖန်ပစ်ဦးမယ်*
တစ်ချိန်တည်းမှာပင် သီချင်းသံ စတင် ထွက်ပေါ်လာသည်။
“လူတစ်ချို့က ကမ္ဘာပတ်ပြီး ခရီးထွက်ကြတယ်၊ လူတစ်ချို့က တစ်ဘဝလုံး အလုပ် ကြိုးကြိုးစားစား လုပ်ရတယ်
လူတစ်ချို့က အပြောချိုပြီး တစ်ချို့သောလူတွေက ထုံအကြတယ်
လူတစ်ချို့က ဆင်းရဲသားတွေကို မနှစ်မြို့ဘဲ လူချမ်းသာတွေကိုသာ ခင်မင်ကြတယ်၊ လူတစ်ချို့က ပိုက်ဆံ အကြောင်းပဲ တွေးကြတယ် …”
အစပိုင်း၌ ထွက်ပေါ်လာသော ဩရှရှ ခပ်တိုးတိုးအသံက သူ့သဘောထားအားလုံးကို ချက်ချင်း ပျောက်ပျက် သွားစေပြီး သူ့စိတ်အား တည်ငြိမ်လာစေသည်။
သီချင်းကို ဆက်လက် နားထောင်နေပြီးနောက် ရှောင်ဟိုင်၏ မျက်လုံးတွင်းမှ အံ့ဩသော အရိပ်အယောင်က ပိုမို ကြီးလားလာသည်။ စာသားနှင့် သီချင်းမှ ခံစားချက်များက သူနှင့် အတော်လေး ကိုက်ညီနေသလိုပင်။
လူ့အဖွဲ့အစည်းသည် လူမျိုးစုံတို့ဖြင့် ပြည့်နေသော အသိုက်အဝန်း ဖြစ်သည်။ မိမိတို့ အကျိုးအမြတ်အတွက် သူတို့ အခန်းကဏ္ဍများကို လှုပ်ရှားကြသည်။ လူတို့နှင့် ရင်ဆိုင်ရရာတွင် ရူးချင်ယောင်ဆောင်ရခြင်း၊ ရုန်းကန် ရခြင်း၊ အထက်ဖားအောက်ဖိခံရခြင်း၊ သည်းခံရခြင်းနှင့် အခြားသော အတွေ့အကြုံများကို သူ ပြန်မြင်ယောင် လာသည်။ သူ့စိတ်ထဲ၌ ရှုပ်ထွေးသော ခံစားချက်များ ပေါ်ထွက်နေ၏။ သီချင်းတစ်ပုဒ်တွင် ဤသို့ အကြောင်းအရာ အများအပြား ပါနေလိမ့်မည်ဟု သူ ထင်မထားမိပါ။
ထို့အပြင် သီချင်းထဲက အသံကလည်း ညှို့ယူဖမ်းစားနိုင်ပြီး တေးသံကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်သည်။
သတိမထားလိုက်ခင်မှာပင် သူ သီချင်းကို မငြီးငွေ့ဘဲ ဆယ်ခါ နားထောင်မိပြီးနေသည်။
*ဒီသီချင်းက … ဒါ ဘဝအကြောင်း မဟုတ်လား*
ရှောင်ဟိုင်၏ မျက်လုံး၌ မျက်ရည်များ ဝေ့လာသည်။ သီချင်းထဲ၌ သူ့ကိုယ်သူ ပြန်မြင်နေရပြီး မျက်ရည်များက ပါးပေါ် အလိုလို စီးကျလာ၏။
ထို့နောက် သူ သီချင်းကို ဝေဖန်အကဲဖြတ်သည့် ကဏ္ဍကို ဖွင့်ကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်းပင် ကောင်းသော မှတ်ချက်များဖြင့် ပြည့်နေလေသည်။
[ချီးပဲ အံ့ဩဖို့ကောင်းတဲ့ သီချင်းပဲကွ၊ ဒါ တကယ့်ကို အံ့ဩဖို့ကောင်းတဲ့ သီချင်း]
[ငါ စောက်ရေးမပါတာကို ပြောနေတာ မဟုတ်ဘူး၊ ဒါက ငါ့ကို ကလေးလို ငိုအောင် လုပ်နိုင်တဲ့ တစ်ခုတည်းသော သီချင်းပဲ]
[အီးဟီးဟီးဟီး … ငါ ဒါကို နားထောင်တိုင်း ငိုနေမိတယ်၊ အရမ်း ထိရောက်ပြီး နားလည်နိုင်တယ်]
[ပါရမီရှင်၊ ဒီလိုသီချင်းမျိုး ရေးနိုင်တယ်ဆိုတော့ ပါရမီရှင်ပဲ ဖြစ်ရမယ်]
[အဆုံးထိ နားထောင်ပြီးမှ ငါ ပြန်အသိဝင်လာတယ်၊ ငါတို့ ဘယ်လိုနည်းလမ်းပဲသုံးသုံး ဘဝအဆုံးသတ်ကျရင် ငါတို့က ဖုန်မှုန့်သာသာပဲ၊ ငါ ဘဝကို ဘာနောင်တမှမရဘဲ နေသွားချင်တယ်]
[ဒီသီချင်းက ငါ့ခေါင်းထဲမှာ ဆက်တိုက် ပေါ်လာနေတယ်၊ ငါ စွဲနေပြီနဲ့တူတယ် …]
[ဝိုင်ဆိုတဲ့ နာမည်ကို ငါ စမြင်တုန်းက ဝိုင်ရဲ့ ပုံရိပ်ကို ဖျက်ဆီးမိမှာစိုးလို့ နားမထောင်ချင်ခဲ့ဘူး၊ အခုမှ ငါ့အမှားကို သတိပြုမိတယ်၊ အားလုံးပဲ ဒီအဆိုတော်က တကယ့်ဝိုင်လို့ ထင်လား]
…
ရှောင်ဟိုင်သည် မှတ်ချက်များကို ဖြည်းဖြည်းချင်း ဖတ်နေသော်လည်း သူ့နှလုံးသားက မတည်ငြိမ်နိုင်တော့ပေ။ သူ၏ ပွက်ပွက်ဆူနေသော စိတ်အားထက်သန်မှုက အပြင်သို့ ကန်ထွက်ချင်နေ၏။
နောက်ဆုံးတွင် သူ သေချာထိုင်၍ သူ၏ သုံးသပ်ချက်ကို စရေးလေသည်။
[လူတစ်ချို့ဆိုတဲ့ သီချင်းက ခမ်းနားတဲ့ စကားလုံးတွေ မပါသလို လှပတဲ့ အသုံးအနှုန်းတွေလည်း မပါဘူး၊ ဒါပေမဲ့ စာသားက လူတစ်ယောက်ရဲ့ နှလုံးသားထဲ တန်းပြီး ထိုးဖောက်လာနိုင်တယ်၊ နားထောင်လေလေ မျက်ရည် ပိုကျလာလေပဲ၊ ဒီသီချင်းက တကယ့်ကို လက်ရာကောင်းပဲ၊ အခုချိန်မှာ ဒါက ငါ့စိတ်ရဲ့ အနက်ရှိုင်းဆုံးအထိ နေရာယူထားတဲ့ သီချင်းပဲ၊ ဒီသီချင်းကို ဝိုင်ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ဆိုထားတယ်ဆိုတာက တော်တော်လေး ဖြစ်နိုင်တယ်လို့ ငါ ထင်တယ်]