← Chapters

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

အခန်း(၁၄၁)

“စပြီဟေ့”

မွန်ဂျောင်က တံခါးကို အသာလေး ဖွင့်လိုက်တယ်။

“ဟို လေ ဆရာ... ခဏလောက် စကားပြောလို့ ရမလားခင်ဗျာ”

သတင်းထောက်တွေထဲက တစ်ယောက်က သူ့နောက်ကို လိုက်လာတော့ မွန်ဂျောင်က စိတ်တိုတိုနဲ့ လှည့်ကြည့်လိုက်တာပေါ့။

“ပြဇာတ် စတော့မယ်”

“အော်... တောင်းပန်ပါတယ်ခင်ဗျာ”

မွန်ဂျောင်က မကျေမနပ်နဲ့ တောက်တစ်ချက် ခေါက်လိုက်တယ်၊ ချောမင်းလည်း အားနာသလို ပြုံးနေတာကို သူ မြင်နေရတာပေါ့။ တံခါးက ပွင့်နေပြီဆိုတော့ အထဲမှာ ကလေးတွေ သရုပ်ဆောင်နေတာကို မြင်နေရပြီ။ ဒီနေ့ စင်ပေါ်တက်နိုင်ဖို့ ဒီကလေးတွေ တော်တော်လေး ကြိုးစားခဲ့ကြမှာပဲ။ မွန်ဂျောင်က ပြဇာတ်အတွက် ကလေးတွေရဲ့ ကြိုးစားအားထုတ်မှုကို တန်ဖိုးထားတာကြောင့် သူတို့ကို အနှောင့်အယှက် မပေးချင်ဘူး။ သတင်းထောက် တခြားဘက်ကို ထွက်သွားတာ သေချာပြီဆိုမှ မွန်ဂျောင်က အထဲကို တိုးတိုးလေး ဝင်လာခဲ့တယ်။ စင်္ကြံမီးတွေက မှိတ်ထားပြီဆိုတော့ လှေကားနားက မီးလေးတွေပဲ လင်းနေတော့တာပေါ့။ ရှေ့က စင်ပေါ်မှာတော့ လူရိပ်လေးတွေ ဟိုဟိုဒီဒီ လှုပ်ရှားနေတာကို တွေ့နေရတယ်၊ ပြဇာတ်က ခုတင်တင်တင်ပဲ စပုံရတယ်။

“တော်တော်တောင် ကြာသွားပြီပဲ” မွန်ဂျောင်က တိုးတိုးလေး ရေရွတ်လိုက်တယ်။

သူက အစိုးရ ပြဇာတ်ရုံတွေက ပွဲတွေကိုတော့ ခဏခဏ ကြည့်ဖြစ်ပေမဲ့ ကျောင်းသားတွေ ကပြတဲ့ ပြဇာတ်ကို မကြည့်ဖြစ်တာ တော်တော်တောင် ကြာခဲ့ပြီလေ။ သူ့ရှေ့က ဒီလို မသွေးရသေးတဲ့ ကျောက်မျက်ရတနာလေးတွေက ဘာတွေများ ပြသနိုင်မလဲ။ သူတောင် နည်းနည်း စိတ်လှုပ်ရှားလာမိတယ်။

“မတ်တတ်ပဲ ကြည့်မှာလား”

ချောမင်းရဲ့ မေးခွန်းကို မွန်ဂျောင်က ခေါင်းညိတ်ပြလိုက်တယ်။ ပြဇာတ်က တစ်နာရီလောက် ကြာမှာဆိုတော့ ပရိသတ်တွေကြားထဲမှာ တိုးဝှေ့နေတာထက် နောက်ဘက်မှာပဲ အေးအေးဆေးဆေး မတ်တတ်ရပ်ကြည့်နေတာက ပိုကောင်းမယ်လေ။

“မင်းတို့တွေ ဟိုဘက်မှာ သွားထိုင်ကြလေ” မွန်ဂျောင်က သူ့နောက်က လိုက်လာတဲ့ သရုပ်ဆောင်လေးတွေကို ပြောလိုက်တယ်။

“ရပါတယ် ဆရာ”

သရုပ်ဆောင် တော်တော်များများက ခေါင်းခါကြပေမဲ့ ဂျူဟယွန်းကတော့ တိုးတိုးလေး ပြန်ဖြေပြီး နေရာမှာ ဝင်ထိုင်လိုက်တယ်။ အဲဒီကောင်မလေးရဲ့ ယုံကြည်မှုရှိတဲ့ ပုံစံကိုတော့ မွန်ဂျောင်လည်း အသိအမှတ်ပြုမိတာပေါ့။

“စပြီ”

မီးတွေ လင်းလာတဲ့အခါ စင်တစ်ခုလုံးက အပြာရောင် သန်းသွားတယ်။ စပီကာကနေလည်း လေပြင်းတွေ တိုက်ခတ်နေတဲ့ အသံတွေ ထွက်လာတာပေါ့။ မီးမောင်းထိုးလိုက်တဲ့ အချိန်မှာတော့ ညာဘက်ကနေ ထွက်လာတဲ့ ကောင်လေးတစ်ယောက်ဆီကို အာရုံက ရောက်သွားတော့တယ်။

“နောက်ဆုံးတော့ ငါ ဒီကို ပြောင်းလာခဲ့ပြီပဲ။ ပိုက်ဆံ မြန်မြန်ရှာပြီး မြို့ပေါ်ကို ပြန်တက်နိုင်အောင် ကြိုးစားရမယ်။ ဘာပဲဖြစ်ဖြစ် ဒီမြို့လေးက ကြည့်ရတာ အေးအေးဆေးဆေး ရှိသားပဲ”

ကောင်လေးက သူ့စကားကို ခပ်ပြုံးပြုံးလေး ပြောပြီး တစ်ဖက်ကို လျှောက်သွားတယ်။ စပီကာကနေ ကားဖြတ်မောင်းသွားတဲ့ အသံတွေနဲ့ ဆောက်လုပ်ရေး လုပ်သားတွေရဲ့ အသံတွေ ထွက်လာတာပေါ့။

“အသံပိုင်း တော်တော်လေး ကောင်းသားပဲ”

“ဟုတ်တယ်”

မီးတွေ ပြန်လင်းလာတဲ့ အခါမှာတော့ အိမ်လေးအချို့ရယ်၊ စတိုးဆိုင်တစ်ဆိုင်ရယ်၊ စားပွဲတစ်လုံးရယ်ကို တွေ့လိုက်ရတယ်။ ခုနက ကောင်လေးက စတိုးဆိုင်ဘက်ကို လျှောက်သွားတယ်။

“ဒီအဘွားကြီးကတော့ကွာ။ အဲဒါ မဟုတ်ပါဘူးဆိုတာကို”

“ငရဲရထားစီးချင်နေတာလား အဘိုးကြီးရဲ့။ အဘိုးကြီးကင်နဲ့ ဖဲထပ်ရိုက်ရင် လက်ချောင်းတွေ အကုန် ချိုးပစ်မယ်လို့ ငါ ပြောထားတယ် မဟုတ်လား”

“နင်... နင်ကတော့ကွာ။ စကားကို ဆင်ခြင်ပြီး ပြောစမ်းပါ”

အဘိုးကြီးအဖြစ် သရုပ်ဆောင်ထားတဲ့ ကောင်လေးက စတိုးဆိုင်ထဲကနေ အမြန်ပြေးထွက်လာတယ်။ ချက်ချင်းဆိုသလိုပဲ အဘွားကြီးလို မိတ်ကပ်လိမ်းထားတဲ့ ကောင်မလေးက တံမြက်စည်းကို ကိုင်ပြီး ပြေးထွက်လာတာပေါ့။ သူတို့ရဲ့ စကားပြောဟန်က ရိုင်းရိုင်းစိုင်းစိုင်းနဲ့ သဘာဝကျနေတာကို မွန်ဂျောင်က သဘောကျနေမိတယ်။ ပြီးတော့ ကောင်လေး လမ်းလျှောက်တဲ့ ပုံစံကိုလည်း သူ သတိထားမိတယ်။ ကောင်လေးက လည်ပင်းကို ရှေ့ထုတ်ပြီး ယိုင်တိုင်တိုင်နဲ့ လျှောက်နေတာလေ။ တကယ်ကို သေသေချာချာ လေ့လာထားပုံရတယ်။

“အသုံးမကျတဲ့ အဘိုးကြီး”

အဘွားကြီး ဇာတ်ကောင်က တံမြက်စည်းကို စင်ဘေးဘက်ကို လွှင့်ပစ်လိုက်တယ်။ အရှိန်ပြင်းပြင်းနဲ့ ပစ်လိုက်တာဆိုတော့ တံမြက်စည်းက မြင်ကွင်းထဲကနေ လွင့်ထွက်သွားတာပေါ့။ လိုက်ကာနောက်ကနေ အဘိုးကြီးရဲ့ ‘အား’ ဆိုတဲ့ အော်သံကို ပရိသတ်တွေက ကြားလိုက်ရတယ်။ အဘွားကြီးက မကျေမနပ်နဲ့ ဟွန့်ခနဲ လုပ်တာကို မြင်တော့ ပရိသတ်တွေလည်း ရယ်ကြတာပေါ့။

“ဟို... မင်္ဂလာပါ”

ကောင်လေးက အဘွားကြီးကို အားနာသလိုနဲ့ နှုတ်ဆက်လိုက်တယ်။ အဓိက ဇာတ်ကောင်က အံ့ဩသွားတဲ့ ပုံစံမျိုးကို ကလပ်က ပုံဖော်ဖို့ ကြိုးစားနေပုံရပေမဲ့ ကြည့်ရတာ ဘာမှ အဆင်မပြေတာမျိုး မရှိဘူး။ တချို့ သရုပ်ဆောင်တွေက အံ့ဩတဲ့ အမူအရာကို လုပ်တဲ့အခါမှာ ပုံကြီးချဲ့တတ်ကြတယ်။ အဲဒါက အမှားပဲ။ တကယ်တမ်း သရုပ်ဆောင်မှုဆိုတာ လက်တွေ့ဘဝပေါ်မှာ အခြေခံရတာလေ။ စင်ပေါ်မှာ ဖြစ်တဲ့အတွက် အနည်းငယ် ပိုပြီး ထင်သာမြင်သာအောင် လုပ်ရမှာ မှန်ပေမဲ့ အမူအရာကတော့ မျှတနေဖို့ လိုတယ်။ မွန်ဂျောင်က စင်ပေါ်ကို မျက်မှောင်လေးကြုတ်ပြီး ကြည့်လိုက်တယ်၊ အဓိက ဇာတ်ကောင် ကောင်လေးကို တစ်နေရာရာမှာ မြင်ဖူးသလိုလိုပဲ။

“အော်... အဲဒါ ဂျွန်မင်း ခေါ်လာတဲ့ ကလေးပဲ”

“ဂျွန်မင်း”

“လွန်ခဲ့တဲ့ ခဏတုန်းက အဲဒီကလေးကို ငါ့ဆီ လာပြသေးတယ်၊ မြေတောင်မြှောက်ပေးဖို့ စိတ်ဝင်စားလား ဆိုပြီးတော့”

“ဪ... အဲလိုလား။ သူ တော်တော်လေးကို အလုပ်ရှုပ်နေတာပဲနော်။ အခုနောက်ပိုင်း ဘယ်နေရာကြည့်ကြည့် သူ ပါနေတာချည်းပဲ”

အဲဒီကောင်လေး နာမည်က... ဟောင်ဂွန်ဆော့ လား။ အဲဒီနာမည်က မွန်ဂျောင်ကို တခြားလူတစ်ယောက်ကို သတိရစေတယ်။ သူက ချောမင်းနဲ့အတူ သိချင်စိတ်နဲ့ နောက်ဘက်ကို လှည့်ကြည့်လိုက်တယ်။

“သူက ကျွန်တော့်ညီပါ” ဂွန်ဆူက ပြန်ဖြေတယ်။

မွန်ဂျောင်က ခေါင်းညိတ်လိုက်တယ်။ ကောင်လေးက သူ့အစ်ကိုကြောင့် သရုပ်ဆောင်တာကို စိတ်ဝင်စားလာတာ နေမှာပေါ့။ တော်တော်လေး ကောင်းတဲ့ အချက်ပဲ။ ဒါပေမဲ့ ထူးဆန်းတာက ဂွန်ဆူက စင်ပေါ်ကို ကြည့်နေတဲ့ အချိန်မှာ စိတ်ထဲမှာ တစ်ခုခု ခံစားနေရသလိုပဲ။ သူနဲ့ သူ့ညီကြားမှာ တစ်ခုခု ဖြစ်ထားလို့လား။ မွန်ဂျောင်က နည်းနည်း သိချင်မိပေမဲ့ လောလောဆယ်တော့ ဒီအတိုင်းပဲ ထားလိုက်တယ်။

“ဟာသ ပြဇာတ်ကိုး”

“သူတို့တွေ ခက်ခဲတဲ့အရာကို ရွေးလိုက်တာပဲ။ ဘယ်သူ သင်ပေးထားလဲတော့ မသိဘူး၊ တော်တော်လေး သတ္တိရှိတာပဲ”

လူတွေကို ငိုအောင် လုပ်တာထက် ရယ်အောင် လုပ်ရတာက အများကြီး ပိုခက်တယ်။ ဥပမာ ဘူတာရုံထဲမှာ လူတစ်ယောက် ငိုနေတာကို မြင်ရင် လူအများစုက သနားကြမှာပဲ။ ဝမ်းနည်းမှုဆိုတာ မျှဝေဖို့ တော်တော်လေး လွယ်တဲ့ ခံစားချက်မျိုးလေ။ ဒီလောကမှာ ဝမ်းနည်းမှုလောက် ကူးစက်လွယ်တာ ဘာမှ မရှိဘူး။ ဒါပေမဲ့ ရယ်မောတာကတော့ မတူဘူး။ ခုနက ဘူတာရုံ ဥပမာကိုပဲ ပြန်ကြည့်ရင် မင်းရှေ့မှာ လူတစ်ယောက် ရယ်နေမယ်ဆိုရင် လူအများစုက ဒါကို ထူးဆန်းတယ်လို့ မြင်ကြမှာပဲ။ တချို့ဆိုရင် စိတ်တောင် တိုနေဦးမယ်။ တကယ်တမ်းတော့ ၉၀ ရာခိုင်နှုန်းလောက်က အဲဒီလူ ဘာလို့ ရယ်နေတာလဲ ဆိုတာကို တွေးနေကြမှာ။ ငိုတဲ့ အခါမှာတော့ ‘ငါ အဲဒီလူကို ကူညီပေးသင့်တယ်’ ဆိုတဲ့ အတွေးကို ရောက်ဖို့က တော်တော်လေး လွယ်တယ်။ ဒါပေမဲ့ ရယ်မောတဲ့ အခါမှာတော့ အဲဒီလို မဖြစ်တတ်ဘူး။ ဘာလို့လဲဆိုတော့ ရယ်မောတာက တခြား ခံစားချက် အမျိုးမျိုးနဲ့ ရောယှက်နေတတ်လို့ပဲ။

“ခက်ခဲတာကို စိန်ခေါ်တိုင်းလည်း အမှတ်ကောင်းကောင်း ရတာမျိုး မဟုတ်ဘူးလေ”

“ဒါပေမဲ့ သူတို့ တော်တော်လေး ကောင်းကောင်း လုပ်နိုင်ကြပါတယ်၊ အခြေခံကတော့ သေသေချာချာ ရှိနေတာပဲ”

မွန်ဂျောင်က ခေါင်းညိတ်လိုက်တယ်။ ကျောင်းသားတွေ သရုပ်ဆောင်နေတာကို ကြည့်ရုံနဲ့တင် ဒီပြဇာတ်အတွက် ဘယ်လောက်တောင် လေ့ကျင့်ထားလဲဆိုတာ သိသာနေတာပဲ။ သူတို့ရဲ့ အသံထွက်တွေ၊ လှုပ်ရှားမှုတွေနဲ့ အသံနေအထားတွေက တချို့နေရာတွေမှာ အားနည်းနေသေးပေမဲ့ ပုံမှန် အဆင့်ထက်တော့ အများကြီး သာလွန်နေတယ်။

“သူတို့ကို ကောင်းကောင်း သင်ပေးထားတာပဲ”

“အဲဒါတော့ ငါလည်း သဘောတူတယ်”

ဘယ်သူ သင်ပေးထားတာလဲ ဆိုတာကိုတောင် သူတို့ သိချင်လာကြတယ်။

“အော်... မိုးပြာရောင် လား”

မိုးပြာရောင်။ မွန်ဂျောင်လည်း အဲဒီ ပြဇာတ်အဖွဲ့ အကြောင်းကို အကြိမ်အနည်းငယ် ကြားဖူးတယ်။ ဟျဲဟွာ ဘူတာရုံနားက သရုပ်ဆောင် လူငယ်လေးတွေ စမ်းသပ်မှုတွေ လုပ်လေ့ရှိတဲ့ နေရာပေါ့၊ သူကိုယ်တိုင်လည်း အဲဒီကို အကြိမ်အနည်းငယ် ရောက်ဖူးတယ်။

“အခု ကျွန်တော် ရှိနေတဲ့ နေရာပေါ့။ အဲဒီမှာ သရုပ်ဆောင်နေတဲ့သူတွေက ကျွန်တော့်ရဲ့ စီနီယာတွေပါပဲ” ဂွန်ဆူက ပြန်ဖြေတယ်။

“မင်း တော်တော်လေး ဂုဏ်ယူနေမှာပဲနော်”

“ဟုတ်ကဲ့၊ တကယ်ပဲ ဂုဏ်ယူမိပါတယ်။ သူတို့ ဆုတစ်ခုခု ရစေချင်တယ်”

“မင်း ရခဲ့သလိုမျိုးပေါ့”

“ဒါပေါ့”

မွန်ဂျောင်က ပြုံးပြီး စင်ပေါ်ကိုပဲ အာရုံပြန်ရောက်သွားတယ်။ ဒီတစ်ခါတော့ ဝဝတုတ်တုတ် ကောင်လေးတစ်ယောက် ထွက်လာတယ်၊ နည်းနည်း ဟောင်းနွမ်းနေတဲ့ အဝတ်အစားတွေကို ဝတ်ထားပြီး လက်ထဲမှာလည်း စာအုပ်တစ်အုပ်ကို ကိုင်ထားတာပေါ့။ ဂွန်ဆော့က အဲဒီကောင်လေးကို နှုတ်ဆက်လိုက်တယ်။ ခဏလောက် စကားအနည်းငယ် ပြောပြီးတဲ့ အခါမှာတော့ ဝဝတုတ်တုတ် ကောင်လေးရဲ့ စကားတွေက တကယ်ပဲ စလာတော့တယ်။

“ဒီလောကကြီးက ပုပ်စပ်နေပြီကွ။ အကုန်လုံးက အစိုးရဝန်ထမ်းလုပ်ဖို့ပဲ ကြိုးစားနေကြတယ်၊ ဘာလို့လဲဆိုတော့ အဲဒါက တော်တော်လေး လွယ်လို့လေ။ ဘယ်လောက်တောင် မိုက်မဲလိုက်လဲ။ အခုခေတ်ကလေးတွေကို ဘာဖြစ်ချင်လဲလို့ သွားမေးကြည့်ရင် သမ္မတတို့၊ သိပ္ပံပညာရှင်တို့ မဟုတ်တော့ဘူး။ အစိုးရဝန်ထမ်း ဒါမှမဟုတ် ရုံးဝန်ထမ်းပဲ ဖြစ်ချင်ကြတာ။ တောက်... တောက်... လူတွေက အခုနောက်ပိုင်း အနာဂတ်အတွက် ရည်မှန်းချက်တွေ ရှိဖို့ လိုတယ်လို့ မထင်ဘူးလား”

“ဟုတ်... ဟုတ်ပါတယ်”

“ဘဝက ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ကိုယ့်ရဲ့ အိပ်မက်နောက်ကို လိုက်ရမယ်လေ။ အကုန်လုံးက အစိုးရ ဝန်ထမ်းပဲ လုပ်ချင်နေကြတယ်။ အစိုးရ ဝန်ထမ်းတဲ့။ ဟွန့်။ နိုင်ငံကြီး ဒီလို ဖြစ်နေတာလည်း မဆန်းပါဘူး။ ဒါနဲ့ မင်းက ဘာလုပ်တာလဲ”

“ကျွန်တော်က ရုံးဝန်ထမ်းပါ”

“ရုံးဝန်ထမ်း ဟုတ်လား။ သနားစရာကောင်းလိုက်တာ”

“... ဒါဆို ဆရာကရော ဘာလုပ်လဲ”

“ငါလား။ ငါက လူ့ပတ်ဝန်းကျင်ကို ကူညီနိုင်အောင် အစိုးရဝန်ထမ်းဖြစ်ဖို့ စာကျက်နေတာလေ”

ဝဝတုတ်တုတ် ကောင်လေးက ပရိသတ်တွေကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ကြည့်လိုက်တယ်၊ သူ့ရဲ့ အကြည့်တွေက တကယ့်ကို ဟာသ ဖြစ်နေတာပေါ့။ ပရိသတ်တွေကြားထဲမှာလည်း ရယ်သံလေးတွေ ထွက်လာတယ်။ ဘယ်သူမှ အကျယ်ကြီး မရယ်ကြပေမဲ့ ပြဇာတ်ရဲ့ အငွေ့အသက်ကတော့ တော်တော်လေးကို အားကောင်းနေပြီ။ ဒါက ဟာသ ပြဇာတ်တစ်ခုအတွက် တော်တော်လေး ခက်ခဲတဲ့ အလုပ်လေ။

“တော်တော်လေး ကောင်းကြတာပဲ”

“ဟုတ်တယ်”

ဂွန်ဆော့က သာမန် ရုံးဝန်ထမ်းတစ်ယောက် အဖြစ် သရုပ်ဆောင်တာက တကယ်ကို ပြည့်စုံလွန်းတယ်။ တစ်ဖက်မှာလည်း ဒီပြဇာတ်ထဲက ဇာတ်ပို့တွေ အကုန်လုံးက တကယ့်ကို ထူးဆန်းတဲ့ ဇာတ်ကောင်တွေချည်းပဲ။ ပုံမှန် ပြဇာတ်တစ်ခုမှာဆိုရင် ဂွန်ဆော့လို ဇာတ်ကောင်မျိုးက မရှိသင့်ဘူးလေ။ ပြဇာတ်ဆိုတာက နောက်ဆုံးတော့ စိတ်ကူးယဉ်မှု တစ်ခုပဲ မဟုတ်လား။ ပြဇာတ်ထဲမှာ ဒီလောက်အထိ သာမန်ဆန်လွန်းတဲ့ လူတစ်ယောက်ကို ထည့်ထားတာက ပျင်းစရာ ကောင်းလိမ့်မယ်။ ဒါပေမဲ့ ဒီပြဇာတ်ရဲ့ ဟာသ ဖြစ်တည်မှုက ထူးဆန်းတဲ့ ဇာတ်ကောင်တွေနဲ့ တည်ငြိမ်တဲ့ အဓိက ဇာတ်ကောင်တို့ကြားက ဆက်ဆံရေးကနေ လာတာလေ။ ဆိုလိုတာက ဇာတ်လမ်းထက် ဇာတ်ကောင်တွေရဲ့ အနေအထားက ပိုပြီး အဓိက ကျနေတာပေါ့။

ဒီလို ပြဇာတ်မျိုးတွေက သရုပ်ဆောင်ရဲ့ ပါရမီပေါ်မှာ အများကြီး မူတည်တယ်။ ဇာတ်ကောင်တွေက ပရိသတ်ရဲ့ ရင်ထဲမှာ စွဲကျန်ရစ်ခဲ့တာမျိုး ဖြစ်နိုင်သလို၊ လုံးဝကို မှတ်မိမှာ မဟုတ်တဲ့ ပြဇာတ်မျိုးလည်း ဖြစ်သွားနိုင်တယ်လေ။

“သူတို့ကို သင်ပေးတဲ့သူက ကလေးတွေအကြောင်းကို တော်တော်လေး နားလည်တာပဲ”

“ဒါက စွန့်စားမှု တစ်ခု မဟုတ်ဘူး၊ တကယ့် စိန်ခေါ်မှုပဲ။ ဒါမှမဟုတ် ထီပေါက်သလိုမျိုးပေါ့”

ဂွန်ဆူက သူတို့ စကားဝိုင်းထဲကို တိုးတိုးလေး ဝင်ပြောလိုက်တယ်။

“ကြွားသလိုတော့ ဖြစ်နေဦးမယ်၊ အဲဒီ သင်ပေးတဲ့သူက ကျွန်တော့်သူငယ်ချင်းပါ”

ချောမင်းက ဂွန်ဆူရဲ့ ခေါင်းကို လက်သီးနဲ့ ခပ်ဖွဖွလေး ထုလိုက်တယ်။ တကယ်ကို ပျော်စရာကောင်းတဲ့ ကောင်လေးပဲ။ မွန်ဂျောင်ကလည်း ဂွန်ဆူရဲ့ သရုပ်ဆောင်မှုတွေကြောင့် အကြိမ်များစွာ အံ့ဩခဲ့ဖူးသလို သဘောကျခဲ့ဖူးတယ်။ အဲဒီလူက သရုပ်ဆောင်မှုအပေါ်မှာ တကယ်ကို စိတ်အားထက်သန်တဲ့သူလေ။

“ငါတော့ ဟို ဝဝတုတ်တုတ် ကောင်လေးကို သဘောကျတယ်” ချောမင်းက မှတ်ချက်ပေးတယ်။

မွန်ဂျောင်က ခေါင်းညိတ်ပြလိုက်တယ်။ အဲဒီ ဝဝတုတ်တုတ် ကောင်လေးက သူ့ရဲ့ ဇာတ်ကောင် စရိုက်ကို ပုံဖော်တဲ့ နေရာမှာ တော်တော်လေးကို တော်တာ။ သူက ပြောပြနေတာ မဟုတ်ဘဲနဲ့ ပြသနေတာလေ။ အကောင်းဆုံး အချက်ကတော့ အဲဒီကောင်လေးရဲ့ တုန်နေတဲ့ ခြေထောက်တွေပဲ။ သေသေချာချာ ကြည့်လိုက်ရင် ကောင်လေးရဲ့ ဘယ်ဘက်ခြေထောက်က စည်းချက်တစ်ခုနဲ့ လှုပ်ရှားနေတာကို တွေ့ရလိမ့်မယ်၊ ဆိုလိုတာက ကောင်လေးက သူ့ရဲ့ ခြေထောက် လှုပ်ရှားမှုတွေ အကုန်လုံးကို သူ့ခေါင်းထဲမှာ ကြိုတင် တွက်ချက်ထားတာပေါ့။ သူ့ရဲ့ အမှားသေးသေးလေးတွေကတောင် ဇာတ်ကောင်ရဲ့ စရိုက်တစ်ခုလို ဖြစ်နေတာက ကောင်လေး တော်တော်လေး ကြိုးစားထားတယ် ဆိုတာကို သက်သေပြနေတာပဲ။

“တောက်... ဒီလောကကြီးက တကယ့်ကို ရွံစရာ ကောင်းလိုက်တာ”

ဝဝတုတ်တုတ် ကောင်လေးက မျက်မှောင်လေးကြုတ်ပြီး စင်ပေါ်က ထွက်သွားတဲ့ အခါမှာ ဂွန်ဆော့က သက်ပြင်းအရှည်ကြီး ချပြီး သူ့နောက်ကနေ လိုက်သွားတယ်။

“ဟို... ဟိုနားက ပေါင်မုန့်က ကျွန်တော့်ဟာနော်” ဂွန်ဆော့က ထွက်သွားတဲ့ လမ်းမှာ ပြောသွားသေးတယ်။

စင်ပေါ်မှာ မီးတွေ ပြန်မှိတ်သွားပြန်ပြီ။ အခန်းပြောင်းတော့မယ့် ပုံစံမျိုးဆိုပေမဲ့ တကယ်တမ်းတော့ အဲလို မဟုတ်ဘူး။ စင်ပေါ်မှာ အပြာရောင် သန်းလာတဲ့ အခါမှာတော့ ကောင်လေးတစ်ယောက်က ဘယ်ဘက် လိုက်ကာကြားကနေ ခေါင်းလေး ပြူထွက်လာတယ်။

“တကယ်ကို ဆူညံနေတာပဲ၊ ဟုတ်တယ်မလား”

ဇာတ်ကောင်က ပရိသတ်ကို ပြောလိုက်တာက တကယ့်ကို သဘာဝကျလွန်းနေတယ်။ မီးမောင်းက သရုပ်ဆောင်ဆီကို ခပ်ဖျော့ဖျော့လေး ထိုးထားတာဆိုတော့ စင်တစ်ခုလုံးက အိပ်မက်တစ်ခုလို ဖြစ်နေတာပေါ့။

“မီးအလင်းအမှောင်ပိုင်းကလည်း တော်တော် ကောင်းတာပဲ”

“ရှိတဲ့အရာလေးတွေနဲ့ တော်တော်လေး ကောင်းအောင် လုပ်ထားတာပဲ”

မွန်ဂျောင်က ပြဇာတ်ကို သေသေချာချာ မဝေဖန်ချင်ပေမဲ့ သူကိုယ်တိုင်လည်း မတတ်နိုင်ဘူး ဖြစ်နေတယ်။ ချောမင်းက မွန်ဂျောင် ဘာတွေ တွေးနေလဲဆိုတာကို သိလို့ ပြုံးလိုက်တာပေါ့။

“တို့တွေကတော့ ပြဇာတ်ကို ပုံမှန်အတိုင်း ကြည့်လို့ မရတော့ဘူးနော်။ အသက်ကြီးသွားပြီကိုး”

“ငါ မအိုသေးပါဘူး”

မွန်ဂျောင်က ခပ်တိုးတိုးလေး ရယ်လိုက်ပြီး ပြဇာတ်ဘက်ကို အာရုံပြန်ပေးလိုက်တယ်။ သူက သရုပ်ဆောင်တွေထက် စင်တင် ဆင်ယင်မှုတွေကို ပိုပြီး သတိထားကြည့်နေမိတယ်။ သင်ပေးတဲ့သူက ဂွန်ဆူရဲ့ သူငယ်ချင်းဆိုတော့ အဲဒီလူက ဒီလောကထဲကပဲ ဖြစ်မှာပေါ့။ ဒီအထက်တန်းကျောင်းကတော့ ဒီတစ်ခါမှာ သင်ပေးမယ့်သူ ကောင်းကောင်း ရအောင် တော်တော်လေးကို ကြိုးစားထားပုံရတယ်။

“ဘာပဲဖြစ်ဖြစ်၊ ဒီပြဇာတ်မှာ အကုန်လုံး ပါနေတာပဲ”

“စတန်းအပ် ဟာသတွေလိုမျိုး ပရိသတ်ကို တိုက်ရိုက်ပြောတဲ့ ပုံစံမျိုးပဲ... ဇာတ်ညွှန်း ရေးတဲ့သူက အဲဒါကို အခြေခံပြီး ရေးထားတာ ထင်တယ်။ အခုခေတ် အထက်တန်းကျောင်းတွေက အဲဒီလို အသစ်အဆန်းတွေ လုပ်ရတာကို ကြိုက်ကြတာလား”

“မဟုတ်ပါဘူး၊ ဒီကျောင်း တစ်ကျောင်းတည်းပါ”

“ငါတော့ သဘောကျတယ်”

“ငါလည်း တူတူပဲ”

စင်ပေါ်က သရုပ်ဆောင်က စင်ရဲ့ အစွန်းနားမှာ အန္တရာယ်ရှိတဲ့ ပုံစံမျိုးနဲ့ ရပ်နေတယ်။ သူက ခြေဖနောင့်လေးတွေတောင် မြှောက်ထားတာဆိုတော့ ရှေ့ဆုံးက ပရိသတ်တွေတောင် ကြောက်နေကြတာပေါ့။

“ခင်ဗျားတို့ ကျွန်တော့်ကို မြင်နေရတာလား”

ကောင်လေးက ပရိသတ်တွေကြားထဲ ခုန်ချတော့မယ့် ပုံစံမျိုးနဲ့နေပြီးမှ အလယ်ကို ပြန်လျှောက်သွားတယ်။

“... ဒါကတော့ အံ့ဩစရာပဲ”

မွန်ဂျောင်က လက်ပိုက်လိုက်တယ်။ တစ်ခါတစ်လေ ပြဇာတ်အဖွဲ့တစ်ခုကို ဦးဆောင်တဲ့ အခါမှာ ထူးဆန်းတဲ့ သရုပ်ဆောင်တွေနဲ့ တွေ့တတ်တယ်။ အဲဒီလူတွေက သိပ်ပြီး ထူးခြားတာမျိုး မရှိပေမဲ့ ပရိသတ်ကို ဆွဲဆောင်နိုင်တဲ့ စွမ်းအား ရှိကြတယ်လေ။ သူတို့က ရုပ်ချောတာမျိုး၊ သရုပ်ဆောင် တအားတော်တာမျိုး ဒါမှမဟုတ် ခံစားချက်တွေကို ပုံဖော်တဲ့နေရာမှာ တော်တာမျိုးမဟုတ်ပေမဲ့ အဓိကဇာတ်ဆောင်တွေထက်တောင် ပရိသတ်ရဲ့အာရုံကို ပိုပြီး ဖမ်းစားနိုင်ကြတယ်။ ရုပ်ရှင်တွေထဲမှာဆိုရင်တော့ ဇာတ်ကွက်ကို လုယူသွားတဲ့သူတွေပေါ့။ ဒါပေမဲ့ အဲဒီလို ပြောလိုက်လို့ အဲဒီသရုပ်ဆောင်တွေက သရုပ်ဆောင်ညံ့တယ်လို့ ဆိုလိုတာ မဟုတ်ဘူးနော်။ အဲဒီ သရုပ်ဆောင်တွေက တခြားသူတွေထက် ပိုပြီး သာမန်ဆန်နေပေမဲ့ ထူးဆန်းတာကတော့ သူတို့ကိုပဲ အာရုံစိုက်နေမိတာပါပဲ။

“သူ့မှာ အားအင်တွေ ရှိတယ်” မွန်ဂျောင်က တိုးတိုးလေး ရေရွတ်ပြီး ချောမင်းကို လှည့်ကြည့်လိုက်တယ်။

ချောမင်းကတော့ စင်ပေါ်က ကောင်လေးကို ငြိမ်ပြီး အာရုံစိုက်ကြည့်နေတာပေါ့။ မွန်ဂျောင်က ပရိသတ်တွေဘက်ကို အသာလေး လှည့်ကြည့်လိုက်တယ်။ လူတိုင်းက စင်ပေါ်က သရုပ်ဆောင်လေးရဲ့ လှုပ်ရှားမှုတွေနောက်ကို လိုက်ကြည့်နေကြတာ။

“ဒယ်လ်ဆောက်ဒုံ က တကယ့်ကို ဆူညံတဲ့ နေရာပေါ့။ ဒီမှာ ထူးဆန်းတဲ့ ကျောင်းသားတစ်ယောက် နေတယ်၊ ပြီးတော့ တကယ့်ကို အသံကျယ်တဲ့ အဘွားကြီးနဲ့ အဘိုးကြီးလည်း ရှိတယ်။ အော်... ပြီးတော့ ရောင်းသမျှ အရာအားလုံးကို ဈေးအဆမတန် တင်ရောင်းတတ်တဲ့ အမျိုးသမီးတစ်ယောက်လည်း ရှိသေးတယ်။ သူက ခဏနေရင် ထွက်လာလိမ့်မယ်။ အဲဒါကို ငါ ဘယ်လို သိလဲဆိုတော့ ဇာတ်ညွှန်းကို ဖတ်ထားလို့လေ။ အဲဒီမှာ အကုန် ပါပြီးသား”

ကောင်လေးက စကားတစ်ခွန်း ပြောတိုင်း ဘယ်ညာ လှုပ်ရှားနေတာက တကယ့်ကို သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောနေသလိုပဲ။ သူက ပရိသတ်နဲ့ စင်ကြားက အတားအဆီးကို အကောင်းဆုံး ဖြိုဖျက်နိုင်ခဲ့ပြီး ပရိသတ်နဲ့ ဆက်သွယ်နိုင်ခဲ့တယ်။ လူတိုင်းရဲ့ နားနားမှာ လာပြီး ကပ်ပြောနေသလိုမျိုးတောင် ခံစားရစေတာပေါ့။

“သူ တော်တော်လေး လေ့ကျင့်ထားတာပဲ။ ကောင်းတယ်”

ချောမင်းက ပြုံးနေတယ်။ ဒီသူငယ်ချင်းက ပြဇာတ်တစ်ခုမှာ တောက်ပတဲ့ ကြယ်လေးတစ်ပွင့်ကို တွေ့လိုက်ရတိုင်း အမြဲတမ်း ပျော်နေတတ်တာကိုး။ ကောင်လေးက အသံတိုးတိုးလေးနဲ့တောင် လူတွေရဲ့ အာရုံကို ဘယ်လို ဖမ်းစားရမလဲ ဆိုတာကို ကောင်းကောင်း သိနေတယ်။ သူက လူအများကြီးနဲ့ ဘယ်လို စကားပြောရမလဲ ဆိုတာကိုလည်း တော်တော်လေး ကျွမ်းကျင်နေတာပဲ။ လက်ဟန်ခြေဟန်တွေနဲ့ အာရုံကို ဆွဲခေါ်သွားသလို ပရိသတ်ကို တည့်တည့် စိုက်ကြည့်ပြီး သူ့မျက်နှာဆီကို အာရုံရောက်အောင် လုပ်သွားတာက တကယ့်ကို သဘာဝကျလွန်းတယ်။

သူက ပရိသတ်ကို သူ့နားရောက်လာအောင် တိတ်တိတ်လေး ဆွဲခေါ်နေတာ။

ကောင်လေးရဲ့ ရင်ထဲမှာ အားအင်တွေ ပြည့်လျှံနေပေမဲ့ အဲဒါကို အတတ်နိုင်ဆုံး ထိန်းချုပ်ဖို့ ကြိုးစားနေတယ်ဆိုတာကို မွန်ဂျောင် သိနိုင်တယ်။ အကယ်၍သာ သူ့ကို ဒီအတိုင်း လွှတ်ထားလိုက်ရင် သူက စင်ပေါ်မှာ ပတ်ပြေးပြီး ပရိသတ်ရဲ့ အာရုံကို ဖမ်းစားထားဦးမှာ မှန်ပေမဲ့ အဲလိုလုပ်ရင်တော့ ဇာတ်ကောင်ရဲ့ စရိုက်က ပျက်သွားမှာလေ။ ကောင်လေးက သူ့ကို ပေးထားတဲ့ ဒီအိပ်မက်ဆန်ဆန် အခိုက်အတန့်ကို ဘယ်လို အသုံးချရမလဲ ဆိုတာကို သေသေချာချာ သိနေတာပေါ့။

ဟျဲဟွာဘူတာရုံလမ်းတစ်လျှောက် လျှောက်သွားတဲ့အခါမှာ လမ်းပေါ်မှာသရုပ်ဆောင်နေတဲ့ သရုပ်ဆောင် လူငယ်လေးတွေကို အများကြီး တွေ့ရတတ်တယ်။ အဲဒီထဲမှာ ပညာရှင်တွေ ဖြစ်လာနိုင်တဲ့ အနုပညာရှင်တွေ အများကြီး ပါတာပေါ့၊ အထူးသဖြင့် အဆိုတော်တွေလေ။ သူတို့ထဲက တချို့က တကယ်ကို တော်ကြပေမဲ့ သူတို့ကို ကြာကြာ ကြည့်ဖြစ်ဖို့ကတော့ ခက်ခဲတတ်တယ်။ အဲဒါက အနုပညာရှင်တွေ ပရိသတ်နဲ့ ရင်ဆိုင်ရတဲ့ အခက်အခဲပဲ။ အရည်အချင်းလား။ ဒါပေါ့၊ အရည်အချင်းက အရေးကြီးတာ မှန်ပေမဲ့ အရာအားလုံးတော့ မဟုတ်ဘူး။

တစ်ခါတလေကျရင် တွေ့တတ်တယ်။ ဂစ်တာတီးရင် မှားတတ်သလို အသံချဲ့စက်တောင်မပါဘဲ သီချင်းဆိုနေတဲ့ အဆိုတော်တစ်ယောက်ပေါ့။ ဒါပေမဲ့ အဲဒီလူ့နားမှာ လူတွေ အများကြီး စုနေတတ်တယ်။ သူ ဂစ်တာတီးတာ မှားသွားရင်လည်း ပရိသတ်တွေက လိုက်ဆိုပေးကြပြီး အသံဝင်သွားရင်လည်း ပရိသတ်တွေရဲ့ အားပေးသံတွေနဲ့ ဖုံးကွယ်သွားတာမျိုးပေါ့။ ဂစ်တာသံ တိုးတိုးလေးက ပရိသတ်ကို သူ့နား ရောက်လာအောင် ဆွဲခေါ်နေသလိုပဲ။

ပရိသတ်ကချစ်တဲ့ အနုပညာရှင်ပေါ့။ နတ်ဘုရားတွေက ချစ်တဲ့ ကလေးတွေလေ။ သူတို့ဆီက ထွက်လာတဲ့ အားအင်တွေနဲ့တင် ပရိသတ်ရဲ့ အာရုံကို ဖမ်းစားထားနိုင်တဲ့သူတွေပေါ့။

“အော်... ရွာသားတွေ လာနေကြပြီ”

ကောင်လေးက အဲဒီလို ပြောပြီး ဘယ်ဘက်ကို လှည့်လိုက်တယ်။ သူ လှည့်လိုက်တာ မြန်လွန်းလို့ သူ့ခေါင်းပေါ်က ဦးထုပ်လေးတောင် ပြုတ်ကျသွားတာပေါ့။ အဲဒါက တမင်လုပ်တာ ဖြစ်မှာပါ၊ ဘာလို့လဲဆိုတော့ ကောင်လေးက ပရိသတ်ကို ‘ရှူး’ ဆိုတဲ့ အမူအရာ လုပ်ပြပြီး ချက်ချင်း ပြေးထွက်သွားလို့လေ။

ကောင်လေးရဲ့ မျက်နှာအမူအရာကို ကြည့်ပြီး မွန်ဂျောင်လည်း အပြုံးကို ဖုံးကွယ်ထားလို့ မရတော့ဘူး။

* * * * * * * * *

အခန်း(၁၄၂)

မာရူး လိုက်ကာနောက်မှာ သက်ပြင်းတစ်ချက် အသာချလိုက်တယ်။ သူ့ရဲ့ အသက်ရှူသံတွေက ကပ်စေးစေးကြီး ဖြစ်နေပြီး အဆုတ်ထဲမှာ တစ်ခုခု တစ်ဆို့နေသလိုပဲ။

“ဟူး... ခက်သားပဲ”

သူ တော်တော်လေး မွန်းကျပ်နေမိတာ။ မာရူး တစ်လျှောက်လုံး ကြားခဲ့ရတဲ့ အကြံပေးစကားတွေကို ပြန်စဉ်းစားကြည့်တယ်။ အားမလွန်စေနဲ့ ဆိုတဲ့ စကားပေါ့။ သူ အဲဒီအချက်ကို နှလုံးသွင်းပြီး စင်ပေါ်တက်ခဲ့သလို စင်ပေါ်က ဆင်းလာတဲ့အထိလည်း အဲဒီအကြံဉာဏ်ကို မမေ့ခဲ့ဘူး။ အဲဒါကြောင့်ပဲလားမသိ၊ သူ့ရဲ့ လှုပ်ရှားမှုတိုင်းက ပင်ပန်းနေသလိုပဲ။ လက်တွေ ခြေထောက်တွေကို သံကြိုးနဲ့ တုပ်နှောင်ထားသလိုမျိုး ခံစားနေရတယ်။ ပရိသတ်နဲ့ ပိုနီးစပ်အောင် လုပ်ချင်တဲ့ စိတ်ကို သူ အတော်လေး ထိန်းထားခဲ့ရတာ။ မာရူး စိတ်အေးသွားအောင် ဖြည်းဖြည်းချင်း အသက်ရှူလိုက်တယ်။

“ကောင်းတယ်ဟေ့”

“ငါ ဘယ်လိုနေလဲ။ အမှားအယွင်းများ ပါသွားလား”

“လုံးဝမပါဘူး။ တကယ်ကို ပြောင်မြောက်လှတာ”

အီဆိုးလ်က သူ့ကို လက်မထောင်ပြတယ်။ မာရူး ခါးကို ဆန့်လိုက်ပြီး စင်ဘက်ကို ပြန်ကြည့်လိုက်တယ်။ ဇာတ်လမ်းထဲမှာ လင်မယားအဖြစ် သရုပ်ဆောင်ထားတဲ့ ယွန်းဂျုံနဲ့ ဂျောင်ဟော့ခ်တို့ ထွက်လာကြပြီ။ ဂျောင်ဟော့ခ်က အကြောက်အကန် နိုင်လှတဲ့ ယောက်ျား၊ ယွန်းဂျုံကတော့ သူ့ကို အပိုင်ကိုင်ထားတဲ့ ဇနီးသည်ပေါ့။ ပြဇာတ်ရဲ့ ကျန်တဲ့ အပိုင်းတွေကလည်း ချောချောမွေ့မွေ့ပဲ ဆက်သွားနေတယ်။

“ငါ့အလှည့် ရောက်ပြီ။ ဟား...”

ဒိုဂျင်က သူ့ပုခုံးကို ခပ်ဖွဖွလေး လှုပ်ရမ်းလိုက်တယ်။ သူ့ရဲ့ ဇာတ်ကောင်ကတော့ မျက်နှာမှာ အပြုံးလေးနဲ့ တခြားသူတွေကို လိုက်စနောက်ရတဲ့သူမျိုး။

“ပုံမှန်အတိုင်းပဲ လုပ်လိုက်ပါ”

“ငါလည်း အဲလိုပဲ မျှော်လင့်တာပဲ”

ဒိုဂျင်က စိတ်လှုပ်ရှားနေလို့ သူ့နှုတ်ခမ်းကို လျှာနဲ့ သပ်နေတယ်။ ကြည့်ရတာ တော်တော်လေးကို တုန်နေတဲ့ပုံပဲ။ မာရူးက ကြောင်တောင်တောင် ဖြစ်နေတဲ့ အဲဒီကောင်လေးရဲ့ ရှေ့တည့်တည့်မှာ သွားရပ်လိုက်တယ်။

“ဘာလို့ အဲလောက် တုန်နေတာလဲ”

“... ငါ အမှားလုပ်မိမှာ ကြောက်လို့ပါ”

ဒိုဂျင်က ဇာတ်ညွှန်းကို ဖွင့်ကြည့်လိုက်တယ်။ သူ့ရဲ့ ပုံမှန် အေးအေးဆေးဆေး ရှိလှတဲ့ စရိုက်တွေက ဘယ်ဆီရောက်ကုန်ပြီလဲမသိဘူး။ သူ့ကြောင့် အီဆိုးလ်၊ တေဂျွန်းနဲ့ ယွန်ရင်တို့ပါ လိုက်ပြီး တုန်လာကြပြီ။

“အော်... အေး။ မင်း ပြောင်းလာပြီလား။ အဲဒီ ဆန်... အား၊ ချီးပဲ။ ငါ ဘာဖြစ်နေတာလဲ”

သူ လျှာကို ကိုက်မိသွားတာ ဖြစ်မှာပါ။ နောက်ပြကွက်အတွက် စင်ပေါ်မှာ ပြင်ဆင်နေတုန်း သူ နောက်ထပ် စာကြောင်းကို အမြန်ဖတ်လိုက်တယ်။ စင်ပေါ်က စီနီယာ နှစ်ယောက် ပြန်ဆင်းလာတာနဲ့ ဒိုဂျင်က ထွက်သွားရတော့မှာ။ အခုပုံစံအတိုင်းသာ ဒိုဂျင်ကို လွှတ်လိုက်ရင် ပရိသတ်ကို ကြောင်ပြီး ကြည့်နေမိမှာ သေချာတယ်။ ဒါမျိုးတော့ အဖြစ်မခံနိုင်ဘူး။ မာရူး ဘာလုပ်ပေးနိုင်မလဲ။

ကောင်လေးရဲ့ စိတ်လှုပ်ရှားမှုကို ဖျောက်ပေးဖို့ဆိုတာ မာရူးအတွက် မဖြစ်နိုင်ဘူးလေ။ အဲဒါမျိုး လုပ်နိုင်ရင်တော့ သူ နတ်ဘုရား ဖြစ်နေမှာပေါ့။ ဒိုဂျင်ရဲ့ အာရုံကို တခြားတစ်နေရာ ရောက်သွားအောင်ပဲ လုပ်ရမယ်။

“ဟေ့”

“အင်း”

“သွားကို နည်းနည်း ကြိတ်ထားစမ်း”

ဒိုဂျင်က ကလေးတစ်ယောက်လိုပဲ လိုက်လုပ်ရှာတယ်။ အဲဒါကို မြင်တော့ မာရူးက ဒိုဂျင်ရဲ့ ပါးနှစ်ဖက်ကို ခပ်ဖွဖွလေး ရိုက်လိုက်တယ်။ အသံကတော့ ဟိန်းထွက်သွားပေမဲ့ နာတော့ မနာပါဘူး။

“ . . . ”

“စာသားတွေကိုပဲ ပြော။ ပုံကြီးချဲ့တာတွေ၊ မဟုတ်တာတွေ လျှောက်မလုပ်နဲ့”

“ . . . အေးပါ”

“နောက်တစ်ခါ ထပ်လုပ်ပေးရဦးမလား”

“မလိုဘူး၊ ရပြီ။ ငါ နားလည်သွားပြီ”

ဒိုဂျင်က သူ့ပါးကို သူ ပြန်ပွတ်ရင်း ရှေ့ကို လျှောက်သွားတယ်။ ယွန်ရင်၊ တေဂျွန်းနဲ့ အီဆိုးလ်တို့က နောက်ကနေ သိချင်စိတ်နဲ့ လှမ်းကြည့်နေကြတာပေါ့။

“ဘာလဲ၊ မင်းတို့ကိုရော လုပ်ပေးရမလား” မာရူးက မေးလိုက်တယ်။

“ဟား... ရပါတယ်။ ငါက ဟိုမှာ တုန်နေတဲ့ တစ်ယောက်လို မဟုတ်ဘူးနော်” လို့ အီဆိုးလ်က မှတ်ချက်ပေးတယ်။

အဲဒီအချိန်မှာပဲ...

“ဘယ်သူက တုန်နေလို့လဲ။ ငါက နည်းနည်းလေး စိတ်လှုပ်ရှားရုံတင်ပါ”

“တကယ်လား”

“တကယ်ပေါ့”

“ဒါဆိုလည်း ကောင်းကောင်း လုပ်ခဲ့လေ”

“သိပါတယ်”

“မင်း ကောင်းကောင်း လုပ်နိုင်ရင် ငါ ဆုပေးမယ်”

“ဘာဆုလဲ”

“အနမ်းတစ်ပွင့် လိုချင်လား”

အီဆိုးလ်က စနောက်ပြီး ပြုံးလိုက်ပေမဲ့ ဒိုဂျင်ကတော့ မထင်မှတ်ဘဲ တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေနိုင်ခဲ့တယ်။

“ကတိနော်”

အခုမှပဲ သူက သတ္တိတွေ ရှိလာတော့တယ်။ တစ်ဖက်မှာတော့ အီဆိုးလ်က ကြောင်ပြီး ကျန်ခဲ့တာပေါ့။ ဒိုဂျင်ရဲ့ ခြေထောက်တွေ တုန်တာ ရပ်သွားပြီဆိုတာ မြင်တော့ မာရူး ခေါင်းညိတ်ပြလိုက်တယ်။ ယွန်းဂျုံနဲ့ ဂျောင်ဟော့ခ်တို့ ပြန်ရောက်လာကြပြီ။

“ဟူး... ငါ သွားပြီ”

“အေး၊ ကံကောင်းပါစေ”

ဒိုဂျင်က ခြေလှမ်းကျကျနနနဲ့ ထွက်သွားတယ်။

“ဘာဖြစ်တာလဲ” လို့ ယွန်းဂျုံက မေးတယ်။

“သူ သတိပြန်ဝင်လာအောင် ငါ နည်းနည်း ကူညီပေးလိုက်တာ”

“တကယ်လား။ ကောင်းတယ်ဟေ့”

မာရူးက ဘေးကနေ ဒိုဂျင်ကို ကြည့်နေတုန်း ယွန်းဂျုံက မာရူးရဲ့ ပုခုံးကို ပုတ်ပေးတယ်။ ဂွန်ဆော့ မရှိတဲ့ အချိန်မှာ ဒိုဂျင်က စင်ပေါ်မှာ တစ်ယောက်တည်း စကားပြောတဲ့ ပြကွက်ကို စက္ကန့်သုံးဆယ်လောက် ဆွဲထားရမှာ။ ဒိုဂျင် ချောင်းတစ်ချက် ဟန့်လိုက်ပြီး စကားစပြောတယ်။ ပထမဆုံး စာကြောင်းက အသံနည်းနည်း တုန်သွားပေမဲ့ ကျန်တာကတော့ အဆင်ပြေပါတယ်။ သူ ဘယ်လောက်တောင် လေ့ကျင့်ထားလဲဆိုတာကို သိသာစေတဲ့ စာသားတွေက စင်တစ်ခုလုံးကို လွှမ်းမိုးသွားတော့တာပေါ့။

ဒိုဂျင်ဆီမှာ စိတ်လှုပ်ရှားမှု အရိပ်အယောင်လေးတွေ ကျန်နေသေးတာကို မာရူး မြင်နေရပေမဲ့ သိပ်တော့ မသိသာပါဘူး။ တကယ်တမ်း သူ့အသံမှာတော့ အဲဒီအရိပ်အယောင်တွေ လုံးဝ မပါတော့ဘူးလေ။ မာရူး စင်ပေါ်က ဒိုဂျင်ကို ကြည့်နေတုန်းမှာပဲ တစ်ယောက်ယောက်က သူ့ပုခုံးကို လှမ်းကိုင်လိုက်တယ်။

“မင်းတို့ တကယ် တော်ကြတယ်”

မီဆို ပါလား။ သူက တစ်ချိန်လုံး စင်နောက်ကွယ်မှာ အရာရာအဆင်ပြေရဲ့လားဆိုတာကို လိုက်စစ်နေတာ။ ကြည့်ရတာ တည်ငြိမ်နေသလိုရှိပေမဲ့ သူလည်း တခြားသူတွေလိုပဲ နည်းနည်းတော့ စိတ်လှုပ်ရှားနေမှာကို မာရူး သိနေတာပေါ့။

“မင်းတို့တွေ တကယ်ကို ပြည့်စုံလွန်းတယ်။ ဒီအတိုင်းလေးပဲ ဆက်သွားကြ။ အခု မင်းတို့ အကောင်းဆုံး ဖြစ်နေပြီ”

မီဆိုက ချီးကျူးစကားတွေကို အမြောက်အမြား ပြောပေးလိုက်တာက ကလပ်အသင်းသားတွေကို တက်ကြွသွားစေတယ်။ မီဆိုက ပြဇာတ်က သိပ်မကြာတော့ဘူးလို့ ပြောပြီး တခြားတစ်နေရာကို ထွက်သွားတယ်။ မာရူးလည်း သူ့နောက်က လိုက်သွားတာပေါ့။

“ကျွန်တော်တို့ ဒီအတိုင်းဆို အဆင်ပြေရဲ့လား”

မီဆိုက မာရူးကို ခဏလောက် သေသေချာချာ ကြည့်လိုက်တယ်။ မာရူးလည်း မီဆိုရဲ့ မျက်လုံးတွေကို စိုက်ကြည့်လိုက်တာပေါ့။ သူ့ခေါင်းပေါ်မှာ စကားပြောပူဖောင်းလေးတစ်ခု ပေါ်လာတယ်။

[[သူ့ကို ဒါတွေ ပြောပြလိုက်ရင် အဆင်ပြေပါ့မလား]]

ထူးထူးဆန်းဆန်းပဲ၊ သူလည်း အတွင်းစိတ်မှာ တုန်လှုပ်နေတာကိုး။ သူနဲ့တောင် မတူဘူး။ အဲဒါကြောင့်လည်း မာရူးက ဒီစွမ်းရည်ကို သိပ်သဘောမကျတာ။ ပတ်ဝန်းကျင်က လူတွေအကြောင်း အများကြီး သိနေရတာက အမြဲတမ်းတော့ မကောင်းလှဘူးလေ။ လူတွေဆိုတာ အမှန်တရား ၈၀ ရာခိုင်နှုန်းနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ချင်တဲ့စိတ် ၂၀ ရာခိုင်နှုန်း ပေါင်းစပ်နေတဲ့ အချိန်မှာမှ သဘာဝအကျဆုံး မြင်ရတာကိုး။

“တစ်ခုခု ပြဿနာရှိလားလို့ မေးတာဆိုရင်တော့ မရှိပါဘူး။ အဆင်ပြေပါတယ်”

“အဲဒါကို မေးတာ မဟုတ်မှန်း မင်း သိပါတယ်နော်။ ငါ့ရဲ့ သရုပ်ဆောင်မှုက မင်းအတွက် စိတ်ကျေနပ်စရာ ဖြစ်ရဲ့လားလို့ မေးတာပါ”

မာရူးက ကိုယ့်ကိုယ်ကိုယ် မျှမျှတတ ဝေဖန်ဖို့ ခက်နေတုန်းပဲ။ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်တာက ကမ္ဘာပေါ်မှာ အခက်ခဲဆုံး အရာတွေထဲက တစ်ခု မဟုတ်လား။ အဲဒါကြောင့်လည်း မာရူးက တခြားတစ်ယောက်ရဲ့ တုံ့ပြန်မှုကို လိုချင်နေတာ။ ပရိသတ်အမြင်မှာ သူ့ရဲ့ ထိန်းချုပ်ထားတဲ့ သရုပ်ဆောင်မှုက ဘယ်လိုမျိုးလဲ။ ဒီအတိုင်း ဆက်သွားရင်ရော အဆင်ပြေပါ့မလား။ သူ အဖြေတစ်ခု လိုအပ်နေတယ်။

“မင်းက ဒီကိစ္စကျရင် ကလေးတစ်ယောက်လိုပဲ”

“မသိတာကို မေးတာက ကလေးတွေရဲ့ အခွင့်အရေးပဲ မဟုတ်လား”

“မင်းကော ဘယ်လိုထင်လဲ။ မင်းကိုယ်မင်း ကျေနပ်ရဲ့လား”

“ကျွန်တော်... မသိဘူး”

“ဒါဆို မေးခွန်းကို ပြောင်းလိုက်မယ်။ မင်း ပျော်နေလား”

အဲဒီမေးခွန်းအတွက်တော့ သူ စဉ်းစားနေစရာတောင် မလိုပါဘူး။ သူ ခေါင်းညိတ်ပြလိုက်တယ်။ အဲဒီတော့မှ မီဆိုက သူ့ကို ပြုံးပြတော့တာပေါ့။

“အဲဒါဆိုရင် ရပြီလေ။ ပြီးပြည့်စုံအောင် မကြိုးစားနဲ့ဦး၊ မင်းက အပျော်တမ်းသရုပ်ဆောင်ပဲ ရှိသေးတာ”

“ဒါပေမဲ့ ရလဒ်တွေက...”

“မာရူး”

“ဟုတ်ကဲ့”

“အရမ်း အလောမကြီးပါနဲ့ဦး။ မင်း အခု လုပ်နိုင်သလောက်နဲ့တင် အဆင်ပြေနေပါပြီ။ မင်း စိတ်တိုင်းမကျဘူးဆိုတာ သိပေမဲ့ မင်းရဲ့ ဇာတ်ကောင်က ထူးထူးခြားခြားကြီး မဟုတ်ဘူးလေ။ လူတွေရဲ့ အာရုံကို ဖမ်းစားဖို့ မလိုဘူး။ အဲဒါကြောင့်ပဲ မင်းကို ထိန်းထားဖို့ ပြောခဲ့တာပေါ့။ ဒါပေမဲ့ မင်းက ဒီအတိုင်းတောင် လူတွေရဲ့ အာရုံကို ရနေပြီ။ ဒီထက် ပိုလုပ်လိုက်ရင် ပရိသတ်က မင်းအပေါ်မှာ အရမ်းတွေ သံယောဇဉ် တွယ်သွားလိမ့်မယ်။ အဲဒါက ပြဇာတ်ကို ထိခိုက်စေနိုင်တယ်”

မီဆိုက မာရူးရဲ့ ပုခုံးကို ခပ်ဖွဖွလေး ပုတ်လိုက်တယ်။

“ဒါဆို အဖြေက လုံလောက်ရဲ့လား”

“မလုံလောက်ပါဘူး။ ဒါပေမဲ့... အတိုင်းအတာတစ်ခုအထိတော့ နားလည်သွားပါပြီ”

“မင်းကတော့လေ။ မင်းကိုယ်မင်း သေသေချာချာထိန်းချုပ်နိုင်တဲ့အချိန်ကျမှ ရှိသမျှအကုန်ထုတ်ပြလိုက်။ အပျော်တမ်း သရုပ်ဆောင်တွေတောင် မသေချာရင် အတင်းမလုပ်ကြဘူး။ အဲလိုလုပ်တာက လူမိုက်ပဲ ရှိတာ”

အဲဒီလိုပြောပြီး မီဆိုထွက်သွားတယ်။ လူမိုက်တဲ့လား... မာရူး သူ့မျက်မှောင်ကို သူ ပွတ်လိုက်မိတယ်။ အမှန်အတိုင်း ပြောရရင် သူလည်း အခုထိ သေသေချာချာ မသိသေးဘူး။ အခုလို ရင်ထဲမှာ မွန်းကျပ်နေတဲ့ အခြေအနေကြီးနဲ့ စင်ပေါ်မှာ ဆက်သွားနေရမှာလား။

‘အင်းလေ... သူက အဆင်ပြေတယ်ဆိုမှတော့ ထားလိုက်ပါတော့’

နေမကောင်းရင် ဆရာဝန်ဆီ သွား၊ ကားပျက်ရင် စက်ပြင်ဆရာဆီ သွားသလိုပေါ့။ သရုပ်ဆောင်မှုအကြောင်း မသိရင်လည်း သင်ပေးတဲ့သူကိုပဲ မေးရမှာပဲလေ။ သင်ပေးတဲ့သူက အဆင်ပြေတယ်လို့ ပြောမှတော့ သူ ဘာတတ်နိုင်မှာလဲ။ အထူးသဖြင့် အဲဒီလူက မီဆိုလိုမျိုး ကျွမ်းကျင်တဲ့သူ ဖြစ်နေရင်ပေါ့။

“ဟူး”

ဒိုဂျင်က စင်ပေါ်က ဆင်းလာတာနဲ့ သူ့ကိုယ်သူ ဖျောက်လိုက်ပြီး အသက်မရှူနိုင်တော့သလိုမျိုး ဟောဟောဒိုင်းဒိုင်း လုပ်နေတော့တယ်။

“ငါ ဘယ်လိုနေလဲ” လို့ သူ မေးတယ်။

“ငါ မကြည့်လိုက်ရဘူး” လို့ မာရူးက ပြုံးပြီး ပြန်ဖြေတယ်။

“တောက်... မင်းကတော့ကွာ”

“ဒါပေမဲ့ ပရိသတ်ကို ကြည့်ရတာတော့ မင်း အဆင်ပြေပုံရတယ်နော်”

“တ-တကယ်လား”

ဒိုဂျင်က ပရိသတ်ဘက်ကို လှမ်းကြည့်လိုက်တော့ သူ့ရဲ့ စိတ်လှုပ်ရှားနေတဲ့ မျက်နှာက ချက်ချင်းဆိုသလို ကြည်လင်သွားတယ်။ မာရူး အဲဒါကို အလွယ်တကူ သိနိုင်တာပေါ့။ ရှေ့ဆုံးက တကယ့်ကို ကြောက်စရာကောင်းတဲ့ မျက်နှာထားနဲ့ လူကြီးတောင် ပြုံးနေတာကိုး။

“ငါတို့... သွားလို့ရပြီ... ဟုတ်တယ်မလား”

ဒိုဂျင်က ဘေးနားက လူတိုင်းကို လိုက်မေးနေတာ။ သူ ဘယ်ကို သွားမှာလဲလို့ ဘယ်သူမှ မမေးကြဘူး။ သူ ဘာအကြောင်း ပြောနေလဲဆိုတာ အကုန်လုံး သိကြတာကိုး။

“ဒါပေါ့”

“ငါတို့ ဗိုလ်လုပွဲ မရောက်ရင် ငါ အိပ်ပျော်မှာ မဟုတ်ဘူး”

ဒါ့အပြင် သူတို့ကျောင်းရဲ့ ခန်းမကြီး ကံကြမ္မာကလည်း ဒီအပေါ်မှာ မူတည်နေတာလေ။ ဘာပဲဖြစ်ဖြစ် ဗိုလ်လုပွဲတော့ ရောက်အောင် သွားရမှာပဲ။ ကျောင်းကို တစ်ခုခု ပြစရာ ရှိရမယ် မဟုတ်လား။

“မာရူး၊ မင်းအလှည့် ရောက်ပြီ”

“အင်း”

မာရူး နောက်တစ်ခေါက် စင်ပေါ်တက်ဖို့ ပြင်လိုက်တယ်။ ဒီတစ်ခါတော့ ဒေးမြောင်နဲ့ လူချင်းလဲရမှာ။ စင်ပေါ်ကနေ ဒေါသတကြီးနဲ့ လမ်းလျှောက်လာတဲ့ ကျောင်းသားတစ်ယောက်ကို သူ မြင်လိုက်ရတယ်။ သူလည်း ပထမဆုံး ခြေလှမ်းကို ဖြည်းဖြည်းချင်း လှမ်းလိုက်တာပေါ့။

“ကံကောင်းပါစေ”

“ဒါပေါ့”

သူတို့နှစ်ယောက် ဖြတ်သွားရင်းနဲ့ နှုတ်ဆက်လိုက်ကြတယ်။ ဘာကြောင့်လဲတော့ မသိဘူး၊ မာရူးရဲ့ ရှေ့က စင်ပေါ်မှာ ဘယ်သူမှ မရှိပေမဲ့ ဟာလာဟင်းလင်းကြီး ဖြစ်မနေဘူး။ စောစောက စင်ပေါ်မှာ ပျံ့နှံ့နေတဲ့ စိတ်အားထက်သန်မှုတွေကြောင့် ဖြစ်မှာပါ။ အားအင်တွေက စင်ပေါ်မှာ ကျန်နေသေးသလိုပဲ။

“ဒီလူတွေက တော်တော် ခေါင်းမာတာပဲနော်။ အပြင်ကနေ ကြည့်ရတာ တော်တော်လေးကို မွန်းကျပ်ဖို့ ကောင်းတယ်”

မာရူးက စင်ပေါ်မှာ ကျန်နေတဲ့ စိတ်အားထက်သန်မှုတွေကို စုစည်းပြီး နောက်ပြကွက်က လူတွေဆီ လက်ဆင့်ကမ်းပေးရမယ်။ အဲဒီလို လုပ်နိုင်ဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် ကြွားချင်တဲ့ စိတ်တွေကို စွန့်လွှတ်ရမယ်။ သူ စိတ်ရှိလက်ရှိ မလုပ်နိုင်သေးဘူး။ လောလောဆယ်တော့ သင်ပေးတဲ့သူရဲ့ စကားကို နားထောင်ရမှာပဲ။ နောင်တစ်ချိန်မှာတော့ သူ အစွမ်းကုန် လုပ်ပြနိုင်မှာ ဖြစ်ပေမဲ့ ဒီနေ့တော့ သူ တည်တည်ငြိမ်ငြိမ်ပဲနေရမယ်။

‘ဒါပေမဲ့ ဒီအပေါ်မှာ ရှိနေရတာ ပျော်စရာကြီးပဲ’

ခြေထောက်အောက်က သစ်သားရဲ့ အထိအတွေ့က တကယ့်ကို ကောင်းတယ်။ အပေါ်က မီးဆိုင်းတွေရဲ့ အပူရှိန်ကလည်း သဘောကျစရာပဲ။ စင်ပေါ်က တိတ်ဆိတ်မှုကလည်း နေလို့ကောင်းတယ်။ ပရိသတ်တွေရဲ့ အကြည့်တွေကလည်း စိတ်လှုပ်ရှားဖို့ ကောင်းသားပဲ။ သရုပ်ဆောင်ရတာက... တကယ်ကို ရင်ခုန်စရာပါပဲ။

“ဒီလူတွေ နောက်ထပ် ဘာတွေလုပ်ကြဦးမလဲ သိချင်လိုက်တာ။ မင်းတို့ကော ဘယ်လို ခံစားရလဲ”

* * * * * * * * *

ဂွန်ဆော့က သရုပ်ဆောင် တော်တာပဲလို့ ဆူယွန်း မြင်မြင်ချင်း သိလိုက်တယ်။ တခြားသူတွေလည်း အဆင်ပြေပါတယ်။ အဆင်ပြေရုံတင် မကဘူး၊ သူ တော်တော်လေးတောင် အံ့ဩသွားရတာ။ သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် တော်တော်လေး သဟဇာတ ဖြစ်ကြတယ်။ ပုံမှန် အထက်တန်းကျောင်း ပြဇာတ်တွေက နည်းနည်း အားနည်းတတ်ပေမဲ့ ဒီကျောင်းကတော့ မတူဘူး။ သင်ပေးတဲ့ မီဆိုက တကယ်ကို အရည်အချင်း ရှိတာပဲ။

တကယ်တော့ မီဆိုက ဆူယွန်းကို ဂွန်ဆော့နဲ့ ပတ်သက်ပြီး ဘာလုပ်ချင်လဲလို့ မေးကတည်းက သူ သိနေတာ။ သူက တော်တော်လေးကို ထက်မြက်တာကိုး။ အဲဒါကြောင့်လည်း ဒီကလပ်အသင်းက ဒီလောက်အထိ တော်နေတာ ဖြစ်မှာပါ။ ဒါပေမဲ့ ဆူယွန်းက တခြားတစ်ယောက်ကို ပိုပြီး စိတ်ဝင်စားနေမိတယ်။

‘ဟန်မာရူး . . . ’

ဂန်ဟွမ်နဲ့ တွေ့တုန်းက သူ ပထမဆုံး မြင်ခဲ့တဲ့ ကောင်လေးပေါ့။ ဂျွန်မင်းက ဒီကောင်လေးက ထူးဆန်းတယ်လို့ ပြောတုန်းက သူ ဘာကို ဆိုလိုတာလဲဆိုတာ သေချာ မသိခဲ့ဘူး။ အခုတော့ သူ ကောင်းကောင်း နားလည်သွားပြီ။ ဂွန်ဆော့ဆီကနေ အရည်အချင်းကို မြင်ရတယ်ဆိုရင် မာရူးဆီကနေတော့ ဖြစ်နိုင်ခြေတွေကို မြင်နေရတာ။ အခုလောလောဆယ်မှာတော့ ဂွန်ဆော့က မာရူးထက် ပိုတော်နေတာ အမှန်ပဲ။ တစ်ဖက်မှာလည်း မာရူးဆီမှာ ဂွန်ဆော့မှာ မရှိတဲ့ အရည်အချင်းတစ်ခု ရှိနေတယ်။ သူ မှားနေတာလည်း ဖြစ်နိုင်တာပေါ့။ ဒါက သူ့ရဲ့ သရုပ်ဆောင်မှုကို ပထမဆုံးအကြိမ် မြင်ဖူးတာ မဟုတ်လား။

‘ဒါပေမဲ့ ငါ့မှာ ဒီလို ခံစားချက်မျိုး ရှိနေတယ်’

ခံစားချက်... အဲဒီစကားလုံးလောက် ဝေခွဲရခက်တာ မရှိဘူး။ ဆူယွန်းကတော့ သူ တန်ဖိုးရှိတယ်လို့ ယူဆတဲ့သူတွေအတွက်ပဲ ဒီစကားလုံးကို သုံးတာ။ အချိန်နည်းနည်း ကြာလာရင် သူ မှန်သလားဆိုတာ သိရမှာ ဖြစ်ပေမဲ့ အခုလောလောဆယ်တော့ မာရူးက တခြားသူတွေနဲ့ မတူဘူးဆိုတာ သူ သေချာနေပြီ။ ဆူယွန်းက သူ့နှုတ်ခမ်းကို လက်ညှိုးနဲ့ အသာလေး ပုတ်လိုက်တယ်။ သူ စဉ်းစားနေတာ။ တွက်ချက်နေတာ။ မာရူးနဲ့ ရင်းနှီးဖို့ ဘယ်လောက်အထိ အချိန်ယူရမလဲ။ အဲဒီကနေ ဘာတွေ ရနိုင်မလဲ။

သူ့ခေါင်းထဲက ဂဏန်းပေါင်းစက်ကတော့ ချက်ချင်းပဲ အဖြေထုတ်ပေးလိုက်တယ်... ဒါက တွက်ခြေကိုက်မှာပဲ။

ဆူယွန်းက ဂွန်ဆော့ကို ဒီထက်ပိုပြီး လှုံ့ဆော်ပေးဖို့ လိုအပ်တယ်လို့ ခံစားရတယ်။ အဲဒီကောင်လေးကိုသာ ကောင်းကောင်း သုံးတတ်ရင် ဂွန်ဆူနဲ့ရော မာရူးနဲ့ရော ရင်းနှီးသွားနိုင်တာပေါ့။

‘ဒါနဲ့ သူက ငါ့ကို လုံးဝကြီး လျစ်လျူရှုထားတာပါလား’

သူက ဂွန်ဆူကို အရင် နှုတ်မဆက်ချင်လို့ လျစ်လျူရှုထားတာ ဖြစ်ပေမဲ့ ဂွန်ဆူကတော့ သူ့ကို သတိတောင် ထားမိပုံမရဘူး။ အဲဒါက နည်းနည်းတော့ အရှက်ရစရာ ဖြစ်ပေမဲ့ အခုလောလောဆယ်တော့ ဂွန်ဆော့ကိုပဲ ဦးစားပေးထားလိုက်မယ်။ သူ့ကို ဖြိုခွဲရတာက တော်တော်လေး ပျော်စရာကောင်းမှာ။

‘ငါ ဒီကနေ အများကြီး ရလိုက်တာပဲ’

ဒီနေ့ကတော့ တကယ့်ကို ကောင်းတဲ့ နေ့တစ်နေ့ပါပဲ။

* * * * * * * * *

All Chapters