← Chapters

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

အခန်း (၁၄၃)

စင်ပေါ်မှာ သရုပ်ဆောင်ရတာကတော့ တကယ်ကို ပျော်စရာကောင်းတာပါပဲ။ မာရူးက သူ့ရဲ့ စာသားတွေကို ပြောလိုက်ရုံနဲ့တင် စိတ်ထဲမှာ တော်တော်လေး နေလို့ကောင်းသွားတယ်။ ပရိသတ်ဆီက တုံ့ပြန်မှုအသစ်တွေကို ရလိုက်တိုင်း သူ့ရဲ့ အာရုံငါးပါးလုံး ပိုပြီး ပွင့်လန်းလာသလို ခံစားနေရတာပေါ့။

“ငါ အထဲကို ပြန်ဝင်ရတော့မယ် ထင်တယ်”

သူက ခါးလေးအသာညွှတ်ပြီး နှုတ်ဆက်လိုက်ကာ စင်နောက်ကို ပြန်ဝင်လာခဲ့တယ်။ စင်္ကြံမှာ ရှိနေတဲ့ ကလပ်အဖွဲ့ဝင်တွေကို ခေါင်းညိတ်ပြလိုက်ပြီး ကြမ်းပြင်ပေါ်က ရေဘူးကို လှမ်းယူလိုက်တယ်။ သူက အင်္ကျီပါးပါးလေးပဲ ဝတ်ထားတာတောင် အတွင်းထဲမှာတော့ ချွေးတွေနဲ့ ရွှဲနေပြီလေ။

“သိပ်မလိုတော့ဘူး”

မီဆိုက သူတို့ကို အဆုံးထိ အာရုံစိုက်ထားကြဖို့ ပြောလိုက်တယ်။ ပြဇာတ်ကလည်း အထွတ်အထိပ်အပိုင်းကို အမြန်ရောက်လာပြီလေ။ ဇာတ်ကောင်တွေကြားမှာ ကြီးကြီးမားမား ပဋိပက္ခတွေ သိပ်မရှိတာကြောင့် အထွတ်အထိပ်အပိုင်းက သိပ်ပြီးတင်းမာမနေပါဘူး။ ဒါက ပုံမှန်ဟာသပြဇာတ်တစ်ခုပဲလေ။ ပရိသတ်တွေ အဆုံးထိ ပြုံးနေနိုင်ရင်ပဲ ဒီပြဇာတ်ကအောင်မြင်တယ်လို့ ပြောလို့ရတယ်။ မာရူးက စင်ပေါ်မှာ စကားပြောနေတဲ့ ဂွန်ဆော့ရဲ့ အသံကို ကြားနေရတယ်။ ဂွန်ဆော့က ဘာထူးခြားချက်မှ မရှိတဲ့ ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်နေရတာတောင် လူတွေရဲ့ အာရုံကို ဖမ်းစားထားနိုင်တုန်းပဲ။ ဘေးနားက ကလေးတွေရဲ့ အသံကြားမှာ နစ်မသွားအောင် အစွမ်းကုန် ကြိုးစားပြီး ပြောနေရှာတာ။

ပြဇာတ်ရဲ့ အရည်အသွေးက တဖြည်းဖြည်း မြင့်တက်လာတာကတော့ ဂွန်ဆော့ရဲ့ ကြိုးစားမှုကြောင့်ပဲလို့ ဆိုရမယ်။

* * * * * * * * *

“သူတို့ တော်ကြသားပဲ”

“အင်း ဟုတ်တယ်”

“ဝူဆောင်း အထက်တန်းကျောင်းက ပြီးခဲ့တဲ့ နွေရာသီ ပြိုင်ပွဲတုန်းက ပြုတ်သွားတာ မဟုတ်လား”

“အေး ငါကြားတာတော့ အဲလိုပဲ”

သူမက ရှေ့မှာ ရှိနေတဲ့ ကောင်လေးကို ကြည့်ရင်း ယိုဂျင်နဲ့ တိုးတိုးလေး ကပ်ပြောနေတာ။ စင်ပေါ်က ကောင်လေးက အရပ်ရှည်ပြီး ရုပ်ရည်ကလည်း တကယ့်ကို ထင်းနေတာပဲ။ အဲဒီကောင်လေးရဲ့ ဆွဲဆောင်မှုရှိတဲ့ အသံနဲ့ တက်ကြွမှုတွေက တကယ့်ကို မယုံနိုင်စရာပဲ။ ဒါတင်မကသေးဘူး၊ သူ့ရဲ့ သရုပ်ဆောင်မှုက သဘာဝကျလွန်းတော့ သူ သရုပ်ဆောင်နေတဲ့ ဇာတ်ကောင်က တကယ့် လူတစ်ယောက်အတိုင်းပဲ ခံစားရစေတယ်။

“ဘာလို့ ပြုတ်သွားတာပါလိမ့်”

“ငါ့စီနီယာကတော့ အဲဒီပြဇာတ်ကို ကြည့်ခဲ့တယ်၊ သူတို့ အမှားလုပ်မိလို့တဲ့”

“အမှား ဟုတ်လား”

“အေး ဟိုအရပ်ရှည်တဲ့ ကောင်လေးဆီက အမှားပါသွားတာလို့ ပြောတယ်၊ အဲဒါကြောင့် နေမှာပေါ့”

“ဒါပေမဲ့ မာရူးကလည်း အရပ်ရှည်တာပဲလေ”

“မာရူးက နွေရာသီ ပြိုင်ပွဲမှာ မပါခဲ့ဘူးလေ”

“တကယ်လား ဒါဆို သူက ဆောင်းဦးကျမှ စပြီး လေ့ကျင့်တာပေါ့”

“အဲလိုပဲ ပြောရမှာပေါ့”

“အံ့ဩစရာပဲ တကယ်ကို အံ့ဩဖို့ ကောင်းတာ”

ယိုဂျင်က သူ့မေးစေ့ကို လက်နဲ့ ထောက်ထားလိုက်တယ်။ တကယ်လည်း အံ့ဩစရာပါပဲ။ ပြန်စဉ်းစားကြည့်တော့ မာရူးက သူမကို ပြောဖူးတယ်၊ နွေရာသီတုန်းက သူ အချိန်ပိုင်းအလုပ်လုပ်နေတာလို့။ ဆိုလိုတာက သူ လုံးဝ မလေ့ကျင့်ခဲ့ရဘူးပေါ့။ သူက ဆောင်းဦးရောက်မှ စပြီးလေ့ကျင့်ခဲ့တာဆိုတော့ လေးလပဲ ရှိသေးတာပေါ့။ ဘာပဲဖြစ်ဖြစ် စင်ပေါ်က လူတွေ ပြန်ထွက်သွားပြီး မီးရောင်က ပြာလွင်တဲ့ အရောင်ဘက်ကို ပြန်ပြောင်းသွားတယ်။

“မာရူး လာပြီ” လို့ ယိုဂျင်က သတိပေးလိုက်တယ်။

မာရူးက လိုက်ကာနောက်ကနေ ယိမ်းယိုင်ပြီး ထွက်လာတယ်။ သူက တစ်ခုခုကို လျှို့ဝှက်ချက်အနေနဲ့ ပြောတော့မယ့်အတိုင်း ပတ်ဝန်းကျင်ကို သေသေချာချာ ကြည့်ပြီးမှ စင်အလယ်ကို လျှောက်လာခဲ့တယ်။ သူ့ရဲ့ လှုပ်ရှားမှုတိုင်းက သေသေချာချာ လေ့ကျင့်ထားတဲ့အတိုင်း ချောမွေ့နေတာပဲ။

“ဟိုအရပ်ရှည်တဲ့ ကောင်လေးက သရုပ်ဆောင် ပိုတော်တာတော့ သေချာတယ်၊ ဒါပေမဲ့ ငါ့အမြင်ကတော့ မာရူးဆီမှာပဲ ရောက်နေမိတယ်။ အဲဒါ မီးဆိုင်းတွေကြောင့်လား”

“မသိဘူးလေ”

သူမလည်း အဲဒါကို တော်တော်လေး သိချင်နေမိတာ။ သူမက မာရူးကို ချစ်သူတစ်ယောက်အနေနဲ့ လာကြည့်တာ မဟုတ်ဘဲ ပြဇာတ်ကို ဝါသနာပါတဲ့ ပရိသတ်တစ်ယောက်အနေနဲ့ လာကြည့်တာလေ။ မာရူးက သူမရှေ့မှာ ရပ်ပြီး စင်ပေါ်မှာ အေးအေးဆေးဆေးပဲ စကားတွေ ပြောနေတယ်။ သူ့ရဲ့ ဇာတ်ကောင်ကလည်း တကယ့်ကို ထူးခြားတာပါ။

သူ လူတွေရဲ့ အာရုံကို ရနေတာကတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ အဲဒါတစ်ခုတည်းကြောင့်ပဲလား။ သူ့ဇာတ်ကောင်က ထူးခြားတယ်ဆိုပေမဲ့ အဲဒီလောက်ကြီးတော့လည်း မဟုတ်ပါဘူး။ ပြဇာတ်ထဲမှာ ကြည့်လို့ကောင်းတဲ့ တခြားဇာတ်ကောင်တွေ အများကြီး ရှိနေတာပဲလေ။ မာရူးက တခြားသူတွေထက် သရုပ်ဆောင်မှုပိုင်းမှာ အပြတ်အသတ်ကြီး ပိုတော်နေတာမျိုးလည်း မဟုတ်ဘူး။

ဒါဆို သူက ဘာလို့ ဒီလောက်တောင် ဆွဲဆောင်မှု ရှိနေရတာလဲ။ သူမကတော့ သူမ မာရူးကို ချစ်လို့ပဲလို့ ထင်နေတာ၊ ဒါပေမဲ့ ယိုဂျင်လည်း သူမလိုပဲ ခံစားနေရတာလေ။ တစ်ခုခုတော့ ထူးခြားတဲ့ အကြောင်းရင်း ရှိရမယ်။

‘လေယူလေသိမ်းလား အမူအရာလား ဒါမှမဟုတ် သူ့ရဲ့ ဇာတ်ကောင်နဲ့ ပေါင်းစပ်သွားတာလား’

အဲဒါ ဘာဖြစ်မလဲ။ သူမ စက္ကန့်နဲ့အမျှ ပိုပြီး စိတ်လှုပ်ရှားလာတယ်၊ သရုပ်ဆောင်မှုပိုင်းမှာ မာရူးကို မရှုံးချင်ဘူးလေ။ သူမက မာရူးရဲ့ ရည်းစားဆိုပေမဲ့ ရှုံးတော့ မရှုံးချင်ဘူး။ အထူးသဖြင့် မြောင်ဒုံ အနုပညာပြဇာတ်ရုံက သရုပ်ဆောင် တစ်ယောက်အနေနဲ့ပေါ့။

“ဒိုင်တွေရဲ့ စိတ်ကိုတော့ ငါ မသိဘူး၊ ဒါပေမဲ့ သူတို့ တော်တော်လေး ကောင်းကောင်း လုပ်နိုင်မှာတော့ သေချာတယ်”

ယိုဂျင်က ယုံကြည်မှုရှိရှိ ပြောလိုက်တာကို သူမလည်း လက်ခံမိတယ်။ အရင်က သူမ အဖေနောက်လိုက်ပြီး ပြဇာတ်တွေ အများကြီး ကြည့်ခဲ့ဖူးတော့ တကယ့် သရုပ်ဆောင်ကောင်းတွေကို မြင်လိုက်ရတဲ့အခါ ခံစားရတဲ့ ခံစားချက်မျိုး အခု သူမ ခံစားနေရတာလေ။ သူမ ရင်ဘတ်ပေါ် လက်ကလေးတင်လိုက်တော့ ရင်တွေ တဒိန်းဒိန်း ခုန်နေတာကို သိလိုက်ရတယ်။

‘သူ တော်သားပဲ။ ဒါပေမဲ့ ငါလည်း ရှုံးမှာ မဟုတ်ဘူး’

မာရူးနဲ့ အတူတူ လေ့ကျင့်နေတုန်းက ဒီလိုမျိုး တစ်ခါမှ မတွေးမိခဲ့ဘူးဆိုတာကို သူမ ရုတ်တရက် သတိရသွားတယ်။

“ယိုဂျင်၊ မာရူးနဲ့ အတူတူ လေ့ကျင့်ရတာ ဘယ်လိုလဲ။ သူက အခုလိုမျိုးပဲလား”

“အင်း... လုံးဝ မတူဘူး။ မာရူးက လေ့ကျင့်တဲ့အချိန်မှာ အရမ်း ပျင်းဖို့ကောင်းတယ်။ မကောင်းတဲ့ သဘောနဲ့ ပြောတာ မဟုတ်ဘူးနော်။ သူက တကယ်တော်တယ်၊ ပြီးတော့ တည်ငြိမ်တယ်။ အတူတူ လေ့ကျင့်ရတာ တကယ့်ကို အဆင်ပြေတယ်။ ဒါပေမဲ့ သူ တစ်ခုခု လိုနေသလိုမျိုး အမြဲ ခံစားရတယ်”

“အခုရော”

“မင်းလည်း မြင်တဲ့အတိုင်းပဲ၊ သူက လုံးဝ ပြောင်းလဲသွားတာ။ စင်ပေါ်က မာရူးကို ကြည့်ရတာ တစ်မျိုးကြီးပဲ... အန္တရာယ်ရှိသလိုလို ခံစားရတယ်။ ကြိုးတန်းပေါ်မှာ လမ်းလျှောက်နေသလိုမျိုးပဲ။ သူ အမှားလုပ်မိတော့မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ သူ့ကိုပဲ စိုက်ကြည့်နေမိအောင် ဆွဲခေါ်သွားသလိုပဲ။ အဲဒါတွေထက် ပိုတာက သူ တကယ့်ကို ပျော်နေတာကို မြင်နေရတာပဲ။ ကိုယ့်ဘာသာတောင် မသိလိုက်ဘဲ လိုက်ပြုံးမိသွားတယ်”

အဲဒါပဲပေါ့။ သူမလည်း အဲဒီစကားကို လက်ခံတဲ့အနေနဲ့ ခေါင်းညိတ်လိုက်တယ်။ မာရူးက လေ့ကျင့်နေတုန်းကနဲ့ မတူဘဲ စင်ပေါ်မှာတော့ တကယ့်ကို အသက်ဝင်နေတာ။ အခုချက်ချင်းပဲ ပရိသတ်တွေကြားထဲကို ပြေးဝင်လာတော့မယ့်အတိုင်း ခံစားရစေတယ်။ အဲဒါကို ကြည့်နေရုံနဲ့တင် သူ့ဆီမှာ အာရုံရောက်သွားစေတာပေါ့။ သူ့ရဲ့ သရုပ်ဆောင်မှုက တကယ့်ကို ရင်ခုန်စရာပါပဲ။

“ဝူဆောင်း အထက်တန်းကျောင်းပေါ့။ ငါ့စီနီယာတွေကို အဲဒီအကြောင်း ပြောပြရမယ်”

“ငါလည်း ပြောရမယ်”

သူမ လက်နှစ်ဖက်ကို တင်းတင်းဆုပ်လိုက်တယ်။ သူတို့နှစ်ယောက် စင်ပေါ်မှာ အတူတူ သရုပ်ဆောင်ရမယ့် အချိန်ကျရင် မာရူးက ဘယ်လိုပုံစံမျိုး ဖြစ်နေမလဲ။ သူမ တော်တော်လေးကို မျှော်လင့်နေမိတာ။ မာရူးဆိုတဲ့ သရုပ်ဆောင်ကို သူမ အမြန်ဆုံး တွေ့ချင်နေမိပြီ။

‘ဟင် သူက တော်တော်လေး မိုက်သားပဲ’

သူမ ယိုဂျင်ဘက်ကို ခဏ လှည့်ကြည့်လိုက်တယ်။

“ဘာဖြစ်လို့လဲ”

“ဘာမှ မဟုတ်ပါဘူး”

“မာရူးက မိုက်တယ် မဟုတ်လား”

ယိုဂျင်က ထူးထူးဆန်းဆန်း ပြုံးလိုက်တယ်။ အဲဒါက သူမကို အံ့ဩသွားစေတာပေါ့။ ယိုဂျင်ရဲ့ စကားကို သူမ အသည်းအသန် ငြင်းလိုက်မိတော့မလို့။ မဟုတ်ဘူး၊ မာရူးကို အဲဒီလောက်ကြီး အကောင်းမြင်ပြီး မကြည့်ပါနဲ့လို့တောင် ပြောလိုက်မိတော့မလို့။ ပါးတွေ နီမြန်းလာတာကို သိလိုက်တော့ သူမ ချက်ချင်းပဲ မျက်နှာလွှဲလိုက်တယ်။ ဒါပေမဲ့ စင်ပေါ်ကိုတော့ ဆက်ကြည့်နေတုန်းပါပဲ။ အဲဒီမြင်ကွင်းကို လက်လွတ်မခံချင်ဘူးလေ။

“နင်က တကယ့်ကို ချစ်ဖို့ကောင်းတာပဲ၊ အဲဒါ သိလား”

ယိုဂျင်က ပြုံးဖြီးဖြီးနဲ့ သူမပါးကို လာဆွဲတယ်။ သူမ မျက်မှောင်လေး အသာကြုတ်လိုက်တယ်။ အဲဒီအချိန်မှာပဲ...

“ဒါနဲ့”

“အင်း”

“ငါက ဂိုးသမား ရှိနေရင်တောင် အရှုံးပေးတတ်တဲ့ လူမျိုး မဟုတ်ဘူးနော်”

ယိုဂျင်က အဲဒီစကားကို ပြောပြီး စင်ဘက်ကို ပြန်ကြည့်လိုက်တယ်။ သူမ အံ့ဩလွန်းလို့ မျက်လုံးလေးတွေ ဝိုင်းသွားရတယ်။ ဒီမိန်းကလေး ပြောလိုက်တာက တကယ့်ကို ဝေခွဲရခက်တဲ့ စကားပဲ။ ယိုဂျင်က တခြားအကြောင်း ပြောတာပဲ ဖြစ်မှာပါလို့ သူမ ကိုယ့်ဘာသာ တွေးနေပေမဲ့ ယိုဂျင်ကတော့ စင်ပေါ်ကို တကယ့်ကို စူးစူးစိုက်စိုက် ကြည့်နေတာလေ။

“သူက ငါ့လူ”

နှုတ်ကနေ ထွက်သွားပြီးမှ သူမ ဘာပြောလိုက်မိလဲဆိုတာ သိသွားတယ်။ ယိုဂျင်က ပြုံးစစနဲ့ ပါးစပ်ကို လက်နဲ့ အုပ်လိုက်တယ်။ အဲဒီတော့မှ သူမ အစနောက်ခံလိုက်ရမှန်း သိသွားတာပေါ့။

“နင်...”

“ရှူး ပြဇာတ် ကနေတုန်းလေ”

“... ပြဇာတ်ပြီးမှ တွေ့မယ်”

“အချိန်မရွေးပဲ။ ဒါပေမဲ့ နောက်ဆုံး ပြောလိုက်တဲ့ စကားကတော့ ငါ လိမ်ပြောတာ မဟုတ်ဘူးနော်”

ဒီမိန်းကလေးက ယုံကြည်ချက်အပြည့်နဲ့ မျက်နှာလွှဲမသွားဘူး။ သူတို့နှစ်ယောက် ခဏလောက် စိုက်ကြည့်နေကြပြီးမှ မျက်နှာချင်း လွှဲလိုက်ကြတယ်။

“လုပ်ပါဟာ၊ ခဏလောက် ငှားပေးပါဦး”

“မရပါဘူး”

“ဒါဆို နင်တို့ တကယ် တွဲနေကြတာပေါ့၊ ဟုတ်တယ်မလား”

“အဲဒါက...”

“နင် ချစ်သူရည်းစား ကိစ္စတွေ သင်ယူဖို့ လိုသေးတယ်။ နင်က ဒီဘက်မှာ လုံးဝ လူသစ်ပဲ၊ မဟုတ်ဘူးလား။ အဲဒါကြောင့် ငါက နင့်ကို မစဘဲ မနေနိုင်တာ”

ယိုဂျင်က သူမမျက်နှာကို ကိုင်ပြီး စင်ဘက်ကို အတင်း လှည့်ပေးလိုက်တယ်။

“နင့်ရဲ့ ချစ်သူ စင်ပေါ်ကနေ ဆင်းတော့မယ်”

သူမ တစ်ခုခု ပြန်ပြောချင်ပေမဲ့ ယိုဂျင်ရဲ့ မျက်နှာပေါ်က အပြုံးကို မြင်လိုက်ရတော့ ဘာမှ ပြောချင်စိတ် မရှိတော့ဘူး။ ပြဇာတ်ကိုပဲ အာရုံစိုက်ပြီး ကြည့်နေလိုက်တော့တယ်။

* * * * * * * * *

“ကြည့်ရတာ ဒီကျောင်းကတော့ ဗိုလ်စွဲတော့မယ့် ပုံပဲ”

“ဟုတ်တယ်မလား”

“ဝိုး ဟာသပြဇာတ်ပေါ့။ ပြီးတော့ ပျင်းဖို့ကောင်းတာမျိုးလည်း မဟုတ်ဘူး။ ဒီလိုမျိုး မမြင်ရတာ တော်တော်တောင် ကြာပြီ”

ဒိုင်တွေက တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြတယ်။ အရည်အချင်းစစ် ပြိုင်ပွဲက နောက်အပတ်ထိ ဆက်သွားဦးမှာ ဖြစ်ပေမဲ့ ဝူဆောင်း အထက်တန်းကျောင်းထက် ပိုကောင်းတဲ့ အသင်းကို ရှာဖို့ကတော့ တော်တော်လေး ခက်လိမ့်မယ်။

“ဒါဆို မြောင်ဟွာ အထက်တန်းကျောင်းနဲ့ ဝူဆောင်း အထက်တန်းကျောင်းပေါ့”

“မြောင်ဟွာ အထက်တန်းကျောင်းက မကရသေးဘူးလေ”

“အဲဒီကျောင်းက ကလေးတွေက တော်တော် တော်တာလေ၊ မှတ်မိလား။ ပြီးခဲ့တဲ့ အခေါက်က ကိစ္စတစ်ခုနဲ့ အဲဒီကျောင်းကို ရောက်သွားတုန်းက ကြည့်ခဲ့သေးတယ်၊ ဝိုး... သူတို့ရဲ့ လေ့ကျင့်ရေး အခန်းက ဟျဲဟွာ ဘူတာရုံနားက ပြဇာတ်ရုံ အတော်များများထက်တောင် ပိုကောင်းသေးတယ်။ ပြင်ဆင်ခန်းလည်း သီးသန့် ရှိတယ်လေ။ ကျောင်းကလည်း သူတို့ကို အစွမ်းကုန် ပံ့ပိုးပေးထားတာ”

“ဟုတ်မှာပေါ့၊ သူတို့က ပြဇာတ်ကလပ်ကြောင့် နာမည်ကြီးတာလေ”

“အရည်အချင်းစစ် ပြိုင်ပွဲလောက်ကတော့ သူတို့အတွက် ဘာမှ မဟုတ်လောက်ဘူး”

အားလုံးက ထပ်ပြီး ခေါင်းညိတ်လိုက်ကြပြန်တယ်။

“ဒါပေမဲ့ အဲဒါကို ခဏဖယ်ထားဦး၊ ဝူဆောင်း အထက်တန်းကျောင်းက ဒါအတွက် တော်တော်လေး ပြင်ဆင်ထားတာပဲ”

“အေး သူတို့ရဲ့ သင်တန်းဆရာက အဲဒီကျောင်းက ကျောင်းသားဟောင်းတစ်ယောက်လို့ ကြားတယ်”

“ဆရာမ ယန်မီဆိုလေ”

“ဪ ငါ သိတာပေါ့။ သူက အသက်ငယ်ငယ်နဲ့ တော်တော်လေး နာမည်ကြီးတာ။ မိုးပြာရောင် ပြဇာတ်ရုံမှာတုန်းက တကယ့်ကို အမာခံသရုပ်ဆောင်တစ်ယောက်ပေါ့။ ဒါနဲ့ သူက သင်တန်းဆရာ လုပ်ဖို့ ဆုံးဖြတ်လိုက်တာလား”

“သူ စိတ်ပြောင်းသွားတာ ဖြစ်မှာပါ။ နာမည်ကြီးခဲ့တဲ့ ကျောင်းတစ်ကျောင်းက အခုလိုမျိုး ပြန်ပြီး တက်လာတာ မြင်ရတာ တော်တော်လေးကို စိတ်ချမ်းသာဖို့ ကောင်းပါတယ်”

“ဟားဟား အဲဒါကြောင့်နဲ့တော့ သူတို့ကို အမှတ်တွေ အများကြီး မပေးလိုက်ပါနဲ့ဦး”

ဒိုင်တွေက ပြုံးပြုံးရယ်ရယ်နဲ့ စကားကို အဆုံးသတ်လိုက်ကြတယ်။ အဲဒီအချိန်မှာပဲ ပြဇာတ်က ပြီးသွားတယ်။ ကလပ်အသင်းဝင်လေးတွေက တစ်ယောက်ပြီးတစ်ယောက် စင်ပေါ်တက်ပြီး ပရိသတ်ကို နှုတ်ဆက်ကြတယ်။

“ဟိုတစ်ယောက်က တကယ် တော်တာ” လို့ ဒိုင်တစ်ယောက်က အုပ်စုထဲက အရပ်ရှည်တဲ့ ကောင်လေးကို လက်ညှိုးထိုးပြပြီး ပြောလိုက်တယ်။

ကျန်တဲ့သူတွေကလည်း လက်ခံတဲ့အနေနဲ့ ခေါင်းညိတ်လိုက်ကြတယ်။

“ပြီးတော့ ဟိုတစ်ယောက်... သူ့ကိုတော့ စောင့်ကြည့်ရမယ်၊ သူက တကယ့်ကို ပါရမီရှိတဲ့သူပဲ။ သူ့ကို ကြည့်ရတာ ပျော်ဖို့ကောင်းမယ်”

ဘယ်သူမှ မမျှော်လင့်ဘဲ ပရိသတ်ကို စကားလှမ်းပြောတဲ့ ထူးထူးဆန်းဆန်း ဇာတ်ကောင်လေးပေါ့။ အဲဒီဇာတ်ကောင်က လွဲသွားရင် ပြဇာတ်တစ်ခုလုံး ပျက်စီးသွားနိုင်ပေမဲ့ အဲဒီကောင်လေးက တော်တော်လေးကို ကောင်းကောင်း ကိုင်တွယ်သွားနိုင်ခဲ့တယ်။ အဲဒါကြောင့်လည်း ဒိုင်တွေ ပြဇာတ်ကို စိတ်ဝင်တစားနဲ့ ကြည့်နိုင်ခဲ့တာလေ။

“တကယ်လား ငါကတော့ မသိဘူး။ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တဲ့ ကလေးတစ်ယောက်ကို ကြည့်နေရသလိုပဲ ခံစားရတယ်”

“အဲလိုမျိုးလည်း ခံစားရနိုင်တာပေါ့။ သူက တကယ့်ကို မသွေးရသေးတဲ့ စိန်တစ်ပွင့်လိုပဲ။ ဒါပေမဲ့ ကြည့်လို့တော့ ကောင်းပါတယ်၊ အရပ်ရှည်တဲ့ ကောင်လေးက ပြဇာတ်တစ်ခုလုံးကို ကောင်းကောင်း ထိန်းပေးထားနိုင်လို့လည်း ပါတာပေါ့”

“အဲဒါတော့ ဟုတ်တယ်”

အဲဒီနောက်မှာတော့ ကလပ်အဖွဲ့ဝင်တွေ ပရိသတ်ကို နှုတ်ဆက်တာ ပြီးသွားတယ်။ ဒိုင်တွေက ဘောပင်တွေကို ချလိုက်ပြီး ပရိသတ်တွေနဲ့အတူ လက်ခုပ်တီးပေးလိုက်ကြတယ်။

* * * * * * * * *

“ပင်ပန်းသွားကြပြီ”

မီဆိုက ပြင်ဆင်ခန်းထဲကို ပြန်ရောက်လာတဲ့ ကလပ်အဖွဲ့ဝင်တွေကို အားပေးစကား ပြောလိုက်တယ်။ သူမ တော်တော်လေး စိတ်ကျေနပ်နေတာ။ အဖွဲ့သားတွေ တကယ့်ကို ကောင်းကောင်း လုပ်နိုင်ခဲ့ကြတာလေ။ ဒိုင်တွေလည်း သူတို့အပေါ် အပြစ်ပြောစရာ ရှိမှာ မဟုတ်ပါဘူး။

“ဟူး... ပြီးသွားပြီ”

“အမှားအယွင်း လုံးဝ မရှိဘူး ဟား...”

ကလေးတွေလည်း အခုမှပဲ စိတ်ပေါ့ပါးသွားကြတော့တယ်။

“ပင်ပန်းသွားကြပြီ။ နောက်တစ်သင်းက မကြာခင် ဝင်လာတော့မှာဆိုတော့ တို့တွေ ထွက်ဖို့ ပြင်ကြရအောင်”

မီဆိုက စကားတွေ အများကြီး ထပ်ပြောချင်သေးပေမဲ့ အခြေအနေက သိပ်မပေးဘူး။ ပွဲရဲ့ သဘောသဘာဝအရ ဒီနေရာကို အကြာကြီး ယူထားလို့ မရဘူးလေ။ နောက်ဆုံးတော့ သူတို့တွေ မိတ်ကပ်တောင် မဖျက်နိုင်ဘဲ ပြဇာတ်ပစ္စည်းတွေကို သယ်ပြီး ထွက်လာခဲ့ကြရတယ်။

“ဒီပစ္စည်းတွေကို ပြန်သုံးရဦးမှာ၊ သေသေချာချာ ကိုင်ကြနော်”

ပစ္စည်းတွေအားလုံးကို အပြင်ဘက်ကို သယ်ထုတ်ပြီးတဲ့ အချိန်ကျမှပဲ သူတို့ရဲ့ အလုပ်က တကယ် ပြီးဆုံးသွားသလို ခံစားလိုက်ရတယ်။

“တို့တွေ ကောင်းကောင်း လုပ်နိုင်ခဲ့တယ်၊ ဟုတ်တယ်မလား”

“အင်းပေါ့ တို့တွေ တကယ့်ကို မိုက်ခဲ့တာ”

မီဆိုက အဖွဲ့ဝင်တွေကို အနားကို ခေါ်လိုက်တယ်။

“ရလဒ်တွေကို စောင့်ကြည့်ရမှာ ဖြစ်ပေမဲ့ တို့တွေ ပြုတ်မှာတော့ မဟုတ်ဘူးလို့ ငါ ထင်တယ်။ အမျိုးသားအဆင့် ပြိုင်ပွဲထဲ ရောက်သွားမှပဲ အဲဒီအကြောင်းကို ပူကြတာပေါ့။ အခုတော့ လေ့ကျင့်ရေးဆီ တန်းပြန်ကြမယ်”

အဲဒီစကားကို ကြားတော့ ကလေးတွေအားလုံး ခေါင်းညိတ်လိုက်ကြတယ်။ လေ့ကျင့်မှုရဲ့ စွမ်းအားကို သူတို့ကိုယ်တိုင်လည်း စင်ပေါ်မှာ ခံစားခဲ့ရလို့ ဖြစ်မှာပေါ့။

“ရလဒ်တွေကို နောက်အပတ်မှာ ကြေညာလိမ့်မယ်။ သုံးရက်အကြာမှာတော့ တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲ သွားရမယ်။ ဆယ်ရက်အကြာမှာတော့ ဗိုလ်လုပွဲ ရှိမယ်။ တို့မှာ အချိန်အများကြီး မရှိဘူး”

မီဆိုက ဒီနေ့တော့ သူတို့ကို အနားပေးချင်တာထက် ဘာမှ မပိုပါဘူး၊ ဒါပေမဲ့ သူမ အဲဒီအမူအရာကို မပြခဲ့ဘူး။ ဒါက မပြီးသေးဘူးလေ။

“ကျောင်းပြန်ရောက်ရင် တို့တွေ ဘာတွေ လုပ်ခဲ့လဲဆိုတာ ပြန်သုံးသပ်ကြမယ်။ အပြန်လမ်းမှာ မင်းတို့ ဘာတွေ ကောင်းကောင်း လုပ်နိုင်ခဲ့လဲ၊ ဘာတွေ မှားခဲ့လဲဆိုတာကို စဉ်းစားခဲ့ကြ”

“ဟုတ်ကဲ့”

“ငါ ထပ်ပြောမယ်နော်၊ မင်းတို့ ဒီနေ့ တကယ့်ကို ကောင်းကောင်း လုပ်နိုင်ခဲ့ကြတယ်။ ဒါပေမဲ့ ဒါက အစပဲ ရှိသေးတာဆိုတော့ အမြဲတမ်း အာရုံစိုက်ထားကြဦး”

“ဟုတ်ကဲ့”

“ကောင်းပြီ သွားကြစို့။ အခုကစပြီး အချိန်နဲ့အမျှ အပြေးအလွှား လုပ်ကြရတော့မှာ”

မီဆိုက မြို့တော်ခန်းမဘက်ကို ပြန်ကြည့်လိုက်တယ်၊ သူမရဲ့ နောက်ကနေ ကလေးတွေလည်း လိုက်ကြည့်နေကြတာကို သူမ ခံစားရတယ်။ နောက်ဆုံးတော့ သူတို့တွေ ရှေ့ကို ခြေတစ်လှမ်း ထပ်တိုးနိုင်ခဲ့ကြပြီပေါ့။

* * * * * * * * *

အခန်း(၁၄၄)

တစ်နာရီစာလေးပဲ။

အဲဒီတစ်နာရီစာလေး ပြိုင်ပွဲအတွက် သူတို့တွေ လေးလအထိ အသည်းအသန် လေ့ကျင့်ခဲ့ကြတာ။ မာရူးရဲ့ ခေါင်းထဲမှာတော့ ဘာမှ သိပ်မကျန်တော့ဘူး။ စင်ပေါ်က ဆင်းပြီးတာနဲ့ သိမ်းဆည်းဖို့ဘက် အာရုံပြောင်းသွားတာမို့ စောစောက စိတ်လှုပ်ရှားမှုတွေလည်း ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့တာပါ။ ပြဇာတ်ကြီး တကယ်ပြီးဆုံးသွားပြီဆိုတဲ့ အသိတစ်ခုပဲ ခေါင်းထဲမှာ ကျန်တော့တယ်။

“ဒါကို ဘေးစောင်းလေး လှဲထားလိုက်၊ သေသေချာချာ မကိုင်ရင် ပြုတ်ကျသွားလိမ့်မယ်”

ပစ္စည်းသယ်တဲ့ ဝန်ထမ်းရဲ့ အကြံပေးစကားကြောင့် မာရူး ခေါင်းညိတ်ပြလိုက်တယ်။ သူက ပြဇာတ်ပစ္စည်းကို ကြမ်းပြင်ပေါ် ပြားပြားလေး လှဲချပေးလိုက်တော့ ဝန်ထမ်းတွေက အပေါ်ကနေ တခြားပစ္စည်းတွေ ထပ်ဆင့်ပြီး တင်လိုက်ကြတယ်။ မာရူး သူ့ဦးထုပ်ကို ချွတ်လိုက်ပြီး ထောင့်တစ်နေရာဆီ လှမ်းပစ်လိုက်တယ်။

“ငါတော့ တစ်ခုခု လိုနေသလိုပဲ ခံစားရတယ်”

သူ့ရဲ့ သရုပ်ဆောင်မှုကို ပြန်တွေးရင်း ဒိုဂျင်က အားမရသလို ပြောနေတာ။ ကောင်လေး တစ်ယောက်တည်း ရေရွတ်နေတာကို နားထောင်ရင်း မာရူး တစ်ကိုယ်လုံးကို အကြောဆန့်လိုက်တယ်။ သူ့အမြင်ကတော့ သူတို့ လေ့ကျင့်ခဲ့တဲ့ အတိုင်းအတာနဲ့တင် ပရိသတ်ကို အစွမ်းကုန် ပြသနိုင်ခဲ့ကြတာပဲလေ။ ဒိုဂျင်ကတော့ သူတို့ တကယ် လုပ်နိုင်တာထက် ပိုပြီး ပြချင်နေမိလို့ အားမရသလို ခံစားနေရတာ ဖြစ်မှာပေါ့။

“ဒါပေမဲ့ တို့တွေ ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ မဟုတ်လား”

“... အင်း”

ဒိုဂျင်က ပခုံးလေးတွန့်ပြပြီး အလုပ်ပြန်လုပ်နေတယ်။ ကောင်လေးကို ကြည့်ရင်း ကလပ်မှာ သူထင်ထားတာထက် ပြဇာတ်ပစ္စည်းတွေ အများကြီး ရှိနေပါလားဆိုတာ မာရူး သတိထားမိသွားတယ်။ ဆရာမ ယန်မီဆိုက ဒါတွေကို ဘယ်ကနေဘယ်လို ရှာဖွေလာခဲ့တာပါလိမ့်။

“မြန်မြန်လုပ်ကြစမ်း၊ အပျင်းထူနေတဲ့ကောင်တွေ၊ ပထမနှစ်တွေဖြစ်နေပြီးတော့ ပျင်းနေလို့ မရဘူးလေ”

သူ ကိုယ့်ဘာသာတောင် မသိလိုက်ခင်မှာပဲ ယန်မီဆိုက သူ့နောက်ကနေ ရောက်လာပြီး တွန်းထုတ်လိုက်တယ်။ သူမ ရုတ်တရက်ကြီး တွန်းလိုက်တာကြောင့် မာရူး ခြေချော်ပြီး လဲကျတော့မလို့တောင် ဖြစ်သွားရတယ်။

“အလုပ်ခွင်မှာ ထိခိုက်ဒဏ်ရာရရင် လျော်ကြေးရလား ဆရာမ”

“အလုပ်ခွင် ဒဏ်ရာဆိုပြီး လာမလုပ်နဲ့”

ယန်မီဆိုက သူ့ကို အအေးဗူးတစ်ဗူး လှမ်းပေးတယ်၊ အေးစက်နေတဲ့ ဇီးသီးဖျော်ရည်ဗူးလေး။ ကြည့်ရတာ ကျောင်းနားက စတိုးဆိုင်ကို ခဏပြေးပြီး ဝယ်လာခဲ့တာ ဖြစ်မှာပေါ့။ အခုက ဆောင်းတွင်းကြီးဆိုပေမဲ့ လက်ထဲမှာ အေးစက်နေတဲ့ အအေးဗူးလေးကို ကိုင်ထားရတာ မာရူးအတွက်တော့ တကယ်ကို နေလို့ကောင်းတဲ့ အခြေအနေပါပဲ။

“ဘယ်လိုလဲ ခံစားချက်က”

“ဘာကိုလဲ”

“မင်းရဲ့ ပထမဆုံး ပြဇာတ်ကို သေသေချာချာပြီးဆုံးအောင် ကပြလိုက်ရတဲ့ ခံစားချက်လေ”

“ဒါက ကျွန်တော့်ရဲ့ တကယ့် ပထမဆုံး ပြဇာတ်ကြီးတော့ မဟုတ်သလိုပဲ၊ အဲဒါကြောင့် ဘယ်လို ပြောရမလဲ မသိဘူး”

“မင်းအတွက်တော့ ဒါက ပထမဆုံးပြဇာတ်အစစ်ပဲလေ၊ အနည်းဆုံးတော့ ဒါကို သုံးပြီး ကပြခဲ့ရတာကိုး”

ယန်မီဆိုက မာရူးရဲ့ ခေါင်းကို ခပ်ဖွဖွလေးပုတ်လိုက်တော့ သူ ခပ်ပြုံးပြုံးလေး ဖြစ်သွားရတယ်။

“ဆရာမ ပြောပုံက ကျွန်တော်က ဘာမှမတွေးတတ်တဲ့ လူတစ်ယောက်ကျနေတာပဲ”

“မဟုတ်လို့လား”

ယန်မီဆိုက သူ့ပစ္စည်းတွေကို သယ်ဖို့ ပြောပြီး ဘေးကနေ ဖြတ်သွားတယ်။ မာရူး သူ့ရှေ့က ကားပေါ်ကို မိတ်ကပ်သေတ္တာတစ်လုံး တင်လိုက်တဲ့အချိန်မှာပဲ ယန်မီဆိုက သူ့ကို လှမ်းပြီး စကားထပ်ပြောပြန်တယ်။

“သရုပ်ဆောင်လုပ်ဖို့ ရွေးချယ်ခဲ့တာ မှန်သွားတယ် မဟုတ်လား”

သူမက သူ့ကို ကျောခိုင်းပြီး ပြောနေတာ၊ မာရူးလည်း ဘာမှပြန်မပြောဘဲ တိတ်တိတ်လေး ခေါင်းညိတ်ပြလိုက်မိတယ်။ ထူးဆန်းတာက သူမက သူ့ရဲ့ လှုပ်ရှားမှုကို မြင်နေရတဲ့အတိုင်း ခေါင်းပေါ် လက်မလေး ထောင်ပြသွားတာပဲ။

“အကုန် တင်ပြီးပြီလား”

“ဟုတ်ကဲ့”

“ကောင်းပြီ၊ ဒါဆို တို့တွေ သွားကြစို့”

ကားလေး မထွက်ခွာခင်မှာ မာရူးက ဝန်ထမ်းကို ကူပြီး ကားနောက်ဖုံးကို အပေါ်ကနေ သေသေချာချာ အုပ်ပေးလိုက်တယ်၊ ပြီးတော့ ကားလေး သူ့မျက်စိရှေ့ကနေ ပျောက်ကွယ်သွားတဲ့အထိ စိုက်ကြည့်နေမိတာပေါ့။ ကားမောင်းနေတုန်း အုပ်ထားတဲ့အဝတ်ကြီး ပြုတ်ထွက်သွားမှာကို သူ မလိုလားဘူးလေ။

“သွားပြီလား” လို့ သူ့နောက်ဘက်ကနေ ရောက်လာတဲ့ ပတ်ဒေးမြောင်က လှမ်းမေးတယ်။

ကောင်လေးက လွတ်နေတဲ့ ကားပါကင်ကြီးကို ကြည့်ပြီး မျှော်လင့်ချက်အပြည့်နဲ့ မျက်နှာပေး ဖြစ်နေတာ။ သေသေချာချာ ကြည့်လိုက်တော့မှ ပတ်ဒေးမြောင်ရဲ့ လက်နှစ်ဖက်မှာ ကုလားထိုင်တစ်လုံးစီ ကိုင်ထားတာကို မာရူး သတိထားမိသွားတယ်။

“အင်း သွားပြီ၊ တို့တွေ တစ်ခုခု ကျန်ခဲ့လို့လား”

“ဟုတ်တယ်၊ အမှိုက် သွားပစ်ရင်းနဲ့ ဒါကို တွေ့ခဲ့တာ”

“ဟား... ဒါကသာ ဂတ်စ်မျက်နှာဖုံးကြီး ဖြစ်နေရင်တော့ တို့တွေ ဒုက္ခရောက်ပြီသာ မှတ်တော့”

“ဂတ်စ်မျက်နှာဖုံး ဟုတ်လား”

“မင်း မသိတာပဲ ကောင်းပါတယ်ကွာ၊ ဘာပဲဖြစ်ဖြစ် ဒါကိုတော့ ပြန်သယ်သွားရမှာပဲ မဟုတ်လား၊ သင်တန်းဆရာမရဲ့ ကားထဲမှာပဲ သွားထည့်ထားလိုက်ရအောင်”

သူတို့ နှစ်ယောက်လုံး ကုလားထိုင်တွေကို သယ်ပြီး ကလပ်အဖွဲ့ဝင်တွေ ရှိတဲ့နေရာဆီ လျှောက်လာခဲ့ကြတယ်။ အဖွဲ့သားတွေအားလုံးက အအေးဗူးလေးတွေ သောက်ရင်း အမောဖြေနေကြတာပေါ့

“အဲဒါ ဘာကြီးလဲ”

“ကျွန်တော်တို့တွေ ပို့ဖို့ မေ့သွားတဲ့ စာတိုက်ပုံးလေးတစ်ခုပေါ့”

“ဘာကြီး”

မာရူးက ယန်မီဆိုကို ဖြတ်ကျော်ပြီး သူမရဲ့ ကားနောက်တံခါးကို ဖွင့်လိုက်တယ်။ အထဲမှာ အဝတ်အစားတွေက ရှုပ်ပွနေတာပဲ။ တခြားပြဇာတ်တွေအတွက် သုံးမယ့် ဂါဝန်တွေရော ဘာတွေရော စုံလို့ပါပဲ။

“ဒါလေးတွေကို ဘေးနား နည်းနည်း ရွှေ့လိုက်ရမလား”

သူတို့ ဘာလုပ်နေလဲဆိုတာကို သိသွားတဲ့ ယန်မီဆိုက ‘သေသေချာချာ ကိုင်နော်’ လို့ လှမ်းပြောတယ်။ မာရူး ကုလားထိုင်တွေကို အထဲ ထည့်ဖို့ လုပ်လိုက်တဲ့အချိန်မှာပဲ သူ့ရှေ့မှာ ‘ဇာတ်ညွှန်း’ လို့ ရေးထားတဲ့ အဖြူရောင် စာအိတ်အသေးလေးတစ်ခုကို တွေ့လိုက်ရတယ်။ ပြဇာတ်ရဲ့ ခေါင်းစဉ်က “သက်တမ်းကုန်ဆုံးခြင်း” တဲ့။

‘ဒါ သူမရဲ့ နောက်ထပ် ပြဇာတ်သစ် ဖြစ်မှာပဲ’

သူမက အသက်မွေးဝမ်းကျောင်း သရုပ်ဆောင်တစ်ယောက်ဆိုတော့ ဇာတ်ညွှန်းတစ်ခု ရှိနေတာက ဆန်းတော့မဆန်းပါဘူး။ မာရူး အဝတ်အစားတွေကို သေသေချာချာ ပြန်ပြင်ပေးပြီးမှ ကုလားထိုင်တွေကို အထဲကို သပ်သပ်ရပ်ရပ် ထည့်ပေးလိုက်တယ်။

“တစ်ခုခု ကျန်ခဲ့သေးလားဆိုတာ နောက်တစ်ခေါက် ထပ်စစ်ကြဦး၊ မင်းတို့ရဲ့ ဝတ်စုံတွေကိုရောပဲ”

အားလုံးက သူမဆီကို အဆင်ပြေပါတယ်ဆိုတဲ့ အချက်ပြတွေ ပို့လိုက်ကြတယ်။

“ကောင်းပြီ၊ ဒါဆို တို့တွေ သွားကြစို့”

ယန်မီဆိုက ကားနဲ့ အရင်ပြန်မှာဖြစ်ပြီး ကျန်တဲ့သူတွေကတော့ ဘတ်စ်ကားစီးပြီး ပြန်ကြရမှာ ဖြစ်တယ်။ သူတို့ ဝတ်ထားတဲ့ ဝတ်စုံတွေက သိပ်ပြီး ထူးထူးဆန်းဆန်းကြီး ဖြစ်မနေတော့ ဘတ်စ်ကားစီးရတာ ပြဿနာမရှိလှပါဘူး။ ဒါပေမဲ့...

“တို့တွေ မိတ်ကပ် ဖြတ်လို့ရမလား” လို့ ယွန်ရင်နဲ့ တေဂျွန်းက လှမ်းမေးကြတယ်။

သူတို့ နှစ်ယောက်လုံးက လူကြီးတွေနေရာကနေ သရုပ်ဆောင်ခဲ့ရတာဆိုတော့ မျက်နှာပေါ်မှာ အရေးအကြောင်းတွေ အများကြီး ဆွဲထားရတာကိုး။

“ငါ အရင်သွားပြီး ပြဇာတ်ပစ္စည်းတွေကို အရင် ရှင်းထားလိုက်မယ်” ယန်မီဆိုက ပြောပြီး ကားမောင်းပြီး ထွက်သွားတယ်။

“တို့တွေလည်း မျက်နှာသစ်ပြီးမှ ဖြည်းဖြည်းချင်း လာခဲ့ကြမယ်”

“အေးပါ”

သူတို့တွေ အုပ်စုလိုက်ကြီး အတူတူ သွားနေဖို့ မလိုတော့တာမို့ ကလပ်အဖွဲ့သားတွေက အဲဒီနှစ်ယောက်ကို ထားခဲ့ပြီး ထွက်လာခဲ့ကြတယ်။ အိမ်ပြန်ဖို့ ပြင်လိုက်တဲ့ အချိန်ကျမှပဲ အရည်အချင်းစစ် ပြိုင်ပွဲကြီး တကယ် ပြီးဆုံးသွားပြီဆိုတာကို မာရူး သဘောပေါက်လိုက်တော့တယ်။

“ဟေး ဟန်မာရူး”

မြို့တော်ခန်းမဘေးက ဘတ်စ်ကားဂိတ်ဆီ မာရူး လျှောက်လာနေတုန်း သူ့နောက်ဘက်ကနေ လှမ်းခေါ်သံ ကြားလိုက်ရတယ်။ လုံးဝ မျှော်လင့်မထားတဲ့ လူတစ်ယောက်က အဲဒီမှာ ရပ်နေတာပဲ။

“နင် ဒီကို ဘယ်လိုလုပ် ရောက်နေတာလဲ”

“တိုက်ဆိုင်တာပါ”

ယိုဂျင် ဖြစ်နေတာ၊ သူမက တစ်ခုခု အဆင်ပြေသွားတဲ့အတိုင်း ပြုံးဖြီးဖြီး လုပ်နေတယ်။ မိန်းကလေးက အမြဲတမ်း တည်ငြိမ်ပြီး အေးစက်စက် မျက်နှာပေး ရှိတတ်ပေမဲ့ အခုလို တောက်ပတဲ့ အပြုံးလေးနဲ့ဆိုတော့ တကယ်ကို ကြည့်လို့ကောင်းတာပေါ့။ မာရူး သူ့ရှေ့က ကလပ်အဖွဲ့ဝင်တွေ ဘာဖြစ်နေလဲဆိုတာ ကြည့်ဖို့ လှမ်းကြည့်လိုက်တော့ အားလုံးက လမ်းလျှောက်နေရာကနေ ရပ်ပြီး သူတို့ကို ကြည့်နေကြတာ ခံစားလိုက်ရတယ်။ သူက သူ့ကို ထားခဲ့ပြီး သွားနှင့်ကြဖို့ လက်ဟန်ပြလိုက်ပေမဲ့ အဖွဲ့သားတွေက သူ့နားကိုပဲ စုပြုံပြီး ရောက်လာကြတယ်၊ အထူးသဖြင့် ဟန်ဒိုဂျင်ပေါ့။ ကောင်လေးက တကယ့်ကို အလိုက်မသိတတ်တဲ့ လူစားမျိုးပဲ။

“ယိုဂျင်”

“အင်း”

“နင် သူ့ကို ဘယ်လို ထင်လဲ”

မာရူးက သူ့နောက်က ဟန်ဒိုဂျင်ကို လက်ညှိုးထိုးပြလိုက်တော့ ယိုဂျင်က ခဏလောက် စဉ်းစားချင်ယောင်ဆောင်နေပြီးမှ ခေါင်းခါပြလိုက်တယ်။

“မာရူး၊ နင် နောက်ကျဦးမလား”

လီယွန်းဂျုံက မာရူးကို ပြုံးပြုံးလေးနဲ့ လက်လှမ်းပြလိုက်တယ်၊ သူမရဲ့ တက်ကြွမှုတွေက အဝေးကနေတင် သူတို့ဆီအထိ ကူးစက်လာသလိုပဲ။

“သူငယ်ချင်းလား”

“မဟုတ်ဘူး၊ စီနီယာ”

“အံ့ဩစရာပဲ၊ ဝူဆောင်း အထက်တန်းကျောင်းက စည်းကမ်းကြီးတယ်လို့ ငါ ထင်ထားတာ”

“သူမက ဒီလိုပုံစံမျိုးပဲ၊ အမြဲတမ်း အားအင်တွေ ပြည့်နေတာ၊ တစ်ခါတလေကျရင် လူကို တောင် ပင်ပန်းစေတယ်”

“ဪ... အဲဒီလို ခံစားချက်မျိုး ငါ နားလည်ပါတယ်”

ယိုဂျင်တို့ ကျောင်းမှာလည်း သူမရဲ့ စီနီယာတွေထဲမှာ ဒီလိုမျိုး တက်ကြွလွန်းတဲ့သူ ရှိပုံရတယ်။

“နင် အရင်သွားနှင့်လိုက်ပါ၊ ငါ နောက်မှ လိုက်ခဲ့မယ်”

“အေးပါ၊ ဒိတ်လုပ်တာ ပျော်စရာကောင်းပါစေရှင်၊ နောက်မကျစေနဲ့ဦးနော်”

လီယွန်းဂျုံက မျက်စိတစ်ဖက် မှိတ်ပြပြီး လှည့်ထွက်သွားတယ်, ကျန်တဲ့ကလေးတွေလည်း လိုက်သွားကြတာပေါ့။ ပတ်ဒေးမြောင်ဆိုရင် ဟန်ဒိုဂျင်ကိုပါ အတင်း ဆွဲခေါ်သွားတာဗျ။

“ဒါနဲ့ သူမက ဘာလို့ လာမပူးပေါင်းတာပါလိမ့်” လို့ ယိုဂျင်က ရုတ်တရက် ရေရွတ်လိုက်တယ်။

“ဘယ်သူလဲ”

ယိုဂျင်က ပတ်ဝန်းကျင်ကို စက္ကန့်အနည်းငယ်လောက် လိုက်ရှာကြည့်လိုက်ပြီးမှ မာရူးရဲ့ ပခုံးကျော်ဘက်ဆီ လက်ညှိုးထိုးပြတယ်။

“ဟိုမှာလေ”

မာရူး နောက်လှည့်ကြည့်လိုက်တယ်။ အဖွဲ့သားတွေကို ဖြတ်ကျော်ပြီး သူတို့နှစ်ယောက်ဆီကို အသည်းအသန် ပြေးလာနေတဲ့ မိန်းကလေးတစ်ယောက်၊ သူမ ဖြစ်နေတာပါ။ သူမက မြောင်ဒုံ အနုပညာပြဇာတ်ရုံတုန်းက သူ လက်ဆောင်ပေးခဲ့တဲ့ ဦးထုပ်လေးကို ဆောင်းထားရှာတယ်။

“နင့်ရဲ့ ကောင်မလေးက ဒီကို ရောက်လာတာဆိုတော့ စိတ်ထဲမှာ နေလို့ကောင်းနေမှာပေါ့” လို့ ပြောပြီး ယိုဂျင်က မာရူးရဲ့ နံဘေးကို လက်နဲ့ လာတို့တယ်။

မာရူးက ပြုံးဖြီးဖြီး လုပ်လိုက်တော့ ယိုဂျင်က မျက်မှောင်လေး အသာကြုတ်သွားတာပေါ့။ သူမက မာရူး အံ့ဩသွားတဲ့ အမူအရာမျိုးကို မြင်ချင်နေတာ ဖြစ်မှာလေ။

“ဘာကြီးလဲ၊ သိပ်ပြီး ပျော်စရာမကောင်းဘူး”

“သူမကို သိပ်ပြီး မစပါနဲ့ဦး၊ သူမက ထင်ထားတာထက် စိတ်တိုလွယ်တယ်”

“ဪ... ဟုတ်လို့လား၊ အဲဒါအတွက် သက်သေပြစရာ ရှိလို့လား”

“နင့်ရဲ့ မျက်နှာကို ကြည့်လိုက်ရုံနဲ့တင် ငါ ပြောနိုင်ပါတယ်”

“... အဲဒါတော့ ငါ ဘာမှ ပြန်မပြောတော့ပါဘူး”

သူမက မာရူးကို သွားတော့ဆိုတဲ့ အမူအရာ ပြလိုက်တာမို့ သူလည်း သူမဆီကို ခြေလှမ်းတွေ လှမ်းလာခဲ့လိုက်တယ်။ ဟန်ဒိုဂျင်နဲ့ ပတ်ဒေးမြောင်တို့ကတော့ သူမ ပြေးလာတာကို ကြည့်ပြီး မျက်လုံးကြီးတွေ ဝိုင်းနေကြတာ မာရူး မြင်နေရတယ်။ အား... နောက်ကျရင်တော့ သူတို့နှစ်ယောက်ရဲ့ မေးခွန်းထုတ်တာကို သူ အလူးအလဲ ခံရတော့မှာ သေချာတယ်။ ဟန်ဒိုဂျင်ဆိုရင် အဝေးကနေ ပါးစပ်လှုပ်ပြီး တစ်ခုခု လှမ်းပြောနေပြီလေ။

“ဘာကိစ္စရှိလို့လဲ” လို့ မာရူးက မေးလိုက်တယ်။

“ဘာလဲ၊ ငါက ဒီကို လာလို့မရဘူးလား”

သူမက နှုတ်ခမ်းလေး နည်းနည်းဆူပြီး သူ့လက်ထဲကို တစ်ခုခု လှမ်းပေးတယ်၊ လှုပ်လိုက်ရင် အပူရှိန်ထွက်လာတဲ့ လက်နွေးအိတ်လေးဗျ။

“ချမ်းတယ် မဟုတ်လား”

“သိပ်ပြီးတော့ မချမ်းပါဘူး”

သူကတော့ လက်နွေးအိတ်လေးကို ဝမ်းသာအားရပဲ လက်ခံလိုက်တယ်၊ အေးစက်နေတဲ့ သူ့လက်ကလေးတွေ ချက်ချင်းပဲ နွေးထွေးသွားတာပေါ့။

“ပြဇာတ်ကို ကြည့်ခဲ့လား”

“အင်း ကြည့်ခဲ့တယ်”

“ရှက်ဖို့ကောင်းလိုက်တာ”

တကယ်လည်း ရှက်ဖို့ကောင်းတာပါပဲ။ တခြားလူတွေ ရှေ့မှာ သရုပ်ဆောင်ရတာက အဆင်ပြေပေမဲ့ သူမ လာကြည့်နေတယ်ဆိုတဲ့ အသိက သူ့ကို တကယ့်ကို ရှက်စိတ် ဝင်လာစေတာလေ။ သူမ ဘယ်နေရာကနေ ကြည့်နေခဲ့တာပါလိမ့်။ သူ့ကို သေသေချာချာ မြင်ရရဲ့လား၊ သူမ ဘယ်လို ခံစားခဲ့ရပါလိမ့်။

“နင် တော်သားပဲ”

သူမကတော့ ထုံးစံအတိုင်းပဲ သူ့ရဲ့ ထင်မြင်ချက်ကို ပြတ်ပြတ်သားသား ပြောတာပါပဲ။ ဒါပေမဲ့ သူမရဲ့ လေသံက နည်းနည်းတော့ စိတ်လှုပ်ရှားနေသလိုမျိုး ခံစားရတယ်။ ဘာဖြစ်လို့ပါလိမ့်

“ဒါနဲ့...”

မာရူး စကားမဆုံးခင်မှာပဲ သူမက ကြားဖြတ်ပြီး စကားစပြောလာတယ်။

“လာမယ့် တနင်္ဂနွေနေ့ မနက် ၁၁ နာရီမှာ တို့တွေရဲ့ ပြဇာတ် ရှိတယ်”

“ငါ သိပါတယ်”

“လာကြည့်ရမယ်နော်၊ ကတိပေး၊ ငါလည်း... ကောင်းကောင်း သရုပ်ဆောင်မှာပါ”

သူမဆီကနေ ဘာကြောင့်လဲမသိဘဲ တက်ကြွတဲ့ စိတ်အားထက်သန်မှုတွေကို ခံစားနေရတယ်။ အဲဒါက သူ့ကြောင့်များလား။ သူမက ယိုဂျင်ရဲ့ လက်ကို ဆွဲလိုက်ပြီး တခြားတစ်ဖက်ဆီကို လှည့်ထွက်သွားတယ်။

“နင်လည်း သွားတော့လေ၊ နင့်သူငယ်ချင်းတွေ စောင့်နေကြပြီ”

“... အင်း”

မာရူး လက်နွေးအိတ်လေးကို အိတ်ကပ်ထဲ ထည့်လိုက်ပြီး သူ့ရဲ့ ကလပ်အဖွဲ့သားတွေဆီ လျှောက်လာခဲ့တယ်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးတဲ့နောက် သူ နောက်ပြန်လှည့်ကြည့်လိုက်မိတယ်။ သူမက ယိုဂျင်နဲ့အတူ ခန်းမဘက်ကို ပြန်လျှောက်သွားပြီလေ။ ဘယ်လို ရှင်းပြရမှန်း မသိပေမဲ့ အခု ဖြစ်သွားတဲ့ ကိစ္စအပေါ် သူ့စိတ်ထဲမှာတော့ မဆိုးလှပါဘူး။ ကဲ... ဒါဆိုရင်ပဲ တန်ပါပြီ။ ဟန်ဒိုဂျင်က မျက်နှာကြီး ရှုံ့မဲ့ပြီး သူ့ဆီ လျှောက်လာတာကို ကြည့်ရင်း မာရူး သူ့ဖုန်းကို ထုတ်လိုက်တယ်။ ပြီးတော့ မက်ဆေ့ခ်ျတစ်ခု ချက်ချင်း ရိုက်ပို့လိုက်တာပေါ့။

* * * * * * * * *

“လာကြည့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

မာရူးဆီက ပို့လိုက်တဲ့ စာလေးပါ။

“ဘာကြီးလဲ၊ စောစောက မာရူး မဟုတ်လား”

“အင်း ဟုတ်တယ်”

“သူ ဘာပြောလိုက်လဲ”

“သူက ကျေးဇူးတင်ပါတယ်တဲ့”

သူမက ယိုဂျင်ကို သူမရဲ့ ဖုန်းလေး ပြလိုက်ပြီးမှ အိတ်ထဲ ပြန်ထည့်လိုက်တယ်။

“နင် သူ့ကို နမ်းခဲ့သင့်တာ”

“ဘာ”

“ငါ့ကို အမှန်အတိုင်း ပြောစမ်းပါဦး၊ နင်တို့ ဘယ်အဆင့်အထိ ရောက်သွားပြီလဲ”

“နင်ကတော့...”

“ဒါက... ဟားဟား၊ နင်တို့တွေ အခုထိ လက်ပဲ ကိုင်ရသေးတာ မဟုတ်လား”

ယိုဂျင်က အဲဒါက နောက်ပြောင်တာပါလို့ ပြောရင်း ချက်ချင်းပဲ ပြုံးလိုက်တယ်။

“ဒါနဲ့ နင် ဘာလို့ သူ့အပေါ် အဲလောက်ကြီး အေးစက်နေရတာလဲ”

“ငါကလား”

အေးစက်နေတာ ဟုတ်လား။ သူမကတော့ သူ့အပေါ် အဲလောက်ကြီး အေးစက်ခဲ့တယ်လို့ မထင်ပါဘူး။

“နင် ပြောချင်တာတွေ ပြောပြီးတာနဲ့ သူ့စကားကို ဖြတ်ပစ်လိုက်တာလေ”

“ဪ... အဲဒါလား”

သူမ မာရူးဆီကို နောက်ပြန်လှည့်ကြည့်လိုက်မိတယ်။ သူမက သူ့ကို ဂုဏ်ပြုပေးချင်ခဲ့တာပါ၊ ဒါပေမဲ့ မာရူးကို မြင်လိုက်ရတဲ့ အချိန်မှာ ပထမဆုံး ခေါင်းထဲ ရောက်လာတာက စင်မြင့် ဖြစ်နေတာကိုး။ သူက လူတိုင်းရဲ့ အာရုံကို ဖမ်းစားထားနိုင်ခဲ့တာလေ။ အဲဒီအထိ တွေးလိုက်မိရုံနဲ့တင် သူမ စိတ်ထဲမှာ ပြိုင်ဆိုင်ချင်စိတ်တွေ ဖြစ်ပေါ်လာရတယ်။

သူမ သူ့ကို ချစ်တာကတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ သူတို့ရဲ့ ပတ်သက်မှုနဲ့ သရုပ်ဆောင်တာကတော့ သီးသန့်စီပဲလေ။ သူမရဲ့ အသက်အရွယ်တူ လူတစ်ယောက်ကို ဒီလိုမျိုး ငေးငိုင်ပြီး စိုက်ကြည့်နေမိတာ ဒါဟာ ပထမဆုံးအကြိမ်ပါပဲ။ အရာသစ်တစ်ခုကို မြင်လိုက်ရလို့ ပျော်မိသလို၊ တစ်ဖက်မှာလည်း မာရူးအပေါ် နည်းနည်းတော့ မနာလိုဖြစ်မိတာပေါ့။ သူမသာ သူ့ကို သေသေချာချာ မသိခဲ့ဘူးဆိုရင် မာရူးက တကယ်ကို အံ့ဩစရာကောင်းတဲ့သူပဲလို့ ထင်မိမှာ သေချာတယ်။

ဟုတ်ပါတယ်၊ စင်ပေါ်က အရပ်ရှည်တဲ့ ကောင်လေးက တကယ် တော်တာပါ၊ အဲဒီအပေါ်မှာ သူမ ဘာမှ ပိုပြီးတော့လည်း မခံစားရသလို လျော့ပြီးတော့လည်း မတွေးမိပါဘူး။ ဒါပေမဲ့ မာရူးကိုတော့ သူမ ကောင်းကောင်း သိနေတာဆိုတော့ စိတ်ထဲမှာ ပိုပြီး ပြိုင်ဆိုင်ချင်စိတ် ဖြစ်လာတာပေါ့။ တကယ်တမ်း အနိုင်ယူချင်တာမျိုးတော့ မဟုတ်ပါဘူး၊ အဲဒါထက်...

“ငါ နောက်ကျကျန်ခဲ့သလို ခံစားရလို့ပါ”

“နောက်ကျကျန်ခဲ့တာ ဟုတ်လား၊ ဘာကိုလဲ”

“... ဘာမှမဟုတ်ပါဘူး”

သရုပ်ဆောင်ရတာကို မြတ်နိုးတဲ့ ကောင်လေး၊ ဒီလိုလူမျိုးနဲ့ စင်ပေါ်မှာ အတူတူ သရုပ်ဆောင်ရရင် တကယ်ကို ပျော်စရာကောင်းမှာပဲ။ ဒါပေမဲ့ အဲဒီကောင်လေးက သူမထက် အများကြီး ပိုပြီး တော်နေမယ်ဆိုရင်တော့... သူမက သူ့နဲ့အတူ စင်ပေါ်မှာ ရပ်နေနိုင်လိမ့်မယ်လို့ တကယ်ကြီး ပြောနိုင်ပါ့မလား။

“ဟေး... နင် ဘယ်သွားမလို့လဲ”

သူမ ခြေလှမ်းတွေကို ခပ်သွက်သွက် လှမ်းလိုက်တဲ့အချိန်မှာ ယိုဂျင်က လှမ်းအော်တယ်။ သူမ မျက်မှောင်လေး အသာကြုတ်ပြီး ပြန်ပြောလိုက်တာက...

“လေ့ကျင့်ရေးဆီ”

“ဘာ”

“ငါ လေ့ကျင့်ဖို့ လိုအပ်တယ်”

“ဘာလို့ ရုတ်တရက်ကြီးလဲ”

“ငါ သူ့ရဲ့ ဘေးနားမှာ ရပ်ချင်လို့”

“သူ့ဘေးနားမှာ ဟုတ်လား”

ယိုဂျင်က စက္ကန့်အနည်းငယ်လောက် ကြာမှ သဘောပေါက်သွားတဲ့ အပြုံးမျိုးနဲ့ ပြုံးလိုက်တယ်။

“ဝိုး... နင်က တကယ့်ကို ချစ်ဖို့ကောင်းတာပဲ”

မိန်းကလေးက သူမရဲ့ ပါးကို လာဆွဲတယ်။ သူမ နှုတ်ခမ်းလေးဆူပြီး ယိုဂျင်ကို ဖယ်ထုတ်ဖို့ ကြိုးစားပေမဲ့ မိန်းကလေးက သူမနောက်ကိုပဲ တကောက်ကောက် လိုက်နေတော့တာပေါ့။

“နင် သူ့အပေါ်ကို လုံးဝ စိတ်မဆိုးနိုင်အောင် ဖြစ်နေတာပဲ မဟုတ်လား”

“မဟုတ်ပါဘူးဆို”

“လူလိမ်မလေး”

ယိုဂျင်က သူမကို ခန်းမဘက်ဆီ အတင်း ဆွဲခေါ်သွားတယ်။

“နင် ငါ့ကို ဘယ်ခေါ်သွားနေတာလဲ”

“မေမေ့ဆီ၊ နင့်မှာ အချိန်ရှိတယ် မဟုတ်လား”

“လေ့ကျင့်ရေးက...”

“အတွေ့အကြုံဆိုတာလည်း လေ့ကျင့်တာတစ်မျိုးပဲလေ၊ ငါ မေမေနဲ့ ဒိတ်လုပ်မလို့၊ အဲဒါကြောင့် နင်လည်း လိုက်ခဲ့”

“ဘာ”

“သိပ်ပြီး ဖိအားတွေ များမနေပါနဲ့၊ ငါ့အမေကလေ... နည်းနည်းတော့ ငါနဲ့ တူတယ်၊ တကယ်တော့ ငါ့ထက်တောင် ပိုဆိုးသေးတယ်၊ သူမက နင့်ကို တကယ် သဘောကျမှာပါ”

“နေ... နေဦးလေ”

သူမ ရုန်းကန်ဖို့ ကြိုးစားပေမဲ့ ယိုဂျင်က တကယ့်ကို အတင်းအကျပ် လုပ်နေတာဗျ။ နောက်ဆုံးတော့လည်း သူမတစ်ယောက် ခန်းမကြီးထဲအထိ အတင်း ဆွဲခေါ်သွားခြင်း ခံလိုက်ရတော့တာပေါ့။

* * * * * * * * *

All Chapters