← Chapters

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

အခန်း(၁၃၉)

ပြုံးနေရလွန်းလို့ ဆူယွန်းရဲ့ ပါးစပ်တွေတောင် နာနေပါပြီ။ သူမက မေးရိုးကို နည်းနည်းလောက် လှုပ်ရှားပြီး အကြောလျှော့ရင်း ရေတစ်ငုံ သောက်လိုက်တယ်။

K ရုပ်သံလွှင့်ကုမ္ပဏီနဲ့ ပထမဆုံး ရိုက်ထားတဲ့ ဇာတ်လမ်းတွဲလေး အပြီးမှာတင် နောက်ထပ် အလုပ်ကမ်းလှမ်းချက် တစ်ခုကို သူမ ချက်ချင်း ရလိုက်တာလေ။ K ရုပ်သံလွှင့်ကုမ္ပဏီဟာ မကြာသေးခင်ကမှ S ရုပ်သံလွှင့်ကုမ္ပဏီကို ကြည့်ရှုနှုန်းမှာ ရှုံးနိမ့်နေတာကြောင့် ဇာတ်လမ်းတွဲအသစ်တစ်ခု စဖို့ တော်တော်လေး အသည်းအသန် ဖြစ်နေကြတာပါ။

ဆူယွန်းက သူမရဲ့ ညာဘက်ဘေးကို လှည့်ကြည့်လိုက်တယ်။ အဲဒီနေရာက ကြေညာချက်တွေ ထုတ်ပြန်တဲ့ စားပွဲဝိုင်းရဲ့ အဓိကဇာတ်ဆောင် ထိုင်ရမယ့် နေရာပေါ့။ သူမအနေနဲ့ ထိုင်ဖို့ အိပ်မက်တောင် မမက်ရဲတဲ့ နေရာမျိုးပါ။ အစပိုင်းမှာတော့ သူမဆီကို အာရုံစိုက်မှု တချို့ ရနေတယ်လို့ ထင်ခဲ့ပေမဲ့ နောက်ဆုံးတော့လည်း လူတွေအားလုံးက အဓိကဇာတ်ဆောင်ဆီကိုပဲ အကြည့်တွေ ရောက်သွားကြတာပါပဲ။ ထွန်းသစ်စကြယ်ပွင့် တစ်ယောက်အနေနဲ့တော့ တကယ့် နာမည်ကြီးအနုပညာရှင်တွေကို ယှဉ်ဖို့ဆိုတာ အဝေးကြီးလိုပါသေးတယ်။

"စီနီယာကန်ကတော့ ရှက်စရာကောင်းတဲ့ မေးခွန်းမျိုးကို မေးနေတော့တာပဲ"

အခု စကားပြောနေတဲ့သူကတော့ တစ်နိုင်ငံလုံးက အမျိုးသမီးတွေရဲ့ အာရုံကို ဖမ်းစားထားနိုင်တဲ့ မင်းသားတစ်ယောက်ပေါ့။ သူ သရုပ်ဆောင်ထားတဲ့ အချစ်ဇာတ်လမ်းတွဲ ဇာတ်လမ်းတွဲဆိုရင် ကြည့်ရှုနှုန်း တော်တော်လေး မြင့်ခဲ့သလို နှစ်ကုန်ပိုင်းမှာ ထွက်ခဲ့တဲ့ အက်ရှင်ရုပ်ရှင်ဆိုရင်လည်း ကြည့်ရှုသူ ၆ သန်းလောက်အထိ ရခဲ့တာလေ။

အသက် ၃၀ ဝန်းကျင်ပဲ ရှိသေးတဲ့ အဲဒီလူဟာ အခုအချိန်မှာတော့ ဘယ်လို ဇာတ်လမ်းတွဲ ဒါမှမဟုတ် ရုပ်ရှင်မျိုးအတွက်မဆို အောင်မြင်မှုရဲ့ ပြယုဂ်တစ်ခုလို ဖြစ်နေပါပြီ။ K ရုပ်သံလွှင့်ကုမ္ပဏီဟာ အဲဒီလောက်အထိ နာမည်ကြီးနေတဲ့ သူ့ကိုတောင် ဘယ်လိုနည်းနဲ့ ရအောင် ခေါ်လိုက်လဲ မသိပါဘူး။ ပြီးတော့ နောက်ထပ် လူတစ်ယောက်လည်း ရှိသေးတာပေါ့။

"အခုလို နေရာမျိုးကို ပြန်လာရတာ တစ်မျိုးကြီးပဲ၊ နေလို့ကို မတတ်ဘူး။ အမှန်အတိုင်း ပြောရရင် စကားတွေ အားရပါးရ ပြောနိုင်ဖို့အတွက် ဆိုဂျူတစ်ခွက်လောက် အရင်သောက်လိုက်ရရင် ကောင်းမယ်"

ပါးစပ်ထဲရှိတာကို ဘွင်းဘွင်းကြီး ပြောတတ်တဲ့ မင်းသမီးပေါ့။ သူမဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ရုပ်ရှင်တစ်ကားမှာ ဇာတ်ပို့နေရာကနေ ပြောင်မြောက်လှတဲ့ ပါရမီကို ပြသခဲ့ပြီး နာမည်ကြီးလာခဲ့တာပါ။ ဒါပေမဲ့ သူမရဲ့ ကျော်ကြားမှုက အကြာကြီး မခံခဲ့ပါဘူး။

သူမက ကြော်ငြာရိုက်ကူးရေးတွေဘက်ကိုပဲ အာရုံစိုက်သွားတာကြောင့် အဲဒီတုန်းက လူတွေက သူမကို လောဘကြီးတယ်ဆိုပြီး ကဲ့ရဲ့ခဲ့ကြသေးတယ်။ အခုတော့ အဲဒီလို မဟုတ်တော့ပါဘူး။ ကြော်ငြာတွေကနေ ပိုက်ဆံရပြီးတဲ့နောက်မှာတော့ သူမက အမှီအခိုကင်းတဲ့ ရုပ်ရှင်တွေဘက်ကိုပဲ လှည့်သွားခဲ့တာပါ။

အဲဒီအချိန်ကစပြီး သူမက ပိုက်ဆံကိုဂရုမစိုက်တော့ဘဲ သူမ စိတ်ဝင်စားတဲ့ ရုပ်ရှင်မျိုးကိုပဲ ရွေးပြီး ရိုက်တော့တာပေါ့။ မကြာသေးခင်ကပဲ လိင်တူချစ်သူ ဇာတ်ကောင်နေရာကနေ ရုပ်ရှင်တစ်ကား ရိုက်ခဲ့သေးတယ်။ အဲဒီရုပ်ရှင်က ခရစ်ယာန်မီဒီယာတွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ခံခဲ့ရပေမဲ့ အဲဒီတုန်းက ကိုရီးယားတစ်နိုင်ငံလုံးမှာ လိင်တူချစ်ခြင်းဟာ မှန်သလား၊ မှားသလားဆိုတာနဲ့ ပတ်သက်ပြီး အကြီးအကျယ် ငြင်းခုံခဲ့ကြတာလေ။

အဲဒီနောက်ပိုင်းမှာ သူမက ရုပ်ရှင်တွေ အများကြီးရိုက်ခဲ့ပေမဲ့ တီဗီအစီအစဉ်တွေ ဒါမှမဟုတ် ဇာတ်လမ်းတွဲတွေမှာတော့ ပေါ်မလာခဲ့ဘူး။ မဂ္ဂဇင်းအင်တာဗျူးတစ်ခုမှာ သူမက 'ငါ့ကို ပိုက်ဆံနဲ့ လာဆွယ်တဲ့သူတွေကို ပြောချင်တာကတော့... သွားသေလိုက်ကြစမ်းပါ' လို့ ပြောခဲ့တာကို ဆူယွန်း အခုထိ မှတ်မိနေပါသေးတယ်။

အန်းဂျူဟယွန်း…

အဲဒီအမျိုးသမီးက အခုတော့ တီဗီဖန်သားပြင်ပေါ်မှာ နောက်တစ်ကြိမ် ပြန်ပေါ်လာတော့မှာပေါ့။ ဆူယွန်းအတွက်တော့ ဒါက ပြဿနာ မရှိပါဘူး။ အဲဒီအမျိုးသမီးက သူမကို တစ်ခုခု ဒုက္ခမပေးသရွေ့တော့ ဂရုစိုက်နေမှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ သူမ ဒီဇာတ်လမ်းတွဲမှာ ပါဝင်မယ်ဆိုတာကို ကြားလိုက်ရတာနဲ့ ဆူယွန်းက ဒီမှာ အခန်းတစ်ခန်း ရဖို့အတွက် တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားခဲ့တာပါ။

အန်းဂျူဟယွန်းဆိုတာ အမြဲတမ်း ကောလာဟလတွေနဲ့ ပတ်သက်နေတတ်တဲ့သူ မဟုတ်လား။ အဲဒါက ဆူယွန်းရဲ့ နာမည်ဟာလည်း သူမနဲ့အတူ မီဒီယာတွေမှာ ပါလာဖို့ အခွင့်အရေး ပိုများတယ်လို့ ဆိုလိုတာပေါ့။ ဒါတင်မကသေးဘူး၊ အဓိကဇာတ်ဆောင်ကလည်း ဒီနှစ်ရဲ့ နာမည်အကြီးဆုံး မင်းသား ဖြစ်နေတာလေ။ ဒီဇာတ်လမ်းတွဲဟာ လုံးဝ လက်လွှတ်မခံသင့်တဲ့ အခွင့်အရေးပါပဲ။

"ဟားဟား၊ အန်းဂျူဟယွန်းကတော့ ထင်ထားတဲ့အတိုင်းပဲ အမြင်တွေကို ပွင့်ပွင့်လင်းလင်း ပြောတတ်တာပဲနော်"

"ပွင့်လင်းတာလား။ မဟုတ်ပါဘူး၊ ကျွန်မက ရိုင်းတာပါ။ ရှင့်တို့ ကုမ္ပဏီက ကျွန်မအကြောင်း ဘာတွေ ရေးခဲ့လဲဆိုတာ အခုထိ မှတ်မိနေသေးတယ်လေ။ 'အန်းဂျူဟယွန်း... ကြော်ငြာဘုရင်မ ဖြစ်ဖို့အတွက် လမ်းမှားရောက်သွားသူ' တဲ့။ သူမရဲ့ သရုပ်ဆောင်မှုလား... ပိုက်ဆံနောက်လိုက်တဲ့ မင်းသမီးတစ်ယောက်ရဲ့ အလွဲအချော်တွေပေါ့။ ဒါက ခေါင်းစဉ် မဟုတ်လား"

အစက မေးခွန်းမေးခဲ့တဲ့ သတင်းထောက်ဟာ ချက်ချင်းဆိုသလို တောင့်ခဲသွားတော့တာပဲ။ VIP နေရာမှာ ထိုင်နေတဲ့သူတွေတောင် မျက်နှာ သိပ်မကောင်းကြဘူး။ အခုချိန်မှာ အန်းဂျူဟယွန်းပြောတာကို ရယ်နေကြတာဆိုလို့ သာမန် ပရိသတ်တွေပဲ ရှိပါတယ်။

"အဲဒီ သတင်းဌာနကဆိုရင် အနည်းဆုံးတော့ ဒီလောက်အထိတော့ မျှော်လင့်ထားသင့်တာပေါ့"

". . . . "

"ကြိုက်သလို ရေးပါ။ ဒီတစ်ခါတော့ ကျွန်မက ယဉ်ကျေးမှုမရှိတဲ့ လူရိုင်းတစ်ယောက်ပါဆိုပြီး ရေးဦးမှာ မဟုတ်လား၊ သတင်းထောက်ကြီး"

သတင်းထောက်ကတော့ ဂဏာမငြိမ်ဘဲ ပတ်ဝန်းကျင်ကို လိုက်ကြည့်နေတော့တာပေါ့။ သူ့ရဲ့ တုံ့ပြန်မှုကို ကြည့်ရတာ ဒီလောကထဲ ရောက်တာ မကြာသေးတဲ့သူဖြစ်မှာပါ။ အဲဒါက တစ်ခုပဲ ရှိတယ်။ ကုမ္ပဏီက စီနီယာ သတင်းထောက်တွေက အန်းဂျူဟယွန်းဟာ သူတို့အပေါ် ဘယ်လို ဆက်ဆံတတ်လဲဆိုတာ သိနေတော့ အသစ်လေးကိုပဲ အနစ်နာခံဖို့ လွှတ်လိုက်တာ ဖြစ်မှာပေါ့။

"ဟားဟား၊ သတင်းထောက်ကြီးလည်း အဲလောက်အထိ အံ့ဩမသွားပါနဲ့"

ဟာသတင်ဆက်သူက ကြားထဲကနေ ဝင်ထိန်းဖို့ ကြိုးစားလိုက်တယ်။ တခြား သရုပ်ဆောင်တွေကလည်း အခြေအနေကို ပြေလည်အောင် ပြုံးပြကြပေမဲ့ အဲဒီသတင်းထောက်ကတော့ ခေါင်းတောင် မဖော်ရဲတော့ပါဘူး။

"ဘယ်လိုလဲ။ လူတစ်ယောက်ကို ငတုံးတစ်ယောက်လို ဖြစ်သွားအောင် လုပ်ရတာ တော်တော်လေး လွယ်တယ် မဟုတ်လား။ ကျွန်မကတော့ ကျွန်မအလုပ်ကို ကျွန်မ ယုံကြည်မှု ရှိတယ်။ ရှင့်ကရော။ လူတွေကို အဲဒီလိုမျိုး စော်ကားရတာကို ဂုဏ်ယူနေတာလား"

အန်းဂျူဟယွန်းက တစ်ခန်းလုံးကို ထပ်ပြီး အေးစက်သွားအောင် လုပ်လိုက်ပြန်ပြီ။ ဆူယွန်းကတော့ အံ့ဩလို့ မဆုံးတော့ပါဘူး။ သရုပ်ဆောင်တွေဆိုတာ အခြေအနေတစ်ခုခု လွဲချော်သွားရင်တောင် ပြန်ထိန်းနိုင်ဖို့က အရေးကြီးတာလေ။ ဘာပဲဖြစ်ဖြစ် သရုပ်ဆောင်တွေဟာ သတင်းထောက်တွေနဲ့ ရန်မဖြစ်သင့်ဘူး မဟုတ်လား။ ဒါပေမဲ့ ဂျူဟယွန်းကတော့ ဂရုမစိုက်ပါဘူး။ သူမ ပါးစပ်ထဲ ရှိတာကို ပြောချင်သလို ပြောနေတာ။ တစ်နိုင်ငံလုံးမှာ သူမလိုလူမျိုးကတော့ ရှိတော့မှာ မဟုတ်ဘူး။

အဲဒီအချက် တစ်ခုတည်းနဲ့တင် ဒီလောကမှာ သူမအောင်မြင်နေပြီဆိုတာ သိသာပါတယ်။ အနည်းဆုံးတော့ အနုပညာရှင် တစ်ယောက် အနေနဲ့ပေါ့။

"ဂျူဟယွန်းလည်း အဲဒီလောက်အထိ ဒေါသတွေ မထွက်ပါနဲ့ဦး၊ ကျွန်တော်တောင် ကြောက်လာပြီ"

မင်းသားဖြစ်သူက ဝင်ပြောတော့မှ ဂျူဟယွန်းက သက်ပြင်းချပြီး ရပ်လိုက်တော့တယ်။ တစ်ယောက်ယောက်ကသာ မတားရင် အဲဒီသတင်းထောက် ဆိုင်ထဲကနေ ထွက်သွားတဲ့အထိ သူမကတော့ ဆက်ပြောနေဦးမှာပဲ။ သတင်းထောက်တွေကလည်း အနောက်မှာ စာတွေကိုအသည်းအသန် ရိုက်နေကြတာကို ဆူယွန်း သတိထားမိလိုက်တယ်။ ဂျူဟယွန်းဘာပဲပြောပြော ဒီလူတွေကတော့ သရုပ်ဆောင်တွေကို စော်ကားပြီးပဲ ဝမ်းရေးကို ဖြေရှင်းနေကြဦးမှာပါ။ ကြည့်ရတာ 'သတင်းထောက် အသစ်လေးကို အနိုင်ကျင့်တဲ့ မင်းသမီးရှိနေတယ်' ဆိုတဲ့ ခေါင်းစဉ်မျိုးနဲ့ ရေးကြဦးမှာပေါ့။

ဆူယွန်းကတော့ တည်တည်ငြိမ်ငြိမ် ပြုံးနိုင်အောင် အစွမ်းကုန် ကြိုးစားနေလိုက်တယ်။ ဂျူဟယွန်းဆီကနေ အခုလို အပက်ခံရပြီးရင် သတင်းထောက်တွေက အဓိကဇာတ်ဆောင်တွေကို မေးခွန်းမေးဖို့ ဝန်လေးသွားနိုင်တာပဲ။ အဲဒါက သူမဆီကို အာရုံစိုက်မှု ပြန်ရဖို့ အခွင့်အရေး တစ်ခုပဲလေ။ ဒီမှာသာ သူမ ကောင်းကောင်း လုပ်နိုင်ရင် ခေါင်းစဉ်တွေထဲမှာ သူမ နာမည်လည်း ပါလာနိုင်တာပေါ့။ ဥပမာ 'မောက်မာတဲ့ မင်းသမီးနဲ့ နှိမ့်ချတတ်တဲ့ မင်းသမီး' ဆိုတာမျိုးလား။

* * * * * * * * *

"သူကတော့ တကယ့်ကို နိုင်ထက်စီးနင်းနိုင်တဲ့သူပဲ"

"ဟုတ်ပါ့ဗျာ"

ယွန်းမွန်ဂျောင်နဲ့ ချောမင်းတို့ဟာ ဂျူဟယွန်းရဲ့ ရဲတင်းမှုကို ကြည့်ပြီး နည်းနည်းတော့ အံ့ဩသွားကြတယ်။ တကယ်တော့ မွန်ဂျောင်က သူမရဲ့ ပရိသတ်တစ်ယောက်ပါ။ သူ ငယ်ငယ်တုန်းကတော့ အမျိုးသမီးတွေဆိုတာ မိန်းကလေးပီပီ သိမ်သိမ်မွေ့မွေ့ နေရမယ်၊ ငြိမ်ငြိမ်နေရမယ်၊ ခိုင်းတာလုပ်ရမယ်၊ လူမမြင်အောင် နေရမယ်ဆိုတဲ့ အယူအဆတွေအောက်မှာ ကြီးပြင်းခဲ့ရတာလေ။ ဒါပေမဲ့ သူ သရုပ်ဆောင်လာတဲ့ သက်တမ်း ကြာလေလေ၊ လူသားတွေရဲ့ သဘာဝကို တွေးမိလေလေ၊ အဲဒီလို အယူအဆတွေကပဲ လူသားမဆန်ဘူးဆိုတာကို သူ သဘောပေါက်လာလေပါပဲ။

"ထူးဆန်းတယ်။ အဲဒီလို စကားမျိုးပြောနိုင်ဖို့ဆိုရင် အရင်ဆုံး ပိုက်ဆံရှိနေမှ ဖြစ်မှာလေ" လို့ ချောမင်းက ခါးခါးသီးသီး မှတ်ချက်ပေးတယ်။

"ဒါကတော့ မင်းလို ချမ်းသာတဲ့သူဆီကနေ ကြားရဖို့ မဖြစ်နိုင်တဲ့ စကားပဲနော်"

"တောက်… မင်းကလည်း တစ်ခါလောက်တော့ ငါ့ဘက်ကနေ ရပ်တည်ပေးလို့ မရဘူးလား"

မွန်ဂျောင်က သူ့သူငယ်ချင်းကို နောက်ပြောင်ပြီးတဲ့နောက် သရုပ်ဆောင်တွေကို တစ်ချက် လှမ်းကြည့်လိုက်တယ်။ စားပွဲဝိုင်းမှာတော့ မကြာသေးခင်ကမှ နာမည်ကြီးလာတဲ့ သရုပ်ဆောင် ၈ ယောက် ထိုင်နေကြတာပေါ့။ ပုံမှန်ဆိုရင် ထုတ်လုပ်သူတွေက အခုလို နေရာမျိုးကို အဓိကဇာတ်ဆောင်တွေကိုပဲ ခေါ်လာတတ်တာပါ။ ဒါပေမဲ့ အခုတော့ ဇာတ်ပို့တွေပါ ပါလာတာပေါ့။ ကြည့်ရတာ သူတို့ရဲ့ ဇာတ်ပို့တွေကတောင် နာမည်ကြီးတဲ့သူတွေ ဖြစ်တယ်ဆိုတာကို ပြချင်တာ ဖြစ်မှာပါ။

"ဟိုး စားပွဲအစွန်ဆုံးမှာ ထိုင်နေတဲ့ ကောင်မလေးကို တွေ့လား"

"တွေ့တာပေါ့"

"အဲဒါ လီဂျွန်မင်း ပြောတဲ့ တော်တော်လေး ပါးနပ်တဲ့ ကောင်မလေးလေ။ ဆူယွန်း ထင်တယ်"

"ပါးနပ်တယ် ဟုတ်လား"

မွန်ဂျောင်က အဲဒီစကားလုံးကို တွေးရင်း ကောင်မလေးကို ကြည့်လိုက်တယ်။ သူမကို ကြည့်ရတာ ပထမဆုံး အမြင်မှာတော့ အဆင်ပြေပါတယ်၊ ဒါပေမဲ့ ဂျွန်မင်းက တစ်ယောက်ယောက်ကို ပါးနပ်တယ်လို့ ပြောပြီဆိုရင် အဲဒါက ကောင်းတဲ့အဓိပ္ပာယ်တော့ လုံးဝ မဟုတ်ဘူးလေ။ ဂျွန်မင်းက သူငယ်ချင်း တစ်ယောက်ယောက်ကို မိတ်ဆက်ပေးရင် 'လူကောင်းလေးပါ' လို့ပဲ ပြောလေ့ရှိတာကိုး။

"သူမက ကောလာဟလတွေကို ကောင်းကောင်း အသုံးချတတ်တဲ့သူလေ"

"ဪ... အဲဒီလို အဓိပ္ပာယ်နဲ့ ပါးနပ်တာပေါ့"

"သူမရဲ့ အဲဒီ အပြုံးတွေအောက်မှာ လူတော်တော်များများ လဲသွားကြတယ်လို့ ကြားဖူးတယ်။ တကယ့် မြေခွေးမလေးပေါ့"

"သူမရဲ့ ရည်မှန်းချက်ကတော့ တော်တော်ကြီးမယ့်ပုံပဲ"

"ဒါပေါ့။ ကျွန်တော့်အမြင်မှာတော့ အခုလို လူငယ်လေးတွေကို ကြည့်ရတာ တော်တော်လေး ကြောက်စရာကောင်းတယ်"

"ဟားဟား၊ စိတ်မပူပါနဲ့။ သူမက မင်းကိုတောင် စိတ်ဝင်စားမှာ မဟုတ်ပါဘူး"

"မင်းကလည်းကွာ၊ ငါ့ပုံစံက ဒီလိုဆိုပေမဲ့ ငါက ဥက္ကဋ္ဌ တစ်ယောက်နော်"

"အို... ဒါဆိုရင်တော့ လူငယ်လေးတွေနဲ့ တွဲဆော့ဖို့ အရည်အချင်းပြည့်မီတာပေါ့၊ အဲလိုလား"

"မဟုတ်ပါဘူး၊ ငါ ဆိုလိုတာက... မင်းလည်း သိပါတယ်"

မွန်ဂျောင်ကတော့ ချောမင်းဟာ သူ့ဇနီးကို ဘယ်သူ့ထက်မဆို ပိုချစ်တယ်ဆိုတာ ကောင်းကောင်းသိတာပေါ့။ လွန်ခဲ့တဲ့ အချိန်အတော်ကြာတုန်းက မင်းသမီးတစ်ယောက်က သူ့ကို မကောင်းတဲ့ရည်ရွယ်ချက်နဲ့ ချဉ်းကပ်ခဲ့ဖူးပေမဲ့ အဲဒီလူကတော့ ချက်ချင်းပဲ အဆက်အသွယ်ဖြတ်လိုက်တာလေ။ ချောမင်းကတော့ ကျောက်တုံးကြီးတစ်တုံးလိုပဲ၊ ဘယ်တော့မှ မပြောင်းလဲသလို ဘယ်သူ့ကိုမှလည်း အလျှော့မပေးတတ်ဘူး။

"အော်... မေ့လို့။ ဟိုက ဂျူဟယွန်းနဲ့ ဆူယွန်းက မင်းပါဝင်မယ့် ရုပ်ရှင်မှာလည်း ပါကြဦးမှာနော်"

"သရုပ်ဆောင်တွေတောင် ရွေးနေပြီလား။ ငါက ငြင်းလိုက်ရင်ရော"

"အဲဒါကတော့ နောက်မှ ငါ့ဘာသာ ရှင်းရမယ့် ပြဿနာပေါ့"

"မင်းရဲ့ အဲဒီလို အကျင့်ကတော့ ဘယ်တော့မှ မပြောင်းဘူးပဲ"

"ဘာပဲဖြစ်ဖြစ်၊ အခု ပွဲပြီးရင်တော့ ခန်းမဘက်ကို သွားကြတာပေါ့။ နောက်ထပ် ချိန်းထားတဲ့သူကို စောင့်ရင်းနဲ့ လူငယ်လေးတွေ သရုပ်ဆောင်တာကို ဝင်ကြည့်လို့ ရတာပေါ့။ ဒါရိုက်တာကလည်း အခု ဆိုးလ်ကနေ လာနေပြီဆိုတော့ အချိန်ကတော့ အတော်ပဲ ဖြစ်မှာပါ"

မွန်ဂျောင်က ခေါင်းညိတ်လိုက်တယ်။ ဒီပွဲကလည်း မကြာခင် ပြီးတော့မယ့်ပုံပါပဲ၊ သရုပ်ဆောင်တွေကလည်း အဖွဲ့လိုက် ဓာတ်ပုံတွေ ရိုက်နေကြပြီလေ။

"ကျေးဇူးတင်ပါတယ်"

"ကျွန်တော်တို့ ဇာတ်လမ်းတွဲလေးကိုလည်း အများကြီး အားပေးကြပါဦးနော်"

ဟာသတင်ဆက်သူက ပွဲပြီးကြောင်း ကြေညာလိုက်တဲ့အခါ ပရိသတ်တွေကလည်း ထွက်ပေါက်ဆီကို တိုးဝှေ့ ထွက်သွားကြတော့တယ်။ မွန်ဂျောင်နဲ့ ချောမင်းတို့ကလည်း လူအုပ်ထဲမှာ ရောနှောပြီး တိတ်တိတ်လေး ထွက်သွားဖို့ ကြိုးစားကြတာပေါ့။ ဒါပေမဲ့ ကံမကောင်းချင်တော့ တစ်ယောက်ယောက်က သူတို့ကို မှတ်မိသွားတယ်။

"ဟာ... ဆရာ"

လူတစ်ယောက်က ချောမင်းကို နှုတ်ဆက်ဖို့ အပြေးအလွှား ရောက်လာတယ်။ ချောမင်းက ပြုံးပြီး လက်ကမ်းပေးလိုက်တော့ အဲဒီလူက သူ့လက်ကို ဆုပ်ကိုင်ပြီး ထပ်ခါတလဲလဲ အရိုအသေ ပေးနေတော့တာပေါ့။

"ဒါက ကျွန်တော်တို့ ဇာတ်လမ်းတွဲရဲ့ ထုတ်လုပ်ရေး ဒါရိုက်တာပါ"

"ဪ..."

ထုတ်လုပ်ရေးဒါရိုက်တာက ဒီတစ်ခါတော့ မွန်ဂျောင်ကို မော့ကြည့်လိုက်တယ်။ မွန်ဂျောင်က ပြုံးပြလိုက်တဲ့အခါ အဲဒီလူက အံ့ဩလွန်းလို့ ပါးစပ်တောင် မစေ့နိုင်တော့ဘူး။

"ဆရာက... ဆရာယွန်းမွန်ဂျောင် မဟုတ်လား"

"အော်... ကျွန်တော့်လို လူအိုကြီးကို မှတ်မိနေတာလား။ ဝမ်းသာစရာပဲ"

"ဆရာ… အခုလို ပြောဖို့ နေရာမဟုတ်ပေမဲ့ ကျွန်တော်က ဆရာ့ရဲ့ ပရိသတ်စစ်စစ်ပါ။ ကျွန်တော် ဒီလောကထဲကို ဝင်လာဖြစ်တာကလည်း ဆရာ့ကြောင့်ပါ"

အဲဒီလူက မွန်ဂျောင်ရဲ့ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ပြီး လှုပ်လိုက်တယ်။ မွန်ဂျောင်ကတော့ ခပ်ယဲ့ယဲ့လေး ပြုံးလိုက်မိတာပေါ့၊ အခုထိ သူ့ကို မှတ်မိနေတဲ့သူ ရှိနေသေးတာပဲ။ အရင်ခေတ်တုန်းကတော့ လူတွေရဲ့ အာရုံစိုက်မှုကိုခံချင်တဲ့ အကျင့်တွေ ရှိခဲ့ဖူးပေမဲ့ အခုတော့ အဲဒါတွေ အကုန်ပျောက်ကုန်ပြီလို့ ထင်ထားခဲ့တာ၊ ဒါပေမဲ့ တကယ်တမ်းတော့ လုံးဝ ပျောက်မသွားသေးဘူး ဖြစ်မှာပါ။

"ဆရာတို့သာ ပြောရင် ကျွန်တော် VIPနေရာမှာ ထိုင်ခုံ စီစဉ်ပေးမှာပေါ့"

"မလိုပါဘူး၊ မလိုပါဘူး။ ကျွန်တော်တို့က အချိန်ရလို့ ခဏ ဝင်လာတာပါ။ စိတ်မပူပါနဲ့"

"အနည်းဆုံးတော့ ထမင်းတစ်နပ်လောက်တော့..."

"ကျွန်တော်တို့ သွားစရာ ရှိသေးလို့ပါ"

"ဘယ်ကိုသွားမလို့လဲဆိုတာ မေးလို့ ရမလား..."

"ဘေးက အဆောက်အဦးကိုပါ။ လူငယ်လေးတွေကို နှုတ်ဆက်ပြီး အားပေးမလို့လေ"

"အာ။ ဟို အထက်တန်းကျောင်းသားတွေရဲ့ ပြိုင်ပွဲလား"

"ဟုတ်ပါတယ်"

"ဆရာတို့ကတော့ ထင်ထားတဲ့အတိုင်းပဲနော်။ နောက်မျိုးဆက်သစ်တွေကို မြှင့်တင်ပေးဖို့ကို တော်တော်လေး ဂရုစိုက်တာပဲ"

ထုတ်လုပ်ရေး ဒါရိုက်တာက တော်တော်လေးကို စိတ်လှုပ်ရှားသွားပုံရတော့ မွန်ဂျောင်လည်း စိတ်ထဲကနေ ပြုံးမိသွားတယ်။ တကယ်တော့ သူတို့က အချိန်ဖြုန်းဖို့ သွားတာပါ၊ ဒါပေမဲ့ အခုတော့ တကယ့်ကို ကြီးကျယ်တဲ့ အဓိပ္ပာယ်ကြီး ဖြစ်သွားတာပေါ့။ ချောမင်းကလည်း အမှန်အတိုင်း ပြန်ပြောမယ့်ပုံ မပေါ်ဘူး။

"ကျွန်တော်လည်း လိုက်ခဲ့လို့ ရမလား"

အဲဒီအချိန်မှာပဲ သရုပ်ဆောင်တွေက သူတို့ဆီကို လမ်းလျှောက် လာကြတယ်။ သူတို့ ဒါရိုက်တာက ဝင်ပေါက်မှာ တစ်ယောက်ယောက်နဲ့ အသည်းအသန် စကားပြောနေတာဆိုတော့ လာကြည့်ကြတာပေါ့။

"ဆရာ၊ ဒါတွေက ကျွန်တော်တို့ရဲ့ သရုပ်ဆောင်တွေပါ"

ကြည့်ရတာတော့ လူငယ်လေးတွေကလွဲရင် ကျန်တဲ့သရုပ်ဆောင်အများစုက ချောမင်းကို မှတ်မိကြတယ်။ သူတို့အားလုံးက ခါးညွတ်ပြီး နှုတ်ဆက်ကြတာပေါ့။

"ကဲ... ကဲ။ ကျွန်တော်တို့ ခဏလာတာကို လူတွေအများကြီးသိကုန်ကြပြီ ထင်တယ်။ ကျွန်တော်တို့ သွားတော့မယ်၊ အားလုံးပဲ ဂရုစိုက်ကြပါဦး"

ချောမင်းကတော့ လူတွေ အာရုံစိုက်တာကို မလိုချင်ဘူးဆိုတာ ရှင်းနေတာပဲ။ မွန်ဂျောင်ကလည်း အတူတူပါပဲ၊ ဒါကြောင့် သူတို့တွေ အမြန်ဆုံး ထွက်သွားဖို့ ကြိုးစားလိုက်ကြတယ်။

"ဆရာ၊ ကျွန်တော် လိုက်ခဲ့လို့ ရမလား"

"ဟင်။ မလိုပါဘူး၊ ကိစ္စမရှိပါဘူး"

"ပါရမီရှိတဲ့ လူငယ်လေးတွေကို တွေ့ရမယ့် အခွင့်အရေးကောင်းပဲလေ။ ပြီးတော့ ဆရာတို့ နှစ်ယောက်ကိုလည်း ဒီအတိုင်းကြီး မလွှတ်ချင်လို့ပါ။ တောင်းပန်ပါတယ် ဆရာတို့ရယ်"

အဲဒီလူက သရုပ်ဆောင်တွေကို သူသွားတော့မယ်လို့ ပြောပြီး တံခါးအပြင်ကို ထွက်လာခဲ့တယ်။ သရုပ်ဆောင်တွေကတော့ ဇဝေဇဝါ ဖြစ်နေတဲ့ မျက်နှာပေးတွေနဲ့ပဲ သူတို့ သုံးယောက်ကို နှုတ်ဆက်ပြီး ကျန်ခဲ့ကြတော့တယ်။ လူနှစ်ယောက်ကလွဲလို့ပေါ့။

ဆူယွန်းနဲ့ ဂျူဟယွန်း။

* * * * * * * * *

အခန်း(၁၄၀)

“ငါကတော့ အပေါ်မှာ ချောကလက်ပါတဲ့ ဟာမျိုးတွေကို ကြိုက်တယ်”

“ငါကတော့ ခရင်မ်ပါတာကို ပိုကြိုက်တယ်”

စကားတွေ ပြောရင်းနဲ့ပဲ သူမရဲ့လက်ဟာ ယိုဂျင်ရဲ့ ဆွဲခေါ်ရာနောက်ကို ပါသွားတော့တာပေါ့။ လက်တစ်ဖက်မှာ ကော်ဖီခွက်ကို ကိုင်ထားပြီး ကျန်တဲ့လက်တစ်ဖက်ကတော့ ယိုဂျင်ရဲ့လက်ကို ဆုပ်ကိုင်ထားရင်းနဲ့ မိခင်ဖြစ်သူနောက်ကို လိုက်လာရတဲ့ ကလေးတစ်ယောက်လိုတောင် ခံစားနေရမိတယ်။

“အို အချိန်နီးနေပြီပဲ”

“ဟုတ်သားပဲ”

သူတို့နှစ်ယောက်လုံး ခန်းမဘက်ကို ဦးတည်ပြီး လှည့်ထွက်လာခဲ့ကြတယ်။ အပေါ်ကနေ နေရောင်ခြည်က တောက်ပစွာ ဖြာကျနေတာကြောင့် ဆောင်းရာသီဆိုပေမဲ့ ရာသီဥတုက နည်းနည်းလေးတော့ နွေးနေသလိုပဲ။ ခန်းမထဲကို ဝင်လိုက်တဲ့အခါမှာတော့ သူမက ခေါင်းစွပ်ဦးထုပ်ကို ချွတ်ပြီး အိတ်ထဲကို ထည့်လိုက်တယ်။ အထဲမှာတော့ မိတ်ကပ်တွေနဲ့ အလုပ်ရှုပ်နေကြတဲ့ အထက်တန်းကျောင်းသားတစ်သိုက်ကို ဟိုဟိုဒီဒီ တွေ့နေရတာပေါ့။ အဲဒါကို မြင်လိုက်ရတော့ သူမလည်း တက်ကြွလာမိတယ်။ နောက်ဆုံးတော့ ဆောင်းရာသီ ပြိုင်ပွဲကြီး စတင်ခဲ့ပြီလေ။

“ဘာလို့ လူတွေ ဒီလောက်တောင် များနေရတာလဲ”

“မသိဘူးလေ”

ဒါက အကြိုပြိုင်ပွဲတင် ရှိသေးတာလေ။ နယ်မြေအဆင့် ပြိုင်ပွဲတစ်ခုလည်း ဖြစ်တာပေါ့။ ပုံမှန်ဆိုရင် အထက်တန်းကျောင်း ပြဇာတ်ပြိုင်ပွဲတွေက လူတွေရဲ့ အာရုံစိုက်မှုကို သိပ်မရတတ်ပါဘူး။ ကျောင်းတစ်ခုခုက သူတို့ရဲ့ ကလပ်ကို အားပေးဖို့ ကျောင်းသားတွေအကုန် ခေါ်လာတာမျိုး မဟုတ်ရင် ပရိသတ်ခုံတွေက အမြဲတမ်းလိုလို အားနေတတ်တာကိုး။ ပြီးတော့ ဒီနေ့က တနင်္ဂနွေနေ့လေ။ ဘယ်ကျောင်းကမှ သူတို့ကျောင်းသားတွေကို ပိတ်ရက်ကြီးမှာ ပြဇာတ်လာကြည့်ဖို့ အတင်းအကျပ် ခိုင်းမှာ မဟုတ်ပါဘူး။ မြောင်ဟွာ အထက်တန်းကျောင်းကလွဲရင်ပေါ့။ သူမတို့ကျောင်းကတော့ ပြဇာတ်ကလပ်အပေါ်မှာ တော်တော်လေးကို ရက်ရက်ရောရော ရှိတာလေ။ ဘာပဲဖြစ်ဖြစ် အခု ခန်းမထဲမှာ လူတွေ ဒီလောက်အထိ အများကြီး ရှိနေတာကတော့ တစ်ခုခု ထူးဆန်းနေသလိုပဲ။

“ဝိုး ဟိုဟာတွေက ကင်မရာတွေလား”

ယိုဂျင်က လူတချို့ သယ်လာတဲ့ ကင်မရာကြီးတွေကို သတိထားမိသွားပြီး သူမကိုယ်တိုင်လည်း အဲဒီကင်မရာတွေကို ထူးထူးဆန်းဆန်း လိုက်ကြည့်နေမိတယ်။ အခုလို ပွဲမျိုးမှာ ရုပ်သံလွှင့် ကင်မရာတွေ ရောက်နေတာလား။ သတင်းထောက်တွေကရော ဘာလို့ ဒီလောက်တောင် များနေရတာပါလိမ့်။

“ဒီနေ့ ဒီမှာ တခြားပွဲတစ်ခုခု ရှိလို့လား”

“မရှိပါဘူး ညနေ ၆ နာရီအထိ ပြိုင်ပွဲပဲ ရှိတာပါ”

“ဒါဆို ဒါတွေက ဘာလဲ”

“နာမည်ကြီး တစ်ယောက်ယောက် လာလို့များလား”

“အာ ဖြစ်နိုင်တာပဲ”

တီဗီစတား တစ်ယောက်ယောက် ရောက်လာတာလားဆိုတဲ့ အတွေးနဲ့ သူမ ပထမထပ်ဘက်ကို ထွက်လာခဲ့တယ်။ ပွဲက အဲဒီလောက်ကြီး သီးသန့်ဖြစ်နေတာ မဟုတ်တော့ ကြိုက်တဲ့နေရာမှာ ထိုင်လို့ ရတာပေါ့။ သီးသန့်ဖယ်ထားတဲ့ ခုံတွေကလွဲရင်ပေါ့လေ။ ထူးဆန်းတာက ဒီနေ့တော့ သီးသန့်ဖယ်ထားတဲ့ ခုံတွေ တော်တော်လေး များနေတာပဲ။ သူမက နောက်ထပ် ပြဇာတ်တစ်ခု စတော့မှာကို စောင့်ရင်းနဲ့ အလယ်တန်းက ခုံတစ်ခုမှာ ထိုင်လိုက်တယ်။ အဲဒီအချိန်မှာပဲ ယိုဂျင်ဆီကို ဖုန်းဝင်လာတာပေါ့။

“အေး ရောက်ပြီ ဘာ လာမလို့လား အော် အဲဒါကြောင့်ကိုး အန်းဂျူဟယွန်း စီနီယာရော ပါလာလား အလယ်မှာ ပျောက်သွားတာလား ဘာကြီးလဲ ငါတောင် နှုတ်ဆက်မလို့ကို”

သူမတောင်မှ အန်းဂျူဟယွန်း ဆိုတာ ဘယ်သူလဲဆိုတာ သိတာပေါ့ သူမကတော့ ကောလာဟလတွေနဲ့ ပတ်သက်နေတတ်တဲ့ မင်းသမီးတစ်ယောက်လေ။ ယိုဂျင်က ဖုန်းချလိုက်ပြီးတဲ့နောက် စကားကို ဆက်ပြောတယ်။

“ဇာတ်လမ်းတွဲပွဲကလူတွေ အကုန်လုံး ဒီကို လာကြမှာတဲ့ အထိမ်းအမှတ်အနေနဲ့များလား”

“ဪ ဒါဆို နာမည်ကြီးတွေ လာကြမှာပေါ့”

“မသိဘူးလေ သရုပ်ဆောင်တွေကတော့ တခြားကိစ္စတစ်ခုကြောင့် အကုန်လုံး ထွက်သွားကြပြီ ထင်တာပဲ ဒီကို လာမယ့်သူတွေကတော့ ထုတ်လုပ်ရေး အဖွဲ့သားတွေပဲ ဖြစ်မှာပါ”

“ပျင်းစရာကြီးနော် သူတို့တွေ စင်ပေါ်တက်ပြီး ပျင်းစရာကောင်းတဲ့ အကြောင်းတွေလာပြောကြမှာပေါ့”

“ဖြစ်နိုင်တာပဲ သူတို့တွေ ကင်မရာတွေ ခေါ်လာတာကလည်း ကြော်ငြာချင်လို့ ဖြစ်မှာပါ တောက် ကျွန်မကတော့ အလကားသက်သက် စိတ်လှုပ်ရှားသွားတာပဲ”

ယိုဂျင်က မျက်မှောင်လေးကြုတ်ပြီး ဖုန်းကို Silentလုပ်ထားလိုက်တယ်။ ပြီးတော့ ဖုန်းကိုပါ ပိတ်လိုက်တာပေါ့။

“အခု နောက်ထပ် ပြဇာတ်တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ ဒါကတော့ ဝူဆောင်းအထက်တန်းကျောင်းက တင်ဆက်မယ့် ဒယ်လ်ဆောက်ဒုံက လူများ ပြဇာတ်ပဲ ဖြစ်ပါတယ် နောက် ၁၀ မိနစ်နေရင် စတင်ပါတော့မယ်”

ယိုဂျင်က အံ့ဩသွားတဲ့ မျက်နှာနဲ့ မျက်တောင်လေး ခတ်လိုက်ပြီး

“မာရူးက ဝူဆောင်း အထက်တန်းကျောင်းက မဟုတ်လား”

“အင်း ဟုတ်တယ်လေ”

“ဟင်း သူ ဘယ်လောက်အထိ တော်လဲဆိုတာ ကြည့်ရတာပေါ့”

ယိုဂျင်က ကျွမ်းကျင်တဲ့ ဝေဖန်ရေးသမား တစ်ယောက်လိုမျိုး အကြည့်နဲ့ ကြည့်နေတယ်။

‘သူ ကောင်းကောင်း လုပ်နိုင်မှာပါ’

သူမကတော့ မာရူးကို စင်ပေါ်မှာ တစ်ခါမှ မတွေ့ဖူးပါဘူး။ လေ့ကျင့်နေတဲ့ အချိန်တွေမှာပဲ တွေ့ဖူးတာပါ ဒါပေမဲ့ လေ့ကျင့်တာကို ကြည့်ရတာနဲ့ စင်ပေါ်က သရုပ်ဆောင်မှုကို ကြည့်ရတာက လုံးဝကို ကွဲပြားခြားနားတယ်ဆိုတာ သူမ ကောင်းကောင်း သိတာပေါ့။ သူမအတွက်တော့ မာရူးရဲ့ သရုပ်ဆောင်မှုက တည်ငြိမ်နေသလိုပဲ။ ဒါရိုက်တာ ဂန်ဟွမ်က သူ့ကို စိတ်မလှုပ်ရှားအောင် ထိန်းထားဖို့ ခဏခဏ ပြောနေတာကို သူမ ကြားဖူးတယ်။ ဒါရိုက်တာကြီး ဘာကို ဆိုလိုတာလဲဆိုတာကိုတော့ သူမ လုံးဝ နားမလည်ခဲ့ပါဘူး။ မာရူးရဲ့ ဘယ်အချက်က သူ့ကို စိတ်လှုပ်ရှားနေသလို ထင်ရစေတာပါလိမ့်။

“ယိုဂျင်”

“ဟင်”

“မာရူးရဲ့ သရုပ်ဆောင်မှုကို နင် ဘယ်လို မြင်လဲ”

“မာရူးလား အင်း သူက တော်ပါတယ် သူ့ရဲ့ သရုပ်ဆောင်မှုက ကောင်းပါတယ် ဒါပေမဲ့ အဲဒီလောက်အထိတော့ လူအများရဲ့ အာရုံကို ဖမ်းစားနိုင်တာမျိုး မဟုတ်ဘူးလေ ဘယ်တော့မှ ကျိုးကျမသွားမယ့် ကြမ်းပြင် တစ်ခုလိုမျိုးပေါ့”

“ဒါဆို ဒါရိုက်တာက ဘာလို့ သူ့ကိုတည်တည်ငြိမ်ငြိမ်နေဖို့ ပြောခဲ့တာလဲ”

“အခု နင်ပြောမှပဲ အဲဒီစကားကို ငါ သတိရတော့တယ် ဘာကြောင့်လဲဆိုတာတော့ ငါလည်းမသိဘူးလေ အကြောင်းပြချက် မရှိဘဲနဲ့တော့ မဟုတ်လောက်ပါဘူး မာရူးက သရုပ်ဆောင်တဲ့အချိန်မှာ တက်ကြွနေတဲ့ပုံစံမျိုး တစ်ခါမှ မပြဖူးဘူးလေ ချူဂျင်က တကယ့်ကို တက်ကြွတဲ့ ဇာတ်ကောင်မျိုး ဆိုပေမဲ့ မာရူး အဲဒီနေရာကနေ သရုပ်ဆောင်တာကို ကြည့်ရတာကတော့ နည်းနည်းပျင်းစရာကောင်းနေသလိုပဲ”

ယိုဂျင်လည်း သူမနဲ့ အမြင်ချင်း တူနေပုံရတယ်။

“ဒါပေမဲ့ ဒါရိုက်တာက အဲဒီလို ပြောခဲ့တယ်ဆိုရင်တော့ အကြောင်းပြချက် တစ်ခုခု ရှိမှာပါ”

ယိုဂျင်ကတော့ အတော်လေးကို စိတ်လှုပ်ရှားနေပုံပဲ။

“သူက တစ်နိုင်ငံလုံး အဆင့်ပြိုင်ပွဲအတွက် ငါ့ရဲ့ ပြိုင်ဘက်လေ ဒါပေမဲ့ ငါတို့အတူတူကပြမယ့် ပြဇာတ်အတွက်လည်း သူက ငါ့ရဲ့ လက်တွဲဖော် မဟုတ်လား မာရူးကိုတော့ ကောင်းကောင်းလုပ်စေချင်တယ် သူသာ ကောင်းကောင်းမလုပ်နိုင်ဘူးဆိုရင် ငါ့ရဲ့ လက်တွဲဖော်ဖြစ်ဖို့အတွက် မသင့်တော်ဘူးလို့ ဆိုလိုတာပဲလေ အခု မာရူးက တော်ရုံလောက်ပဲ ရှိသေးတာ ဒါပေမဲ့ အဲဒီထက် ပိုတဲ့ အရာတစ်ခုတော့ လိုအပ်နေသေးတယ် ငါ့ကို ဆွဲဆောင်နိုင်တဲ့သူမျိုးနဲ့ပဲ ငါကတော့ အတူတူသရုပ်ဆောင်ချင်တာ မာရူးကလည်း လူကောင်းလေး တစ်ယောက်ဆိုတော့ ဒီနေ့ ဘာတွေ ဖြစ်လာမလဲ ဆိုတာအပေါ်မှာ မူတည်တာပေါ့”

“နင်က ဘာလို့ အဲဒီအကြောင်းတွေကို ရုတ်တရက်ကြီး ပြောနေတာလဲ”

သူမက အံ့ဩလွန်းလို့ ယိုဂျင်ရဲ့ စကားကို ချက်ချင်းပဲ ဖြတ်ပြောလိုက်တယ်။ အဲဒီကောင်မလေးက သူမရဲ့ ရှေ့မှာတင် အန္တရာယ်ရှိတဲ့စကားတွေကို ရုတ်တရက်ကြီး ပြောချင်သလို ပြောနေတာကိုး။

“ဘာဖြစ်လို့လဲ အဲဒီလို တုံ့ပြန်မှုက ဘာလဲ”

“ဟင်”

“နင်က မာရူးအပေါ်မှာ အဲဒီလိုမျိုး မတွေးဘူးလို့ ငါက ထင်ထားတာ”

“အဲဒါက”

“ဘာကြီးလဲ နင်က သူ့ကို ကြိုက်နေတာလား”

“. . . .”

“ဒါကတော့ အံ့ဩစရာပဲနော် ဒါပေမဲ့ ငါကတော့ ဘာမှ မဖြစ်ပါဘူး ငါတို့ အရွယ်မှာ လူတစ်ယောက်နဲ့ တွေ့တယ်ဆိုတာ လက်ထပ်ဖို့အထိ ရည်ရွယ်နေတာမှ မဟုတ်တာ တစ်ယောက်ကို တစ်ယောက် ကြိုက်လို့ တွဲကြတယ် အဆင်မပြေရင် လမ်းခွဲကြတယ် ဒါက သဘာဝပဲလေ မဟုတ်ဘူး ငါတို့အရွယ်မှာ ဆိုရင်တော့ ပေါ့ပေါ့ပါးပါး ပတ်သက်မှုမျိုးတွေကို ပိုပြီး လုပ်သင့်တယ်လို့ ငါထင်တယ် ယောင်္ကျားတွေကို ကြည့်တတ်တဲ့ မျက်စိမျိုးရအောင်လေ နင်ရော အဲဒီလိုမထင်ဘူးလား”

“ထင်ပါတယ် ဒါပေမဲ့ ယောင်္ကျားလေးတစ်ယောက်တည်းနဲ့ပဲ အဆင်ပြေအောင်နေတာက ပိုကောင်းမယ်လို့ ငါကတော့ ထင်တာပဲ”

“အင်း အဲဒါကလည်း မဆိုးပါဘူး”

ယိုဂျင်ကတော့ တကယ့်ကို ပွင့်လင်းတဲ့ ကောင်မလေးတစ်ယောက်ပဲ။ တစ်ဖက်မှာတော့ သူမက ယောင်္ကျားလေးတွေနဲ့ ပတ်သက်ပြီး အဲဒီလိုမျိုး တစ်ခါမှ မတွေးခဲ့ဖူးပါဘူး။ ဒါက သူမအတွက် ပထမဆုံးအကြိမ် တစ်ယောက်ယောက်ကို စပြီး ကြိုက်ဖူးတာဖြစ်သလို ပထမဆုံးအကြိမ် တစ်ယောက်ယောက်ကို ပြန်ပြီး ဖွင့်ပြောဖူးတာလည်း ဖြစ်တယ်။ တခြား ယောင်္ကျားလေး တစ်ယောက်နဲ့ တွဲဖို့ဆိုတာကို သူမအနေနဲ့ စိတ်တောင် မကူးနိုင်ပါဘူး။

“အို စတော့မယ်”

ယိုဂျင်က စင်ပေါ်ကို အာရုံပြန်ရောက်သွားတယ်။ သူမလည်း မလိုအပ်တဲ့ အတွေးတွေကို ဖျောက်လိုက်တာပေါ့။ ပြဇာတ်ကပြနေတဲ့ အချိန်မှာ တခြားအရာတွေကို တွေးနေတာက သရုပ်ဆောင်တွေအပေါ်မှာ တော်တော်လေးကို ရိုင်းရာ ရောက်တာလေ။ ဒါတင်မကသေးဘူး လွန်ခဲ့တဲ့ ၈ နှစ်အထိ ဝူဆောင်းအထက်တန်းကျောင်းက တစ်နိုင်ငံလုံး အဆင့်မှာ ဆုတွေအကုန်သိမ်းခဲ့ဖူးတယ်ဆိုတာကိုလည်း သူမ သိထားတယ်။ အဲဒီကလပ်က ကျောင်းဆင်းသွားတဲ့ စီနီယာ တစ်ယောက်ကပဲ အခု အဲဒီကလပ်ကို သင်ပေးနေတာဆိုတာကိုလည်း သူမ သိနေတာပေါ့။ သူမအနေနဲ့ မာရူးကိုအားပေးချင်ပေမဲ့ တစ်ဖက်မှာလည်းဝူဆောင်းအထက်တန်းကျောင်းက ဘယ်လောက်အထိ တော်လဲဆိုတာကို သိထားဖို့ လိုတယ်လေ။

မာရူးကို သူမ ဘယ်လောက်အထိ ကြိုက်လဲဆိုတာနဲ့ အတူတူပဲ သူမက သရုပ်ဆောင်တာကိုလည်း ကြိုက်တယ်။ သူမ ကြိုက်တဲ့ လူတစ်ယောက်နဲ့ ပြိုင်ဆိုင်ရတာက ပျော်စရာ ကောင်းပေမဲ့ ရှုံးဖို့တော့ စိတ်ကူးမရှိပါဘူး။ နောက်ဆုံးတော့ မြောင်ဟွာ အထက်တန်းကျောင်းကပဲ နောက်ဆုံး အဆင့်အထိ တက်သွားရမှာပေါ့။

* * * * * * * * *

‘သူမကလည်း တော်တော်လေးကို တစ်မျိုးပဲ’

ဘေးက ကောင်မလေး ဒီလောက်အထိ အာရုံစိုက်ပြီး ကြည့်နေတာကို ယိုဂျင်ကတော့ အထင်ကြီးနေမိတယ်။ သူတို့ နယ်မြေမှာဆိုရင် မြောင်ဟွာအထက်တန်းကျောင်းက သူ့ရဲ့ ပြဇာတ်ကလပ်ကြောင့် နာမည်ကြီးတာလေ။ သူတို့ရဲ့ ကလပ်ထဲကိုဝင်ဖို့ဆိုရင် ကျောင်းသားတွေအတွက် ဝင်ခွင့်စာမေးပွဲတောင် ရှိတာပေါ့။ အဲဒီလို ကလပ်မျိုးမှာ ဒီလောက်အထိ အရေးကြီးတဲ့နေရာကနေ ပါဝင်ခွင့်ရထားပြီး အရင်က တစ်နိုင်ငံလုံး အဆင့်မှာလည်း ဆုရခဲ့ဖူးတယ်ဆိုတာက တကယ့်ကို အဓိပ္ပာယ်အများကြီး ရှိတာလေ။ ယိုဂျင်က သူမရဲ့ အနာဂတ်အတွက် ကောင်းမွန်တဲ့မှတ်တမ်းတစ်ခုကို တည်ဆောက်ချင်တာ။ အဲဒီလို အမြင်နဲ့ ကြည့်မယ်ဆိုရင်တော့ ဒီပြိုင်ပွဲက သူမအတွက် တော်တော်လေးကို အရေးကြီးပါတယ်။ ဒါကြောင့်လည်း သူမရဲ့ ဘေးက ကောင်မလေးကို သတိထားနေမိတာကတော့ ဘာမှ မတတ်နိုင်တဲ့ အချက်ပဲပေါ့။

‘သူမက ချစ်ဖို့ကောင်းသလိုပဲ’

အဲဒီကောင်မလေးက မာရူးနဲ့ တွဲနေတယ်ဆိုတာကတော့ သိသာလွန်းနေတာပေါ့။ ဒါပေမဲ့ ကောင်မလေးက ဝန်မခံဖို့ ငြင်းနေတာကြောင့် သူမကတော့ အချစ်နဲ့ ပတ်သက်ပြီး အသစ်ကလေး တစ်ယောက်ပဲလို့ပဲ သတ်မှတ်လိုက်တော့တယ်။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး သူမကို စနောက်ရတာကလည်း တကယ့်ကို ပျော်စရာ ကောင်းတာကိုး။ ဒီနေ့မှ သူတို့နှစ်ယောက် သေသေချာချာ စကားပြောဖြစ်ကြတာ ဆိုပေမဲ့ ကောင်မလေးရဲ့ သရုပ်ဆောင်မှုအပေါ် ထားရှိတဲ့ အမြင်ကိုတော့ သူမက တန်ဖိုးထားမိပါတယ်။

“မာရူးကလည်း အရပ် တော်တော် ရှည်တာပဲနော်”

သူမက အဲဒီမေးခွန်းကို မေးလိုက်တဲ့ အခါမှာတော့ ကောင်မလေးက မျက်လုံးလေး အဝိုင်းသားနဲ့ လှည့်ကြည့်လာတယ်။ ချစ်စရာလေးနော်။ မာရူးအကြောင်း ပြောလိုက်တိုင်းမှာ သူမရဲ့ မျက်နှာက ဘယ်လို ဖြစ်သွားလဲဆိုတာကို အဲဒီကောင်မလေးကိုယ်တိုင် သိပုံမရပါဘူး။

“ဖူး”

သူမအနေနဲ့ စတာကိုတော့ ဒီလောက်နဲ့ပဲ ရပ်လိုက်သင့်ပါတယ်။ အခုတော့ သူတို့ ကြည့်စရာ ပြဇာတ် ရှိသေးတာကိုး။

* * * * * * * * *

ဂွန်ဆော့က အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်တယ်။ နွေရာသီတုန်းက ဖြစ်ခဲ့တဲ့ သေးသေးမွှားမွှား မတော်တဆမှုလေး တစ်ခုကို သူ ပြန်တွေးမိသွားတာပေါ့ အဲဒီနေ့တုန်းကတော့ ကလေးတစ်ယောက်ကြောင့် တစ်နေ့လုံး အလုပ်တွေ အကုန် ပျက်စီးခဲ့ရတာလေ။

‘ဒါက ဘာမှ မဟုတ်ပါဘူး ငါ ဒါကို ကျော်ဖြတ်ပြီးပြီ’

သူ အာရုံစိုက်နိုင်ဖို့အတွက် စိတ်ကို ပြန်ထိန်းလိုက်တယ် အရင်တုန်းက သူ့ရဲ့ ပုံစံနဲ့တော့ လုံးဝကို ကွဲပြားခြားနားနေတာပေါ့။ နွေရာသီ ပြိုင်ပွဲပြီးတဲ့နောက်မှာ ကောလိပ်အဆင့် ပြိုင်ပွဲမှာတောင် သူက အနိုင်ရခဲ့တာလေ အဲဒီဖြစ်ရပ်ကြောင့် သူ့မှာ စိတ်ဒဏ်ရာ တွေ မရှိတော့ပါဘူး။

“နင် တော်တော်လေး စိတ်လှုပ်ရှားနေတာလား”

ယွန်ရင်က သူ့ဆီကို လာပြီး စကားပြောတယ် သူမရဲ့ ပါးလေးတွေက နည်းနည်းလေး နီမြန်းနေတာပေါ့။ အဲဒီကောင်မလေးက စီနီယာဆူယွန်းလိုမျိုး ဆွဲဆောင်မှုမျိုး မရှိပေမဲ့ သူမက သူ့ဘေးမှာ ရှိနေတာကတော့ ကောင်းတဲ့ အချက်ပဲလို့ သူ တွေးမိလိုက်တယ်။

“နည်းနည်းပေါ့ နင်ရော”

“ငါတော့ တုန်နေတာပဲ”

“အရမ်းကြီး စိတ်မလှုပ်ရှားပါနဲ့ ငါတို့ အတူတူ စင်ပေါ်မှာ ရှိနေမှာပဲလေ”

“အင်း . . . ဟုတ်တာပေါ့ အတူတူပေါ့”

သူတို့နှစ်ယောက် လက်ကို တင်းတင်းလေး ဆုပ်ကိုင်လိုက်ပြီးမှ ပြန်လွှတ်လိုက်ကြတယ်။ ဂွန်ဆော့က သူ့ရဲ့ ဇာတ်ညွှန်းကို နောက်ဆုံးတစ်ခေါက် ထပ်ပြီး ဖတ်နေတုန်းမှာပဲ ဖုန်းဝင်လာတာပေါ့။

“နင် အခု သွားတော့မှာ မဟုတ်လား”

စီနီယာဆူယွန်းပဲ။ သူ့ရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခုက အလိုအလျောက် ပေါ်လာတော့တာပဲ။ ယွန်ရင်က သူ့ကို ထူးထူးဆန်းဆန်း ကြည့်နေတာကြောင့် သူက မျက်နှာလွှဲလိုက်ပြီး ဖုံးကွယ်ထားလိုက်တယ်။

“ဟုတ်ကဲ့ အခု သွားတော့မှာပါ”

“ကံကောင်းပါစေနော်။ နင်သာ အောင်မြင်မယ်ဆိုရင် ငါက နင်တို့အတွက် ပါတီလေး ဘာလေးလုပ်ပေးမယ်လေ”

“တကယ်လား”

“အင်း.. ကံကောင်းပါစေ”

ဟိုဘက်ကနေ နမ်းလိုက်တဲ့ အသံကို သူ ကြားလိုက်ရတယ်။ ဂွန်ဆော့တစ်ယောက် နည်းနည်းလေး တုန်လှုပ်သွားတာပေါ့။

“ဘယ်သူလဲ” ယွန်ရင်က လှမ်းမေးတယ်။

ဂွန်ဆော့က မျက်မှောင်လေး နည်းနည်း ကြုတ်လိုက်တယ်။ ပျင်းစရာကြီးနော်။ ဆူယွန်းရဲ့ မျက်နှာက သူ့ရဲ့ စိတ်ထဲမှာ လတ်လတ်ဆတ်ဆတ် ရှိနေဆဲပဲ။ သူမလို အမျိုးသမီးမျိုးနဲ့ ယှဉ်ရင်တော့ ယွန်ရင်က တကယ့်ကို ကလေးတစ်ယောက်လိုပါပဲ။

“ငါ့ရဲ့ နည်းပြပါ”

“ဪ အဲလိုလား”

အဲဒီလို ပြုံးလိုက်တာကတော့ နည်းနည်းလေး ချစ်စရာ ကောင်းသားပဲ။ ဂွန်ဆော့က မျက်လုံးကို မှိတ်ထားလိုက်တယ်။ ယွန်ရင်ကတော့ သူ့ကို အဲဒီလိုမျိုး လာပြောမှာ မဟုတ်ပါဘူး။ ကံကောင်းချင်တော့ သူမက သူ့ကို ကြိုးစားပါဦးလို့ ပြောပြီး တခြားတစ်နေရာကို ထွက်သွားတယ်။

‘ကောင်းပြီ ငါ့ရဲ့ ခံစားချက်တွေက အမြင့်ဆုံးအဆင့်ကို ရောက်နေပြီ ငါ ဒါကိုလုပ်နိုင်တယ် ငါက အတွေ့အကြုံလည်း ရှိပြီးသား ပြီးတော့ ငါက ကလပ်ထဲကတခြားသူတွေထက်လည်း ပိုပြီး တော်တယ် ကိုယ့်ကိုယ်ကိုယ်ပဲ ယုံကြည်ဖို့ လိုတယ်’

သူကတော့ ယုံကြည်မှုတွေနဲ့ ယစ်မူးနေတာပေါ့ ဒီအတိုင်းပဲ ရှေ့ကို ဆက်သွားဖို့ လိုတယ်။

“ကောင်းကောင်း လုပ်ကြရအောင်”

“ဖိုက်တင်း”

စီနီယာတွေ အကုန်လုံးက သူ့ကို အားပေးစကားတွေ ပြောကြတယ်။ သူတို့အားလုံးက သူ့ကို ယုံကြည်မှုအပြည့်နဲ့ ကြည့်နေကြတာလေ။ နောက်ဆုံးတော့ သူကပဲ ဒီကလပ်က အားကိုးရတဲ့ တစ်ဦးတည်းသောသူ ဖြစ်နေတာကိုး။

“ကဲ ဇာတ်ညွှန်းတွေကို ချထားလိုက်ကြတော့ စတင်ဖို့ ၅ မိနစ်ပဲ လိုတော့တယ် အခုချိန်မှာ ထပ်ကြည့်နေလည်း အဓိပ္ပာယ် မရှိတော့ဘူး” မီဆိုက ပြောလိုက်တယ်။

ဂွန်ဆော့က ဇာတ်ညွှန်းကို ချထားလိုက်ပေမဲ့လည်း သူ့ရဲ့ လက်ထဲမှာ ရှိနေဆဲလို့ ခံစားနေရတယ်။ ဒီနေ့တော့ သူ တော်တော်လေးကို နေလို့ကောင်းနေတာ။ အရာအားလုံးက သူ့အတွက် အဆင်ပြေသွားမှာပါ။

“နင်က တခြားသူတွေထက် ပိုပြီးတော့ ကြိုးစားခဲ့တာလေ လေ့ကျင့်နေတုန်းက ငါ နင့်ကို ဆဲခဲ့တယ်၊ စိတ်တိုခဲ့တယ် ဒါပေမဲ့ ငါက ပါရမီမရှိတဲ့ သူတွေကိုဆိုရင် အဲဒီလောက်အထိတောင် အဖက်မလုပ်ဘူးဆိုတာ နင် သိတယ် မဟုတ်လား”

“ဟုတ်ကဲ့”

“ငါတို့ ၄ လလုံးလုံး အလုပ်လုပ်ခဲ့ကြတာ အဲဒီအချိန်အတွင်းမှာ နင်တို့တွေ တကယ်ကို တိုးတက်လာခဲ့ကြတယ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ထားပြီး အစွမ်းကုန် ပြလိုက်ကြစမ်း”

သူတို့အားလုံး တစ်နေရာတည်းမှာ စုလိုက်ကြပြီး ‘မိုးပြာရောင်’ ဆိုပြီးတော့ တိုးတိုးလေး အော်လိုက်ကြတယ်။ ဂွန်ဆော့ရဲ့ နှလုံးသားက စတင်ပြီး ခုန်လာတာကို သူ ခံစားလိုက်ရတယ် အဲဒီလို စိတ်လှုပ်ရှားစရာ အခြေအနေနဲ့ သူ့ဆီကိုပဲ စူးစိုက်နေတဲ့ အကြည့်တွေကို သူ သဘောကျတာပေါ့။

‘ဒါကြောင့်ပဲ လူတွေက သရုပ်ဆောင်ကြတာလား’

သူ ပြုံးလိုက်တယ်။ လူတွေကို သူ့ရဲ့ ပါရမီကို ပြရမယ့် အချိန် ရောက်ပြီလေ။ သူတို့ရှေ့က တခြား ကျောင်းတွေလား သူတို့တွေကတော့ အမှိုက်တွေပါပဲ။ ကြည့်ရတာ တစ်မျိုးကြီးနဲ့ သနားစရာ ကောင်းလိုက်တာ။ ဒီကလပ်ကလည်း အဲဒီလောက်ကြီး မကောင်းလှပါဘူး ဒါပေမဲ့ အဲဒီကျောင်းတွေထက်တော့ ပိုပြီး ကောင်းတာပေါ့။ ပြီးတော့ ဒီကလပ်မှာ ဟောင်ဂွန်ဆော့ ရှိနေတာလေ။ လူတိုင်းက အသိအမှတ်ပြုထားတဲ့၊ သူ့ရဲ့ အစ်ကိုကလည်း တော်တော်လေး တော်တဲ့ သရုပ်ဆောင် တစ်ယောက် ဖြစ်တဲ့ သူပေါ့။

‘ငါ အခု ဒီနေရာမှာတင် တကယ့် ပြဇာတ်တစ်ခုအတွက် ရွေးချယ်ခံရမှာ မဟုတ်လား’

ဒါက ဖြစ်နိုင်တာပဲ။ ဒီနေ့ ဒီကို ဒီလောကက တကယ့် နာမည်ကြီးတွေ လာကြမယ်ဆိုတဲ့ သတင်းကို သူ ကြားထားတယ်လေ။ အပြင်မှာလည်း ကင်မရာတွေနဲ့ သတင်းထောက်တွေကို သူ မြင်ခဲ့ရတာပဲ။ အဲဒီလို လူမျိုးတွေရဲ့ မျက်စိထဲကိုသာ သူ ရောက်သွားမယ်ဆိုရင်

‘လီဂျွန်မင်း မရှိလည်း ငါကတော့ တက်လှမ်းနိုင်မှာပါ’

လီဂျွန်မင်းကို ဂွန်ဆော့ကတော့ အဲဒီလောက်အထိ သဘောမကျပါဘူး။ ဆူယွန်းနဲ့ မိတ်ဆက်ပေးခဲ့လို့သာ သူ့ကို ကျေးဇူးတင်တာပါ ကျန်တာတော့ သူ့အပေါ်မှာ ဘာစေတနာမှ မရှိပါဘူး။

‘သူက ငါ့ကို ဒီထက်ပိုပြီး မြှင့်တင်ပေးသင့်တာ ငါ့ရဲ့ ပါရမီနဲ့ဆိုရင်လေ ကြည့်နေလိုက်ပါ ငါ့အတွက် ပိုကောင်းတာ တစ်ခုခု တွေ့တာနဲ့ ငါကတော့ ချက်ချင်း ထွက်သွားမှာ’

သူ့ရဲ့ အစ်ကိုကနေတစ်ဆင့် နာမည်ကြီးလာတာကလည်း မဆိုးလှပါဘူး။ ဂွန်ဆော့က သူ့ကို ခေါ်မယ့်အချိန်ကို စောင့်နေရင်းနဲ့ သတင်းထောက်တွေက သူ့ဆီကို တိုးဝှေ့လာကြမယ့် ပုံရိပ်ကို စိတ်ကူးယဉ်နေမိတယ်။ အဲဒီနောက်မှာတော့

“ဝူဆောင်းအထက်တန်းကျောင်း စင်ပေါ်ကို ကြွခဲ့ဖို့ ဖိတ်ခေါ်ပါတယ်”

အဖွဲ့သားတွေက သူ့ကို အချက်ပေးလိုက်တော့တယ်။

* * * * * * * * *

All Chapters