အခန်း (၁၄၇-၁၄၈)
Vol. 15 Ch. 147-148
အခန်း(၁၄၇)
“တစ်ခုခု ဖြစ်လို့လား”
“ဘာလဲ”
“နင် ကြည့်ရတာ နည်းနည်း ကြောက်စရာကောင်းနေလို့လေ။ ငါ့ကို တစ်လုပ်တည်း ဝါးမြိုပစ်တော့မယ့်အတိုင်းပဲ”
စီနီယာက သူမကို စိတ်လျှော့ထားဖို့ လှမ်းပြောလိုက်တယ်။
“ငါ ထူးဆန်းနေလို့လား”
“နင်က နည်းနည်း စိတ်ပါလွန်းနေတာလားလို့”
“ဪ... အဲလိုလား”
“မနက်ဖြန် သွားရမှာမို့လို့ စိတ်လှုပ်ရှားနေတာလား”
“အဲလိုလည်း မဟုတ်ပါဘူး၊ ဒီတိုင်း... ဟူး”
စီနီယာက အားလုံး သတိထားမိအောင် လက်ခုပ်တစ်ချက် တီးလိုက်တယ်။
“ကဲ... ခဏလောက် နားကြရအောင်။ ဒီနေ့တော့ လေ့ကျင့်တာကို အရမ်းကြီး အတင်းမလုပ်ကြနဲ့ဦး။ ပြီးရင် တို့တွေ ခန်းမကြီးထဲ ရွှေ့ပြီး အဲဒီမှာပါ ထပ်လေ့ကျင့်ကြမှာဆိုတော့ ပြင်ဆင်ထားကြနော်”
“ဟုတ်ကဲ့ပါ”
သူမက အဲဒီနေရာမှာတင် ခွေခနဲ ထိုင်ချလိုက်တယ်။ အရင်ကထက် ပိုပြီး ပင်ပန်းနေတာတော့ သေချာတယ်လေ။
“တစ်ခုခု စိုးရိမ်စရာရှိရင် ပြောပြဦး။ ငါ နားထောင်ပေးဖို့ အသင့်ပဲ” လို့ စီနီယာက သူမကို ပြောရှာတယ်။
ဒီကလပ်မှာ အဲဒီစီနီယာထက် ဥက္ကဋ္ဌနေရာနဲ့ ပိုပြီး လိုက်ဖက်တဲ့သူတော့ တခြားမရှိနိုင်တော့ဘူး ထင်ပါရဲ့။
“ငါ... နည်းနည်း အလျင်စလို ဖြစ်နေသလိုမျိုး ခံစားရလို့ပါ”
“အလျင်စလို ဖြစ်နေတာ ဟုတ်လား”
“တကယ်တော့ ငါ ပြီးခဲ့တဲ့အပတ်က တခြားကျောင်းက ပြဇာတ်တစ်ခု သွားကြည့်ခဲ့သေးတယ်”
“အရည်အချင်းစစ်ပွဲလား”
“အင်း”
“တစ်ယောက်တည်း သွားတာလား”
“ဟုတ်တယ်”
“ငါ့ကိုလည်း ခေါ်ခဲ့ရမှာကို”
သူမက ကိုယ့်ကောင်လေးရဲ့ ပြဇာတ်ကို သွားကြည့်ခဲ့တာလို့ စီနီယာကို အမှန်အတိုင်း ပြောဖို့ကျတော့လည်း အားနာနေမိတာပေါ့။ အဲဒီအပိုင်းကိုပဲ ခပ်လွှဲလွှဲ ကျော်ဖြတ်လိုက်ပြီး ပြဇာတ်အပေါ် သူမရဲ့ ထင်မြင်ချက်တွေကိုပဲ တန်းပြောလိုက်တော့တယ်။
“သူတို့က ဝူဆောင်းအထက်တန်းကျောင်းကလေ။ ပြီးတော့... တကယ့်ကို သရုပ်ဆောင်ကောင်းတဲ့သူတွေ အများကြီး ပါတယ်ကွ။ အထူးသဖြင့် သုံးယောက်ပေါ့”
မာရူးရဲ့ သရုပ်ဆောင်ချက်တွေကို ကြည့်နေတုန်းမှာ သူမ စိတ်ထဲ ခံစားချက်မျိုးစုံ ပေါ်နေခဲ့တာ။ ဘယ်လိုပြောရမလဲ... ကိုယ့်သူငယ်ချင်းဆီကနေ လုံးဝ မျှော်လင့်မထားတဲ့ အရာတစ်ခုကို ရှာဖွေတွေ့ရှိလိုက်ရသလိုမျိုးလား။ နည်းနည်းတော့ မနာလိုဖြစ်မိတာလည်း ပါတာပေါ့။
အဆိုးဆုံးကတော့ မာရူးက သူမအတွက် တစ်စိမ်းတစ်ယောက်လို ဖြစ်စပြုလာတာကိုပဲ။ သူမ အဲဒီခံစားချက်ကြီးကို တကယ် မုန်းတယ်။ ခြေစစ်ပွဲပြီးရင် သူတို့တွေ မြောင်ဒုံ အနုပညာပြဇာတ်ရုံရဲ့ စင်မြင့်ထက်မှာ အတူတူ ကပြကြရမှာလေ။ မာရူးက အဓိကဇာတ်ကောင်တွေထဲက တစ်ယောက်အနေနဲ့ ပါဝင်မှာဖြစ်ပြီး သူမကတော့ ဇာတ်ပို့သက်သက်ပဲဥစ္စာ။ သူတို့ကြားက ကွာဟချက်ကြီးကလည်း တကယ့်ကို ကြီးမားလွန်းနေတာကိုး။
အရင်တုန်းကတော့ တခြားလူတွေနဲ့အတူ သရုပ်ဆောင်ရတာကိုတင် သူမ ပျော်နေခဲ့ဖူးတာ။ အခုတော့ မတူတော့ဘူး။ မာရူးကို ကြည့်လိုက်တဲ့အချိန်တိုင်း အဲဒီစင်မြင့်ထက်မှာ အတူတူ ရပ်နေရရုံသက်သက်နဲ့တင် သူမအတွက် မလုံလောက်တော့သလိုပဲ။ သူမလည်း ယိုဂျင်လိုမျိုး မာရူးနဲ့ ရင်ဘောင်တန်းနိုင်တဲ့ အခြေအနေမျိုးမှာ ရှိနေချင်မိတာပေါ့။
“ဒါဆို ဘာလဲ။ ကိုယ့်ထက် တော်တဲ့သူရှိနေလို့ စိတ်ဓာတ်ကျသွားတာလား”
“မဟုတ်ပါဘူး၊ ဒါပေမဲ့...”
ဖြန်းခနဲ အသံကျယ်ကြီး ထွက်လာတယ်။ သူမရဲ့ ကျောပြင်တစ်ခုလုံး နာကျင်မှုကြောင့် ဖျင်းခနဲ ဖြစ်သွားရပြီး စီနီယာကတော့ မျက်မှောင်ကြီး ကြုတ်ပြီး သူမကို စိုက်ကြည့်နေတာပေါ့။
“နင် ဘာတွေ မြင်လာခဲ့လဲတော့ ငါမသိဘူး၊ ဒါပေမဲ့ အဲဒီလို မျက်နှာပေးမျိုး လုပ်နေတာကတော့ ဘာမှ အထောက်အကူ မဖြစ်ဘူးနော်”
စီနီယာက သူမရဲ့ ကျောနောက်ကို လက်လှမ်းပြီး အားရပါးရ ပွတ်ပေးရှာတယ်။ သူမလည်း ဟန်ချက်ကို မနည်းထိန်းရင်း ဘေးနားက မိန်းကလေးကို လှမ်းကြည့်လိုက်တာပေါ့။
“နောက်ဆုံးတော့လည်း ကိစ္စက ရိုးရိုးလေးပဲ မဟုတ်လား။ ပြိုင်ပွဲမှာ သူတို့ကို ကျော်ဖြတ်နိုင်ရင် ပြီးတာပဲလေ။ အဲဒါက သူတို့နဲ့ယှဉ်ရင် ငါတို့ရဲ့ အရည်အချင်းကို သက်သေပြလိုက်တာနဲ့ အတူတူပဲဥစ္စာ။ အဲဒါဆို မလုံလောက်သေးဘူးလား”
“ဟုတ်ပါတယ်၊ ဒါပေမဲ့... ဟူး၊ ငါလည်း မသိတော့ဘူး။ ငါ ဘာလို့ အဲလို ခံစားနေရလဲဆိုတာကို လုံးဝ စဉ်းစားလို့မရဘူး ဖြစ်နေလို့ပါ”
စီနီယာက မျက်လုံးလေး မှေးလိုက်ပြီး သူမရဲ့ နားနားကို ကပ်လို့ တိုးတိုးလေး မေးလာတယ်။
“နင် ကောင်လေး ရနေပြီ မဟုတ်လား”
“......”
သူမ ဘာမှ မသိချင်ယောင်ဆောင်ဖို့ အစွမ်းကုန် ကြိုးစားကြည့်တာပေါ့။ တကယ်ကို ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ သူမရှေ့က စီနီယာကတော့ ကလေးတစ်ယောက်လို ပြုံးစိစိ လုပ်နေတုန်းပဲ။
“ဒါဆို သူက ဝူဆောင်းကျောင်းကပေါ့ ဟုတ်လား။ ကြည့်စမ်းပါဦး။ သူက နင့်ရဲ့ သရုပ်ဆောင်အတန်းထဲကပဲ မဟုတ်လား”
သူမရဲ့ မျက်နှာမှာ အရာရာကို အကုန် ချရေးထားလို့လားတော့ မသိဘူး။ သူမ မဟုတ်ပါဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ပါးပြင်လေးတွေကို အမြန် ပွတ်သပ်မိရတာပေါ့။
“ငါ လျှို့ဝှက်ချက်အနေနဲ့ ထိန်းပေးထားမှာမို့လို့ ပြောပြပါဦး။ အဲဒီ တော်တဲ့ကောင်လေးက နင့်ကောင်လေးလား”
“... ဟုတ်ပါတယ်”
“အော်... အဲဒါကြောင့်မို့လို့ ရုတ်တရက်ကြီး စိတ်ဓာတ်တွေ ကျနေတာကိုး။ ယောင်္ကျားတွေကတော့ အမြဲတမ်း ပြဿနာပဲ။ ဟူး... ငါလည်း နင်နဲ့ အခြေအနေချင်း တူတူပါပဲလေ”
“ဘာလဲ။ စီနီယာမှာလည်း ရှိလို့လား”
“သူက စစ်မှုထမ်းတော့မယ်တဲ့လေ။ ဒါပေမဲ့ ကြည့်စမ်းဦး... လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ ငါ့ကို လာပြောတာ။ တကယ့်ကို စိတ်ပျက်ဖို့ကောင်းလိုက်တာ”
“စ-စစ်မှုထမ်းမယ် ဟုတ်လား”
ဒါဆိုရင် သူ့ရဲ့ အသက်က... သူမ အဲဒီအကြောင်းကို ဆက်ပြီး စဉ်းစားဖို့ ချက်ချင်းပဲ လက်လျှော့လိုက်တယ်။ စီနီယာက အထက်တန်းကျောင်းရဲ့ နောက်ဆုံးနှစ် ရောက်နေပြီလေ။ သူမကလည်း တော်တော်လေး ရင့်ကျက်တဲ့သူဆိုတော့ တက္ကသိုလ်ကျောင်းသားတစ်ယောက်နဲ့လည်း သဘာဝကျကျ အဆင်ပြေမှာပေါ့။
“နင့်ရဲ့ ပြဿနာက ဘာလဲဆိုတာ ငါမသိပေမဲ့ အနားမှာ ရှိနေတုန်းတော့ သူ့ကို တွေ့လို့ရသေးတာပဲလေ။ စိတ်ရှုပ်မခံနေနဲ့ဦး၊ သိချင်တာရှိရင်လည်း တည့်တည့်ပဲ မေးလိုက်။ ယောင်္ကျားတွေဆိုတာ ကိုယ့်ကောင်မလေးရဲ့ စိတ်ကူးတွေကို လိုက်တွေးရတဲ့နေရာမှာ တကယ့် ငတုံးတွေကွ”
စီနီယာက အဲဒီလိုပြောပြီးတာနဲ့ ထရပ်လိုက်တယ်။ သူမကို နည်းနည်းလောက် စိတ်သက်သာရာရအောင် လာနှစ်သိမ့်ပေးတာ ထင်ပါရဲ့။ မာရူးကို ကိုယ်တွေ့ချင်တဲ့ အချိန်တိုင်း တွေ့ခွင့်ရှိတယ်ဆိုတဲ့ အချက်က... တကယ့် အမှန်တရားပဲလေ။ ဘာကြောင့်လဲတော့ မသိဘူး၊ အဲဒီအချက်ကပဲ သူမကို တခြားအရာတွေထက် ပိုပြီး စိတ်သက်သာရာ ရစေခဲ့တာပေါ့။
“ငါ... မနာလိုဖြစ်မိတာလည်း ဖြစ်နိုင်တာပဲ”
“မနာလို ဖြစ်တာ ဟုတ်လား။ ဘယ်သူ့ကိုလဲ” လို့ စီနီယာက ပြန်မေးတယ်။
“သူ့ကိုလေ”
စီနီယာက ပြုံးလိုက်ပြီး….
“သူက လူကောင်းတစ်ယောက် ဖြစ်ရမယ်။ သူ့ကို လက်မလွှတ်မိစေနဲ့နော်။ ဒါပေမဲ့ သူကသာ ဦးနှောက် နည်းနည်းလောက် ရှိမယ်ဆိုရင်တော့ နင့်လို မိန်းကလေးမျိုးကို လုံးဝ လက်လွှတ်ခံမှာ မဟုတ်ပါဘူး”
“စီနီယာကလည်း တော်ပါတော့… လို့”
“ဘာပဲဖြစ်ဖြစ်၊ အခုလောလောဆယ်တော့ အဲဒါတွေကို စိတ်ထဲ ထည့်မနေနဲ့ဦး။ ဒီခြေစစ်ပွဲကိုပဲ အာရုံစိုက်လိုက်စမ်းပါ”
“ဟုတ်ကဲ့ပါ”
အခုလောလောဆယ်တော့ အရည်အချင်းစစ်ပွဲက ပထမပေါ့။ အဲဒီစကားကို ကြားလိုက်ရတော့မှပဲ သူမရဲ့ ခေါင်းထဲမှာ နည်းနည်း ရှင်းသွားသလို ခံစားရတယ်။ အဲဒီအတွက်တော့ စီနီယာကို ကျေးဇူးတင်ရမှာပဲလေ။
“ဒါနဲ့... ပြီးရင် သူ့ချိန်းတွေ့ဖို့ အစီအစဉ် ရှိလား”
“ဘာ... ဘာချိန်းတွေ့တာလဲ”
စီနီယာက နံရံက ပြက္ခဒိန်ကို လှမ်းညွှန်ပြလိုက်တယ်။ အဲဒီမှာ ဖောင်တိန်အနီလေးနဲ့ ဝိုင်းထားတဲ့ ရက်စွဲတစ်ခု ရှိတာပေါ့။ ခြေစစ်ပွဲကျင်းပမယ့်ရက်။ ပြီးတော့... လူအချို့အတွက် တကယ့်ကို ထူးခြားတဲ့ နေ့တစ်နေ့လေ။
“Merry Christmas”
“............”
“ဒါပေမဲ့ အရှိန်ကိုတော့ နည်းနည်း ထိန်းဦးနော်၊ ဟုတ်ပြီလား”
အဲဒီအချိန်မှာပဲ သူမရဲ့ မျက်နှာတစ်ခုလုံး ပန်းရောင်သန်းသွားတော့တာပဲ။
* * * * * * * * *
“သရုပ်ဆောင်တစ်ယောက်ရဲ့ ပြသချက်က ဒါရိုက်တာက ဘယ်လို လမ်းညွှန်ပေးလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး တောက်ပလာနိုင်သလို ညှိုးနွမ်းသွားတာမျိုးလည်း ဖြစ်နိုင်တယ်။ အဲဒါကြောင့်ပဲ ဒါရိုက်တာလုပ်ရတာ ခက်ခဲတာပေါ့။ အရာတစ်ခုတည်းကိုပဲ အာရုံစိုက်နေလို့ မရဘူး။ ပိုပြီး ကျယ်ပြန့်တဲ့ မြင်ကွင်းကြီးတစ်ခုလုံးကို မြင်တတ်ရမယ်”
“ဒါကို ကိုယ့်ဘာသာ လေ့လာနိုင်မယ့် နည်းလမ်းမျိုး ရှိလား ဆရာ”
“ရှိတာပေါ့။ ပြဇာတ်တွေ အများကြီး ကြည့်ပါ။ အခုခေတ်မှာ လေ့လာစရာ အရင်းအမြစ်တွေ အများကြီး ရှိနေတာပဲဥစ္စာ။ အဲဒီအတွက် သီးသန့် မှတ်စုစာအုပ်တစ်အုပ် ထားထားလိုက်။ သူတို့က ပြဇာတ်ရဲ့ အစ၊ အလယ်၊ အဆုံးကို ဘယ်လို ပုံဖော်သွားလဲဆိုတာကို သေသေချာချာ မှတ်ထားပေါ့။ ဘာဖြစ်လို့ အဲဒီပြကွက်မှာ အဲဒီသီချင်းကို သုံးခဲ့တာလဲ။ ဘာဖြစ်လို့ ဒီပြကွက်မှာ ဆေးရောင်စုံ မီးအလင်းအမှောင်တွေကို သုံးခဲ့တာလဲ။ ဘာဖြစ်လို့ သရုပ်ဆောင်တွေကို အဲဒီလို ပုံစံမျိုးတွေနဲ့ နေရာချထားတာလဲ။
ဒါတွေအားလုံးကို သေသေချာချာ စဉ်းစားကြည့်။ တစ်ချိန်ကျရင် အဲဒီပြဇာတ်ကို ဘယ်လို ဖန်တီးထားလဲဆိုတာကို ကြည့်ရုံနဲ့တင် ဒါ ဘယ်ဒါရိုက်တာရဲ့ လက်ရာလဲဆိုတာကို ခွဲခြားသိလာလိမ့်မယ်။ ပြောရရင် အဲဒီဒါရိုက်တာရဲ့ သီးသန့် ပါရမီကို မင်း ရိပ်မိလာမှာပေါ့။ ဘယ်အရာကိုပဲ လေ့လာလေ့လာ... အစပိုင်းမှာတော့ အတုယူရာကနေပဲ စရတာပဲလေ။ အဲဒါက ဘယ်တော့မှ မပြောင်းလဲတဲ့ အမှန်တရားပဲ”
ဒေးမြောင်က ဆရာပြောပြတဲ့ စကားလုံးတွေကို မှတ်မိနေအောင် အစွမ်းကုန် ကြိုးစားနေမိတယ်။ သရုပ်ဆောင်ရတာ ပျော်ဖို့ကောင်းတာ မှန်ပေမဲ့ သူက အဲဒါထက် ပိုပြီး လုပ်ချင်တာလေ။ ကိုယ်ပိုင် ပြဇာတ်တစ်ခုကို ဖန်တီးပြီး ဒါရိုက်တာအဖြစ် လုပ်ချင်တာပေါ့။ သူ့အတွက်တော့ အဲဒါက တခြားအရာရာတိုင်းထက် ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းနေတာကိုး။
“ဒါပေမဲ့ ဒီလောကထဲမှာ တကယ့် လက်တွေ့ အတွေ့အကြုံတွေ ရတာကတော့ အကောင်းဆုံးပဲပေါ့လေ...”
ဆရာက မေးစေ့ကို ခဏလောက် ပွတ်ရင်း စဉ်းစားလိုက်ပြီးမှ တစ်နေရာရာကို ဖုန်းလှမ်းဆက်လိုက်တယ်။
“ဟုတ်ကဲ့၊ စီနီယာ။ ကျွန်တော့်ဆီမှာ အစ်ကိုကြီး ဂျွန်မင်း ခေါ်လာပေးတဲ့ တကယ့်ကို တော်တဲ့ ကလေးတစ်ယောက် ရှိလို့ပါ၊ ပြီးတော့... ဟုတ်ကဲ့၊ စီနီယာ့ဆီမှာ အခုတလော ကျောင်းသားတစ်ယောက်ကို ခေါ်ပြီး လိုက်သင်ပေးနေတဲ့ ဂျူနီယာတစ်ယောက် ရှိတယ် မဟုတ်လား။ ဟုတ်ကဲ့၊ ဟုတ်ကဲ့။ အာ... မင်တေး လေ။ ကျွန်တော်က ဒီကလေးကို သူနဲ့ မိတ်ဆက်ပေးချင်လို့ပါ။ ကောင်လေးက စင်မြင့်ပိုင်း နည်းပညာတွေကို စိတ်ဝင်စားနေတာမို့လို့လေ။ သူ့ကို စီနီယာ့ရဲ့အောက်မှာ တန်းပြီး ထားဖို့ကျတော့လည်း နည်းနည်း အလှမ်းဝေးနေဦးမှာမို့လို့... အဲဒီအစား မင်တေးနဲ့အတူ အလုပ်တချို့ အရင်လုပ်ကြည့်ရင် ပိုကောင်းမယ် ထင်လို့ပါ။ ဟုတ်ကဲ့။ ဒါဆို မြောင်ဒုံမှာပဲ တွေ့ကြတာပေါ့ စီနီယာ”
ဆရာက ဖုန်းချလိုက်ပြီး ဒေးမြောင်ကို လှမ်းခေါ်လိုက်တယ်။ ဒေးမြောင်လည်း သူ့အိတ်ကိုကောက်လွယ်ပြီး အပြင်ကို လိုက်လာခဲ့တာပေါ့။ သူတို့ ကားထဲ ဝင်ထိုင်လိုက်တာနဲ့ ဆရာက စက်နှိုးလိုက်တယ်။
“ဒါနဲ့... မင်းက စနေနေ့လို နေ့မျိုးမှာတောင် ဘာအစီအစဉ်မှ မရှိဘူးလား”
“ဘာအစီအစဉ်လဲ ဆရာ”
“ချိန်းတွေ့တာမျိုးပေါ့”
“............”
“အိုး... ငါက အနာဟောင်းကို သွားဆွမိသလို ဖြစ်သွားတာလား။ ဆောရီးပဲနော်”
“ဟ-ဟား...”
ဒေးမြောင်ကတော့ ဘာပြန်ပြောရမှန်းမသိဘဲ ခေါင်းကို ရှက်ကိုးရှက်ကန်းနဲ့ပဲ ပွတ်နေမိတော့တယ်။
“ပြန်တွေးကြည့်တော့လည်း... ငါလည်း မင်းအရွယ်တုန်းက ကောင်မလေး မရှိခဲ့ပါဘူးလေ”
အဲဒါကတော့ တကယ့်ကို အံ့ဩစရာပဲ။ ဆရာက ကြည့်ရတာ တကယ့်ကို ရုပ်ချောတာလေ။ ဒါတင်မကသေးဘူး၊ သူက တကယ့်ကို နာမည်ကြီးတဲ့ သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်နေတာကိုး။ ဒေးမြောင်ဆိုရင် ဆရာ့ရဲ့ ဖန်တွေဆီကနေ ရထားတဲ့ လက်ဆောင်ပုံကြီးကို ကြည့်ပြီး အကြီးအကျယ်တောင် လန့်ခဲ့ဖူးသေးတာ။ အဲဒီလိုလူမျိုးက အထက်တန်းကျောင်းတုန်းက ကောင်မလေး မရှိခဲ့ဘူး ဟုတ်လား။
“ရော့... မင်းကို ပျော်စရာတစ်ခု ပြမယ်”
ဆရာက မီးနီမိနေတဲ့ အချိန်မှာ သူ့ပိုက်ဆံအိတ်ထဲကနေ ဓာတ်ပုံလေးတစ်ပုံ ထုတ်ပြလာတယ်။ အဲဒါက ကောင်လေးတစ်သိုက်ရဲ့ အုပ်စုလိုက်ပုံလေးဗျ။
“ဒီပုံထဲက ငါ့ကို ရှာကြည့်စမ်း”
ပုံထဲက ကောင်လေးတွေအားလုံးက ဒေးမြောင်ရဲ့ အရွယ်လောက်ပဲ ရှိကြတာ။ ဆရာက အခု အသက် သုံးဆယ်ကျော် နောက်ပိုင်း ရောက်နေပြီဆိုတော့ ဒီပုံက အနည်းဆုံး နှစ်ပေါင်း နှစ်ဆယ်ကျော်လောက် ကြာခဲ့ပြီပေါ့။ ဒေးမြောင်လည်း သူတို့ထဲမှာ အချောဆုံးလို့ ထင်ရတဲ့ ကောင်လေးတစ်ယောက်ကိုပဲ ရွေးလိုက်တာပေါ့။
“အဲဒါ ငါလို့ ထင်လို့လား”
“ဟုတ်ကဲ့၊ ဒီတစ်ယောက်က ဆရာနဲ့ အတူဆုံးပဲလို့ ထင်လို့ပါ”
“အဲဒါ ငါ့အစ်ကိုလေ။ ငါက အဲဒီ ဘယ်ဘက်အစွန်ဆုံးက တစ်ယောက်”
ဒေးမြောင်ရဲ့ အကြည့်က ပုံရဲ့ ဘယ်ဘက်အစွန်ဆုံးဆီကို ရောက်သွားတယ်။ စောစောက သူ သတိမထားမိဘဲ ကျော်သွားခဲ့တဲ့ ဝဝတုတ်တုတ် ကောင်လေးတစ်ယောက်ကို သူ မြင်လိုက်ရတာပေါ့။
“ဒါ... ဒါက ဆရာ တကယ်ပဲလားဟင်”
“ဘယ်လိုလဲ။ ဝက်ကြီးတစ်ကောင်နဲ့ တူနေတယ် မဟုတ်လား။ အဲဒီတုန်းက ငါ့အလေးချိန်က ၉၀ ကီလိုကျော်လောက် ရှိတာ”
ဒေးမြောင်က ဆရာ့ကို အပေါ်အောက် လိုက်ကြည့်နေမိတယ်။ ဒီလောက်အထိ အချိုးအစားကျတဲ့သူတစ်ယောက်က အတိတ်တုန်းက အဲလောက်တောင် ဝခဲ့တာ ဟုတ်လား။
“ငါ မင်းကို ကိုယ်အလေးချိန် လျှော့ခိုင်းနေတာက ဝိတ်ကျဖို့ သက်သက်အတွက်တင် ပြောနေတာ မဟုတ်ပါဘူး။ ငါက လူတွေ ဝတာကို မမုန်းပါဘူး။ အမှန်အတိုင်း ပြောရရင် ငါ အဲဒီတုန်းက ငါ့ရဲ့ ပုံစံကို အခုထိ သဘောကျတုန်းပဲ။ တချို့လူတွေက ဝရတာကို မုန်းကြပေမဲ့... ငါကတော့ အဲလို မဟုတ်ဘူးလေ။ စားချင်တာကို စိတ်ကြိုက်စားလို့ရတာ တကယ်ကို ကောင်းတာပေါ့။ ဒါပေမဲ့ ချိန်းတွေ့ဖို့အတွက် အခွင့်အရေး မရခဲ့တာကတော့ တကယ့် ဆုံးရှုံးမှုအကြီးကြီးပေါ့လေ။ ဒါပေမဲ့လည်း အဲဒီအတွက် ငါ တစ်ခါမှ စိတ်မကောင်းမဖြစ်ခဲ့ဖူးပါဘူး”
ဆရာ့ရဲ့ မျက်နှာမှာ အားရပါးရ အပြုံးကြီးတစ်ခု ပေါ်လာတယ်။
“ဘာပဲဖြစ်ဖြစ်၊ ဒီနေရာမှာ သင်ခန်းစာက ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့က တအား အရေးကြီးတယ်ဆိုတဲ့ အချက်ပဲ။ အဲဒီအရာက မင်းရဲ့ မျက်နှာပေါ်မှာ အတိုင်းသား ပေါ်နေတတ်တာ မင်း သိတယ် မဟုတ်လား။ တို့တွေ ရုပ်ရည်အခြေအနေအကြောင်း ပြောကတည်းက မင်း သိသိသာသာကြီး စိတ်ဓာတ်ကျသွားတာကို ငါ မြင်နေရတယ်”
“တ-တကယ်ကြီးလား ဆရာ...”
“လူတစ်ယောက်က ဆွဲဆောင်မှုရှိဖို့အတွက် ပထမဆုံး လိုအပ်တာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့ပဲ။ အမူအရာတို့၊ ကျန်တဲ့အရာတို့က အဲဒီနောက်မှ လာတာ။ ငါ့ကို အမှန်အတိုင်း ပြောစမ်းပါ။ မင်းက ကိုယ့်ကိုယ်ကိုယ် ရုပ်ဆိုးပြီး ဝနေတယ်လို့ ထင်နေတာ မဟုတ်လား”
ဒေးမြောင်က ခေါင်းညိတ်ပြလိုက်တယ်။
“အဲဒီအတွက်လည်း စိတ်ဒဏ်ရာ ရခဲ့ဖူးတာပေါ့”
“... ဟုတ်ပါတယ်”
“အခုကော ဘယ်လိုလဲ။ အခုခေတ်မှာ မင်းရဲ့ ရုပ်ရည်ကြောင့် လှောင်ကြတဲ့သူတွေ ရှိသေးလား”
“မရှိပါဘူး”
“ဒါဆို ဘာလို့ အခုထိ စိတ်ဒဏ်ရာရနေရသေးတာလဲ။ ဘယ်သူမှ မင်းရဲ့ ခန္ဓာကိုယ်ကို ကြည့်ပြီး မလှောင်ကြတော့ဘူးလေ။ အခု မင်းကို ဘယ်သူက အနိုင်ကျင့်နေလို့လဲ”
ဆရာက ဒေးမြောင်ရဲ့ ပခုံးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်တယ်။
“ငါ တန်ဖိုးထားရတဲ့ ဆရာတစ်ယောက် ပြောဖူးတဲ့ စကားတစ်ခု ရှိတယ်။ တခြားသူတွေရဲ့ ပါးစပ်ကထွက်တဲ့ စကားတွေထက် ပိုပြီး ကြောက်စရာကောင်းတာက ကိုယ့်ရဲ့ ပါးစပ်ကထွက်တဲ့ စကားပဲ တဲ့။ ကိုယ့်ရဲ့ နှလုံးသားကို ပြန်ပြီး ကိုက်ခဲစေတဲ့ နာကျင်မှုတွေက ကိုယ့်ဘာသာ ဖန်တီးခဲ့တာများပါတယ်။ တခြားသူတွေရဲ့ အမြင်ကို ဂရုမစိုက်ဘဲ ရှင်သန်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ အဲဒါကြောင့် အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ပိုပြီး ဂရုစိုက်ပေးသင့်တာပေါ့။ နောက်တစ်ခါ ငါ ကောင်မလေးအကြောင်း မေးတဲ့အခါကျရင် မင်း ပိုပြီး လွတ်လွတ်လပ်လပ် ပြုံးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”
ဒေးမြောင်က ဖြည်းဖြည်းချင်းပဲ ခေါင်းညိတ်လိုက်တယ်။ သူ အဲဒီစိတ်ဒဏ်ရာတွေကနေ လွတ်မြောက်သွားပြီလို့ ထင်ခဲ့ပေမဲ့ အခုမှပဲ သူ့ရဲ့ မသိစိတ်ထဲက အားငယ်စိတ်တွေကို လုံးဝ မဖျောက်နိုင်သေးမှန်း သဘောပေါက်သွားတာပေါ့။ နောင်အနာဂတ်မှာတော့ ကိုယ့်ကိုယ်ကိုယ် ပိုပြီး ယုံကြည်မှု ရှိလာနိုင်ရင် ကောင်းမှာပဲ။ မဟုတ်ဘူး... အဲဒီမတိုင်ခင်မှာတင် ဆရာ ပြောခဲ့သလိုမျိုး နောက်နောင်ကျရင် ပျော်ပျော်ရွှင်ရွှင် ပြုံးနိုင်လာရင်ကိုပဲ တော်လှပါပြီ။
“ဒါနဲ့... ဆရာ”
“အင်း... ဘာလဲ”
“ဆရာက ဘာဖြစ်လို့ ကိုယ်အလေးချိန် လျှော့ချခဲ့တာလဲဟင်”
ဆရာ့အတွက်တော့ ကိုယ်အလေးချိန် လျှော့ချစရာ အကြောင်းရင်း မရှိဘူး မဟုတ်လား။
“ဘာလို့လဲ ဟုတ်လား။ အဲဒါက သိသာနေတာပဲဟာ။ ငါ့ရဲ့ အသက်မွေးဝမ်းကျောင်းက ဘာလဲ”
“မြူဆီကယ်... အာ”
“ငါကတော့ ဘယ်အချိန်မဆို ပြန်ပြီး ဝဖို့ အသင့်ပဲ။ တကယ်လို့ ငါ သရုပ်ဆောင်ရမယ့် နေရာမှာ ဝဝတုတ်တုတ် ဇာတ်ကောင်မျိုး ရှိနေမယ်ဆိုရင်တော့ ထိုင်ပြီး အဝစားဖို့ လုံးဝ အသင့်ရှိနေတာပေါ့”
တကယ့်ကို ယုံကြည်မှုအပြည့်နဲ့ အဖြေတစ်ခုပါပဲ။
* * * * * * * * *
“ဘယ်သွားမလို့လဲ” မာရူး အိမ်ပြင်ထွက်ခါနီးလေးတင် ဘာဒါက အခန်းထဲက ထွက်လာပြီး လှမ်းမေးတယ်။
“အန်ယန် သွားမလို့”
“အန်ယန် ဟုတ်လား။ ဘာသွားလုပ်မလို့လဲ”
“ကောင်မလေးဆီ သွားမလို့”
“............”
မာရူးက ကြောင်အမ်းအမ်း ဖြစ်သွားတဲ့ ညီမဖြစ်သူကို လက်လှမ်းပြ နှုတ်ဆက်ပြီး အပြင်ကို ထွက်လာခဲ့တယ်။ တံခါးမပိတ်ခင်လေးတင် အထဲကနေ ‘မေမေရေ’ လို့ ဘာဒါ အော်လိုက်တဲ့အသံကို ကြားလိုက်ရပေမဲ့ သူ မသိချင်ယောင်ဆောင်ပြီး လွှတ်ထားလိုက်တာပေါ့။
သူ နာရီကို ကြည့်ရင်း လှေကားကနေ ဖြည်းဖြည်းချင်း ဆင်းလာခဲ့တယ်။ မနက် ၁၀ နာရီ ရှိပြီ။ အချိန်ကတော့ အများကြီး လိုပါသေးတယ်။ တိုက်ခန်းဝန်းထဲကနေ လမ်းလျှောက်ထွက်လာတဲ့အချိန်မှာ ဘေးနားက ဓမ္မာရုံကနေ ကလေးတွေကို မုန့်တွေ လိုက်ဝေနေတာ တွေ့ရတယ်။ ကလေးတွေကလည်း ပြုံးပြုံးလေးနဲ့ မုန့်တွေကို လက်ခံရင်း ‘Merry Christmas’ လို့ နှုတ်ဆက်နေကြတာပေါ့။
သူလည်း လက်နှစ်ဖက်ကို အင်္ကျီအိတ်ထဲ ထည့်ရင်း ဘတ်စ်ကားဂိတ်ဆီ လျှောက်လာခဲ့တယ်၊ လမ်းတစ်လျှောက်လုံးမှာ ခရစ္စမတ်သီချင်းသံတွေ တညံညံပဲ။ လူရွှင်တော်တွေ ဆိုထားတဲ့ ရယ်စရာကောင်းတဲ့ သီချင်းတွေကအစ၊ အဆိုတော်တွေရဲ့ အေးအေးငြိမ့်ငြိမ့် ခံစားမှုအပြည့်နဲ့ သီချင်းတွေအဆုံး စုံလို့ပါပဲ။
ခရစ္စမတ်နေ့က တနင်္ဂနွေနေ့နဲ့ တိုက်ဆိုင်နေတာဆိုတော့ လမ်းပေါ်မှာလည်း လူတွေ တိုးမပေါက်အောင်ကို စည်ကားနေတာ၊ ဘတ်စ်ကားပေါ်မှာလည်း အတူတူပါပဲ။ ဒီလူတွေအကုန်လုံးက အန်ယန်ဆီကိုပဲ ဦးတည်နေကြတာများလား။
“သူမ ကောင်းကောင်း လုပ်နိုင်ပါစေ”
သူမရဲ့ ပြဇာတ်ကို လာကြည့်မယ်လို့ သူ ပြောထားခဲ့တာကိုး။ တကယ်တော့ သူမက သေချာပေါက် လာခဲ့ရမယ်လို့ အတင်းအကျပ် အမိန့်ပေးထားတာမို့လို့ သူ့မှာ ရွေးချယ်စရာလည်း မရှိပါဘူးလေ။ သူ ကားပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်ရင်း လမ်းဘေးက သစ်ပင်လေးတွေကို လိုက်ရေတွက်နေမိတယ်။ အားလုံးအတွက် ပျော်စရာကောင်းတဲ့ ခရစ္စမတ်နေ့လေးပေါ့။
မာရူးက ကုတ်အင်္ကျီအိတ်ထဲကို လက်လှမ်းကြည့်လိုက်တယ်။ သူ လက်ဆောင်လေးတစ်ခု ပြင်ဆင်လာခဲ့တာ။ အခု ပြန်တွေးကြည့်တော့လည်း သူတို့အရွယ်အတွက်တော့ နည်းနည်း ကြီးမားလွန်းတဲ့ လက်ဆောင်မျိုး ဖြစ်နေမလားပဲ။
ရေမွှေးရယ်၊ ပြီးတော့ သူမ အရင်က သဘောကျဖူးတဲ့ ဒီဇိုင်းရိုးရိုးလေးနဲ့ ငွေလက်စွပ်အတွဲလေးရယ်ပေါ့။ သူမက ဒါမျိုး လက်ဆောင်တွေရတိုင်း ပိုက်ဆံကို စုထားပါဦးလို့ အမြဲ ပြောတတ်ပေမဲ့ အဲဒီအချိန်တိုင်း သူမ ဖုံးကွယ်ထားဖို့ ကြိုးစားတဲ့ အပြုံးလေးကိုတော့ သူ တစ်ခါမှ လွဲချော်မခံခဲ့ပါဘူး။ သူမဆီ ဖုန်းလှမ်းဆက်ကြည့်ဖို့ စဉ်းစားလိုက်သေးပေမဲ့ နောက်ဆုံးတော့ လက်လျှော့လိုက်တယ်။ အခုအချိန်မှာ သူမကို အနှောင့်အယှက် မဖြစ်စေချင်ဘူးလေ။
မြို့တော်ခန်းမရှေ့မှာ မာရူး ကားပေါ်ကဆင်းလိုက်တယ်။ ဒီဘက်က လမ်းမပေါ်မှာလည်း လူတွေ တော်တော်လေး စည်ကားနေတာပဲ။ ခရစ္စမတ်နေ့ဆိုတာ တကယ်ကို ထူးခြားတာပဲ။ သူက တခြား သွားစရာ ကိစ္စမရှိတာမို့လို့ ခန်းမထဲကို တန်းပြီး ဝင်လာခဲ့တာပေါ့။
အရည်အချင်းစစ်ပွဲက မနက် ၁၀ နာရီကတည်းက စတာဆိုတော့ အခုဆို ပထမဆုံး ပြဇာတ်ကတော့ ပြီးလောက်ပြီ ထင်ပါရဲ့။ သူ ဇာတ်ရုံရဲ့ ပိတ်ထားတဲ့ တံခါးကြီးကို ဖြည်းဖြည်းချင်း ဖွင့်ပြီး အထဲဝင်လာခဲ့တယ်။ အထဲမှာတော့ ပြီးခဲ့တဲ့တစ်ခေါက်တုန်းကအတိုင်း လူတွေ ပြည့်နှက်နေတာပေါ့။ တခြားစီဖြစ်နေတဲ့ အချက်တစ်ခုကတော့ ဒီတစ်ခါမှာ ဇာတ်ရုံထဲမှာ ရှိနေတဲ့သူတွေက အနုပညာလောကက လူတွေ မဟုတ်ကြဘဲ မိသားစုတွေ ဖြစ်နေကြတာပဲ။
မာရူးက နံရံကို မှီပြီး စောင့်ကြည့်နေလိုက်တယ်။ စင်ပေါ်မှာတော့ ကျောင်းသူလေးတွေချည်းပဲ ရှိနေတာ။ မိန်းကလေး အထက်တန်းကျောင်းကများလား။ သူတို့အားလုံးက ဝတ်စုံအဖြူလေးတွေ ဝတ်ထားကြပြီး ကြည့်ရတာ ဝမ်းနည်းစရာ အငွေ့အသက်မျိုး ပေးစွမ်းနေတာပေါ့။ ပြဇာတ်က ဘာအကြောင်းလဲဆိုတာကို သူ သေသေချာချာ မသိရသေးခင်မှာတင် လိုက်ကာပိတ်ပြီး နှုတ်ဆက်တဲ့ အချိန် ရောက်သွားတော့တာပဲ။ သူ တကယ်ကို အချိန်ကိုက် ရောက်လာခဲ့တာ ဖြစ်မှာပါ။
“နောက်ထပ် ပြဇာတ်တစ်ခု မစခင် ၁၅ မိနစ်လောက် ခဏနားပါမယ်” လို့ စင်မြင့် Staffတစ်ယောက်က လှမ်းပြီး ကြေညာလိုက်ပါတယ်။
* * * * * * * * *
အခန်း(၁၄၈)
ပွဲကြည့်စင်ဘက်က မီးတွေလင်းလာပြီး ပရိသတ်တွေလည်း တစ်ယောက်ပြီးတစ်ယောက် ထရပ်ကြတော့တယ်။ မာရူးက မျက်လုံးလေးမှေးပြီး သူတို့ကို လိုက်ကြည့်နေမိတာပေါ့။
‘ကျောင်းသားတွေ တော်တော်များသားပဲ’
ခရစ္စမတ်နေ့ဆိုတော့ မိသားစုတွေ အများကြီးလာတာက သဘာဝကျပါတယ်။ အပြင်မှာ ကပ်ထားတဲ့ အခမဲ့ပြဇာတ်ပြသခြင်းဆိုတဲ့ ဆိုင်းဘုတ်ကို မြင်ပြီး ဝင်လာကြတာ ဖြစ်မှာပါ။ ဒါပေမဲ့ ကျောင်းသားတွေကျတော့ရော။ သာမန်အထက်တန်းကျောင်းသားတစ်ယောက်က ပြဇာတ်လာကြည့်ဖို့ဆိုတာ ဘယ်လောက်အထိ ဖြစ်နိုင်ခြေ ရှိမှာလဲ။
“နောက်တစ်ခုက မြောင်ဟွာအထက်တန်းကျောင်း ဟုတ်တယ်မလား”
“အင်း”
“သူတို့ ဘယ်လောက်တောင် တော်မလဲ မသိဘူးနော်”
“မှားများ မှားလိုက်ရင် ကောင်းမှာပဲ၊ နင်ကော အဲလိုမတွေးဘူးလား”
“အိပ်မက်မက်နေလိုက်။ သူတို့က မှားပါ့မလား”
ဘေးကနေ ဖြတ်လျှောက်သွားတဲ့ အထက်တန်းကျောင်းသူနှစ်ယောက်ရဲ့ စကားသံဗျ။ တကယ်တော့ အခုအချိန်မှာ ကျောင်းသားအများစုက မြောင်ဟွာအထက်တန်းကျောင်းအကြောင်းပဲ ပြောနေကြတာပါ။ ဒီကျောင်းသားအများစုက တခြားကျောင်းတွေရဲ့ ပြဇာတ်ကလပ်က ဖြစ်မယ်ဆိုတာ မာရူး ရိပ်မိလိုက်တယ်။
‘သူတို့က တကယ့်ကို အထင်ကြီးစရာကောင်းတဲ့သူတွေ ဖြစ်မှာပဲ’
မြောင်ဟွာအထက်တန်းကျောင်း။ သူမ တက်နေတဲ့ ကျောင်းပေါ့။ အဲဒီကျောင်းက စာပေဘက်မှာ သိပ်နာမည်မကြီးပေမဲ့ တခြားအရာတစ်ခုကြောင့်တော့ တော်တော်လေး နာမည်ကြီးတယ်။ အဲဒါကတော့ သူတို့ရဲ့ ပြဇာတ်ကလပ်ပဲဥစ္စာ။ ကျောင်းအဆောက်အဦးအသစ်မှာ သူတို့ကလပ်အတွက် သီးသန့်အခန်းတစ်ခုတောင် လုပ်ပေးထားတာကို ကြည့်ရင် ကျောင်းက ပိုက်ဆံတွေအများကြီး ရင်းနှီးမြှုပ်နှံထားမှန်း သိသာပါတယ်။
‘ဒါပေမဲ့ တို့ကလပ်ကတော့ ဖယ်ပေးရတော့မှာ’
အဲဒီအကြောင်း တွေးမိတော့ နည်းနည်းတော့ စိတ်ဓာတ်ကျစရာပဲလေ။ မြောင်ဟွာအထက်တန်းကျောင်းက ထွက်သွားတဲ့ သရုပ်ဆောင်စီနီယာတွေကြားမှာလည်း အဆက်အသွယ် တအားကောင်းကြတယ်ဆိုတာ သူ သိထားတယ်။ ကျောင်းပွဲတော်တွေဆိုရင် နာမည်ကြီးသရုပ်ဆောင်တွေကိုတောင် လမ်းလျှောက်နေတာ တွေ့နိုင်တယ်လေ။
“မြောင်ဟွာကတော့ နေရာတစ်ခုကို ကျိန်းသေပေါက်ရမှာဆိုတော့ တို့တွေက ကျန်တဲ့နေရာတစ်ခုအတွက်ပဲ လုရတော့မှာပေါ့”
“အဲလိုပဲ ပြောရမှာပဲ။ ဟူး... တို့ကျောင်းက ဘယ်တော့မှ အရည်အချင်းစစ်ပွဲ အောင်မှာပါလိမ့်”
“တကယ်ပါပဲ”
အခုအချိန်မှာ မြောင်ဟွာ ခြေစစ်ပွဲအောင်ဖို့ကတော့ ကျိန်းသေနေသလိုပါပဲ။ သူတို့ ဘယ်လောက်တောင် ကောင်းကောင်း ကပြသွားမလဲ။ သူ တော်တော်လေး စိတ်လှုပ်ရှားလာရတယ်။ ဆယ်မိနစ်လောက် ကြာတော့ ပရိသတ်တွေ တစ်ယောက်ပြီးတစ်ယောက် ပြန်ဝင်လာကြတယ်။ အရင်ကထက်တောင် လူပိုများလာသလို ခံစားရပြီး အများစုကတော့ ကျောင်းသားတွေ ဖြစ်နေတာပေါ့။
“မာရူး”
ဘေးက ဖြတ်သွားတဲ့ မိန်းကလေးတစ်ယောက်က လှမ်းခေါ်လိုက်လို့ မာရူးလည်း လက်ပတ်နာရီကို ကြည့်နေရာကနေ ခေါင်းမော့ကြည့်လိုက်တယ်။
“ဪ... မင်း တကယ်ပဲကိုး”
ယိုဂျင် ဖြစ်နေတာ။ သူမ ဒီမှာ ဘာလုပ်နေတာပါလိမ့်။
“ယိုဂျင်... ဒီဘက်လာဦးလေ”
“ခဏလေးနော်”
ယိုဂျင်ကို လှမ်းခေါ်နေတဲ့ မိန်းကလေးအချို့ ရှိနေတာ။
“ပြဇာတ်ကလပ်ကလား”
“အင်း”
ယိုဂျင်က လှည့်ပြောပြီး သူမရဲ့ သူငယ်ချင်းတွေကို အရင်သွားနှင့်ဖို့ လှမ်းပြောလိုက်တယ်။
“ဝူဆောင်းအထက်တန်းကျောင်းကလည်း လာကြတာလား”
“ဟင့်အင်း၊ ငါတစ်ယောက်တည်းပဲ”
“ဝိုး... နင်တို့တွေ တကယ်ကို အခြေအနေတွေ ကောင်းနေကြတာပဲ။ ကိုယ့်ကောင်မလေးအတွက်လား”
ယိုဂျင်က သူ့ဘေးနားမှာ လာရပ်လိုက်တယ်။ သူမက ဆံပင်စည်းကတ်ကြိုးလေးကို ယူပြီး ပခုံးလောက်ရှိတဲ့ ဆံပင်တွေကို စည်းလိုက်တာပေါ့။ သူမရဲ့ ဆံပင်တွေ ဘေးကို ဝဲသွားတဲ့အချိန်တိုင်း လာဗင်ဒါရနံ့သင်းသင်းလေးက မာရူးရဲ့ နှာခေါင်းထဲကို တိုးဝင်လာခဲ့တယ်။
“နင် ကလပ်အဖွဲ့ဝင်တွေနဲ့ လာတာလား ယိုဂျင်”
“အင်းလေ။ တခြားကျောင်းတွေကိုတော့ လာကြည့်စရာ မလိုပါဘူး၊ ဒါပေမဲ့ မြောင်ဟွာအထက်တန်းကျောင်းကတော့ အခြေအနေချင်း မတူဘူးလေ။ အားလုံးက ဒါကို ကျိန်းသေပေါက် လာကြည့်ရမယ်လို့ ပြောနေကြတာ။ ဘယ်သူသိမှာလဲ၊ တို့တွေ တစ်ခုခုတောင် လေ့လာနိုင်ရင် လေ့လာရမှာပေါ့”
“ဒါနဲ့ နင်က အန်ယန်အထိ အဝေးကြီး လာခဲ့တာလား။ တကယ့်ကို အံ့ဩစရာပဲ။ နင်တို့ ဒေသက အရည်အချင်းစစ်ပွဲက ပြီးသွားပြီလား”
“မနေ့က ပြီးသွားပြီလေ။ တို့တွေ ကျိန်းသေပေါက် အောင်မှာပါ” လို့ ယိုဂျင်က ခေါင်းညိတ်ရင်း ပြောတယ်။
“ယုံကြည်မှုတွေ အပြည့်ပဲနော်”
“ဒါပေါ့။ တို့တွေ ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲဥစ္စာ။ ကျရှုံးခဲ့ရင်တော့ သဘာဝမကျရာ ရောက်လိမ့်မယ်”
“သဘာဝမကျတဲ့အရာတွေက တစ်ခါတလေကျရင် တော်တော်လေး ရယ်ရ... မဟုတ်ပါဘူး၊ စိတ်ပျက်ဖို့ကောင်းတတ်ပါတယ်”
ယိုဂျင်က မျက်မှောင်ကြုတ်လိုက်လို့ မာရူး စကားကို ချက်ချင်း ပြန်ပြင်ပြောလိုက်ရတယ်။ သူတို့ သူငယ်ချင်းတွေ ဖြစ်လာကတည်းက စကားနောက်ပြောင်တာက ပိုပြီး ပုံမှန်လို ဖြစ်လာခဲ့တာ။ သူတို့ အတူတူ လေ့ကျင့်ခဲ့ကြတာဆိုတော့ အဓိကဇာတ်ကောင်တွေချင်း သူငယ်ချင်း ဖြစ်သွားတာကလည်း သဘာဝကျပါတယ်။
“သူမကို တွေ့ခဲ့လား”
“ဟင့်အင်း။ သူမကို အာရုံမပျက်စေချင်လို့ ပြီးမှပဲ တွေ့တော့မယ်”
“ဟင်း... နင်တို့နှစ်ယောက်လုံးက တကယ်ကို အတွေးချင်း တူလွန်းကြတယ်”
“နင် ဟိုဘက်ကို ပြန်သွားဖို့ မလိုဘူးလား” မာရူးက စတုတ္ထတန်းမှာ ထိုင်နေတဲ့ မိန်းကလေးတွေကို ညွှန်ပြပြီး မေးလိုက်တယ်။ အဲဒါက ယိုဂျင်ရဲ့ ကလပ်အဖွဲ့ဝင်တွေလေ။
“ရပါတယ်။ သူတို့က သူငယ်ချင်းတွေပဲဟာ၊ သူတို့ရှေ့မှာ အမူအရာတွေ သိပ်ဆင်ခြင်နေဖို့ မလိုပါဘူး။ စီနီယာတွေလည်း လာတာမှ မဟုတ်တာ”
“နင်တို့ ဂျူနီယာတွေကတော့ တကယ် ကြိုးစားကြတာပဲနော်”
“တကယ့်ရည်ရွယ်ချက်က အန်ယန်မှာ လာလည်ဖို့ပါ။ ဒါကတော့ ဒုတိယရည်ရွယ်ချက်သက်သက်ပဲဥစ္စာ”
ဪ... အဲလိုလား။ သူမ လိမ်းထားတဲ့ မိတ်ကပ်ကို ကြည့်ရုံနဲ့တင် အပြင်ထွက်လည်ဖို့ ပြင်လာမှန်း သိသာပါတယ်။ မိတ်ကပ်ကြောင့် သူမက နည်းနည်းလေး ပိုပြီး ရင့်ကျက်တဲ့ပုံ ပေါက်နေပေမဲ့ ကလေးဆန်တဲ့ စရိုက်ကတော့ အထိုင်းသား ပေါ်နေတုန်းပဲ
“နင် ဘာဖြစ်လို့ ငါ့ကို အဲလိုကြီး ကြည့်နေတာလဲ”
“နင့်မိတ်ကပ်က သိပ်မဆိုးပါဘူး။ တော်တော်လေး ကြည့်ကောင်းပါတယ်”
“အဲဒါက... ချီးမွမ်းတာလား၊ နှိမ်တာလား”
“နင် ဘယ်လို နားထောင်ချင်လဲဆိုတဲ့အပေါ်မှာပဲ မူတည်တာပေါ့”
ယိုဂျင်က လက်မြှောက်လိုက်လို့ မာရူး ခပ်မြန်မြန်လေး ဘေးကို ရှောင်လိုက်ရတယ်။
“ကြမ်းတမ်းတဲ့ မိန်းကလေးတွေက ဆွဲဆောင်မှုမရှိဘူးလို့ ပြောကြတယ်နော်”
“နင့်လိုလူမျိုးရှေ့မှာ ငါက ဆွဲဆောင်မှုရှိနေဖို့ မလိုပါဘူး”
နောက်ဆုံးတော့ မာရူး အရိုက်ခံလိုက်ရတာပေါ့။ တော်တော်လေး စပ်ဖျဉ်းဖျဉ်း ဖြစ်သွားတယ်။
“နင်ဘာသာ ရှာတာလေ။ အစကတော့ နင်က ငြိမ်ငြိမ်လေးနဲ့ တည်တည်ငြိမ်ငြိမ် ရှိလှတယ်လို့ ထင်ခဲ့တာ၊ အခုတော့ တစ်ရှူးစက္ကူလေးလို ဖြစ်နေပြီ”
“တစ်ရှူးစက္ကူ ဟုတ်လား”
“လေတိုက်ရင် လွင့်သွားမယ့်အတိုင်းပဲ အပေါ့စားလေး ဖြစ်နေလို့လေ”
မာရူး ပခုံးတွန့်ပြလိုက်တယ်။ ယွန်းမွန်ဂျောင်နဲ့ စကားပြောပြီးတဲ့နောက်မှာ သူလည်း နည်းနည်း ပြောင်းလဲသွားသလို ခံစားရတာတော့ အမှန်ပဲ။ သူက ဘဝကို ဘေးကနေပဲ စောင့်ကြည့်နေတဲ့သူ မဟုတ်တော့ဘဲ ကိုယ်တိုင် ဝင်ရောက်ခံစားဖို့ ခြေလှမ်းစတင်ခဲ့ပြီလေ။
လူကြီးတစ်ယောက်အနေနဲ့ သူ့ကိုယ်သူ မငြင်းပယ်သလို၊ တစ်ဖက်မှာလည်း ဆယ်ကျော်သက်အရွယ် သူ့ရဲ့ အခြေအနေကို လက်ခံလိုက်တာပေါ့။ အဲဒီအချိန်ကစပြီး သူက သူ့အရွယ် ကလေးတွေနဲ့ ပိုပြီး လွယ်လွယ်ကူကူ စကားပြောနိုင်လာခဲ့တာ။ အရင်တုန်းကတော့ သူ တော်တော်လေး ရုန်းကန်ခဲ့ရတယ်ဆိုတာ ဝန်ခံရမှာပဲ။
“ဘာပဲဖြစ်ဖြစ်၊ ဒီနေ့က ခရစ္စမတ်ပဲဥစ္စာ” ယိုဂျင်က သူ့နောက်က နံရံကို မှီရင်း ပြောလာတယ်။
“Merry Christmas နော်”
“နင်လည်း အတူတူပါပဲ”
မိန်းကလေးက သူ့ဆီ လက်လှမ်းပေးလာတယ်။ သူမ တစ်ခုခု လိုချင်လို့လား။
“ဘာလဲ၊ လက်ဆောင် မရှိဘူးလား”
“ငါက စန်တာကလော့စ်မှ မဟုတ်တာ”
“ကြည့်စမ်း... တကယ့် ကပ်စေးနှဲကြီး။ ဒါဆို သူမအတွက်ကော လက်ဆောင်ပြင်လာခဲ့လား”
သူမရဲ့ မျက်နှာအမူအရာက တော်တော်လေး ရယ်ရတာမို့ မာရူး ပြုံးမိသွားတယ်။ သူက ရေမွှေးနဲ့ စုံတွဲလက်စွပ်ဘူးလေးကို ထုတ်ပြလိုက်တာပေါ့။
“ဒါ ဘာကြီးလဲ”
“ရေမွှေးနဲ့ စုံတွဲလက်စွပ်လေ”
“ငါ့ကို ပြဦးလေ”
“ဘာလို့ ပြရမှာလဲ။ နင့်အတွက်မှ မဟုတ်တာ”
“မိန်းကလေးအကြောင်း မိန်းကလေးပဲ သိတာလေ။ နင် ဝယ်လာတာက သူမနဲ့ တကယ် လိုက်ဖက်ရဲ့လားလို့”
တောင်းပန်ပါတယ်၊ ဒါပေမဲ့ ငါက သူမနဲ့ အနှစ်နှစ်ဆယ်လောက် အတူတူ နေလာခဲ့တာပါလို့ မာရူး စိတ်ထဲက တွေးလိုက်မိတယ်။ သူမအကြောင်း အကုန်သိတယ်လို့ ပြောလို့မရပေမဲ့... အခုအချိန်မှာတော့ တခြားလူတွေထက်စာရင် သူမအကြောင်းကို သူက ပိုပြီး သိနေတာ သေချာပါတယ်။
“ကြည့်လို့ မရဘူးလား”
မာရူး သက်ပြင်းချပြီး ဘူးကို နည်းနည်းလေး ဖွင့်ပြလိုက်တယ်။ လက်စွပ်လေးတွေပေါ်မှာ ယုန်ရုပ်ပုံစံလေးတွေနဲ့ အလှဆင်ထားတာပေါ့။ သူမရဲ့ အကြိုက်ကို စဉ်းစားပြီး သူ သေသေချာချာ ရွေးခဲ့တာလေ။ တကယ်တော့ သူပေးခဲ့ဖူးတဲ့ မင်္ဂလာလက်စွပ်ကလည်း ဒါမျိုးနဲ့ သိပ်မကွာလှပါဘူး။
“နင်လည်း အဲဒါကို ဝတ်မှာလား”
ယိုဂျင်က ရယ်ချင်စိတ်ကို မနည်းအောင့်ထားရတယ်။ ကျေးဇူးပြုပြီး မရယ်ပါနဲ့... သူလည်း ဒါကို သဘောကျလို့ ဝယ်ခဲ့တာမှ မဟုတ်တာ။
“အင်း... သူမနဲ့တော့ တကယ် လိုက်ဖက်မှာပါ။ နင်က အမြင်ရှိသားပဲ”
ဟူး... အဲဒီစကား ကြားရတာ တော်သေးတာပေါ့။ ဒါပေမဲ့ သူမက အခုလက်ရှိအရွယ်မှာရော သူမရဲ့ လူကြီးဘဝတုန်းကလို အကြိုက်ချင်း တူနေပါဦးမလားဆိုတာ သူ စဉ်းစားမိတယ်။ အဲလိုသာ မဟုတ်ရင်တော့ သူ သေပြီပဲ။ ဒီလောက် ကလေးဆန်တာကြီး ဝယ်လာတယ်ဆိုပြီး အလှောင်ခံရမှာကို သူ မလိုချင်ဘူးလေ။
“စတော့မယ်။ နင် ဒီကနေပဲ ကြည့်နေမှာလား”
“အင်း”
ယိုဂျင်က နှုတ်ဆက်ပြီး သူမရဲ့ သူငယ်ချင်းတွေဆီ ပြန်လျှောက်သွားတယ်။ မုန်တိုင်းကတော့ ပြီးသွားပါပြီ။ မာရူး နံရံကိုမှီပြီး လက်ပိုက်လိုက်တယ်၊ အခုတော့ သူမရဲ့ ပြဇာတ်ကို စောင့်ကြည့်ရမယ့် အချိန် ရောက်ပြီပေါ့။
* * * * * * * * *
သူမကတော့ အသင့်ပြင်ဆင်ခန်းဆီကို ပြေးရုံတမယ် သွားခဲ့တာ။
“တို့တွေ အလှည့်ရောက်ပြီ။ အဆင်သင့်ပြင်ထားကြတော့”
“ဟု-ဟုတ်ကဲ့”
“ဘာဖြစ်လို့လဲ။ နင် စိတ်လှုပ်ရှားနေတာလား”
သူမ ခေါင်းခါပြလိုက်တယ်။ သူမ စိတ်မလှုပ်ရှားပါဘူး။ ဒါပေမဲ့... သူမ မမြင်သင့်တဲ့ အရာတစ်ခုကို မြင်ခဲ့ရတာလေ။
‘အဲဒီနှစ်ယောက်က ဘာလို့...’
သူမ အသင့်ပြင်ဆင်ခန်းက ထွက်လာတုန်းက မာရူးကို မြင်ခဲ့တာ။ နှုတ်ဆက်ဖို့ ပြေးသွားမလို့ လုပ်ပေမဲ့ သူ့ဘေးနားက မိန်းကလေးကို သတိထားမိသွားတယ်။ ယိုဂျင် ဖြစ်နေတာ။ သူတို့ကို အတူတူ ခဏခဏ မြင်ဖူးတာမို့ သွားရမှာပါပဲ... ဒါပေမဲ့ သူမ မသွားနိုင်ခဲ့ဘူး။ သူတို့ပုံစံက တကယ့် စုံတွဲတစ်တွဲလို ဖြစ်နေတာကိုး။ မာရူးနဲ့ တွဲနေတာက သူမဆိုတာ သိရက်သားနဲ့ ဘာဖြစ်လို့လဲ မသိဘူး၊ သူတို့နားကို ကပ်ဖို့ သူမ ကြောက်နေမိတယ်
‘ငါ ဘာလို့ အဲလို ခံစားနေရတာပါလိမ့်’
သူမ လမ်းလျှောက်သွားရုံတင်ပဲဥစ္စာ။ ဘာလို့ မနာလိုဖြစ်နေရတာလဲ။ စိတ်ဓာတ်တွေလည်း ကျလာရတယ်။ မာရူးက သူ့ဘေးနားက မိန်းကလေးတိုင်းအပေါ် ကြင်နာတတ်တာလား။ ဒါမှမဟုတ် ယိုဂျင်တစ်ယောက်တည်းကိုပဲလား။ ဘယ်အရာက ပိုဆိုးလဲ။ သူတို့နှစ်ယောက်လုံးက အဓိကဇာတ်ကောင်တွေဆိုတော့ စကားပြောစရာတွေ အများကြီး ရှိမယ်ဆိုတာ သူမ နားလည်ပါတယ်။ နားလည်ပေမဲ့လည်း ရင်ထဲကတော့ လက်မခံနိုင်ဘူး ဖြစ်နေတာပေါ့။ သူမ တကယ့်ကို ကလေးဆန်နေမိတာပဲ။ တကယ့်ကို ကလေးဆန်လွန်းတယ်။ သူမ သူတို့နှစ်ယောက်ရှေ့ကို တည့်တည့် ဝင်သွားခဲ့သင့်တာ။
‘ဒါပေမဲ့ သူတို့က ဘာလို့ အတူတူ ရှိနေကြတာလဲ’
“ကဲ... အားလုံးပဲ၊ အာရုံစိုက်ကြစမ်း။ ဒီနေ့တော့ တို့တွေ အားရပါးရ ကပြကြမယ်”
ကလပ်ဥက္ကဋ္ဌရဲ့ အသံ ကြားလိုက်ရတော့မှပဲ သူမ သတိပြန်ဝင်လာတော့တယ်။ အခုအချိန်မှာ တခြားအရာတွေကို စဉ်းစားနေလို့ မဖြစ်ဘူးလေ။
* * * * * * * * *
မာရူး သူ့ရဲ့ နှုတ်ခမ်းကို ထိကြည့်လိုက်တယ်။ သူ ပြုံးနေတာပေါ့။ သူမ စင်ပေါ်မှာ ရှိနေတာကို ကြည့်ရုံနဲ့တင် သူ တအား ပျော်နေမိတာ။
‘ပြီးတော့မယ် ထင်တယ်’
မြောင်ဟွာအထက်တန်းကျောင်းရဲ့ ပြဇာတ်က မျှော်လင့်ထားတဲ့အတိုင်း တကယ့်ကို ကောင်းမွန်လှပါတယ်။ သူ ဟျဲဟွာ ဘူတာရုံမှာ ယန်ဂန်ဟွမ်နဲ့အတူ ပြဇာတ်တွေ အများကြီး ကြည့်ဖူးပေမဲ့ ဒီပြဇာတ်ကလည်း အဲဒါတွေနဲ့ယှဉ်ရင် သိပ်မနိမ့်လှပါဘူး။ သူ မျှော်လင့်ထားတဲ့အတိုင်းပဲ ပြဇာတ်က မိနစ်အနည်းငယ် ကြာပြီးတော့ ပြီးဆုံးသွားခဲ့တယ်။ သူမက အဓိကဇာတ်ကောင်ဆိုတော့ ကာတင်ပိတ်ပြီး နှုတ်ဆက်တဲ့အချိန်မှာ ပါလာတာပေါ့။ ကလပ်တစ်ခုလုံးက ပရိသတ်ကို ဦးညွတ်နှုတ်ဆက်ကြတယ်။ မာရူးလည်း လက်ခုပ်တီးပေးလိုက်တာပေါ့။
“သူတို့ တော်ကြတယ်နော်” လို့ ယိုဂျင်က သူ့နားကို လျှောက်လာရင်း ပြောတယ်။
“နင့်သူငယ်ချင်းတွေဆီ သွားဆော့ချေ။ ဘာလို့ ငါ့နားပဲ ခဏခဏ လာနေတာလဲ”
“ဘာလဲ။ နင်က ငါ့ကို ကြောက်နေလို့လား”
ယိုဂျင်က မြေခွေးတစ်ကောင်လို ပြုံးနေတာ။ မာရူးက သူမကို လက်ညှိုးနဲ့ တွန်းထုတ်လိုက်တော့ သူမ မျက်မှောင်ကြုတ်သွားတာပေါ့။
“အခု ဘာဆက်လုပ်မလို့လဲ”
“ဘာကိုလဲ”
“နင် သူမကို သွားတွေ့မှာ မဟုတ်လား”
“ဒါပေါ့”
“ဟိဟိဟိ”
သူမက စုန်းမတစ်ကောင်လို ရယ်နေတာဗျ။ သူမ သူ့နောက်ကို လိုက်ဖို့ ကြံနေတာလား။ သူ ခန်းမထဲကနေ ခပ်မြန်မြန်လေး ထွက်ဖို့ ကြိုးစားပေမဲ့ ယိုဂျင်က ခြေလှမ်း ပိုသွက်တယ်။
“ငါ ဒါကို လက်လွှတ်မခံနိုင်ဘူး။ သူမက ဒါမျိုးဆို တော်တော် ရှက်တတ်တာဆိုတော့ တကယ့်ကို ပျော်စရာကောင်းမှာ”
“မင်းကတော့ တကယ့် လူဆိုးမလေးပဲ”
ယိုဂျင်က သူမရဲ့ သူငယ်ချင်းတွေကိုတောင် သူမမပါဘဲ အရင်သွားနှင့်ဖို့ လှမ်းပြောလိုက်သေးတယ်။ မာရူး မျက်ခုံးကို ကုတ်လိုက်မိတာပေါ့။ သူမဆီကနေ ထွက်ပြေးရမလား။ မဖြစ်ဘူး၊ သူ ခဏနေရင် ဒီနေရာကို ပြန်လာရဦးမှာပဲဥစ္စာ။ သူ့မှာ ထွက်ပြေးစရာ လမ်းမရှိပါဘူး။
“ငါ ပုန်းနေလိုက်မယ်”
“ဟူး...”
“ဟိဟိ”
မာရူးလည်း သူမ သဘောရှိလုပ်ပါစေတော့လို့ပဲ လွှတ်ထားလိုက်တော့တယ်။ သူ အသင့်ပြင်ဆင်ခန်းဘက်ကို လျှောက်လာခဲ့တာပေါ့။ မြောင်ဟွာအထက်တန်းကျောင်းက သရုပ်ဆောင်တွေ အချင်းချင်းကြားမှာ အလုပ်ရှုပ်နေကြတာကို သူ မြင်နေရတယ်။ သူတို့ထဲမှာ သူမက ပြဇာတ်ပစ္စည်းတွေကို တက်တက်ကြွကြွနဲ့ လိုက်ရွှေ့နေတာ။ သူမ အလုပ်ပြီးတဲ့အထိ စောင့်တာက ပိုကောင်းမှာပါ။ မာရူး အရောင်းစက်ထဲကနေ အအေးတစ်ဘူး ဝယ်လိုက်တယ်။
“ငါ့အတွက်ကော”
“ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်သောက်ချေ”
“ကပ်စေးနှဲကြီး။ ပြီးခဲ့တဲ့တစ်ခေါက်က ငါ သူမကို မုန့်ကျွေးခဲ့သေးတယ်နော်။ သူမကိုယ်စား ငါ့ကို ပြန်ရှင်းပေး”
မာရူး ဘာပြန်ပြောရမှန်း မသိတော့ဘူး။ သူ အရောင်းစက်ထဲမှာ အရသာ အဆိုးဆုံးဖြစ်မယ့် အအေးကို လိုက်ရှာကြည့်လိုက်တယ်။ အာ... ဂျင်းမြစ်ရည်။ ဒါပဲ။ သေချာတာပေါ့၊ မိန်းကလေးက အဲဒါကို လက်ခံရရှိတဲ့အချိန်မှာ မျက်နှာကြီး သိသိသာသာကို ပျက်သွားတော့တာပဲ။
“ငါ ပြန်ရှင်းပေးပြီးပြီနော်”
“အီး...”
ဒါပေမဲ့လည်း ယိုဂျင်က အဲဒါကို သောက်ရှာပါတယ်။ နာကျင်မှုကြောင့် သူမရဲ့ မျက်နှာလေး ရှုံ့မဲ့သွားတာပေါ့။ တကယ့်ကို ချိုမြိန်တဲ့ အောင်ပွဲပဲ။
“သူတို့ ပြီးကြပြီထင်တယ်”
မြောင်ဟွာအထက်တန်းကျောင်းက ကျောင်းသားတွေ အသင့်ပြင်ဆင်ခန်းထဲကနေ ထွက်လာကြတယ်။
“ကဲ... မိတ်ကပ်ဖျက်ရမယ့်သူတွေ အခုပဲ ဖျက်လိုက်ကြတော့။ တို့တွေ မိနစ် ၃၀နေရင် ထွက်မှာမို့လို့ အဲဒီအချိန်ကျရင် ဘတ်စ်ကားနားမှာ ရှိနေကြနော်။ မိဘတွေနဲ့လည်း ဓာတ်ပုံသေသေချာချာ ရိုက်ခဲ့ကြဦး”
ဥက္ကဋ္ဌရဲ့ စကားအပြီးမှာ ကျောင်းသားတွေ အသီးသီးလမ်းခွဲလိုက်ကြတယ်။ ဘတ်စ်ကား ဟုတ်လား... အာ၊ အပြင်မှာ ကားတစ်စီး ရပ်ထားတာကို သူ သတိရလိုက်တယ်။ အဲဒီပေါ်မှာ မြောင်ဟွာအထက်တန်းကျောင်းဆိုတဲ့ နာမည်ကို ဝေဝေဝါးဝါး မြင်ခဲ့သလိုပဲ။
“မြောင်ဟွာအထက်တန်းကျောင်းပီပီ... ဘတ်စ်ကားတောင် ငှားလာနိုင်တယ်။ တို့ကျောင်းလည်း သူတို့ကို အတုယူသင့်တယ်” လို့ ယိုဂျင်က မှတ်ချက်ပေးတယ်။
ကလပ်အဖွဲ့ဝင်တွေက သူတို့ရဲ့ မိဘတွေဆီကို ဦးတည်သွားကြတယ်၊ မိဘတွေကလည်း ကလပ်အပေါ်မှာ တော်တော်လေး အားပေးကြတဲ့ပုံပဲ။ သူမကတော့ တခြားလူတွေကြားမှာ တစ်ယောက်တည်း ရပ်နေရှာတာ။ သူမရဲ့ အမေက သူမနဲ့အတူ ရှိမနေဘူးလား။ မာရူး သူမကို နှုတ်ဆက်ဖို့ လျှောက်သွားလိုက်တယ်။
“မင်း တော်တော်လေး တော်တာပဲ”
“... အာ”
သူမ သူ့ကို အနေရခက်တဲ့ အပြုံးလေး ပြုံးပြရှာတယ်။ မာရူး အဲဒီအပြုံးကို ကောင်းကောင်းသိတာပေါ့။ သူမ တစ်ခုခုကို သဘောမကျတဲ့အချိန်တိုင်း အမြဲ အဲလို ပြုံးတတ်တာ။ သူမက များသောအားဖြင့် ကိုယ်လိုချင်တာကို အသေအလဲ ငြင်းခုံတတ်ပေမဲ့ အဲလိုလုပ်လို့မရတဲ့ အခြေအနေမျိုးဆိုရင်တော့ အဲဒီလိုပဲ ပြုံးနေတတ်တာမျိုး။ ဒါက ကြည့်ရတာ စိတ်ထဲမှာ တစ်မျိုးကြီးပဲ။
“ဟို... လာကြည့်ပေးလို့ ကျေးဇူးတင်ပါတယ်”
သူမ ပုံမှန်အတိုင်း မဟုတ်ဘူး ဖြစ်နေတာ။ ဘာလို့ အမြဲတမ်းလို တက်တက်ကြွကြွ မရှိနေရတာလဲ။
“တစ်ခုခု ဖြစ်လို့လား”
သူ တည့်တည့်ပဲ မေးဖို့ ဆုံးဖြတ်လိုက်တယ်။ သူမ မျက်နှာလွှဲသွားတယ်။ တစ်ခုခု မှားနေတာတော့ သေချာနေပြီ။ ဒါပေမဲ့ တစ်ခုခုဖြစ်လို့လားလို့ သူ ထပ်မေးဖို့ ပြင်လိုက်စဉ်မှာတင် သူမက တခြားတစ်နေရာကို ချက်ချင်း လှည့်ထွက်သွားတော့တာပဲ။ သူ သူမကို ခဏလောက် ကြည့်နေပြီးမှ နောက်ကနေ လိုက်သွားခဲ့တယ်။ ယိုဂျင်လည်း သူ့နောက်ကနေ ကပ်လိုက်လာတာကို သူ ခံစားနေရတယ်။ ခန်းမထဲကနေ ထွက်လာတဲ့အချိန်မှာတော့ သူမက တစ်ခုခုကို လိုက်ရှာနေတာ တွေ့ရတယ်။
“မင်း ဘာလုပ်နေတာလဲ”
“ဟင့်အင်း... မဟုတ်ပါဘူး၊ ဒီတိုင်း... ဘာမှမဟုတ်ပါဘူး”
သူမ ထပ်ပြီး ထွက်ပြေးဖို့ ကြိုးစားပြန်ရော။ မာရူးကတော့ ဒီလို တူတူပုန်းတမ်း ကစားရတာကို သဘောမကျတာမို့ သူမရဲ့ လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်တယ်။
“ဘာလို့ ထွက်ပြေးနေတာလဲ။ ဒါ မင်းပုံစံ မဟုတ်ဘူးနော်”
“ငါ မပြေးပါဘူး”
သူမက ထုံးစံအတိုင်း ‘ထွက်ပြေးတယ်’ ဆိုတဲ့ စကားလုံးအပေါ်မှာ တော်တော်လေး ခံစားလွယ်တာ။ သူမ သူ့ကို ခဏလောက် စိုက်ကြည့်နေပြီးမှ ချက်ချင်းပဲ စိတ်ဓာတ်ကျသွားတဲ့ ပုံစံမျိုး ပြန်ပြောင်းသွားတယ်။ ဒါကို ကြည့်ရတာ တော်တော်လေး ချစ်စရာကောင်းနေတာပေါ့။
“ဘာဖြစ်လို့လဲ”
“ . . . ”
“တောင်းပန်ပါတယ်၊ ဒါပေမဲ့ ကိုယ်က မင်းစိတ်ကို ဖတ်နိုင်တဲ့သူမှ မဟုတ်တာ”
အင်း... တစ်ခါတစ်လေတော့ ဖတ်နိုင်တာပေါ့လေ။ တစ်ခါတလေကျရင် တခြားလူ ဘာတွေးနေလဲဆိုတာကို သူ လှမ်းကြည့်လို့ ရတာပဲဥစ္စာ။ ဒါပေမဲ့ သူ တန်ဖိုးထားရတဲ့သူတွေအပေါ်မှာတော့ ဒါမျိုး မသုံးချင်ပါဘူး။ အဲလိုလုပ်ရင် သူတို့ကို လိမ်ညာရာ ရောက်လိမ့်မယ်လို့ သူ ခံစားရလို့လေ။
“ငါ့ကိုယ်ငါ တကယ့်ကို သနားစရာကောင်းတယ်လို့ ခံစားရလို့ပါ”
သူမ အောက်နှုတ်ခမ်းကို ကိုက်ထားရှာတယ်။
“ဘာကို သနားစရာကောင်းတာလဲ”
“အရာရာတိုင်းကိုပဲ”
သူမ အော်ပြောလိုက်တာဗျ။ ဒီနေ့တော့ သူမ တကယ့်ကို အခြေအနေ ပျက်နေတာပဲ။ စင်ပေါ်မှာတော့ ဘယ်လိုလုပ်ပြီး ဒီလောက်အထိ သရုပ်ဆောင်ကောင်းခဲ့တာပါလိမ့်။
“ကိုယ် တစ်ခုခု မှားလုပ်မိလို့လား”
“ဟင့်အင်း။ မဟုတ်ဘူး... ဟုတ်တယ်”
“ကိုယ် ဘာလုပ်မိလို့လဲ”
“အဲဒါက... အဲဒါကလေ...”
သူမ ပါးစပ်ပိတ်သွားတယ်။ သူမ ကြမ်းပြင်ကို စက္ကန့်အနည်းငယ်လောက် စိုက်ကြည့်နေပြီးမှ ခေါင်းမော့လာတာပေါ့။ သူမ... ငိုနေတာ။ ဘာဖြစ်လို့လဲ။ ဘာအတွက်လဲ။ ဘာတွေ မှားနေလို့ပါလိမ့်။
“မင်းကတော့လေ။ မင်း ခုနကမှအကောင်းကြီးရှိသေးတာကို”
“... အဲဒါက ဆိုးလို့လား”
“ဟင့်အင်း…. လုံးဝ မဆိုးပါဘူး”
“ဒါဆို ပြဿနာက ဘာလဲ”
“ငါက ပြဿနာပဲ။ ငါ့ကိုယ်ငါ တကယ့်ကို သနားစရာကောင်းတယ်လို့ ခံစားရတယ်။ တကယ့် ငတုံးတစ်ယောက်လိုပဲ”
သူမရဲ့ မျက်နှာပေါ်မှာ မျက်ရည်တွေ စီးကျလာတယ်။ အာ... အခုမှ သူ သတိရတော့တယ်။ အတိတ်တုန်းကလည်း သူမနဲ့ သူ အကြိမ်အနည်းငယ် ရန်ဖြစ်ခဲ့ဖူးတာပဲ။ အဲဒီအချိန်တိုင်း သူမ အမြဲ ငိုခဲ့တာ။ သူမက ကိုယ့်ကိုယ်ကိုယ်ပဲ အမြဲ အပြစ်တင်တတ်ပြီး ဘယ်တော့မှ တခြားလူကို အပြစ်ပုံချတတ်တဲ့သူ မဟုတ်ဘူးလေ။
“မင်းမှာာ ဘာပြဿနာမှ မရှိပါဘူး။ မင်းက သနားစရာကောင်းတဲ့သူလည်း မဟုတ်သလို၊ ငတုံးလည်း မဟုတ်ပါဘူး”
“ . . . ”
မာရူး သူမကို ပွေ့ဖက်လိုက်တယ်၊ သူ့ရင်ခွင်ထဲမှာ သူမ ငိုနေတာကို သူ ခံစားနေရတာပေါ့။ သူမက တကယ့်ကို ကြံ့ခိုင်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပေမဲ့ အခုအချိန်မှာတော့ တော်တော်လေးကို အားနည်းနေရှာတာ။ သူမ စိတ်ငြိမ်သွားတဲ့အထိ သူ စောင့်နေလိုက်တယ်။ သူမက ဉာဏ်ကောင်းတဲ့သူဆိုတော့ ချက်ချင်းပဲ သတိပြန်ဝင်လာမှာပါ။
“ငါ တွေ့လိုက်တယ်”
သူမ အခုထိ ရှိုက်နေတုန်းပဲ။
“ဘာကိုလဲ”
“... နင် ယိုဂျင်နဲ့ အတူတူ ရှိနေတာကို”
“အဲဒါ ဘာဖြစ်လို့လဲ”
“အဲဒါက ထူးခြားတဲ့ ကိစ္စမဟုတ်မှန်း ငါ သိပါတယ်။ ဒါပေမဲ့... နင်တို့နှစ်ယောက်က တကယ့်ကို အဆင်ပြေနေကြတာပဲဥစ္စာ...”
သူမက ငယ်သေးတာကိုး။ အသက် ၂၅ နှစ်အရွယ် သူမရဲ့ ပုံစံနဲ့ ယှဉ်ရင် အခုအချိန်မှာ သူမက တော်တော်လေး ကွဲပြားနေတယ်ဆိုတာ သူ သဘောပေါက်လိုက်တယ်။ အသက် လေးဆယ်ကျော်တုန်းက သူမနဲ့ ယှဉ်ရင်တော့ လုံးဝကို တခြားလူတစ်ယောက်လိုပဲ။ သူမ စိတ်သက်သာရာရအောင် သူ ဘာလုပ်ပေးရမလဲ။ သူက စကားပြောကောင်းတဲ့သူ မဟုတ်တော့ အကောင်းဆုံးဖြစ်မယ့် အရာတစ်ခုကိုပဲ လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
“မင်းက ဘာမှမဟုတ်ဲ့အရာလေးတစ်ခုအတွက် စိုးရိမ်နေတာပဲ”
သူ သူမကို ပွေ့ဖက်လိုက်တယ်။ တင်းတင်းကျပ်ကျပ်ပေါ့။
“ . . . ”
သူမ နည်းနည်းတော့ ရုန်းကန်နေသေးတယ်။ သူက ကျောပြင်လေးကို ခပ်ဖွဖွလေး ပုတ်ပေးလိုက်တော့မှပဲ သူမ ဖြည်းဖြည်းချင်း ငြိမ်ကျသွားတော့တယ်။
“မင်း ငါ့အပေါ် ရိုးသားခဲ့တာဆိုတော့ ကိုယ်လည်း မင်းအပေါ် ရိုးသားပါ့မယ်”
“ဘာ-ဘာလဲ”
“ကိုယ် နင့်ကို လက်ထပ်မှာ”
“... ဘာပြောတယ်”
“ငါ ကြိုပြီး ဖွင့်ပြောထားတာလေ”
သူမ သူ့ကို လက်နှစ်ဖက်နဲ့ တွန်းထုတ်လိုက်တယ်။
“နင် ရူးနေတာလား။ လ-လက်ထပ်မယ် ဟုတ်လား။ ဘာတွေလဲ”
“ဘာလဲ၊ ကိုယ်က လုပ်လို့မရဘူးလား”
သူမ မျက်နှာပျက်ပျက်နဲ့ ပြန်ပြီး ငြိမ်ကျသွားပြန်ရော
“ဒါနဲ့... မင်း တကယ်ပဲ မနာလိုဖြစ်နေခဲ့တာလား”
“မဖြစ်ပါဘူး”
“လူလိမ်မလေး”
“... အီး”
သူ ထပ်ပြီး စနောက်နေရင် သူမ ထပ်ငိုတော့မယ့်ပုံမို့ မာရူး ဒီနားမှာတင် ရပ်လိုက်ပြီး သူမရဲ့ လက်ကို ကိုင်လိုက်တယ်။ သူ သူမရဲ့ မျက်လုံးတွေကို စိုက်ကြည့်နေလိုက်တော့ သူမရဲ့ လက်ကလေးတွေ နည်းနည်း တောင့်သွားတာကို သူ ခံစားလိုက်ရတယ်။ သူတို့ ပတ်ပတ်လည်က ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားသလိုမျိုးပဲ။ မာရူး ခေါင်းကို ဖြည်းဖြည်းချင်း နှိမ့်လိုက်တယ်။ သူ့မျက်နှာက သူမနား ကပ်လာလေလေ၊ သူမရဲ့ မျက်လုံးလေးတွေ ပိုပြီး ဝိုင်းလာလေလေပဲ။
“ဒီလိုအချိန်မျိုးမှာ မျက်လုံးမှိတ်ထားရတာလေ”
* * * * * * * * *
“... ဝိုး”
ယိုဂျင်က သူတို့နှစ်ယောက်ကို ကြောင်တောင်တောင်လေး ကြည့်နေမိတာ။ ပျော်စရာကောင်းမယ့် အခြေအနေကြီး ဖြစ်လာတော့မယ်ထင်လို့ မာရူးနောက်ကို လိုက်လာခဲ့တာ၊ အခုတော့ သူမဘာသာ မနာလိုဖြစ်စရာတွေ ကြုံလိုက်ရတာပေါ့။
“ငါ့သမီးက တော်တော်လေး ကြမ်းတာပဲနော်၊ ဟုတ်တယ်မလား”
အဲဒီအချိန်မှာပဲ ယိုဂျင် နောက်ဘက်ကနေ စကားသံတစ်ခု ကြားလိုက်ရတယ်။ သူမ လန့်ပြီး နောက်လှည့်ကြည့်လိုက်တော့ ပြုံးစိစိနဲ့ အမျိုးသမီးတစ်ယောက် သူမနောက်မှာ ရပ်နေတာကို တွေ့လိုက်ရတယ်။
“အခုခေတ် ကလေးတွေက တော်တော်လေးကို မြန်ကြတာပဲနော်”
“ဘာ-ဘာလဲ။ ဘာပြောတာလဲဟင်”
ယိုဂျင် ဇဝေဇဝါ ဖြစ်သွားရတယ်။ သမီး ဟုတ်လား... အဲဒီအမျိုးသမီးက အခုလေးတင် သမီးလို့ ပြောလိုက်တာလား။ ဒါဆိုရင်...
“ကဲ... တို့တွေ ပွဲကြည့်တဲ့သူတွေဆိုတော့ ဖယ်ပေးလိုက်ကြရအောင်လေ”
ယိုဂျင် ခေါင်းညိတ်ပြလိုက်တယ်။ ဒီနေရာမှာ အမိခံရရင်တော့ ပြဿနာအကြီးအကျယ် တက်တော့မှာကိုး။
“ဒါနဲ့...”
“ရှင်”
“သူမ ငါ့ကို ဒါမျိုး လာမပြောပြတာကိုတော့ နည်းနည်း စိတ်တိုမိသားပဲ”
အဲဒီအမျိုးသမီးရဲ့ ပြုံးနေတဲ့ မျက်နှာက ဘာဖြစ်လို့ အခုချိန်မှာ ဒီလောက်တောင် ကြောက်စရာကောင်းနေရတာလဲ။ ယိုဂျင် အခုချက်ချင်းပဲ သူမရဲ့ သူငယ်ချင်းတွေဆီကို ခပ်မြန်မြန်လေး ပြန်ပြေးချင်စိတ်ပေါက်သွားတော့တာပဲ။
* * * * * * * * *