အခန်း (၁၄၅-၁၄၆)
Vol. 15 Ch. 145-146
အခန်း(၁၄၅)
မွန်ဂျောင်က အခွင့်အရေးရတာနဲ့ လူအုပ်ထဲကနေ ခွဲထွက်လာခဲ့တယ်။ ချောမင်းက သူ့ကို မသွားဘဲ နေဦးဖို့ လက်ဟန်ပြပေမဲ့ မွန်ဂျောင်က ဒီလိုမျိုး တွေ့ဆုံပွဲတွေကို သိပ်သဘောကျတဲ့သူ မဟုတ်ဘူးလေ။ ဒါကြောင့်လည်း ချောမင်းတစ်ယောက် ပွဲစီစဉ်သူတွေနဲ့ စကားပြောလို့ အလုပ်ရှုပ်နေတုန်းမှာပဲ တိတ်တိတ်လေး ထွက်လာခဲ့ဖို့ ဆုံးဖြတ်လိုက်တာပါ။
ခန်းမကြီးထဲမှာတော့ ကျောင်းသားတွေအများကြီးရှိနေပြီး အားလုံးက လက်ထဲမှာထမင်းဗူးလေးတွေ ကိုယ်စီ ကိုင်ထားကြတယ်။ သူတို့မှာ တစ်နာရီစာနားချိန်လေး ရထားတာလေ။ အဲဒီလို ထမင်းစားနေတဲ့ အချိန်မှာတောင် သူတို့ရဲ့ ဇာတ်ညွှန်းတွေကို အသည်းအသန်လေ့ကျင့်နေကြတုန်းပဲ။ တကယ့်ကို စိတ်အားထက်သန်လွန်းတဲ့ ကလေးတွေပေါ့။ ဒီလိုကလေးမျိုးတွေ ရှိနေတာကိုပဲ မွန်ဂျောင်တစ်ယောက် တကယ့်ကို ကျေးဇူးတင်မဆုံး ဖြစ်နေရတာပါ။
အခုခေတ်မှာဆိုရင် ပြဇာတ်တွေအပြင် တခြားကြည့်ရှုစရာဖျော်ဖြေရေးတွေက အများကြီး ရှိနေတာကိုး။ အခုအချိန်မှာ ပြဇာတ်ဆိုတာက လူနည်းစုပဲ စိတ်ဝင်စားကြတဲ့ ဖျော်ဖြေရေး အမျိုးအစားတစ်ခု ဖြစ်နေပါပြီ။ အဲဒီလို အခြေအနေမျိုးမှာတောင် ဒီကလေးတွေက သရုပ်ဆောင်နေကြတုန်းပဲ။ သူတို့တွေ ဒါကို ပျော်ပျော်ရွှင်ရွှင် လုပ်နေကြတာလေ။ ဒီလိုကလေးမျိုးတွေ ရှိနေသရွေ့တော့ ပြဇာတ်အနုပညာကြီးက ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ အဲဒီလို အမြင်နဲ့ ကြည့်မယ်ဆိုရင် ဒီလောကကြီးမှာ ချောမင်းလိုမျိုး အလုပ်ကြိုးစားတဲ့သူတွေနဲ့ ဂန်ဟွမ် လိုမျိုး ပါရမီပါတဲ့သူတွေ တကယ်ကိုလိုအပ်တာပေါ့။
“ပင်ပန်းနေကြပြီ ထင်တယ်”
“အာ ဟုတ်ကဲ့ပါခင်ဗျာ”
ကလေးတွေက သူ့ကို ကြည့်ပြီး နည်းနည်းတော့ လန့်နေကြပုံရတယ်။ မျက်နှာပေါ်က မိတ်ကပ်တွေက ကြည့်ရတာ နည်းနည်းတော့ အဆင်မပြေလှပေမဲ့ သူတို့ရဲ့ မျက်လုံးတွေကတော့ တကယ့် ပရော်ဖက်ရှင်နယ် သရုပ်ဆောင်တွေအတိုင်းပဲ။
“သရုပ်ဆောင်ရတာ ပျော်ဖို့ကောင်းရဲ့လား”
မွန်ဂျောင် ကိုယ့်ဘာသာ စပ်စုရာကျနေမလားလို့ ခဏလောက် တွေးလိုက်မိပေမဲ့ ကလေးတွေက မျှော်လင့်မထားလောက်အောင်ကို ယဉ်ယဉ်ကျေးကျေး ပြန်ဖြေရှာကြတယ်။
“အမြဲတမ်းကြီးတော့ ပျော်ဖို့မကောင်းပါဘူး ဆရာ၊ ဒါပေမဲ့ ကျွန်တော်တို့တွေ အသည်းအသန် လေ့ကျင့်ခဲ့ရတဲ့ ပြဇာတ်ကြီးကို သေသေချာချာ ပြီးဆုံးအောင် ကပြလိုက်ရတဲ့ ခံစားချက်က တကယ်ကို နေလို့ကောင်းတာပါ”
ကလေးတွေရဲ့ မျက်နှာမှာ တကယ့်ကို ဖြူစင်တဲ့ အပြုံးလေးတွေ ရှိနေတာပေါ့။ မွန်ဂျောင်လည်း သူတို့ကိုယ်သူတို့ အားရကျေနပ်မှုရှိမယ့် ပြဇာတ်မျိုးကို ကပြနိုင်ပါစေလို့ ဆုတောင်းပေးပြီးမှ ထွက်လာခဲ့လိုက်တယ်။ ဒီလို ငယ်ရွယ်တဲ့ ကလေးတွေကို ကြည့်ရတာက သူ့ကို လူတစ်ယောက်ဆီ အာရုံရောက်သွားစေတာလေ။ သူ သူ့မျက်မှန်ကို တပ်လိုက်ပြီး ဖုန်းက ခလုတ်တွေကို နှိပ်လိုက်တယ်။ ခဏနေတော့ ဖုန်းတစ်ဖက်ကနေ အသံထွက်လာတာပေါ့။
“ဟုတ်ကဲ့ ပြောပါ ဆရာ”
“မာရူး လား”
“ဟုတ်ကဲ့ ကျွန်တော်ပါ ဆရာ”
“မင်းကို အနားတစ်ဝိုက်မှာ ရှာလို့မတွေ့လို့”
“အဲဒါက ဘာကို ပြောတာလဲဟင် ဆရာ”
“ငါ အခု အန်ယန်း ခန်းမကို ရောက်နေတာ၊ မင်းတို့တွေ ပြန်သွားကြပြီလား”
“ဆရာက ခန်းမကြီးထဲကို ရောက်နေတာလား”
“ဒီလိုနဲ့ပဲ ဒီကို ရောက်လာခဲ့တာပါ”
“ကျွန်တော်တို့တွေ သန့်ရှင်းရေးလုပ်ပြီးတာနဲ့ ကျောင်းကို ချက်ချင်း ပြန်လာခဲ့ကြတာပါ။ နားနေခန်းကလည်း ကျဉ်းလွန်းတော့ မြန်မြန် ထွက်လာခဲ့ရတာမို့လို့ပါ”
“အော် အဲလိုလား”
“ဒါကြောင့်မို့လို့ပဲ မာရူး ကို ဘယ်နားမှာမှ ရှာလို့မတွေ့တာကိုး။ မွန်ဂျောင် ခဏလောက် စဉ်းစားလိုက်ပြီးမှ ပါးစပ်ဟလိုက်တယ်”
“မင်းရဲ့ သင်တန်းဆရာမက မင်းဘေးမှာ ရှိနေလား”
“ဟုတ်ကဲ့ ရှိပါတယ်”
“ငါ အဲဒီကို လာလည်ရင် အဆင်ပြေမလားဆိုတာ တစ်ချက်လောက် မေးပေးပါဦး”
“ဆရာက ဒီကို လာမလို့လား”
“နောက် တစ်နာရီ ဒါမှမဟုတ် နှစ်နာရီလောက်နေရင်ပေါ့၊ အဲဒီအချိန်အထိ ရှိနေဦးမယ်ဆိုရင်လေ။ ထူးထူးဆန်းဆန်း ကိစ္စကြီးတော့ မဟုတ်ပါဘူး၊ ဒီတိုင်းပဲ...”
မွန်ဂျောင် စကားစကို ဖြတ်လိုက်ရင်း သူ့နောက်ဘက်ဆီ လှည့်ကြည့်လိုက်တယ်။ ခန်းမထဲမှာ ကလေးတွေ လေ့ကျင့်နေကြတာကို သူ မြင်နေရတုန်းပဲလေ။
“... အဲဒီပြဇာတ်ရဲ့ နောက်ကွယ်က လူကို စိတ်ဝင်စားလို့ပါ။ အခွင့်အရေးရရင် မင်းကိုလည်း စကားအချို့ ပြောချင်သေးတယ်”
“အဲဒါက ကျွန်တော့်အတွက်တော့ တကယ့်ကို ဂုဏ်ယူစရာပါ ဆရာ”
“ဟားဟား ဘာမှမဟုတ်ပါဘူးကွာ”
“ဒါဆို ကျွန်တော် ဆရာမကို အရင် မေးလိုက်ပါ့မယ် ဆရာ။ ဆရာပြောတဲ့ စကားတွေကို အချိန်မရွေး နားထောင်ချင်ပါတယ်၊ ဒါပေမဲ့ ဆရာမကတော့…”
“အာ ဒါပေါ့ကွ။ ငါကလည်း ဆရာမရဲ့ ခွင့်ပြုချက်ရမှပဲ သွားချင်တာပါ”
“အကယ်၍ ဆရာမက ငြင်းရင်တောင် ကျွန်တော်တစ်ယောက်တည်း ဖြစ်ဖြစ် ဆရာ့ဆီ လာခဲ့ပါ့မယ်။ ဆရာ ကျွန်တော့်ဆီ ဖုန်းမဆက်တော့လို့ စိတ်ဆိုးနေတာလားလို့ တွေးနေမိတာ”
တကယ့် ကလေးလေးပဲ။ မွန်ဂျောင်ကတော့ မာရူး နဲ့ စကားပြောဖြစ်တိုင်း ဒီကောင်လေးက တကယ်ပဲ ဆယ်ကျော်သက်အရွယ်လေး ဟုတ်ရဲ့လားလို့ ကိုယ့်ဘာသာ ခဏခဏ တွေးမိနေတာပေါ့။
“မင်းက ငါ့အပေါ်မှာ အဲလောက်ကြီး အထင်ကြီးပေးတာကိုပဲ တကယ် ကျေးဇူးတင်ရမှာပါ”
လူတွေက အသက်ကြီးလာရင် ခေါင်းမာတတ်ကြတယ်လို့ ပြောလေ့ရှိကြတယ်။ မွန်ဂျောင်လည်း သူ့ရဲ့ အလုပ်အကိုင် စတင်ချိန်တုန်းက တကယ့်ကို ခေါင်းမာခဲ့တာပေါ့။ မာနလည်း ကြီးခဲ့သေးတယ်။ သူ မပါရင် ပြဇာတ်တွေက မအောင်မြင်နိုင်ဘူးလို့တောင် တွေးခဲ့ဖူးတာလေ။ သူ့ကို ဇာတ်ကောင်နေရာ မပေးတဲ့သူတွေကိုလည်း ရူးနေကြတာပဲလို့ ထင်ခဲ့တာပေါ့။ သူ့ရဲ့ နာမည်ကြီးမှုက ထာဝရ တည်တံ့နေလိမ့်မယ်လို့လည်း တွေးခဲ့ဖူးတယ်။
တစ်ချိန်မှာတော့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချဖို့ဆိုတဲ့ အတွေးတွေကို ရပ်တန့်လိုက်ပြီး သူ့ထက် ပိုပြီး အောင်မြင်အောင် ကြိုးစားတဲ့သူတွေကို တကယ့် ငတုံးတွေပဲလို့ မြင်လာခဲ့မိတာပေါ့။ အဲဒီအချိန်မှာပဲ သူက အနားယူဖို့အတွက် ဒီလောကကြီးကနေ ခေတ္တထွက်ခွာခဲ့တာပါ။ အဲဒီတုန်းက သူ့အသက်က ငါးဆယ်ကျော် အရွယ် ရှိနေပြီဖြစ်ပြီး အဲဒီ တစ်နှစ်တာအနားယူချိန်က သူ့ကိုတန်ဖိုးရှိတဲ့သင်ခန်းစာတွေ အများကြီး သင်ပေးခဲ့တယ်လေ။ အဲဒီထဲက တစ်ခုကတော့ နာမည်ကြီးမှုအပေါ်မှာ တည်ဆောက်ထားတဲ့ ပတ်သက်မှုတွေက ဖန်ခွက်တစ်ခုလိုပဲ လွယ်လွယ်ကူကူနဲ့ ကွဲအက်ပျက်စီးသွားနိုင်တယ်ဆိုတဲ့ အချက်ပဲပေါ့။
အဲဒီအချိန်ကျမှပဲ သူက နောက်တစ်လှမ်းဆုတ်ပြီး ကလေးတွေကို ပညာသင်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူ့ရဲ့ စိတ်အားထက်သန်မှုတွေ ပျောက်ဆုံးသွားလို့ မဟုတ်ပါဘူး၊ ကိုယ့်ကိုယ်ကိုယ် ရှက်မိလို့ပါ။ အရာအားလုံးကို သူ့လက်ထဲမှာ ဆုပ်ကိုင်ထားနိုင်ပြီလို့ ထင်ခဲ့ပေမဲ့ တကယ်တမ်းတော့ အဲဒါတွေက သဲပွင့်တွေလိုပဲ လက်ကြားထဲကနေ လျှောကျကုန်တာကိုး။ လူတွေက မိမိရဲ့ အထီးကျန်မှုတွေကြားထဲမှာပဲ ရင့်ကျက်လာတတ်ကြတာပါလားဆိုတာကို သူ့အသက် ခြောက်ဆယ်ရောက်ခါနီးကျမှပဲ သူ သဘောပေါက်လိုက်ရတယ်။
ဒါပေမဲ့ စိတ်သက်သာရာ ရစရာ တစ်ခုကတော့ မွန်ဂျောင် ဆိုတဲ့ လူက သူထင်ထားသလောက်ကြီးတော့ ဆိုးရွားတဲ့သူတစ်ယောက် မဟုတ်ခဲ့ပါဘူး။ သူ့ရဲ့ အပေါင်းအသင်းတွေဆီကနေ ကြားခဲ့ရတဲ့ သူ့အကြောင်း အဆိုးဆုံး ဝေဖန်ချက်ကတော့ သူ့ရဲ့ လုပ်ရပ်တွေက ကြည့်ရတာ ‘ဈေးကြီးတယ်’ လို့ ပြောတာပဲ ရှိတာလေ။ အဲဒီအမေးကို ကြားလိုက်ရတုန်းကတော့ သူ ရယ်ပဲ ရယ်မိတော့တယ်။
သူ ဒီလောကကနေ အနားယူပြီးတဲ့နောက်မှာတော့ လူတွေက သူ့ကို တကယ့် အဖိုးတန် လူကြီးတစ်ယောက်လိုမျိုး ဆက်ဆံလာကြတာပေါ့။ အမှန်အတိုင်း ပြောရရင် ဒီလောက်အထိ အလေးအနက်ထားပြီး အရိုအသေပေးတာကို ခံရတာက သူ့အတွက်တော့ တော်တော်လေးကို ရှက်ဖို့ကောင်းတဲ့ အခြေအနေပါပဲ။ ဒါပေမဲ့လည်း ဘာတတ်နိုင်မှာလဲလေ။ အဲဒီအချိန်ကစပြီး လူတွေက သူ့ဆီကို တစ်ခုခုအတွက် လာအကူအညီတောင်းတိုင်း ပထမဆုံး ခံစားရတဲ့ ခံစားချက်ကတော့ ကျေးဇူးတင်စိတ်ပဲ ဖြစ်နေတော့တာပေါ့။
“ကျွန်တော် မိနစ်အနည်းငယ်လောက်နေရင် ဖုန်းပြန်ဆက်လိုက်ပါ့မယ် ဆရာ”
“အေးဆေးလုပ်ပါကွာ။ ငါလည်း ဒီမှာ နောက်ထပ် နှစ်နာရီလောက်အထိ နေရဦးမှာဆိုတော့လေ”
မွန်ဂျောင်ပြုံးပြုံးလေးနဲ့ ဖုန်းချလိုက်တယ်။ လူတစ်ယောက်ကို ပြုစုပျိုးထောင်ပေးဖို့ဆိုတာ ဘယ်လောက်အထိ ခက်ခဲပြီး အန္တရာယ်များလဲဆိုတာ သူ ကောင်းကောင်း သိတာပေါ့၊ ဒါကြောင့်လည်း ဂျွန်မင်းကို သူ လူတစ်ယောက်တည်းကိုပဲ သေသေချာချာ သင်ပေးချင်တယ်လို့ ပြတ်ပြတ်သားသား ပြောခဲ့တာလေ။
လူတစ်ယောက်ကို ပညာသင်ပေးတယ်ဆိုတာ အဲဒီလူရဲ့ ဘဝအပေါ်ကို လွှမ်းမိုးမှု ရှိစေတာ မဟုတ်လား။ မင်း ကြိုက်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ အဲဒီလူရဲ့ ဘဝလမ်းကြောင်းကို တစ်မျိုးမဟုတ်တစ်မျိုး ပြောင်းလဲစေတာပဲလေ။ ဒီလို လုပ်ရပ်မျိုးကို ပေါ့ပေါ့ဆဆ သဘောထားတာက တကယ့် အပြစ်တစ်ခုပဲ၊ အဲဒါကြောင့်လည်း မွန်ဂျောင်က “သင်ပေးတယ်” ဆိုတဲ့ စကားလုံးကို ပါးစပ်မှာ သိပ်မသုံးဖြစ်တာပေါ့။
သူ အများဆုံး လုပ်ပေးဖြစ်တာကတော့ သူ့ရဲ့ အတွေ့အကြုံတွေအပေါ် အခြေခံပြီး လူတွေကို အကြံဉာဏ်ပေးတာပဲ ရှိတာလေ။ သူ အပြင်ဘက်မှာ ခဏလောက် လမ်းလျှောက်နေတုန်း သူ့ကို လှမ်းခေါ်တဲ့ အသံတစ်ခု ကြားလိုက်ရတယ်။ ချောမင်း ဖြစ်နေတာပါ။
“ပြဇာတ်ရဲ့ အဓိကဇာတ်ဆောင်ကြီးက အပြင်မှာ ဘာလုပ်နေတာလဲဗျ”
“အဓိကဇာတ်ဆောင် ဟုတ်လား၊ မဟုတ်တာကွာ”
“ဒါရိုက်တာနဲ့ စာရေးဆရာလည်း ရောက်နေပြီ။ သူတို့နဲ့ ခဏလောက် စကားပြောလိုက်ဦးလေ”
“အကြာကြီး ကြာမှာလား”
“မဟုတ်ပါဘူး၊ ဒါက သာမန် နှုတ်ဆက်ရုံလေးပါပဲ။ အသေးစိတ်ကိုတော့ နောက်မှပဲ အေးအေးဆေးဆေး စကားပြောကြတာပေါ့။ တို့တွေ အဆင်ပြေပြေ အလုပ်လုပ်နိုင်မလားဆိုတာကိုပဲ အရင် စစ်ကြည့်ရအောင်ပါ”
“ငါလို လူအိုကြီးတစ်ယောက်က ဘယ်သူနဲ့ အလုပ်လုပ်ရမလဲဆိုတာကို ဂရုစိုက်နေလိမ့်မယ်လို့ မင်း ထင်လို့လား”
“ဒါက တကယ်ပဲ ဆရာယွန်း ပြောသင့်တဲ့ စကားမျိုး ဟုတ်လို့လားဗျာ”
သူတို့ နှစ်ယောက်လုံး ပြုံးဖြီးဖြီး လုပ်ရင်း ခန်းမထဲကို ပြန်ဝင်လာခဲ့ကြတယ်။
* * * * * * * * *
“ဘယ်သူလဲ” ယန်မီဆို က ထပ်ပြီး မေးလိုက်တယ်။
“ဆရာ ယွန်းမွန်ဂျောင် လေ”
“ဘယ်သူကြီးလဲ၊ ကျောင်းဆရာလား”
“မဟုတ်ဘူး၊ သရုပ်ဆောင်ကြီးလေ”
“... ဘယ်သူနော်”
“သရုပ်ဆောင်ကြီး ဆရာ ယွန်းမွန်ဂျောင် လို့ ပြောတာပါ”
“နာမည်ချင်း တူနေတဲ့သူ တစ်ယောက်ယောက် ဖြစ်မှာပါ၊ ဟုတ်တယ်မလား”
“မထင်ပါဘူး”
“ငါ အခု တွေးနေတဲ့သူ တကယ်ပဲ ဟုတ်လို့လား”
“ဖြစ်နိုင်ပါတယ်”
“ပြီးတော့ သူက အခု ဒီကို လာနေတာ ဟုတ်လား”
“ဆရာမဆီကနေ အဆင်ပြေမလားဆိုတာကို အရင် သိချင်နေတာလေ...”
“အဆင်ပြေမလား ဟုတ်လား၊ ဒါပေါ့၊ တကယ့်ကို အဆင်ပြေတာပေါ့။ ငါတို့က အမြဲတမ်း ကြိုဆိုနေတာပါ”
ယန်မီဆို တစ်ယောက် အသံတွေ တအားကျယ်နေတာကြောင့် ကလပ်အဖွဲ့ဝင်တွေအားလုံးက သူတို့နှစ်ယောက်ကို ထူးဆန်းသလို လှမ်းကြည့်နေကြတာပေါ့။
“သူက အခုချက်ချင်းကြီး လာမှာတော့ မဟုတ်ပါဘူး။ အချိန်နည်းနည်း ယူဦးမယ်လို့ ပြောသွားတာ”
“ဘယ်လောက်တောင် ကြာမှာလဲ”
“နှစ်နာရီလောက် ထင်တယ်”
နှစ်နာရီ။ ယန်မီဆို ခန်းမကြီးထဲကို ဝေ့ကြည့်လိုက်တယ်။ သူ့အတွက် ထိုင်စရာ နေရာ ရှိရဲ့လား။ မဟုတ်သေးပါဘူး၊ ဒီနေရာကြီးက သူ့လိုလူမျိုးအတွက် တကယ်ကော သင့်တော်ရဲ့လား။
“ပြီးတော့ သူက ပြောသေးတယ်၊ သူ့အတွက်ဆိုပြီး အထူးတလည်တွေ ပြင်ဆင်ပြီး အကြီးအကျယ်ကြီးတွေ မလုပ်ပါနဲ့တဲ့”
အဲဒီစကားကို ကြားရရင်တောင် ယန်မီဆိုကတော့ စိတ်ငြိမ်မသွားနိုင်ဘူး။ ယွန်းမွန်ဂျောင် ဆိုတဲ့ နာမည်က သူမအတွက်တော့ အဓိပ္ပာယ်တွေ အများကြီး ရှိနေတာကိုး။
“ဒီမှာ အဲဒီ သစ်သားကုလားထိုင်တွေအစား ထိုင်လို့ကောင်းမယ့် ကုလားထိုင် အကောင်းစားမျိုး ရှိသေးလား”
“ဆရာမတို့ ရုံးခန်းထဲမှာ ရှိနိုင်ပါတယ်”
“ငါနဲ့ လိုက်ခဲ့စမ်း”
သူတို့ နှစ်ယောက်လုံး ပထမထပ်ဆီကို တန်းပြီး ဆင်းလာခဲ့ကြတယ်။ ဒီနေ့က တနင်္ဂနွေနေ့ ဖြစ်ပေမဲ့ ကျောင်းမှာ ဆရာ၊ ဆရာမအချို့ ရှိနေကြတုန်းပဲ၊ သူတို့က ကြည့်ရတာ တော်တော်လေး သက်သောင့်သက်သာ ရှိမယ့်ပုံစံရှိတဲ့ ကုလားထိုင်တစ်လုံးကို ရွေးလိုက်ပြီး ဆရာမဆီမှာ ယူသွားလို့ရမလားလို့ ခွင့်တောင်းလိုက်တယ်။ အစတုန်းကတော့ ဆရာမက မျက်နှာပျက်ပျက်နဲ့ ငြင်းချင်နေပေမဲ့ ယွန်းမွန်ဂျောင် ဆိုတဲ့ နာမည်ကို ကြားလိုက်ရတာနဲ့တင် သူမရဲ့ အမူအရာက ချက်ချင်း ပြောင်းလဲသွားတော့တာပဲ။
“တကယ်လား၊ ဆရာကြီး ယွန်းမွန်ဂျောင် က လာမလို့လား”
အသက်ကြီးကြီး ဆရာမတစ်ယောက်ရဲ့ တုံ့ပြန်မှုကတော့ တကယ့်ကို အံ့ဩစရာပဲဗျာ။ အဲဒီဆရာမက သူတို့ကို အခင်းတစ်ထည်တင်မကဘဲ စားစရာအဖြစ် ယိုကန် မုန့်လေးပါ လှမ်းပေးလိုက်သေးတယ်။ ပြီးတော့ လက်မှတ်လေးပါ တောင်းပေးဖို့ ပြောနေတာကြောင့် ယန်မီဆို လည်း ခေါင်းပဲ ညိတ်ပြလိုက်ရတော့တာပေါ့။
“ဒါကို ကိုင်ထားစမ်း”
ယန်မီဆို က အခင်းကို ကိုင်ပြီး မာရူးက ကုလားထိုင်ကို သယ်လာခဲ့တယ်။ သူတို့ နှစ်ယောက်လုံး ငါးထပ်ကို ပြန်ရောက်လာတဲ့အချိန်မှာ ကလပ်အဖွဲ့ဝင်တွေက ဘာတွေဖြစ်နေတာလဲလို့ လှမ်းမေးကြတာပေါ့။
“တို့တွေဆီကို တကယ့် ဝါရင့် စီနီယာကြီးတစ်ယောက် လာလည်မလို့ဟေ့။ အားလုံးပဲ လေ့ကျင့်တာကို အာရုံစိုက်ကြစမ်း။ မင်းတို့တွေ မသေချာဘဲ ဇဝေဇဝါဖြစ်နေတဲ့ အချက်တွေအကုန်လုံးကို စာရင်းချရေးထားကြ။ ဒါက တစ်သက်မှာ တစ်ခါပဲကြုံရမယ့် အခွင့်အရေးမျိုးနော်။ ဒီလို အတွေ့အကြုံမျိုးက ပိုက်ဆံပေးရင်တောင် ဝယ်လို့ရတာ မဟုတ်ဘူး”
ကလေးတွေကတော့ ယွန်းမွန်ဂျောင်ရဲ့ နာမည်ကို ကြားပေမဲ့ ကြောင်တောင်တောင် ဖြစ်နေကြတုန်းပဲ။ ယန်မီဆို ကတော့ ဒီသရုပ်ဆောင်ကြီးက ဘယ်လောက်တောင် အံ့ဩစရာကောင်းလဲဆိုတာကို အသေးစိတ် ရှင်းပြဖို့ တကယ့်ကို အဆင်သင့် ဖြစ်နေပေမဲ့ အခုလောလောဆယ်တော့ ဒီအတိုင်းပဲ ထားလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။
“အား ငါတော့ တကယ် ရင်တုန်နေပြီ”
“ပုံမှန်အတိုင်းပဲ နေစမ်းပါ ဆရာမရယ်၊ အခု ဆရာမပုံစံက တကယ့်ကို ထူးဆန်းနေတယ်”
“မင်းတို့ကသာ ထူးဆန်းနေတာပါ။ ဒါက ဆရာယွန်းရဲ့ အကြောင်းကို ပြောနေတာလေ။ အား... ဒီလို ကိစ္စမျိုးမှာ မင်းတို့နဲ့ အသက်အရွယ် ကွာဟချက်ကြီး ဖြစ်နေရတာကိုက တကယ်ပဲ... တို့တွေ ကွာတာကလည်း ဆယ်စုနှစ်တစ်ခုစာလေးပဲ ရှိတာကို”
“ဆရာမက အသက်ကြီးနေပြီလေ”
“သေချင်လို့လား ဟန်မာရူး”
မာရူး ကတော့ ပခုံးလေး တွန့်ပြရုံပဲ လုပ်နေတာပေါ့။
“ဒါနဲ့ မင်းက ဆရာယွန်း နဲ့ ဘယ်လိုလုပ် သိနေတာလဲ”
“ကျွန်တော် ဆရာဂျွန်မင်းနဲ့ ဆုံရင်းနဲ့ သိခဲ့တာပါ။ သူက ကျွန်တော့်အကြောင်း ကောင်းတာတွေ အများကြီး ပြောပြဖူးတယ်”
“အဲဒါကို ငါ့ကို ကြိုပြောခဲ့သင့်တာ”
မာရူး က စစ်သားတစ်ယောက်လို အလေးပြုလိုက်ပြီး “ဟုတ်ကဲ့ပါ ဆရာမ၊ အချိန်မရွေးပေါ့” လို့ ပြောလိုက်တယ်။
“ဒါနဲ့ သူက ဘယ်လိုလူမျိုးလဲ”
“သူက ကြင်နာတတ်တဲ့သူပါ။ စကားပြောရင်လည်း တကယ့်ကို အလေးအနက်ထားပြီး နားထောင်ပေးတတ်တယ်၊ ပျင်းစရာကောင်းတဲ့ အကြောင်းအရာတွေဆိုရင်တောင်မှပေါ့။ ဒါပေမဲ့ ကျွန်တော်လည်း သူနဲ့ တစ်ခါပဲ ဆုံဖူးတာပါ”
“ဟူး ငါတော့ တကယ် ရင်တုန်တယ်”
“ဒါဆိုလည်း သူ့ကိုမလာနဲ့လို့ ကျွန်တော် လှမ်းပြောလိုက်ရမလား”
“နောက်ပြောင်မနေစမ်းနဲ့ မာရူး ရယ်။ ငါ သရုပ်ဆောင် စလုပ်တဲ့ အချိန်တုန်းက သူက ဒီလောကကနေ အနားယူသွားခဲ့ပြီလေ။ အဲဒါကြောင့်လည်း သူ့ကို မြင်ဖူးဖို့ အခွင့်အရေး လုံးဝမရှိခဲ့တာ။ အခုလိုမျိုး သူ့ကို တွေ့ရလိမ့်မယ်လို့ တကယ်ကို မထင်ထားခဲ့ဘူး”
ယန်မီဆို ရဲ့ အမြင်မှာတော့ ဒီနေ့ မာရူးက ကြည့်ရတာ တော်တော်လေးကို ချစ်စရာကောင်းနေတာပေါ့။ သူမက ကောင်လေးရဲ့ ပါးနှစ်ဖက်ကို ကိုင်ပြီး ဘေးတစ်ဖက်စီကို အားနဲ့ ဆွဲလိမ်လိုက်တော့တယ်။
“အား...”
“ဒီကောင်လေးကတော့ တကယ့်ကို ချစ်စရာကောင်းတဲ့ ကောင်လေးပဲ။ မင်းက တကယ့်ကို ကံကောင်းခြင်း လက်ဆောင်လေးတစ်ခုပဲ”
“နာတယ်ဗျ”
“နာတယ် ဟုတ်လား၊ ဒါဆို ပိုလုပ်ရမှာပေါ့”
ယန်မီဆိုက ကလေးတစ်ယောက်လိုမျိုး ပြုံးဖြီးဖြီး လုပ်နေတာကြောင့် ကလပ်အဖွဲ့ဝင်တွေလည်း သူတို့နှစ်ယောက်ကို ကြည့်ပြီး ပိုလို့တောင် ဇဝေဇဝါ ဖြစ်ကုန်ကြတော့တာပေါ့။
* * * * * * * * *
“တွေ့ရတာ တကယ့်ကို ဂုဏ်ယူစရာပါ ဆရာ” ဒါရိုက်တာက နောက်ကို တစ်လှမ်းဆုတ်ရင်း ပြောလိုက်တယ်။
“ဂုဏ်ယူစရာ ဟုတ်လား”
“အခုခေတ်မှာ ဒီလို စကားမျိုးတွေကို ကြားရတာက တကယ်ကို ရှက်ဖို့ကောင်းတဲ့ အခြေအနေပါပဲ”
“ငါ့ကို လာမလိမ်ပါနဲ့ ဆရာကြီးရဲ့။ ဆရာကြီးလည်း ဒါကို သဘောကျနေမှန်း ငါ သိပါတယ်”
သူတို့ရဲ့ ဆုံတွေ့မှုလေးကတော့ ခဏလေးနဲ့ပဲ ပြီးဆုံးသွားခဲ့တယ်။ ဒါရိုက်တာက သူ့ရဲ့ ရည်မှန်းချက်တွေကို ပြသခဲ့သလို စာရေးဆရာကလည်း သူ့ရဲ့ စိတ်အားထက်သန်မှုတွေကို ပြသခဲ့တာပေါ့။ မွန်ဂျောင်က ဒါရိုက်တာကို သူသာ စင်ပေါ်မှာ သရုပ်ဆောင်ရင် အခုထိ လူကြိုက်များပါဦးမလားလို့ မေးလိုက်တဲ့အချိန်မှာ ဒါရိုက်တာက ကြည့်ရှုနှုန်းဆိုတာ အောင်မြင်မှုအတွက် အကြွင်းမဲ့ တိုင်းတာစရာ စံနှုန်းတစ်ခု မဟုတ်ပါဘူးလို့ ပြန်ပြောခဲ့တယ်။ အဲဒီ ဒါရိုက်တာအငယ်လေးကတော့ တကယ့်ကို စိတ်ဓာတ်ပြင်းထန်တဲ့သူပဲ မဟုတ်လား။
“သူ့ကို ပိုက်ဆံကြောင့်နဲ့ စိတ်ဓာတ်တွေ ပျက်စီးမသွားစေချင်ဘူး”
“ဒါကတော့ တို့တွေအားလုံး မျှော်လင့်တဲ့ အရာပါပဲ၊ ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် ပိုက်ဆံရဲ့ သွေးဆောင်မှုကို မခံရတဲ့သူဆိုတာ ဘယ်နှစ်ယောက်လောက် ရှိလို့လဲဗျာ။ လူတွေက ဆုံးရှုံးစရာ ဘာမှမရှိတော့တဲ့ အခြေအနေကျမှပဲ အရာသစ်တွေကို စမ်းသပ်ချင်ကြတာလေ”
“သူ ရွေးချယ်နိုင်တဲ့ လူတွေထဲကမှ ငါလိုလူမျိုးကိုမှ လာရွေးရတယ်လို့...”
“လုပ်ပါဗျာ၊ ဆရာကြီးက ဘယ်တုန်းကတည်းက အဲလောက်ထိ ယုံကြည်မှုတွေ နည်းသွားရတာလဲ။ အရင်တုန်းကဆိုရင် ဆရာကြီးမပါရင် ရုပ်ရှင်တွေက မအောင်မြင်နိုင်ပါဘူးလို့ အမြဲ အော်နေခဲ့တာလေ”
“မင်းကလည်း ငါ မရင့်ကျက်သေးတဲ့ အချိန်က ကိစ္စတွေကို ဘာလို့ ခဏခဏ လာပြောနေရတာလဲ”
“အသက် ၅၀ အရွယ်ကို မရင့်ကျက်သေးဘူးလို့ ခေါ်တာလားဗျာ”
ချောမင်း ကတော့ သူ့ကို စနောက်ရတာကို တကယ့်ကို အားရပါးရ သဘောကျနေပုံပဲ။ ယောက်ျားတွေဆိုတာ ဘယ်တော့မှ ကြီးပြင်းမလာတဲ့ သတ္တဝါတွေ မဟုတ်လား။
“ကဲပါလေ၊ ငါ အခု သွားတော့မယ်” မွန်ဂျောင်က ပြောလိုက်တယ်။
“ဘယ်ကိုလဲ”
“ကျောင်းကို”
“ကျောင်း ဟုတ်လား”
ဂွန်ဆော့ က ခေါင်းညိတ်ပြလိုက်တာပေါ့။
“ဟို ကောင်လေးအတွက်လား”
“တောက် မင်းကတော့ တကယ့်ကို သိလွန်းတယ်။ ဒီအလုပ်အစား ဗေဒင်ဆရာသွားလုပ်ရင် တောင် ပိုပြီး အသက်မွေးလို့ ရဦးမယ်”
မွန်ဂျောင်က ချောမင်းကို အဆောက်အဦးထဲမှာ ထားခဲ့ပြီး အပြင်ကို ထွက်လာခဲ့လိုက်တယ်။ လွန်ခဲ့တဲ့ မိနစ်အနည်းငယ်တုန်းက မာရူးဆီ ဖုန်းဆက်ခဲ့တုန်းက ကောင်လေးက ဖုန်းကို သူ့ရဲ့ သင်တန်းဆရာမဆီ လွှဲပေးခဲ့တာလေ။ အဲဒီဆရာမက သူမကိုယ်သူမ ယန်မီဆိုလို့ မိတ်ဆက်ပြီး ဆရာ့ကို ကြိုဆိုဖို့ အခုချက်ချင်း လာခဲ့ပါ့မယ်လို့ ပြောခဲ့တာ။ သူကတော့ နေပါစေလို့ ပြောပေမဲ့ သူမက အတင်းအကျပ် လုပ်နေတာကြောင့် သူလည်း လက်ခံလိုက်ရတော့တာပေါ့။ ချောမင်းလည်း သူ့နောက်ကနေ ထူးဆန်းတဲ့ မျက်နှာပေးနဲ့ ထွက်လာခဲ့တယ်။
“ငါလည်း လိုက်သွားရင် ကောင်းမလား”
“မင်း အလုပ်ရှုပ်နေတယ်လို့ ငါ ထင်ထားတာ”
“ဒါကို ငါ စိတ်ဝင်စားလို့ပါ”
“ဟားဟား မင်းရဲ့ လက်အောက်က လူတွေကိုပဲ သေသေချာချာ ဂရုစိုက်စမ်းပါဦးကွာ။ ပြီးတော့ ဂန်ဟွမ်လည်း ရှိသေးတယ်လေ”
“ဟုတ်ကဲ့ပါ ဆရာ”
“ယန်မီဆို က မင်းရဲ့ သူငယ်ချင်းလား”
“ဟုတ်ပါတယ်”
မွန်ဂျောင်ခေါင်းညိတ်ပြလိုက်တယ်။ မိုးပြာရောင်... ကြည့်ရတာ အဲဒီနေရာက တကယ့် နဂါးတွေ အောင်းနေတဲ့ နေရာပဲ ဖြစ်ရမယ်။ အဲဒီကလပ်က ကလေးတွေအားလုံးက တကယ့်ကို ပါရမီပါတဲ့သူတွေ ဖြစ်နေပုံရတာကိုး။ တစ်ဖက်က ပြန်တွေးကြည့်ရင်တော့ ဒါက တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အခြေအနေပါပဲ။ ဒီကလေးတွေက ဘယ်လိုပုံစံမျိုး ဖြစ်မလဲ။ မာရူးကော လေ့ကျင့်နေတဲ့ အချိန်မှာ ဘယ်လိုပုံစံမျိုး ရှိမလဲ။
“နောက်မှ အတူတူ သောက်ကြတာပေါ့”
“ဒါပေါ့ဗျာ”
ချောမင်းက ဂန်ဟွမ် နဲ့အတူ အဲဒီနေရာကနေ အမြန် ထွက်ခွာသွားခဲ့တယ်။ သူ ထင်ထားတဲ့အတိုင်းပဲ အဲဒီလူမှာ လုပ်စရာ အလုပ်တွေ အများကြီး ရှိနေတာကိုး။ မိနစ်အနည်းငယ်လောက် စောင့်ပြီးတဲ့နောက်မှာတော့ အဝေးကနေ ကားတစ်စီး အရှိန်နဲ့ မောင်းလာတာကို တွေ့လိုက်ရတယ်။ ကားလေးက သူ့ရှေ့မှာ ရပ်သွားပြီးတဲ့နောက်မှာတော့ မိန်းကလေးအငယ်လေးတစ်ယောက် ကားပေါ်ကနေ ဆင်းလာတာပေါ့။
“မင်္ဂလာပါရှင်၊ ကျွန်မ ယန်မီဆိုပါရှင်”
သူမရဲ့ အသံကတော့ တကယ့်ကို ကျယ်တာပဲ။ မွန်ဂျောင်လည်း ပြုံးပြုံးလေးနဲ့ ကားထဲကို ဝင်ထိုင်လိုက်တော့တာပေါ့။
* * * * * * * * *
အခန်း(၁၄၆)
“တစ်ချက်လောက်... ရှေ့ကို ကြည့်ပေးပါဦး ဆရာမရယ်”
“လမ်းကို သေသေချာချာ ကြည့်နေတာပဲဟာ”
“မဟုတ်ဘူး၊ ကျွန်တော့်ကို မဟုတ်ဘူး၊ ဟိုရှေ့ကို ကြည့်ခိုင်းတာ”
မွန်ဂျောင်က ပြုံးပြုံးလေးနဲ့ ရှေ့ကို ညွှန်ပြလိုက်တော့မှ မီးပွိုန်းက စိမ်းနေပြီဆိုတာ သိလိုက်ရတယ်။ ယန်မီဆိုလည်း အားနာပါးနားနဲ့ တောင်းပန်စကားပြောရင်း အရှိန်မြှင့်နင်းလိုက်တာပေါ့။
“ကျွန်တော်က အဲလောက်တောင် စိတ်ဝင်စားဖို့ကောင်းနေလို့လား”
“အဲဒါက ဒီတိုင်း... မဟုတ်ပါဘူး၊ အခုလိုပြောတာ တကယ့်ကို ရိုင်းရာကျမှန်း သိပါတယ်၊ ဒါပေမဲ့ ဟုတ်ပါတယ်။ ပြီးတော့ ကျွန်မကို စကားကို ပေါ့ပေါ့ပါးပါးပဲ ပြောပါ ဆရာကြီးရယ်။ ဆရာကြီးက စီနီယာပဲဟာ”
“ဒါပေမဲ့ တို့တွေက အခုမှ ပထမဆုံးအကြိမ် တွေ့ဖူးကြတာလေ”
“ရပါတယ်၊ တကယ်ကို ကိစ္စမရှိလို့ပါ”
“... ကဲပါလေ၊ ဒါဆိုလည်း အဲလိုပဲ ပြောကြတာပေါ့”
မွန်ဂျောင်က ကားထဲမှာ ရှုပ်ပွနေတဲ့ စာအုပ်တွေ၊ မှတ်စုတွေနဲ့ ဇာတ်ညွှန်းတွေကို လှည့်ကြည့်လိုက်တယ်။ သူလည်း တစ်ချိန်တုန်းက အချိန်ကုန်သက်သာအောင်လို့ ဆိုပြီး ကားထဲမှာ ပစ္စည်းမျိုးစုံ ထည့်ထားခဲ့ဖူးတာကိုး။ အနားယူတာကလည်း အလုပ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲဆိုတာ သဘောပေါက်သွားတဲ့ အချိန်ကျမှပဲ ကားထဲမှာ အိပ်တဲ့အကျင့်ကို စလုပ်ခဲ့တာလေ။
“ဒါတွေကို ငါ ကြည့်လို့ရမလား”
“ရတာပေါ့၊ ကြည့်ပါ ဆရာကြီး”
ယန်မီဆိုက တကယ့်ကို တက်ကြွလွန်းတဲ့ မိန်းကလေးတစ်ယောက်ပဲ။ ယောင်္ကျားအများစုဆိုရင် သူမရှေ့မှာ စကားတောင် သေသေချာချာ ပြောရဲကြမှာ မဟုတ်ဘူး။ မွန်ဂျောင်က ဇာတ်ညွှန်းစာအုပ်တစ်အုပ်ကို ကောက်ယူပြီး ဖြည်းဖြည်းချင်း ဖတ်ကြည့်လိုက်တယ်။ ဇာတ်ညွှန်းဆိုတာက သရုပ်ဆောင်တစ်ယောက်ရဲ့ ဘဝအတွေ့အကြုံတွေကို စုစည်းထားတဲ့ မှတ်စုစာအုပ်လိုပဲလေ၊ အဲဒါကို ကြည့်ရုံနဲ့တင် အဲဒီသရုပ်ဆောင်ရဲ့ စရိုက်ကို ကောင်းကောင်းသိနိုင်တဲ့ အဖိုးတန်အရင်းအမြစ်တစ်ခုပေါ့။
စာအုပ်မျက်နှာဖုံးက နည်းနည်းလေး တွန့်ကြေပြီး ညစ်ပတ်နေပေမဲ့ အထဲက စာသားတွေကတော့ အသစ်အတိုင်းပဲ။ စာအုပ်ထဲမှာ မှတ်စုလေးတွေ ဘာလေးတွေ ရေးထားတဲ့ ပုံလည်း မပေါ်ဘူး။ မွန်ဂျောင်က ဇာတ်ညွှန်းစာအုပ် ရှိခဲ့တဲ့ ဘေးနားက မှတ်စုစာအုပ်တစ်အုပ်ကို သတိပြုမိသွားတယ်၊ သူမက စိတ်ထဲရှိတာတွေကို အဲဒီနေရာမှာပဲ သီးသန့်ချရေးထားပုံရတယ်။
“ဇာတ်ကောင်စကားလုံးတွေကို အလွတ်မရတဲ့အခါ ဇာတ်ညွှန်းစာအုပ်ကို နံရံနဲ့ လွှင့်ထုတတ်တာလား”
“... အဲဒါကလေ”
ယန်မီဆိုက ရှက်ကိုးရှက်ကန်းနဲ့ ပြုံးပြရှာတယ်။
“ငါကိုယ်တိုင်လည်း ငယ်ငယ်တုန်းက အဲလိုမျိုး ခဏခဏ လုပ်ခဲ့ဖူးတာပေါ့၊ အထူးသဖြင့် လေယူလေသိမ်းတွေကို လေ့ကျင့်တဲ့ အချိန်မျိုးတွေမှာလေ။ နေ့တိုင်းလိုလို တစ်ခုခုကို ဇာတ်ညွှန်းနဲ့ လွှင့်ထုမိတာပဲ။ အဲဒီတုန်းက တကယ့်ကို စိတ်ပျက်ဖို့ကောင်းခဲ့တာ။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား သေသေချာချာ အဆင်မပြေဖြစ်နေခဲ့လို့ပါ”
“ဆရာကြီးမှာလည်း အဲလို အတွေ့အကြုံမျိုး ရှိခဲ့တာလားဟင်”
“ငါက အစကတည်းက သရုပ်ဆောင် တအားတော်ခဲ့တဲ့သူမှ မဟုတ်တာ။ အခုထိလည်း တော်နေတာမျိုး မဟုတ်ပါဘူး”
“အဲလိုတော့ မပြောပါနဲ့ ဆရာကြီးရယ်။ ဆရာကြီးကမှ သရုပ်ဆောင် မတော်ဘူးဆိုရင် ကျွန်မတို့လိုလူမျိုးက ဘာသွားဖြစ်တော့မှာလဲ”
“ဒီလောကမှာ ရှိသမျှ အရာရာတိုင်းလိုပဲ သရုပ်ဆောင်ပညာကလည်း အချိန်နဲ့အမျှ ပြောင်းလဲတိုးတက်နေတာလေ။ အခုခေတ် သရုပ်ဆောင်တွေကို ကြည့်ရင် ငါ အမြဲတမ်း အံ့ဩမိရတယ်”
“မဟုတ်တာ၊ လုံးဝ မဟုတ်တာပါ”
ယန်မီဆိုက နည်းနည်းလေး စိတ်ဆိုးသွားတဲ့ မျက်နှာပေးမျိုး လုပ်နေတယ်။ တကယ့်ကို ရယ်စရာကောင်းတာပဲ။ သူမက သူ့အပေါ်မှာ အဲလောက်အထိ အလေးအနက်ထားပေးတာကိုပဲ ကျေးဇူးတင်ရမှာပေါ့။
“ကလေးတွေကို ပညာသင်ပေးရတာ တော်တော်လေး ပင်ပန်းလား”
“တစ်ခါတလေတော့လည်း ပင်ပန်းတာပေါ့။ ကလပ်အသင်းဆိုတာက ကလေးတွေ ပျော်ဖို့သက်သက်အတွက်ပဲ ရှိတာဆိုပေမဲ့ တချို့ကလေးတွေကျတော့လည်း ရလဒ်ကောင်းတွေ ရမှ ပျော်နိုင်ကြတာလေ။ အဲဒီလိုကလေးတွေအတွက် ရလဒ်ကောင်းတစ်ခုခု ဖန်တီးမပေးနိုင်တဲ့အခါ... ကိုယ့်ကိုယ်ကိုယ် တကယ့်ကို အသုံးမကျတဲ့သူတစ်ယောက်လို ခံစားရတယ်။ အာ... ရလဒ်က အရာရာတိုင်းကို ဆုံးဖြတ်ပေးတာ မဟုတ်ဘူးဆိုပေမဲ့လည်း...”
“အများစုကတော့ အဲဒါကပဲ ဆုံးဖြတ်ပေးတာများပါတယ်”
“ဟုတ်ပါတယ်”
“ကြည့်ရတာ တစ်ခုခု ပြဿနာရှိနေတဲ့ ပုံပဲနော်”
“... ကျွန်မအတွက်တော့ တကယ့်ကို စိုးရိမ်စရာ အကြီးကြီးဖြစ်နေလို့ပါ။ ကိစ္စကြီးကြီးမားမား မဟုတ်ဘူးဆိုပေမဲ့ ကျွန်မရဲ့ သိက္ခာနဲ့ ပတ်သက်နေတာမို့လို့ပါ”
“အဆင်ပြေမယ်ဆိုရင် ငါ့ကို ပြောပြလို့ ရမလား”
“အင်း... အကျဉ်းချုံးပြောရရင်တော့ ကျွန်မ အလုပ်လုပ်ပေးနေတဲ့ ကလပ်အသင်းက ရလဒ်ကောင်းတွေ မပြနိုင်လို့ဆိုပြီး လေ့ကျင့်ရေးအခန်းကို အသိမ်းခံရတော့မှာမို့လို့ပါ”
“အော်... အခက်တွေ့နေတာပဲ”
“ဒီကလပ်က ကျွန်မရဲ့ အထက်တန်းကျောင်းသားဘဝကို ကုန်ဆုံးခဲ့တဲ့ နေရာလေးလည်း ဖြစ်နေတော့လေ”
“အာ... အဲဒီအကြောင်းကို ဂျွန်မင်းဆီကနေ ကြားဖူးပါတယ်။ ဒီကျောင်းကပဲ ဘွဲ့ရခဲ့တာပေါ့”
“ဟုတ်ပါတယ်။ အဲ... ဆရာကြီးက ဂျွန်မင်းကို သိတာလားဟင်”
“သိတာပေါ့၊ ငါ အခု သူနဲ့အတူ ပြဇာတ်တစ်ခု လုပ်နေတာလေ”
ဒါက သူမအတွက်တော့ မထင်မှတ်ထားတဲ့ သတင်းပဲ။ မွန်ဂျောင်က သာယာရွှင်ပျစွာ ပြုံးလိုက်တယ်။
“ဒါဆိုရင်... မြောင်ဒုံ အနုပညာပြဇာတ်ရုံ ပြန်ဖွင့်မယ့် ကိစ္စက...”
“အော်... မင်း သိနေတာကိုး”
“တကယ်လား။ ကျွန်မ တကယ် မသိခဲ့လို့ တောင်းပန်ပါတယ် ဆရာကြီးရယ်။ သိသာသိခဲ့ရင် ဆရာကြီးကို လာတွေ့မှာပေါ့”
“တောင်းပန်နေစရာ မလိုပါဘူး။ မင်းလည်း အလုပ်တွေ ရှုပ်နေတာပဲဟာ၊ တကူးတက လာဖို့ မကြိုးစားပါနဲ့ဦး။ ကလေးတွေကို စာသင်ပေးတာအပြင် တခြားအလုပ်တွေလည်း အများကြီး လုပ်နေရတဲ့ပုံပဲကို”
ကားနောက်ခန်းမှာ ပြဇာတ်ဝတ်စုံမျိုးစုံ ရှုပ်ပွနေတာကို ကြည့်ပြီး သူ ပြောလိုက်တာပါ။ ဒါက သူမ ကိုယ်တိုင်လည်း ပြဇာတ်တစ်ခုခု ကပြဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သဘောပဲလေ။ စာသင်တာကော သရုပ်ဆောင်တာကော... နှစ်ခုလုံးကို တစ်ပြိုင်တည်းလုပ်ဖို့ဆိုတာ တကယ့်ကို မလွယ်ကူတဲ့ ကိစ္စပဲ မဟုတ်လား
“မဟုတ်ပါဘူး၊ အဲလို မဟုတ်ပါဘူး။ ဒီအပတ်... မဟုတ်ဘူး၊ နောက်အပတ်ကျရင် သေချာပေါက် လာခဲ့ပါ့မယ်”
“တို့တွေက ပြဇာတ်ကို ဇန်နဝါရုံလကုန်အထိ ကပြသွားမှာဆိုတော့ အေးအေးဆေးဆေးပဲ လာခဲ့ပါ”
ကိုယ့်ရဲ့ ပြဇာတ်ကို လာကြည့်မယ်လို့ တခြားသူတွေဆီက ကြားရတဲ့အချိန်တိုင်း သူ အမြဲတမ်း ပျော်ရွှင်ရတယ်။ တစ်ဖက်က ပြန်တွေးကြည့်ရင်တော့ အဲဒီပြဇာတ်ကို အောင်မြင်အောင် လုပ်ရမယ်ဆိုတဲ့ တာဝန်စိတ်ကလည်း အတိုင်းအတာတစ်ခုအထိ ရှိလာတာပေါ့။
“ဟို... ဆရာကြီး”
“အင်း... ဘာလဲ”
“သရုပ်ဆောင်အလုပ်ကို ပြန်လုပ်ရတဲ့ ခံစားချက်က ဘယ်လိုရှိလဲဟင်”
“ဟင်း...”
ဒီတက်ကြွလွန်းတဲ့ မိန်းကလေးက သူ့ဆီကနေ ဘယ်လိုစကားမျိုး ကြားချင်လို့ပါလိမ့်။ မွန်ဂျောင် ခဏလောက် စဉ်းစားပြီး အဖြေတစ်ခု ထွက်လာတဲ့အခါကျမှ အားရပါးရ ပြုံးပြလိုက်တယ်။
“ပျော်ဖို့ကောင်းပေမဲ့ ခက်ခဲတာပေါ့။ တစ်ခါတစ်လေ လက်လျှော့ချင်စိတ် ပေါ်လာတတ်ပေမဲ့လည်း ဆက်ပြီးတော့ပဲ လုပ်နေချင်မိပြန်ရော။ မင်းလည်း အဲဒီခံစားချက်ကို ကောင်းကောင်းသိမှာပါ”
ယန်မီဆိုလည်း ကျေနပ်အားရစွာနဲ့ ပြုံးလိုက်တော့တယ်။
* * * * * * * * *
သူတို့တွေ ဒုတိယအကြိမ် လေ့ကျင့်ခါနီးအချိန်မှာပဲ ယန်မီဆိုက မွန်ဂျောင်ကို ခေါ်ပြီး ခန်းမထဲ ပြန်ဝင်လာခဲ့တယ်။ ခန်းမကြီးထဲကို လူကြီးတစ်ယောက် ဝင်လာတာ မြင်လိုက်ရတော့ ကလပ်အဖွဲ့ဝင်တွေအားလုံး အလိုလို တောင့်ခဲသွားကြတာပေါ့။
“အားလုံးပဲ လေ့ကျင့်နေတာကို နှောင့်ယှက်မိသလို ဖြစ်သွားရင် တောင်းပန်ပါတယ်ဗျာ”
“နှောင့်ယှက်ရမှာလား၊ ဘယ်လိုမှ မဟုတ်ရပါဘူး ဆရာကြီးရယ်”
ယန်မီဆိုက ကလေးတွေကို အစီအစဉ်တကျဖြစ်အောင် လိုက်ပြင်ပေးဖို့ လုပ်နေပေမဲ့ မွန်ဂျောင်က တားလိုက်တယ်။
“ငါ မရှိဘူးလို့ပဲ သဘောထားပြီး ပုံမှန်အတိုင်းပဲ ဆက်ပြီး လေ့ကျင့်ကြပါ”
မာရူးက မွန်ဂျောင်အတွက် ထိုင်စရာ ကုလားထိုင်တစ်လုံး ယူလာပေးတယ်။
“ကျေးဇူးပါကွာ”
သူက ယန်မီဆိုရဲ့ ဘေးနားမှာ ဝင်ထိုင်လိုက်တယ်။ ကလပ်အဖွဲ့ဝင်တွေကတော့ ဘာလုပ်ရမှန်းမသိဘဲ ဇဝေဇဝါ ဖြစ်နေကြတုန်းပဲ၊ ယန်မီဆို ပါးစပ်ဟလိုက်တဲ့ အချိန်အထိပေါ့။
“ဆက်ပြီး လေ့ကျင့်ကြစမ်း”
“ဟုတ်ကဲ့ပါ”
ကြည့်ရှုသူကတော့ လူတစ်ယောက်တည်းပါပဲ၊ ဒါပေမဲ့ ယန်မီဆိုရဲ့ အပြောအရဆိုရင်တော့ ဒီလူကြီးက တကယ့်ကို အံ့ဩစရာကောင်းတဲ့ ဝါရင့် ပုဂ္ဂိုလ်ကြီးတစ်ယောက်လေ။ အဲဒါကြောင့်လည်း ကလပ်အဖွဲ့ဝင်တွေအားလုံး နည်းနည်းတော့ စိတ်လှုပ်ရှားနေကြတာပေါ့။ မာရူးကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် နည်းနည်း တောင့်နေမိတာကို ခံစားနေရတယ်။ သူတို့တွေ အခု သရုပ်ဆောင်ပြနေရတာက တကယ့် ဝါရင့်သရုပ်ဆောင်ကြီးတစ်ယောက်ရဲ့ ရှေ့မှာ မဟုတ်လား။ ကလပ်ဥက္ကဋ္ဌဖြစ်သူက စောစောက ရပ်ထားခဲ့တဲ့ နေရာကနေပဲ ပြန်စရမလား၊ ဒါမှမဟုတ် အစကတည်းကပဲ ပြန်စရမလားဆိုတာ ခဏလောက် စဉ်းစားလိုက်မိသေးတယ်။ နောက်ဆုံးတော့ အစကတည်းကနေပဲ အကုန်လုံးကို ပြန်ပြီး သရုပ်ဆောင်ပြဖို့ ဆုံးဖြတ်လိုက်ကြတော့တယ်။
* * * * * * * * *
“ဘယ်လိုလဲဟင် ဆရာကြီး”
“တအား ကောင်းပါတယ်။ ငါ အစက ထင်ထားခဲ့တဲ့အတိုင်းပဲ ဒီကလေးတွေက သရုပ်ဆောင် တကယ် တော်ကြတာပဲ”
သူက ယဉ်ကျေးတဲ့အနေနဲ့ပဲ အားပေးစကား ပြောလိုက်တာလည်း ဖြစ်နိုင်ပေမဲ့ ဒါကို ကြားရတာတင် တကယ်ကို စိတ်ချမ်းသာစရာပါပဲ။ ယန်မီဆိုက သူမ ပြင်ဆင်ထားတဲ့ လက်ဖက်ရည်နဲ့ ယိုကန်မုန့်လေးကို ချပေးလိုက်တယ်။
“အားလုံး ကြည့်ပြီးသွားမှပဲ ငါ စားတော့မယ်”
ညင်သာပေမဲ့ ပြတ်သားတဲ့ ငြင်းပယ်မှုတစ်ခုပေါ့။ ယန်မီဆိုလည်း ထပ်ပြီး အတင်းမပြောတော့ဘဲ မုန့်တွေကို တခြားနေရာမှာပဲ သွားချထားလိုက်တယ်။ အဲဒီလူကြီးက ကလေးတွေကို တကယ့်ကို အသေးစိတ် စောင့်ကြည့်နေတာ၊ အပေါ်ယံတင် ကြည့်နေတာမျိုး မဟုတ်ဘူး။ အဲဒါကြောင့်ပဲ ကလေးတွေထက် ယန်မီဆိုက ပိုပြီးတော့တောင် ရင်တမမ ဖြစ်နေရတာပေါ့။ သူ အခု ဘာတွေဆက်ပြောဦးမလဲဆိုတာကို တွေးရင်းနဲ့လေ။ နောက်ဆုံးတော့ လေ့ကျင့်တာ ပြီးဆုံးသွားခဲ့ပြီး ကလေးတွေအားလုံးက သူတို့ရှိရာဘက်ကို လှည့်ကြည့်လာကြတယ်။
မွန်ဂျောင်ဆီကနေ လက်ခုပ်သံ ခပ်တိုးတိုးလေး ထွက်လာတာပေါ့။ ယန်မီဆိုလည်း ကိုယ်တိုင် ချီးကျူးခံရသလိုမျိုး တကယ့်ကို ဂုဏ်ယူဝင့်ကြွားသွားရတယ်။
“ဒါက အလကားကြည့်ရတဲ့ ပြဇာတ်တစ်ခု ဖြစ်နေဖို့အတွက်တော့ နှမြောစရာကြီးဗျာ၊ အရမ်းကောင်းလွန်းတယ်”
မွန်ဂျောင်က ထိုင်ခုံကနေ ထရပ်လိုက်တယ်။
“ဆရာကြီး”
“ငါ အများကြီး ပြောစရာမရှိပါဘူး။ မင်းတို့ရဲ့ အချိန်တွေကို အလကားသက်သက် ဖြုန်းတီးမိသလို ဖြစ်သွားမှာပဲ စိုးရိမ်မိတယ်၊ အဲဒီအတွက် တောင်းပန်ပါတယ်”
“မဟုတ်တာ ဆရာကြီးရယ်”
ယန်မီဆိုလည်း လိုက်ပြီး ထရပ်လိုက်တာပေါ့။
“ငါ ဒီမှာ ဆက်နေရင် ကလေးတွေပဲ အနေရခက်နေမှာဆိုတော့ အခုပဲ ပြန်လိုက်ပါတော့မယ်”
“အခုချက်ချင်းကြီးလားဟင်”
“သူတို့က တကယ့်ကို တော်တဲ့ကလေးတွေပဲဆိုတော့ ငါ အထူးတလည် ပြောစရာ မရှိပါဘူး။ အထူးသဖြင့် သူတို့မှာ ဒီလောက်အထိ တော်တဲ့ ဆရာမတစ်ယောက် ရှိနေတာပဲဥစ္စာ”
“ကျွန်မအတွက်တော့ စိတ်မပူပါနဲ့ဦး ဆရာကြီးရယ်”
ယန်မီဆိုက ကလပ်အဖွဲ့ဝင်တွေကို ချက်ချင်းပဲ လှမ်းခေါ်လိုက်တယ်။ မွန်ဂျောင်က တားဖို့ ကြိုးစားပေမဲ့လည်း သူမကတော့ သူ့ကို ဒီအတိုင်းကြီး လွှတ်လိုက်ဖို့ အစီအစဉ်မရှိဘူးလေ။ နောက်တစ်ခါ သူ့ကို ဘယ်အချိန်မှ ထပ်တွေ့ခွင့်ရဦးမလဲဆိုတာ သူမ မသိတာကိုး။
“ကျေးဇူးပြုပြီးပါဦး ဆရာကြီးရယ်။ ကျွန်မက အများကြီး လိုအပ်နေသေးလို့ပါ။ ဒီကလေးတွေအတွက် ကျွန်မ အများကြီး လုပ်ပေးချင်ပေမဲ့ ကျွန်မရဲ့ အရည်အချင်းက မပြည့်စုံသေးဘူး ဖြစ်နေလို့ပါ။ ဆရာကြီးကတော့ မတူဘူးလေ”
“ငါကလည်း အဲလောက်အထိ အံ့ဩစရာကောင်းတဲ့သူမျိုး မဟုတ်ပါဘူးကွာ”
“ဒါပေမဲ့ ဆရာကြီးက ကျွန်မထက် အများကြီး ပိုပြီး တော်တာတော့ အမှန်ပဲလေ။ ဒါကိုတော့ ငြင်းမနေပါနဲ့ဦး ဆရာကြီးရယ်”
ဒါက ယန်မီဆိုရဲ့ တကယ့် စိတ်ရင်းပဲ ဖြစ်ရမယ်။ အခုအချိန်အထိ သူမ ကိုယ်တိုင် လေ့ကျင့်တဲ့ အခါမျိုးတွေမှာတောင် မွန်ဂျောင်ရဲ့ အနုပညာလက်ရာတွေကို ခဏခဏ ပြန်ကြည့်ပြီး အတုယူရတာကိုး။ သူ့ရဲ့ အဖြူအမည်း ရုပ်ရှင်တွေကအစ ဆေးရောင်စုံ ရုပ်ရှင်တွေအဆုံး အကုန်လုံးပေါ့။ သူ့လို ဝါရင့် ပုဂ္ဂိုလ်ကြီးတစ်ယောက်ဆီကနေ အကြံဉာဏ်လေး တစ်ခွန်းလောက် ကြားရရုံနဲ့တင် ကလေးတွေအတွက် အများကြီး အထောက်အကူ ဖြစ်စေမှာ သေချာတယ်လေ။
မွန်ဂျောင်ကတော့ အနည်းငယ် ရှက်ကိုးရှက်ကန်းနဲ့ ပြုံးနေမိတယ်။ သူ့မှာ တခြား သွားစရာ ကိစ္စတွေ ရှိနေသေးလို့လားတော့ မသိဘူးပေါ့။
“ဆရာကြီး အလုပ်များနေလို့... လားဟင်...”
“အာ... အဲလို မဟုတ်ပါဘူး။ ဒီတိုင်းပဲ... ဟားဟား”
အဲဒီအချိန်မှာပဲ…
“ဆရာကြီး၊ ကျွန်တော်တို့ကို မြေးတစ်ယောက်ကို ဆုံးမသလိုမျိုး အကြံဉာဏ်လေး နည်းနည်းလောက်ဖြစ်ဖြစ် ပေးသွားလို့ ရမလားဟင်”
မာရူး ဖြစ်နေတာပါ၊ မွန်ဂျောင်လည်း ခဏလောက် စဉ်းစားလိုက်ပြီးမှ ထိုင်ခုံမှာ ပြန်ပြီး ထိုင်လိုက်တော့တယ်။ ယန်မီဆိုလည်း ကောင်လေးကို သဘောကျတဲ့ အမူအရာနဲ့ လက်မထောင်ပြလိုက်တာပေါ့။ တကယ့်ကို တော်တဲ့ ကောင်လေးပဲ။
“ငါက အခု အသက်ကြီးနေပြီဆိုတော့ သရုပ်ဆောင်တစ်ယောက်အနေနဲ့တော့ အကြံပေးဖို့ မလွယ်ဘူးပေါ့၊ ဒါပေမဲ့... သာမန် အကြံဉာဏ်လေးတွေဆိုရင်တော့ ငါ နည်းနည်းပါးပါး ပြောပြနိုင်ပါတယ်။ မင်းတို့ရဲ့ အချိန်ကို ခဏလောက် ယူရင် အဆင်ပြေပါ့မလား”
မွန်ဂျောင်က ကလပ်အဖွဲ့ဝင်တွေကို သေသေချာချာ ဝေ့ကြည့်လိုက်တယ်။
“ကျေးဇူးတင်ပါတယ် ဆရာကြီး” ဟု မာရူးက ပြောပြီး ဝင်ထိုင်လိုက်တယ်။
ကျန်တဲ့ ကလေးတွေလည်း လိုက်ပြီး ထိုင်ကြတာပေါ့၊ မာရူး ကြားဝင်ပြောလိုက်တဲ့ အခါကျမှပဲ အနေရခက်တဲ့ အခြေအနေကြီးက ချက်ချင်းဆိုသလို ပြောင်းလဲသွားတော့တာပဲ။
“မင်းတို့တွေ ငါ့အကြောင်းကို သိပ်ပြီး သိကြမှာ မဟုတ်ပါဘူး။ ငါကတော့ ဒီအတိုင်းပဲ ကိုယ်ဝါသနာပါလို့ သရုပ်ဆောင်အလုပ်နောက်ကို ဘဝတစ်ခုလုံး ပေးဆပ်ပြီးလိုက်ခဲ့တဲ့ လူအိုကြီးတစ်ယောက်ပါပဲ။ မင်းတို့ထဲမှာ သရုပ်ဆောင်အလုပ်ကို တကယ့်ကို အလေးအနက်ထားပြီး အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ဖို့ စဉ်းစားထားတဲ့သူ ဘယ်နှစ်ယောက်လောက် ရှိလဲ”
အဲဒီစကားကို ကြားတော့ ကလေးသုံးယောက် လက်ထောင်ပြကြတယ်၊ မာရူး၊ ဒေးမြောင်နဲ့ ဂွန်ဆော့ ပေါ့။
“ဒါဆို ကျန်တဲ့ကလေးတွေက ဝါသနာအရပဲ လုပ်ကြတာပေါ့”
“ဟုတ်ကဲ့ပါ”
မွန်ဂျောင်က မျက်လုံးကို ခဏလောက် မှိတ်လိုက်တယ်။ သူ့ရဲ့ အရေပြားတွေ တွန့်နေတဲ့ မျက်ခွံတွေက အနည်းငယ် တုန်ယင်နေတာပေါ့။ အဲဒီလူကြီးက အတိတ်က အမှတ်တရတွေကို ပြန်တွေးနေတာကို မြင်တော့ အခန်းထဲက လူတိုင်းကလည်း ငြိမ်ပြီး စောင့်ကြည့်နေမိကြတယ်။
“သရုပ်ဆောင်တယ်ဆိုတာ... ငါ့အတွက်တော့ ဘဝတစ်ခုလုံးပါပဲ။ အဲဒါနဲ့ပဲ ငါ အသက်မွေးခဲ့ရတယ်၊ ငါ့ကလေးကို ပြုစုပျိုးထောင်ခဲ့ရတယ်၊ ပြီးတော့ ငါ အနားယူဖို့အတွက်လည်း ပြင်ဆင်နိုင်ခဲ့တာလေ။ ပင်ပန်းခဲ့ရတဲ့ အချိန်တွေ အများကြီး ရှိခဲ့ဖူးသလို တကယ့်ကို ပျော်စရာကောင်းခဲ့တဲ့ အချိန်တွေလည်း ရှိခဲ့တာပေါ့။ တစ်ခါတစ်ရံမှာ အကုန်လုံးကို စွန့်လွှတ်လိုက်ချင်စိတ် ပေါ်ခဲ့ဖူးသလို သရုပ်ဆောင်အလုပ်ကို ရွေးချယ်ခဲ့မိလို့ တော်သေးတယ်ဆိုပြီး စိတ်သက်သာရာ ရခဲ့ဖူးတဲ့ အချိန်တွေလည်း ရှိခဲ့ဖူးတယ်။
အဲဒါကြောင့်လည်း မင်းတို့လို ငယ်ရွယ်တဲ့ ကလေးတွေကို မြင်ရတဲ့အခါ ငါ အမြဲတမ်း အချက်နှစ်ချက်ပဲ ပြောပြချင်မိတာ။ ပထမအချက်ကတော့ လေ့ကျင့်တာကို ဘယ်တော့မှ မရပ်တန့်ဖို့ပဲ။ ဒုတိယအချက်ကတော့... အခြေအနေတွေ ဘယ်လောက်ပဲ ဆိုးရွားနေပါစေ အနုပညာလောကထဲမှာ မင်းတို့အတွက် ကောင်းမွန်တဲ့ ကိစ္စတွေ အများကြီးစောင့်ကြိုနေဦးမှာပါဆိုတဲ့ အချက်ပဲပေါ့”
မွန်ဂျောင်က သူ့ရဲ့ ဒူးကို လက်နဲ့ တောက်တောက် တောက်တောက်နဲ့ အသာလေး ပုတ်လိုက်တယ်။
“အကယ်၍ မင်းတို့က သရုပ်ဆောင်တာကို ဝါသနာတစ်ခုအနေနဲ့ပဲ လုပ်မယ်ဆိုရင်တော့ ဒီထက် ပိုပြီး ပျော်စရာကောင်းတဲ့ ဝါသနာမျိုးရှိလာမှာ မဟုတ်တော့ဘူး။ စိတ်ဝင်စားဖို့ကောင်းတဲ့ လူအများကြီးနဲ့ ဆုံခွင့်ရမှာဖြစ်သလို စိတ်လှုပ်ရှားစရာ ဇာတ်ကောင်မျိုးစုံနေရာကနေလည်း ပါဝင်ခွင့်ရမှာလေ။ မင်းတို့ရဲ့ ဘဝက စိတ်လှုပ်ရှားမှုတွေ၊ အပြုံးတွေနဲ့ ပြည့်နှက်နေတော့မှာ။ အဲဒါကြောင့်ပဲ ဝါသနာအရ လုပ်ကြမယ့် ကလေးတွေကို ငါ ပြောချင်တာက... တို့တွေ လုပ်နိုင်သရွေ့တော့ ဒီအလုပ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်ပြီး လုပ်သွားကြပါဦးဆိုတာပဲ”
ကလေးအများစုက ခေါင်းကို တညိတ်ညိတ်နဲ့ ထောက်ခံကြတယ်။ ဒါပေမဲ့ သရုပ်ဆောင်အလုပ်ကို အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်မယ်လို့ ပြောခဲ့တဲ့ ကလေးသုံးယောက်ကတော့ ခေါင်းမညိတ်ဘဲ အလေးအနက်ထားပြီး နားထောင်နေကြတာကို ယန်မီဆို သတိထားမိလိုက်တာပေါ့။
“သရုပ်ဆောင်အလုပ်နဲ့ပဲ အသက်မွေးဖို့ ဆုံးဖြတ်ထားတဲ့ ကလေးတွေအတွက်ကတော့... ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ကြောက်ရွံ့တတ်ဖို့ အမြဲတမ်းသတိပေးချင်ပါတယ်။ သရုပ်ဆောင်နေရတဲ့ အချိန်အတွင်းမှာ အတွေ့အကြုံမျိုးစုံကို ကြုံရလိမ့်မယ်။ ခါးသီးတဲ့ကျဆုံးမှုတွေရှိလာမှာဖြစ်သလို ချိုမြိန်တဲ့အောင်မြင်မှုတွေကိုလည်း ခံစားရမှာပေါ့။ အဲဒီအရာတွေက မင်းတို့ကို ရင့်ကျက်လာအောင် ကူညီပေးမှာ သေချာသလို မင်းတို့ရဲ့ စွမ်းရည်တွေကိုလည်း တိုးတက်လာစေမှာပါ။ ဒါပေမဲ့ ငါ ပြောချင်တာက သရုပ်ဆောင်ကောင်းနေရုံသက်သက်နဲ့တင် အောင်မြင်မှုအတွက် အဓိကမဟုတ်ဘူးဆိုတဲ့ အချက်ပဲ”
ခါးသီးတဲ့ စကားလုံးတွေပါပဲ၊ ဒါပေမဲ့ ဒါက အဲဒီကလေးသုံးယောက်အတွက် တကယ်ကို လိုအပ်နေတဲ့ စကားလုံးတွေ မဟုတ်လား။
“တကယ်လို့ မထင်မှတ်ဘဲ မင်းတို့တွေ နာမည်ကြီးလာခဲ့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ပြန်ပြီး ဆန်းစစ်ဖို့ အချိန်ယူရလိမ့်မယ်။ တခြားသူတွေရဲ့ ပါးစပ်ကထွက်တဲ့ စကားတွေထက် ပိုပြီး ကြောက်စရာကောင်းတာက ကိုယ့်ရဲ့ ပါးစပ်ကထွက်တဲ့ စကားပဲ၊ ပြီးတော့ ကိုယ့်ရဲ့ မျက်လုံးတွေက တခြားသူတွေရဲ့ အကြည့်တွေထက် ပိုပြီးတော့တောင် အန္တရာယ်များသေးတယ်။
ကိုယ့်ရဲ့ မာနတရားကြားထဲမှာ လမ်းပျောက်သွားတဲ့ အချိန်ကျရင်တော့... မင်းတို့ဟာ နာမည်ကြီး သရုပ်ဆောင်တစ်ယောက် ဘဝကနေ လမ်းဘေးက သာမန်ကျောက်ခဲတစ်လုံး ဘဝကို ချက်ချင်း ရောက်သွားရလိမ့်မယ်။ ပြီးတော့...”
မွန်ဂျောင်က ထပ်ပြီး ထရပ်လိုက်ပြန်တယ်။ ဒီတစ်ခါတော့ ယန်မီဆိုလည်း သူ့ကို မတားရဲတော့ဘူး။ သူ့ဆီကနေ ထွက်ပေါ်လာတဲ့ ဖိအားတွေက တကယ့်ကို အရှိန်အဝါ ကြီးမားလွန်းနေတာကိုး။
“ငါ့ဆီမှာ ပညာလာသင်တဲ့ ကလေးတွေကို ငါ အမြဲတမ်း ပြောလေ့ရှိတဲ့ စကားတစ်ခု ရှိတယ်။ လက်လျှော့ချင်စိတ်ပေါ်လာတဲ့ အချိန်တိုင်းမှာ အမြဲတမ်းသည်းခံပြီး အဆုံးထိ ကြိုးစားပါ။ ကိုယ်လုပ်နိုင်သလောက် အားလုံး ပြီးဆုံးသွားပြီလို့ ခံစားရတဲ့ အချိန်ကျရင်တော့ လွတ်လွတ်လပ်လပ်ပဲ ကျောခိုင်းထွက်ခွာလိုက်ပါ။ အဲဒါက ကိုယ့်ရဲ့ မာနတရားတွေနဲ့ ပိုက်ဆံရဲ့ သွေးဆောင်မှုကြားထဲမှာ လမ်းမပျောက်ဘဲ နေနိုင်မယ့် အကောင်းဆုံး နည်းလမ်းပဲ”
* * * * * * * * *
မွန်ဂျောင်က ကျောင်းပြင်ပကို ထွက်လာခဲ့ရင်းနဲ့ ငါးထပ်က အဆောက်အဦးဆီကို မော့ကြည့်လိုက်တယ်။
“အင်း...”
သူ ကလေးတွေကို အများကြီး ပြောပြချင်ခဲ့တာပါ၊ ဒါပေမဲ့လည်း အလျင်စလိုနဲ့ပဲ ထွက်လာခဲ့မိရတာပေါ့။ သူ့မှာ အလုပ်ကိစ္စတွေ ရှိနေလို့လည်း မဟုတ်သလို အဲဒီက ပတ်ဝန်းကျင်ကို သဘောမကျလို့လည်း မဟုတ်ပါဘူး။ ဒီတိုင်းပဲ စိတ်လှုပ်ရှားလွန်းလို့ပါ။
ကလေးတွေ အဲလောက်အထိ ပျော်ပျော်ရွှင်ရွှင်နဲ့ သရုပ်ဆောင်နေကြတာကို မြင်လိုက်ရတော့ သူကိုယ်တိုင်လည်း သရုပ်ဆောင်ချင်စိတ်တွေ တားမရအောင် ပေါ်လာခဲ့တာလေ။ အဲဒါကြောင့်ပဲ သူ ပြောချင်တာတွေကို အကုန်ပြောပြီးတာနဲ့ ချက်ချင်းပဲ ထွက်လာခဲ့မိတာပေါ့။
“ငါကတော့ ဘာပဲလုပ်လုပ် သရုပ်ဆောင်တစ်ယောက် ဖြစ်နေတုန်းပါပဲလား”
မွန်ဂျောင်က ပြုံးပြုံးလေးနဲ့ ကျောင်းအဝင်ဝကနေ လှမ်းထွက်လာခဲ့တယ်။ သူ့ရဲ့ ဇာတ်ညွှန်းအသစ်ကို ကိုင်တွယ်ရမယ့် အချိန်ကိုပဲ သူ တကယ့်ကို မစောင့်နိုင်အောင် ဖြစ်နေပြီလေ။
* * * * * * * * *