အခန်း (၁၃၃-၁၃၄)
Vol. 14 Ch. 133-134
အခန်း(၁၃၃)
လူတိုင်းမှာ ကိုယ်စီ မျှော်လင့်ချက်တွေ ရှိကြတာပါပဲ။ တစ်ဖက်လူက အဲဒီမျှော်လင့်ချက်တွေကို အကောင်အထည်မဖော်ပေးနိုင်တဲ့အခါ စိတ်ပျက်ရုံတင်မကဘဲ ကိုယ့်အပေါ် သစ္စာဖောက်သွားသလိုမျိုးပါ ခံစားရတတ်တယ်လေ။
“ဒါတွေအားလုံးက ငါ့ကြောင့် ဖြစ်သွားရတာပါပဲ။ တောင်းပန်ပါတယ်နော်”
“မဟုတ်တာ။ အဲဒီလို မဟုတ်ပါဘူး”
ယွန်းဂျုံက အားနာစရာကောင်းလောက်အောင် ပြုံးပြရင်း လက်ယမ်းပြလိုက်တယ်။
“ငါတို့တွေ အပျော်အပါး မက်သွားကြတာပါ။ နင့်ကြောင့် ဖြစ်ရတာမျိုး မဟုတ်ပါဘူး”
ဂျောင်ဟော့ခ်ကလည်း ထောက်ခံလိုက်တာပေါ့။ သူကတော့ ယန်မီဆို ထွက်သွားတဲ့ တံခါးဝကို ခုထိ စိုက်ကြည့်နေတုန်းပဲ။
“အခုတော့ ပြန်ကြရအောင်။ အရမ်း နောက်ကျနေပြီ။ အော်... ဒါနဲ့ ဘယ်သူတွေက ဘတ်စ်ကားစီးပြီး ပြန်ကြမှာလဲ။ ဒေးမြောင်၊ ဒိုဂျင်၊ ဆိုယွန်းနဲ့ ဂွန်ဆော့တို့လား”
ယွန်းဂျုံက စိုးရိမ်တကြီးနဲ့ မေးလိုက်တယ်။ သန်းခေါင်တောင် ကျော်နေပြီဆိုတော့ ဒီအတိုင်းဆိုရင် အကုန်လုံး အိမ်ကို လမ်းလျှောက်ပြန်ရမယ့် အခြေအနေပဲလေ။
“လမ်းလျှောက်ပြန်လို့ ရပါတယ်။ ၄၀ မိနစ်လောက်ပဲ ကြာမှာပါ”
“အဆင်ပြေပါ့မလား”
“ဒေးမြောင်က ဝိတ်လည်း ချရဦးမှာဆိုတော့ အတော်ပဲပေါ့”
ဒိုဂျင်က ပြုံးဖြီးဖြီးနဲ့ ဒေးမြောင်ရဲ့ ပုခုံးကို ဖက်လိုက်တယ်။ ဒေးမြောင်ကလည်း တည်တည်ငြိမ်ငြိမ်ပဲ ခေါင်းညိတ်ပြရှာတယ်။
“အပြင်မှာ အေးနေမှာနော်”
“ဒါဆိုလည်း ပြေးပြန်ကြတာပေါ့”
ဒီဇင်ဘာလလယ်ရဲ့ ရာသီဥတုကို ယွန်းဂျုံကတော့ တော်တော်လေး စိုးရိမ်နေပုံပဲ။ ဒုတိယနှစ်တွေ အချင်းချင်း ခဏလောက် တိုင်ပင်လိုက်ကြပြီးနောက်မှာတော့ ယွန်းဂျုံက အကုန်လုံးကို လှမ်းခေါ်လိုက်တယ်။
“ရော့... ဒါလေး ယူထားလိုက်”
ယွန်းဂျုံက တစ်သောင်းတန် လေးရွက်ကို သူတို့ဆီ ကမ်းပေးလိုက်တာပေါ့
“တက္ကစီနဲ့ပဲ ပြန်ကြတော့။ ယွန်ရင်နဲ့ ဂွန်ဆော့က တစ်စီး၊ ဒေးမြောင်နဲ့ ဒိုဂျင်က တစ်စီး စီးသွားလိုက်ကြ”
“ရပါတယ်၊ ကျွန်တော်တို့ အဆင်ပြေပါတယ်”
“အေးတယ်လေ။ အအေးမိကုန်ပါဦးမယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြမှပေါ့။ ပြီးတော့ နင်တို့တွေ ချွေးတွေလည်း အများကြီး ထွက်ထားကြတာ။ ဒီအဝတ်အစားတွေနဲ့သာ ပြန်ရင်တော့ ခဲသွားမှာ သေချာတယ်”
ဒန်မီက သူ့ရဲ့ ပုဝါကို ချွတ်ပြီး ယွန်ရင်ကို ပတ်ပေးလိုက်တယ်။ ကောင်မလေးက အစပိုင်းမှာ ငြင်းဖို့ ကြိုးစားသေးပေမဲ့ နောက်ဆုံးတော့လည်း အရှုံးပေးလိုက်ရတာပေါ့။ ဆိုယွန်း၊ တေဂျွန်းနဲ့ အီဆိုးလ်တို့ကတော့ ကံကောင်းချင်တော့ အိမ်နဲ့ နီးကြတယ်။ ပုံမှန်ဆို ဘတ်စ်ကားနဲ့ ပြန်ပေမဲ့ အခုလို အချိန်မျိုးမှာတော့ လမ်းလျှောက်ပြန်ရင်လည်း အဆင်ပြေတာပေါ့။
“တောင်းပန်ပါတယ်နော်။ ဒါတွေ အကုန်လုံးက ငါတို့ အမှားတွေပါ”
ယွန်းဂျုံက စိတ်မကောင်းစွာနဲ့ ကြမ်းပြင်ကိုပဲ စိုက်ကြည့်နေမိတယ်။ ဥက္ကဋ္ဌ တစ်ယောက်ရဲ့ တာဝန်က သူ့အပေါ်မှာ တော်တော်လေး ဖိအားဖြစ်နေပုံပဲ။
“မနက်ဖြန်ကျရင် ဆရာမ ယန်မီဆို စိတ်မပျက်ရအောင် ပြန်ပြီး အာရုံစိုက်ကြစို့။ ဆရာမက အငြိုးအတေး ထားတတ်တဲ့သူ မဟုတ်ပါဘူး။ မနက်ဖြန်ကျရင် ပြုံးပြုံးရွှင်ရွှင်နဲ့ ပြန်တွေ့ကြတာပေါ့။ ကတိပေးတယ်နော်”
ယွန်းဂျုံက တစ်ခါတလေ ကလေးဆန်တတ်ပေမဲ့ အခုအချိန်မှာတော့ တကယ့်ကို ဥက္ကဋ္ဌတစ်ယောက် ပီသနေတာပါ။ မာရူးက မိန်းကလေးရဲ့ စကားကို နားထောင်ရင်း စိတ်ထဲကနေ တက္ကစီခတွေကို တွက်ချက်နေမိတယ်။ အကယ်၍ ကလေးတွေ ပိုက်ဆံလိုရင် နည်းနည်း ထပ်ပေးဖို့ စဉ်းစားနေပေမဲ့ တစ်ယောက်ကို တစ်သောင်းဆိုရင်တော့ လောက်လောက်ငင ရှိမှာပါ။
“နင်တို့ အရင် ပြန်ကြတော့။ ငါတို့တွေ အခန်းသန့်ရှင်းရေး လုပ်ပြီးမှ ပြန်မယ်”
“ကျွန်တော်တို့ ကူညီပါရစေ”
“ရပါတယ်။ မိဘတွေ စိတ်ပူနေကြဦးမယ်။ အခုချက်ချင်း ပြန်ကြတော့လေ”
ယွန်းဂျုံက သူတို့ကို ခန်းမထဲကနေ တစ်ယောက်ချင်းစီ တွန်းထုတ်လိုက်တယ်။ ကလပ်အဖွဲ့ဝင်တွေကို ပြုံးပြုံးလေးနဲ့ လက်ပြနှုတ်ဆက်လိုက်ပြီးမှ တံခါးကို ဖြည်းဖြည်းချင်း ပိတ်လိုက်တာပေါ့။
“သူတို့ကို ကြည့်ပြီး အားနာလိုက်တာ”
“အေးလေ”
ဒီနေ့ အဖြစ်အပျက်က အားလုံးရဲ့ စိတ်ထဲမှာ တစ်ခုခု ခံစားလိုက်ရပုံပဲ။ မာရူးတောင်မှ စိတ်ထဲမှာ နည်းနည်းလေး လေးလံသွားသလို ခံစားလိုက်ရတယ်။
နင်တို့တွေက ဒါကို ကစားစရာလို့ ထင်နေတာလား။
သူတို့ရဲ့ ဆရာမ ယန်မီဆိုက သရုပ်ဆောင်တွေထက်တောင် ပြဇာတ်ပေါ်မှာ ပိုပြီး အလေးအနက်ထားနေပုံရတယ်။ ပြန်စဉ်းစားကြည့်ရင် ဆရာမက 'သေချာပေါက်' ဆိုတဲ့ စကားလုံးကို ခဏခဏ သုံးတတ်တာပဲ။ အဲဒီစကားလုံးက ရိုးရှင်းသလို ထင်ရပေမဲ့ သူ့နောက်မှာ တာဝန်ယူမှုတွေ အများကြီး ပါနေတာလေ။ ဘာပဲဖြစ်ဖြစ် အဲဒီအလုပ်ကို အောင်မြင်အောင် လုပ်မယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး မဟုတ်လား။
အဖွဲ့ဝင် ရှစ်ယောက်စလုံး သက်ပြင်းအရှည်ကြီး ချလိုက်ရင်း လှေကားကနေ ဆင်းလာခဲ့ကြတယ်။ လုံခြုံရေးဝန်ထမ်းက သူတို့ကို တွေ့တော့ ဘာလို့ ဒီလောက်တောင် နောက်ကျနေတာလဲလို့ မေးရှာတယ်။ အပေါ်မှာ လူတွေ ကျန်သေးတယ်လို့ပဲ သူတို့ ပြန်ဖြေလိုက်တာပေါ့။
“အခုထိလား။ မိုးတောင် လင်းတော့မှာပဲကို”
ဝန်ထမ်းကြီးက လှေကားဘက်ကို မျက်လုံးအပြူးသားနဲ့ မော့ကြည့်လိုက်ပြီးမှ သူ့ရုံးခန်းထဲ ပြန်ဝင်သွားတော့တယ်။
“အေးလေ။ တကယ်ကို နောက်ကျသွားတာပဲ”
“ဘုရားရေ။ ဖုန်းကို ကြည့်လိုက်ဦး။ မေမေ့ဆီက ဖုန်းခေါ်ဆိုမှုတွေ အများကြီးပဲ။ ငါတော့ သေပြီသာမှတ်တော့”
ဒိုဂျင်က သူ့ဖုန်းကို ကြည့်ရင်း မျက်နှာ ဖြူဖတ်ဖြူလျော် ဖြစ်သွားတယ်။ လေ့ကျင့်တာနဲ့ အလုပ်ရှုပ်နေကြတော့ ဘယ်သူမှ ဖုန်းမစစ်ဖြစ်ခဲ့ကြဘူးလေ။ စစ်ဖို့ အချိန်ရရင်တောင် ယန်မီဆို အဲဒီလောက်အထိ စိတ်တိုနေတာဆိုတော့ ဘယ်သူမှလည်း စစ်ရဲကြမှာ မဟုတ်ပါဘူး။
“အရင်ဆုံး ပြန်ဆက်လိုက်ကြဦး။ စိတ်ပူနေကြမှာပေါ့”
“ဟုတ်ကဲ့”
အားလုံးက သူတို့မိဘတွေဆီကို အသီးသီး ဖုန်းဆက်ကြတော့တယ်။ အဲဒီအချိန်မှာ မာရူးလည်း သူ့ဖုန်းကို စစ်ကြည့်လိုက်မိတာပေါ့။ မက်ဆေ့ခ်ျ တစ်စောင်ပဲ ရှိတယ်။
“နောက်ကျနေပြီနော်။ အိမ်ထဲဝင်ရင် တိတ်တိတ်ဆိတ်ဆိတ် ဝင်ခဲ့”
ဒါပဲလေ။
မာရူးရဲ့ အမေက ကလေးတွေကို လွတ်လွတ်လပ်လပ် ထားတတ်တဲ့သူမျိုးပါ။ အမှန်အတိုင်း ပြောရရင် တစ်ခါတလေ စိတ်ပူပြီး မက်ဆေ့ခ်ျ ပို့တာမျိုး ရှိရင်တော့ ပိုကောင်းမှာပေါ့။ အခုပြန်လာနေပြီလို့ပဲ မာရူး ပြန်ပို့လိုက်တယ်။ အခုလို မက်ဆေ့ခ်ျမျိုး ပို့ထားပေမဲ့လည်း အမေက သူ့အတွက် စိတ်ပူနေမှာကို မာရူး သိတာပေါ့။ မိဘတွေဆိုတာ ကလေးတွေ ဘေးကင်းကင်းနဲ့ အိမ်ပြန်ရောက်တာ မသိရမချင်း စိတ်အေးလက်အေး အိပ်နိုင်ကြတာမှ မဟုတ်တာ။ မာရူးလည်း အဲဒီခံစားချက်ကို ကောင်းကောင်း နားလည်တာပေါ့။ ကလေးတွေဆိုတာ ဘယ်လောက်ပဲ အသက်ကြီးကြီး မိဘတွေအတွက်တော့ အမြဲတမ်း စိတ်ပူနေရတဲ့သူတွေပဲလေ။
မာရူး ခေါင်းမော့ကြည့်လိုက်တဲ့အခါ အားလုံးက မိဘတွေဆီကနေ အဆူခံနေရပုံနဲ့ မျက်နှာတွေ ရှုံ့မဲ့နေကြတာကို တွေ့ရတယ်။ တကယ်ကို ဆိုးရွားတဲ့ နေ့တစ်နေ့ပါပဲ။ အရင်ဆုံး ယန်မီဆိုဆီမှာ အချက်အလက်တွေ အများကြီး ရခဲ့ပြီးမှ မိဘတွေဆီမှာပါ ဆက်ပြီး အဆူခံနေရတာကိုး။
“ငါ့ရဲ့ မုန့်ဖိုးတွေတော့ အဖြတ်ခံရတော့မယ် ထင်တယ်”
“ဂုဏ်ယူပါတယ်ကွာ။ မင်းကတော့ ကြိုသိနေတာပဲ”
“ဒုက္ခပါပဲ”
ဒါပေမဲ့ အိမ်ပြန်ရတော့မယ်ဆိုတဲ့ အသိကြောင့် သူတို့တွေ နည်းနည်းတော့ စိတ်သက်သာရာ ရသွားကြပုံပဲ။ မနက်ဖြန် ယန်မီဆိုနဲ့ ပြန်တွေ့ရဦးမှာကို တွေးပြီး ပြန်ပြီး တုန်လှုပ်နေကြပေမဲ့လည်း အဆင်ပြေသွားမှာပါ။ ယွန်းဂျုံ ပြောသလိုပဲ ဆရာမက အငြိုးအတေး ထားတတ်တဲ့သူမှ မဟုတ်တာ။ သူတို့ အဆောက်အဦး အပြင်ဘက်ကို ထွက်လာတဲ့အခါ တက္ကစီ လေးစီးက အပေါက်ဝမှာ စောင့်နေတာကို တွေ့လိုက်ရတယ်။
“နင်တို့တွေ အထဲမှာ ဘာလုပ်နေကြတာလဲ။ အိမ်မပြန်ချင်ကြတော့ဘူးလား”
ယန်မီဆိုက သူ့ကားဘေးမှာ ရပ်ရင်း သူတို့ကို လှမ်းအော်နေတာပါ။ မာရူးကတော့ အဲဒါကို မြင်ပြီး တိုးတိုးလေး ရယ်မိသွားတယ်။ တခြားကလေးတွေကတော့ တက္ကစီတွေနဲ့ ယန်မီဆိုကို ကြည့်ပြီး ကြောင်အမ်းအမ်း ဖြစ်နေကြတာပေါ့။ မာရူးက အရင်ဆုံး လှေကားကနေ ဆင်းသွားလိုက်တယ်
“ဆရာမ မပြန်သေးဘူးလား”
“နောက်ဆုံး ဘတ်စ်ကားက ထွက်သွားပြီဆိုတာ ငါ သိနေတာပဲ။ အဲဒါကြောင့် စောင့်နေတာပေါ့”
“ဒီလိုလုပ်လိုက်တော့ ဆရာမ တစ်နေ့လုံး တည်ဆောက်ထားခဲ့တဲ့ ကြောက်စရာကောင်းတဲ့ ပုံရိပ်ကြီး ပျက်သွားပြီဆိုတာ သိလား”
“နင်တို့တွေက အယုံလွယ်တဲ့သူတွေမှ မဟုတ်တာ။ နည်းနည်းလောက် ဆူလိုက်ရုံနဲ့တင် ငါ့ရဲ့ ရည်ရွယ်ချက်ကို နားလည်သွားကြမှာပါ။ ငါ မှားလို့လား”
မာရူးကတော့ ခေါင်းပဲ ခါပြလိုက်မိတော့တယ်။
“ဒါနဲ့ ဒုတိယနှစ်တွေကရော ဘယ်မှာလဲ”
“အပေါ်မှာ သန့်ရှင်းရေး လုပ်နေကြပါတယ်”
“ဟက်... စီနီယာတွေဆိုတော့လည်း စီနီယာအလုပ် လုပ်နေကြတာပေါ့”
“စီနီယာကောင်းတွေပါ ဆရာမ။ ကျွန်တော်တို့ကို အိမ်ပြန်ဖို့ ပိုက်ဆံတောင် ပေးလိုက်ကြသေးတယ်”
“အမလေး... ကြည့်စမ်းပါဦး။ ကလေးတွေက လူကြီးတွေလို ဟန်ဆောင်နေလိုက်ကြတာ”
အဲလို ပြောလိုက်ပေမဲ့လည်း ယန်မီဆိုက ငါးထပ်က ခန်းမဘက်ကို ကြည့်ပြီး ပြုံးနေရှာတယ်။
“ပထမနှစ်တွေ”
“ဟုတ်... ဟုတ်ကဲ့ပါ”
“အိမ်ပြန်ကြတော့။ မိဘတွေကိုတော့ ဒီနေ့ ဆရာမက အရမ်းတွေ အော်ဟစ်နေလို့ ပြန်ခွင့်မရခဲ့တာလို့ပဲ ပြောလိုက်ကြ။ ပြဿနာ ရှိရင် ငါ့ဆီ ဖုန်းဆက်ခိုင်းလိုက်။ သိလား”
“ဟုတ်ကဲ့ပါ”
“ကားဆရာတွေ စောင့်နေကြပြီ။ အမြန်သွားကြတော့”
ယန်မီဆိုက ကလေး ခုနစ်ယောက်ကို အိမ်ပြန်လွှတ်လိုက်တယ်။ တက္ကစီ သုံးစီး ထွက်သွားတာပေါ့။ ယန်မီဆိုက နောက်ဆုံးတစ်စီးကို ခဏစောင့်ခိုင်းထားပြီး ကျောင်းထဲ ပြန်ဝင်သွားတယ်။ ခဏနေတော့ ယွန်းဂျုံနဲ့ ဒန်မီကို လက်မောင်းကနေ ဆွဲထုတ်လာတာ တွေ့ရတယ်၊ သူတို့နောက်မှာတော့ ဂျောင်ဟော့ခ်နဲ့ မင်းဆောင်တို့က ကပ်ပါလာတာပေါ့။ ယန်မီဆိုက သူတို့ လေးယောက်ကို တက္ကစီထဲ အတင်းထည့်လိုက်ပြီးမှ ကားဆရာကို ထွက်ခိုင်းလိုက်တယ်။
“အားလုံး ဘယ်မှာ နေလဲဆိုတာ ဆရာမ သိတာပဲနော်”
ဘယ်သူ ဘယ်ဘက်ကို ပြန်ရမလဲဆိုတာ ယန်မီဆိုက ကြိုသိနေပုံရတယ်
“ငါက နင်တို့ရဲ့ ဆရာမလေ။ ဘာလို့ မသိဘဲ နေမှာလဲ။ ဒါနဲ့ နင်က စက်ဘီးနဲ့ လာတာ မဟုတ်လား”
“ဟုတ်ကဲ့”
အဲဒီအချိန်မှာပဲ လေပြင်းတစ်ချက် ဝုန်းခနဲ တိုက်သွားတယ်။ ဆောင်းတွင်းရောက်နေပြီဆိုတာ သိသာစေတဲ့ လေမျိုးပေါ့။ လေက ပြင်းလွန်းလို့ မာရူးရဲ့ အရေပြားတွေတောင် ကွာကျတော့မမလား ခံစားလိုက်ရတယ်။
“ဘယ်လောက် ကြာမှာလဲ”
“သိပ်မကြာပါဘူး”
“မယုံဘူး။ အချိန် အတိအကျ ပြောစမ်း”
“၄၀ မိနစ်လောက်ပါ”
“နင် ရူးနေတာလား။ ဒီလို ရာသီဥတုကြီးမှာလေ”
ယန်မီဆိုက အော်လိုက်ရင်း မာရူးရဲ့ လက်မောင်းကို ဆွဲလိုက်တယ်။ မာရူးကတော့ သူ့ရဲ့ စက်ဘီးကိုပဲ လှမ်းကြည့်နေမိတာပေါ့။
“အဲဒါကြီး မရှိရင် မနက်ဖြန် ကျောင်းလာရတာ ဒုက္ခရောက်မှာမို့လို့ပါ”
“ဒါနဲ့ပဲ နင်က စီးပြန်မှာပေါ့ ဟုတ်လား”
“ဒီလောက် အေးရုံနဲ့တော့ မသေပါဘူး။ ကျွန်တော် လုပ်နိုင်ပါတယ်”
ကံဆိုးချင်တော့ အဲဒီအချိန်မှာပဲ သူ့နှာခေါင်းကနေ နှာရည်လေး နည်းနည်း စီးကျလာတာပေါ့။ ယန်မီဆိုက သူ့ကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်တယ်။
“တက်စမ်း”
“......”
“နင့်ကို အတင်းထည့်ပေးရမလား”
“သိပါပြီ။ တက်ပါ့မယ်”
နှုတ်ဆက်ခဲ့ပါတယ် ငါ့ရဲ့ မြင်းလေးရေ။
မာရူးက သူ့စက်ဘီးကို နောက်ဆုံးတစ်ခေါက် ထပ်ကြည့်လိုက်ပြီး ကားထဲ ဝင်ထိုင်လိုက်တယ်။ ကားထဲက အပူရှိန်ကြောင့် သူ့တစ်ကိုယ်လုံး တုန်တက်သွားတာပေါ့။
“တကယ်ပါပဲ။ ဒီလို ရာသီဥတုကြီးမှာ စက်ဘီးစီးဖို့ ဘယ်လို စဉ်းစားခဲ့တာလဲ”
“အရင်တုန်းက လူတွေဆိုရင် ဆောင်းတွင်းမှာ ကျောင်းတက်ဖို့ ကီလိုမီတာ အများကြီး လမ်းလျှောက်ခဲ့ကြတာပဲကို”
“တို့တွေက အဲဒီခေတ်မှာ ရှင်သန်နေတာ မဟုတ်ဘူးလေ။ ခါးပတ်ပဲ မြန်မြန် ပတ်စမ်းပါ”
မာရူးက ပြုံးပြုံးလေးနဲ့ ခါးပတ် ပတ်လိုက်တယ်။ ကားက ကျောင်းထဲက ထွက်လာပြီးနောက် နှစ်ယောက်လုံး ခဏလောက် တိတ်ဆိတ်သွားကြတယ်။ မာရူးက ပြတင်းပေါက် အပြင်ဘက်ကို ခဏကြည့်နေပြီးမှ စကားစလိုက်တယ်။
“ကျွန်တော်တို့ ပျင်းနေကြတာ တစ်ခုတည်းကြောင့် စိတ်တိုနေတာ မဟုတ်ဘူး မဟုတ်လား”
နောက်ကြည့်မှန်မှာ ချိတ်ထားတဲ့ အရုပ်လေးတွေက တစ်ဖက်စီ ယိမ်းနွဲ့နေကြတယ်။ ယန်မီဆိုက မာရူးကို တစ်ချက် ကြည့်လိုက်ပြီးမှ စကားပြောလာတယ်။
“ငါ စိတ်တိုနေတဲ့ ကိစ္စလား”
“ဟုတ်ကဲ့”
“ဘာလို့ အဲဒီလို ထင်တာလဲ”
“ခံစားချက်တစ်ခုပေါ့။ ဆရာမက ကျွန်တော်တို့ကို ခဏခဏ ဆူတတ်ပေမဲ့ အဲဒီထဲမှာ ကိုယ်ရေးကိုယ်တာ ခံစားချက်တွေ ပါမလာဘူးလေ။ ဆရာမက ပရော်ဖက်ရှင်နယ် တစ်ယောက်ပဲဟာ။ ဒါပေမဲ့ ဒီနေ့တော့ မတူဘူး။ ဆရာမ တကယ်ကို စိတ်တိုနေတဲ့ပုံပဲ”
“တခြားကလေးတွေကရော အဲလို ထင်ကြလား”
“ကျွန်တော် တစ်ယောက်တည်းပါ”
“......”
ယန်မီဆို ခဏလောက် တိတ်သွားတယ်၊ သူတို့နှစ်ယောက်ကြားမှာ အနေရခက်တဲ့ တိတ်ဆိတ်မှုတစ်ခု ဖြစ်သွားတာပေါ့။ မာရူး ပြောလိုက်တာက ကွက်တိပဲလေ။ ယန်မီဆိုကို ဒီနေ့ ဘာတွေက စိတ်တိုစေခဲ့တာလဲ။ ဘယ်လိုပဲ စဉ်းစားကြည့်ကြည့် စိတ်တိုစရာ သိပ်မရှိပါဘူး။ အဲဒီတော့ တခြားအကြောင်းပြချက် တစ်ခုခု ရှိနေမှာ သေချာတယ်။ ဒါပေမဲ့ သူက ပရော်ဖက်ရှင်နယ် တစ်ယောက်ဆိုတော့ ကျောင်းသားတွေအပေါ်မှာ အလကားသက်သက် အညှိုးထားမှာ မဟုတ်ဘူးလေ။
ဒါဆို တစ်ခုပဲ ရှိတော့တယ်။ ပြဇာတ်ကလပ်နဲ့ ပတ်သက်ပြီး တစ်ခုခုက သူ့ကို နှောင့်ယှက်နေတာ ဖြစ်ရမယ်။ အဲဒါက ဘာများပါလိမ့်
“တေးဆစ်... အဲ ဆရာပတ်တေးဆစ်က ပြောတယ်။ ပြဇာတ်ကလပ်က ဒီခန်းမကနေ ထွက်ပေးရဖို့ ရှိတယ်တဲ့”
“ခန်းမကနေလား”
“ငါးထပ် ခန်းမဆိုတာ အမြဲတမ်း ပြဇာတ်ကလပ် ပိုင်ခဲ့တာလေ။ လေ့ကျင့်တဲ့အချိန်ဆို ပြဇာတ်ကလပ်ကပဲ သုံးခွင့်ရှိတာ။ ဘယ်သူမှလည်း ဘာမှ မပြောကြဘူး။ တို့တွေ ဆုတွေလည်း အများကြီး ရခဲ့ဖူးတာပဲကို။ နာမည်ကြီး သရုပ်ဆောင်တွေလည်း အများကြီး ထွက်ပေါ်ခဲ့ဖူးတယ်။ ဒါပေမဲ့ အခုတလော ကလပ်က ဘာမှ ထူးထူးခြားခြား မလုပ်နိုင်တော့ဘူးလေ။ နင်လည်း သိတယ် မဟုတ်လား”
မာရူး ခေါင်းညိတ်လိုက်တယ်။ မနှစ်က ဆောင်းရာသီ အမျိုးသားအဆင့် ပြိုင်ပွဲတုန်းက သူတို့ ရှုံးခဲ့ကြတာ။ အဲဒါက ကလပ်ရဲ့ အမှား မဟုတ်ပါဘူး။ မီးလောင်မှုကြောင့် သူတို့ မပြိုင်နိုင်ခဲ့တာလေ။ အဲဒီမတိုင်ခင် နှစ်က ပြိုင်ခဲ့ပေမဲ့လည်း ရှုံးခဲ့တာပဲ။ ဂွန်ဆော့တို့ ကလပ်တုန်းကတော့ ပြဇာတ်ကလပ်ရဲ့ ရွှေခေတ်ပေါ့၊ အဲဒီနောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်လာခဲ့တာ။
“အဲဒီတုန်းကတော့ ကျောင်းက ကလပ်အတွက် အကုန်လုံး ထောက်ပံ့ပေးခဲ့တာလေ။ ဒါပေမဲ့ အခုတော့ ဆရာကပဲ သူ့ပိုက်ဆံနဲ့သူ စိုက်ထုတ်ပြီး ထောက်ပံ့နေရတာ။ ငါတို့ခေတ်တုန်းကဆိုရင် တို့ကျောင်းက ပြဇာတ်ကလပ်ကို ဝင်ချင်လွန်းလို့ ဒီကျောင်းကို လာတက်ကြတဲ့သူတွေတောင် ရှိတယ်။ အဲဒါကတင် ငါတို့အတွက် ဂုဏ်ယူစရာကြီးပဲလေ။ ငါတို့တွေ တော်တော်လေး ကြိုးစားခဲ့ကြတာ။ တတိယနှစ်တုန်းကဆို အမျိုးသားအဆင့် ပြိုင်ပွဲမှာ ပထမဆုတောင် ရခဲ့သေးတယ်”
ယန်မီဆိုက မျက်မှောင်ကြုတ်ရင်း စကားကို ဆက်ပြောတယ်။
“ဆရာက ပြောတယ်၊ ခန်းမကို ဘေ့စ်ဘောအသင်းဆီ ပေးလိုက်ရတော့မယ်တဲ့”
“ဘေ့စ်ဘောအသင်းဆီလား”
ဝူဆောင်း ဘေ့စ်ဘောအသင်းက ဒီနှစ် အထက်တန်းကျောင်း ပြိုင်ပွဲမှာ အနိုင်ရခဲ့တယ်လေ။ နောက်ဆုံးတော့ ဘေ့စ်ဘောအသင်းက ကျောင်းအတွက် ရလဒ်ကောင်းတွေ ပြနိုင်ခဲ့ပြီပေါ့။ အဲဒီကျေးဇူးကြောင့် ကျောင်းသားတွေအားလုံး စာသင်ချိန်တွေကို ဖျက်ပြီး ဘေ့စ်ဘောအသင်းကို သွားအားပေးခဲ့ကြသေးတာလေ။
“ကျောင်းအုပ်ကြီးက လောဘကြီးနေပုံပဲ။ ခန်းမကို ဖျက်ပြီး ဘေ့စ်ဘောအသင်းအတွက် လေ့ကျင့်ခန်းလုပ်မယ့်နေရာ ဆောက်ချင်နေတာ။ အားကစားခန်းမ အဆောက်အဦးကိုတော့ ယာယီခန်းမအဖြစ် ပြောင်းလိုက်မယ်တဲ့”
နာမည်ကြီး ဘေ့စ်ဘောအသင်း တစ်ခု ရှိနေတာက အထက်တန်းကျောင်း တစ်ကျောင်းအတွက်တော့ တကယ့်ကို ဆွဲဆောင်မှု တစ်ခုပဲလေ။ အဲဒါကြောင့်ပဲ ကျောင်းအုပ်ကြီးက အဲဒီဘက်ကို အများကြီး ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားနေတာ ဖြစ်မှာပေါ့။ မီးလောင်လုနီးပါး ဖြစ်ခဲ့တဲ့အပြင် ပြိုင်ပွဲတွေမှာလည်း အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ ပြဇာတ်ကလပ်ထက်စာရင် ဘေ့စ်ဘောအသင်းကို ပံ့ပိုးပေးတာက ပိုပြီး အကျိုးရှိမယ်လို့ သူ ထင်မှာပေါ့။ မာရူး ကိုယ်တိုင်လည်း ဒါက မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ တွေးမိတယ်။
“ဒါက ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ကိစ္စပဲ။ ပြီးတော့ အဲဒီနေရာက ငါတို့ပိုင်တာ နှစ်ပေါင်းများစွာ ကြာပြီလေ”
“ဒါပေမဲ့ အခုတော့ အဲဒီနေရာကို လုယူခံရတော့မယ်ပေါ့”
“ဘာလဲ၊ နင်က လက်လျှော့လိုက်ပြီလား”
“ဒါက ပိုက်ဆံနဲ့ ပတ်သက်တဲ့ ကိစ္စလေ။ ကျောင်းသားတွေက ဘာမှ မလုပ်နိုင်ပါဘူး။ ဒီကိစ္စက အပိုပဲမို့လို့ တခြားအရာတွေကိုပဲ စဉ်းစားတာ ပိုကောင်းမယ် ထင်တယ်”
“ဟူး... အဲဒါကြောင့် နင်နဲ့ ဒီအကြောင်း မပြောချင်တာ။ တခြားကလေးတွေဆိုရင်တော့ ငါ့ကို အားပေးကြမှာ သေချာတယ်”
“လုပ်နိုင်တဲ့ အရာနဲ့ မလုပ်နိုင်တဲ့ အရာဆိုတာ ရှိတယ်လေ”
“...... တို့တွေ အဲဒီကနေ အနှင်ခံရတာကိုတော့ ငါ အသေခံပြီး တားမှာ။ မိုးပြာရောင်ရဲ့ ဂုဏ်သိက္ခာကို အပဲ့အယွင်း မခံနိုင်ဘူး”
“ဒါကြောင့်ပဲ ဆရာမ အဲဒီလောက်အထိ စိတ်တိုနေတာကိုး”
“အကြောင်းပြချက်တွေကတော့ အများကြီးပါပဲ။ တို့တွေရဲ့ အိမ်ကို လုယူခံရတော့မယ့် အချိန်မှာ နင်တို့တွေ ပျင်းနေကြတာ မြင်ရတော့ ငါ တကယ်ကို စိတ်တိုသွားတာ။ တို့တွေ အဲဒီနေရာကို ရဖို့ ဘယ်လောက်တောင် ကြိုးစားခဲ့ရလဲဆိုတာ...”
“တောင်းပန်ပါတယ်”
မာရူး ဘာမှ ထပ်မပြောနိုင်တော့ပါဘူး။ အမှန်အတိုင်း ပြောရရင် ဆရာမက အဖြစ်သည်းနေတာလို့ ပြောလို့ရသလို၊ ကလပ်အတွက် တခြား လေ့ကျင့်မယ့်နေရာ ရှာလို့ရတာပဲလို့လည်း ပြောလို့ရပါတယ်။ ဒါပေမဲ့ လူတိုင်းကသာ အဲလိုမျိုး ယုတ္တိတန်တန် တွေးနေကြမယ်ဆိုရင် ဒီကမ္ဘာကြီးက အရမ်း ပျင်းဖို့ကောင်းနေမှာပေါ့။ ယန်မီဆိုလိုမျိုး အမှတ်တရတွေကို တန်ဖိုးထားတတ်တဲ့သူတွေ ရှိနေလို့သာ ဘဝက စိတ်ဝင်စားဖို့ ကောင်းနေတာ မဟုတ်လား။
“အမျိုးသားအဆင့် ပြိုင်ပွဲမှာ အနိုင်ရရင် အခွင့်အရေး ရှိနိုင်မလား”
“ငါလည်း မသိဘူး။ ကျောင်းအုပ်ကြီးက ဆုံးဖြတ်ချက် ချပြီးသားဆိုရင်တော့ ဘာလုပ်လုပ် အနှင်ခံရမှာပဲ။ စာသင်ခန်းထဲမှာပဲ လေ့ကျင့်ရတော့မှာပေါ့၊ ဒါပေမဲ့... အဲလိုမျိုး ဖြစ်သွားမှာကိုတော့ ငါ တကယ် မခံစားနိုင်ဘူး”
ယန်မီဆိုက နှုတ်ခမ်းဆူရင်း စတီယာရင်ကို တင်းတင်းဆုပ်ထားတယ်။ သူ့ရဲ့ လုပ်ရပ်တွေကို ကြည့်ရုံနဲ့တင် ကလပ်အပေါ် ဘယ်လောက်အထိ သံယောဇဉ်ကြီးလဲဆိုတာ သိသာနေတာပဲ။
ဟျဲဟွာ ဘူတာရုံက သူ့ရဲ့ ပြဇာတ်ရုံ နာမည်ကလည်း အတူတူပဲလေ။
အဲဒီနာမည်က သူ့အတွက် အဓိပ္ပာယ်တွေ အများကြီး ရှိနေမှာ သေချာပါတယ်။ သူ့ရဲ့ ဘဝသစ်ကို စတင်ပေးခဲ့တဲ့ အရာကိုး။
“ဒါဆို ပိုပြီး ကြီးကျယ်တဲ့ အရာတစ်ခုကို လုပ်ရမှာပေါ့”
“ကျောင်းအုပ်ကြီးကို ဆွဲဆောင်နိုင်လောက်တဲ့ အရာမျိုးပေါ့”
“နားလည်ပါပြီ”
“ဘာလို့လဲ”
“ဘာမှမဟုတ်ပါဘူး၊ စဉ်းစားကြည့်တာပါ”
“ဟက်... အေးပါလေ။ ဘာပဲဖြစ်ဖြစ် နင်တို့တွေ အခုကစပြီး အသေအလဲ လေ့ကျင့်ကြရတော့မယ်။ အကြိုပြိုင်ပွဲ အောင်ရုံနဲ့တင် မကျေနပ်နဲ့။ အမျိုးသားအဆင့် ပြိုင်ပွဲမှာ ဆုတွေအကုန်လုံး သိမ်းကျုံးယူရမယ်။ သိလား”
“ကြိုးစားကြည့်ပါ့မယ်”
“ကြိုးစားရုံနဲ့ မရဘူး။ လုပ်ကို လုပ်ရမှာ”
မာရူးက ပြုံးလိုက်ပြီး ရှေ့တည့်တည့်ကို ပြန်ကြည့်နေလိုက်တော့တယ်။
* * * * * * * * *
အခန်း(၁၃၄)
မာရူးက ယန်မီဆိုရဲ့ ကားပေါ်ကဆင်းပြီး အိမ်ကို ပြန်လာခဲ့တယ်။ တံခါးကို တိတ်တိတ်ဆိတ်ဆိတ် ဖွင့်တယ်လို့ ထင်ခဲ့ပေမဲ့ အခန်းထဲက ထွက်လာတဲ့ အမေ့ကို တွေ့လိုက်ရတာပေါ့။
“ပြန်ရောက်ပြီလား”
“ဟုတ်ကဲ့။ အမေက ဘာလို့ အိပ်မနေတာလဲ။ ပင်ပန်းနေမှာပေါ့”
“သားက အပြင်မှာ နောက်ကျနေတာကို ဘယ်အမေက အိပ်ပျော်နိုင်မှာလဲ။ မအိပ်ခင် ရေသောက်လိုက်ဦး”
မက်ဆေ့ခ်ျထဲမှာတော့ အမေက အေးအေးဆေးဆေးပဲလို့ ထင်ရပေမဲ့ တကယ်တမ်းတော့ တော်တော်လေး စိတ်ပူနေခဲ့တာ ဖြစ်ရမယ်။ အမေက သက်ပြင်းအသာလေးချပြီး အခန်းထဲ ပြန်ဝင်သွားတယ်။ မာရူးကလည်း အမေ့ကို အသာလေး ဦးညွှတ်နှုတ်ဆက်လိုက်ပြီး ရေချိုးဖို့ ရေချိုးခန်းထဲ ဝင်ခဲ့တာပေါ့။ ရေချိုးပြီး ပြန်ထွက်လာတော့ ည ၁ နာရီတောင် ရှိနေပြီ။ ဒီအတိုင်းပဲ အိပ်ရာဝင်လိုက်ရင် ကောင်းမလားလို့ စဉ်းစားမိပေမဲ့ စာပွဲမှာပဲ ပြန်ထိုင်လိုက်မိတယ်။
‘ခန်းမကြီး… အင်း ပေါ့လေ’
သူ့ရဲ့ ဇာတ်ညွှန်းကို ထုတ်ပြီး ဘောပင်ကို ကိုင်လိုက်တယ်။ ယန်မီဆိုရဲ့ စိတ်ပျက်နေတဲ့ မျက်နှာကြီးကို သူ့ခေါင်းထဲမှာ မြင်ယောင်နေတုန်းပဲ။ သူငယ်ချင်းတွေနဲ့အတူ ခဲခဲယဉ်းယဉ်း တည်ဆောက်ခဲ့ရတဲ့ မျှော်စင်ကြီးက ဒီလောက်အလွယ်တကူ ပြိုလဲတော့မယ်ဆိုတဲ့ အမှန်တရားကို ဆရာမက လက်မခံနိုင်တာ ဖြစ်ရမယ်။
ကားပေါ်မှာတုန်းက ဆရာမပြောခဲ့တဲ့ စကားလုံးတွေထဲမှာ ဒေါသတွေနဲ့ စိတ်ပျက်မှုတွေ အပြည့်ပါနေတာလေ။ အဲဒီလို ခံစားချက်မျိုးကို ကြားလိုက်ရတော့ မာရူးလည်း တစ်ဖက်တစ်လမ်းက တာဝန်ရှိသလိုမျိုး ခံစားလိုက်ရတယ်။ လူသားတွေက အမြဲတမ်း အနာဂတ်ကို ဦးတည်ပြီး လျှောက်လှမ်းနေကြတာ မှန်ပေမဲ့ သူတို့ရဲ့ တွန်းအားတွေကတော့ အမှတ်တရတွေကနေပဲ လာတတ်တာမျိုးလေ။
အကယ်၍ ယန်မီဆိုသာ ကားပေါ်မှာ အဲဒီလောက်အထိ စိတ်မတိုခဲ့ဘူးဆိုရင် မာရူးကလည်း ဒါကို ဘဝရဲ့ အမှန်တရားတစ်ခုအနေနဲ့ပဲ လက်ခံပြီး ကျော်ဖြတ်သွားမိမှာပါ။ ဘာပဲဖြစ်ဖြစ် ခန်းမကြီး မရှိလည်း ကလပ်အခန်းထဲမှာပဲ လေ့ကျင့်လို့ ရတာပဲလေ။ ဒါပေမဲ့ ယန်မီဆိုက တကယ်ကို စိတ်တိုသွားခဲ့တာ။
အဲဒီဒေါသတွေက ကလပ်အဖွဲ့ဝင်တွေအပေါ်မှာပါ သက်ရောက်သွားခဲ့တယ်။ ဒါဟာ သူတို့ကို ကူညီပေးဖို့ တောင်းဆိုနေတဲ့ ဆရာမရဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်နိုင်တာပေါ့။ ဘာလို့လဲဆိုတော့ ဆရာမက ‘သေချာ ကြိုးစားကြစမ်းပါ’ လို့ လူတွေကို အလွယ်တကူ ပြောတတ်တဲ့ အမျိုးအစားမှ မဟုတ်တာ။ သူတို့တွေ တကယ်ကို တော်လာစေချင်လို့ပဲ ဆရာမက အဲဒီလောက်အထိ ဖိအားပေးနေတာ ဖြစ်ရမယ်။
အမှန်အတိုင်း ပြောရရင် ဒီနေ့ မြင်လိုက်ရတဲ့ ယန်မီဆိုရဲ့ ပုံစံကို မာရူး တော်တော်လေး သဘောကျမိတယ်။ ကိုယ်လုပ်တဲ့ အလုပ်အပေါ်မှာ တကယ်ကို အလေးအနက်ထားရုံတင်မကဘဲ ပိုပြီး လွယ်ကူတဲ့ လမ်းကြောင်းတွေ ရှိနေရက်နဲ့ ခက်ခဲတဲ့ လမ်းကိုပဲ ယုံကြည်ချက်အပြည့်နဲ့ လျှောက်လှမ်းတဲ့သူမျိုးကို တွေ့ရဖို့က မလွယ်ဘူးလေ။ ယန်မီဆိုက အခုဆိုရင် မိုးပြာရောင်ကလပ်ရဲ့ အဖွဲ့ဝင်တောင် မဟုတ်တော့ဘူး။ ဒါပေမဲ့လည်း သူက တခြားဘယ်သူ့ထက်မဆို ကလပ်အပေါ်မှာ ပိုပြီး အာရုံစိုက်နေတာပေါ့။
ပရော်ဖက်ရှင်နယ်တွေတောင်မှ အဲဒီလောက်အထိ မလုပ်ကြဘူးလေ။ ပရော်ဖက်ရှင်နယ်ဆိုတာ လူတွေကြားမှာ သူတို့ရဲ့ တန်ဖိုးကို သက်သေပြပြီး အဲဒီအတွက် အခကြေးငွေ ပြန်ရတဲ့သူတွေလေ။ ကျောင်းက ယန်မီဆိုကို ပေးတဲ့ ပိုက်ဆံဆိုတာ ဆရာမရဲ့ တန်ဖိုးနဲ့ ယှဉ်ရင် တကယ့်ကို နည်းလွန်းပါတယ်။
ဘယ်ပရော်ဖက်ရှင်နယ်မှ သူတို့ရဲ့ တန်ဖိုးနဲ့ မညီတဲ့နေရာမျိုးမှာ အလုပ်မလုပ်ကြဘူးလေ။ ပြီးတော့ ကျောင်းမှာ လာသင်ပေးနေတာက ဆရာမရဲ့ ကိုယ်ရေးရာဇဝင်အတွက်လည်း ထူးပြီး အကျိုးရှိလှတာမျိုး မဟုတ်ဘူး။ ဒါတင်မကသေးဘဲ ဆရာမက ဒီကလပ်အတွက် သူ့ရဲ့ အားအင်တွေကို တော်တော်လေး အသုံးချနေတာ။ နောက်ဆုံးတော့လည်း သူက ကိုယ်ရေးကိုယ်တာ သံယောဇဉ်ကြောင့်ပဲ ဒီမှာ ရှိနေတာပေါ့။
ဒီကလပ်က သူ့အတွက် တကယ့်ကို တန်ဖိုးရှိတဲ့ အရာတစ်ခု ဖြစ်ရမယ်။ အဲဒါကြောင့်ပဲ မာရူးက ဆရာမအတွက် စိတ်မကောင်း ဖြစ်မိတာပေါ့။
မာရူးက ဇာတ်ညွှန်းကို အာရုံစိုက်ရင်း လက်ထဲက ဘောပင်ကို လှည့်ကစားနေမိတယ်။ အခုလောလောဆယ် သူ လုပ်နိုင်တာဆိုလို့ ဒါပဲ ရှိတာလေ။ သူ့ရဲ့ ဇာတ်ကောင်ကို အသက်ဝင်လာအောင် လုပ်ရမယ်၊ စင်ပေါ်မှာ တကယ့်လူတစ်ယောက်လို ဖြစ်နေအောင် ဖန်တီးရမယ်လေ။
“ဆရာမက ဒီလောက်အထိ အလေးအနက်ထားနေမှတော့ ငါလည်း တကယ်ကို ကြိုးစားမှ ဖြစ်တော့မယ်”
ဆရာမရဲ့ ခံစားချက်တွေကို အနည်းငယ်လောက်တောင် ပြန်ပြီး မတုံ့ပြန်နိုင်ဘူးဆိုရင် သူက လူကောင်းတစ်ယောက် မဟုတ်တော့ဘူးပေါ့။ မာရူးက နောက်ထပ် မိနစ်အနည်းငယ်လောက်ကို သူ့ရဲ့ စကားလုံးတွေကို ခွဲခြမ်းစိတ်ဖြာပြီး စင်ပေါ်မှာ ရှိနေမယ့် သူ့ကိုယ်သူ စိတ်ကူးကြည့်နေမိတယ်။ အဲဒီအချိန်မှာပဲ သူ့ဖုန်းက တုန်ခါလာတာပေါ့။ ဒေးမြောင်ဆီက လာတဲ့ မက်ဆေ့ခ်ျပဲ။
“မအိပ်သေးဘူးလား”
မာရူးက “မအိပ်သေးဘူး” လို့ ပြန်ပို့လိုက်တယ်။
“ဆရာမ ယန်မီဆိုက တကယ်ကို စိတ်ပျက်သွားပုံပဲနော်။ ငါတို့တွေ ပျင်းနေကြတယ်လို့ ဆရာမ ပြောခဲ့တာကိုပဲ ငါ ခဏခဏ ပြန်တွေးနေမိတယ်”
မာရူးရဲ့ မျက်စိထဲမှာ ဒေးမြောင်တစ်ယောက် ဖုန်းမျက်နှာပြင်ရဲ့ ဟိုဘက်မှာ စိတ်ဓာတ်ကျနေမယ့် ပုံစံကို မြင်ယောင်နေမိတယ်။ ဒီကောင်လေးက ညဉ့်နက်လာလေလေ ပိုပြီး စိတ်မကောင်း ဖြစ်လာလေလေ ဖြစ်ရမယ်။ မာရူးက ခဏလောက် စဉ်းစားပြီး ယန်မီဆို သူ့ကို ပြောပြခဲ့တာတွေကို ဒေးမြောင်ကို အကျဉ်းချုပ် ပြန်ပြောပြလိုက်တယ်။ ဒေးမြောင်က လျှို့ဝှက်ချက် ထိန်းနိုင်တဲ့သူဆိုတော့ ဘာတွေ ဖြစ်နေလဲဆိုတာ ပြောပြလိုက်လည်း အဆင်ပြေမှာပါ။
“တကယ်လား။ ဒါဆို ငါတို့သာ ဒီမှာ ရှုံးသွားရင် ဘေ့စ်ဘောအသင်းကို ဖယ်ပေးလိုက်ရတော့မှာပေါ့နော်”
“ဖြစ်နိုင်တာပဲ”
“ငါတို့ ဘာလုပ်ကြမလဲ”
“ငါတို့ တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားရမှာပေါ့”
အဲဒီနောက်မှာတော့ ဒေးမြောင်ဆီက ဘာပြန်စာမှ မလာတော့ဘူး။ သူလည်း ဇာတ်ညွှန်းကို ပြန်ဖတ်နေတာ ဖြစ်ရမယ်။
“တတ်နိုင်သမျှ... အကောင်းဆုံး ကြိုးစားမယ်”
ဒါက မာရူး ကိုယ့်ကိုယ်ကိုယ် ပေးလိုက်တဲ့ ကတိပဲ။ လူတွေက ‘ဘာလုပ်ရမှန်း မသိတော့ဘူး’ လို့ ပြောတတ်ကြပေမဲ့ အဲဒီလို မေးနေတဲ့သူ အများစုရဲ့ ရင်ထဲမှာတော့ အဖြေက ရှိပြီးသားပါ။ အဖြေက ရိုးရိုးလေးပဲ မဟုတ်လား။ တစ်ခုခုကို လိုချင်ရင် အဲဒါနောက်ကို လိုက်ရုံပဲလေ။ အဲဒီစကားလုံးကို နည်းနည်းလောက် ပြင်ဆင်လိုက်ရင်တင် ကျေနပ်စရာကောင်းတဲ့ အဖြေတစ်ခု ရနိုင်တာပဲ။
နောက်ဆုံးတော့ နည်းလမ်းက အရေးကြီးတာ မဟုတ်ဘူး။ ကိုယ်လုပ်နေတဲ့ အလုပ်အပေါ်မှာ ဘယ်လောက်အထိ အာရုံစိုက်ထားလဲဆိုတာကသာ အဓိကပဲ။
ခြစ်... ခြစ်...
မာရူးရဲ့ ဘောပင်က ဇာတ်ညွှန်းပေါ်မှာ လှုပ်ရှားနေတယ်။ ဒီညကတော့ တော်တော်လေး ရှည်လျားမယ့်ပုံပဲ။ သူ ဒါကို သေချာပေါက် သိနေတာပေါ့။
* * * * * * * * *
မနေ့ညက လေ့ကျင့်မှ ဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့တာ မာရူး တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ ဒိုဂျင်ရဲ့ မျက်လုံးအောက်က အကွင်းကြီးတွေကို မြင်တော့မှ သိလိုက်ရတယ်။
“မအိပ်ရဘူးလား”
“ဘယ်လိုလုပ် အိပ်လို့ ရမှာလဲ”
ဒိုဂျင်က ဟောင်းနွမ်းနေတဲ့ သူ့ရဲ့ ဇာတ်ညွှန်းကို မြှောက်ပြရင်း ပြုံးပြလိုက်တယ်။
“ဘယ်လိုလဲ... ဝါး...”
ဒေးမြောင်က မျက်လုံးတွေ မှေးစင်းရင်း အတန်းထဲကို နောက်ကနေ ဝင်လာတယ်။
“မင်း ဘယ်အချိန်မှ အိပ်တာလဲ”
“၄ နာရီလောက်မှ ထင်တယ်”
“ဒါဆို ဘယ်လို နိုးလာတာလဲ”
“နှိုးစက်တွေပေါ့ကွာ။ အခုတော့ လဲကျတော့မလိုပဲ”
ဒေးမြောင်က တုန်တုန်ရင်ရင်နဲ့ သူ့လွယ်အိတ်ကို စားပွဲပေါ် တင်လိုက်တယ်။ သူတို့ သုံးယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးလိုက်မိကြတာပေါ့။
“ပထမဆုံး အချိန်က ဘာလဲ”
“သင်္ချာ”
“ဒါဆို ငါတို့သာ အိပ်ပျော်သွားရင်တော့ သေပြီသာ မှတ်တော့”
“မျက်လုံးကို တိပ်နဲ့ ကပ်ထားလိုက်ပါလား”
မာရူးက သူတို့ နှစ်ယောက်ကို ပီကေ တစ်ခုစီ ပေးလိုက်တယ်။ ဘတ်စ်ကားမောင်းတဲ့ အချိန်တုန်းက ညပိုင်းတွေ အလုပ်ဆင်းရတာ များလို့ အမြဲတမ်း ပီကေ ဆောင်ထားတတ်တဲ့ အကျင့် ရှိနေတာလေ။
“နေ့လယ်စာ စားချိန်အထိတော့ အားတင်းထားကြဦး”
“ငါတော့ ပထမဆုံး အချိန်မတိုင်ခင် ခဏလောက် အိပ်လိုက်ဦးမယ်”
“ငါလည်း တူတူပဲ”
မာရူးလည်း သူ့သူငယ်ချင်းတွေနဲ့အတူ စားပွဲပေါ်မှာ ခွေကျသွားတော့တယ်။ အခုလို အခြေအနေက သူ့ကို ကျောင်းတုန်းက အတန်းထဲမှာ အမြဲ အိပ်နေတတ်တဲ့ သူငယ်ချင်းတစ်ယောက်ကို သတိရစေတယ်။ အဲဒီကောင်လေးရဲ့ နာမည်ကိုရော မျက်နှာကိုရော မမှတ်မိတော့ပေမဲ့ ကျောင်းသားဟောင်းတွေ ပြန်ဆုံကြတဲ့ပွဲမှာ သူက Benz ကားကြီးနဲ့ လာခဲ့တာကိုတော့ မှတ်မိနေတယ်။ အဲဒီတုန်းကတော့ ဒီလောက် အိပ်နေတဲ့သူက ဘယ်လိုလုပ် အောင်မြင်သွားတာလဲလို့ အကုန်လုံးက အံ့ဩခဲ့ကြပေမဲ့ အခုတော့ မာရူး ဒါကို နားလည်သွားပြီ။
‘မျက်မြင်ကိုယ်တွေ့ မြင်ရတာက အရာအားလုံး မဟုတ်ဘူးပေါ့’
မာရူး မျက်လုံးတွေကို မှိတ်လိုက်တယ်။
* * * * * * * * *
“အသက်ရှင်ကျန်ခဲ့သေးတယ်ပေါ့”
“အေးလေ”
သူတို့တွေ နောက်ဆုံးအချိန်အထိ အိပ်မပျော်အောင် ပေါင်ကို ဆိတ်ပြီး တောင့်ခံခဲ့ကြရတာ။ အတန်းပိုင်ဆရာက ပြန်လို့ရပြီလို့ ပြောလိုက်တာနဲ့ ငါးထပ်က ခန်းမဆီကို တန်းပြေးခဲ့ကြတယ်။
“ငါ အမြဲ စဉ်းစားမိတယ်၊ ဘာလို့ ကျောင်းဆင်းလိုက်တာနဲ့ အိပ်ချင်တာတွေ အကုန် ပျောက်သွားတာလဲလို့”
“နေပါဦး၊ မင်းက အခုလို အချိန်မျိုးမှာမှ လူသားတွေရဲ့ အကြီးမားဆုံး ပဟေဠိကို အဖြေရှာချင်နေတာလား”
မာရူးရဲ့ စကားကို ဒိုဂျင်က ခေါင်းညိတ် ထောက်ခံလိုက်တယ်။ အခုလောလောဆယ်တော့ တခြားအရာတွေ တွေးမနေဘဲ လေ့ကျင့်ဖို့ကိုပဲ အာရုံစိုက်ရမယ်လေ။ သူတို့ သုံးယောက် ခန်းမတံခါးကို ဖွင့်လိုက်တယ်။ ဘယ်သူမှ ရောက်မလာသေးဘူး။
“ကဲ... စကြစို့”
တချို့က မေးကြလိမ့်မယ်၊ ‘အကြိုပြိုင်ပွဲက အရမ်းနီးနေပြီကို ဘာလို့ အသည်းအသန် ကြိုးစားနေတာလဲ။ အခုအချိန်မှာ အများကြီး တိုးတက်လာမှာလည်း မဟုတ်ဘဲနဲ့’ လို့ပေါ့။ ဒါပေမဲ့ ပြန်ပြီး ချေပလို့ ရတာကတော့ ‘အဆုံးထိ အသေအလဲ မကြိုးစားခဲ့ဘူးဆိုရင် မင်း ရှုံးသွားတဲ့အခါမှာ နောင်တရပိုင်ခွင့်တောင် မရှိဘူး။ အဲဒီလိုမျိုး ဖြစ်ချင်တာလား’ ဆိုတာပဲလေ။
သူတို့တွေ အကြောဆန့်ပြီးတာနဲ့ ဇာတ်ညွှန်းကို တန်းဖတ်ကြတော့တယ်။ ဒီတစ်ခါတော့ စာဖတ်နေရုံသက်သက် မဟုတ်ဘူး။ ခံစားချက်တွေကို အစွမ်းကုန် ထည့်ထားကြတာ။ မရောက်သေးတဲ့ ကျောင်းသားတွေရဲ့ နေရာမှာပါ အလှည့်ကျ ဝင်ဖတ်ပေးရင်း လေ့ကျင့်ခန်းကို ဆက်လုပ်နေကြတယ်။
“ဒီနေရာမှာ မင်း လက်မြှောက်လိုက်ရင် ပိုကောင်းမလား”
“အဲဒါဆိုရင် ရှုပ်သွားမှာ မဟုတ်ဘူးလား”
“ဒီမှာ... ငါ့ကို တစ်ချက်လောက် ကြည့်ပေးဦး”
ဒိုဂျင်ရဲ့ တောင်းဆိုချက်ကြောင့် မာရူးနဲ့ ဒေးမြောင်က ယန်မီဆို ထိုင်နေကျ နေရာမှာ သွားထိုင်လိုက်ကြတယ်။ ဒိုဂျင်က သူ့ရဲ့ စကားလုံးကို ပြောရင်း သူပြောသလို လက်မြှောက်ပြတယ်။ ဒိုဂျင်က သူ့ရဲ့ ဇာတ်ကောင်က ‘ခေါင်းကို အားနာသလို ကုပ်တာ’ အစား ‘လက်မြှောက်ပြီးမှ ပြန်ချလိုက်တာ’ မျိုး ပြောင်းချင်နေတာလေ။ ဒိုဂျင်က ခေါင်းနားအထိ လက်မြှောက်လိုက်ပြီးမှ အလယ်မှာ ရပ်လိုက်ပြီး ပြုံးပြတယ်။
“ဟေး... မဆိုးဘူးပဲ”
“ဟုတ်တယ်မလား။ မနေ့ညက စဉ်းစားမိတာ၊ ခေါင်းကုပ်ရင်း ပြုံးပြတာက တစ်မျိုးကြီး ဖြစ်နေသလိုပဲ”
အဲဒီလို ပြင်ဆင်မှုလေး လုပ်ပြီးတဲ့နောက် သူတို့ စာဖတ်တာကို ဆက်လုပ်ကြတယ်။ စက်ရုပ်လိုမျိုး လေ့ကျင့်နေကျ ပုံစံခွက်တွေအစား စကားလုံး တစ်လုံးချင်းစီအပေါ် စိုးရိမ်ပူပန်မှုတွေနဲ့ ဆွေးနွေးမှုတွေ လုပ်လာကြတာပေါ့။ အဲဒီ အပြောင်းအလဲလေးက သူတို့ကို အမြဲတမ်း ပျင်းရိနေတတ်တဲ့ သံသရာထဲကနေ အနည်းငယ် ရုန်းထွက်လာစေတယ်။
တကယ်တော့ ကလပ်က ကြိုးစားတာတော့ ကြိုးစားပါတယ်။ ဒါပေမဲ့ တကယ်ကို အလေးအနက်ထားပြီး သေသေချာချာ လေ့ကျင့်ခဲ့သလားလို့ မေးရင်တော့ ‘ဟုတ်ကဲ့’ လို့ ဖြေနိုင်မှာ မဟုတ်ဘူး။ လုံလောက်တဲ့ စိုးရိမ်စိတ်လေးနဲ့ လေ့ကျင့်တာက အဖွဲ့တစ်ခုကို တဖြည်းဖြည်း ပြည့်စုံလာစေပေမဲ့ ပုံစံခွက်ထဲမှာပဲ နေသားကျသွားရင်တော့ နောက်ဆုံးမှာ ပေါ့လျော့လာတတ်တာမျိုးလေ။ သူတို့တွေ အစွမ်းကုန် ကြိုးစားနေတာလား၊ ဒါမှမဟုတ် ပျင်းနေကြတာလားဆိုတဲ့ မေးခွန်းအတွက် မနေ့ညက ယန်မီဆိုရဲ့ အမူအရာက အဖြေကောင်းတစ်ခု ဖြစ်ခဲ့တာပေါ့။
သူတို့ သုံးယောက်တည်း လေ့ကျင့်နေတုန်းမှာပဲ တခြားအဖွဲ့ဝင်တွေလည်း တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြတယ်။ ရယ်စရာကောင်းတာက အားလုံးက တော်တော်လေးကို အိပ်ချင်နေမယ့် ပုံစံတွေပဲ။ မနေ့ညက ဘယ်သူမှ ကောင်းကောင်း အိပ်ခဲ့ကြပုံ မရဘူး။
“အားလုံးပဲ အဆင်ပြေပြေ ပြန်ရောက်ကြရဲ့လား”
“ဟုတ်ကဲ့။ စီနီယာရော အဆင်ပြေရဲ့လား”
“ပြေတာပေါ့။ ကဲ ကဲ... အားလုံးက အသက်ရှင်လျက် ရှိနေကြသေးတာဆိုတော့ လေ့ကျင့်ခန်း စကြစို့”
အဖွဲ့ဝင်သစ် တစ်ယောက် ရောက်လာတိုင်း ပထမဆုံး အခန်းကို ပြန်ပြန်ပြီး လေ့ကျင့်ကြတယ်။ အဲဒီလိုနဲ့ပဲ ခဏနေတော့ တစ်ကလပ်လုံး စုံသွားတာပေါ့။
“သရုပ်ဆောင်တာတွေကို မပြင်ခင်မှာ အမှားတစ်ချက်မှ မပါအောင် အစအဆုံး အရင် လုပ်ကြည့်ရအောင်။ ဆရာမ ယန်မီဆို မလာခင် နှစ်ခေါက်လောက်တော့ အပြီး လုပ်ရမယ်နော်”
ယွန်းဂျုံက လက်ကမ်းပေးရင်း အဖွဲ့ဝင်အားလုံးကို ဝေ့ကြည့်လိုက်တယ်။ မာရူးက သူ့လက်ပေါ်ကို သူ့လက် တင်လိုက်ပြီး ကျန်တဲ့သူတွေကလည်း လိုက်လုပ်ကြတာပေါ့။
“မိုးပြာရောင်”
“ဖိုက်တင်း”
အားလုံးက ဟစ်ကြွေးသံလေးနဲ့အတူ လူစုခွဲလိုက်ကြတယ်။ မနေ့ကလိုပဲ လူတွေက အတူတူ၊ နေရာက အတူတူ၊ အချိန်က အတူတူပဲ ဖြစ်နေပေမဲ့ တစ်ခုခုတော့ ပြောင်းလဲသွားပြီ။ ယန်မီဆို ပစ်ချလိုက်တဲ့ ဗုံးက လူတိုင်းကို နိုးထသွားစေတဲ့ သတိပေးသံ ဖြစ်ခဲ့တာပေါ့။ မာရူးရဲ့ ရင်ထဲမှာလည်း အားအင်တွေ ပြည့်လျှံလာတာကို ခံစားနေရတယ်။
တကယ်တော့ သူ ပြုံးမိသွားတာ။ ပြဇာတ်ကလပ်က ဘာလုပ်မှာလဲ။ သူတို့အားလုံးက ရိုးရှင်းပြီး စမတ်ကျတဲ့ အဖြေတစ်ခုကို အတူတူ ရှာတွေ့ခဲ့ကြတာ။ အဲဒီအဖြေက ရိုးရိုးလေးမို့လို့ အခုထိ ဘယ်သူမှ မစဉ်းစားမိခဲ့ကြတာ။ သူတို့တွေ သရုပ်ဆောင်ကြမှာလေ။ လေ့ကျင့်ဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ ခန်းမတံခါးကြီး ပွင့်လာတယ်။
ယန်မီဆိုလား
“အို... ကျောင်းသားတွေ ရောက်နေကြပြီပဲ”
ဝင်လာတဲ့သူက ကြင်နာတတ်မယ့်ပုံရှိတဲ့ အသက်လတ်ပိုင်း လူကြီးတစ်ယောက်။ သူ့နောက်မှာတော့ ရင်းနှီးနေတဲ့ မျက်နှာနဲ့ လူပုလေး တစ်ယောက် ပါလာတယ်။ ကျောင်းသားတွေက အရပ်ပုလွန်းလို့ ‘လူပုလေး’ လို့ နာမည်ပြောင်ပေးထားတဲ့ ကျောင်းအုပ်ကြီးပေါ့။ ဒါဆိုရင်တော့... ကျောင်းအုပ်ကြီးရဲ့ ရှေ့က အရပ်ရှည်ရှည် လူကြီးက ကျောင်းရဲ့ ဥက္ကဋ္ဌပေါ့။ တခြားသူတွေကတော့ ကြောင်ပြီး ရပ်ကြည့်နေကြတုန်းမှာ မာရူးက အရင်ဆုံး ရှေ့ထွက် နှုတ်ဆက်လိုက်တယ်။
“မင်္ဂလာပါ ဥက္ကဋ္ဌကြီး၊ ကျောင်းအုပ်ကြီး”
“အာ... အေးအေး။ ငါက ဥက္ကဋ္ဌဆိုတာ မင်း ဘယ်လိုသိတာလဲ ဟားဟား”
ဥက္ကဋ္ဌကြီးက သဘောကျပြီး ရယ်မောတယ်။ ကျောင်းအုပ်ကြီးကလည်း ဂုဏ်ယူသလိုမျိုး ပြုံးနေတာပေါ့။
“မင်းတို့တွေ ခဏလောက် အပြင်ထွက်နေကြပါဦး” လို့ ကျောင်းအုပ်ကြီးက ပြောတယ်။
မာရူးကတော့ စိတ်ထဲကနေ ခါးခါးသီးသီး ပြုံးမိသွားတာပေါ့။ ဘာတွေ ဖြစ်နေလဲဆိုတာ သူ ရိပ်မိလိုက်ပြီ။ ဥက္ကဋ္ဌကြီးက ဒီနေရာကို သိမ်းပိုက်ဖို့ တော်တော်လေး လောဘတက်နေပုံပဲ။ အဲဒီအချိန်မှာပဲ သူတို့နောက်ကနေ လူတစ်ယောက် ထပ်ပေါ်လာတယ်။ ဘေ့စ်ဘောအသင်းရဲ့ နည်းပြပဲ။
ကလပ်အဖွဲ့ဝင်တွေကတော့ ဘာတွေဖြစ်နေမှန်း မသိဘဲ ခန်းမထဲကနေ ထွက်လာခဲ့ကြတယ်။ မာရူးကတော့ ပါးစပ်ပိတ်ထားပြီး ဒေးမြောင်ကို တစ်ချက် လှမ်းကြည့်လိုက်တယ်။ ဒီကိစ္စကို ယန်မီဆို ဒါမှမဟုတ် တေးဆစ်ကပဲ အဖွဲ့ဝင်တွေကို ရှင်းပြသင့်တာလေ။ အခုအချိန်မှာ သူတို့က ဘာမှ ပြောပိုင်ခွင့် မရှိသေးဘူး။
“ဟိုမှာ ဘေ့စ်ဘော နည်းပြ မဟုတ်လား”
“အေးလေ”
“ဥက္ကဋ္ဌကြီးနဲ့ ကျောင်းအုပ်ကြီးက ဒီမှာ ဘာလာလုပ်တာလဲ”
“မသိဘူးလေ”
ဒုတိယနှစ်တွေက တစ်ယောက်နဲ့တစ်ယောက် တိုးတိုးတိုးတိုး ပြောနေကြတယ်။ သူတို့တွေ ဘာသတင်းမှ မကြားရသေးတာ သေချာတယ်။ မိနစ် ၂၀ လောက် စောင့်ပြီးတဲ့နောက်မှာတော့ လူကြီး သုံးယောက်စလုံး ခန်းမထဲက ပြန်ထွက်လာကြတယ်။ သူတို့တွေက တော်တော်လေးကို ပျော်ရွှင်နေတဲ့ မျက်နှာတွေနဲ့ လှေကားကနေ ဆင်းသွားကြရင်း ကလေးတွေကို ကြိုးစားကြဖို့ ပြောသွားကြတယ်။
မာရူးအတွက်တော့ အဲဒီစကားလုံးတွေက သေဒဏ်ပေးလိုက်သလိုမျိုးပဲ။ CEO တစ်ယောက်က အလုပ်ထုတ်ခံလိုက်ရတဲ့ ဝန်ထမ်းကို ‘အကုန်လုံး အဆင်ပြေသွားမှာပါ’ လို့ ပြောလိုက်သလိုမျိုးပေါ့။
“ဘာတွေ ဖြစ်နေတာလဲ”
အားလုံးက ကြောင်တောင်တောင် ဖြစ်နေတုန်းမှာ ယန်မီဆို လှေကားကနေ တက်လာတာကို တွေ့လိုက်ရတယ်။ လမ်းမှာ ဥက္ကဋ္ဌကြီးနဲ့ ဆုံပေမဲ့ ဆရာမက လုံးဝကို လျစ်လျူရှုပြီး ကျော်တက်လာခဲ့တာ။ ဥက္ကဋ္ဌကြီးနဲ့ ကျောင်းအုပ်ကြီးရဲ့ မျက်နှာတွေ ပျက်သွားတာကို မာရူး သတိထားမိလိုက်တယ်။
ယန်မီဆို ငါးထပ်ကို ရောက်ရောက်ချင်း ပြောလိုက်တဲ့ စကားက တစ်ခွန်းတည်းပါ။
“စိတ်ရှုပ်စရာတွေ”
“... အခုနက လူကြီးတွေက ဥက္ကဋ္ဌကြီးနဲ့ ကျောင်းအုပ်ကြီးဆိုတာ ဆရာမ သိတယ် မဟုတ်လား” လို့ မာရူးက မေးလိုက်တယ်။
ယန်မီဆိုက ဒါက သိသိသာသာကြီးပဲဆိုတဲ့ ပုံစံမျိုးနဲ့ ခေါင်းညိတ်ပြတယ်။ တကယ့်ကို အံ့ဩစရာကောင်းတဲ့ အမျိုးသမီးပဲ။
* * * * * * * * *