အခန်း (၁၃၁-၁၃၂)
Vol. 14 Ch. 131-132
အခန်း(၁၃၁)
ဆူယွန်းက ရှားစောင်းလက်ပတ်ဖျော်ရည်တစ်ဗူးကို ကိုင်ပြီး မိတ်ကပ်လိမ်းတဲ့အခန်းတံခါးကို ခေါက်လိုက်တယ်။
“ဘယ်သူလဲ”
အခန်းထဲကနေ အမျိုးသမီးတစ်ယောက် ခေါင်းပြူထွက်လာတယ်၊ ကြည့်ရတာ ဂျွန်မင်းပြောတဲ့ သရုပ်ဆောင်တွေထဲက တစ်ယောက် ဖြစ်မှာပါ။
“ဟယ်လို၊ ကျွန်မ နာမည်က ကင်ဆူယွန်းပါ”
သူမက ပြုံးပြုံးလေးနဲ့ အဲဒီအမျိုးသမီးကို ဖျော်ရည်ဘူး လှမ်းပေးလိုက်တယ်။ ပထမဆုံးပေးတဲ့ လက်ဆောင်ဆိုတာ သေးသေးမွှားမွှားပဲ ဖြစ်သင့်တာပေါ့။ တစ်ဖက်လူက မကြိုက်ရင်တောင် အလွယ်တကူ စွန့်ပစ်လို့ရမယ့် အရာမျိုးပေါ့။ ပထမဆုံးတွေ့တုန်းကတင် အဖိုးတန်တဲ့ လက်ဆောင်ကြီးပေးလိုက်ရင်တော့ သူတစ်ပါးရဲ့ သံသယကိုပဲ အဖတ်တင်စေမှာလေ။
“ဪ၊ ဟုတ်ကဲ့”
အဲဒီအမျိုးသမီးက ဇဝေဇဝါနဲ့ပဲ ဖျော်ရည်ကို လှမ်းယူလိုက်တယ်။ အောင်မြင်သွားပြီပေါ့။ ဆူယွန်းက ပြုံးလိုက်ရင်း ပွင့်နေတဲ့ တံခါးကြားကနေ မိတ်ကပ်ခန်းထဲကို အကဲခတ်ကြည့်လိုက်တယ်။ အထဲမှာ ဆန်းဒဝစ်တစ်ခု ရှိနေတာကို ကြည့်ရင် သူတို့တွေ တစ်ခုခုစားရင်း စကားပြောနေကြတာ သေချာတယ်။
“အတော်ပဲ၊ စားရင်းနဲ့ပဲ စကားပြောကြတာပေါ့”
သူမက အေးအေးဆေးဆေးပဲ အထဲကို လှမ်းဝင်လိုက်တယ်။ တံခါးဆိုတာ တကယ်ကို အံ့ဩဖို့ကောင်းတဲ့ အရာပဲ။ နေရာတစ်ခုနဲ့ တစ်ခုကို တကယ့်ရော အချက်အလက်အရရော ပိုင်းခြားပေးထားတာကိုး။ အဲဒါကြောင့်လည်း သူမက တံခါးဝကို ဖြတ်ကျော်တိုင်း အမြဲတမ်း သတိထားလေ့ရှိတယ်။ အကယ်၍ သူမက ချက်ချင်းကြီး ဝင်သွားလိုက်ရင် သူတို့တွေ သတိထားသွားမှာ သေချာတယ်။ အဲဒီအစား ခင်ခင်မင်မင်နဲ့ နှုတ်ဆက်ပြီးမှ ဝင်လိုက်တော့ သူတို့ကလည်း သူမကို နွေးနွေးထွေးထွေး ကြိုဆိုကြတာပေါ့။ သူမရဲ့ လှပတဲ့ မျက်နှာလေးကလည်း ဒီနေရာမှာ အထောက်အကူ ဖြစ်စေတာတော့ အမှန်ပဲ။
“ဘယ်သူပါလိမ့်”
အမျိုးသားတစ်ယောက်က ထိုင်နေရာကနေ ထရပ်ပြီး သူမကို ကြည့်လိုက်တယ်။
“နေကောင်းကြလားရှင်၊ ကျွန်မ ကင်ဆူယွန်းပါ”
“ဪ၊ ဟုတ်ကဲ့”
သူတို့က သူမကို မသိတာက အရေးမကြီးပါဘူး။ အရေးကြီးတာက ကိုယ့်နာမည်ကို သူတို့သိသွားဖို့ပဲ။ အကယ်၍ သူမက နာမည်နဲ့အတူ ကောင်းမွန်တဲ့ အထင်အမြင်တစ်ခုခုကိုပါ ပေးနိုင်ခဲ့ရင် နောက်ပိုင်း စကားပြောရတာ အများကြီး ပိုလွယ်သွားမှာလေ။
“မိတ်ကပ်ခန်းထဲမှာ တကယ့်ကို ပြောင်မြောက်တဲ့ သရုပ်ဆောင်တွေ ရှိနေတယ်လို့ ဆရာဂျွန်မင်းဆီက ကြားခဲ့ရလို့ပါ၊ နှုတ်ဆက်ချင်လို့ ဝင်လာခဲ့တာပါ”
ဂျွန်မင်းရဲ့ နာမည်ကို ပြောလိုက်ရုံနဲ့တင် အထဲက လူလေးယောက်လုံးရဲ့ မျက်နှာထားတွေ ပြောင်းသွားကြတယ်။ နာမည်ကြီးတွေရဲ့ အရှိန်အဝါက ဒီလောက်အထိ အရေးပါတာကိုး။
“ဒါရိုက်တာ လီဂျွန်မင်းကို ပြောတာလား”
“ဟုတ်ကဲ့၊ အာ... ကျွန်မ ကိုယ့်ကိုယ်ကိုယ် ထပ်ပြီး မိတ်ဆက်ပါရစေ၊ ကျွန်မက ကြိုးစားနေတဲ့ သရုပ်ဆောင် ကင်ဆူယွန်းပါ၊ ဆရာဂျွန်မင်းရဲ့ လက်အောက်မှာ အလုပ်လုပ်နေတာပါ”
အမျိုးသားတစ်ယောက်က မှတ်မိသွားသလိုမျိုး လေသံလေးနဲ့ ရေရွတ်လိုက်တယ်။
“ဪ... တီဗီ ဇာတ်လမ်းတွဲထဲက တစ်ယောက်ပဲ”
“ဝိုး... ကျွန်မကို မှတ်မိနေတာလား၊ ကျေးဇူးအများကြီး တင်ပါတယ်ရှင်၊ ဒါက ပထမဆုံးအကြိမ်ပဲ”
နှုတ်ဆက်ဖို့ကတော့ ဒီလောက်ဆို လုံလောက်ပါပြီ။ သူမက ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်သွားအောင် မလုပ်မိဖို့တော့ သတိထားရမယ်၊ သူတစ်ပါးရဲ့ အထင်သေးတာကိုတော့ အဖြစ်မခံနိုင်ဘူးလေ။ နှိမ့်ချတတ်ရမယ်၊ ဒါပေမဲ့ အလွန်အကျွံတော့ မဟုတ်ဘူးပေါ့။
“မင်းရဲ့ ဇာတ်လမ်းတွဲကို ကျွန်တော် သေသေချာချာ ကြည့်နေတာပါ”
တစ်ယောက်က မှတ်မိသွားပြီဆိုတာနဲ့ ကျန်တဲ့သူတွေကလည်း ပြုံးပြုံးလေးနဲ့ သူမနားကို ကပ်လာကြတော့တယ်။ အဲဒါကြောင့်ပဲ ပထမဆုံး အထင်အမြင်က တအားအရေးကြီးတာပေါ့။ သူမ ယူလာတဲ့ လက်ဆောင်က သေးပေမဲ့ တစ်ဖက်လူကို တွေ့ဖို့အတွက် ပြင်ဆင်လာတယ်ဆိုတာကိုတော့ ပြသနေတာပဲ။ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု စတင်ဖို့အတွက် ဒါက တကယ့်ကို အရေးကြီးတယ်ဆိုတာ ဆူယွန်း ကောင်းကောင်း သိတာပေါ့။
“ကျေးဇူးတင်ပါတယ်ရှင်၊ ဝိုး... တခြား သရုပ်ဆောင်တွေလည်း ကြည့်နေကြမယ်လို့ လုံးဝ မထင်ထားဘူး၊ နည်းနည်းတော့ ရှက်ဖို့တောင် ကောင်းနေသလိုပဲ”
လူတွေဆိုတာ တစ်ဖက်လူရဲ့ ကောင်းကွက်တွေထက် အားနည်းချက်လေးတွေကို မြင်ရတဲ့အခါ ပိုပြီး ခင်မင်တတ်ကြတာလေ။ “နှိမ့်ချပါ” ဆိုတဲ့ စကားစုလေးကတင် လူမှုဆက်ဆံရေး အားလုံးကို ဖော်ပြဖို့ လုံလောက်ပါတယ်။ တစ်ဖက်လူကို ချီးကျူးစကားလေး ပြောလိုက်ပြီး ကိုယ့်ဘက်ကလည်း ပြန်ပြီး ချီးကျူးခံရမယ့် နေရာလေး တစ်ခုလောက် ချန်ထားပေးနိုင်မယ်ဆိုရင်...
“ရှက်နေတာလား၊ မဟုတ်တာပဲ၊ မင်း တကယ်ကို ကောင်းကောင်း သရုပ်ဆောင်နိုင်တာပါ”
ဆူယွန်းက နောက်တစ်ကြိမ် ရှက်ပြုံးလေး ပြုံးလိုက်တယ်။ သူမက အခန်းထဲကို ရောက်နေပြီဆိုပေမဲ့ အထဲကို တိုးဝင်သွားဖို့တော့ မကြိုးစားဘူး။
“လာပါ၊ ဒီမှာ ထိုင်ပါဦး”
ဒါက သူမ စောင့်နေတဲ့ အချက်ပြစကားပဲ။ ဒါပေမဲ့ သူမ ထိုင်ဖို့တော့ စိတ်မကူးထားပါဘူး။ အခြေအနေက ဘယ်လိုပဲဖြစ်ဖြစ် မမျှော်လင့်ဘဲ ရောက်လာတဲ့ ဧည့်သည်ဆိုတာ လူတွေကို နေရခက်စေတယ်ဆိုတာ သူမ ကောင်းကောင်း သိနေတာကိုး။
“မထိုင်တော့ပါဘူး၊ ရပါတယ်၊ စကားဆက်ပြောကြပါရှင်၊ နောက်မှ အားတဲ့အခါ အေးအေးဆေးဆေး စကားပြောကြတာပေါ့၊ စီနီယာတို့ဆီက သရုပ်ဆောင်မှုနဲ့ ပတ်သက်တဲ့ အကြံဉာဏ်တွေလည်း တကယ် တောင်းချင်ပါတယ်”
“ဟားဟား၊ ကျွန်တော်တို့ကလည်း အဲဒီလောက်ကြီး မတော်ပါဘူးဗျာ”
“ဒါတောင်မှ တော်နေတာပဲ မဟုတ်လား”
ဆူယွန်းက နောက်ကို ဆုတ်လိုက်ပြီး အရိုအသေပေးလိုက်တယ်။ ဒီလူတွေက အသက် ၂၀ ကျော် ၃၀ အရွယ်တွေပဲ ရှိကြသေးတာ။ ဒါတောင်မှ သူမက သူတို့အားလုံးကို ယဉ်ယဉ်ကျေးကျေးနဲ့ ဦးညွှတ်နှုတ်ဆက်လိုက်တယ်၊ အမျိုးသမီးတွေကိုတောင် ပါတာပေါ့။ တကယ်တော့ သူမက အမျိုးသမီးတွေကို ပိုပြီး ဂရုစိုက်ရမှာ၊ ဘာလို့လဲဆိုတော့ သူတို့က တစ်ယောက်နဲ့တစ်ယောက် အကဲခတ်တဲ့နေရာမှာ တကယ့်ကို ပါးနပ်ကြလို့ပဲ။ အကယ်၍ သူမက ယောက်ျားလေးတွေကို ဖမ်းစားဖို့ ၂၀ ရာခိုင်နှုန်း ကြိုးစားရမယ်ဆိုရင် အမျိုးသမီးတွေကို ဖမ်းစားဖို့ကတော့ ၈၀ ရာခိုင်နှုန်းလောက် အင်အားသုံးရမှာလေ။
“အာ... အဲဒီ လက်ပတ်လေးက စီနီယာနဲ့ တကယ် လိုက်တာပဲနော်”
“ဒါလား”
သူမက အခုမှ သတိရသွားသလိုမျိုး အပြင်ထွက်ခါနီးမှာ လှမ်းပြောလိုက်တာ။ သရုပ်ဆောင်မလေးက ရှက်ပြုံးလေးနဲ့ သူမရဲ့ လက်ပတ်ကို ပြလာတယ်၊ အဲဒါက ကျောက်တုံးလေးတွေနဲ့ လုပ်ထားတဲ့ လက်ပတ်လေးပေါ့။ အမှန်အတိုင်း ပြောရရင် အဲဒီအမျိုးသမီးနဲ့ လုံးဝ မလိုက်ဖက်ဘူး။ ကြောင်မျက်လုံးလို မျက်လုံးမျိုးရှိတဲ့ သူမလို အမျိုးသမီးတွေက တောက်ပတဲ့ ရတနာမျိုးတွေနဲ့မှ ပိုလိုက်တာ။ ဒါပေမဲ့ ဒါက ဆူယွန်း စိတ်ထဲကနေ ချီးကျူးနေရင်း တွေးလိုက်မိတဲ့ အချက်တစ်ခုပါပဲ။
“ဟုတ်တယ်၊ အဲဒီလို လက်ပတ်မျိုးက စီနီယာလိုမျိုး လက်ကောက်ဝတ် သေးသေးလေး ရှိတဲ့သူနဲ့မှ လိုက်တာ၊ ကျွန်မ တစ်ခါ စမ်းဝတ်ကြည့်ဖူးတယ်၊ အမလေး... သက်ပြင်းတောင် ချမိတယ်”
“ဘာလို့လဲ၊ ဆူယွန်းနဲ့လည်း လိုက်မှာပါ”
“မလိုက်ပါဘူးရှင်၊ ကျွန်မက အသားနည်းနည်း ညိုတော့ အဲဒီလို အရောင်ရင့်တဲ့ လက်ပတ်တွေနဲ့ မလိုက်ဘူးလေ”
ဆူယွန်းက လက်ပတ်ကို ခဏလောက် ကြည့်နေပြီးမှ လန့်သွားသလိုမျိုး နောက်ကို ဆုတ်လိုက်တယ်။
“တောင်းပန်ပါတယ်ရှင်၊ စီနီယာတို့ရဲ့ အားလပ်ချိန်တွေကို အများကြီး ဖြုန်းမိသွားပြီ”
“ရပါတယ်၊ ကိစ္စမရှိပါဘူး”
အမျိုးသားတွေက နှုတ်ဆက်ရင်း ထိုင်ခုံမှာ ပြန်ထိုင်လိုက်ကြတယ်၊ ဆူယွန်း ချီးကျူးခဲ့တဲ့ သရုပ်ဆောင်မလေးကတော့ တံခါးဝအထိတောင် လိုက်ပို့ပေးရှာတယ်။
“နောက်မှ ပြန်ဆုံကြတာပေါ့၊ တို့တွေ မိန်းကလေးချင်း သောက်ကြတာပေါ့၊ ဘယ်လိုလဲ”
“ကောင်းသားပဲရှင်”
ဆူယွန်းက အဲဒီသရုပ်ဆောင်မလေးရဲ့ နာမည်ကို သိသွားပြီးတဲ့နောက် ထပ်ခါတလဲလဲ နှုတ်ဆက်လိုက်တယ်။ သူတို့က အသက်တူတူပဲဆိုတော့ နောက်တစ်ခါ ဆုံတဲ့အခါ အဆင်ပြေပြေ ပေါင်းလို့ရမှာပါ။
“ဒါဆိုရင်တော့...”
ဆူယွန်းက လှည့်ထွက်လာပြီး သက်ပြင်းတစ်ချက် ချလိုက်တယ်။ ဂျွန်မင်းက သူမကို သူတို့နဲ့ တွေ့ခိုင်းတာ တစ်ခုခုတော့ အကြောင်းရှိမှာပါ။ ဘာပဲဖြစ်ဖြစ် အဲဒီလူက သူမကို တစ်ခုခု ခိုင်းလိုက်ပြီဆိုရင် အမြဲတမ်း ခိုင်လုံတဲ့ အကြောင်းပြချက် ရှိတတ်တာကိုး။
သူမ သူ့ကို တကယ် သဘောကျတဲ့ အချက်ကလည်း အဲဒါပဲ၊ သူက တကယ့်ကို အလုပ်လုပ်တဲ့နေရာမှာ ထိရောက်တဲ့သူလေ။ သေချာတာပေါ့၊ ဒါက လေးစားမှု သက်သက်ပါပဲ၊ အချစ်နဲ့တော့ ဘာမှ မဆိုင်ဘူး။ ဘာပဲဖြစ်ဖြစ် သူက သူမ အားကိုးရမယ့် ဆရာတွေထဲက တစ်ယောက်လေ။ သရုပ်ဆောင်တွေနဲ့ တွေ့ပြီးတဲ့နောက် သူမ အောက်ထပ်ကို ဆင်းလာခဲ့တယ်။ လမ်းမှာ ပြဇာတ်တစ်ခုလုံးရဲ့ ဒါရိုက်တာနဲ့ ဆုံတယ်။ သူ့ဘေးမှာ သူမနဲ့ အသက်ရွယ်တူလောက်ရှိမယ့် အမျိုးသားတစ်ယောက် ပါလာတယ်။
“အာ... ဆရာ ပြန်တော့မလို့လား”
“ဒါပေါ့၊ ဒါနဲ့ မင်းသမီး ကင်၊ တစ်နေ့ထက်တစ်နေ့ ပိုပြီး လှလာပါလား”
“ကျေးဇူးတင်ပါတယ်ရှင်”
“ဒါက ငါ့တပည့် ယွန်မင်တေး တဲ့၊ နောက်ပိုင်း အလုပ်တွဲလုပ်ဖြစ်ရင် သူ့ကိုလည်း ကူညီပေးပါဦး”
ယွန်မင်တေး လို့ မိတ်ဆက်ပေးတဲ့ အမျိုးသားနဲ့ လက်ဆွဲနှုတ်ဆက်ပြီးတဲ့နောက် ဂျွန်မင်းကို ရှာဖို့ ထွက်လာခဲ့တယ်။ ဂျွန်မင်းက သူ့ရဲ့ မှတ်စုစာအုပ်ကို တော်တော်လေး စိတ်ပူနေတဲ့ မျက်နှာနဲ့ ကြည့်နေတာပေါ့။
“အခုချိန်မှာ လက်တော့ပ်တစ်လုံးလောက် ဝယ်လိုက်တာ ပိုမကောင်းဘူးလား၊ အခုထွက်တဲ့ ဟာတွေက တော်တော်လေး ပါးပြီး ပေါ့ပါးတယ်လေ”
“လက်တော့ပ်က စက်တက်မလာခင်မှာပဲ ငါ့အတွေးတွေက လွင့်ထွက်သွားရင် ဘယ်လိုလုပ်မလဲ”
“အဲဒီလိုမျိုး အမြဲတမ်း ထိုင်ရေးနေရတာက နေရထိုင်ရ ခက်မနေဘူးလား”
“မင်းကော အသက်ရှူနေရတာ နေရခက်လို့လား”
“အမလေး... ဆရာက အဲဒီလိုမျိုး လာပြောနေမှတော့ ကျွန်မလည်း ဘာမှ ပြန်မပြောတတ်တော့ဘူး”
ဆူယွန်းက စကားပြောရင်း ဂျွန်မင်းကို မှတ်စုစာအုပ် အသစ်တစ်အုပ် လှမ်းပေးလိုက်တယ်။ အဲဒါက အီတလီက ပညာရှင်တစ်ယောက် ကိုယ်တိုင်လုပ်ထားတဲ့ တန်ဖိုးကြီး တံဆိပ်တစ်ခုပေါ့။ ဈေးကြီးပေမဲ့ ဂျွန်မင်းက ဒီလို လက်ဆောင်မျိုးနဲ့ ထိုက်တန်ပါတယ်။ အဲဒီလူက စာအုပ်ကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးပြုံးလေးနဲ့ သူမလက်ထဲက လှမ်းယူလိုက်တယ်။ ဟိုဟိုဒီဒီ လှန်ကြည့်ပြီးမှ စိတ်ကျေနပ်သွားတဲ့ ပုံစံနဲ့ သူ့အိတ်ထဲ ထည့်လိုက်တာပေါ့။ သူ ကြိုက်သွားတာ သေချာတယ်။
“ကောင်းတယ် မဟုတ်လား”
“မကောင်းဘဲ နေမလား၊ မင်း ပေးတာပဲဟာ”
“အိုး... ဒါက ချီးကျူးစကားပေါ့၊ ဟုတ်တယ်မလား”
“ဒါပေါ့၊ ဒါပေမဲ့ မင်းကို မဟုတ်ဘူး၊ မှတ်စုစာအုပ်ကို ပြောတာ”
“တော်ပါတော့ရှင်”
ဆူယွန်းက ဂျွန်မင်းရဲ့ ဘေးမှာ ဝင်ထိုင်လိုက်တယ်၊ ဒီလူနဲ့ အတူရှိနေရတာက သူမအတွက် စိတ်အေးချမ်းမှု ပေးတယ်။ သူမ မျက်နှာဖုံး စွပ်ထားစရာ မလိုဘူးလေ။ ဆိုလိုတာက သူ့ရှေ့မှာ ဟန်ဆောင်နေစရာ ဒါမှမဟုတ် အပိုတွေ ကောင်းပြနေစရာ မလိုဘူးပေါ့။
“ဘာလို့ ငါ့ကို အဲဒီလိုကြီး ကြည့်နေတာလဲ”
“အတိတ်ကို ပြန်စဉ်းစားနေလို့ပါ၊ ဆရာက ဘာလို့ ကျွန်မလို လူမျိုးကို အနားမှာ ထားထားရတာလဲ ဆိုတာမျိုးပေါ့”
“အဲဒါကို မင်းက ငါ့ထက် ပိုသိမှာပါ”
“ရှင်”
“မင်းက လူတွေကို ဖမ်းစားတဲ့နေရာမှာ တော်တယ်၊ အဲဒါက တကယ့်ကို ပြောင်မြောက်တဲ့ အရည်အချင်းပဲ၊ ဆွဲဆောင်မှုဆိုတာ တချို့က လေ့ကျင့်ယူကြရပေမဲ့ တချို့ကျတော့လည်း မွေးရာပါ ပါလာတတ်ကြတယ်၊ မင်းက အဲဒီလို လူစားမျိုးဆိုတာ ငါ သိလိုက်လို့ အနားမှာ ထားခဲ့တာပဲ”
“အဲဒါအတွက် နောင်တမရဘူးလား၊ တချို့လူတွေက ဆရာ့အပေါ် အမြင်မကြည်ကြဘူးလို့ ကြားတယ်”
“အမျိုးသမီးတစ်ယောက်ရဲ့ လှည့်ကွက်ထဲ ရောက်သွားလို့ ရှုံးနိမ့်သွားတယ်လို့ ခံစားနေရတဲ့ အမျိုးသားတွေကို ပြောတာလား၊ အဲဒီအတွက် ငါက ဘာလို့ နောင်တရနေရမှာလဲ၊ မင်း မဟုတ်ရင်တောင် တခြားတစ်ယောက်ယောက်က ဒါမျိုး လာလုပ်မှာပဲလေ”
ဂျွန်မင်းက မှတ်စုစာအုပ်ကို ပိတ်လိုက်ပြီး သူ့မျက်မှန်ကို ချွတ်လိုက်တယ်။ သူ့လည်ပင်းမှာ ချိတ်ထားတဲ့ အဲဒီမျက်မှန်က ဆူယွန်းရဲ့ အမြင်မှာတော့ အခုချိန်မှာ တကယ့်ကို ဆွဲဆောင်မှု ရှိနေတာပေါ့။ လူလတ်ပိုင်း အမျိုးသားတွေမှာ သူတို့နဲ့ လိုက်ဖက်တဲ့ ဆွဲဆောင်မှု တစ်မျိုးစီ ရှိကြတာပဲ။
“ဥပဒေ မချိုးဖောက်မိအောင်ပဲ သတိထားပါ၊ အမျိုးသမီးတစ်ယောက်က သူ့ရဲ့ လိင်အင်္ဂါရပ်ကို အသုံးချပြီး အခွင့်အရေးယူတာမှာ ဘာမှ အပြစ်မရှိပါဘူး၊ မင်းက အကျင့်ပျက်တဲ့သူ တစ်ယောက်လို နေမလား၊ ဒါမှမဟုတ် ရိုးရိုး လှပတဲ့ အမျိုးသမီး တစ်ယောက်လိုပဲ နေမလားဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တယ်”
“ဆရာက ကျွန်မကို ရွံစရာကောင်းတယ်လို့ တစ်ခါမှ မတွေးမိဘူးလား”
“မင်းကိုယ်မင်းကော အဲဒီလို တွေးဖူးလား”
“ဟင့်အင်း၊ လုံးဝပဲ၊ ကျွန်မက လူတွေကို ကိုင်တွယ်တဲ့နေရာမှာ တော်ရုံလေးတင်ပါ”
“ဒါဆို ရပြီလေ၊ အမျိုးသားတွေက အမျိုးသမီးတွေကိုရဖို့အတွက် သူတို့ရဲ့ ခွန်အားကို သုံးကြတယ်ဆိုရင်၊ အမျိုးသမီးတွေကတော့ အမျိုးသားတွေကို တကယ် ထိန်းချုပ်ထားတဲ့သူတွေပဲ၊ အမျိုးသားတွေက အလှအပနောက်ကို လိုက်ကြသလို၊ အမျိုးသမီးတွေကလည်း အာဏာနောက်ကို လိုက်ကြတာပဲ၊ ဒါက သဘာဝပဲလေ၊ တို့တွေက ဒီလိုပဲ မွေးလာခဲ့ကြသလို၊ ဒီလိုပဲ သေသွားကြမှာ”
“အဲလိုလား”
“မင်း လုပ်ချင်တာကို လုပ်ပါ၊ ဒါပေမဲ့ အဲဒီကိစ္စကို မင်းကိုယ်တိုင် တာဝန်ယူနိုင်အောင်တော့ လုပ်ထားဦး၊ အကယ်၍ မင်းက ပြဿနာတွေ အများကြီးရှာလာမယ်ဆိုရင်တော့ ငါ မင်းကို ချက်ချင်းဖြတ်ပစ်မှာနော်၊ မင်းမှာ ဆွဲဆောင်နိုင်တဲ့ ပါရမီ ရှိသလို၊ ငါ့မှာလည်း ဆက်ဆံရေးတွေကို ဖြတ်တောက်နိုင်တဲ့ ပါရမီ ရှိတယ်”
“ရက်စက်လိုက်တာ၊ ဒါဆို ဆရာက ဘာလို့ ခွေးတွေကို ဒီလောက်အများကြီး မွေးထားရတာလဲ”
“ခွေးတွေက မင်း ချစ်သလောက် မင်းကို ပြန်ချစ်တတ်လို့လေ၊ လူတွေကျတော့ အဲလိုမဟုတ်ဘူး၊ မင်းက သူတို့ကို ချစ်ပြရင် သူတို့က မင်းကို ပြန်ပြီး တော်လှန်တတ်ကြတယ်၊ မင်းက သူတို့ကို ကောင်းကောင်း ဆက်ဆံရင် သူတို့က မင်းကို ငတုံးလို့ ထင်ကြတယ်၊ မင်းက သူတို့ကို စိတ်တိုပြရင်တော့ မင်းက လူယုတ်မာ ဖြစ်သွားပြန်ရော၊ ငါကတော့ ငတုံး ဖြစ်ရမယ့်အစား လူယုတ်မာ အဖြစ်ပဲ ခံယူချင်တယ်၊ အဲဒီလိုမှပဲ ငါ့ထမင်းဝိုင်းက စိုပြေမှာလေ”
“လူတွေနဲ့ အလုပ်လုပ်နေတဲ့သူ တစ်ယောက်အတွက်တော့ ဆရာက တော်တော်လေးကို အဆိုးမြင်တတ်တာပဲနော်၊ သိရဲ့လား”
“သိတာပေါ့၊ အဲဒါကြောင့်ပဲ မင်းကို အနားမှာ ထားတာလေ၊ မင်းက အသုံးဝင်လို့ပေါ့”
“တကယ်လား၊ အသုံးဝင်လို့ သက်သက်ပဲလား၊ တခြား ဘာမှ မရှိဘူးလား”
“ငါ မင်းကို ဂရုမစိုက်ဘူးဆိုရင် ဒါတွေ ပြောပြနေမှာ မဟုတ်ဘူး၊ ငါနဲ့ အတူရှိနေသရွေ့တော့ ငါ မင်းကို ကောင်းကောင်း ဆက်ဆံသွားမှာပါ”
“အမလေး... ကြက်သီးတောင် ထတယ်”
ဆူယွန်းက ကိုယ့်ဘာသာ အကျယ်ကြီး ရယ်လိုက်တယ်။ အဲဒါကြောင့်ပဲ သူမ ဂျွန်မင်းကို မခွဲနိုင်တာပေါ့။ ဒီလူက သူမကို ယုံကြည်မှုတွေ ပေးတယ်၊ အကယ်၍ သူမရဲ့ မျက်နှာဖုံးကို ချွတ်လိုက်ရင်တောင်မှ အောင်မြင်အောင် ရှင်သန်နိုင်မယ်ဆိုတဲ့ ယုံကြည်မှုမျိုးပေါ့။
“ငါ မင်းကို နောက်တစ်ခါ ထပ်မေးမယ်၊ ဒီနေ့ ညစာ အတူတူစားမလား၊ ငါ နာမည်ကြီးဟိုတယ်တစ်ခု သိတယ်”
“ကျွန်မက ဈေးကြီးတာတွေ သိပ်မစားတတ်ဘူး၊ တခြားတစ်ယောက်ကိုပဲ သွားရှာလိုက်ပါ”
“ဝိုး... ဇီဇာတော်တော်ကြောင်တာပဲ”
ဆူယွန်းက မျက်တောင်တစ်ချက် ခတ်ပြပြီး ထရပ်လိုက်တယ်။
“အာ... ဒါနဲ့၊ ဂန်ဟွမ်ရဲ့ လက်အောက်မှာ ရှိတဲ့ ကောင်လေးလေ၊ သူက ဆရာ့ဆီမှာလည်း အလုပ်လုပ်တာလား”
“ဟန်မာရူး လား”
ဂျွန်မင်းက အဲဒီနာမည်ကို ပြောလိုက်တဲ့အခါ စောစောက မှတ်စုစာအုပ် ရတုန်းကထက်တောင် ပိုပြီး ပြုံးသွားသေးတယ်။
“ဝိုး... ဆရာ ဒီလောက်အထိ အားရပါးရ ပြုံးနေတာကို ကြည့်ရင် သူက တကယ့် လူထူးလူဆန်းဖြစ်မှာပဲ”
“သူကတော့ တကယ့်ကိုပဲ၊ ငါလည်း သူ့အကြောင်းကို အခုထိ ခန့်မှန်းလို့ မရသေးဘူး၊ သူ ဘယ်လောက်အထိ ခရီးပေါက်မလဲဆိုတာကိုတောင် မသိနိုင်တာက ငါ့ကို ပိုပြီး စိတ်လှုပ်ရှားစေတယ်”
“ဟင်း... အဲလိုလား”
“သူ့ကို ကစားချင်နေတာလား”
“ဆရာ ခွင့်ပြုမယ်ဆိုရင်ပေါ့”
“အဲဒါကတော့ ထင်သလောက် လွယ်မှာ မဟုတ်ဘူးနော်”
“ဘာလို့လဲ”
“သူက... နည်းနည်းတော့ ထူးဆန်းတဲ့ လူစားမျိုးမို့လို့”
ဂျွန်မင်းက အဲဒီစကားကို ပြောလိုက်တဲ့အခါမှာ သူ့ရဲ့ မျက်နှာထားက နက်နဲသွားတယ်။
“အင်း... အခုတော့ ကျွန်မကို နည်းနည်းခြောက်လိုက်သလိုပဲ၊ လက်လျှော့လိုက်ပါပြီ”
“တွေ့တော့ တွေ့ကြည့်ပါဦး၊ တော်တော်လေးတော့ ပျော်ဖို့ကောင်းမှာပါ”
ဂျွန်မင်းက သူ့ရဲ့ မှတ်စုစာအုပ်ကို ပြန်ငုံ့ကြည့်လိုက်တယ်၊ ဒါက စကားဝိုင်း ပြီးသွားပြီဆိုတဲ့ အဓိပ္ပာယ်ပေါ့။ ဆူယွန်းက အရိုအသေပေးလိုက်တယ်။ ဂျွန်မင်းက လက်ယမ်းနှုတ်ဆက်တာကို ကြည့်ပြီး သူမ ပြဇာတ်ရုံထဲက ထွက်လာခဲ့တယ်။
“အာ... ဆူယွန်း”
စောစောက သရုပ်ဆောင်မလေးပဲ။ ဆူယွန်းက သူမရဲ့ မျက်နှာဖုံးကို ပြန်စွပ်လိုက်ပြီး ပြုံးပြုံးလေးနဲ့ သူမနားကို ကပ်သွားတယ်။
“ပြီးပြီလား”
“ဟုတ်ကဲ့”
“အတော်ပဲ၊ တို့တွေ သောက်ဖို့ သွားကြမလား၊ ဒါနဲ့ ဆူယွန်းက သောက်တတ်လား”
“နည်းနည်းပါးပါးတော့ ရပါတယ်”
“စောစောက အမျိုးသားတွေကရော”
“အကုန်လုံး အလုပ်များနေကြလို့ လမ်းခွဲလိုက်ကြပြီ”
“အာ... အားလား”
“ဟုတ်ကဲ့၊ အားပါတယ်”
“ကောင်းတာပေါ့၊ သွားကြစို့”
ဆူယွန်းက အဲဒီအမျိုးသမီးရဲ့ လက်ကို ချိတ်လိုက်တယ်။ လူတောတိုးချင်ရင် ဒီလိုမျိုး ထိတွေ့ဆက်ဆံမှုတွေမှာ ကျွမ်းကျင်နေဖို့ လိုတာကိုး။ သရုပ်ဆောင်မလေးရဲ့ တုံ့ပြန်မှုကို ကြည့်ရရင် သူမက ဒါကို မုန်းပုံမရဘူး။ တကယ်တော့ သူမက ဆူယွန်းရဲ့ ခင်မင်မှုကိုတောင် ကြိုဆိုနေတဲ့ ပုံစံမျိုးပေါ့။
“တို့တွေ အသက်တူတူပဲ မဟုတ်လား”
“ဟုတ်ကဲ့”
“ဒါဆိုရင် စကားကို အေးအေးဆေးဆေးပဲ ပြောကြတာပေါ့”
“ရတာပေါ့”
ဒါနဲ့ပဲ ဆက်ဆံရေး အသစ်တစ်ခု စတင်လိုက်ပြီပေါ့။ ဆူယွန်းက လမ်းလျှောက်နေရင်းနဲ့ ဒီဆက်ဆံရေးကနေ သူမ ဘာတွေ ရနိုင်မလဲဆိုတာကို သေသေချာချာ စဉ်းစားနေမိတော့တယ်။
* * * * * * * * *
“ဂရုစိုက်သွားနော်”
“ဟုတ်ကဲ့၊ ဆရာလည်း ဂရုစိုက်ပါ”
“ဒါပေါ့”
မာရူးက ကားထွက်သွားတာကို ကြည့်ပြီးမှ စတင်လှုပ်ရှားလိုက်တယ်။ ဂန်ဟွမ် ကျေးဇူးကြောင့် အိမ်ကို အေးအေးဆေးဆေး ပြန်လာနိုင်ခဲ့တာပေါ့။ အဲဒီလူက မာရူးကို အများကြီး သင်ပေးမယ်လို့ ပြောခဲ့ပေမဲ့ ဆူယွန်းကြောင့် နောက်ဆုံးမှာတော့ မိန်းကလေးတွေ အကြောင်းပဲ ပြောဖြစ်သွားကြတယ်။ အမျိုးသားတွေဆိုတာကလည်း ချောတဲ့ မိန်းကလေးတွေအကြောင်းဆိုရင် စိတ်ဝင်စားတတ်ကြတာဆိုတော့ မာရူးလည်း အခုထိ အဲဒီစကားဝိုင်းထဲမှာပဲ မျောပါလာခဲ့တာပေါ့။
“အိုး... ဒီနေ့ စောစောပြန်ရောက်လာပါလား”
သူ အထဲဝင်လိုက်တော့ ညီမဖြစ်သူက နှုတ်ဆက်တယ်၊ ကြည့်ရတာ အခုတလော သူမက သူ့အပေါ် ပိုပြီး ကောင်းလာသလိုပဲ။ သူမ ရင့်ကျက်လာတာလား၊ ဒါမှမဟုတ် သူပေးတဲ့ ပိုက်ဆံတွေကြောင့်ပဲ အလျှော့ပေးနေတာလား
“အာ... ဒိုဝူးကို အဲဒီ ဂျင်ဆင်းရည် ပေးလိုက်တယ်”
“တကယ်လား”
“အင်း”
“ဒါပေါ့”
“ဟုတ်တယ်၊ သူနဲ့ တကယ် ထိုက်တန်ပါတယ်”
“ဟေး... စကားပြောတာကလည်း၊ လက်ဆောင်ပေးတာ မဟုတ်ဘူးလား”
“ဒါပေမဲ့ သူက မလိုချင်ဘဲနဲ့ ယူလိုက်တာလေ၊ သူက သောက်ချင်စိတ် မရှိဘဲနဲ့ကို သောက်လိုက်ရမှာဆိုတော့ သူနဲ့ တကယ် ထိုက်တန်တာပေါ့”
“နင်လည်း နည်းနည်းလောက်တော့ ယဉ်ကျေးအောင် ကြိုးစားပါဦး”
“ငါက ယဉ်ကျေးပြီးသားပါ”
ဘာဒါက ပျော်ပျော်ရွှင်ရွှင်နဲ့ ပြုံးဖြီးနေတယ်။ ဒီလောက် တက်ကြွတဲ့ ကောင်မလေးက ဘာလို့ ကွာရှင်းလိုက်ရတာပါလိမ့် မာရူးက သူ့မိသားစုအပေါ် ဘယ်လောက်တောင် ဂရုမစိုက်ခဲ့ဘူးလဲဆိုတာကို နောက်တစ်ကြိမ် သတိထားမိသွားတယ်။ သူက ခပ်ခါးခါးလေး ပြုံးလိုက်မိတယ်၊ မိဘတွေတင်မကဘဲ တခြားသူတွေလည်း ရှိနေသေးတယ်ဆိုတာကို နောက်တစ်ခါ သိလိုက်ရလို့ပေါ့။
“ညစာကော”
“စားပြီးပြီ”
“ဘာကြီးလဲ”
“ဘာလို့လဲ”
“နင် မစားရသေးဘူး ထင်လို့ အဲဒါ ဝယ်လာတာလေ”
ညီမဖြစ်သူက စားပွဲပေါ်က ခေါက်ဆွဲဘူးလေးကို လက်ညှိုးထိုးပြတယ်။ မာရူး ပြုံးပဲ ပြုံးနေမိတော့တယ်။
“စားလိုက်ပါ့မယ်”
အကယ်၍ သူသာ မစားဘူးဆိုရင် သူမ ဆူတာ ခံရမှာ သေချာတယ်လေ။ ပြီးတော့ ဘာဂါ စားထားပေမဲ့လည်း အခု ရေနွေးအိုး စောင့်နေတုန်းမှာ ဗိုက်က နည်းနည်း ပြန်ဆာလာသလိုပဲ။ သူ မီးဖိုချောင်ထဲမှာ ရေနွေးဆူတာကို စောင့်နေတုန်း မက်ဆေ့ခ်ျတစ်ခု ဝင်လာတယ်။ သူမဆီကပေါ့။
“ကျွန်မ မရှိတော့ တော်တော်လေး အထီးကျန်နေတာ မဟုတ်လား”
‘ဟမ်’
မာရူးက သူမကို စချင်တဲ့ မက်ဆေ့ခ်ျတစ်ခု ပို့ဖို့ စဉ်းစားလိုက်ပေမဲ့ စိတ်ပြန်ပြောင်းသွားတယ်။
“တကယ်ကို အထီးကျန်နေတာပါ”
ဘာမှ ပြန်မလာဘူး။ ဒါပေမဲ့ သူ့ရဲ့ မက်ဆေ့ခ်ျကြောင့် သူမ ပျော်နေမှာကို တွေးကြည့်ရုံနဲ့တင် သူပါ လိုက်ပြီး ပျော်နေမိတယ်။
“ကိုကြီး ရေဆူနေပြီ”
“အေး”
ဘာပဲဖြစ်ဖြစ်၊ ညီမဖြစ်သူ စိတ်တိုမလာခင် အမြန် စားလိုက်ရမှာပေါ့။
* * * * * * * * *
အခန်း(၁၃၂)
ကြာသပတေးနေ့တစ်နေ့ပေါ့။ ဒီဇင်ဘာလလယ်ရဲ့ ကြာသပတေးနေ့ဖြစ်ပြီး ခရစ္စမတ်မတိုင်ခင် တစ်ပတ်အလိုလည်း ဖြစ်တယ်။ အမျိုးသားအဆင့် ပြိုင်ပွဲအတွက် အရည်အချင်းစစ်ပွဲစဖို့ လေးရက်ပဲလိုတော့တဲ့ အချိန်။
“အင်း... အဲဒါကို ငါသိနေရတဲ့ အကြောင်းရင်းကတော့...”
ဒိုဂျင်က မနက်ကတည်းက သူ့ဇာတ်ညွှန်းကို ထိုင်ဖတ်နေတာပါ။ ပြင်ထားတဲ့ ဇာတ်ညွှန်းအသစ်ထဲက စာသားတွေကို လုံးဝအလွတ်မရနိုင်ဘူးဆိုပြီး ဘယ်သွားသွား အဲဒီစာရွက်ကြီးကို ကိုင်ထားတာ။ အရည်အချင်းစစ်ပွဲက လက်တစ်ကမ်းအလို ရောက်နေပြီဆိုတော့ သူ တော်တော်လေး စိတ်လှုပ်ရှားနေပုံရတယ်။
“အား... ဘာလို့ စဉ်းစားလို့မရတာလဲ တောက်တီးတောက်တဲ့”
သူက ကိုယ့်ကိုယ်ကိုယ်တောင် ပြန်ဆဲတဲ့အထိ ဖြစ်နေတာပါ။ ပြောရရင် သူ့ရဲ့ အမူအရာတွေက မာရူးကိုပါ လိုက်ပြီး စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အထိပါပဲ။
“အေးအေးဆေးဆေး နေစမ်းပါကွာ။ မင်း ဒါတွေကို အလွတ်ရပြီးသားပဲလေ ဘာလို့ အဲလောက် စိုးရိမ်နေတာလဲ”
“စာသားတွေက နည်းနည်းစီ ပြောင်းသွားတာလေ အဲဒါကြောင့် မှတ်လို့မရတာ။ ဒီအတိုင်းသာ ဆက်သွားရင်တော့ ဆရာမက ငါ့ကို သတ်မှာ သေချာတယ်”
“မင်းကလည်း ဆရာမဆီမှာ အဆူမခံဖူးတာကျလို့ အဆင်ပြေသွားမှာပါ”
“ဟေ့ကောင် မင်းလည်း ဒုက္ခလှလှတွေ့နိုင်တယ်နော်”
ဒိုဂျင်က ဇာတ်ညွှန်းကို တစ်လှည့် မျက်နှာကျက်ကို တစ်လှည့် ကြည့်ရင်း စာသားတွေကို ရွတ်နေတယ်။ ကြည့်ရတာ ဒီနေ့တစ်နေ့လုံး ဒီလိုပဲ ကုန်ဆုံးသွားမယ့်ပုံပဲ။ ယန်မီဆိုက ဒိုဂျင်ကို အော်ဟစ်နေမယ့်ပုံကိုတောင် မာရူး ခေါင်းထဲမှာ မြင်ယောင်ကြည့်လို့ ရနေပြီ။
“နောက်ဆုံးအချိန်က သင်္ချာလား”
“အင်း”
“ငါတော့ သင်္ချာကို လက်လျှော့လိုက်ရတော့မယ်”
“မင်းက အမြဲတမ်း လက်လျှော့နေကျပဲဟာကို”
“ငါ့ရဲ့ သရုပ်ဆောင်မှုအတွက် သင်္ချာကို အနစ်နာခံလိုက်တာပါ”
“အကြောင်းပြချက်ကတော့ တကယ်မိုက်တယ်”
“ဟူး... ကူညီကြပါဦး”
ဒိုဂျင်က သူ့ဆံပင်တွေကို ခဏလောက် ထိုးဖွလိုက်ပြီးမှ အချိန်မရှိတော့တာ သတိရသွားပြီး ဇာတ်ညွှန်းကို ပြန်ကျက်နေတယ်။ လက်ကလည်း အလုပ်ရှုပ်နေတာပေါ့ သူရွတ်နေတဲ့ စာသားတွေကို မှတ်စုစာအုပ်ထဲမှာ အသည်းအသန် လိုက်ရေးနေတာ။ ဒီလောက်အထိသာ စာကို ကြိုးစားခဲ့မယ်ဆိုရင်... သူ အမှတ်ကောင်းကောင်းနဲ့ အေးအေးဆေးဆေး အောင်မှာ သေချာတယ်။ မာရူးက ဒိုဂျင်ဆီကနေ အကြည့်လွှဲလိုက်ပြီး အတန်းရှေ့ကို ကြည့်လိုက်တယ်။ ပတ်ဒေးမြောင်လည်း စိတ်လှုပ်ရှားပြီး စာသားတွေကို တတွတ်တွတ် ရွတ်နေတာပဲ။
“မင်း အကုန်လုံး အလွတ်ရတယ် မဟုတ်လား” လို့ ဒိုဂျင်က မေးတယ်။
မာရူးက ခေါင်းညိတ်ပြလိုက်တယ်။ သူ့သူငယ်ချင်း နှစ်ယောက်စလုံးက စာသားတွေကို အစကတည်းက သေသေချာချာ အလွတ်ရထားကြတာပါ။ သူတို့ အခုလို စိုးရိမ်နေကြတာက မနေ့ညက ရခဲ့တဲ့ မက်ဆေ့ခ်ျကြောင့် ဖြစ်မှာပေါ့။
“အမှားလုပ်မိရင်တော့ သေပြီသာမှတ်”
တိုတိုလေးနဲ့ ချိုသာပြီး ကြောက်စရာကောင်းတဲ့ မက်ဆေ့ခ်ျလေးပေါ့။ မနက် ၁ နာရီကြီးမှ ပို့လိုက်တာလည်း ပါတာပေါ့။ အဲဒါကို ဖတ်ပြီးမှ အိပ်တဲ့သူဆိုရင်တော့ အိမ်မက်ကောင်းကောင်း မက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ယန်မီဆိုက လူသတ်မှာတော့ မဟုတ်ပါဘူး ဥပဒေက ရှိသေးတာကိုး။ ဒါပေမဲ့ အခြေအနေသာ ပေးမယ်ဆိုရင်တော့ လူသတ်ဖို့အထိ နီးစပ်အောင် လုပ်မယ့်သူမျိုးဆိုတာ မြင်ယောင်လို့ရတယ်။ တကယ်တော့ ဆောင်းဦးလေ့ကျင့်ခန်းတွေတုန်းက ကလပ်အဖွဲ့ဝင်တွေ အော်ဟစ်နေကြတဲ့ အသံတွေကို မာရူး အခုထိ ကြားယောင်နေတုန်းပဲ။ မာရူးက သူ့ဇာတ်ညွှန်းကို ဂရုတစိုက်ထုတ်လိုက်တယ်။ သူ အကုန်လုံးကို ပိုင်နိုင်တယ်ဆိုတာ သိပေမဲ့လည်း မတော်တဆဆိုတာ ရှိနိုင်တာမို့... အခုမှ ခြေသည်းလက်သည်း သွေးထားတဲ့ ကျားမကြီးနဲ့တော့ မပတ်သက်ချင်ဘူးလေ။
“ငါ မှတ်လို့မရတော့ဘူး”
မာရူးကတော့ ဒိုဂျင်ရဲ့ အော်ဟစ်သံတွေကို နောက်ခံသီချင်းလိုပဲ သဘောထားလိုက်ပြီး ဇာတ်ညွှန်းပေါ်မှာပဲ အာရုံစိုက်နေလိုက်တော့တယ်။
* * * * * * * * *
ကျောင်းဆင်းချိန် ရောက်လာပြီ။ ဘာကြောင့်လဲတော့ မသိဘူး အတန်းပိုင်ဆရာက အခန်းသန့်ရှင်းရေးကို စစ်ဆေးမှာမဟုတ်ဘူးလို့ ပြောပြီး ထွက်သွားတယ်။ အဲဒီကျေးဇူးကြောင့် သန့်ရှင်းရေးအဖွဲ့က စောစောပြန်ခွင့်ရသွားတာပေါ့။ မာရူး၊ ဒိုဂျင်နဲ့ ဒေးမြောင်တို့ကလည်း အဲဒီကံကောင်းတဲ့အုပ်စုထဲမှာ ပါဝင်နေတာပေါ့။
“သူတို့တွေ အကုန် ရောက်နေကြလောက်ပြီ”
စောစောပြန်ရတာကို သူတို့ သိပ်ပြီး မပျော်နိုင်ကြပါဘူး။ ဒိုဂျင်က လမ်းလျှောက်ရင်း သူ့ဇာတ်ညွှန်းကို နောက်ဆုံးတစ်ခေါက် ထပ်ကြည့်နေတယ်။ မာရူးကတော့ ခေါင်းပဲ ယမ်းမိတော့တယ်။
“မင်း အခုထိ မှတ်လို့မရသေးဘူးလား”
“ငါလည်း နားမလည်တော့ဘူး ဘာလို့လဲဆိုတာ။ အရင်က ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးပါဘူး”
“မင်း အရမ်း စိတ်လှုပ်ရှားနေလို့ ဖြစ်မှာပါ။ ပုံမှန်အတိုင်းပဲ နေစမ်းပါ ငါ့ကောင်ရာ”
ဟုတ်တယ်။ ပုံမှန်အတိုင်း နေဖို့က အရေးကြီးတယ်။ အဓိကကတော့ အမှားမလုပ်မိဖို့ပဲ။ လေ့ကျင့်တုန်းကအတိုင်းပဲ လုပ်ရုံပါပဲ။ ဒါပေမဲ့ မာရူးက ခန်းမတံခါးဝကို ရောက်သွားတဲ့အခါမှာတော့ စောစောက စကားကို ပြန်ရုပ်သိမ်းလိုက်ရတယ်။
သံတံခါးနောက်ကနေ ကြက်သီးထစရာ အော်ဟစ်သံကြီး ထွက်လာတာကို သူ ကြားလိုက်ရလို့ပဲ။
“နင် ရူးနေတာလား တကယ်ပဲလား။ ဘာလို့ အဲဒီနားမှာ စကားတွေ ထစ်နေရတာလဲ။ နင် တကယ်ပဲ ရူးသွားပြီ ထင်တယ် ဟုတ်တယ်မလား ဟုတ်တယ်မလား”
“တောင်းပန်ပါတယ်”
တောင်းပန်ပြီး အော်ဟစ်နေတဲ့သူက ဒုတိယနှစ်က တစ်ယောက်ပါ။ အတိအကျ ပြောရရင် မင်းဆောင်ပေါ့။ အဲဒီကောင်လေးရဲ့ ကြောက်လန့်နေတဲ့ အသံကို ကြားလိုက်ရုံနဲ့တင် မာရူးပါ လိုက်ပြီး စိတ်လှုပ်ရှားလာရတယ်။ ကြည့်ရတာ ယန်မီဆိုကတော့ ဒီနေ့ တကယ်ကို သတ်ဖို့ဖြတ်ဖို့ စိတ်ပိုင်းဖြတ်ပြီး လာတဲ့ပုံပဲ။
“... ထွက်ပြေးကြမလား”
ဒိုဂျင်ရဲ့ မိုက်မဲတဲ့ အကြံပေးချက်က ဒီနေ့မှာတော့ ဘာလို့ အဲလောက်အထိ ဆွဲဆောင်မှု ရှိနေရတာလဲ။ ဒါပေမဲ့ နောက်ကျသွားပါပြီ။ မာရူးက သတိမထားမိခင်မှာတင် တံခါးကို ဖွင့်လိုက်မိပြီလေ။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို မြန်မြန်ပဲ အပြတ်ရှင်းလိုက်တာ ပိုကောင်းပါတယ်။
“ဒီကို လာခဲ့ကြစမ်း ငပျင်းတွေ”
သူတို့ အထဲဝင်ဝင်ချင်းမှာပဲ အော်သံကြီးနဲ့ ကြိုဆိုခံလိုက်ရတယ်။ မာရူးက သူ့လွယ်အိတ်ကို ကြမ်းပြင်ပေါ် ပစ်ချလိုက်ပြီး အပြေးသွားလိုက်တယ်။ သူ့နောက်က နှစ်ယောက်လည်း အဲဒီအတိုင်းပဲ လိုက်လုပ်ကြတာပေါ့။
“ဟန်ဒိုဂျင်”
“ဟုတ်ကဲ့”
ယန်မီဆိုက ဒိုဂျင်ကို ခဏလောက် စိုက်ကြည့်နေပြီးမှ ဇာတ်ညွှန်းကို လှန်ကြည့်နေတယ်။ ပြီးတော့ အလယ်နားက စာသားတစ်ခုကို ဖတ်ပြတယ်။
“ဟယ်လို၊ ကျွန်တော် အပေါ်ထပ်ကို အခုပဲ ပြောင်းလာတာပါ။ ဒါက သိပ်တော့ အများကြီးမဟုတ်ပေမဲ့ မုန့်လေးတော့ စားပါဦး”
ဒါက ဂွန်ဆော့ရဲ့ စာသားလေ ဒယ်လ်ဆောက်ဒုံက အိမ်နီးချင်းတွေကို မုန့်လိုက်ဝေတဲ့ ပြကွက်ထဲက စာသားပေါ့။ ဒိုဂျင်က ယန်မီဆိုကို ဇဝေဇဝါနဲ့ စိုက်ကြည့်နေမိတယ်။ သုံးစက္ကန့်လောက် ကြာသွားပြီးတဲ့နောက်မှာတော့
“နင် စိတ်လွတ်သွားပြီ ထင်တယ် ဟုတ်တယ်မလား”
“ဗျာ... ဘာဖြစ်လို့လဲ”
“နင် ဘာလုပ်နေလဲဆိုတာတောင် နင်မသိတော့ဘူး ဟုတ်လား။ ငါတို့ ဘာလုပ်နေကြလဲဆိုတာတောင် နင်မသိတော့ဘူး မဟုတ်လား။ နင် ဇာတ်ညွှန်းတွေကိုတောင် ကျက်မလာဘူးပေါ့ ဟုတ်လား”
ယန်မီဆိုက သူ့ဇာတ်ညွှန်းကို လိပ်လိုက်ပြီး ဒိုဂျင်ရဲ့ ဗိုက်ကို အဲဒါနဲ့ ထိုးတော့တာပဲ။
“ခန်းမကို အပတ် ၂၀ ပတ်ပြီး ပြေးစမ်း။ အမြန်ပြေးရမယ်”
“ဟုတ်ကဲ့”
ဒိုဂျင်က သွားကို တင်းတင်းကြိတ်ပြီး နောက်ဆုတ်သွားတယ်။ မင်းဆောင်လိုပဲ သူလည်း အားကုန်ပြေးတော့တာပဲ။ ခန်းမက ငါးထပ်မှာ တော်တော်လေး ကျယ်တာဆိုတော့ အပတ် ၂၀ ပတ်ဖို့ဆိုတာ တကယ်ကို မလွယ်တဲ့ အလုပ်ပဲ။
“ပတ်ဒေးမြောင်”
“ဟုတ်ကဲ့”
ဒီတစ်ခါတော့ ယန်မီဆိုက ဇာတ်ညွှန်းကိုတောင် မကြည့်ဘဲ စာသားကို ပြောလိုက်တယ်။ စောစောကလိုပဲ ဂွန်ဆော့ရဲ့ စာသားတွေထဲက တစ်ခုပေါ့။ ဒေးမြောင်က အဲဒီစာသားကို ကြားတာနဲ့ မျက်နှာက ချက်ချင်း ဝင်းပသွားတယ် သူ ဒီအပိုင်းကို ကောင်းကောင်း သိတာကိုး။ ဒေးမြောင်က ယန်မီဆိုကို တည်တည်ငြိမ်ငြိမ်နဲ့ စာသားပြန်ပြောလိုက်တယ်။
“ဒီနိုင်ငံကတော့ ပုပ်ပွနေပြီ။ တိရစ္ဆာန်မျိုးစုံက ‘အလုပ်က လွယ်လို့’ ဆိုတဲ့ အကြောင်းပြချက်နဲ့ အစိုးရဝန်ထမ်း ဖြစ်ဖို့ ကြိုးစားနေကြတာ။ အာ... ကျွန်တော် ဘာလုပ်နေလဲလို့ မေးတာလား။ ကျွန်တော်က အလုပ်လက်မဲ့ပါ”
မာရူး နားထောင်သလောက်တော့ ဘာမှ မှားတာမရှိပါဘူး။ ဒါဆိုရင်တော့ အောင်မြင်သွားပြီပေါ့ ဟုတ်တယ်မလား။ ဒါပေမဲ့ မာရူးက ယန်မီဆိုကို ကြည့်လိုက်တဲ့အခါမှာတော့ ဒိုဂျင် စာသားမေ့တုန်းကထက်တောင် ပိုပြီး ကြောက်စရာကောင်းတဲ့ မျက်နှာကို မြင်လိုက်ရတယ်။ ကြည့်ရတာ ဒီနေ့တော့ ဘာလုပ်လုပ် အဆင်ပြေမှာ မဟုတ်ဘူးထင်တယ်။
“နင် ဘာလုပ်နေတာလဲ”
“အင်း... ဘာဖြစ်လို့လဲဟင်”
“နင်က သင်္ချာစာအုပ် ဖတ်ပြနေတာလား”
“...”
“နင်တော့ ရူးနေပြီပဲ။ ဟေ့ ဒေးမြောင်”
“ဟုတ်ကဲ့”
“ငါ နင့်ကို ချီးကျူးခဲ့တဲ့ အချိန်တွေရှိတော့ နင်က တော်တော်လေး ပျင်းလာပြီပေါ့ ဟုတ်လား။ ဟုတ်တယ်မလား”
“လုံးဝ မဟုတ်ပါဘူး ဆရာမ”
“ဒါဆို ဘာလို့ အဲဒီလိုမျိုး စာသားတွေကို ပြောနေတာလဲ။ နင်က ပရော်ဖက်ရှင်နယ်လား။ လေ့ကျင့်မှုမရှိဘဲ စင်ပေါ်တက်သွားရင် အကုန်လုံး အဆင်ပြေသွားမယ်လို့ နင် ထင်နေတာလား”
“... မဟုတ်ပါဘူး ဆရာမ”
“ဒါဆို ဘာလို့ သင်္ချာစာအုပ် ဖတ်ပြနေသလိုမျိုး ပြောနေတာလဲ။ နင် စာသားတွေ အလွတ်ရတာနဲ့တင် ကြွားချင်နေတာလား။ အပတ် ၃၀ ပြေးစမ်း”
ဒေးမြောင်က စိတ်ပျက်လက်ပျက်နဲ့ နောက်ဆုတ်သွားတယ်။ မာရူးက သူ့သူငယ်ချင်းတွေကို စိုးရိမ်တကြီးနဲ့ ကြည့်နေမိတယ် သူ့အလှည့် ရောက်တော့မယ်ဆိုတာကိုလည်း တစ်ခုခုက အချက်ပြနေသလိုပဲ။
“ဟန်မာရူး”
“ဟုတ်ကဲ့”
“နင် အာရုံမစိုက်ဘူး မဟုတ်လား။ ဒါတွေအားလုံးကို နင် ဂရုမစိုက်ဘူးပေါ့”
“...”
“အပတ် ၄၀ ပြေးစမ်း”
ဘုရားရေ။
မာရူးလည်း သူ့သူငယ်ချင်း ဒေးမြောင်ရဲ့ ဘေးနားကနေ ဖြတ်ပြီး အားကုန်ပြေးတော့တာပဲ။
* * * * * * * * *
“အာရုံစိုက်ကြစမ်း။ အမှားမရှိဘဲ နောက်ထပ် တစ်ခါ ထပ်လုပ်မယ်။ စိတ်မလျှော့ကြနဲ့ ကြားလား”
“ဟုတ်ကဲ့”
အခုဆိုရင် သူတို့ တတိယအကြိမ်မြောက် လေ့ကျင့်နေကြတာပါ။ နာရီက ည ၉ နာရီကို ညွှန်ပြနေပြီ။ မာရူးက အမျိုးသားအဆင့် ပြိုင်ပွဲအတွက် အပျော်တမ်း သရုပ်ဆောင်သင်တန်းတွေကို မတက်တော့ဖို့ ဆုံးဖြတ်ထားပေမဲ့ အခုချိန်မှာတော့ အဲဒီနေရာကို တကယ်ကို လွမ်းနေမိတယ်။ ယန်မီဆိုကတော့ သူတို့ကို မြန်မြန်လုပ်ဖို့ အော်ဟစ်ပြီး စိုက်ကြည့်နေတုန်းပဲ။ ကလပ်အဖွဲ့ဝင်တွေက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ပြဇာတ်ကို ပြန်စလိုက်ကြတယ်။ အမှားတစ်ခု လုပ်မိတိုင်း ယန်မီဆိုရဲ့ ဒေါသက သူတို့အပေါ် ပေါက်ကွဲလာတာမို့။ ဒီနေ့တော့ တကယ်ကို အာရုံစိုက်ကြမှ ဖြစ်မယ်။
ဂွန်ဆော့ စင်ပေါ်က ဆင်းသွားတာနဲ့ ပြဇာတ်က စပြီ။ ကလပ်အဖွဲ့ဝင်တွေက ကိုယ့်အလှည့်မဟုတ်တဲ့ အချိန်တိုင်း ဇာတ်ညွှန်းတွေကို ကြည့်နေကြတယ်။ စင်ပေါ်မှာတော့ ဂွန်ဆော့က အမှားမလုပ်မိအောင် စာသားတွေကို ဂရုတစိုက် ပြောနေတာပေါ့။
‘ယန်မီဆိုက ပိုပြီး စိတ်လှုပ်ရှားနေတာများလား’
ယန်မီဆိုက ကျောင်းသားတွေအပေါ် ဒီလောက်အထိ ရက်စက်တာ ဒါ ပထမဆုံးအကြိမ်ပဲ။ ပြီးခဲ့တဲ့ အမျိုးသားအဆင့် ပြိုင်ပွဲတုန်းက သူ့ရဲ့ ဂုဏ်သိက္ခာတွေ ကျဆင်းခဲ့လို့လည်း ဖြစ်မှာပေါ့။ ဒါ့အပြင် သူက ပရော်ဖက်ရှင်နယ် တစ်ယောက်လေ။ ပရော်ဖက်ရှင်နယ်ဆိုတာ ကိုယ့်ရဲ့ အရည်အချင်းကို သက်သေပြဖို့ ရလဒ်ကောင်းတွေ ပြနိုင်ရမယ် သူကတော့ အဲဒီတုန်းက ကျရှုံးခဲ့တာကိုး။
ဒါပေမဲ့ ယန်မီဆိုက ဒီလိုကိစ္စမျိုးနဲ့ စိတ်လှုပ်ရှားနေမယ့်သူမျိုး မဟုတ်ဘူးဆိုတာ မာရူး ကောင်းကောင်းသိတယ်။ ဒါက သူ ဒီနေ့ ဒီလို ပြုမူနေရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပဲ ဖြစ်မှာပါ။
‘အာရုံစိုက်ကြစို့’
တကယ်တမ်း စင်ပေါ်မှာတုန်းကတောင် သူ မတုန်လှုပ်ခဲ့ပါဘူး။ တကယ်တော့ သူစိမ်းတွေရှေ့မှာ သရုပ်ဆောင်ရတာက ပိုပြီး လွယ်ကူပါတယ်။ သူစိမ်းတွေက ကိုယ့်အမှားကို သတိမထားမိနိုင်ပေမဲ့ ယန်မီဆိုကတော့ သူစိမ်းမှ မဟုတ်တာ။ ဒီနေ့တော့ သူက ပြီးပြည့်စုံမှုကို ရှာဖွေနေတဲ့ စည်းကမ်းကြီးတဲ့ ဘုရင်မကြီးပဲ။ တစ်ယောက်ယောက်က အမှားလုပ်မိတာနဲ့ အကုန်လုံးကို သတ်ပစ်တော့မယ့် အရှိန်မျိုးနဲ့လေ။
* * * * * * * * *
“နားလို့ရပြီ”
“ဟုတ်ကဲ့”
ကျောင်းသားတွေက ဇာတ်ညွှန်းတွေကို ကိုင်ပြီး စုဝေးလိုက်ကြတယ်။ အဲဒါကို ကြည့်ပြီး ယန်မီဆိုက သက်ပြင်းတစ်ချက် ချလိုက်တယ်။ သူတို့ ရခဲ့တဲ့ အပိုတစ်လအတွင်းမှာ ယန်မီဆိုက ကျောင်းသားတွေကို အတွေ့အကြုံမျိုးစုံ ပေးဖို့ ကြိုးစားခဲ့တာပါ။
သရုပ်ဆောင်ကောင်းတယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ သိအောင် သူသိတဲ့ သရုပ်ဆောင်တွေကို ခေါ်ပြခဲ့တယ်။ ဟျဲဟွာဘူတာရုံက မိုးပြာရောင် ပြဇာတ်ရုံလိုမျိုး ပိုကြီးတဲ့ စင်မြင့်တွေပေါ်မှာလည်း လေ့ကျင့်ခွင့် ပေးခဲ့တယ်။ တစ်ယောက်ကိုတစ်ယောက် အကဲခတ်ဖို့လည်း အိမ်စာတွေ ပေးခဲ့သေးတယ်။ သူ့ရဲ့ ဆုံးဖြတ်ချက်ကို သူ နောင်တမရပါဘူး။ အဲဒီတစ်လလုံးသာ လေ့ကျင့်ခန်းတွေချည်းပဲ လုပ်နေရင် ကလပ်အဖွဲ့ဝင်တွေက ပျင်းလာကြမှာလေ။
လွန်ခဲ့တဲ့ နှစ်ရက်က ခန်းမကိုလာခဲ့တုန်းက ယန်မီဆိုဟာ ရှေ့က မြင်ကွင်းကို ကြည့်ပြီး ရယ်တောင် ရယ်မိသွားတယ်။ အဲဒီနေ့က သူ ကျောင်းလာစရာ မလိုပါဘူး ကျောင်းသားတွေဘာသာ လေ့ကျင့်ပြီး အိမ်ပြန်ရမယ့် နေ့လေ။ သူ့ဘက်က အလုပ်တွေ စောစောပြီးသွားတာနဲ့ မုန့်တချို့ဝယ်ပြီး ကျောင်းကို ဝင်လာခဲ့တာပါ။
ဒါပေမဲ့ သူ့ကို ကြိုဆိုနေတာက မှောင်မည်းနေတဲ့ အခန်းကြီးပဲ။ ည ၈ နာရီပဲ ရှိသေးတယ် ဒါပေမဲ့ ခန်းမကတော့ လူသူကင်းမဲ့နေတာ နာရီပေါင်းများစွာ ကြာနေပြီဆိုတာ သိသာနေတယ်။ အဲဒီအချိန်မှာပဲ သူ့ရဲ့ ဒေါသတွေက ငယ်ထိပ်ကို တက်လာတော့တာပဲ။ ဖုန်းကို ယူလိုက်ပြီး လီယွန်းဂျုံကို လှမ်းမေးလိုက်တယ် ‘ဒီနေ့ ဘာတွေလုပ်ခဲ့လဲ’ ဆိုပြီးတော့ပေါ့။ သူ ပြန်ရတဲ့ အဖြေက ‘တစ်ခါပဲ လေ့ကျင့်ပြီး အိမ်ပြန်လာခဲ့ကြတယ်’ တဲ့။
“ရူးနေကြတာပဲ”
ယန်မီဆိုက အဲဒီစကားပဲ ပြောနိုင်တော့တယ်။ လွတ်လပ်မှုဆိုတာ တာဝန်ယူမှုနဲ့အတူ လာတာပါ တာဝန်ယူမှုမရှိတဲ့ လွတ်လပ်မှုဆိုတာ ပျင်းရိခြင်းသက်သက်ပဲ။ ဒါကိုသာ ပရော်ဖက်ရှင်နယ်တွေ လုပ်ခဲ့မယ်ဆိုရင် သူ ဘာမှ ခံစားရမှာ မဟုတ်ပါဘူး။ သူတို့က သူတို့ရဲ့ အားလပ်ချိန်တွေမှာ လေ့ကျင့်ကြမှာကိုး။ ဒါပေမဲ့ ဒါတွေက ကျောင်းသားတွေလေ။ အပျော်တမ်း သရုပ်ဆောင်တွေ။ တစ်ခါတည်းပဲ လေ့ကျင့်ပြီး အိမ်ပြန်ရဲတယ် ဟုတ်လား။ အဲဒါကိုတောင် ဂုဏ်ယူနေကြသေးတယ်ပေါ့။
“သူတို့တွေ အရိုက်ခံရဖို့ လိုနေပြီ။ အပြင်းအထန်ကို လိုနေတာ”
ယန်မီဆိုက ဒေါသတကြီးနဲ့ သက်ပြင်းချလိုက်တယ်။ သူတို့က ကျောင်းသားတွေမို့လို့သာ သူ ဒီမှာတင် ရပ်တန့်လိုက်တာပါ။ အကယ်၍သာ ဒါက မိုးပြာရောင်ပြဇာတ်ရုံက သရုပ်ဆောင်တွေ ဖြစ်ခဲ့မယ်ဆိုရင်... သူ တကယ်ကို သတ်ပစ်လိုက်မှာ။
ပတ်တေးဆစ်လည်း အခုတလော ကလပ်ကိစ္စတွေကြောင့် တော်တော်လေး ရုန်းကန်နေရတာလေ။ ဒါတောင်မှ ကျောင်းသားတွေကတော့ သူတို့ဘဝကို ပျင်းပျင်းရိရိပဲ ဖြတ်သန်းနေကြတုန်းပဲ။ ယန်မီဆိုက သူ့ဘေးက နံရံကို ဒေါသတကြီးနဲ့ ကန်လိုက်ပြီး ခန်းမထဲကို ပြန်ဝင်လာခဲ့တယ်။
* * * * * * * * *
လေ့ကျင့်ခန်းတွေက သန်းခေါင်ယံမှာ ပြီးသွားတယ်။ စတုတ္ထအကြိမ်မြောက် လေ့ကျင့်နေတုန်းမှာ ယန်မီဆိုက ရပ်ခိုင်းလိုက်ပြီး သူတို့ကို ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ လုပ်ခိုင်းတယ်။ ပြီးတော့မှ နောက်ဆုံးတစ်ခါ ထပ်ပြီး လေ့ကျင့်ကြတာပေါ့။ ကံကောင်းချင်တော့ ဘာအမှားမှ မရှိခဲ့ပါဘူး။
“နင်တို့မှာ ဘာလောဘမှ မရှိကြဘူးလား”
ယန်မီဆိုက ကလပ်အဖွဲ့ဝင်တွေကို ပထမဆုံး မေးလိုက်တဲ့ မေးခွန်းက ဒါပဲ။ လောဘ တဲ့လား။ မာရူးက ခေါင်းယမ်းမိတယ်။ တကယ်တော့ ဒီကမ္ဘာပေါ်မှာ လောဘမရှိတဲ့သူဆိုတာ ဘယ်မှာ ရှိမှာလဲ။ တခြားကျောင်းသားတွေကလည်း ‘မရှိပါဘူး’ လို့ပဲ ပြန်ဖြေကြတယ်။ ယန်မီဆိုက သူတို့ကို လှောင်ပြုံးလေး ပြုံးပြလိုက်တယ်။
“အော်... ဒါဆို နင်တို့လို လောဘကြီးတဲ့ ကလေးတွေက တစ်ခါတည်းပဲ လေ့ကျင့်ပြီး အိမ်ပြန်ရဲတယ်ပေါ့ ဟုတ်လား”
အဲဒီအချိန်ကျမှ ယန်မီဆို ဘာလို့ အဲလောက်အထိ စိတ်တိုနေရလဲဆိုတာကို မာရူး နားလည်သွားတယ်။ တစ်ချိန်တည်းမှာပဲ တခြားသူတွေအတွက်လည်း သူ နည်းနည်းတော့ အားနာမိသွားတယ်။
“လူတစ်ယောက်မရှိတာနဲ့ ပျင်းလို့ရတယ်လို့ ဘယ်သူက ပြောလဲ။ မာရူး မရှိတဲ့အချိန်မှာ နင်တို့က ပိုပြီး ကြိုးစားရမှာ မဟုတ်ဘူးလား။ ဒါကို ကစားစရာလို့ ထင်နေတာလား။ ဒါထက် ပိုဆိုးတာက နင်တို့ ဒီအလုပ်အတွက် အချိန်တွေ အများကြီးပေးခဲ့ပြီးမှ အဲဒီအပေါ်မှာ ပေါ့ပေါ့တန်တန် လုပ်ရတာကို စိတ်မကောင်းမဖြစ်ကြဘူးလား။ ဟူး... တကယ်ပါပဲ။ ငါ နင်တို့ကို ဒီလိုမျိုး ဆက်ဆံတာကို နင်တို့က သဘောကျနေတာလား”
“မဟုတ်ပါဘူး ဆရာမ”
“နင်တို့တွေ လူကြီးတွေ ဖြစ်နေကြပြီ ဘာလုပ်ရမလဲဆိုတာကို ပြောပြနေစရာ မလိုတော့ဘူး။ ကလေးတွေတောင် သူတို့လိုချင်တာရှိရင် ငိုကြသေးတာပဲ။ နင်တို့က ငိုဖို့တောင် စဉ်းစားလို့မရကြဘူးလား ဒါပဲလား”
“...”
“တို့တွေ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာ ဒီဆောင်းရာသီအမျိုးသားအဆင့်ပြိုင်ပွဲမှာ အနိုင်ရချင်တဲ့စိတ်က ငါတစ်ယောက်တည်းမှာပဲ ရှိတာလား”
“တောင်းပန်ပါတယ်”
ယန်မီဆိုက စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းချလိုက်တယ်။
“ငါလည်း မိုးပြာရောင်က လာတာပဲ။ ငါ့ရဲ့ လူငယ်ဘဝကို ဒီကလပ်အတွက်ပဲ အနစ်နာခံခဲ့တာ။ ငါ နင်တို့ကို ပြောဖူးတယ် မဟုတ်လား။ သရုပ်ဆောင်မှုကို အလေးအနက်မထားဘူးဆိုရင် ထွက်သွားလို့ရတယ်လို့။ အဲဒီတုန်းက နင်တို့ ဘာပြောခဲ့လဲ။ မာရူးကလွဲရင် ကျန်တဲ့သူတွေအားလုံး အစွမ်းကုန် ကြိုးစားပါ့မယ်လို့ ပြောခဲ့ကြတယ် မဟုတ်လား။ နင်တို့ပြောတဲ့ စကားကို တည်အောင်လုပ်ကြစမ်း။ လူဆိုရင် ကိုယ်ပြောတဲ့စကားကို တည်ရတယ်။ ဟူး... ငါ အရမ်း စိတ်တိုသွားတဲ့အတွက် တောင်းပန်ပါတယ်။ အိမ်ပြန်ပြီး အိပ်ကြတော့။ မနက်ဖြန်မှ တွေ့မယ်”
ယန်မီဆိုက နှုတ်ဆက်တာကိုတောင် စောင့်မနေဘဲ ချက်ချင်းပဲ ထွက်သွားတော့တယ်။
* * * * * * * * *