အခန်း (၁၄၉-၁၅၀)
Vol. 15 Ch. 149-150
အခန်း(၁၄၉)
မာရူးက သူ့နှုတ်ခမ်းတွေကို ခွာလိုက်ပြီး ဘာမှမဖြစ်ခဲ့သလိုမျိုး သူမကို စိုက်ကြည့်နေမိတာပေါ့။ သူမရဲ့ မျက်ခုံးနှစ်ဖက်က ကောင်းကင်ပေါ်အထိ မြင့်တက်သွားပြီးမှ ပြန်ကျလာတယ်၊ ပြီးတော့ ပြန်ပြီး ပင့်တက်သွားပြန်ရော။
“န... နင်”
“ဘာဖြစ်လို့လဲ”
“နင် ရူးနေတာလား”
“လုံးဝ ပုံမှန်ပါပဲ”
သူမ ခဏလောက် ဘာမှမပြောနိုင်ဘဲ ငြိမ်သွားရှာတယ်။ သူမရဲ့ နှုတ်ခမ်းလေးတွေ စက္ကန့်ပိုင်းလောက် တွန့်ကွေးသွားပြီးမှ ပြန်ပွင့်လာတာပေါ့။ သူမ တကယ့်ကို တုန်လှုပ်ခြောက်ခြားသွားတဲ့ပုံပဲ။
“ဘယ်သူက နင့်ကို အဲလိုလုပ်ခိုင်းလို့လဲ”
“ကိုယ်က လုပ်လို့မရဘူးလား”
“အဲဒါက...”
“ကိုယ် တကယ်ပဲ တမင်တကာ အချိန်ဆွဲထားတာပါ။ မင်းကို အချိန်အများကြီး ပေးဖို့ ကိုယ်ကြိုးစားခဲ့တာလေ”
“နင် အခု တကယ်ကြီး အဲလို ပြောနေတာလား”
သူမ ခေါင်းကို ဘေးဘယ်ညာ ခါယမ်းလိုက်တယ်။
“သူ... သူတို့ မမြင်သွားဘူးမလား”
“ဘယ်သူလဲ။ နင့်ကလပ်အဖွဲ့ဝင်တွေလား”
သူမ ခေါင်းလေး ညိတ်ပြရှာတယ်။ မာရူး သူ့နောက်ကို လှည့်ကြည့်လိုက်ပေမဲ့ ယိုဂျင်ကို မတွေ့ရတော့ဘူး။ သူမ အခြေအနေကို မြင်ပြီး ထွက်သွားတာ ဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ် အခုတော့ သူတို့နှစ်ယောက်တည်း ကျန်ခဲ့ပြီလေ။
“ဘယ်သူမှ မရှိပါဘူး”
“ဟူး...”
“ဘာလဲ။ ကိုယ်နဲ့အတူ အပြင်မှာ အမြင်ခံရမှာကို မကြိုက်လို့လား”
“ကြိုက်တာပေါ့”
“တကယ်လား”
“......”
“တကယ် တကယ်လား”
သူမကို အတင်းမေးလေလေ၊ သူမရဲ့ မျက်မှောင်က ပိုပြီး ကြုတ်လာလေပဲ။ သူမကို နည်းနည်းလောက် ထပ်ပြီး စနောက်ချင်သေးပေမဲ့ ဒီနားမှာတင် ရပ်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူမကို ထပ်ပြီး မငိုစေချင်တော့တာကြောင့် သူ့အိတ်ထဲက လက်ဆောင်ဘူးလေးကို ထုတ်ပေးလိုက်တာပေါ့။
“ရော့... ဒါက”
သူမက လက်ဆောင်ဘူးကို တစ်ချက်ကြည့်၊ သူ့ကို တစ်ချက်ကြည့်နဲ့ပေါ့။
“လေးတယ်၊ ယူထားလိုက်ပါ”
“ဒါ ဘာကြီးလဲ”
“Merry Christmas နော်။ ဒါက စန်တာကလော့စ်ဆီက လက်ဆောင်လေ။ ငိုတဲ့ကလေးတွေကို လက်ဆောင်မပေးရဘူးဆိုပေမဲ့ ဒီတစ်ခါတော့ အခြေအနေကို ခြွင်းချက်အနေနဲ့ ခွင့်ပြုပေးလိုက်မယ်။ ကိုယ်က တအား သဘောကောင်းတဲ့ စန်တာမို့လို့ပါ”
မာရူးက သူ့ရဲ့ ဂျာကင်အင်္ကျီလက်နဲ့ သူမရဲ့ မျက်လုံးတွေကို သုတ်ပေးလိုက်တော့ သူမ လန့်ပြီး နောက်ကို တွန့်ဆုတ်သွားတယ်။
“နှာချေဦးမလား”
“ရပါတယ်”
သူမ ရှိုက်ရင်းနဲ့ မျက်ရည်တွေကို သုတ်နေတာက မနက်ခင်းမှာ မျက်နှာသစ်နေတဲ့ ရှဥ့်ကလေးတစ်ကောင်နဲ့ တကယ့်ကို တူနေတာပေါ့။ ပြောရရင်တော့ ထူးဆန်းပေမဲ့ သူမရဲ့ အခုလက်ရှိအရွယ်မှာ စနောက်ရတာ တကယ့်ကို ပျော်စရာကောင်းပါတယ်။
နောက်ထပ် ရှစ်နှစ်အတွင်းမှာ ဘာတွေ ဖြစ်ပျက်ခဲ့လို့ပါလိမ့်။ ဘာအကြောင်းအရာကများ ဒီမိန်းကလေးကို သူ့ရှေ့မှာ ပြုံးစိစိနဲ့ ကွန်ဒုံးဘူးကို လှုပ်ပြရဲတဲ့ မြေခွေးမလေးတစ်ကောင် ဖြစ်သွားအောင် ပြောင်းလဲပစ်လိုက်တာလဲ။
‘သူမရဲ့ အမေကြောင့်လည်း ဖြစ်နိုင်တာပဲ’
မာရူးရဲ့ နားတွေ ခဏလောက် ယားယံသွားသလိုပဲ။ တစ်ယောက်ယောက်က အဝေးကနေ သူ့ကို ကျိန်ဆဲနေလို့များလား။ သူမက သူပေးတဲ့ ဘူးလေးကို ဖွင့်ကြည့်တယ်။ သူ သူမကို သေသေချာချာ စောင့်ကြည့်နေမိတာပေါ့။ သူမ မျက်နှာမှာ အခုထိ မျက်မှောင်ကြုတ်ထားတုန်းပဲဆိုပေမဲ့ သူမရဲ့ မျက်လုံးလေးတွေကတော့ တကယ်ကို ပြုံးနေခဲ့ပြီလေ။ မာရူးက စုံတွဲလက်စွပ်ထဲက တစ်ကွင်းကို ထုတ်ပြီး သူမရဲ့ လက်ကို ကိုင်လိုက်တယ်။
“န... နင် ဘာလုပ်မလို့လဲ”
“တို့တွေ တော်၊ မတော် ကြည့်ရအောင်လေ”
မာရူးက လက်စွပ်လေးကို သူမရဲ့ လက်သူကြွယ်မှာ စွပ်ပေးလိုက်တော့ သေးသေးလေးနဲ့ ချစ်စရာကောင်းတဲ့ ယုန်ရုပ်လက်စွပ်လေးက သူမနဲ့ တကယ့်ကို ကွက်တိပါပဲ။ သူမ လက်ကို မြှောက်ပြီး သေသေချာချာ လိုက်ကြည့်နေမိတာပေါ့။
“မင်းနဲ့ တအား လိုက်ဖက်တာပဲ”
“ကလေးကျနေတာပဲ”
“မင်း ဒါမျိုးတွေကို မကြိုက်ဘူးလား”
သူမ ပြန်ပြီး မငြင်းနိုင်ခဲ့ဘူး။ သူမ စိတ်ပျက်လက်ပျက် အမူအရာနဲ့ လက်စွပ်ကို ပြန်ချွတ်လိုက်တယ်။
“တို့ကျောင်းက လက်ဝတ်ရတနာတွေဝတ်တာ ပိတ်ထားတယ်လေ”
“နှမြောစရာကြီးပဲ”
မာရူးက ကျန်တဲ့ လက်စွပ်တစ်ကွင်းကို သူ့လက်မှာ စွပ်လိုက်တယ်။ လူကြီးတစ်ယောက်က ယုန်ရုပ်ပုံစံ လက်စွပ်ကို ဝတ်ထားရတာ... တွေးကြည့်ရင်တော့ နည်းနည်း ရယ်စရာကောင်းပေမဲ့ အနည်းဆုံးတော့ အဲဒါကြောင့်ပဲ သူတို့နှစ်ယောက် ကြိုးချင်း ချည်ထားသလို ဖြစ်သွားတာပေါ့။
“နင် အဲဒါကို အမြဲတမ်း ဝတ်ထားမှာလား”
“ဝယ်လာခဲ့ပြီးပြီဆိုတော့လည်း ဝတ်ထားရမှာပေါ့”
“နင် ဝတ်ထားတာ ကြည့်လို့မကောင်းဘူး”
“ကိုယ် သိပါတယ်”
“ဒါဆို ဘာလို့လဲ”
“ဒါက ကိုယ့်မှာ အပိုင်ရှိနေပြီဆိုတဲ့ အဓိပ္ပာယ်လေ”
သူမရဲ့ မျက်နှာက ချက်ချင်းဆိုသလို ရဲတက်သွားတော့တာပဲ။
“လူတွေ ပြောကြတာတော့ စုံတွဲလက်စွပ်တွေက ကလေးဆန်လေလေ၊ ပိုပြီး အစွမ်းထက်လေလေပဲတဲ့။ ဒါကြောင့် ဒါက တကယ့်ကို ကောင်းတဲ့ လက်စွပ်ပဲဥစ္စာ”
“ငါ မဝတ်ချင်ပါဘူး”
သူမ လက်စွပ်ကို သူ့ဆီ ပြန်ကမ်းပေးလိုက်တယ်။
“အင်း... ဒါဆိုရင်တော့ တခြားလူတစ်ယောက်ကိုပဲ ပေးလိုက်ရတော့မယ်။ လွှင့်ပစ်လိုက်ရင် နှမြောစရာကြီးပဲဥစ္စာ။ ယိုဂျင်က ဒါကို သဘောကျမလား မသိဘူးနော်”
မာရူးက လက်စွပ်ကို သူ့အိတ်ထဲ ပြန်ထည့်ပြီး သူမကို စိုက်ကြည့်နေလိုက်တယ်။ သူမ မျက်နှာမှာ ကြောက်စရာကောင်းတဲ့ အမူအရာကြီး ဖြစ်သွားတာပေါ့။ မာရူး ပြုံးပြီး လက်စွပ်ကို ပြန်ထုတ်လိုက်တယ်။
“ကိုယ် မင်းကို ထပ်ပြောပါရစေ။ ကိုယ်က မင်းရဲ့အပိုင်ပါ။ စိုးရိမ်တာတွေ၊ သံသယဖြစ်တာတွေ မလုပ်ပါနဲ့။ ဒါပေမဲ့ ကိုယ့်အပေါ် ထားတဲ့ မျှော်လင့်ချက်တွေကြောင့် မင်းကိုယ်မင်း ဖိအားတွေ ပြန်ပေးတာမျိုးတော့ မဖြစ်စေချင်ဘူး။ မင်းလုပ်ချင်တာ မှန်သမျှ လုပ်ပါ။ ကိုယ့်ကိုပဲ သေသေချာချာ သဘောကျပေးဖို့ပဲ လိုတာ။ အဲဒါကိုလည်း အတင်းအကျပ်ကြီးတော့ မတောင်းဆိုပါဘူး”
သူ လက်စွပ်ကို သူမရဲ့ လက်ချောင်းလေးထဲ သေသေချာချာ ပြန်စွပ်ပေးလိုက်တယ်။ ဒီတစ်ခါတော့ စွပ်ပေးတဲ့အချိန်မှာ သူမ ငြိမ်နေရှာတယ်။
“နင့်ရဲ့ စိတ်ကို တခြားလူ လုမသွားအောင် ငါ အချိန်ပိုဆင်းပြီး သေသေချာချာ စောင့်ကြည့်ရတော့မှာပေါ့”
သူ လက်စွပ်ကို နည်းနည်းလေး လှည့်ပြီး ယုန်ရုပ်လေးကို အပေါ်ဘက် ရောက်အောင် ပြင်ပေးပြီးမှ လက်ကို လွှတ်လိုက်တယ်။ သူမ လက်နှစ်ဖက်ကို ရင်ဘတ်ပေါ် တင်ထားလိုက်တာပေါ့။ သူမ လက်စွပ်လေးကို ငေးကြည့်နေမိတာ။
“ငါ နင့်အပေါ် အရမ်း ဖိအားပေးခဲ့မိရင် တောင်းပန်ပါတယ်နော်။ နောက်ခါ ဒါမျိုး မလုပ်တော့ပါဘူး”
မာရူး သူမကို ပိုင်ဆိုင်ချင်စိတ် အသည်းအသန် ဖြစ်နေတာကတော့ အမှန်ပါပဲ။ သူမရဲ့ စိတ်ကို တခြားလူ လုသွားရင်တောင် အဆင်ပြေပါတယ်လို့ ပြောခဲ့တာက တကယ်တော့ လိမ်ညာခဲ့တာလေ။ အဲဒါကတော့ သဘာဝကျတဲ့ မုသာဝါဒတစ်ခုပါပဲ။ သူက အရမ်းတွေ အသည်းအသန်ဖြစ်ပြီး ပတ်သက်မှုကို မဖျက်ဆီးချင်ဘူးလေ။ ပြီးတော့မှ သူမဆီ ရေမွှေးပုလင်းလေး ကမ်းပေးလိုက်ပေမဲ့ သူမ ဘာမှမပြောဘဲ ငြိမ်နေတုန်းပဲ။
“Merry Christmas ပါနော်။ ရေမွှေးလေးကို သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်”
တစ်ခါမှ ရည်းစားမထားဖူးတဲ့ မိန်းကလေးတစ်ယောက်အပေါ် သူ တအား စိတ်စောမိသွားတာလား၊ သူကိုယ်တိုင်ပဲ အရမ်း စိုးရိမ်နေမိတာလား။ သူ အေးအေးဆေးဆေးပဲ အချိန်ယူခဲ့သင့်တာလား။ ကဲလေ... ဘာပဲဖြစ်ဖြစ်၊ သူ နောင်တတော့မရပါဘူး။
မာရူး ထွက်သွားဖို့ ဆုံးဖြတ်လိုက်တယ်၊ သူမရှေ့မှာ အရမ်းကြီး စိုးရိမ်စိတ်တွေ ပေါ်မလာချင်ဘူးလေ။ မာရူး ဖြည်းဖြည်းချင်း လှည့်ထွက်ဖို့ ပြင်လိုက်ပေမဲ့ ခြေလှမ်းမစရသေးခင်မှာတင် လက်တစ်ဖက်က သူ့ကို လှမ်းဆွဲလိုက်တာပေါ့။
သူမ ဖြစ်နေတာ။ သူမက သူ့ကို ပြန်ဆွဲလိုက်ပြီး သူ့ရဲ့ အင်္ကျီကော်လံကို လှမ်းကိုင်လိုက်တယ်။ ဘာမှမသိလိုက်ရခင်မှာတင် သူတို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက် တည့်တည့်ကြီး စိုက်ကြည့်နေမိကြပြီ။
“နင် သဘောရှိ လျှောက်လုပ်နေတာတွေကို ရပ်လိုက်တော့”
သူမရဲ့ နှုတ်ခမ်းတွေက သူ့နှုတ်ခမ်းပေါ် တည့်တည့်ကြီး ကျရောက်လာခဲ့တယ်၊ ဒီတစ်ခါတော့ မာရူးအတွက် အံ့ဩစရာ ဖြစ်သွားရတာပေါ့။ ဒါပေမဲ့ သူမရဲ့ အမူအရာကို မြင်လိုက်ရတော့ သူ့စိတ်ထဲမှာ ချက်ချင်း နေသာထိုင်သာ ရှိသွားတယ်။ တကယ်တော့ သူ အော်ပြီးတောင် ရယ်ချင်စိတ် ပေါက်သွားတာ။
သူမ မျက်လုံးတွေကို တင်းတင်းမှိတ်ထားလို့ သူမရဲ့ မျက်ခုံးလေးတွေက ရှုံ့တွနေတာကိုး။ သူ နှုတ်ခမ်းကြားထဲ လျှာလေး သွင်းကြည့်ရမလားလို့ တွေးမိပေမဲ့ ပါးရိုက်ခံရမှာ စိုးလို့ အဲဒီအတွေးကို ချက်ချင်းဖျက်လိုက်ရတယ်။ သူ့လက်တွေကို သူမရဲ့ တင်ပါးလေးပေါ် တင်ထားလိုက်ပြီး အောက်ဘက်ကို ထပ်ပြီး ရွှေ့မသွားအောင် သူ့ကိုယ်သူ မနည်း ထိန်းထားလိုက်ရတာပေါ့။
“ဟူး”
သူမ ခေါင်းကို ချက်ချင်း နောက်ပြန်ဆွဲလိုက်ပြီး အသက်ကို အားရပါးရ ရှူသွင်းလိုက်တယ်၊ သူမ မျက်နှာတစ်ခုလုံး တကယ့်ကို နီရဲနေတာပေါ့။ သူမ မျက်နှာကြီး ပေါက်ကွဲတော့မယ့်အတိုင်း ဖြစ်နေတာမို့ မာရူး လက်ညှိုးလေးနဲ့ တို့ကြည့်လိုက်မိတယ်။
“ဟူး... ဟူး... ဟူး...”
သူမ မာရသွန်ပြေးပွဲတစ်ခုမှာ ပြေးလာခဲ့ရသလိုမျိုး အမောတကော ဖြစ်နေရှာတာ။ မာရူး ပြုံးပြီး သူမ ခါးပေါ်က လက်တွေကို ဖယ်လိုက်ပေမဲ့ သူမ နောက်ကို ဆုတ်မသွားဘူး။
“ငါ ရှင်းရှင်းလင်းလင်း ပြောချင်တဲ့ အရာတစ်ခု ရှိတယ်”
သူမ လေသံက နည်းနည်းတော့ စိတ်ဆိုးနေတဲ့ပုံပဲ။
“ဘာဖြစ်လို့လဲ”
“ငါ အခုလောလောဆယ်တော့ လက်စွပ်ကို သဘောကျတယ်”
“ကျေးဇူးပဲနော်”
“ပြီးတော့... ငါ နင့်ကိုလည်း သဘောကျတယ်”
အဲဒီစကား ကြားလိုက်ရတော့မှပဲ မာရူးရဲ့ ရင်ထဲက စိုးရိမ်စိတ်လေးက ချက်ချင်း ပျောက်ကွယ်သွားပြီး ကိုယ့်ဘာသာ သက်ပြင်းချလိုက်မိတော့တယ်။
“ငါလည်း နင်ပြောတဲ့ စကားကို နင့်ဆီ ပြန်ပေးပါရစေ။ နင်လည်း တခြားမိန်းကလေးတွေနဲ့ သွားတွေ့လို့ ရပါတယ်နော်။ ငါလည်း တကယ့်ကိုကြိုးစားမှာပါ။ နင် ငါ့ကို ဆက်ပြီး သဘောကျနေအောင်လို့လေ”
သူမ စကားတွေကို အသည်းအသန် ပြောပြီးတော့မှ နောက်ကို ဆုတ်သွားရှာတယ်။
“ဒါနဲ့... နင်လေ...”
“ဘာလဲ”
“န... နင် လူတွေကို ဘယ်နှစ်ခါလောက် နမ်းဖူးလဲ”
“ဒါက ကိုယ့်အတွက် ပထမဆုံးအကြိမ်ပါလို့ ပြောရင် မင်းယုံမလား”
“လူလိမ်ကြီး”
“တကယ်ပြောတာပါ”
“ဒါ... ဒါဆို နင်က ဘာလို့ အဲလောက်အထိ သဘာဝကျနေရတာလဲ”
“ယောင်္ကျားလေးတွေဆိုတာ ဒါမျိုးတွေကို လေ့လာရတာ ဝါသနာပါကြတယ်လေ၊ မင်းလည်း သိသားနဲ့”
မာရူးက နောက်ပြောင်တဲ့ အမူအရာနဲ့ ထပ်ပြီး နမ်းဖို့ လုပ်လိုက်တော့ သူမလက်က ချက်ချင်း ဝဲလာပြီး သူ့နှုတ်ခမ်းကို လှမ်းပုတ်တော့တာပဲ။ တော်တော်လေး စပ်ဖျဉ်းဖျဉ်း ဖြစ်သွားတယ်။
“လူဆိုးကြီး”
“ခုနလေးတင် ကိုယ့်ကို အားရပါးရ နမ်းခဲ့တဲ့ မိန်းကလေးကများ ပြောရဲသေးတယ်။ မင်း ကိုယ့်ကော်လံကိုတောင် လှမ်းဆွဲခဲ့တာလေ။ မင်း ဒါမျိုးတွေကို ဝါသနာပါတာလား”
“ဟေ့”
သူ ခွင့်ပြုချက်မတောင်းဘဲ သူမကို နောက်တစ်ကြိမ် ထပ်ပြီး ပွေ့ဖက်လိုက်ပြန်တယ်။ သူမရဲ့ ဝိုင်းစက်နေတဲ့ ခေါင်းလေးက သူ့ရဲ့ မေးစေ့နားထိပဲ ရောက်တာကိုး။ သူမမှာ တကယ့်ကို နဖူးပြင် ကျယ်ကျယ်လေး ရှိတာ။
“မနာလိုဖြစ်ပေးလို့ ကျေးဇူးတင်တယ်။ ကိုယ်က မင်းအတွက် တန်ဖိုးရှိတဲ့သူတစ်ယောက်ပါလို့ ပြောပြပေးလို့လည်း ကျေးဇူးတင်ပါတယ်။ တကယ်တော့ မင်း ကိုယ့်ကို တကယ် ဂရုမစိုက်ဘူးလားဆိုပြီး စိတ်ပူနေခဲ့တာလေ”
ဒီလိုအချိန်မျိုးမှာတော့ ပွင့်ပွင့်လင်းလင်း ပြောတာက အကောင်းဆုံးပါပဲ။ မာရူး ဘာကိုမှ မဖုံးကွယ်ဘဲ အမှန်အတိုင်း ပြောပြဖို့ ဆုံးဖြတ်လိုက်တယ်။ နားထောင်ရတဲ့သူအတွက် နည်းနည်း ဖိအားဖြစ်စေမှာ ဖြစ်ပေမဲ့ အဲဒါကပဲ မာရူး တကယ်ဖြစ်ချင်တဲ့ အရာလေ။ တွေးကြည့်ရင်တော့ အတ္တဆန်တယ်လို့ ထင်ရပေမဲ့ မာရူးက သူမရဲ့ စိတ်ထဲမှာ သူ့ရဲ့ အမှတ်အသားကို တတ်နိုင်သလောက် အများကြီး စွဲထင်ကျန်ရစ်စေချင်တာကိုး။
“မတရားဘူး... နင်က စကားပြော တအားကောင်းတာပဲ”
သူမ သူ့ရဲ့ ကုတ်အင်္ကျီကို ပထမဆုံးအကြိမ် လှမ်းဆွဲလိုက်ပေမဲ့ သူမ သူ့ကို တကယ် ပွေ့ဖက်ဖို့အထိတော့ သတ္တိမရှိသေးပုံရတယ်။ သူ နည်းနည်းတော့ လောဘတက်မိပေမဲ့ ဒီနားမှာတင် ရပ်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူမ အခုလို နမ်းဖို့အထိ သတ္တိရှိခဲ့တာကိုတင် သူ အများကြီး ကျေနပ်လှပါပြီ။
“Merry Christmas ပါ” လို့ သူမ ပြောလိုက်တယ်။
ဒီအခြေအနေလေးက နောက်ထပ် နည်းနည်းလောက် ထပ်ပြီး ကြာရှည်သွားရင် ဘယ်လောက်ကောင်းမလဲ။ စိတ်မကောင်းစရာကတော့ သူတို့ရဲ့ ချိုမြိန်တဲ့ အချိန်လေးဟာ စာတိုတစ်ခုကြောင့် ပျက်စီးသွားခဲ့ရတာပေါ့။ သူမ ခေါင်းမော့ကြည့်လိုက်လို့ မာရူး သူမကို လွှတ်ပေးလိုက်တယ်။ သူမ ဖုန်းကို ထုတ်ပြီး စာကို စစ်ကြည့်လိုက်တာပေါ့။
“ဟင့်”
သူမ အသက်ကို အရှိန်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ပတ်ဝန်းကျင်ကို မြေခွေးတစ်ကောင်လိုမျိုး လိုက်ကြည့်နေမိတယ်။ သူမ တကယ့်ကို ထိတ်လန့်တုန်လှုပ်သွားပြီး ပါးပြင်လေးတွေလည်း ကြောက်လန့်တကြားနဲ့ ချက်ချင်း ဖြူဖျော့သွားတော့တာပဲ။
“ဘာဖြစ်လို့လဲ”
“မေ... မေမေ မြင်သွားပြီ”
“ဘာ”
“မေမေ မြင်သွားပြီလို့”
သူမ ဘာကို ဆိုလိုတာပါလိမ့်။ သူမ ကြောက်လန့်နေတဲ့ မျက်နှာပေးနဲ့ ဖုန်းကို သူ့ဆီ ကမ်းပေးလာတယ်။ စခရင်ပေါ်မှာ စာသားအတိုလေးတစ်ခု ရေးထားတာကိုး။
“သွားချင်း မတိုက်မိအောင် သတိထားဦးနော်။ တကယ့်ကို ရှက်စရာကောင်းလိုက်တာ”
သူ့ရဲ့ ပါးပြင်တစ်ဖက် တုန်ခါသွားသလိုပဲ။ ဒါကတော့ အခြေအနေ မကောင်းတော့ဘူး။ သူ စာပို့တဲ့သူရဲ့ နာမည်ကို မော့ကြည့်လိုက်မိတယ်။
‘အာ... ချစ်လှစွာသော ယောက္ခမကြီးပါလား’
သူ ပတ်ဝန်းကျင်ကို စိုးရိမ်တကြီးနဲ့ လိုက်ကြည့်ရင်း တံတွေးကို မျိုချလိုက်မိတယ်။ သူမက အခုထိ သူတို့နားမှာ ရှိနေပြီး လိုက်ကြည့်နေတုန်းလား။
“မ... မင်းအမေက ကိုယ်းတို့ကို မြင်သွားတာလား”
“နင် ကြည့်ရုံနဲ့ မသိဘူးလား”
“ဒါ... ဒါကတော့ ပြဿနာပဲ”
“ဒါ အကုန်လုံး နင့်အပြစ်ပဲ”
“...... ကိုယ် သွားပြီနော်။ ကံကောင်းပါစေ”
သူ တကယ်ပြောတာပါ။ ဘဝသစ် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ သူ လုံးဝ ရင်မဆိုင်ချင်တဲ့ လူအချို့ ရှိနေတုန်းပဲ။ အဲဒီလူတွေထဲက အဆိုးဆုံးတစ်ယောက်ကတော့ သူ့ရဲ့ ယောက္ခမကြီးပါပဲ။ သူမက လူကောင်းတစ်ဦးပါ၊ ဒါကတော့ သေချာပါတယ်။ တကယ်တော့ အကောင်းဆုံးလူတွေထဲက တစ်ယောက်ပေါ့။ သူမရဲ့ သမီးလေးရဲ့ ဒုက္ခတွေကို တအား ဂရုစိုက်ပေးတတ်တဲ့သူလေ။
တစ်ဖက်မှာလည်း ယောက္ခမကြီးက လူတွေကို စနောက်ရတာကို တအား ဝါသနာပါတာ။ သူမရဲ့ သမီးလေးမှာ ရည်းစားရနေပြီဆိုတာ သိသွားရင်တော့... ကဲလေ... နောက်ဆက်တွဲ အကျိုးဆက်တွေကို သူ မတွေးရဲတော့ပါဘူး။ သူမက ကိုယ့်ရှေ့မှာ ပြုံးပြုံးလေးနဲ့ တကယ့်ကို ရှက်စရာကောင်းတဲ့ မေးခွန်းတွေကို မေးလာတော့မှာလေ။ သူ ဇနီးသည်ရဲ့ အိမ်ကို ပထမဆုံးအကြိမ် သွားတုန်းက ယောက္ခမကြီး သူ့ကို ပထမဆုံး မေးခဲ့တဲ့ မေးခွန်းက ‘ကွန်ဒုံး ပါလား’ ဆိုတာကြီးကို သူ အခုထိ မှတ်မိနေတုန်းပဲ။
မာရူး လှည့်ထွက်ပြီးတော့ ရှင်သန်ချင်တဲ့ ဗီဇအတိုင်းပဲ ထွက်ပြေးဖို့ ကြိုးစားလိုက်တယ်။ သူမက သူ့ကို မလွှတ်ပေးဘူး။ တကယ်တော့ သူမ မျက်နှာမှာ လက်စားချေချင်တဲ့ အပြုံးကြီးနဲ့ ပြုံးနေတာလေ။
“ကိုယ့်ကို လွှတ်ပေးလို့ မရဘူးလား”
“ဟွန်း... မလွှတ်ဘူး”
“နောက်ဆို ကိုယ် သေသေချာချာ လုပ်ပါ့မယ်။ ကျေးဇူးပြုပြီးတော့”
“နောက်ကျသွားပြီ”
သူ့ရဲ့ လည်ပင်းတွေ တုန်ခါလာသလိုပဲ။ ဒါကတော့ မလွယ်တော့ဘူး။ သူ နောက်ကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်တော့ ယိုဂျင်နဲ့ အသက်လေးဆယ် အစောပိုင်းအရွယ်လောက် ရှိမယ့် လှပတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရတယ်။
“တွေ့ရတာ ဝမ်းသာပါတယ်ကွယ်”
ဆောင်းတွင်း…
ဒါက ဖားတွေ ဆောင်းခိုနေတုန်း ခဏလေး နိုးလာတဲ့အချိန်မှာ မြွေတစ်ကောင်နဲ့ တည့်တည့်ကြီး တိုးလိုက်ရတဲ့ ခံစားချက်မျိုးလား။ သူ အဝေးကနေ ငရဲပြည်က သူ့ကို ကြိုဆိုနေတဲ့ အသံကြီးကိုတောင် ကြားနေရသလိုပဲ။
* * * * * * * * *
“လူတွေ အကုန် စုံပြီမလား”
“ဟုတ်ကဲ့”
“တို့တွေ ထွက်ကြစို့။ ပစ္စည်းတွေ ကျန်ခဲ့တာမျိုး မရှိစေနဲ့နော်”
သူမ ဥက္ကဋ္ဌရဲ့ အမိန့်အတိုင်း သူမရဲ့ ပစ္စည်းတွေကို သေသေချာချာ ထပ်ပြီး စစ်ကြည့်လိုက်တယ်။ ဘာမှ ကျန်မနေခဲ့ပါဘူး။ တော်သေးတာပေါ့။
“ဟူး... အခုလောလောဆယ်တော့ ပြီးသွားပြီပေါ့” လို့ သူမရဲ့ သူငယ်ချင်းမလေးက မှတ်ချက်ပေးတယ်။
သူမ သက်ပြင်းအရှည်ကြီး ချရင်း ခေါင်းညိတ်ပြလိုက်တယ်။ အရည်အချင်းစစ်ပွဲက ခက်ခဲလှပါတယ်၊ ဒါပေမဲ့ အဲဒီ လူထူးဆန်းကြီးကြောင့် သူမ ပိုပြီးတော့တောင် စိတ်လှုပ်ရှားခဲ့ရသေးတာ။
“ဒါ ဘာကြီးလဲ”
သူမရဲ့ သူငယ်ချင်းမလေးက သူမရဲ့ လွယ်အိတ်ထဲက ရေမွှေးပုလင်းကို မြင်သွားတာ ဖြစ်မှာပါ။ သူမ သိချင်စိတ်နဲ့ ထုတ်ကြည့်လိုက်တာပေါ့။ ပုလင်းလေးက ရေစက်ပုံစံလေးဗျ။
“ဒါ ဘာလဲ”
“ရေမွှေးလေ”
“ရေမွှေး ဟုတ်လား”
သူမရဲ့ သူငယ်ချင်းမလေးက စိတ်ဝင်တစား ကြည့်နေမိတယ်။ သူမ အဖုံးကို ဖွင့်ပြီး သူမရဲ့ လက်ကောက်ဝတ်ပေါ်ကို နည်းနည်းလောက် ဖြန်းကြည့်လိုက်တာပေါ့။ သူမ ရေမွှေးတစ်ခါမှ မသုံးဖူးပေမဲ့ ဘယ်နေရာမှာ ဖြန်းရမလဲဆိုတာကိုတော့ အကြမ်းဖျင်း သိနေတာကိုး။
“အင်း... မွှေးနေတာပဲ”
သူမရဲ့ သူငယ်ချင်းမလေးက အရင်ဆုံး ပြန်ပြောတယ်။ သူမ မျက်လုံးလေးမှိတ်ပြီး နောက်တစ်ခေါက် ထပ်ပြီး အနံ့ခံကြည့်လိုက်တာပေါ့။ ရနံ့က တကယ့်ကို လန်းဆန်းစေပြီး သူမရဲ့ နှာခေါင်းထဲကို လေညင်းလေး ဖြတ်သန်းသွားသလိုမျိုးပဲ။ ပြင်းလည်း မပြင်းဘဲ သင်းသင်းလေးမို့ သူမ တကယ် သဘောကျသွားတယ်။
“ဒါပေမဲ့ ဒါက ယောင်္ကျားလေးတွေနဲ့ ပိုပြီး လိုက်ဖက်တာ မဟုတ်ဘူးလား”
“ငါလည်း အဲလို ထင်တာပဲ၊ ဒါပေမဲ့ သဘောကျပါတယ်”
“ဘယ်သူ ပေးတာလဲ”
သူမ တုံ့ပြန်တဲ့အနေနဲ့ ပြုံးပြုံလေးပဲ လုပ်နေလိုက်တယ်။
“စန်တာလေ”
“စန်တာ ဟုတ်လား”
သူမရဲ့ သူငယ်ချင်းမလေးကတော့ ပိုပြီးတော့တောင် ဇဝေဇဝါ ဖြစ်သွားရတော့တာပေါ့။
* * * * * * * * *
“စားကြလေ”
“ရှင်... အာ၊ ဟုတ်ကဲ့”
သူ စိတ်ထဲမှာ နေရခက်နေတာ။ တကယ့်ကို နေရခက်လှပါတယ်။ သေချာတာပေါ့၊ အခု သူတို့ ရောက်နေတဲ့ ကော်ဖီဆိုင်က ကောင်းလှပါတယ်၊ ဒါပေမဲ့ သူ့ရဲ့ အနာဂတ် ယောက္ခမကြီး ရှိနေတာကိုး... ပြီးတော့ သူတို့ အတူတူ ထိုင်နေရတဲ့ အကြောင်းရင်းကလည်း သူတို့ နမ်းနေတာကို သူမ မြင်သွားခဲ့လို့လေ... ဒါက သူ့အတွက် ဘယ်လိုမှ အခြေအနေ ကောင်းနိုင်မှာ မဟုတ်ပါဘူး။
“ငါ မင်းကို ဆူမှာ မဟုတ်ပါဘူး၊ အေးအေးဆေးဆေး နေပါ”
“ဒ..ဒီလောက်အထိ ယဉ်ယဉ်ကျေးကျေး ပြောနေဖို့ မလိုပါဘူး အန်တီရယ်”
“ဪ... ဟုတ်လား။ အေးလေ”
သူမကတော့ တည့်တည့်ကြီး ဝင်လာတာပဲ။ မာရူး ဟန်ဆောင်အပြုံးတစ်ခု ပြုံးထားဖို့ ဆုံးဖြတ်လိုက်တယ်။ သူ ဒါကလွဲလို့ တခြား ဘယ်လိုမှ မပြုံးတတ်တော့ဘူးလေ။ သူတို့ရဲ့ ကော်ဖီ ရောက်လာခဲ့ပြီ။ ဒီသောက်စရာလေး ရောက်လာတာက သူတို့ကြားက တိတ်ဆိတ်မှုကို ပြောင်းလဲစေနိုင်ပေမဲ့ မာရူးကတော့ တစ်ငုံတောင် မသောက်နိုင်သေးဘူး။ သူ ကော်ဖီခွက်ကို လှမ်းကိုင်လိုက်စဉ်မှာတင် သူမက မေးခွန်းတစ်ခု လှမ်းပစ်လိုက်တာကိုး။
“ကဲ... ဒါဆိုရင် ငါ့သမီးရဲ့ ဘယ်အချက်ကို သဘောကျတာလဲ။ မင်း အာဘော်အတိုင်း ရိုးရိုးသားသားနဲ့ စည်းရုံးနိုင်စွမ်းရှိရှိ ပြောပြနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မကောင်းတဲ့ အကြောင်းပြချက်မျိုးတော့ မပေးနဲ့နော်”
ယောက္ခမကြီးက ပြုံးစိစိနဲ့ လုပ်နေတာ။ သူမက လှပါတယ်၊ ဒါပေမဲ့ အခုအချိန်မှာ ဒါက အရေးမကြီးပါဘူး။ အကယ်၍ သူက အဲဒီအမျိုးသမီးအတွက် မှန်ကန်တဲ့ အဖြေတစ်ခု မပေးနိုင်ရင်တော့... သူ သေပြီသာ မှတ်တော့။
“ကျွန်တော် ခဏလောက် စဉ်းစားပါရစေ ကျေးဇူးပြုပြီးတော့”
“ရတာပေါ့”
သူ သေသေချာချာ သတိထားမှ ဖြစ်မယ်။ စန်တာကလော့စ်က သူ့ရဲ့ ကောင်မလေးကို စနောက်ခဲ့တဲ့အတွက် သူ့ကို မီးသွေးခဲဘူးကြီး လက်ဆောင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီ ထင်ပါရဲ့။
* * * * * * * * *
အခန်း(၁၅၀)
“ဒီကြားထဲ တို့တွေ သောက်စရာတစ်ခုခု သောက်ကြမလားဥစ္စာ”
“အာ... ဟုတ်ကဲ့”
သူမက သောက်စရာ ကမ်းလှမ်းလာတဲ့အတွက် မာရူးတစ်ယောက် တကယ့်ကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိသွားတာပေါ့။ သူ သောက်စရာကို တစ်ငုံချင်းစီ သောက်ရင်းနဲ့ အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်မိတယ်၊ ပြီးတော့ သူမရဲ့ သမီးလေးအပေါ်မှာ သူ ဘယ်လိုအချက်တွေကို သဘောကျတာလဲဆိုတာကို သေသေချာချာ စည်းရုံးနိုင်စွမ်းရှိရှိ ရှင်းပြဖို့ လိုနေပြီလေ။
တွေးကြည့်ရင်တော့ ဒါက တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေရတာထက်တောင် ပိုပြီး အခြေအနေဆိုးနေသလိုပဲ၊ ဘာလို့လဲဆိုတော့ စာမေးပွဲတွေမှာက အမြဲတမ်း ပုံသေအဖြေတစ်ခု ရှိနေတတ်တာကိုး။ မေးခွန်းကို သေသေချာချာဖတ်ပြီး မေးတဲ့သူရဲ့ ရည်ရွယ်ချက်ကို လိုက်တွေးရုံနဲ့ အဆင်ပြေနိုင်ပေမဲ့ အခုကိစ္စကတော့ အဲလိုမဟုတ်ဘူးလေ။ သူ ဘယ်လောက်ပဲ ကောင်းတဲ့အဖြေတစ်ခု ပေးနိုင်ပါစေ... ကျရှုံးသွားနိုင်ခြေက ရှိနေတုန်းပဲဥစ္စာ။ ဒါပေမဲ့ ပြန်စဉ်းစားကြည့်ရင်တော့ ဒါက အက်ဆေးမေးခွန်း အများစုရဲ့ သဘောသဘာဝအတိုင်းပါပဲ။
“တစ်တောက်…တစ်တောက်…တစ်တောက် တစ်တောက် ”
ဒါက နာရီကနေ တကယ်ထွက်နေတဲ့ အသံတော့ မဟုတ်ပါဘူး၊ သူ့ရဲ့ ယောက္ခမကြီးက ပြုံးစိစိနဲ့ ပါးစပ်ကနေ အသံလုပ်နေတာလေ။ ဒီအမျိုးသမီးကတော့ လူတစ်ယောက်ကို ဘယ်လိုမျိုး ရင်တမမ ဖြစ်အောင် လုပ်ရမလဲဆိုတာကို တကယ့်ကို ကောင်းကောင်းကြီး နားလည်ထားတဲ့ပုံပဲ။
“ခဏလေးနော်”
သူမက အိတ်ထဲကနေ ဖုန်းကို ထုတ်လိုက်တာပေါ့။
“အင်း... သမီးလေးလား”
တစ်ဖက်က လှမ်းဆက်တာ သူမရဲ့ သမီးလေး ဖြစ်ရမယ်။ မာရူးတစ်ယောက် အရင်ကထက် ပိုပြီးတော့တောင် ကိုယ်ဟန်အနေအထားက တောင့်ခဲသွားရပြန်ရော။ အဲဒီအမျိုးသမီးရဲ့ နှုတ်ခမ်းတွေက နောက်ပြောင်ချင်တဲ့ အပြုံးတစ်ခုအဖြစ် ပြန်ပြီး တွန့်ကွေးသွားတာကတော့ တကယ့်ကို လက္ခဏာမကောင်းတဲ့ အချက်ပဲဥစ္စာ။
“မလာဘူးလို့ ပြောပြီး ဘာလို့ ရောက်လာတာလဲ ဟုတ်လား။ အင်း... မေမေ ဒီနေ့ အရေးအသားတွေကို တော်တော်လေး စောစောစီးစီး ပြီးသွားလို့လေ။ ဒါကြောင့် သမီးကို အံ့ဩသွားအောင် လာခဲ့တာပေါ့။ ဒါပေမဲ့ ဘယ်သူက သိမှာလဲ... သမီးက မေမေ့ကို ပြန်ပြီး အံ့ဩအောင် လုပ်လိမ့်မယ်ဆိုတာကို”
သူမက မာရူးကို တစ်ချက် လှမ်းကြည့်လိုက်တာပေါ့။ မာရူးခမျာမှာတော့ ဟန်ဆောင်အပြုံးတစ်ခု ပြုံးထားရုံကလွဲလို့ တခြား ဘာမှမတတ်နိုင်တော့ဘူးလေ။
“သမီးရဲ့ ရည်းစားလေးက မေမေ့ကို ပြုံးပြနေတယ်ဟ”
သူမက ဖုန်းကို စပီကာဖုန်း ဖွင့်လိုက်တာပေါ့။
“မေမေ... မေမေက မာရူးနဲ့ အတူတူ ရှိနေတာလား”
ဖုန်းတစ်ဖက်က ထွက်လာတဲ့ အသံလေးက တကယ့်ကို အသည်းအသန် စိုးရိမ်တုန်လှုပ်နေတဲ့ပုံပဲ၊ မာရူးလည်း စိတ်ထဲကနေပဲ သူမအတွက် ဆုတောင်းပေးနေမိတော့တယ်။ တကယ်ပါပဲ။ အခုချိန်မှာ သူ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာကတော့ စကားဝိုင်းရဲ့ အကြောင်းအရာက သူ့အကြောင်းကလွဲလို့ တခြား ဘာပဲဖြစ်ဖြစ် ပြောင်းလဲသွားပါစေလို့ ဆုတောင်းနေရုံပဲလေ။ ယောက္ခမကြီးနဲ့ ရင်ဆိုင်နေရတာက တကယ့်ကို စိတ်ဖိအားများလှပါတယ်။ အဲဒီအချိန်မှာပဲ ယောက္ခမကြီးက သူ့ကို တိတ်တိတ်နေဖို့ လက်ဟန်ပြလိုက်တာပေါ့။
“ဒါနဲ့... သူ့နာမည်က မာရူး တဲ့လား”
“အဲဒါက အရေးမကြီးပါဘူး မေမေရယ်။ မေမေတို့နှစ်ယောက်က ဘာလို့ အတူတူ ရှိနေကြတာလဲ။ မေမေ သူ့ကို ထူးထူးဆန်းဆန်း မေးခွန်းတွေ လျှောက်မေးနေပြန်ပြီ မဟုတ်လား။ ဟုတ်တယ်မလား”
“တို့တွေက ဘာမှ သိပ်မပြောရသေးပါဘူးကွယ်။ သူ့ကို ကြည့်ရတာ စကားနည်းတဲ့ပုံပဲ။ တို့ မေးတာတွေကို သူက အခုထိ တစ်ခွန်းမှ ပြန်မဖြေနိုင်သေးဘူး။ ဪ... တကယ့်ကို ခေါင်းခဲစရာပဲဥစ္စာ”
“အိုး... သွားပြီ။ မာရူး အဲဒီအချက်ကို ခဏလောက် မေ့သွားခဲ့တာပဲ။ အခုတော့ ပြန်ပြီး စဉ်းစားရတော့မယ်။ သူ မှန်ကန်တဲ့ အဖြေတစ်ခုကို ချက်ချင်း စဉ်းစားမှ ဖြစ်တော့မယ်လေ”
“မေမေက သူ့ကို ဘာတွေ လျှောက်မေးနေလို့လဲ”
“သမီးရဲ့ ဘယ်အချက်ကို သဘောကျတာလဲ အဲလိုမျိုးပေါ့ကွယ်”
“မေမေ…..”
“တို့ ဖုန်းချလိုက်တော့မယ်နော်။ တာ့တာ”
သူမက အဲဒီစကားနဲ့တင် ဖုန်းကို ပိတ်လိုက်တော့တာပဲ။ ဖုန်းက ချက်ချင်းဆိုသလို ပြန်ပြီး မြည်လာခဲ့ပေမဲ့ သူမကတော့ ပြန်ပြီး မကိုင်တော့ပါဘူး။ ဒါဆိုရင်တော့ သူ့ရဲ့ အလှည့်ကို ပြန်ရောက်လာပြီပေါ့ ဟုတ်လား။ သူ အသက်ကို အားရပါးရ ရှူသွင်းလိုက်ပြီး သူမကို ပြန်ဖြေဖို့ အဆင်သင့် ပြင်လိုက်တာပေါ့။
“တို့တွေ အပြင်ဘက်ကို ထွက်ကြစို့လေ”
“ဗျာ”
သူမက အရင်ဆုံး ထရပ်လိုက်တာမို့ မာရူးလည်း နောက်ကနေ အလောတကြီး လိုက်ခဲ့ရတာပေါ့။ သူ စားသောက်စရာဖိုးကို ရှင်းပေးဖို့အတွက် သူမရဲ့ ဘေးကနေ ဖြတ်ပြီး ရှေ့ကို သွားဖို့ ကြိုးစားလိုက်ပေမဲ့ သူမက သူ့ကို တားလိုက်တယ်။
“တို့က တခြားလူ ရှင်းပေးတာကို မကြိုက်ဘူးဥစ္စာ”
မာရူးလည်း သူ့ရဲ့ ကတ်ကို ပိုက်ဆံအိတ်ထဲ ပြန်ထည့်လိုက်ရတာပေါ့။ သူတို့ အပြင်ဘက်ကို ခြေလှမ်းစလိုက်ကြတယ်။ အခုက ဆောင်းတွင်းကြီးဆိုပေမဲ့ ဘာဖြစ်လို့လဲတော့ မသိဘူး၊ ရာသီဥတုက အရမ်းကြီး အေးစက်နေသလိုမျိုး မခံစားရဘူးပဲ။ သူ အရမ်း စိုးရိမ်စိတ်တွေ များနေလို့များလား။
“ဟို... လေ...”
သူ အခုထိ မှန်ကန်တဲ့ အဖြေတစ်ခုကို သေသေချာချာ မစဉ်းစားရသေးဘူးလေ။ သူ ပြန်ပြီး မပြောနိုင်ခင်မှာတင် သူမက အရင်ဆုံး ပါးစပ်ပွင့်လာခဲ့တာပေါ့။
“ကျေးဇူးပြုပြီး တို့ရဲ့ သမီးလေးကို စိတ်ဒဏ်ရာရအောင် မလုပ်ပါနဲ့နော်”
ယောက္ခမကြီးက သူ့ကို စိုက်ကြည့်ပြီး အဲဒီစကားလုံးတွေကို ယဉ်ယဉ်ကျေးကျေး၊ ပြတ်ပြတ်သားသားနဲ့ တကယ့်ကို တည်တည်ငြိမ်ငြိမ် ပြောလိုက်တဲ့ ပုံစံကြီးက... မာရူးကို စက္ကန့်ပိုင်းလောက် အသက်ရှူဖို့တောင် မေ့သွားစေခဲ့တာပေါ့။ သူမက သူ့ကို အသာအယာ ခေါင်းညိတ်ပြလိုက်တယ်။ မာရူးလည်း ပြန်ပြီး အရိုအသေပေးလိုက်မိတာပေါ့။
“သမီးဆီကနေ တို့မိသားစုအကြောင်းကို ကြားဖူးလား”
“ဖခင်က လွန်ခဲ့တဲ့ အချိန်အကြာကြီးကတည်းက ဆုံးပါးသွားခဲ့ပြီလို့ ကြားဖူးပါတယ်ခင်ဗျာ”
“သမီးက မင်းကို တခြား ဘာတွေ ထပ်ပြောပြသေးလဲ”
မာရူး ဖြည်းဖြည်းချင်း ခေါင်းမော့လိုက်မိတယ်၊ ဒီနေရာမှာတော့ အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောပြတာက အကောင်းဆုံးပါပဲ။ သူ ဘာကိုမှ ဖုံးကွယ်မထားတော့ဘဲ စိတ်ထဲရှိတာ မှန်သမျှကို အကုန်ပြောပြလိုက်တော့တယ်။
သူမ ဘာလို့ သရုပ်ဆောင်ရတာကို ဝါသနာပါတာလဲ၊ သူမ ဘာလို့ သီချင်းလေး တညည်းညည်းနဲ့ နေရတာကို သဘောကျတာလဲ၊ သူမ သီချင်းညည်းတဲ့ အချိန်တိုင်းမှာ ဘာဖြစ်လို့ ပြုံးနေတတ်တာလဲ၊ ဒါမှမဟုတ် ဘာလို့ ငိုနေတတ်တာလဲ၊ သူမရဲ့ သူငယ်ချင်းတွေနဲ့ ဘာတွေ ဖြစ်ပျက်ခဲ့လဲ၊ ပြီးတော့ သူမ ဘာတွေကို မြိန်မြိန်ယှက်ယှက် စားတတ်လဲဆိုတာအထိပေါ့။
သူမ သူ့ကို ပြောပြခဲ့ဖူးသမျှ အကြောင်းအရာ အကုန်လုံးနီးပါးက သူ့ပါးစပ်ကနေ အလိုလို ထွက်လာခဲ့တာလေ။ တွေးကြည့်ရင်တော့ သူ တော်တော်လေး ကြာအောင် စကားတွေ ပြောဖြစ်ခဲ့တာ ထင်ပါရဲ့။ သူ့ရဲ့ ခြေထောက်တွေတောင် ရာသီဥတုဒဏ်ကြောင့် ထုံကျဉ်စပြုလာပြီကိုး။ သူ စကားတွေကို အဆုံးသတ်လိုက်ပြီးတော့မှ ယောက္ခမကြီးရဲ့ မျက်လုံးတွေကို ပြန်ကြည့်လိုက်မိတယ်။
သူမက ပြုံးနေခဲ့ပြီလေ။
“တို့က တခြားလူတွေကို အလွယ်တကူ ယုံတတ်တဲ့ လူစားမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့... တို့က တို့သမီးလေး ယုံကြည်တဲ့ လူတစ်ယောက်အပေါ်မှာတော့ အစွဲအလမ်းကြီးပြီး မယုံမကြည် ဖြစ်နေရလောက်အောင်အထိလည်း စိတ်ကျဉ်းမြောင်းတဲ့သူ မဟုတ်ပါဘူးကွယ်”
သူမ ခေါင်းညိတ်ပြပြီးမှ ရှေ့ကို တစ်လှမ်းတိုးလာခဲ့တယ်၊ ပြီးတော့ မာရူးရဲ့ လက်ကို သူမရဲ့ လက်နှစ်ဖက်နဲ့ သေသေချာချာ ဆုပ်ကိုင်ပေးလိုက်တာပေါ့။
“အားတဲ့အခါ တို့အိမ်ကို အလည်လာခဲ့ဦးလေနော်”
သူမရဲ့ လေသံက အရင်ကထက် အများကြီး ပိုပြီးတော့ အေးဆေးသွားခဲ့ပြီမို့ သူတို့ကြားက နံရံကြီးတစ်ခု ကွဲအက်ပျက်စီးသွားသလိုမျိုး ခံစားလိုက်ရတယ်။ သူ စိတ်အေးလက်အေးနဲ့ သက်ပြင်းချဖို့ ပြင်လိုက်တဲ့ အချိန်လေးတင် ရှိသေးတယ်၊ သူမက သူ့နားကို ကပ်ပြီး တိုးတိုးလေး လှမ်းပြောသွားတာပေါ့။
“ဒါပေမဲ့... နောက်တစ်ခါ အတင်းအကျပ် နမ်းဖို့ မကြိုးစားခင်မှာ သေသေချာချာ အရင်စဉ်းစားဦးနော်။ သမီးလေးကိုရော တို့ကိုပါ စိတ်ဒဏ်ရာတွေ မပေးချင်ဘူး မဟုတ်လား”
“ဟု... ဟု... ဟုတ်ကဲ့ပါခင်ဗျာ”
“နောက်တစ်ခါ တွေ့တဲ့အခါကျရင်တော့ အခုထက် ပိုပြီး ရင်းရင်းနှီးနှီး ဆက်ဆံပေးပါ့မယ်။ တို့ သွားပြီနော်”
မာရူးတစ်ယောက် ထိတ်လန့်တုန်လှုပ်သွားလွန်းလို့ စကားတွေတောင် ထစ်ကုန်တာပေါ့။ သူ့ရဲ့ ကျောပြင်တစ်ခုလုံးမှာလည်း ချွေးစေးတွေ တရွှဲရွှဲ ကျလာတာကို ခံစားနေရတယ်။ သူမရဲ့ ပုံရိပ်က သူ့မျက်စိရှေ့ကနေ လုံးလုံးလျားလျား ပျောက်ကွယ်သွားတော့မှပဲ သူ တကယ် အားရပါးရ သက်ပြင်းချနိုင်တော့တာလေ။
“... ဒါကတော့ တကယ်ကို မလွယ်ကူတဲ့ ကိစ္စပဲဥစ္စာ”
အခုအချိန်မှာတော့ အိမ်မှာ အေးအေးဆေးဆေး အိပ်စက်ရုံကလွဲလို့ တခြား ဘာမှမလုပ်ချင်တော့တဲ့ အခြေအနေမျိုး ဖြစ်သွားခဲ့ပေမဲ့ စန်တာကလော့စ်ကတော့ သူ့ကို ပျော်ရွှင်စရာတွေ ပေးဖို့ အဆင်သင့် မဖြစ်သေးပုံရပါပဲ။ သူ့ဆီ ဖုန်းဝင်လာခဲ့တယ်။ သူမဆီကပေါ့။
“ဟေး... နင် မေမေ့ကို ဘာတွေ လျှောက်ပြောလိုက်တာလဲ”
“ဟူး...”
တကယ့်ကို တောင်တစ်လုံးပြီး တောင်တစ်လုံး ကျော်ဖြတ်နေရတဲ့အတိုင်းပါပဲ။
* * * * * * * * *
“ပိတ်ရက်ကြီးမှာ ပိတ်ရက်ဆိုပြီး ဘာမှမဟုတ်ကဟုတ်က အလုပ်တွေ လျှောက်မလုပ်ကြနဲ့ဦး၊ ကြားလား”
“ဟုတ်ကဲ့ပါခင်ဗျာ”
“မင်းတို့တွေကတော့ အမြဲတမ်း ပြန်ဖြေတာကတော့ ဟုတ်နေတာပဲ။ ကဲ... ခုံတွေကို သေသေချာချာ သန့်ရှင်းရေး လုပ်ကြဦး။ ကျောင်းပိတ်သွားပြီးတဲ့နောက်မှ ဒါလေး ကျန်ခဲ့လို့၊ ဟိုဟာလေး ယူချင်လို့ဆိုပြီး ကျောင်းထဲကို ပြန်ဝင်ဖို့ လာမတောင်းဆိုကြနဲ့၊ လုံးဝ ခွင့်မပြုဘူး”
ဆရာက နာရီကို တစ်ချက် ကြည့်လိုက်ပြီးမှ ပတ်ဒေးမြောင်ကို လှမ်းကြည့်လိုက်တယ်၊ ပတ်ဒေးမြောင်ကလည်း တီဗီအံဆွဲကို ဖွင့်ပြီး ခလုတ်ကို ချက်ချင်း နှိပ်လိုက်တာပေါ့။ တီဗီစခရင် ပေါ်လာဖို့ စက္ကန့်ပိုင်းလောက် အချိန်ယူပြီးတဲ့နောက်မှာတော့ ကျောင်းအုပ်ကြီးရဲ့ မျက်နှာကြီးက စခရင်ပေါ်မှာ တည့်တည့်ကြီး ပေါ်လာခဲ့ပြီလေ။
“အဟမ်း... အဟမ်း... အားလုံးပဲ မင်္ဂလာပါကွယ်”
အဲဒီအသံကြီး ကြားလိုက်ရရုံနဲ့တင် ကလေးတွေအားလုံးက အိပ်ချင်စိတ် ပေါက်သွားကြတာပေါ့။ ကျောင်းအုပ်ကြီးတွေ အားလုံးမှာ လူတွေကို အိပ်ပျော်သွားအောင် လုပ်နိုင်တဲ့ ထူးဆန်းတဲ့ ပါရမီတစ်ခု ရှိနေကြတာလား မသိဘူးနော်။
“ရော့... ဒါလေး”
“ကျေးဇူးပဲ”
မာရူးက ဒိုဂျင်ပေးတဲ့ ချိုချဉ်ကို ပါးစပ်ထဲ ထည့်လိုက်တော့ ပူရှိန်းအရသာက အိပ်ချင်ပြေဖို့ တကယ်ပဲ အထောက်အကူ ဖြစ်စေတာပေါ့။ ဒီနေ့က ၂၆ ရက်နေ့။ ခရစ္စမတ်ပွဲတော်ရဲ့ နောက်တစ်နေ့ ဖြစ်သလို၊ ဆောင်းပိတ်ရက် မတိုင်ခင် နောက်ဆုံးကျောင်းတက်ရက်လည်း ဖြစ်ပါတယ်။
“တို့တွေရဲ့ ဝူဆောင်း အထက်တန်းကျောင်းကြီးဟာ…”
ကဲ... သူ ကောင်းကောင်းကြီး စကားတွေ ပြောနေပြန်ပြီ။ အတန်းပိုင်ဆရာကတော့ ကုလားထိုင်ပေါ်မှာ အေးအေးဆေးဆေး အိပ်ပျော်နေခဲ့ပြီလေ။ ကျောင်းသားတွေလည်း တစ်ယောက်ပြီးတစ်ယောက် အိပ်မက်ကမ္ဘာထဲကို ဖြည်းဖြည်းချင်း မျောပါကုန်ကြတော့တာပေါ့။
“အရည်အချင်းစစ်ပွဲ ရလဒ်တွေက ဘယ်တော့ ထွက်မှာလဲဟင်”
“ကြာသပတေးနေ့ကျရင်”
“တို့တွေ အောင်ပါ့မလား မသိဘူးနော်”
“ဘယ်သူ သိမှာလဲဥစ္စာ”
အရည်အချင်းစစ်ပွဲရဲ့ ရလဒ်တွေက ကြာသပတေးနေ့မှာ ထွက်လာမှာ ဖြစ်ပြီး၊ ဒေသန္တရ ဗိုလ်လုပွဲတွေကတော့ နောက်တစ်ပတ် အင်္ဂါနေ့မှာ စတင်မှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အမျိုးသားအဆင့် ပြိုင်ပွဲတွေအတွက် အရည်အချင်းစစ်ပွဲတွေ ရှိနေဦးမှာပေါ့။
“တို့တွေဟာ ဘယ်လောက်ပဲ အေးစက်တဲ့ လေပြင်းတွေ တိုက်ခတ်ပါစေ…”
“သူက အဲဒီ မိန့်ခွန်းကြီးကို ဘယ်အချိန်မှ အဆုံးသတ်ဖို့ စဉ်းစားထားတာပါလိမ့်”
“မသိဘူးလေ၊ သူ့ရဲ့ လည်ပင်းတွေ နာလာတဲ့အချိန်ကျမှပဲ ပြီးမှာနေမှာပေါ့”
မာရူးက ဖုန်းကို အိတ်ထဲ ပြန်ထည့်လိုက်ပြီး တီဗီဘက်ကို လှည့်ကြည့်လိုက်တယ်။ ကျောင်းအုပ်ကြီးက သူ့ရဲ့ မိန့်ခွန်းစာရွက်တွေကို တစ်ရွက်ပြီးတစ်ရွက် လှန်နေတုန်းပဲဆိုတာ မြင်နေရတာကိုး။ ကြည့်ရတာ အနည်းဆုံးတော့ နောက်ထပ် နှစ်မျက်နှာလောက် ကျန်သေးမယ့်ပုံပဲ။
“ဒါနဲ့... မင်းနဲ့ အီဆိုးလ်ကြားမှာ ဘာတွေ ဖြစ်ပျက်ခဲ့လို့လဲ”
သူ ရုတ်တရက် အဲဒီအကြောင်းကို သတိရသွားလို့ မေးလိုက်တာပါ။ အဲဒီမေးခွန်းကြောင့် ဒိုဂျင်တစ်ယောက် လန့်ဖျတ်သွားပြီး သူ့ဘက်ကို ချက်ချင်း လှည့်ကြည့်လာတယ်။ တုံ့ပြန်မှုကတော့ တကယ်ကို သိသာလွန်းတာပေါ့။
“ဘာ... ဘာဖြစ်လို့လဲ”
“အိုဟို... ဒါဆိုရင်တော့ တစ်ခုခု ဖြစ်ခဲ့တာ သေချာနေပြီပေါ့ ဟုတ်လား”
“ဘာမှမဖြစ်ခဲ့ပါဘူး၊ တကယ်ပြောတာပါ”
“ဒါဆို မင်းက ဘာလို့ အဲလောက်တောင် လန့်သွားရတာလဲ”
“......”
ဒိုဂျင်က စက္ကန့်ပိုင်းလောက် ငြိမ်သွားပြီးမှ မာရူးနားကို ကပ်လာခဲ့တယ်။
“ငါ... ငါ ထင်တာတော့ ငါ အီဆိုးလ်ကို သဘောကျနေပြီ ထင်တယ်”
“ဒီလောက်အထိ အားလုံး သိနေတဲ့ ကိစ္စတစ်ခုကို မင်းက ဘာလို့ အဲလောက်အထိ လျှို့ဝှက်ချက်ကြီးလိုမျိုး လုပ်နေရတာလဲ”
“အားလုံးက သိနေကြလို့လား”
“ပတ်ဒေးမြောင်တောင်မှ သိနေတာဥစ္စာ”
“ငရွှီး။ လျှောက်ပြောမနေနဲ့။ ငါက အဲလောက်အထိ အမူအရာ ပေါ်နေလို့လား”
ဪ... ဟုတ်လား။ မာရူးက သူ့ကို ခဏလောက် စောင့်ဦးဆိုတဲ့ အမူအရာ လုပ်ပြလိုက်တယ်။ မိနစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ ကျောင်းအုပ်ကြီးလည်း မိန့်ခွန်းကို အဆုံးသတ်လိုက်ပြီး၊ ဆရာလည်း အိပ်ရာကနိုးလို့ မတ်တတ်ရပ်လိုက်တာပေါ့။
“ကဲ... အိမ်စာတွေကို လာယူကြစမ်း။ သေသေချာချာ လုပ်ခဲ့ကြဦး။ ဆေးလိပ် မသောက်ကြနဲ့။ ဘာမှ မဟုတ်ကဟုတ်က အလုပ်တွေ မလုပ်ကြနဲ့ဦး။ ဖေဖော်ဝါရီလကျမှ ပြန်တွေ့ကြတာပေါ့။ အော်... အတန်းခေါင်းဆောင်၊ ကျောင်းဆင်းရင် ငါ့နောက်ကို ခဏ လိုက်ခဲ့ဦး။ ကဲ... ကျောင်းဆင်းပြီ”
“ယေး...”
တစ်အတန်းလုံးက အားရပါးရ အော်ဟစ်လိုက်ကြတာပေါ့။ အဲဒီလို ပျော်ရွှင်တဲ့ အော်ဟစ်သံတွေက စင်္ကြံလမ်းအတိုင်း ပျံ့နှံ့သွားပြီး တခြားအထပ်တွေဆီအထိပါ ရောက်ရှိသွားတော့တာပဲ။ နောက်ဆုံးတော့ သူတို့ရဲ့ ပိတ်ရက်ကြီး စတင်ခဲ့ပြီလေ။
“ပတ်ဒေးမြောင်”
မာရူးက တခြားကလေးတွေကြားထဲကနေ ဖြတ်ပြီး ပတ်ဒေးမြောင်နားကို လျှောက်သွားလိုက်တယ်။
“အင်း... ဘာလဲဟင်”
“မင်း ဒိုဂျင် ဘယ်သူ့ကို သဘောကျနေလဲ သိလား”
“အီဆိုးလ်ကို မဟုတ်လား”
ဒိုဂျင်ရဲ့ မျက်နှာကတော့ တကယ့်ကို အူကြောင်ကြောင်ကြီး ဖြစ်သွားတာပေါ့။
“ငါ ဘာလုပ်ရမလဲ မသိတော့ဘူး”
“ဘာလုပ်ရမလဲ မသိဘူးဆိုတာ ဘာကို ဆိုလိုတာလဲ၊ မင်းလုပ်သင့်တာကိုသာ လုပ်လိုက်စမ်းပါ”
“ငါ့ကို နည်းနည်းလောက် အကြံပေးပါဦး”
မာရူးက အဲဒီကောင်လေးကို ဘယ်လောက်ပဲ တွန်းထုတ်ဖို့ ကြိုးစားပါစေ၊ ဒိုဂျင်ရဲ့ အတင်းအကျပ် တောင်းဆိုမှုကတော့ လုံးဝ ပြောင်းလဲမသွားဘူးလေ။
“ဒါဆို ငါပြောတဲ့အတိုင်း မင်း တကယ် လုပ်မှာလား”
“လုပ်မှာပေါ့”
“စကားပြန်မပြင်ဘူးနော်”
“အေး….ဆို”
မာရူးက လက်တွေကို အိတ်ထဲ ထည့်လိုက်ပြီး အတန်းထဲက ထွက်လာခဲ့တယ်၊ ဒိုဂျင်နဲ့ ပတ်ဒေးမြောင်ကလည်း သူ့နောက်ကနေ ကပ်လိုက်လာတာပေါ့။ သူက စင်္ကြံလမ်းရဲ့ တခြားတစ်ဖက်မှာ ရှိတဲ့ အတန်းထဲကို လျှောက်သွားလိုက်တော့ ကလေးတွေ အကုန်လုံးက အခန်းထဲမှာ ထိုင်နေကြတုန်းပဲ ရှိသေးတယ်။ အဲဒီအတန်းက ဆရာကလည်း သူ့ရဲ့ မိန့်ခွန်းကို အခုလေးတင် ပြီးသွားပုံရပါတယ်။
“တို့တွေ ဒီကို ဘာလို့ လာတာလဲဟင်”
“ဘာလို့ လာတာလဲဆိုတာ မင်းကိုယ်တိုင် တွေးကြည့်လေဥစ္စာ”
သူက အတန်းတံခါးကို ဖွင့်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တယ်။ အီဆိုးလ်က ရှေ့ဆုံးမှာ ထိုင်နေတာကို မြင်လိုက်ရတာပေါ့။
“ဟင်”
အီဆိုးလ်က မာရူးကို လက်လှမ်းပြလိုက်လို့ မာရူးလည်း ပြန်ပြီး လက်ပြလိုက်မိတယ်။
“မင်းတို့တွေ ဘာလို့ ဒီကို ရောက်နေကြတာလဲ”
မာရူးက ဒိုဂျင်ရဲ့ ပခုံးကို လှမ်းကိုင်လိုက်ပြီး သူမရဲ့ ရှေ့တည့်တည့်မှာ သွားရပ်ခိုင်းလိုက်တာပေါ့။ သူကတော့ ဘာအကြံဉာဏ်မှ မပေးချင်တော့ပါဘူး။ ဒါကြောင့် အဲဒီကောင်လေးကို တိုက်ပွဲမြေပြင်ထဲကိုပဲ တည့်တည့်ကြီး ပို့ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်တာလေ။ ဒိုဂျင်တစ်ယောက် ဘာလုပ်ရမှန်းမသိဘဲ သူ့ရဲ့ လက်ချောင်းလေးတွေကိုပဲ အသည်းအသန် လိမ်နေမိတော့တယ်၊ အီဆိုးလ်ကတော့ အခုအချိန်မှာ ဘာတွေ ဖြစ်ပျက်နေလဲဆိုတာကို ကောင်းကောင်းကြီး ရိပ်မိသွားတဲ့ပုံပါပဲ။
“ငါ ကလေးတစ်ယောက်ကို ဒီမှာ ထားခဲ့ချင်လို့ပါ”
“ငါ့ဆီမှာလား”
“အင်း”
အီဆိုးလ်က ခဏလောက် စဉ်းစားကြည့်ပြီးမှ ခေါင်းညိတ်ပြရင်း ဒိုဂျင်ရဲ့ ပခုံးနှစ်ဖက်ကို လှမ်းကိုင်လိုက်တာပေါ့။ မာရူးက ဒိုဂျင်တစ်ယောက် ပိုပြီးတော့တောင် တောင့်ခဲသွားတာကို သေသေချာချာ စောင့်ကြည့်နေပြီးမှ လှည့်ထွက်လာခဲ့တယ်။
“ဟေး... ဟေး... ဟေး”
နောက်ဘက်ကနေ ကောင်လေးက သူ့ကို အသည်းအသန် လှမ်းခေါ်နေတဲ့ အသံကို ကြားနေရပေမဲ့ သူကတော့ လျစ်လျူရှုထားလိုက်တာပေါ့။ ဒါက သူ့ရဲ့ ပြဿနာ မဟုတ်တော့ဘူးလေ။ ဘာပဲဖြစ်ဖြစ် အီဆိုးလ်ကိုယ်တိုင်ကလည်း စိတ်ဝင်စားနေတဲ့ပုံပဲဥစ္စာ ။
“ကဲ... ဒါဆိုရင်တော့...”
“တို့တွေ သွားကြစို့လေ”
မာရူးက ပတ်ဒေးမြောင်ရဲ့ စကားကို ခေါင်းညိတ်ပြလိုက်တယ်။ ပြောရရင်တော့ သူက ကျောင်းဆင်းပြီးရင် ဒိုဂျင်နဲ့ ကစားနေဖို့ အချိန်မရှိဘူးလေ။ သူ့မှာ တခြား အစီအစဉ်တွေ ရှိနေတယ်လေ။ အဲဒီအစီအစဉ်ကလည်း ပတ်ဒေးမြောင်ကိုယ်တိုင် စီစဉ်ထားခဲ့တာဖြစ်ပြီး သူကတော့ လိုက်ပါဆောင်ရွက်ပေးရုံသက်သက်ပါပဲ။
“ယွန်မင်တေး လို့ ခေါ်တာ မဟုတ်လား”
“အင်း... ဟုတ်တယ်”
“ဆိုးလ်ကလား”
“မြောင်ဒုံ”
“တို့တွေ မြန်မြန်သွားမှ ဖြစ်တော့မယ်”
ယွန်မင်တေး။ မာရူးက လီဂျွန်မင်းကတစ်ဆင့် သူ့ကို တစ်ခေါက် ဆုံဖူးခဲ့တာလေ။ စင်မြင့်နောက်ကွယ်က အလုပ်တွေကို လုပ်တဲ့သူတစ်ယောက် ထင်ပါရဲ့။ သူ မှတ်မိသလောက်ဆိုရင် အဲဒီလူက အသက် နှစ်ဆယ်ကျော် အရွယ်လောက် ရှိမယ့်ပုံပဲ။
“ပျော်စရာကောင်းမှာပါ”
ပတ်ဒေးမြောင်က ရှားရှားပါးပါး ယုံကြည်မှုရှိတဲ့ မျက်နှာပေးမျိုးနဲ့ ပြောလိုက်လို့ မာရူးပါ လိုက်ပြီး စိတ်လှုပ်ရှားသွားရတာပေါ့။
“တို့တွေ အတူတူ ပြဇာတ်တစ်ခု ဖန်တီးကြရမှာလေ”
သူကတော့ အခြေအနေတစ်ခုကို အရှိအတိုင်းပဲ သေသေချာချာ ပြောပြနေတာ ဖြစ်ပါတယ်။
* * * * * * * * *
“ဟူး...”
ယွန်ရင်က နှုတ်ခမ်းတွေကို ခွာလိုက်ပြီးမှ ဖြည်းဖြည်းချင်း သက်ပြင်းချလိုက်မိတယ်။ သူမရဲ့ ရင်ဘတ်ထဲမှာလည်း နှလုံးခုန်သံတွေက တဒုန်းဒုန်းနဲ့ ဆူညံနေတာကိုး။ ဟောင်ဂွန်ဆော့ကရော သူမလိုမျိုးပဲ ခံစားနေရလို့များလား။
“သောက်စရာ တစ်ခုခု သောက်မလား”
ဟောင်ဂွန်ဆော့က ဘာမှမဖြစ်ခဲ့သလိုမျိုး မီနူးစာအုပ်ကို အေးအေးဆေးဆေး ကြည့်နေမိတာပေါ့။ ယွန်ရင် သူမရဲ့ နှုတ်ခမ်းလေးတွေကို အသာအယာ ပွတ်သပ်ကြည့်လိုက်မိတယ်။ သူတို့ ခုနလေးတင်ပဲ နမ်းခဲ့ကြတာ မဟုတ်လား။
“ကိုကာကိုလာ သောက်မလား”
“ဟင်... အာ... အင်း”
“ခဏလေး စောင့်ဦးနော်”
ယွန်ရင် ဟောင်ဂွန်ဆော့ကို မျှော်လင့်ချက်အပြည့်နဲ့ စိုက်ကြည့်နေမိတယ်၊ ဒါက သူမအတွက်တော့ ပထမဆုံး အနမ်းပဲလေ။ သူမတစ်ကိုယ်လုံး တုန်ရင်နေပြီး နည်းနည်းတော့ ကြောက်လန့်နေခဲ့တာပေါ့။ ဒါပေမဲ့ အဲဒီလူက ဟောင်ဂွန်ဆော့ ဖြစ်နေတာကြောင့် သူမ ခွင့်ပြုပေးခဲ့တာဥစ္စာ။
အနမ်းက တကယ့်ကို နူးညံ့ပြီး ထွက်လာတဲ့ အသက်ရှူသံတွေကလည်း နွေးထွေးလှပေမဲ့ ဘာဖြစ်လို့လဲတော့ မသိဘူး၊ သူမ စိတ်ထဲမှာ ဘာခံစားချက်မှ ထွက်မလာခဲ့ဘူးပဲ။ အဲဒါက တကယ့်ကို... နံရံကြီးတစ်ခုကို မေတ္တာတွေ ပြသနေရသလိုမျိုး ခံစားချက်ကြီး ဖြစ်နေတာကိုး။
‘သူလည်း စိုးရိမ်စိတ်တွေ များနေလို့ ဖြစ်မှာပါ၊ ဟုတ်တယ်မလား’
ဖြစ်နိုင်ပါတယ်။ အခြေအနေက အဲလိုပဲ ဖြစ်ရမယ်။ နေဦး... အကယ်၍ အဲဒီလို မဟုတ်ခဲ့ရင်ရော။ ဒါပေမဲ့ သူမ တခြားအရာတစ်ခုခုကို ပြောင်းပြီး လုပ်ဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ ဆိုဖာပေါ်မှာ တုန်ခါနေတဲ့ ဟောင်ဂွန်ဆော့ရဲ့ ဖုန်းကို လှမ်းမြင်လိုက်ရတာပေါ့။ သူမ မလုပ်သင့်ဘူးဆိုတာ သိနေပေမဲ့လည်း ဖုန်းကို လှမ်းကိုင်လိုက်မိတာပဲ။ ဖုန်းမှာလည်း Password ခံမထားဘူးလေ။
ဒါက စာတိုတစ်ခု ပါလား။ သူ့ရဲ့ စာတိုအများစုက ဆူယွန်း လို့ ခေါ်တဲ့ တစ်ဦးတစ်ယောက်နဲ့ ပေးပို့ထားတာ ဖြစ်ပြီး၊ သူတို့ရဲ့ စာသားတွေက တကယ့်ကို ရင်ခုန်စရာကောင်းတဲ့ အသုံးအနှုန်းတွေနဲ့ ပြည့်နေတာကိုး။ ယွန်ရင်ရဲ့ မျက်နှာက ချက်ချင်းဆိုသလို ဖြူဖျော့သွားတော့တာပဲ။
သူမ သူနဲ့ အပြန်အလှန် ပို့ထားတဲ့ စာတွေကို သေသေချာချာ စစ်ကြည့်လိုက်တော့ သူမအပေါ် ပြန်ထားတဲ့ စကားလုံးတွေက တကယ့်ကို လိုရင်းတိုရှင်းနဲ့ အေးစက်လှပါတယ်။ သူမကတော့ သူ့ရဲ့ စရိုက်ကပဲ အဲလိုမျိုး အေးအေးစက်စက် ရှိတတ်တာလို့ ထင်ခဲ့မိတာ၊ တကယ်တမ်းကျတော့ အဲလို လုံးဝမဟုတ်ခဲ့ဘူးပဲ။ သူက အဲဒီ ဆူယွန်း ဆိုတဲ့လူအပေါ်မှာတော့ တကယ့်ကို နူးညံ့ပျော့ပျောင်းပြီး ချိုမြိန်လှတာကိုး။
သူမ တံခါးဝဘက်ကို စိုးရိမ်တကြီးနဲ့ လှည့်ကြည့်လိုက်တယ်၊ ကြည့်ရတာ သူကတော့ အခုချက်ချင်း ပြန်လာမယ့်ပုံ မပေါ်သေးပါဘူး။ သူမ ဓာတ်ပုံမှတ်တမ်းတွေဆီကို မြန်မြန်လေး လှန်ကြည့်လိုက်တာပေါ့။ သူမနဲ့ တွဲရိုက်ထားတဲ့ ပုံတွေအကုန်လုံးက အောက်ဆုံးမှာ ရောက်နေတာကိုး။ လတ်တလော ရိုက်ထားတဲ့ ပုံတွေအကုန်လုံးကတော့... သူမ တစ်ခါမှ မမြင်ဖူးတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဖြစ်နေတာပဲ။ အသက်ကြီးမယ့် အမျိုးသမီးတစ်ယောက်ပေါ့။ ဘာဖြစ်လို့ ဒီအမျိုးသမီးက ကြည့်ရတာ ဒီလောက်အထိ ရင်းနှီးနေရတာပါလိမ့်။
“ပြဇာတ်...”
ဒါက မင်းသမီးတစ်ယောက်ပဲဥစ္စာ။ သူတို့နှစ်ယောက်က ပုံထဲမှာ အတူတူ ပြုံးနေကြတာကိုး။ ယွန်ရင်ရဲ့ သွားတွေက တစ်ချက်ချင်းစီ တုန်ခါလာတော့တာပဲ။ သူမ အရင်ကလည်း ဒီလို ခံစားချက်မျိုး ကြုံဖူးပါတယ်၊ အဲဒါကတော့ လွန်ခဲ့တဲ့ အချိန်တုန်းက သူမ ပြန်ပေးဆွဲခံရတော့မယ့် အခြေအနေမျိုးတုန်းက ခံစားချက်မျိုးပဲလေ။
“ဟောင်ဂွန်ဆော့က... ငါ့အပေါ်မှာပဲ အားကိုးနေရမှာ”
သူမကတော့ အဲဒီအမျိုးသမီးရဲ့ ပုံဆီကနေ မျက်လုံးတွေကို လုံးဝ ခွာလို့မရတော့ပါဘူး။
* * * * * * * * *
“သီချင်း မဆိုဘူးလား”
ဟောင်ဂွန်ဆော့ အခန်းထဲကို ပြန်ဝင်လာပြီးတာနဲ့ ယွန်ရင်ကို လှမ်းမေးလိုက်တာပေါ့။ ကဲ... အခုအချိန်မှာ သူမနဲ့ အတူတူ ရှိနေရတာက တကယ့်ကို ပျင်းစရာကောင်းလှပါတယ်။ ဒီမိန်းကလေးက ဘာအချက်မှာများ တော်လို့ပါလိမ့်။
“အာ... ဘာမှမဟုတ်ပါဘူး”
ယွန်ရင်က သူ့ကို ပြုံးပြုံးလေးပဲ ပြန်ပြီး တုံ့ပြန်လိုက်တယ်။ တကယ့်ကို သာမန် အပြုံးတစ်ခုပါပဲ။ ကဲလေ... သူ ဘာတတ်နိုင်ဦးမှာလဲ။ ဒီမိန်းကလေးက သူ့အပေါ်မှာ အခုထိ တအား ဂရုစိုက်ပေးနေတုန်းပဲဥစ္စာ။ သူ သူမအပေါ်မှာ တော်တော်လေး ငြီးငွေ့နေပြီဆိုပေမဲ့ သူမက သူ့အပေါ် တအားကို သံယောဇဉ်ကြီးနေတာကြောင့် ဒီအတိုင်းပဲ ဆက်ပြီး ထားထားလိုက်တာပေါ့။
“တို့တွေ အတူတူ သီချင်းဆိုကြရအောင်လေ”
“အင်း”
“ဘာလို့ ဒီလောက်အထိ တောင့်ခဲနေရတာလဲဥစ္စာ။ အော်... ခုနက အနမ်းကြောင့်လား။ မင်းက အဲလောက်အထိ တအား သဘောကျသွားလို့လား”
“ဟင်... အာ... အဟား။ အင်းဥစ္စာ။ ကောင်းပါတယ်”
“အိုး... တကယ့်ကို ချစ်စရာကောင်းလိုက်တာ”
ဟောင်ဂွန်ဆော့က သူမရဲ့ ပါးပြင်လေးကို အသာအယာ နမ်းလိုက်တော့ ပါးပြင်လေးတွေက တကယ့်ကို နူးညံ့လှတာပေါ့။ ဟောင်ဂွန်ဆော့ရဲ့ မျက်လုံးတွေကတော့ သဘာဝအတိုင်းပဲ သူမရဲ့ အင်္ကျီအောက်ဘက်ဆီကို နည်းနည်းလောက် ထပ်ပြီး ရောက်ရှိသွားတာပေါ့။ သူမရဲ့ အသားအရေ အချို့ကို အင်္ကျီအောက်မှာ မြင်နေရတာကိုး။
“သီချင်းက... ဒါလေး ကောင်းမယ့်ပုံပဲ”
ယွန်ရင်က ထိုင်ခုံကနေ ထလိုက်တာပေါ့။
ကဲလေ... သူ နောက်တစ်ကြိမ်ကျရင်တော့ အပိုင် ဝင်လုံးတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဟောင်ဂွန်ဆော့ ပြုံးလိုက်ပြီးမှ သူ့ဘာသာသူ မတ်တတ်ရပ်လိုက်တော့တယ်။
* * * * * * * * *