← Chapters

အခန်း (၁၃၇-၁၃၈)

Vol. 14 Ch. 137-138

အခန်း (၁၃၇-၁၃၈)

Vol. 14 Ch. 137-138

အခန်း(၁၃၇)

မွန်ဂျောင်က သူ့သမီးပို့ပေးလိုက်တဲ့ ဂျင်ဆင်းသကြားလုံးကို ဝါးရင်း အောက်ကို ငုံ့ကြည့်လိုက်တယ်။ မကြာသေးခင်ကမှ ကိုယ်အလေးချိန် တော်တော်လေး တက်လာတဲ့ ဒယ်လ်ဂူက သူ့ခြေရင်းမှာ စားစရာတောင်းနေတာလေ။ တိရစ္ဆာန်တွေတောင် ဘာက ကိုယ့်ခန္ဓာကိုယ်အတွက် ကောင်းလဲဆိုတာ သိနေကြတာပဲ။

“ဒယ်လ်ဂူ... မင်းကတော့ တကယ့်ငတုံးပဲ။ မင်းခန္ဓာကိုယ်က အပူများနေတာလေ။ ဒါတွေစားရင် မင်းအတွက် မကောင်းဘူး”

မွန်ဂျောင်က ဒါကို သေသေချာချာသိလို့ ပြောနေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့စားစရာကိုတော့ ဝေမျှပေးဖို့ စိတ်ကူးမရှိတာကတော့ အမှန်ပဲ။ သူ့ခွေးလေး ဝမ်းနည်းပန်းနည်းနဲ့ လှည့်ထွက်သွားတာကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိတာကြောင့် ခွေးစာတချို့တော့ ပေးလိုက်တယ်။ ခွေးလေး အားရပါးရ စားနေတာကို ပြုံးပြုံးလေး ကြည့်နေတုန်းမှာပဲ တံခါးအပြင်ဘက်မှာ တစ်ယောက်ယောက် ရောက်နေတာကို သတိထားမိသွားတယ်။ အဲဒီလူက ပျက်နေတဲ့ လူခေါ်ဘဲလ်ကို ဇဝေဇဝါမျက်နှာပေးနဲ့ နှိပ်နေတာလေ။ မွန်ဂျောင်လည်း တံခါးကြားထဲကနေ အဲဒီမြင်ကွင်းကို ကြောင်ကြည့်နေမိတော့တာပေါ့။

“ထူးဆန်းတယ်... သူက ဒီကို ဘာလာလုပ်တာလဲ”

မွန်ဂျောင်က ဖိနပ်တောင်မစီးနိုင်ဘဲ အဲဒီလူကို ကြိုဆိုဖို့ ထွက်လာခဲ့တယ်။ အပြင်မှာ တိုက်နေတဲ့လေက တော်တော်လေး အေးစက်နေပေမဲ့ အခုချိန်မှာတော့ သူ အံ့ဩလွန်းနေလို့ အအေးဒဏ်ကိုတောင် မခံစားမိတော့ဘူး။

“ဟာ... မင်းက တကယ့်ကို မမျှော်လင့်ဘဲ ရောက်လာတာပဲ”

“ဟားဟား... မွန်ဂျောင်”

မီးခိုးရောင် ကုတ်အင်္ကျီဝတ်ထားတဲ့သူကတော့ မွန်ဂျောင်ရဲ့ သူငယ်ချင်းဟောင်း ယူချောမင်းပဲ။ သူက အိမ်ရှေ့မှာ ရပ်ထားတဲ့ ဈေးကြီးမယ့်ပုံပေါက်တဲ့ ကားတစ်စီးရဲ့ ရှေ့မှာ ရပ်နေတာပေါ့။

“ဘာကိစ္စရှိလို့ ရုတ်တရက်ကြီး ရောက်လာတာလဲ”

“ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ ငါ့သူငယ်ချင်းကြီး အသက်ရှိသေးလားဆိုတာ လာကြည့်တာပါ။ မင်းရဲ့ ပြဇာတ်တွေကို သွားကြည့်မယ်လို့ ကိုယ့်ကိုယ်ကိုယ် အမြဲပြောဖြစ်ပေမဲ့ အချိန်က လုံးဝ မရခဲ့ဘူးလေ”

“အဲဒါကြောင့်ပဲ မနက်စောစောစီးစီး ဒီအထိ ရောက်လာတာပေါ့”

“ဒါပေါ့”

မွန်ဂျောင်က သူ့သူငယ်ချင်းကို ပြုံးပြုံးရွှင်ရွှင်နဲ့ အိမ်ထဲ ခေါ်လာခဲ့တယ်။ ဒယ်လ်ဂူကလည်း စားလက်စ ခွေးစာတွေကို ပစ်ထားခဲ့ပြီး ယူချောမင်းဆီကို ပျော်ပျော်ပါးပါး ပြေးသွားတော့တာပဲ။

“ဪ... မင်းက ငါ့ကို မှတ်မိနေသေးတာကိုး”

ချူဂျင်က ခွေးလေးရဲ့ ခေါင်းကို ပွတ်ပေးလိုက်တယ်။

“ကဲ... ဒီမှာ ထိုင်ပါဦး။ မနက်စာရော စားပြီးပြီလား”

“မစားရသေးဘူး”

“မင်းမိန်းမက ဘာမှ မလုပ်ပေးဘူးလား”

“သူက အခုဆို ငါ့အတွက် ဘာမှ မလုပ်ပေးတော့ဘူး။ အမှန်တော့ သူက သူ့သူငယ်ချင်းတွေနဲ့အတူ ဂျယ်ဂျူကျွန်းကို သွားနေတာလေ”

“ဇွဲကောင်းလိုက်တာ”

“ဟုတ်ပဗျာ”

မွန်ဂျောင်က ထမင်းတစ်ပန်းကန်၊ ဟင်းရည်နဲ့ အရန်ဟင်းတချို့ကို ခူးခတ်ပေးလိုက်တယ်။ ဧည့်သည်ကို တည်ခင်းဖို့အတွက် အကောင်းစားကြီးတွေ မဟုတ်ပေမဲ့ သူ့သူငယ်ချင်းက ဒါတွေကို ဂရုစိုက်မှာ မဟုတ်ဘူးဆိုတာ မွန်ဂျောင် ကောင်းကောင်းသိတာပေါ့။

“မင်းအိမ်မှာ ထမင်းမစားဖြစ်တာ တော်တော်တောင် ကြာသွားပြီပဲ”

“တကယ်ကို ကြာသွားတာပေါ့။ လွန်ခဲ့တဲ့ အနှစ်လေးဆယ်တုန်းကဆို မင်းကို နေ့တိုင်းလိုလို တွေ့နေခဲ့ရတာလေ”

“တွေ့လွန်းလို့ကို ရိုးနေတာ။ တကယ့်ကို တွေ့လွန်းနေတာပေါ့”

လွန်ခဲ့တဲ့ ဆယ်စုနှစ် လေးခုတုန်းက သူတို့နှစ်ယောက်ဟာ ရုပ်ရှင်ကုမ္ပဏီတစ်ခုတည်းမှာ အတူတူ အလုပ်လုပ်ခဲ့ကြတာ။ အဲဒီအချိန်တုန်းက ရုပ်ရှင်ကုမ္ပဏီတွေဟာ ရုပ်ရှင်တွေကို အဆက်မပြတ် ရိုက်ကူးခဲ့ကြတယ်။ တစ်နှစ်တည်းမှာတင် ရုပ်ရှင်ကားပေါင်း ၂၀၀ လောက်အထိ ထွက်ခဲ့တဲ့အချိန်ပေါ့။ တီဗီမရှိတဲ့အချိန်မှာ ရုပ်ရှင်ကြည့်တာက အကောင်းဆုံး ဖျော်ဖြေရေး တစ်ခုလေ။ သူတို့နှစ်ယောက်ဟာ အဲဒီအချိန်က ရုပ်ရှင်မျိုးစုံမှာ ဇာတ်ပို့တွေအဖြစ် အလုပ်လုပ်ခဲ့ကြတာ။ ဒါပေမဲ့ ရတဲ့ လုပ်ခလစာကတော့ တော်တော်လေးကို နည်းပါးခဲ့တာပေါ့။

အဲဒီခေတ်တုန်းက သရုပ်ဆောင်တွေကို တော်တော်လေး ဆိုးဆိုးရွားရွား ဆက်ဆံခဲ့ကြတာ။ အထူးသဖြင့် အမျိုးသမီးသရုပ်ဆောင်တွေဆိုရင် ရုပ်ရှင်ထဲမှာပါဝင်ခွင့်ရဖို့အတွက် အရှက်တကွဲ အကျိုးနည်း ကိစ္စတွေကိုတောင် လုပ်ခဲ့ကြရတယ်။

နောက်ဆုံးတော့ သူတို့နှစ်ယောက်လုံး အဲဒီလုပ်ငန်းထဲကနေ ထွက်ခဲ့ပြီး ပြဇာတ်လောကထဲကို ဝင်လာခဲ့ကြတယ်။ သူတို့တွေ ပြဇာတ်အဖွဲ့တစ်ခု ထူထောင်လိုက်ကြတာပေါ့။ လူတွေက တဖြည်းဖြည်းနဲ့ ပိုပြီး လာကြည့်လာကြပြီး မကြာခင်မှာပဲ ထောက်ပံ့ပေးမယ့် ကုမ္ပဏီတွေတောင် ရလာခဲ့ကြတယ်။

အဲဒီအချိန်လောက်မှာပဲ လူတွေကြားမှာ တီဗီတွေက ပိုပြီး ခေတ်စားလာတော့တာပဲ။ ရုပ်ရှင်ကုမ္ပဏီတွေ တစ်ခုပြီးတစ်ခု ပိတ်သိမ်းကုန်ကြပြီး သရုပ်ဆောင်တွေကလည်း သူတို့အဖွဲ့ထဲကို ပိုပြီးဝင်လာကြတယ်။ အဲဒီအချိန်မှာပဲ ဆိုးလ်တက္ကသိုလ်ကလည်း ဂွမ်နက်ဆန်နဲ့ ပိုနီးတဲ့နေရာကို ပြောင်းရွှေ့သွားပြီး အနုပညာရှင်တွေလည်း အဲဒီဘက်မှာ ပိုပြီး စုမိလာကြတာပေါ့။ ဒါကြောင့် သူတို့နှစ်ယောက်လည်း အဲဒီဘက်ကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အခုဆိုရင်တော့ အဲဒီနေရာဟာ အနုပညာရှင်တွေအတွက် နားခိုရာနေရာတစ်ခု ဖြစ်တဲ့ မာရိုနီယေးပန်းခြံအဖြစ် ရှိနေပြီလေ။

“ဟူး... တို့တွေ အဲဒီတုန်းက တော်တော်လေး ပင်ပန်းခဲ့ကြတာနော်”

“ပင်ပန်းတာပေါ့။ မင်း မှတ်မိသေးလား။ တို့တွေ စင်မြင့်ကို ကိုယ်တိုင်ဆောက်ဖို့ ကြိုးစားခဲ့ကြသေးတာလေ။ နောက်ဆုံးတော့ ကြမ်းပြင်ကြီး တစ်ခုလုံး ပျက်စီးသွားတာပဲ အဖတ်တင်လိုက်တယ်”

“မှတ်မိတာပေါ့”

မွန်ဂျောင်က သူ့သူငယ်ချင်း ပန်းကန်ထဲကထမင်းတွေကို ကုန်အောင် စားလိုက်တာကို ကြည့်နေမိတယ်။

“နေဦး... ခဏလေး”

မွန်ဂျောင်က သူ့ရဲ့ ဂျင်ဆင်းသကြားလုံးကို ထုတ်လာခဲ့တယ်။

“ဒါလေးက ပျားရည်နဲ့ လုပ်ထားတာဆိုတော့ အရသာက တကယ့်ကို အံ့ဩစရာပဲ”

“ဟာ... ဒါက တော်တော်လေး ဈေးကြီးမယ့်ပုံပဲ”

“ငါ့သမီး ပေးထားတာပါ။ မြည်းကြည့်ပါဦး”

“ဟေ့... ဒါမျိုးတွေကို မင်းဘာသာ သိမ်းထားပြီး စားရမှာလေ။ ဒီအတိုင်း လျှောက်ပြီး မဝေပေးနဲ့”

“ငါ့မှာ အများကြီး ရှိပါတယ်”

တကယ်တော့ မွန်ဂျောင်မှာ ဒါတွေ အများကြီး မရှိပါဘူး။ ဒါပေမဲ့ သူ့ဘဝရဲ့ အချိန်အတော်များများကို အတူတူ ဖြတ်သန်းခဲ့တဲ့ သူ့သူငယ်ချင်းကိုတော့ အကောင်းဆုံးအရာတွေ ဝေမျှပေးချင်နေတာလေ။

“ဒါဆိုလည်း စားလိုက်ပါပြီဗျာ... ကျေးဇူးပဲနော်”

ယူချောမင်းက ဂျင်ဆင်းသကြားလုံးကို ပါးစပ်ထဲ ထည့်လိုက်တာနဲ့ ချက်ချင်း ပြုံးသွားတော့တာပဲ။

“ထပ်ယူဦးမလား”

“တစ်ခုဆိုရင် တော်ပါပြီ... ကျေးဇူးပါပဲ”

မွန်ဂျောင်က ခေါင်းညိတ်ပြပြီး ဂျင်ဆင်းသကြားလုံးကို တခြားတစ်နေရာမှာ သွားသိမ်းလိုက်တယ်။ ဒယ်လ်ဂူကတော့ အဲဒါကို စပ်စပ်စုစုနဲ့ လိုက်နမ်းနေတာပေါ့။

“ခွေးတွေက ဂျင်ဆင်းစားလို့ရလို့လား”

“မရလောက်ဘူး ထင်တာပဲ”

မွန်ဂျောင်က ဂျင်ဆင်းသကြားလုံးကို ဒယ်လ်ဂူ မမှီနိုင်တဲ့နေရာမှာ သွားထားလိုက်တယ်။ ဒီခွေးက ဘယ်သူ့ကို အတုယူပြီး ဒီလောက်တောင် အစားကြီးနေတာလဲဆိုတာ သူ တစ်ခါတစ်လေ စဉ်းစားလို့တောင် မရဘူး။

“ဒါနဲ့... မင်း ဒီကို တကယ်လာရတဲ့ အကြောင်းရင်းကို ပြောပါဦး။ ငါ့ကို ကြည့်ရုံသက်သက်နဲ့တော့ မဟုတ်နိုင်ဘူး။ မင်းက အဲဒီလောက်အထိ အားတဲ့သူမှ မဟုတ်တာ”

“တကယ်တော့ ငါ မင်းကို လာကြည့်တာပါ။ ပြီးတော့... နောက်ထပ် ကိစ္စလေး တစ်ခုတော့ ရှိသေးတာပေါ့”

ယူချောမင်းက မွန်ဂျောင်ပေးတဲ့ သောက်စရာကို တစ်ငုံ သောက်လိုက်တယ်။

“မင်းမှာ အချိန်ရှိလား”

“အချိန် ဟုတ်လား။ ဘာအတွက်လဲ”

“ပရောဂျက်တစ်ခုအတွက်လေ”

“ပရောဂျက် ဟုတ်လား”

ချူဂျင်က ခေါင်းညိတ်ပြလိုက်တယ်။

“မင်း စင်ပေါ်ကို ပြန်တက်တော့မယ်ဆိုတဲ့ သတင်းကိုကြားတုန်းက ငါ ဘယ်လောက်တောင် ဝမ်းသာသွားလဲ မင်း သိမှာ မဟုတ်ဘူး”

“အဲဒါက ဂျွန်မင်းက ငါ့ကို ပြန်လာဖို့ အတင်းတောင်းဆိုနေလို့ပါ။ ပြီးတော့ အဲဒါက တကယ့်ကို အဓိပ္ပာယ် ရှိတဲ့ ကိစ္စလေ။ မြောင်ဒုံအနုပညာပြဇာတ်ရုံ ပြန်ဖွင့်တဲ့ပွဲ မဟုတ်လား”

“မင်း စင်ပေါ်ကို ပြန်ရောက်နေတယ်ဆိုတဲ့ အချက်ကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ အခုဆိုရင် လူငယ်တွေကြားမှာတောင် မင်းအကြောင်း ကောင်းသတင်းတွေ ထွက်နေပြီလေ”

“လူငယ် သရုပ်ဆောင်တွေက ငါ့အပေါ် အမြင်ကောင်းရှိကြရုံ သက်သက်ပါ”

“အရမ်းကြီး နှိမ့်ချမနေပါနဲ့။ မင်းရဲ့ အရည်အချင်းကို ငါက ဘယ်သူ့ထက်မဆို ပိုသိတာပဲ။ မင်းက ငါ့ထက်တောင် အရင် အမျိုးသားပြဇာတ်အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌနေရာအတွက် အဆိုတင်သွင်းခံခဲ့ရတာလေ... မှတ်မိသေးလား”

“အဲဒါက တော်တော်လေးကို ကြာသွားပြီပဲ။ ပြီးတော့ အဲဒီတုန်းက သူတို့က ငါ့ကို သာမန်ကာလျှံကာပဲ လာမေးကြတာပါ”

လက်ရှိ အဖွဲ့ချုပ်ဥက္ကဋ္ဌဆီကနေ ဒီလိုစကားမျိုး ကြားလိုက်ရတော့ မွန်ဂျောင်နည်းနည်းတော့ ရှက်ကိုးရှက်ကန်း ဖြစ်သွားရတယ်။

“ဘာပဲဖြစ်ဖြစ်... အနားယူပြီး နှစ်ပေါင်းများစွာကြာမှ ပြန်ပြီး သရုပ်ဆောင်ရတာ ဘယ်လိုနေလဲ။ ငါဆိုရင်တော့ သရုပ်ဆောင်တာနဲ့ ဝေးနေတာ ကြာပြီဆိုတော့ သရုပ်ဆောင်ရတာ ဘယ်လိုမျိုးလဲဆိုတာတောင် မေ့နေပြီ”

“ဟားဟား... အဲဒီလို နောက်ပြောင်တာမျိုး မလုပ်ပါနဲ့”

ယူချောမင်းကတော့ နောက်ပြောင်တဲ့ အမူအရာနဲ့ ပြုံးနေတာပေါ့။ ဒါပေမဲ့ သူ ပြောတာကလည်း မမှားပါဘူး။ အမျိုးသားပြဇာတ်အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌအဖြစ်ရော၊ လူမှုရေးလုပ်သားအဖြစ်ရော၊ ပြဇာတ်ရေးဆရာတွေအတွက် အကြံပေးပုဂ္ဂိုလ်အဖြစ်ရော၊ တက္ကသိုလ် ပရော်ဖက်ဆာ တစ်ယောက်အဖြစ်ပါ အလုပ်တွေ အရမ်းများနေတာဆိုတော့ တခြားဘာမှ လုပ်ဖို့ အချိန်မရှိဘူးလေ။ ဒါကြောင့်လည်း ယူချောမင်းက သူ့ပြဇာတ်တွေကို လာမကြည့်နိုင်ဘူးလို့ ပြောတဲ့အခါ မွန်ဂျောင်က စိတ်မဆိုးခဲ့တာပေါ့။

“ကဲ... စကားလမ်းကြောင်း လွှဲမနေဘဲ ငါ့ကို ပြောပါဦး။ သရုပ်ဆောင်ရတာ ဘယ်လိုနေလဲ။ စာသင်ရတာထက် ပိုပြီး ပျော်ဖို့ကောင်းတယ် မဟုတ်လား။ မင်း လေ့ကျင့်ရေးခန်းမမှာ တစ်ချိန်လုံး ပြုံးနေတယ်လို့ ငါ ကြားထားတယ်နော်”

“အခုတော့ မင်းဆီကို ဘယ်သူက သတင်းတွေ ပို့ပေးနေတာလဲဆိုတာ ငါ တကယ် သိချင်လာပြီ။ ဂျွန်မင်းလား”

“သူလည်း တစ်ယောက်အပါအဝင်ပေါ့”

“မင်းက ဥက္ကဋ္ဌ ဖြစ်နေရုံနဲ့ လူတွေကို အဲဒီလောက်ကြီး အတင်းအကျပ် မခိုင်းပါနဲ့ဦး... ကြားလား”

မွန်ဂျောင်က ခေတ္တလောက် စဉ်းစားဖို့ ပါးစပ်ပိတ်လိုက်တယ်။ အမှန်တော့ ပြန်ပြီး သရုပ်ဆောင်ရတာ တကယ့်ကို ပျော်ဖို့ကောင်းတာလေ။ လူငယ် သရုပ်ဆောင်တွေရဲ့ စိတ်အားထက်သန်မှုကို ကြည့်ရတာ၊ စင်ပေါ်က နည်းပညာအသစ်တွေကို ကြုံတွေ့ရတာနဲ့ ပရိသတ်တွေကို ပြန်တွေ့ရတာတွေပေါ့။ အရာအားလုံးက သူ့အတွက် အသစ်အဆန်းလို ဖြစ်နေပြီး တကယ့်ကို ပျော်စရာကောင်းတဲ့ အတွေ့အကြုံသစ်တစ်ခုပဲ။

“ပျော်ဖို့ကောင်းပါတယ်။ သရုပ်ဆောင်တာက ငါ့အတွက် အသင့်တော်ဆုံး အလုပ်ပဲလို့ ထင်မိတယ်”

“အဲဒါကြောင့်လည်း ငါ ဒါကို ပြောပြချင်နေတာပေါ့။ ရုပ်ရှင်တစ်ကားမှာ သရုပ်ဆောင်ကြည့်ဖို့ စိတ်ကူးရှိလား”

“ရုပ်ရှင် ဟုတ်လား”

“ဇာတ်ညွှန်း၊ သရုပ်ဆောင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ အားလုံးက မင်းကိုပဲ လိုချင်နေကြတာ”

ရုပ်ရှင်... နောက်ဆုံး ရုပ်ရှင်ရိုက်ခဲ့တာ ဘယ်တုန်းကပါလိမ့်။ သူ ရုပ်ရှင်လောကကနေ ထွက်ပြီး ပြဇာတ်လောကထဲကို ဝင်လာခဲ့တာလေ။ အဲဒီမှာ နာမည်ရလာပြီးတဲ့နောက်မှာတော့ ရုပ်ရှင်ပြန်ရိုက်ဖြစ်ပြီး ကားပေါင်း ၅၀ ကျော်မှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတယ်။ အဲဒါက သူ အသက်လေးဆယ်အရွယ်တုန်းကပေါ့။ အခုဆိုရင် ဆယ်စုနှစ် သုံးခုတောင် ရှိသွားပြီလေ။

“လူတွေ မေ့နေကြပြီဖြစ်တဲ့ သူတစ်ယောက်ကို ဘာလို့ ပြန်ပြီး ဆွဲထုတ်ချင်နေရတာလဲ”

“ငါ မင်းကို ပြောပြီးပြီလေ။ မင်း အသက်ရှိသေးတယ်ဆိုတာကို လူတွေ သိသွားကြပြီလို့”

“ဟူး... ခက်တော့တာပဲ”

“ရင်းနှီးမြှုပ်နှံမှု အများကြီး သုံးထားတာမျိုး မဟုတ်ပေမဲ့ မင်းရဲ့နောက်ကွယ်က လူတွေကတော့ တကယ့်ကို ပြောင်မြောက်တဲ့သူတွေ ဖြစ်မှာပါ... ငါ အာမခံပါတယ်။ ဒါဆို ဘယ်လိုလဲ။ လူကြီးတွေက အခုထိ အားကောင်းတုန်းပဲဆိုတာကို လူငယ်တွေကို ပြချင်စိတ် မရှိဘူးလား”

“နေဦး... မင်းက ဘာဖြစ်လို့ ဒါတွေကို အခုမှ ရုတ်တရက်ကြီး လာပြောနေရတာလဲ”

“ဘာလို့လဲဆိုတော့ ငါက အဲဒီ ရင်းနှီးမြှုပ်နှံသူ ဖြစ်နေလို့ပေါ့”

“ဟား...”

“မင်းကို ဖန်သားပြင်ပေါ်မှာ ပြန်တွေ့ချင်လို့ပါ”

“မင်းကတော့လေ...”

“ဒီနေ့အတွင်း ဇာတ်လမ်းအကျဉ်းကို ငါ ပို့ပေးလိုက်မယ်။ ဇာတ်ညွှန်းကိုလည်း ပို့ပေးမယ်နော်။ မင်း ဇာတ်ညွှန်းရေးဆရာနဲ့ ဒါရိုက်တာကိုလည်း တွေ့ကြည့်ချင်မှာပါ”

“ငါက လုပ်မယ်လို့ မပြောရသေး...”

“မင်း လက်ခံလိုက်ပြီလို့ပဲ ငါ သတ်မှတ်လိုက်မယ်နော်။ ကဲ... သွားပြီ။ ထမင်းက တကယ်အရသာရှိတယ်”

“ဟေ့... ဟေ့... အဲဒီမှာ ခဏနေဦးလေ”

သူ့သူငယ်ချင်းက အဲဒီအတိုင်းပဲ ထွက်သွားတော့တာပဲ။ မွန်ဂျောင်က သူ့နောက်ကို လိုက်ဖမ်းဖို့ ကြိုးစားပေမဲ့ ယူချောမင်းကတော့ ‘နှုတ်ဆက်နေဖို့ မလိုပါဘူး’ လို့ လှမ်းအော်ရင်း ကားပေါ်ကို ခုန်တက်သွားတော့တာပဲ။ ပြီးတော့မှ သူက ကားပေါ်က ပြန်ဆင်းလာပြီး တံခါးဝအထိ ပြန်လာတယ်။

“နေဦး... ငါနဲ့အတူ လိုက်ခဲ့ပါလား”

“... မင်းကတော့ လုံးဝကို မပြောင်းလဲဘူးပဲ”

အဲဒီလို ပြောနေရင်းနဲ့တောင် မွန်ဂျောင်က သူ့ကုတ်အင်္ကျီကို ဆွဲယူလိုက်မိတယ်။ သူ့သူငယ်ချင်းရဲ့ ကမ်းလှမ်းချက်ကို လက်ခံဖို့ သူ စိတ်ညွှတ်နေပြီလေ။ ယူချောမင်းက သူ့အတွက် အကောင်းဆုံးကိုပဲ ဖြစ်စေချင်တာဆိုတာ သူ သိတာပေါ့။ မွန်ဂျောင်က ယူချောမင်းကို ယုံကြည်တာကြောင့် ဆုံးဖြတ်ချက်ချဖို့အတွက် တွန့်ဆုတ်မနေတော့ပါဘူး။

မွန်ဂျောင်က ယူချောမင်းရဲ့ ကားထဲကို ဝင်ထိုင်လိုက်တယ်။ သူ့သူငယ်ချင်းနဲ့ နှစ်ယောက်တည်း ဖြစ်မယ်လို့ ထင်ထားပေမဲ့ အထဲမှာ တခြားတစ်ယောက် ရှိနေတာကို တွေ့လိုက်ရတယ်။ မျက်နှာပေါက် တည်တည်ကြည်ကြည်နဲ့ လူငယ်တစ်ယောက်ပေါ့။ မွန်ဂျောင် ကောင်းကောင်း သိတဲ့သူ တစ်ယောက်ပါ။

“မင်္ဂလာပါ ဆရာ”

လူငယ်လေးက သူ့ကို ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်တယ်။

“ဪ... ဂွန်ဆူးပါလား”

“ဟုတ်ကဲ့ပါ”

“မင်းက ဒီမှာ ဘာလုပ်နေတာလဲ”

“ယာယီကားဆရာအဖြစ် အလုပ်ခန့်ခံလိုက်ရလို့ပါ” လို့ ဂွန်ဆူးက ပြုံးပြုံးလေး ပြောလိုက်တယ်။

မွန်ဂျောင်က ချူဂျင်ကို တစ်ချက် လှမ်းကြည့်လိုက်မိတယ်။

“မင်း ဒီကလေးကို ပိုက်ဆံတော့ သေသေချာချာ ပေးရဲ့လား”

“ဘာလဲ... မင်းက ငါ့ကို အလုပ်သမားတွေကို ခေါင်းပုံဖြတ်တဲ့ ကုမ္ပဏီပိုင်ရှင်လို့ ထင်နေတာလား။ ဂွန်ဆူး... ငါ မင်းကို အလကား ခိုင်းနေတာလား”

“မဟုတ်ပါဘူး ဆရာ။ ကျွန်တော် အများကြီး သင်ယူနေရပါတယ်”

“တွေ့လား... ငါက ဒီလောက် ကြင်နာတတ်တာကို မင်းက ဘာလို့ ငါ့ကို လူဆိုးကြီးလို လုပ်နေရတာလဲ”

မွန်ဂျောင်နဲ့ ယူချောမင်းတို့ နှစ်ယောက်လုံး အတူတူ ရယ်လိုက်ကြတယ်။ မွန်ဂျောင်ဟာ ဒီလိုမျိုး မခံစားရတာ တော်တော်လေးကို ကြာနေပြီလေ။

“သွားကြစို့”

“ဟုတ်ကဲ့ပါ”

“ဒါနဲ့ တို့တွေ ဘယ်ကို သွားနေကြတာလဲ” လို့ မွန်ဂျောင်က မေးလိုက်တယ်။

“ရုပ်ရှင်ဒါရိုက်တာနဲ့ ပတ်သက်တဲ့ ပွဲတစ်ခု ရှိလို့လေ။ အဲဒီကို ခဏဝင်ပြီး စကားပြောမလို့ပါ”

“ပွဲတစ်ခု ဟုတ်လား”

“ကလေးတွေအတွက် ပြိုင်ပွဲတစ်ခုပေါ့။ ဒီနေ့ကစပြီး အမျိုးသားအဆင့် ပြိုင်ပွဲတွေ စနေပြီလေ”

“အဲဒါက နွေရာသီမှာ မဟုတ်ဘူးလား”

“အဲဒါက တို့တွေ ကျင်းပတာလေ။ အခုပွဲက လုပ်ငန်းရှင်တွေနဲ့ ထုတ်လုပ်ရေး ကုမ္ပဏီတွေက ကျင်းပတာ။ တို့တွေ ကျင်းပတာထက်စာရင်တော့ အများကြီး ပိုသေးတာပေါ့”

ဂွန်ဆူးက စကားဝိုင်းထဲကို ဝင်ပြောလိုက်တယ်။

“ဒါပေမဲ့ ဒီလုပ်ငန်းလောကမှာတော့ နွေရာသီပြိုင်ပွဲထက် ဆောင်းရာသီပြိုင်ပွဲတွေကို ပိုပြီး အလေးထားကြတယ်ဗျ။ ဆရာ မှတ်မိမလားတော့ မသိဘူး၊ ကျွန်တော် အထက်တန်းကျောင်းတုန်းက ဆောင်းရာသီပြိုင်ပွဲမှာ သုံးကြိမ်တောင် ဆုရခဲ့ဖူးတာလေ”

“သိပါတယ်ဗျာ... သိပါတယ်။ မင်းက အဲဒီအကြောင်းကို ခဏခဏ လာကြွားလွန်းလို့ ငါဆိုရင် အလွတ်တောင် ရနေပြီ” လို့ ယူချောမင်းက စုတ်သပ်လိုက်တယ်ရင်း ပြန်ပြောလိုက်တယ်။

ဂွန်ဆူးကတော့ ရှက်ကိုးရှက်ကန်းနဲ့ ချောင်းတွေ ဆိုးနေတော့တာပေါ့။

“အဲဒီကို ရောက်ရင် ရင်းနှီးတဲ့ မျက်နှာတွေ အများကြီး တွေ့ရမှာပါ။ တို့တွေက ပြိုင်ပွဲကို သွားကြည့်မှာ မဟုတ်ဘဲ ဘေးနားက အဆောက်အဦးမှာ ကျင်းပနေတဲ့ ပြဇာတ်ထုတ်လုပ်ရေး ကြေညာတဲ့ပွဲကို သွားမှာလေ”

“ဪ... အဲလိုလား”

“အချိန်ရရင် လူငယ်လေးတွေ ဘယ်လို သရုပ်ဆောင်ကြလဲဆိုတာကိုလည်း ကြည့်ကြည့်လိုက်ဦးလေ”

“လူငယ်လေးတွေပေါ့လေ...”

မွန်ဂျောင်က ပြတင်းပေါက် အပြင်ဘက်ကို လှည့်ကြည့်လိုက်တယ်။

* * * * * * * * *

“ဘာမှ ကျန်ခဲ့တာ မရှိဘူး မဟုတ်လား”

“မရှိပါဘူး”

“သေသေချာချာ ထပ်စစ်ကြည့်ဦးနော်”

“ကြည့်ရတာ ဆရာမက ကျွန်တော်တို့ထက်တောင် ပိုပြီး စိတ်လှုပ်ရှားနေသလိုပဲ”

“ဒီမှာ မင်းတစ်ယောက်တည်းကပဲ အေးဆေးနေတာလေ”

မီဆို တစ်နေရာရာကို ထွက်သွားတာကို မာရူး ကြည့်နေမိတယ်။ ဒီနေ့က အကြိုပြိုင်ပွဲနေ့ဆိုတော့ ပြဇာတ်ကလပ်က တော်တော်လေးကို အလုပ်ရှုပ်နေတာပေါ့။

“မာရူး... ဒါလေး လာကူပေးပါဦး” လို့ ဆိုယွန်းက လှမ်းခေါ်လိုက်တယ်။

မာရူး ပြေးသွားလိုက်တယ်။ အန်ယန်းမှာရှိတဲ့ စင်ပေါ်ကို သူတို့ရဲ့ ပစ္စည်းတွေကို သယ်သွားဖို့ လိုတာလေ။ ကျောင်းဝင်းအလယ်မှာ ရှိနေတဲ့ ကုန်တင်ကားပေါ်ကို ဆိုယွန်းကိုင်ထားတဲ့ ထိုင်ခုံကို သူ တင်ပေးလိုက်တယ်။

“အကုန် ပြီးသွားပြီ မဟုတ်လား” လို့ ဒိုဂျင်က မေးလိုက်တယ်။

ဝတ်စုံတွေကိုတော့ မိန်းကလေးတွေက သယ်လာကြတာ။ မနေ့ညကတည်းက အကုန် စစ်ဆေးထားတာဆိုတော့ ဘာမှ ကျန်ခဲ့မှာတော့ မဟုတ်ပါဘူး။ ပစ္စည်းတွေသာ စင်ပေါ်ကို ဘေးကင်းကင်းနဲ့ ရောက်သွားဖို့ပဲ လိုတာပေါ့။

“မပျက်စီးအောင် ဂရုစိုက်နော်။ ဒါတွေက သစ်သားနဲ့ လုပ်ထားတာဆိုတော့”

ဂျောင်ဟော့ခ်ရဲ့ ညွှန်ကြားချက်အတိုင်း သစ်သားပစ္စည်းတွေကို ကုန်တင်ကားရဲ့ အပေါ်မှာ ကြိုးနဲ့ သေသေချာချာ ချည်နှောင်လိုက်ကြတယ်။ စုစုပေါင်းဆိုရင် အဆောက်အဦး ပစ္စည်းတွေ၊ လမ်းမီးတိုင်တွေ၊ အမှိုက်ပုံးတွေ၊ ဆိုင်ပုံစံတစ်ခုနဲ့ အဲဒီဆိုင်ရှေ့မှာ ထားဖို့ စာပွဲအချို့ ပါတာပေါ့။

“နေဦး... ငါ ကြည့်ပေးမယ်”

ကုန်တင်ကားကုမ္ပဏီက ဝန်ထမ်းတစ်ယောက်က အရာအားလုံးကို နောက်ဆုံးတစ်ခေါက် ထပ်စစ်ဆေးပြီး မိုးကာနဲ့ အုပ်ကာ ကြိုးတွေနဲ့ ထပ်ပြီး တင်းတင်းကျပ်ကျပ် ချည်နှောင်လိုက်တယ်။

“ဟူး... တော်သေးတာပေါ့”

ကလပ်အဖွဲ့ဝင်တွေကတော့ သက်ပြင်းအရှည်ကြီး ချလိုက်ကြတော့တာပဲ။ ဒါကို သူတို့တွေ အကြိမ်ကြိမ် လုပ်ခဲ့ဖူးပေမဲ့ အမြဲတမ်း စိတ်လှုပ်ရှားနေရတုန်းပါပဲ။ သူတို့ရဲ့ အဖိုးတန် ပစ္စည်းတွေ ပျက်စီးသွားမှာကို မလိုလားကြဘူးလေ။ စိတ်မကောင်းစရာက အခုအထိ နှစ်ကြိမ်တောင် ဖြစ်ခဲ့ဖူးတာကိုး။

“သေသေချာချာလေး ဂရုစိုက်ပေးပါဦးနော်”

“စိတ်ချပါဗျာ”

ကုန်တင်ကားက အရင်ထွက်သွားပြီ။ ကလပ်အဖွဲ့ဝင်တွေကတော့ တက္ကစီ၊ မီဆိုရဲ့ ကားနဲ့ ဂန်ဟွမ်ရဲ့ ကားတွေပေါ်ကို ခွဲပြီးတက်လိုက်ကြတယ်။

“ဆရာက အခုဆို ကျွန်တော်တို့ရဲ့ ဒုတိယ အကြံပေးဆရာဖြစ်နေပြီနော်” လို့ ဂန်ဟွမ်ရဲ့ ကားရှေ့ခန်းမှာ ထိုင်ရင်း မာရူးက ပြောလိုက်တယ်။

“ဟေ့... အဲဒီလို မပြောနဲ့လေ။ တစ်ခုခု လွဲချော်သွားဦးမယ်။ အော်... ကလေးတို့၊ ကားထဲက နည်းနည်းတော့ ညစ်ပတ်နေလိမ့်မယ်၊ သည်းခံပြီး စီးကြနော်”

“ဟုတ်ကဲ့ပါ”

ဂန်ဟွမ်ရဲ့ ကားနောက်ခန်းမှာတော့ သူ့အဝတ်အစားတွေ၊ ဇာတ်ညွှန်းတွေနဲ့ ကိရိယာမျိုးစုံ ပြန့်ကျဲနေတာပေါ့။ ဒေးမြောင်၊ တေဂျွန်းနဲ့ ဒိုဂျင်တို့က ပစ္စည်းတွေကို ဘေးဖယ်ပြီး သေသေချာချာ ထိုင်လိုက်ကြတယ်။

“သွားကြစို့”

မီဆိုရဲ့ ကား ထွက်သွားတာနဲ့ ဂန်ဟွမ်ကလည်း လီဗာကို နင်းလိုက်တော့တာပဲ။ ကလပ်အဖွဲ့ဝင်တွေ အန်ယန်းကို ဦးတည်ထွက်ခွာလာချိန်မှာတော့ မနက် ၁၁ နာရီ ရှိနေပြီ။ မာရူးက မနေ့ကမှ ရထားတဲ့ မက်ဆေ့ချ်တစ်ခုကို ဖတ်ဖို့ ဖုန်းကို ထုတ်လိုက်တယ်။

“အကြိုပြိုင်ပွဲမှာတော့ တို့တွေ မင်းတို့ကို အေးအေးဆေးဆေးပဲ လွှတ်ပေးလိုက်မယ်၊ ကံကောင်းပါစေနော်။ ဒါပေမဲ့ နောက်ဆုံးဗိုလ်လုပွဲမှာတော့ တို့တွေပဲ အနိုင်ရမှာပါ”

သူမဆီက မက်ဆေ့ချ်ပဲ။ အဲဒီမက်ဆေ့ချ်ကို ကြည့်လိုက်ရုံနဲ့တင် သူ့မှာ အင်အားတွေ ပြည့်လာသလို ခံစားလိုက်ရတယ်။

“စိတ်လှုပ်ရှားနေလား”

“ဟုတ်ကဲ့”

“မင်းကတော့ လိမ်တာ တော်တော်ကျွမ်းတာပဲ။ မင်း ဘာမှ မခံစားရဘူး မဟုတ်လား”

“ကျွန်တော်က အဲဒီလောက်အထိ သိသာနေလို့လား”

“သိသာတာပေါ့။ အနည်းဆုံးတော့ ဟန်ဆောင်တာလေးတော့ ပိုပြီး တော်အောင် လုပ်စမ်းပါဦး။ ငါ မင်းကို ပြောဖူးတယ် မဟုတ်လား။ မင်းက စင်ပေါ်ရောက်မှ စိတ်လှုပ်ရှားတတ်တဲ့ အမျိုးအစားဆိုတော့ အဲဒီမတိုင်ခင် စိတ်လှုပ်ရှားနေတာက မင်းအတွက် တကယ်ကို ကောင်းတယ်။ မင်းဘာသာ မင်း ရူးသွပ်နေတာက သရုပ်ဆောင်တာ မဟုတ်ဘူး။ ပရိသတ်နဲ့ ဆက်သွယ်ချင်ရင် စင်ပေါ်မှာ မင်း တည်တည်ငြိမ်ငြိမ် ရှိနေဖို့ လိုတယ်”

“နားလည်ပါပြီ”

ဂန်ဟွမ်က နောက်ခန်းမှာ ထိုင်နေတဲ့ ကလေးတွေကိုလည်း လှမ်းပြောလိုက်တယ်။

“ပြီးတော့ မင်းတို့တွေလည်း စိတ်လှုပ်ရှားနေတာကို ရပ်လိုက်ကြတော့။ ဟူး... မင်းတို့က ဘာဖြစ်နေကြတာလဲ။ ငါ့ဘေးနားက တစ်ယောက်ကတော့ အရမ်းအေးဆေးလွန်းနေပြီး နောက်က လူတွေကတော့ အရမ်း စိတ်လှုပ်ရှားနေကြတာပဲ။ ကဲ... ဒါက မင်းတို့အတွက် စင်ပေါ်တက်ရတာ ဒုတိယအကြိမ် ဒါမှမဟုတ် တတိယအကြိမ် ရှိနေပြီ မဟုတ်လား။ ဟင်”

“... ဒါ ပထမဆုံးအကြိမ်ပါ”

“ဪ... ဟုတ်သားပဲ။ ဆောရီးပါဗျာ။ ဒါဆိုရင်တော့ မင်းတို့ အဲဒီလောက်အထိ စိတ်လှုပ်ရှားနေတာက မှန်ပါတယ်။ ဘာမှ လုပ်လို့ မရဘူးလေ”

ဂန်ဟွမ်ရဲ့ စကားက ဒီမှာတင် ရပ်သွားမှာ မဟုတ်ဘူးဆိုတာ မာရူး သိတာပေါ့။ သူကတော့ ဆက်ပြောနေတုန်းပဲ။

“စိတ်လှုပ်ရှားနေတယ်ဆိုတဲ့ အချက်ကိုပဲ လက်ခံလိုက်ပါ။ ဒီခံစားချက်က မင်းတို့နဲ့အတူ တစ်သက်လုံး ရှိနေမှာဆိုတော့ အဲဒါကို ပျော်အောင် ကြိုးစားကြည့်ပါ။ အဲဒါကို ဖိနှိပ်ဖို့ ကြိုးစားနေတာထက် အဆပေါင်းများစွာ ပိုပြီး ကောင်းပါလိမ့်မယ်... ငါ ကတိပေးတယ်”

နောက်ခန်းက ကလေးသုံးယောက်လည်း ခေါင်းညိတ်ပြလိုက်ကြတော့တာပေါ့။

* * * * * * * * *

အခန်း(၁၃၈)

တနင်္ဂနွေနေ့ မနက်ခင်းကြီး အပြင်ထွက်ဖို့ပြင်နေတဲ့ သူမကို မေမေကပထမဆုံး မေးလိုက်တဲ့ စကားက ‘ချိန်းတွေ့မလို့လား’ တဲ့လေ။ သူမ ဘာမှ ပြန်မပြောနိုင်ခဲ့ပါဘူး။ အဲဒီအစား တံခါးအပြင်ဘက်ကိုပဲ အမြန်ပြေးထွက်လာခဲ့တော့တာပေါ့။ ဓာတ်လှေကားစီးပြီး ဆင်းလာရင်းနဲ့ သူမရဲ့ လည်ပင်းစည်းနဲ့ ခြေအိတ်ရှည်တွေမှာ ပြဲနေတာ စုတ်နေတာမျိုး ရှိလားဆိုတာ သေသေချာချာ စစ်ဆေးကြည့်မိတယ်။ ကံကောင်းချင်တော့ အကုန်လုံး အဆင်ပြေနေတာပါပဲ။

“ဟူး”

အေးစက်လှတဲ့ ဆောင်းလေထဲမှာ သူမရဲ့ အသက်ရှူသံတွေက မြူခိုးတွေလို ဖြူထွက်သွားတယ်။ မာရူး ပေးထားတဲ့ သိုးမွှေးဦးထုပ်လေးကို နားရွက်တွေ ဖုံးသွားအောင်အထိ ဆွဲချလိုက်တော့မှ ချက်ချင်းဆိုသလို ပြန်နွေးလာသလို ခံစားလိုက်ရတယ်။

ဘတ်စ်ကားပေါ် ရောက်တော့ အချိန်ကို တစ်ချက်ကြည့်လိုက်မိတယ်။ မနက် ၁၀ နာရီ ရှိနေပြီလေ။ ပြဇာတ်က နေ့လယ် ၁၂ နာရီကျမှ စမှာဆိုတော့ အချိန်က အများကြီး ရှိပါသေးတယ်။ ပြတင်းပေါက် အပြင်ဘက်က ရှုခင်းတွေကို ငေးကြည့်ရင်း သူမ ပြုံးမိသွားတယ်။ ဒီနေ့ လာကြည့်မယ်ဆိုတာကို မာရူးကို သူမ မပြောထားဘူးလေ။ တိတ်တဆိတ် ရောက်လာတာကို သိရင် သူ တကယ့်ကို အံ့ဩသွားမှာ အသေအချာပဲ။

ဘတ်စ်ကားပေါ်က ဆင်းပြီးတော့ ခန်းမဘက်ကို သူမ လှည့်ကြည့်လိုက်မိတယ်။ အဲဒီမှာ အထက်တန်းကျောင်းသားတွေရော ပြဇာတ်သုံး ပစ္စည်းတွေ တင်လာတဲ့ ကားတွေနဲ့ပါ ပြည့်နှက်နေတာပေါ့။

“မြန်မြန်လုပ်ကြလေ”

“နောက်တစ်လှည့်က ငါတို့အလှည့်နော်”

လူတိုင်းက အသည်းအသန် လှုပ်ရှားနေကြတာ။ နောက်အပတ်ဆိုရင် သူမလည်း သူတို့ထဲက တစ်ယောက် ဖြစ်လာတော့မှာလေ။ ပြဇာတ်စဖို့ တစ်နာရီလောက် လိုသေးတာမို့ အနားက စတိုးဆိုင်လေးဆီကို သူမ ထွက်လာခဲ့တယ်။ အချိန်ရှိတုန်း မာရူးဆီ ခေတ္တဝင်တွေ့လို့ ရပေမဲ့ ပြိုင်ပွဲစခါနီး အချိန်မှာ သူ့ကို အနှောင့်အယှက် မပေးချင်တော့တာကြောင့်ပါ။

“ဒါလေး ယူမယ်နော်”

ဝတ်စုံအပြည့်နဲ့ အထက်တန်းကျောင်းသားတစ်ယောက်က အအေးဒဏ်ကို အန်တုဖို့ ချောကလတ်ပူပူတစ်ဗူး ဝယ်နေတာ တွေ့လိုက်ရတယ်။ အဲဒီကောင်လေး ကြည့်ရတာ တော်တော်လေးကို စိတ်လှုပ်ရှားနေတဲ့ပုံပဲ။ သူမ စိတ်ထဲကနေ ‘ကံကောင်းပါစေ’ လို့ တိုးတိုးလေး ဆုတောင်းပေးလိုက်မိတယ်။ နောက်ဆုံးဗိုလ်လုပွဲ တက်လှမ်းနိုင်ဖို့အတွက် အားလုံးက ပြိုင်ဆိုင်နေကြတာ မှန်ပေမဲ့ အဲဒါကြောင့်နဲ့ တစ်ယောက်နဲ့တစ်ယောက် ရန်သူတွေလို သတ်မှတ်စရာမှ မလိုတာလေ။

ကော်ဖီသောက်ရင်း ထိုင်နေတုန်း ခန်းမဘက်ကနေ ဆိုင်ထဲကို လမ်းလျှောက်လာတဲ့ ရင်းနှီးနေတဲ့ မျက်နှာတစ်ခုကို သူမ တွေ့လိုက်ရတယ်။ အဲဒီမိန်းကလေးက ဆိုင်ထဲ ဝင်လာတဲ့အထိ သူမကို သတိမထားမိသေးဘူး။

“ယိုဂျင်”

သူမက အရင်ဆုံး လှမ်းခေါ်လိုက်တယ်။ လီယိုဂျင်။ သူမနဲ့အတူ အပျော်တမ်း သရုပ်ဆောင်သင်တန်းမှာ လေ့ကျင့်ခဲ့ဖူးတဲ့သူလေ။ ယိုဂျင်က သူမကို မြင်သွားတာနဲ့ ချက်ချင်း ပြုံးပြလိုက်တော့တာပဲ။

“ဟာ... နင်က ဒီနေ့ ပြိုင်ပွဲရှိလို့လား”

“မဟုတ်ပါဘူး၊ ငါက လာကြည့်ရုံသက်သက်ပါ”

“တကယ်လား။ ငါနဲ့ အတူတူပဲပေါ့။ အမှန်တော့ ငါက လာပြီး အကဲခတ်တာလို့ ပြောရမလားပဲ”

ယိုဂျင်က ရယ်ရင်း ပြောလိုက်တယ်။ အကဲခတ်တာပေါ့လေ။ စကားလုံး ရွေးတာ တကယ့်ကို ရယ်စရာပဲ။

“နင်က ကလပ်အဖွဲ့နဲ့ လာတာလား” လို့ ယိုဂျင်က မေးတယ်။

“ဟင့်အင်း၊ တစ်ယောက်တည်းပါ”

“တစ်ယောက်တည်း ဟုတ်လား”

ယိုဂျင်က နည်းနည်းတော့ ဇဝေဇဝါ ဖြစ်သွားတဲ့ပုံပဲ။ ဒီလိုနေရာမျိုးကို တစ်ယောက်တည်း လာတဲ့သူက သိပ်မရှိဘူးလေ။ မာရူးကို လာကြည့်တာပါလို့ ပြောဖို့ကလည်း နည်းနည်း ရှက်စရာကောင်းနေတာကြောင့် ကိစ္စလေး ရှိလို့ လာတာပါလို့ပဲ သူမ ပြောလိုက်တယ်။ ယိုဂျင်ကတော့ သူမရဲ့ ဇဝေဇဝါ ဖြစ်နေမှုကို ဂရုမစိုက်ဘဲ ဆက်ပြောနေတာပေါ့။

“ငါကတော့ ငါ့မေမေနဲ့ လိုက်လာတာ”

“နင့်မေမေနဲ့ ဟုတ်လား”

“အင်းလေ။ ဒီနားမှာ တီဗီစီးရီးနဲ့ ပတ်သက်တဲ့ ပွဲတစ်ခု ရှိတယ်ဆိုလား။ အဲဒီမှာ မေမေက အလုပ်ရှိတယ်ဆိုတာနဲ့ ငါလည်း လိုက်လာတာ”

“ဝိုး... နင့်မေမေက အနုပညာလောကမှာ အလုပ်လုပ်တာလား”

“မေမေက ဆံပင်ညှပ်ဆိုင် ဖွင့်ထားတာပါ။ ဒါပေမဲ့ တစ်ဖက်တစ်လမ်းကတော့ ဆက်နွှယ်နေတာပေါ့။ ငါ ကလေးသရုပ်ဆောင် ဖြစ်လာတာလည်း အဲဒါကြောင့်ပဲလေ”

“ဪ... ဒါဆို နင် နာမည်ကြီး အနုပညာရှင်တွေကို အများကြီး မြင်ဖူးမှာပေါ့”

“မြင်ဖူးတာပေါ့။ အဝေးကနေပဲ ကြည့်ရတာပါ”

ယိုဂျင်က ကလေးသရုပ်ဆောင် လုပ်ခဲ့ဖူးတယ်ဆိုတာ သူမ သိပေမဲ့ ယိုဂျင်ရဲ့ မိဘတွေပါ ဒီလောကထဲမှာ ပါဝင်နေလိမ့်မယ်လို့ သူမ လုံးဝ မထင်ထားခဲ့ဘူး။ အခုလို ပွဲတွေအထိ ပါဝင်နေကြတာဆိုရင် သရုပ်ဆောင်တွေနဲ့ တော်တော်လေး ရင်းနှီးကြမှာပဲ။ ဒါမှမဟုတ် ထုတ်လုပ်သူတွေနဲ့များလား။

“အော်... ဒါနဲ့ နင့်ကို ကြည့်ရတာ တော်တော်လေး ရင့်ကျက်တဲ့ပုံ ပေါက်နေတာ သိလား”

“ဘယ်သူလဲ... ငါလား”

“အင်းလေ။ နင်လည်း ဒီပွဲမှာ လူတွေကို လိုက်နှုတ်ဆက်နေရမှာ မဟုတ်လား”

“နှုတ်ဆက်ရတာပေါ့။ မေမေက မိတ်ဆက်ပေးလိုက်၊ ငါက ခါးညွှတ်နှုတ်ဆက်လိုက်နဲ့ပေါ့။ ပြီးမှ လစ်ထွက်လာခဲ့တာ”

ယိုဂျင်က ပင်ပန်းနေတဲ့ လေသံနဲ့ ပြောလိုက်တယ်။ လက်ကို မေးတင်ရင်း သက်ပြင်းချနေတာပေါ့။

“နားထောင်ရတာ တော်တော် စိတ်ပျက်စရာပဲနော်”

“အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုလို့ သတ်မှတ်လိုက်ရင်တော့ အဲလောက်ကြီး မဆိုးပါဘူး။ အခု ပင်ပန်းပေမဲ့ ဒါက နောင်ကျရင် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်တာပဲလေ”

ယိုဂျင်က တော်တော်လေးကို တည်တည်ငြိမ်ငြိမ် ပြောနိုင်တာ အံ့ဩစရာပဲ။ တကယ့် သရုပ်ဆောင်တစ်ယောက်ပီပီ ပရိုဆန်တဲ့ အငွေ့အသက်တွေ သူမဆီကနေ ထွက်နေသလိုပဲ။

“ပွဲက ဘယ်အချိန် စမှာလဲ”

“၁၁ နာရီ”

“ဒါဆို စနေပြီပေါ့။ နင်က ဘာလို့ အထဲမဝင်သေးတာလဲ”

“၁၂ နာရီမှာ ကပြမယ့် ပြဇာတ်ကို စောင့်နေတာ”

“၁၂ နာရီ ဟုတ်လား”

“ဒါဆို အချိန်ရှိသေးတာပေါ့။ နင် နေ့လယ်စာစားပြီးပြီလား”

သူမက လက်ထဲက ကော်ဖီဘူးခွံကို ငုံ့ကြည့်ရင်း ‘ဒါက နေ့လယ်စာပဲလေ’ လို့ တိုးတိုးလေး ရေရွတ်လိုက်မိတယ်။

“ဘုရားရေ။ အဲဒါက နေ့လယ်စာ ဟုတ်လား။ နင် ဝိတ်ချနေတာလား”

“မဟုတ်ပါဘူး။ ဒီမှာက စားစရာ သိပ်မရှိလို့ပါ။ ခေါက်ဆွဲခြောက်လည်း မစားချင်တာနဲ့”

“အင်း...”

ယိုဂျင်က နှုတ်ခမ်းကို လက်နဲ့ ခဏလောက် တို့နေပြီးမှ မျက်လုံးလေးတွေ ဝိုင်းသွားတယ်။

“ဒီနားမှာ ကတ်စူးဆိုင် တစ်ဆိုင် ရှိတယ်။ သွားကြမလား”

ကတ်စူး... သူမ ကြိုက်ပါတယ်။ ဒါပေမဲ့ ဒီနေ့ သူမမှာ ပိုက်ဆံ သိပ်မပါဘူး။ အိမ်ပြန်ဖို့ ကားခလောက်ပဲ ပါလာတာလေ။

(TR Note: Donkasuဆိုတဲ့ ဝက်သားပြားကြော် ကိုရီးယားစတိုင်အစားအစာပါ ကတ်စူးလို့ပဲရေးပါမယ်)

“ကြည့်ရတာ ငါကပဲ ဒကာခံရမယ့်ပုံပဲနော်”

“နေပါစေ၊ ရပါတယ်။ ငါ အဆင်ပြေပါတယ်”

“ငါက အဆင်မပြေဘူးလေ။ တစ်ယောက်တည်း မစားချင်လို့ပါ။ ငါနဲ့အတူ လိုက်ခဲ့ပေးပါလား။ တစ်ယောက်တည်း စားရတာ တမျိုးကြီးပဲ”

ယိုဂျင်က သူမရဲ့ လက်ကို လာချိတ်လိုက်တယ်။ သူတို့နှစ်ယောက်က အရင်က ဒီလောက်အထိ ခင်ခဲ့ကြလို့လား။ ဘာပဲဖြစ်ဖြစ်ပါလေ။ သူမ ပြုံးလိုက်မိတယ်။ ဒီလိုမျိုး ဆက်ဆံခံရတာကို သူမက စိတ်အနှောင့်အယှက် ဖြစ်တတ်တဲ့ အမျိုးအစား မဟုတ်ဘူးလေ။ ပြီးတော့ ဟိုဘက်ကလည်း ကျွေးမယ်ဆိုတော့လေ။

“ငါကတော့ ချိစ်ပါတာ စားမယ်”

“ငါလည်း တူတူပဲ”

“သွားကြစို့”

သူမ ယိုဂျင်နောက်ကို လိုက်ပြီး ခန်းမနောက်ဘက်က စားသောက်ဆိုင်လေးဆီ ရောက်လာခဲ့တယ်။ အပြင်ဘက်ကို သစ်လုံးလေးတွေနဲ့ အလှဆင်ထားတဲ့ ဆိုင်လေးပေါ့။ အထဲရောက်တာနဲ့ သူမ အံ့ဩတကြီး ရေရွတ်မိသွားတယ်။

“လှလိုက်တာ”

“ဟုတ်တယ်မလား”

လူတွေ အတော်များနေတာ ကြည့်ရင်တော့ ဒီဆိုင်က တော်တော်လေး နာမည်ကြီးမယ့်ပုံပဲ။ ချစ်သူစုံတွဲတွေလည်း အများကြီးပဲ။ ပထမထပ်မှာ ထိုင်ခုံမရှိတော့တာနဲ့ သူတို့ ဒုတိယထပ်ကို တက်ခဲ့ကြရတယ်။ ကံကောင်းချင်တော့ ဒုတိယထပ်မှာ ထိုင်ခုံ အမြန်ရသွားတာပေါ့။

“ပြတင်းပေါက်နားက ခုံပဲ။ ကံကောင်းလိုက်တာ”

ယိုဂျင်က သူ့အိတ်ကို ထိုင်ခုံပေါ် ချလိုက်ပြီး ထိုင်လိုက်တယ်။ အဲဒီတော့မှ ယိုဂျင်ရဲ့ အိတ်ကို သူမ သတိထားမိသွားတယ်။ ကြည့်ရတာ တော်တော်လေး ဈေးကြီးမယ့်ပုံပေါက်တဲ့ လက်ကိုင်အိတ်လေးပဲ။ သူမ ကြည့်နေတာကို ယိုဂျင် သတိထားမိသွားတော့ အဲဒီအိတ်အကြောင်းကို ကြွားတော့တာပေါ့။

“ဒါ လက်ဆောင်ရထားတာ”

“ဈေးကြီးမယ့်ပုံပဲနော်”

“ငါတို့ဆိုင်က ပုံမှန်ဖောက်သည်ဖြစ်တဲ့ ရတနာဆိုင်ပိုင်ရှင် အန်တီတစ်ယောက် ပေးတာလေ။ ဈေးကိုတော့ မမေးရဲလို့ မမေးဖြစ်ဘူး။ အဲဒီအန်တီက မာစာရာတီကားကြီးတောင် စီးတာဆိုတော့လေ”

“မာစာရာတီဆိုတာ ဘာကြီးလဲ”

“ကားအမျိုးအစား တစ်ခုပါ။ အသက်ကြီးတဲ့ အမျိုးသားတွေနဲ့ ပိုလိုက်ဖက်ပေမဲ့ အဲဒီအန်တီကတော့ အဲဒါကို တော်တော်ကြိုက်တာတဲ့”

သရုပ်ဆောင်သင်တန်းတုန်းကတော့ ယိုဂျင်က စကားသိပ်မပြောပေမဲ့ ဒီနေ့တော့ တော်တော်လေးကို စကားတွေ တဖျောက်ဖျောက် ပြောနေတော့တာပဲ။ အလုပ်ပြင်ပမှာဆိုရင်တော့ သူက တော်တော်လေး ပေါင်းသင်းဆက်ဆံရေးကောင်းမယ့်ပုံပဲ။ သူတို့နှစ်ယောက် သူငယ်ချင်းကောင်းတွေ ဖြစ်သွားနိုင်မလားလို့ တွေးရင်း သူမ ရေတစ်ငုံသောက်လိုက်တယ်။

“အဲဒီဦးထုပ်က နင့်နဲ့ လိုက်တယ်နော်”

“ဪ... ဒါလား”

ဦးထုပ်လေးကို ကိုင်ရင်း သူမ ပြုံးလိုက်မိတယ်။ အမှန်အတိုင်း ပြောရရင် သူမလည်း ဈေးကြီးတဲ့ အဝတ်အစားတွေ၊ အိတ်တွေကို လိုချင်တာပေါ့။ ရနိုင်ရင်တော့ လိုချင်တာပေါ့လေ။ ဒါပေမဲ့ အဲဒါတွေထက် စေတနာပါတဲ့ လက်ဆောင်မျိုးကို ပိုပြီး တန်ဖိုးထားမိတယ်။ ဒါကြောင့်လည်း ယိုဂျင် ကိုင်ထားတဲ့ အိတ်လေးထက် မာရူးပေးတဲ့ ဒီဦးထုပ်လေးကို သူမ ပိုပြီးမြတ်နိုးမိတာ။ သူမ အအေးမမိစေချင်တဲ့ စိတ်နဲ့ မာရူး ဝယ်ပေးထားတာ မဟုတ်လား။

“အိုး... ကောင်လေးတစ်ယောက် ပေးတာလား”

“ . . . ”

ဝန်ခံဖို့ နည်းနည်း ရှက်နေမိပေမဲ့ မဟုတ်ပါဘူးလို့လည်း ငြင်းမထွက်ဘူး။ ဒါကြောင့်ပဲ သူမ ပါးစပ်ပိတ်ပြီး နေလိုက်တော့တာပေါ့။

“အားကျလိုက်တာ။ ဘယ်သူလဲဟင်။ နင့်ကို သဘောကျနေတဲ့ တစ်ယောက်ယောက် ဖြစ်ရမယ်။ နင့်ဆီကို အချစ်ရေး ကမ်းလှမ်းချက်တွေ အများကြီး လာမှာပဲ”

“ကမ်းလှမ်းချက်တွေ ဟုတ်လား။ မဟုတ်တာ။ အဲလောက်ကြီးမရှိပါဘူး”

“လိမ်နေတာ။ နင်က အဲလောက်ကြီးလို့ ပြောတယ်ဆိုကတည်းက ရှိတော့ရှိနေတာပဲ မဟုတ်လား”

“နင်ကရော။ နင့်ဆီမှာလည်း အများကြီး ရှိမှာပဲလို့ ငါ ထင်တယ်”

သူတို့နှစ်ယောက် စကားခဏလောက်စဲသွားပြီး ရှက်ကိုးရှက်ကန်း ပြုံးလိုက်မိကြတယ်။ အကယ်၍ သူတို့က ဒီထက်ပိုခင်တဲ့ သူငယ်ချင်းတွေဆိုရင်တော့ ဒီအချိန်မှာ နောက်ပြောင်တဲ့စကားတွေ ပြောဖြစ်ကြမှာပေါ့။ ဒါပေမဲ့ အခုတော့ အဲလောက်အထိ မခင်ကြသေးဘူးလေ။

“ဒါနဲ့ နင်က သရုပ်ဆောင်တာကို တော်တော် စိတ်ဝင်စားတာပဲနော်။ ကျောင်းပိတ်ရက်ကြီးမှာတောင် လာကြည့်တယ်ဆိုတော့”

“အင်း... ဟုတ်တယ်”

သူများတွေ သရုပ်ဆောင်တာ ကြည့်ရတာကို သူမ တကယ် ကြိုက်ပါတယ်။ ဒါက သူမနဲ့ သူမရဲ့ ဖေဖေတို့ အတူတူ လုပ်လေ့ရှိတဲ့ ဝါသနာတစ်ခုလေ။ ဒါပေမဲ့ ဒီနေ့ ဒီကို လာတာကတော့ ကိုယ်ပိုင် အကြောင်းပြချက်ကြောင့်ဆိုတာ သူမ ကိုယ်တိုင်ပဲ သိတာပေါ့။

“ဒီနှစ်လည်း မြောင်ဟွာအထက်တန်းကျောင်းကပဲ ပထမဆုကို မှန်းထားတာလား”

“ဒါပေါ့။ ငါတို့ရဲ့ စီနီယာတွေက အစွမ်းကုန် ကြိုးစားဖို့ အဆင်သင့်ပဲလေ။ သတိမထားရင်တော့ ဗဟိုစံပြမိန်းကလေး အထက်တန်းကျောင်းက ငါတို့ကိုကျော်တက်သွားနိုင်တယ်”

“ဘာလဲ... နင်တို့က ငါတို့ကို စောင့်ကြည့်နေတာလား။ တို့တွေကလည်း နင်တို့ကို အနိုင်ယူဖို့ ပြင်နေတာနော်။ ဟူး... ငါတို့ စီနီယာတွေကတော့ ကြောက်စရာကြီး။ အကြိုပြိုင်ပွဲစဖို့ တစ်ပတ်ပဲ လိုတော့တာဆိုတော့ သူတို့တွေ တော်တော်လေး စိတ်လှုပ်ရှားနေကြတာ။ နေဦး... အကယ်၍ နင်တို့သာ ဒီပွဲမှာ ထပ်နိုင်ရင်... အမျိုးသားအဆင့်မှာ လေးနှစ်ဆက်တိုက် ပထမဆုရတာပေါ့နော်”

“ဟုတ်တယ်၊ နင်ပြောမှ သတိထားမိတော့တယ်”

“ဒီတစ်ခါတော့ နည်းနည်းလောက် လျှော့ပေးလို့ မရဘူးလား”

“မရဘူး၊ လုံးဝပဲ”

“ဟွန်း... လောဘကြီးလိုက်တာ”

ယိုဂျင်က နောက်ပြောင်တဲ့ အမူအရာနဲ့ ပြုံးလိုက်တယ်။ မှာထားတဲ့ စားစရာတွေ ရောက်လာတာနဲ့ စားပွဲထိုးက လာချပေးတယ်။ အပူပေးထားတဲ့ ကျောက်ပြားပေါ်မှာ တည်ခင်းလာတာဆိုတော့ သူမ ကျောင်းနားက ကတ်စူးဆိုင်တွေနဲ့ တော်တော်လေး ကွဲပြားနေတာပေါ့။

“သိပ်မဈေးကြီးပါဘူး၊ အားမနာဘဲ စားပါ”

“ငါ အားနာနေတာက အဲလောက်တောင် သိသာနေလို့လား”

“သိသာတာပေါ့။ နင့်မှာ ချစ်စရာကောင်းတဲ့ တစ်ဖက်ရှိသားပဲ။ မြောင်ဒုံမှာ မြင်တုန်းကတော့ နင်က တော်တော်လေး အေးစက်စက်နိုင်မယ့်သူလို့ ထင်ထားတာ”

“ငါလည်း တူတူပါပဲ။ နင်ကလည်း တမျိုးကြီးဖြစ်နေမလားလို့ ထင်နေတာ”

“အင်းလေ... ငါတို့က တစ်ယောက်နဲ့တစ်ယောက် စကားမှ သေသေချာချာ မပြောဖြစ်တာ။ ဘာပဲဖြစ်ဖြစ်လေ... ငါကတော့ အဓိကဇာတ်ဆောင်ပဲကိုး။ ဟဲဟဲ”

“ဟွန်း... တော်ပါပြီနော်”

မာရူးနဲ့ တွဲဖက်သရုပ်ဆောင်ရမယ့် ဆူလ်မီဆိုတဲ့ ဇာတ်ကောင်နေရာကို သူမ တကယ်ရချင်ခဲ့တာပါ။ ဒါပေမဲ့ ယိုဂျင်က အဲဒီနေရာနဲ့ ပိုလိုက်ဖက်တယ်ဆိုတာ သူမ ဝန်ခံရမှာပဲ။ ဒါကြောင့်လည်း အဲဒီဆန္ဒကို လက်လျှော့လိုက်တာပါ။ အပိုလောဘတွေနဲ့ ဒီနေရာရဲ့ လေထုကိုမပျက်စီးစေချင်ဘူးလေ။ နောက်ဆုံးတော့ သူမက အဖွဲ့သားအားလုံးနဲ့ အဆင်ပြေပြေ နေချင်တာကိုး။

“အော်... ဒါနဲ့ သတိရလို့။ ဒီနေ့ ဟန်မာရူးသရုပ်ဆောင်ရမှာ မဟုတ်လား။ သူက ဝူဆောင်အထက်တန်းကျောင်းက မဟုတ်လား”

“အင်း... ဟုတ်တယ်”

“ဟုတ်သားပဲ၊ နင်တို့နှစ်ယောက်က အမြဲတမ်း အတူတူပဲနော်။ နင်တို့နှစ်ယောက် တွဲနေကြတာလား”

သူမရဲ့ နှုတ်ခမ်းတွေ နည်းနည်း လှုပ်သွားတယ်။ ဒါပေမဲ့ သူမ ဘာမှ မပြောခင်မှာပဲ ယိုဂျင်က အရင်ဦးအောင် ပြောလိုက်တာပေါ့။

“မဟုတ်လောက်ပါဘူး။ ပြီးခဲ့တဲ့တစ်ခေါက် အကင်ဆိုင်မှာတွေ့တုန်းကတော့ နင်က သူ့ကို စိတ်ဝင်စားတဲ့ပုံမှ မပေါက်တာ။ နင်တို့က လမ်းတူတာမဟုတ်လား”

“အင်း... ဆူဝမ်ဘက်မှာလေ”

“အဲဒါကြောင့် နေမှာပါ။ မာရူးက မိန်းကလေးတွေနဲ့ အဆင်ပြေပြေ ပေါင်းတတ်တဲ့ အမျိုးအစားမှ မဟုတ်တာ။ ဒါပေမဲ့ မကြာသေးခင်ကတော့ သူ နည်းနည်းပြောင်းလဲသွားသလိုပဲ။ အရင်ကဆိုရင် တစ်ခုခုကို အမြဲ တွေးနေတတ်တဲ့ ပုံစံမျိုးဆိုပေမဲ့ အခုတော့ စကားတွေ တော်တော် များလာတယ်။ အရင်လိုမျိုး ကပ်ရခက်တဲ့ ပုံစံလည်း မဟုတ်တော့ဘူး”

“တကယ်လား။ ငါတော့ မသိဘူး။ သူက အမြဲတမ်းရယ်စရာကောင်းတဲ့ စကားတွေပဲ လျှောက်ပြောနေတာ”

“ရယ်စရာ ဟုတ်လား။ အင်း... စိတ်ဝင်စားဖို့ ကောင်းသားပဲ။ ငါ့ရှေ့မှာတော့ အဲလိုမျိုး မဟုတ်ဘူး။ အော်... ဒါနဲ့ နင် သိလား။ မာရူးက တကယ်တော့ တော်တော်လေးကို စာနာတတ်တာနော်။ သရုပ်ဆောင်တဲ့ နေရာမှာလည်း တကယ့်ကို ကြိုးစားတာ။ ပြီးခဲ့တဲ့တစ်ခေါက် သူ့ရဲ့ ဇာတ်ညွှန်းကို ငါ မြင်လိုက်ရတာ... အဲလောက်အထိ အသေးစိတ် ရေးမှတ်ထားတဲ့ ဇာတ်ညွှန်းမျိုး ငါ တခါမှ မမြင်ဖူးဘူး။ တကယ့်ကို မိုက်တယ်”

“မိုက်တယ် ဟုတ်လား။ မာရူးက မိုက်တာမဟုတ်ပါဘူး၊ သူ လုပ်သမျှ အရာတိုင်းမှာ အရမ်း ဇွဲကောင်းလွန်းနေတာပါ”

ဘာကြောင့်မှန်းမသိပေမဲ့ သူမ နည်းနည်းတော့ စိတ်ကောက်ချင်လာတယ်။ ကိုယ်တွဲနေတဲ့သူ ချီးကျူးခံရတာဆိုတော့ ဝမ်းသာရမှာ ဖြစ်ပေမဲ့ သူမ စိတ်ထဲမှာတော့ အဲဒီလို မဟုတ်ဘူး ဖြစ်နေတာ။

‘နေဦး... ငါတို့က တွဲနေကြတာဟုတ်လို့လား’

သူတို့ တစ်ယောက်ကိုတစ်ယောက် ဝန်ခံထားကြတယ်၊ ပြီးတော့ အတူတူလည်း သွားလာနေကြတယ်ဆိုတော့... တွဲနေကြတာပေါ့၊ ဟုတ်တယ်မလား။

‘စဉ်းစားကြည့်မှ သူ ငါ့ကို သေသေချာချာ ပြန်မဖြေရသေးဘူးပဲ’

ရုတ်တရက်ကြီး သူမ ရှုံးနေသလို ခံစားလိုက်ရတယ်။ အဲဒီကောင်လေးက ညကြီးအချိန်မတော် သူမအိမ်ရှေ့အထိ လာပြီး သူမကို စိတ်လှုပ်ရှားအောင် လုပ်ခဲ့တယ်၊ ပြီးတော့ ဖုန်းလည်း ထပ်ဆက်ခဲ့သေးတယ်။ အဲဒီအချိန်တုန်းက သူ ဘာတွေ ခံစားနေရလဲဆိုတာကို သူမဆီကနေ စကားတစ်ခွန်းတောင် ထွက်မလာခဲ့ဘူးလေ။

“ဟေ့”

“အင်း...”

“ဘာလို့ ရုတ်တရက်ကြီး ငေးသွားတာလဲ။ စားစရာတွေ အေးကုန်တော့မယ်၊ စားကြရအောင်”

“အင်း... အင်း”

ယိုဂျင် ပြောသလိုပဲ သူမလည်း စားဖို့ ပြင်လိုက်တော့တယ်။ စိတ်ထဲမှာတော့ မာရူးကို ဘာပြောရမလဲဆိုတာကိုပဲ တွေးနေမိတော့တာပေါ့။

* * * * * * * * *

“ဒါက ပြဇာတ်နဲ့တော့ မဆိုင်ပါဘူး၊ ဒါပေမဲ့ ကောလာဟလတွေ အရမ်းများနေတာကြောင့် မေးပါရစေ။ မဆူယွန်းမှာ ချစ်သူရှိနေပြီလား။ မကြာသေးခင်က သရုပ်ဆောင်ချွဲနဲ့ တော်တော်လေး ရင်းနှီးနေတယ်လို့ ကြားထားလို့ပါ”

“အဲ... အခုလို ကောလာဟလတွေ ထွက်လာတာက ကျွန်မအတွက်တော့ ဂုဏ်ယူစရာတစ်ခုလို့ပဲ သတ်မှတ်ပါတယ်”

“အဲဒါက ဘာကို ဆိုလိုတာလဲဟင်”

“အမှန်အတိုင်း ပြောရရင် ကျွန်မလည်း ချစ်သူထားချင်တာပေါ့။ ဒါပေမဲ့ ဘယ်သူ့ကိုပြောတာလဲဟင်။ သရုပ်ဆောင်ချွဲ ဟုတ်လား။ အဲဒီမျိုးရိုးနာမည်နဲ့ သရုပ်ဆောင်တွေ အများကြီး ရှိတာဆိုတော့လေ”

ဆူယွန်းက တောက်ပတဲ့ အပြုံးလေးနဲ့ သတင်းထောက်ရဲ့ မေးခွန်းကို လွှဲရှောင်လိုက်တယ်။ သတင်းထောက်တွေလည်း ရယ်ရယ်မောမောနဲ့ပဲ သူမကို လွှတ်ပေးလိုက်ကြတာပေါ့။ အဲဒီအချိန်မှာ နောက်ထပ် သတင်းထောက်တစ်ယောက်က မေးခွန်း ထပ်မေးပြန်တယ်။

“သရုပ်ဆောင် ဆူယွန်းကတော့ တကယ့်ကို ပါးနပ်တာပဲ။ အခုဆိုရင် ဒီလောကမှာ ထွန်းသစ်စအနုပညာရှင် တစ်ယောက် ဖြစ်နေပြီဆိုတာ သိရဲ့လား”

ဆူယွန်းက အံ့ဩတဲ့ အမူအရာနဲ့ သူမကိုယ်သူမ ပြန်ညွှန်ပြလိုက်တယ်။

“ကျွန်မလား”

“ဟုတ်ပါတယ်။ မကြာသေးခင်ကမှ ပြီးဆုံးသွားတဲ့ ‘Blue Sparks’ဆိုတဲ့ ဇာတ်လမ်းတွဲမှာလည်း မင်းရဲ့ သရုပ်ဆောင်မှုက တော်တော်လေး အမြင်ကောင်း ရခဲ့တယ်လေ။ ကြည့်ရှုနှုန်းက အဲလောက်ကြီး မများပေမဲ့ မင်းရဲ့ သရုပ်ဆောင်မှုကို ကြည့်ရတာ တကယ့်ကို စိတ်ကျေနပ်စရာ ကောင်းတယ်လို့ မှတ်ချက်တွေ အများကြီး ပေးထားကြတယ်”

“အဲဒီလို မှတ်ချက်တွေအတွက် ကျွန်မ တကယ့်ကိုကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အဲဒါက ကျွန်မအတွက်တော့ နည်းနည်းဖိအားဖြစ်စေတယ်။ ကျွန်မက ဒီလောကထဲကို အခုမှ စဝင်ခါစဆိုတော့ အနုပညာရှင်ကြီး တစ်ယောက်လို့ အခေါခံရဖို့က အလှမ်းဝေးပါသေးတယ်”

“ အခုမှ စဝင်ခါစ ဆိုတာကတော့ နည်းနည်း မှားနေမလားလို့ပါ။ ဟျဲဟွာဘူတာရုံနားမှာတုန်းက မင်းက တော်တော်လေး နာမည်ကြီးခဲ့တယ်လို့ ကြားဖူးပါတယ်”

“ဇာတ်လမ်းတွဲနဲ့ ပြဇာတ်က တော်တော်လေး ကွဲပြားတာလေ။ ဒီလောကမှာတော့ ကျွန်မက ဘာမှမသိသေးတဲ့ ကျောင်းသားတစ်ယောက်လိုပါပဲ။ ထပ်ပြီး ပြောရရင် အခုလို အာရုံစိုက်ခံရတာကို ကျေးဇူးတင်ပေမဲ့ အဲဒီလို နာမည်ကြီးတစ်ယောက်အဖြစ် သတ်မှတ်ခံရဖို့က ကျွန်မနဲ့ မထိုက်တန်သေးဘူးလို့ ထင်မိပါတယ်”

“ မထိုက်တန်သေးဘူး ဆိုတာက နောက်ကျရင်တော့ နာမည်ကြီးတစ်ယောက် ဖြစ်လာမယ်လို့ ဆိုလိုတာလား”

“ဟုတ်ပါတယ်။ ကျွန်မက မောက်မာနေတာမဟုတ်ဘဲ ရည်မှန်းချက်ရှိတာပါ။ သရုပ်ဆောင်တစ်ယောက်အဖြစ် ပိုပြီး ရင့်ကျက်လာတဲ့ အခါမှာတော့ ပရိသတ်တွေကို အံ့ဩသွားအောင်လုပ်ပြချင်ပါတယ်”

“အခုလို ပြန်ဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

သရုပ်ဆောင်မလေးက ပြုံးပြုံးလေးနဲ့ ပြန်ထိုင်လိုက်တယ်။

* * * * * * * * *

All Chapters