အခန်း (၁၃၅-၁၃၆)
Vol. 14 Ch. 135-136
အခန်း(၁၃၅)
ယန်မီဆိုက အခြေအနေတွေကို အဖွဲ့ဝင်တွေကို ရှင်းပြဖို့ အရင်ဆုံးပြင်လိုက်တာပေါ့။ မာရူးလည်း အဲဒီစကားတွေကို နားထောင်နေရင်းနဲ့ မသိမသာဟန်ဆောင်ပြီး တုံ့ပြန်ပြနေမိတယ်။ အကယ်၍ သူသာ အရမ်းကြီးတည်ငြိမ်နေရင် ဒိုဂျင်က တစ်ခုခုရိပ်မိသွားမှာ သေချာတယ်လေ။
“ငါ ထင်ထားတာထက်တောင် အခြေအနေက ပိုမြန်နေပါလား။ ဒီအချိန်ဆို သူတို့တွေ အကုန် ဆုံးဖြတ်ပြီးလောက်ပြီ ထင်တယ်”
ယန်မီဆိုက ခန်းမကြီးထဲကို ဖြည်းဖြည်းချင်း ဝေ့ကြည့်လိုက်တယ်။ ဒုတိယနှစ်တွေရဲ့ မျက်နှာကတော့ မည်းမှောင်သွားတာပေါ့။ သူတို့တွေ ဒီခန်းမထဲမှာ အချိန်တွေ အများကြီး ကုန်ဆုံးခဲ့ကြတာလေ။ အခုလို နေရာလေးကို ဖယ်ပေးလိုက်ရမယ်ဆိုတော့ သူတို့အတွက် တော်တော်လေး ခံစားရမှာ အမှန်ပဲ။
“ဒါကို တားလို့ရမယ့် နည်းလမ်း မရှိဘူးလား။ ကျွန်မတို့ ဒီကနေ ထွက်မသွားချင်ဘူး” လို့ ယွန်းဂျုံက သူ့လက်ကလေးနှစ်ဖက်ကို တင်းတင်းဆုပ်ရင်း ပြောလိုက်တယ်။
ဒီမိန်းကလေးက သရုပ်ဆောင်ရတာထက် ပြဇာတ်ကလပ်မှာ ရှိနေရတာကို ပိုပြီး မြတ်နိုးတဲ့သူပါ။ သူ့အတွက်တော့ ဒီနေရာလေးက ခိုနားရာ အမိုးအကာလေးတစ်ခုလိုပဲလေ။ ကိုယ့်ရဲ့ ခိုလှုံရာလေးကို ဆုံးရှုံးရတယ်ဆိုတာက တကယ့်ကို ကြေကွဲစရာ ကိစ္စပဲ မဟုတ်လား။ သူ တတိယနှစ် ရောက်ရင်တော့ ကလပ်မှာ ဆက်မရှိတော့မှာ မှန်ပေမဲ့ ဒီမှာ ကုန်ဆုံးခဲ့တဲ့ အချိန်တွေကတော့ တန်ဖိုးရှိနေဆဲပါပဲ။
“တို့တွေ အစွမ်းကုန် ကြိုးစားကြည့်ကြရမှာပေါ့”
“အဲဒါအပြင် တခြားရော”
“ပိုပြီးတော့ ကြိုးစားရမှာပေါ့။ တစ်ယောက်ယောက် ပြောဖူးသလိုပဲ ဒါက ပိုက်ဆံနဲ့ ပတ်သက်တဲ့ လူကြီးတွေရဲ့ ပြဿနာလေ။ ကျောင်းသားတွေဝင်ပါလို့ရတဲ့ ကိစ္စမျိုး မဟုတ်ဘူး။ မင်းတို့ လုပ်နိုင်တာဆိုလို့ တစ်နယ်လုံးက အာရုံစိုက်လာအောင်လုပ်ဖို့ပဲ ရှိတယ်။ ဒါပေမဲ့ ပြိုင်ပွဲဆိုတာကလည်း အခုချိန်မှာ သိပ်ပြီး အရေးမပါတော့ပါဘူး။ သရုပ်ဆောင်တာကလည်း ဘာအကျိုးအမြတ်မှ ထူးပြီး ရတာမျိုး မဟုတ်ဘူးလေ။ ဒီဘက်ခေတ်မှာ ကြည့်စရာတွေကလည်း အများကြီး ရှိနေတာကိုး”
တကယ့် သရုပ်ဆောင်တစ်ယောက်ဆီကနေ အဲဒီလို စကားမျိုး ကြားလိုက်ရတော့ မာရူး ရင်ထဲမှာ နည်းနည်းတော့ နာကျင်သွားရတယ်။ ယန်မီဆိုက ခါးခါးသီးသီး ပြုံးလိုက်ပြီးမှ လက်ခုပ်ကို ကျယ်ကျယ်လောင်လောင် တီးလိုက်တာပေါ့။
“ကဲ... လေ့ကျင့်ခန်း ပြန်လုပ်ကြစို့။ အရင်ကထက် ပိုပြီး ကြိုးစားကြရမယ်နော်။ ကြားလား”
“... ဟုတ်ကဲ့”
“အသံက တိုးလိုက်တာ။ ပိုပြီး ကျယ်ကျယ်ပြောစမ်း”
“ဟုတ်ကဲ့”
“ကောင်းပြီ။ အားလုံးလည်း အကြောဆန့်ပြီးသွားပြီဆိုတော့ စလိုက်ကြရအောင်။ ဒီနေ့ စင်ပေါ်က အနေအထားတွေနဲ့ ဝတ်စုံတွေကိုပါ တစ်ခါတည်း စစ်ကြမယ်။ ပြင်လို့ရတာ ပြင်မယ်၊ မရတာဆိုရင် ဝယ်ကြတာပေါ့။ ရက်က သိပ်မကျန်တော့ဘူးနော်။ အာရုံစိုက်ကြစမ်း”
* * * * * * * * *
ပြဇာတ်ရဲ့ အစပိုင်းကတော့ မျက်စိတစ်မှိတ်အတွင်းမှာတင် ပြီးဆုံးသွားခဲ့တာပေါ့။ ဒေးမြောင်ရဲ့ ထူးထူးဆန်းဆန်း တစ်ကိုယ်တော် ပြောစကားတွေအပြီးမှာ ဂွန်ဆော့က အိမ်အပြန်လမ်းကို ရောက်နေပြီလေ။
“ဟေး... လူလေး”
“ဗျာ”
“ဒီမြို့ထဲက လူထူးလူဆန်းတွေကြောင့် အသားကျဖို့ ခက်နေတယ် မဟုတ်လား။ ငါ ပြောတာ မှန်တယ်မလား”
“မဟုတ်တာ ဆရာမကြီးရယ်။ ကျွန်တော် တကယ်ပဲပျော်နေတာပါ။ ဒီကလူတွေက တစ်ယောက်တစ်မျိုးစီနဲ့ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ။ ကျွန်တော် အရင်နေခဲ့တဲ့မြို့ကလူတွေက တကယ့်ကို ပျင်းဖို့ကောင်းတာဗျ။ ကျွန်တော်ပြောင်းလာတုန်းက မုန့်တွေလိုက်ဝေတာကိုတောင် ကျွန်တော့်ကို လူထူးလူဆန်းကြီးလို ကြည့်နေကြတာလေ”
“အခုက ခေတ်ဆိုးကြီးကိုးကွယ်။ တီဗီဖွင့်လိုက်ရင်လည်း ရာဇဝတ်မှုတွေအကြောင်းပဲ ကြားနေရတာ... ကြောက်စရာကြီး။ လာ... လာ... ဒီမှာ ခဏလောက် ထိုင်ပါဦး”
ဆိုယွန်းရဲ့ သရုပ်ဆောင်ချက်ကို ကြည့်ပြီး မာရူး ခေါင်းညိတ်မိသွားတယ်။ အစကတော့ ဒီမိန်းကလေးက အဘွားကြီးတစ်ယောက်လို လိုက်လုပ်နေတာလို့ပဲ သူ ခံစားခဲ့ရတာ။ အခုတော့ သူ တကယ့် အဘွားကြီးတစ်ယောက်လို ဖြစ်နေပြီလေ။ အကယ်၍သာ ဝတ်စုံတွေ ဝတ်ပြီး မိတ်ကပ်တွေပါ လိမ်းလိုက်မယ်ဆိုရင်တော့ တကယ့်ကို အဘွားကြီးတစ်ယောက်အတိုင်း ဖြစ်နေတော့မှာပဲ။
ဂွန်ဆော့ကတော့ ထုံးစံအတိုင်း တော်နေဆဲပါပဲ။ ဇာတ်ဆောင်တစ်ယောက်အနေနဲ့ တခြားဇာတ်ကောင်တွေရဲ့ စရိုက်ကို ပိုပြီးပေါ်လွင်လာအောင် သူက လုပ်ဆောင်ပေးနေတာလေ။ သူ တခြားသူတွေကို ဘယ်လောက်အထိ ဆွဲခေါ်သွားနိုင်မလဲဆိုတဲ့အပေါ်မှာ ပြဇာတ်ရဲ့ အရှိန်အဟုန်က မူတည်နေတာပေါ့။ ဒါကြောင့်လည်း သူက အဓိကဇာတ်ဆောင် ဖြစ်နေတာလေ။
လူတွေ ပြောလေ့ရှိတာကတော့ ကိုယ် သိသလောက်ပဲ မြင်နိုင်တယ်ဆိုတာပါပဲ။ မာရူးအတွက်တော့ တခြားသရုပ်ဆောင်တွေဆီက ကြားရတာတွေ၊ မြင်ရတာတွေက အတွေ့အကြုံတွေ ဖြစ်လာခဲ့ပြီး အဲဒီအပေါ်မှာ မူတည်ပြီး သူ ပိုမြင်လာရတာပေါ့။
အဲဒီကျမှပဲ လူကြီးတွေက ဂွန်ဆော့ကို သရုပ်ဆောင် တော်တယ်လို့ ပြောကြတဲ့ အဓိပ္ပာယ်ကို သူ သဘောပေါက်သွားတော့တယ်။ အသံကောင်းတာတို့၊ စကားလုံး ပီသတာတို့လောက်နဲ့တင် မဟုတ်ဘူးလေ။ အဲဒါတွေက အခြေခံတွေပဲရှိသေးတာ။ ဂွန်ဆော့က အဲဒီအခြေခံတွေကို ပိုင်နိုင်ရုံတင်မကဘဲ သဘာဝကျကျ သရုပ်ဆောင်နိုင်တာကိုး။
သဘာဝကျတယ်ဆိုတာ…
စင်ပေါ်မှာ သဘာဝကျကျ သရုပ်ဆောင်နိုင်ဖို့ဆိုတာ ဘယ်လောက်အထိ ခက်ခဲလဲဆိုတာကို မာရူး အတွေ့အကြုံအရ သိလိုက်ရပြီ။ အဲဒီလို ဖြစ်လာဖို့က အများကြီ လေ့ကျင့်ရသလို အသည်းအသန် ကြိုးစားရတာလေ။
နောက်ဆုံးတော့လည်း အတွေ့အကြုံ ရှိတဲ့သူမှသာ စင်ပေါ်မှာ သဘာဝကျနိုင်တာပေါ့။ ဖြစ်လာနိုင်တဲ့ အခြေအနေအားလုံးကို ကြိုသိပြီး ဘယ်လို တုံ့ပြန်ရမလဲဆိုတာကို သိနေတဲ့သူမှသာ သဘာဝကျကျ သရုပ်ဆောင်နိုင်တာမျိုးလေ။ ယန်မီဆိုက သူ့ကို ပါရမီရှိတယ်လို့ ပြောခဲ့တုန်းက အချိန်တွေကို ပြန်စဉ်းစားကြည့်ရင်း သူ တစ်ခုကို သတိပြုမိလိုက်တယ်။
‘ငါက တကယ့်ကို ကံကောင်းတဲ့သူပဲ’
သူ့မှာ ဖြတ်သန်းခဲ့တဲ့ ဘဝအတွေ့အကြုံတွေရှိနေတော့ စင်ပေါ်မှာသဘာဝကျဖို့က သူ့အတွက် အဆင်သင့် ဖြစ်နေသလိုပဲ။ ဒါက ဘုရားသခင်ပေးတဲ့ လက်ဆောင်လား၊ ဒါမှမဟုတ် သူ့ရဲ့ ၄၅ နှစ်တာ ဘဝကနေ ရလာတာလားတော့ သူ မသိပေမဲ့ စင်ပေါ်ရောက်ရင် သူ ဘယ်တော့မှ မတုန်လှုပ်တတ်ဘူး။ တကယ်တော့ ဘာမှကို မခံစားရတာပါ။ လူတွေ အကြည့်များတဲ့ နေရာမှာ ရပ်နေရရုံသက်သက်ပဲလို့ ခံစားရတာလေ။
ပြန်စဉ်းစားကြည့်တော့ ဒါက တကယ့် ကံကောင်းခြင်းတစ်ခုပဲ။ သူက တခြားသူတွေ နှစ်နဲ့ချီပြီး လေ့ကျင့်ယူရတဲ့ အနေအထားကနေ စတင်နိုင်ခဲ့တာ မဟုတ်လား။ စာပေတွေကို နှစ်သက်တာကလည်း သူ့အတွက် ခိုင်မာတဲ့ အားသာချက်တစ်ခု ဖြစ်ခဲ့တာပေါ့။
ဂွန်ဆော့က အခုလို အနေအထားမျိုး ရောက်လာဖို့ ဘယ်လောက်အထိ ကြိုးစားခဲ့ရမလဲဆိုတာ မာရူး မသိပေမဲ့ အချိန်တွေနဲ့ အင်အားတွေ အများကြီး ပေးခဲ့ရမှာကတော့ အသေအချာပါပဲ။ အဲဒါက သိသာနေတာပဲလေ။ ဒီကောင်လေးက စာလည်းတော်သလို သရုပ်ဆောင်လည်း တော်တာကိုး။
လူတွေက သရုပ်ဆောင်တာက ပါရမီကြောင့်လို့ပဲ ပြောကြပေမဲ့ မာရူးကတော့ အခုချိန်မှာ အသေအချာ ပြောနိုင်ပါပြီ။ သရုပ်ဆောင်တာက ပါရမီတင် မဟုတ်ဘဲ စာကျက်သလိုပဲ အသည်းအသန် ကြိုးစားအားထုတ်မှုတွေ လိုအပ်တာပါ။
“အဲဒီမှာ ခဏရပ်မယ်။ ခဏလောက် နားပြီးမှ ပြန်စကြတာပေါ့”
“ဟုတ်ကဲ့”
အဖွဲ့ဝင်တွေအားလုံးလည်း ခွေကျကုန်ကြပြီ။ သူတို့တွေ တကယ်ကို အားအင်တွေ အကုန်သုံးပြီး ကြိုးစားနေကြတာကိုး။ စကားပြောဖို့တောင် အားမရှိကြတော့ဘူး။ အဲဒီအစား သူတို့မှာ ကျန်တဲ့ အင်အားလေးနဲ့ ကိုယ့်ဇာတ်ကောင်အကြောင်းကိုပဲ တွေးနေကြတာပေါ့။ ခန်းမကြီးထဲမှာ လေးလံတဲ့ အငွေ့အသက်တွေက ဖုံးလွှမ်းနေတယ်။ လူကို စိတ်လှုပ်ရှားစေတဲ့ အမျိုးအစား မဟုတ်ဘဲ အလုပ်အပေါ်မှာပဲ အာရုံစိုက်ချင်လာစေတဲ့ အမျိုးအစားမျိုးပေါ့။
မာရူးလည်း သူ့ဇာတ်ကောင်အကြောင်းကို တွေးနေမိတယ်။ ဒီဆယ်ကျော်သက်ကောင်လေးကို ဘယ်လိုလုပ်ရင် ပိုပြီး အသက်ဝင်လာမလဲဆိုတာပေါ့။ အဲဒီအချိန်မှာပဲ အိတ်ကပ်ထဲကနေ ဖုန်းတုန်ခါသံကို သူ ခံစားလိုက်ရတယ်။ ထုတ်ကြည့်လိုက်တော့ ဂန်ဟွမ်ဆီကပဲ။
“အဆင်ပြေရဲ့လား”
“မသိဘူးလေ။ ဒါပေမဲ့ အစွမ်းကုန်တော့ ကြိုးစားနေတာပဲ”
“အဲဒါကတော့ ထားလိုက်ပါတော့။ အရေးကြီးတာက နောက်ဆုံး ရလဒ်ပဲလေ”
“မှန်တာပေါ့။ ဒါနဲ့ ဘာလို့ ဖုန်းဆက်တာလဲ”
“အကြိုပြိုင်ပွဲကလည်း နီးနေပြီဆိုတော့ ဒီနေ့ လေ့ကျင့်ခန်းကို ဖျက်လိုက်တာ။ မင်းတို့တွေ အလုပ်ရှုပ်နေတဲ့အချိန်မှာ ငါက သွားပြီး မနှောင့်ယှက်ချင်လို့ပါ”
“ဒါဆို ပျင်းလို့ ကျွန်တော့်ဆီ ဖုန်းဆက်တာပေါ့”
“အဲလိုလည်း ပြောလို့ရတာပေါ့။ ငါ့သူငယ်ချင်းတွေကလည်း အကုန် အလုပ်ရှုပ်နေကြတာဆိုတော့ ငါတစ်ယောက်တည်း ဘာအလုပ်မှ မရှိဘူး ဖြစ်နေတာလေ”
“အဲဒီလောက်တောင် ပျင်းနေရင် ဒီကို လာခဲ့ပါလား”
“ဟင်..”
“ဆရာမ ယန်မီဆိုလည်း ဒီမှာ ရှိနေတာပဲ။ လာပြီး ကူညီပေးပါဦးလား”
“မလုပ်ပါနဲ့ကွာ။ ငါ ပျင်းနေတယ်ဆိုတာနဲ့ပဲ အလုပ်လာလုပ်မယ်လို့ မပြောမိပါဘူး”
“လာပါဗျာ။ ကျွန်တော်က တပည့်ကောင်းတစ်ယောက်အနေနဲ့ အကူအညီတောင်းနေတာလေ”
“မင်း ငါ့အပေါ်မှာ ကောင်းတဲ့အလုပ်တွေ လုပ်ခဲ့တာကို ငါ တစ်ခါမှ မမှတ်မိပါဘူး”
“ခဏလေး”
မာရူးက မျက်လုံးမှိတ်ပြီး ထိုင်နေတဲ့ ယန်မီဆိုဆီကို လျှောက်သွားလိုက်တယ်။ အစကတော့ သူ မျက်လုံးမှိတ်ထားတာလို့ပဲ ထင်ခဲ့တာ။ ဒါပေမဲ့ တကယ့်ကို အိပ်ပျော်နေတာဗျ။ တကယ့် အမျိုးသမီးပဲ။ ပတ်ဝန်းကျင်မှာ ကျောင်းသားတွေက သူတို့ရဲ့ ဇာတ်ညွှန်းတွေကို ရွတ်ဆိုနေကြတဲ့ကြားထဲမှာတောင် အိပ်ပျော်နိုင်တာကိုး။ သူ သူ့ကို နည်းနည်းတော့ သနားမိသွားတယ်။ အလုပ်တွေကြားမှာ ခဏလောက် အိပ်စက်ဖို့ လိုအပ်တဲ့အထိ သူ တကယ်ကို ကြိုးစားနေတာ သိသာတာကိုး။
“ဆရာမ”
မာရူးက သူ့ကို တိုးတိုးလေး ခေါ်လိုက်တယ်။ စစ်တပ်တုန်းက သူ့စီနီယာကို ပုတ်ပြီးနှိုးမိလို့ အရိုက်ခံခဲ့ရတာကို သူ ပြန်သတိရသွားတာကြောင့် အဲဒီလို အတွေ့အကြုံမျိုး ထပ်မဖြစ်ချင်ဘူးလေ။ ခဏနေတော့ ယန်မီဆို မျက်လုံးပွင့်လာတယ်။ သူ့ကို ခဏလောက် လှမ်းကြည့်ပြီးတော့မှ လန့်ပြီး နောက်ကို ဆုတ်သွားတာပေါ့။
“အား... လန့်လိုက်တာ”
“ပင်ပန်းနေလို့လား”
“ဟား... အင်း။ မအိပ်မိအောင် ကြိုးစားနေတာကိုက မရဘူး ဖြစ်နေတာ”
“အင်အားဖြည့်ဖို့ လူတစ်ယောက် လိုသေးလား”
“အင်အားဖြည့်ဖို့ ဟုတ်လား”
မာရူးက ဖုန်းကို ကမ်းပေးလိုက်တော့ သူက ဇဝေဇဝါမျက်နှာနဲ့ ကြည့်နေတာပေါ့။
“ဂန်ဟွမ်ပါ”
“သူလား။ ဘာလို့လဲ”
“သူ ပျင်းနေတယ်လို့ ပြောလို့လေ”
“တကယ်ကြီးလား”
ယန်မီဆိုရဲ့ မျက်လုံးတွေက ချက်ချင်း တောက်ပသွားပြီး ဖုန်းကို နားမှာ ကပ်လိုက်တော့တာပဲ။
“ယန်ဂန်ဟွမ်။ နင် အားနေရင် ဒီကို ချက်ချင်း လာခဲ့စမ်း။ ဒီမှာက ဝူးဆောင်းအထက်တန်းကျောင်း။ ဘယ်မှာလဲ မသိရင် မင်းရဲ့ လမ်းညွှန်မှာ ရှာကြည့်လိုက်။ ဘာလဲ။ အလုပ်ရှုပ်တယ် ဟုတ်လား။ နင်ကိုယ်တိုင် ပျင်းနေတာဆို။ အစ်မကြီးက မင်းနဲ့ ဆော့ပေးမှာမို့လို့ ချက်ချင်း လာခဲ့စမ်းပါ။ အော်... လမ်းမှာ စားစရာတွေပါ ဝယ်လာခဲ့ဦးနော်။ ဘာမှမပါဘဲ လက်ဗလာနဲ့တော့ လာဖို့ မစဉ်းစားနဲ့ဦး”
ယန်မီဆိုက ဟိုဘက်က ပြန်ပြောဖို့တောင် အချိန်မပေးဘဲ ဖုန်းချလိုက်တာပေါ့။ သူ့ရဲ့ အပြုံးနောက်ကွယ်မှာတော့ ကြောက်စရာကောင်းတဲ့ တစ်ခုခု ရှိနေသလိုမျိုးပဲ။
“ဂန်ဟွမ်ကတော့ တကယ့်ကို အားကိုးရမယ့် လူတစ်ယောက် ဖြစ်လာမှာ သေချာတယ်။ သူ ဒီကို ရောက်တာနဲ့ အလုပ်မျိုးစုံ ခိုင်းပစ်မယ်”
“သူ့ကို အရမ်းကြီးတော့ မခိုင်းပါနဲ့ဦး”
“သူကိုယ်တိုင် အားနေတာပါဆို။ အဲဒါက ငါ့အတွက်တော့ သူ့ကို ကြိုက်သလောက် ခိုင်းလို့ရတယ်လို့ ပြောတာနဲ့ အတူတူပဲ။ ဘာဇာတ်ရုပ်မှ လက်ခံမထားရတော့ သူ တော်တော်လေးကို ပျင်းနေရှာမှာပေါ့”
မာရူးက သူ့ဖုန်းကို ပြန်ယူရင်း ပခုံးတွန့်ပြလိုက်တယ်။ ဂန်ဟွမ်က တကယ့်ကို ဆရာကောင်းတစ်ယောက်ဖြစ်သလို ယန်မီဆိုထက်တောင် သရုပ်ဆောင် ပိုတော်တဲ့သူလေ။ ယန်မီဆိုက ပြဇာတ်တစ်ခုလုံးရဲ့ စီးဆင်းမှုကို ပိုင်နိုင်တယ်ဆိုရင် ဂန်ဟွမ်ကတော့ သရုပ်ဆောင်တစ်ယောက်ချင်းစီရဲ့ အရည်အချင်းကို ဆွဲထုတ်နိုင်တဲ့နေရာမှာ ကျွမ်းကျင်တာပေါ့။
“ခဏလောက် ထပ်နားကြရအောင်။ တို့တွေရဲ့ ဧည့်သည်ရောက်လာမှ စကြတာပေါ့။ ဒီနေ့လည်း ပြန်တာ နောက်ကျနိုင်တယ်နော်၊ အဲဒါကြောင့် အိမ်ကို ကြိုပြောထားကြဦး”
အဖွဲ့ဝင်တွေကလည်း သူတို့ဖုန်းတွေကို ချက်ချင်း ထုတ်လိုက်ကြတာပေါ့။ တချို့ကလည်း ဖုန်းဆက်နေကြပြီ။ ဆယ်မိနစ်လောက် ကြာတော့ တံခါးပွင့်လာပြီး ဂန်ဟွမ် ရောက်လာတယ်။ သူ့လက်ထဲမှာတော့ စတိုးဆိုင်က ဝယ်လာတဲ့ မုန့်အိတ်တွေနဲ့ပေါ့။
“အားလုံးပဲ ကြိုးစားနေကြတာပဲနော်”
သူက အိတ်ထဲကနေ ပေါင်မုန့်တစ်လုံးကို အဖွဲ့ဝင်တွေဆီ လှမ်းပေးတယ်။ အလုပ်မလုပ်ချင်ဘူးလို့ ပြောခဲ့ပေမဲ့ သူ တကယ့်ကို ပြင်ပြင်ဆင်ဆင်နဲ့ လာခဲ့တာပါပဲ။ အဖွဲ့သားတွေက သူ့ကို ထူးထူးဆန်းဆန်း ကြည့်နေတုန်းမှာပဲ ယန်မီဆိုက ပြုံးဖြီးဖြီး ဖြစ်နေတဲ့ သူ့ကို သူ့အနားဆွဲခေါ်လိုက်တာပေါ့။
“မင်းတို့တွေ သူ့ကို မှတ်မိကြတယ် မဟုတ်လား”
“ဟုတ်ကဲ့”
“သူက အခုလောလောဆယ် ဘာအလုပ်မှ မရှိတဲ့သူမို့လို့ ငါ ခေါ်လိုက်တာ။ သူက မင်းတို့ကို သရုပ်ဆောင်တာတွေ သင်ပေးလိမ့်မယ်။ နာရီပိုင်းလောက်ပဲ ဖြစ်မှာပေမဲ့ သူ့ဆီကနေ သင်ယူရတာက တကယ်ကို တန်ဖိုးရှိမှာပါ”
“ဟေး... ဘယ်သူက အလုပ်မရှိတဲ့သူ...”
ယန်မီဆိုက ဂန်ဟွမ်ရဲ့ ပါးစပ်ကို လက်နဲ့ ပိတ်လိုက်ပြီး သူ့ကို မျက်မှောင်ကြုတ်ရင်း နောက်ဆုတ်သွားစေတာပေါ့။
“မင်းတို့ ဘယ်လောက်အထိ လေ့ကျင့်ထားလဲဆိုတာကို သူ့ကို ပြလိုက်ကြဦး။ ကဲ... အစအဆုံး တစ်ခေါက်လောက် မြန်မြန် လုပ်ကြည့်ရအောင်”
အဖွဲ့ဝင်တွေက သူတို့ရဲ့ ပေါင်မုန့်တွေကို တစ်နေရာမှာ စုပုံထားခဲ့ပြီး စင်ပေါ်ကို ပြန်တက်သွားကြတော့တယ်။ ယန်မီဆို မဟုတ်တဲ့ တခြားတစ်ယောက်ဆီကနေ အကဲဖြတ်ခံရမယ်ဆိုတော့ သူတို့တွေ တော်တော်လေး စိတ်လှုပ်ရှားနေကြပုံပဲ။
“ကဲ... အဆင်သင့်ဖြစ်ရင် စလိုက်ကြတော့။ ဂန်ဟွမ်... ဒီဘက်ကို လာ”
ဂန်ဟွမ်က ယန်မီဆိုရဲ့ ဘေးနားမှာ ဝင်ထိုင်လိုက်တယ်။ နောင်တစ်ချိန်မှာ နာမည်ကြီး ကြယ်ပွင့်တစ်ယောက် ဖြစ်လာမယ့် ဒီလူဆီကနေ အကြံဉာဏ်တွေ ရဖို့ဆိုတာက ဒီမှာရှိတဲ့ လူတိုင်းအတွက် တကယ့်ကို ဂုဏ်ယူစရာပဲ မဟုတ်လား။
“ဟူး...”
စင်ပေါ်က တစ်ယောက်ယောက်က သက်ပြင်းချလိုက်တယ်။ အဲဒါက သူတို့ရဲ့ စမ်းသပ်မှု အစပဲပေါ့။
* * * * * * * * *
“မဆိုးဘူးပဲ”
ပြဇာတ်ပြီးတာနဲ့ ဂန်ဟွမ်က ပထမဆုံး အဲဒီစကားကို ပြောလိုက်တာ။ အဖွဲ့ဝင်တွေရဲ့ မျက်နှာကတော့ တောက်ပသွားတာပေါ့။ သူတို့အတွက်တော့ ဂန်ဟွမ်ရဲ့ အဆင့်အတန်းက ယန်မီဆိုနဲ့ အတူတူပါပဲ။ အဲဒီလို လူမျိုးဆီကနေ အသိအမှတ်ပြုခံရတယ်ဆိုတာက တကယ်ကို စိတ်ချမ်းသာစရာပဲ မဟုတ်လား။
“ပြဇာတ်က အချိုးအဆ ပြေပြေပြစ်ပြစ် ရှိတယ်။ မင်းတို့တွေ အရင်တစ်ခါထက်စာရင် အများကြီး တိုးတက်လာတာပဲ။ ပရိသတ်ဘက်ကို မကြည့်မိအောင် ကိုယ့်ကိုယ်ကိုယ် ထိန်းထားနိုင်တာကိုလည်း ငါ တကယ်ပဲ အထင်ကြီးမိတယ်။ သရုပ်ဆောင်တချို့က ပရိသတ်နဲ့ ဆက်သွယ်ဖို့ဆိုပြီး သူတို့ကို စိုက်ကြည့်တတ်ကြတယ်၊ ဒါပေမဲ့ အဲဒါက စင်ပေါ်နဲ့ ပရိသတ်ကြားက ကတိကဝတ်ကို ဖျက်ဆီးလိုက်တာနဲ့ အတူတူပဲလေ”
“ကတိကဝတ် ဟုတ်လား” လို့ ဒေးမြောင်က မေးလိုက်တယ်။
ပြီးမှ သူက ရှက်ကိုးရှက်ကန်းနဲ့ ခေါင်းငုံ့သွားတာပေါ့။
“အင်း... ကတိကဝတ်ပေါ့။ နောက်ဆုံးတော့လည်း ပြဇာတ်ဆိုတာက မင်းတို့ရဲ့ စိတ်ကူးယဉ်မှုတွေကို ဖန်တီးပြနေတာပဲလေ။ ပရိသတ်ကတော့ အဲဒီအချိန်မှာ ဒါကို တကယ့် အစစ်အမှန်လို့ မြင်နေတာ။ အကယ်၍ ဇာတ်ဆောင်က ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဘဲ ပရိသတ်ဘက်ကို ခဏခဏ လှည့်ကြည့်နေမယ်ဆိုရင် ပရိသတ်က ပြဇာတ်ကို ကြည့်နေရတော့မှာ မဟုတ်ဘူး။ ပရိသတ်ကို ပြန်ကြည့်နေတဲ့ သရုပ်ဆောင်တစ်ယောက်ကိုပဲ မြင်နေရမှာ။ ဒါက လုံးဝ လက်မခံနိုင်တဲ့ အပြုအမူပဲ”
ဂန်ဟွမ်က သူ့စကားတွေကို ပြတ်ပြတ်သားသား ပြောနေတာ။
“အဲဒီလို ရှုထောင့်က ကြည့်ရင်တော့ မင်းတို့ရဲ့ အကြည့်တွေက တကယ့်ကို ကောင်းပါတယ်။ အထက်တန်းကျောင်း ကလပ်တွေမှာ တချို့ကလေးတွေက စိတ်လှုပ်ရှားပြီး မျက်လုံးတွေက ဟိုကြည့်ဒီကြည့် ဖြစ်နေတတ်ကြတာ၊ မင်းတို့ဆီမှာတော့ အဲဒါမျိုး မတွေ့ရဘူး”
“ဒါဆို ကျွန်မတို့ တော်တယ်ပေါ့”
ယွန်းဂျုံရဲ့ မေးခွန်းကို ဂန်ဟွမ်က မဆိုင်းမတွဘဲ ခေါင်းညိတ်ပြလိုက်တယ်။
“ဒါပေမဲ့ မင်းတို့ရဲ့ လှုပ်ရှားမှုတွေက တောင့်တောင့်ကြီး ဖြစ်နေတာကိုတော့ ငါ မကြိုက်ဘူး”
ဂန်ဟွမ်က ယန်မီဆိုဘက်ကို လှည့်ကြည့်လိုက်တော့ ယန်မီဆိုကလည်း ခေါင်းညိတ် ထောက်ခံလိုက်တာပေါ့။
“မင်းတို့ စင်ပေါ်ကို သွားကြည့်ဖူးကြပြီလား”
“ဟုတ်ကဲ့”
“ပရိသတ်နဲ့ စင်ပေါ်က ဘယ်လောက်အထိ ဝေးလဲဆိုတာ မှတ်မိလား”
“စင်ပေါ်က အမြင့်ကိုပါ ထည့်တွက်ရင် ခုနစ်မီတာလောက် ဝေးမယ် ထင်တယ်”
“မာရူး... ဟိုဘက်ကနေ ခုနစ်မီတာလောက် အကွာမှာ သွားရပ်လိုက်စမ်း”
မာရူးက အဖွဲ့ဝင်တွေနဲ့ ခပ်ဝေးဝေးမှာ သွားရပ်လိုက်တယ်။
“မင်းရဲ့ စကားလုံးတွေကို ပြောပြပါဦး”
“ဘယ်အပိုင်းလဲ”
“လှုပ်ရှားမှု ပါတဲ့ အပိုင်းတစ်ခုခုပေါ့”
မာရူးက ခေါင်းညိတ်ပြီး စကားလုံးတစ်ချို့ကို စဉ်းစားလိုက်တယ်။ ဒီဆယ်ကျော်သက်ကောင်လေးအနေနဲ့ သူက ထူးဆန်းတဲ့ ကိုယ်ဟန်အနေအထားတွေနဲ့ ရှိနေတတ်တာ။ ဒီတစ်ခါတော့ အခန်း ၇ နဲ့ ၈ ကြားက အပိုင်းကို သူ ရွေးလိုက်တယ်။ သူက လူပြက်တစ်ယောက်လိုမျိုး စင်ပေါ်ကို ခုန်ဝင်လာပြီး ဟာသလုပ်မယ့် အခန်းပေါ့။
“အားလုံးပဲ... ဒါကြီးက မဆန်းဘူးလား။ ဒီလောက် မြို့လေးထဲမှာ ဒီလိုလူဆန်းတွေ နေနေကြတာလေ။ ဘယ်လောက်တောင် ရယ်စရာ...”
“အဲဒီမှာ ရပ်လိုက်တော့”
ဂန်ဟွမ်က မာရူးကို ပြန်လာဖို့ လက်ဟန်ပြလိုက်ပြီး စကားဆက်ပြောတယ်။
“သူ့ရဲ့ လှုပ်ရှားမှုတွေက သေးနေသလိုပဲ မဟုတ်လား”
“... ဟုတ်ကဲ့”
အဖွဲ့ဝင်တွေက စိုးရိမ်တကြီးနဲ့ ပြန်ဖြေကြတယ်။ မာရူးကတော့ အံ့ဩသွားတာပေါ့။ သူကတော့ တော်တော်လေး ပေါ်လွင်အောင် လုပ်နေတယ်လို့ ထင်ခဲ့တာ၊ ဒါပေမဲ့ လှုပ်ရှားမှုတွေက သေးနေသေးတယ် ဟုတ်လား။
“ယန်မီဆိုကလည်း ပြောပြဖူးမှာပါ။ ကိုယ်ဟန်အနေအထားတွေကို ကြီးကြီးမားမား မလုပ်ရင် မင်းတို့က စိတ်ပျက်စရာ ကောင်လေးတွေလိုပဲ မြင်နေရမှာလို့လေ”
မှန်တာပေါ့၊ ယန်မီဆိုက သူတို့ကို အဲဒီအတိုင်းပဲ ပြောခဲ့ဖူးတာ။ ဒါကြောင့်လည်း မာရူးက လှုပ်ရှားမှုတွေကို ကြီးကြီးမားမား လုပ်ခဲ့တာလေ၊ ဒါဆို ဘာလို့...
“မင်းတို့ အတော်များများကတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ လက်တွေက တကယ့် ပြဿနာပဲ။ မင်းတို့ရဲ့ လက်လှုပ်ရှားမှုတွေက အရမ်းကို စည်းကမ်းကြီးလွန်းနေတယ်”
ဂန်ဟွမ်က မာရူး ရပ်ခဲ့တဲ့ နေရာကို လမ်းလျှောက်သွားရင်း ဇာတ်ညွှန်းကို ကိုင်လိုက်တာပေါ့။
“ကဲ... ငါ ပြမယ်”
သူက ဇာတ်ညွှန်းကို ခဏလောက် လှန်ကြည့်ပြီး သူ ကြိုက်တဲ့ အပိုင်းတစ်ခုကို ရှာလိုက်တယ်။ သူက ဘယ်ဘက်ကို ရွှေ့လိုက်ပြီး မာရူး ခုနက လုပ်ပြသွားတဲ့ အပိုင်းကိုပဲ သရုပ်ဆောင်ပြတော့တာပဲ။ သူက လူပြက်လေးတစ်ယောက်လိုမျိုး မျက်နှာပေးနဲ့ စင်ပေါ်ကို ခုန်ဝင်လာခဲ့တယ်။
“အားလုံးပဲ... ဒါကြီးက မဆန်းဘူးလား။ ဒီလောက် မြို့လေးထဲမှာ ဒီလိုလူဆန်းတွေ နေနေကြတာလေ”
ဂန်ဟွမ်က ဖြည်းဖြည်းချင်း အသက်ရှူလိုက်ပြီးမှ...
“ဒီတစ်ခါတော့ တခြားတစ်မျိုး ပြပေးမယ်။ စောစောက မိန်းကလေး လုပ်ပြသွားတဲ့ အဘွားကြီး အခန်းလေးပေါ့”
အဲဒီနောက် သူက သရုပ်ဆောင်တာကို ပြန်စလိုက်တော့တာပဲ။
* * * * * * * * *
အခန်း(၁၃၆)
သူက... ထူးခြားတယ်။ တခြား ဘာမှပြောစရာ မလိုတော့လောက်အောင်ပါပဲ။ အတူတူပဲ ဖြစ်နေတဲ့ ဇာတ်ကောင်တွေရဲ့ စကားလုံးတွေကိုပဲ ပြောနေတာပေမဲ့ တခြားသူတွေနဲ့ ယှဉ်လိုက်ရင် သူက တကယ့်ကို ကွဲထွက်နေတာလေ။ ပြဇာတ်ကလပ် အဖွဲ့ဝင်တွေ အားလုံးက ဂန်ဟွမ်ကို ကြောင်အမ်းအမ်းနဲ့ ကြည့်နေမိကြတာပေါ့။ ပရော်ဖက်ရှင်နယ် တစ်ယောက်နဲ့ အပျော်တမ်းသမားတစ်ယောက်ကြားက ကွာခြားချက်ကို သူကလက်တွေ့ ပြသနေတာပါပဲ။
“ငါ နည်းနည်း များသွားလား”
ဇာတ်ကောင် ဆယ့်နှစ်မျိုးလုံးကို ခဏတာ သရုပ်ဆောင်ပြပြီးနောက် ဂန်ဟွမ်က ပြုံးရင်း မေးလိုက်တယ်။ တကယ့်ကို အံ့ဩစရာကောင်းတဲ့ သရုပ်ဆောင်ချက်တွေအပြီးမှာ သူ့ရဲ့ မထီမဲ့မြင် ပြောလိုက်တဲ့ စကားကတောင် ပညာရှိတစ်ယောက်ရဲ့ စကားလိုမျိုး ကြားနေရတာပေါ့။
အခုမှ ပြန်စဉ်းစားကြည့်မိတော့ မာရူးက ဂန်ဟွမ်သရုပ်ဆောင်တာကို တစ်ခါမှ မမြင်ဖူးသေးပါဘူး။ မာရူး ကလပ်ထဲ ဝင်လာတဲ့ အချိန်တုန်းက ဂန်ဟွမ်က လူကြီးပြဇာတ်တစ်ခုမှာ သရုပ်ဆောင်နေတာလေ။ သူတို့တွေ အတူတူ လေ့ကျင့်ဖြစ်တာများပေမဲ့ စင်ပေါ်မှာတော့ တစ်ခါမှ တွဲမလုပ်ဖူးကြဘူး။ အဲဒီလောက် အရည်အချင်းရှိတဲ့သူနဲ့ စကားလုံးတွေ ဖလှယ်ရတာ ဘယ်လို ခံစားချက်မျိုး ဖြစ်မလဲဆိုတာ မာရူး တွေးကြည့်နေမိတယ်။ အခုချိန်မှာတော့ စိတ်ကူးကြည့်ဖို့တောင် ခက်နေတုန်းပါပဲ။
“အခြေခံကနေ စရမယ်ဆိုရင် တို့တွေ လေယူလေသိမ်းကို အာရုံစိုက်ဖို့ လိုတယ်။ ငါ့နောက်ကိုပဲ လိုက်လုပ်ဖို့ ပြောနေတာ မဟုတ်ဘူးနော်။ ကိုယ်ပိုင်ဟန်တစ်ခု ဖြစ်လာအောင် လုပ်ရမှာ။ ဒါပေမဲ့ နည်းလမ်းလေးတွေတော့ ရှိတာပေါ့”
ဂန်ဟွမ်က လက်ဟန်ပြလိုက်တာနဲ့ ကလပ်အဖွဲ့ဝင်တွေက သူ့နားကို စုရုံးလာကြတာပေါ့။ ယန်မီဆိုကတော့ အဝေးကနေ သူ့ကို အလေးအနက်ထားပြီး ကြည့်နေတယ်။ သူငယ်ချင်းတစ်ယောက်အနေနဲ့ မဟုတ်ဘဲ သရုပ်ဆောင်တစ်ယောက်အနေနဲ့ လေးစားနေတဲ့ အကြည့်မျိုးပေါ့။
“ကိုယ့်ထက် အများကြီး အသက်ကြီးတဲ့ ဇာတ်ကောင်ကို သရုပ်ဆောင်ရတာက တကယ်တော့ အရမ်း ခက်တယ်။ အကယ်၍ မင်းတို့က ကိုယ့်ထက် အနှစ်ခုနစ်ဆယ်လောက်ကြီးတဲ့သူကို သရုပ်ဆောင်ချင်ရင် အဲဒီလောက် အတွေ့အကြုံရှိမှ ကောင်းကောင်း လုပ်နိုင်မှာလေ။ အဲဒါက မလွယ်ဘူး။ တို့လို ပရော်ဖက်ရှင်နယ်တွေကတော့ အတွေ့အကြုံရဖို့အတွက် အဲဒီနေရာတွေအထိ သွားကြပေမဲ့ မင်းတို့အတွက်ကျတော့ အဲဒီလိုလုပ်ဖို့က မဖြစ်နိုင်ဘူး။ အဲဒီတော့ မင်းတို့ လုပ်နိုင်တာဆိုလို့ နည်းလမ်းလေးတွေကိုယူပြီး အစွမ်းကုန်ကြိုးစားဖို့ပဲ ရှိတယ်”
“အဲဒီ နည်းလမ်းလေးတွေက ဘာတွေများလဲ”
ဆိုယွန်းနဲ့ တေဂျွန်းတို့က အံ့ဩတကြီးနဲ့ မျက်လုံးတွေ ဝိုင်းသွားကြတာပေါ့။ ဂန်ဟွမ်က သူတို့ နှစ်ယောက်ကို စကားလုံးတွေထက် ခန္ဓာကိုယ်လှုပ်ရှားမှုတွေကိုပဲ ပိုပြီး အာရုံစိုက်ဖို့ ပြောလိုက်တယ်။
“မင်းတို့က အဘွားကြီး အဘိုးကြီး အသံပေါက်အောင် တမင် လုပ်နေမယ်ဆိုရင် အသံထုတ်ပုံတွေ အကုန် ပျက်ကုန်လိမ့်မယ်။ အဲဒါတင်မကဘဲ လည်ချောင်းကိုပါ ထိခိုက်သွားနိုင်တယ်။ လူအတော်များများက အသက်ကြီးတဲ့သူတွေက လေပါတဲ့ အသံမျိုး၊ အားနည်းတဲ့ အသံမျိုးရှိတယ်လို့ မှားယွင်းပြီး ထင်နေကြတာ။ ဒီလောကမှာတော့ ဒါက သရုပ်ဆောင်နဲ့ ပရိသတ်ကြားက ကတိကဝတ်တစ်ခုလို ဖြစ်နေတာပေါ့။ သရုပ်ဆောင်က ပရိသတ်ကို ငါ အသက်ကြီးတဲ့ ဇာတ်ကောင်ကို သရုပ်ဆောင်နေတယ်လို့ ပြောလိုက်တာနဲ့ ပရိသတ်ကလည်း အဲဒါကို အမှန်တရားတစ်ခုလို လက်ခံပေးဖို့ လိုတယ်”
ဂန်ဟွမ်က ကလပ်အဖွဲ့ဝင်တွေကို ဝေ့ကြည့်လိုက်တယ်။
“မင်းတို့ထဲမှာ အဘိုးအဘွားတွေနဲ့ အတူတူ နေတဲ့သူ ရှိလား”
ဘယ်သူမှ လက်မထောင်ကြဘူး။
“အင်း... ဒီဘက်ခေတ်မှာ မိသားစုအကြီးကြီးတွေနဲ့အတူတူ နေတာကို မြင်ရဖို့က ခက်သွားပြီဆိုတော့လည်း နားလည်ပေးလို့ ရပါတယ်။ အသက်ကြီးတဲ့သူတွေက တကယ်တမ်း ဘယ်လိုမျိုးလဲဆိုတာ မြင်ဖို့ ခက်နေမှာပေါ့။ အဲဒါကြောင့်လည်း မင်းတို့က ပတ်ဝန်းကျင်မှာ မြင်နေရတဲ့ အသက်ကြီးတဲ့သူတွေအပေါ် ထားရှိတဲ့ အမြင်တွေအတိုင်းပဲ သရုပ်ဆောင်နေကြတာ”
မာရူး ခဏလောက် စဉ်းစားလိုက်မိတယ်။ သူ အသက် လေးဆယ်အရွယ် ရောက်တုန်းက မိဘတွေဆီ သွားတာဆိုလို့ အားလပ်ရက်တွေမှာပဲ ရှိတာလေ။ အဲဒီအချိန်တုန်းက သူ့မိဘတွေက အသက် ခုနစ်ဆယ်ကျော်နေကြပြီ။ အရမ်းကြီး အိုမင်းနေတာမျိုး မဟုတ်ပေမဲ့ အဲဒီဘက်ကိုတော့ ဦးတည်နေကြပြီဆိုတာ သေချာတယ်။
“ဒါက ထူးဆန်းတဲ့ အခြေအနေမျိုးပေမဲ့ မင်းတို့ကိုယ်မင်းတို့ အသံသရုပ်ဆောင်တွေလို့ သဘောထားလိုက်ရင် ပိုပြီး လွယ်ကူသွားလိမ့်မယ်။ အထူးသဖြင့် လူပျိုဖော်ဝင်ပြီးတဲ့နောက်မှာ အသံက အရမ်းကြီး ပြောင်းလဲသွားတာမျိုး မရှိတော့ဘူးလေ။ တချို့ အဘိုးကြီးတွေဆိုရင် သူတို့ ငယ်ငယ်တုန်းက အသံကနေ လုံးဝ မပြောင်းသွားတဲ့သူတွေတောင် ရှိတယ်။ ဒါဆို ဘာလုပ်သင့်လဲ။ နောက်ဆုံးတော့ အသေးစိတ် အချက်အလက်လေးတွေပေါ်မှာပဲ မူတည်သွားတာပေါ့”
ဂန်ဟွမ်က ထိုင်ခုံတစ်လုံး ဆွဲယူလိုက်တယ်။
“ဆိုင်ရှေ့က အဘွားကြီးက အမြဲတမ်း ဆိုင်ပြင်ပမှာ ထိုင်နေတတ်တယ်လို့ ဖော်ပြထားတယ်လေ။ သူက သူ့ရဲ့ စကားတွေကို ထိုင်ခုံပေါ်မှာ ထိုင်ရင်း ပြောလေ့ရှိတာ မဟုတ်လား”
“ဟုတ်ကဲ့။ သူ မတ်တတ်လည်း ရပ်ပါတယ်၊ ဒါပေမဲ့ စကားပြောရင်တော့ ထိုင်ခုံပေါ်မှာ ထိုင်ပြီး ပြောတာ များတယ်”
“ဇာတ်ကောင်ရဲ့ အသက်က”
“ခုနစ်ဆယ်နှောင်းပိုင်းပါ”
“ကျန်းမာရေးကော”
“အပြင်ထွက်နိုင်သေးတယ်ဆိုတော့ သိပ်တော့ မဆိုးပါဘူး။ စကားများရင်လည်း အရှုံးမပေးနိုင်သေးဘူးဆိုတော့ သိပ်ပြီးတော့လည်း အားနည်းနေတာမျိုး မဟုတ်ဘူး”
“ကောင်းပြီ။ အဲဒီ အသေးစိတ် အချက်အလက်တွေကို သိနေပြီဆိုရင်တော့ ကျန်တာက အဆင်ပြေသွားမှာပါ။ ကိုယ်ကိုယ်တိုင်က တကယ်ပဲ အသက်ကြီးနေပြီလို့ ယုံကြည်ထားလိုက်ရုံပဲ။ အိမ်ပြန်ရောက်တဲ့အခါမှာ တကယ့် အသက်ကြီးတဲ့သူတွေ စကားပြောနေတဲ့ ဗီဒီယိုတွေကို ရှာကြည့်ကြဦး”
“ဟုတ်ကဲ့”
“အသက်ကြီးလာတဲ့အခါမှာ ပထမဆုံး ဖြစ်လာတာက အရေပြားတွေက တွန့်လာတာပဲ။ အဲဒါက ခန္ဓာကိုယ်ရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေကို ဘယ်လို သက်ရောက်မှု ရှိမလဲဆိုတာ လေ့လာတာက ဒီနေရာမှာ အသုံးအဝင်ဆုံးပဲ။ ဒါပေမဲ့ အခုက ရက်ကနည်းနည်း နီးနေပြီဆိုတော့ ငါ့နောက်ကိုပဲ အရင် လိုက်လုပ်ကြည့်ကြတာပေါ့”
ဂန်ဟွမ်က သူ့ရဲ့ မေးရိုးတွေနဲ့ ပါးတွေကို အောက်ဘက်ကို ဆွဲချလိုက်ပြီး မျက်မှောင်လေး နည်းနည်း ကြုတ်လိုက်တော့ ကြည့်ရတာ နည်းနည်း စိတ်ဓာတ်ကျနေတဲ့ ပုံစံမျိုး ပေါက်သွားတာပေါ့။ ဆိုယွန်းကလည်း နည်းနည်းတော့ ဇဝေဇဝါ ဖြစ်နေပေမဲ့ သူ့နောက်ကို လိုက်လုပ်ကြည့်တယ်။
“မင်းက ဒီလိုမျိုး အိုမင်းသွားပြီဆိုရင် မျက်နှာပေါ်က ကြွက်သားတွေက အခုလိုမျိုး အင်အားတွေ လျော့သွားတတ်တယ်။ ဒီနားမှာ ပါးစပ်ကို ဖွင့်ကြည့်လိုက်။ အရင်လောက် ဟလို့ မရတော့တာကို သတိထားမိလိမ့်မယ်”
“ဟုတ်ကဲ့၊ မှန်ပါတယ်”
“အသက်ကြီးတဲ့သူတွေ စကားလုံး မပီသရတဲ့ အကြောင်းရင်းက သူတို့ရဲ့ ကြွက်သားတွေက ကောင်းကောင်း အလုပ်မလုပ်တော့လို့ပဲ။ ဒါပေမဲ့ သရုပ်ဆောင်တစ်ယောက်က စကားလုံး မပီတာမျိုးကျတော့လည်း စက်ဆုပ်စရာကြီး ဖြစ်နေမှာပေါ့။ အဲဒါကြောင့် မင်းတို့က အသက်ကြီးတဲ့သူရဲ့ အငွေ့အသက်ကို ထိန်းထားနိုင်ရင်းနဲ့ စကားလုံး ပီသအောင်လည်း ကြိုးစားရမယ်။ အခုလောလောဆယ်တော့ မင်းတို့မှာ အဲဒီအတွက် အချိန်မရှိတော့ဘူးဆိုတော့ ဒါကို နောက်တစ်ခါ အမျိုးသားအဆင့် ပြိုင်ပွဲကျမှပဲ အေးအေးဆေးဆေး လုပ်ကြတာပေါ့”
“ကျေးဇူးတင်ပါတယ်”
“မင်းတို့ရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ရင်တော့...”
ဂန်ဟွမ်က အပျော်တမ်းအတန်းတွေမှာတုန်းကနဲ့ မတူဘဲ ဒီမှာတော့ တကယ်ကို ကွဲထွက်နေတာ။ ဟိုမှာတုန်းကတော့ သရုပ်ဆောင်တွေ တိုးတက်လာအောင် နည်းလမ်းတွေပဲ ပြပေးခဲ့တာလေ။ အခုတော့ သူက ကျောင်းသားတစ်ယောက်ချင်းစီအတွက် ဘယ်နေရာမှာ တိုးတက်အောင် လုပ်ရမလဲဆိုတာကို တိုက်ရိုက် ထောက်ပြနေတာ။ အပျော်တမ်းအတန်းမှာ သီအိုရီတွေကိုပဲ အဓိကထားခဲ့ရင် ဒီမှာတော့ သူက လက်တွေ့ အချက်အလက်တွေကိုပဲ အလေးပေးနေတော့တာပေါ့။
“နာမည်”
ဂန်ဟွမ်ရဲ့ နောက်ထပ် ပစ်မှတ်ကတော့ ဂွန်ဆော့ပဲ။
“ကျွန်တော် ဟောင်ဂွန်ဆော့ပါ”
“ဪ... ဟုတ်သားပဲ၊ ဂွန်ဆူးရဲ့ ညီလေးပဲ။ မင်းကိုတော့ ပြောစရာ သိပ်မရှိပါဘူး။ တော်ပါတယ်။ မင်းရဲ့ ဇာတ်ကောင်က ဘယ်လိုမျိုးလဲဆိုတာကို မင်း သေသေချာချာ နားလည်ထားပုံရတယ်”
“ကျေးဇူးတင်ပါတယ်”
“ဂွန်ဆူးရဲ့ ညီလေးဆိုတော့လည်း ဒီလောက်တော့ ရှိမှာပေါ့။ တော်တယ်၊ တော်တယ်”
ဂန်ဟွမ်က ကောင်လေးကို လက်မထောင်ပြလိုက်တယ်။ ဂွန်ဆော့ကတော့ စိတ်သက်သာရာရသွားတဲ့ အပြုံးမျိုးနဲ့ ပြုံးနေတာပေါ့။
“ကဲ... နောက်တစ်ယောက်”
ဂန်ဟွမ်က နောက်တစ်ယောက်ဆီကို ကူးသွားတယ်။
* * * * * * * * *
ဂန်ဟွမ်နဲ့ ယန်မီဆိုတို့ ခန်းမကြီးထဲကနေ အပြင်ကို ထွက်လာခဲ့ကြတယ်။ သူတို့တွေ နောက်တစ်ခေါက် ထပ်ပြီး လေ့ကျင့်ပြီးတဲ့အချိန်မှာတော့ ညကိုးနာရီတောင် ရှိနေပြီ။
“သူတို့ကို နောက်ထပ် ခဏလောက် ထပ်ထားဦးမလို့လား”
“ထားရမှာပေါ့။ အကြိုပြိုင်ပွဲက နောက်နှစ်ရက်ဆို ရောက်တော့မှာလေ”
“ကလေးတွေကို အရမ်းကြီးတော့ ဖိအားမပေးပါနဲ့ဦး။ မင်းက တစ်ခါတစ်လေ အရမ်းကြမ်းလွန်းတယ်။ သူတို့အပေါ် နည်းနည်းလောက် ပိုပြီး နူးညံ့ပေးရမယ်”
“ငါသာ နူးညံ့နေရင် ငါက အရမ်းတွေပြည့်စုံလွန်းနေမှာ မဟုတ်ဘူးလား”
ယန်မီဆိုက ပြတ်ပြတ်သားသားပဲ ခေါင်းခါလိုက်တယ်။ ဒီအမျိုးသမီးမှာတော့ နှိမ့်ချမှုဆိုတာ လုံးဝ မရှိဘူး။ ဒါပေမဲ့ အဲဒါကလည်း သူ့ရဲ့ ဆွဲဆောင်မှု တစ်ခုပေါ့။
“ဟိုဘက်က အလုပ်တွေရော ဘယ်လိုနေလဲ”
“ငါ့ကလေးတွေကတော့ တကယ့်ထိပ်တန်းတွေဆိုတော့ အကုန်လုံး အဆင်ပြေနေကြတာပေါ့”
“ထိပ်တန်းတွေပေါ့လေ”
သူတို့ နှစ်ယောက် ကျောင်းနားက စားသောက်ဆိုင်လေးတစ်ခုထဲကို ဝင်လာခဲ့ကြတယ်။ စားစရာတွေ မှာပြီးတဲ့နောက် ဝင်ထိုင်လိုက်ကြတာပေါ့။ ဆိုင်ရှင် အဒေါ်ကြီးက ဆယ့်ငါးမိနစ်လောက် ကြာမယ်လို့ ပြောသွားတယ်။
“မင်း သူတို့ အားလုံးအတွက် စားစရာဖိုး ပေးတာလား”
“ဘာလဲ၊ ငါက သူတို့ကိုပဲ ပေးခိုင်းရမှာလား”
“ဟား... ယန်မီဆို။ မင်း ပိုက်ဆံတွေ အများကြီး ရနေတာပဲ”
“ရတာပေါ့”
“ဒါဆို ငါ့ပြဇာတ်ထဲမှာ နည်းနည်းလောက် ရင်းနှီးမြှုပ်နှံပါလား။ ငါ အကျိုးအမြတ်တွေ ကောင်းကောင်း ရအောင် လုပ်ပေးပါ့မယ်လို့ ကတိပေးတယ်လေ”
“တခြားတစ်ယောက် သွားရှာလိုက်ပါ။ ငါက အခုမှ ငယ်ငယ်လေးပဲ ရှိသေးတာ၊ ရင်းနှီးမြှုပ်နှံဖို့အတွက် အဆင်မပြေဘူး။ ပြီးတော့ ငါ့မှာ အဲဒီလောက်အထိလည်း ပိုက်ဆံမရှိပါဘူး။ စီနီယာ ဂျွန်မင်းဆီပဲ သွားပါလား”
“သူ့ဆီ အကူအညီတောင်းမယ့်အစား ငါ သေတာကမှ မြန်ဦးမယ်။ အခုတောင် သူ့အပေါ်မှာ အကြွေးတွေ တင်နေတာကို ထပ်ပြီးတော့တော့ အကြွေးမယူချင်တော့ဘူး။ ပိုက်ဆံကြောင့် ငါတို့ရဲ့ ပတ်သက်မှုကို မပျက်စီးစေချင်ဘူးလေ”
“... အော်။ ဒါဆို ငါတို့ရဲ့ ပတ်သက်မှုကတော့ ပျက်စီးသွားလည်း ရတယ်ပေါ့”
“အခုမှ သိတာလား။ မင်းရယ်၊ ငါရယ်၊ ဂွန်ဆူးရယ်။ တို့တွေက တကယ့်ကို ဆိုးရွားလှတဲ့ သူငယ်ချင်းတွေပဲလေ”
“မင်း ပြောတာလည်း မမှားပါဘူး။ ဟူး...”
ရှေ့က စားပွဲပေါ်မှာ ခွေကျသွားတဲ့ ယန်မီဆိုကို ဂန်ဟွမ် ကြည့်နေမိတယ်။ သူ အခုလိုမျိုး ပင်ပန်းနေတာကို မမြင်ရတာ တော်တော် ကြာနေပြီလေ။
“တစ်ခုခု ဖြစ်လို့လား”
“ပြဇာတ်ကလပ်ကိစ္စပါပဲ။ ကျန်တာတွေကတော့ အဆင်ပြေပါတယ်။ ဟူး...”
သူက စားပွဲပေါ်ကနေ သက်ပြင်းအရှည်ကြီး ချလိုက်တာကြောင့် သူ့ဆံပင်တွေတောင် လွင့်သွားတာပေါ့။ အဲဒါကို ကြည့်ပြီး ဂန်ဟွမ်က ပြုံးပြုံးလေးနဲ့ သူ့ဆံပင်တွေကို လိုက်ဆော့နေမိတယ်။
“ဟေး”
“လန့်သွားတာလား”
ယန်မီဆိုက မျက်မှောင်ကြီး ကြုတ်ပြီး ပြန်ထိုင်လိုက်တာပေါ့။
“အဲဒါကြောင့်လည်း မင်းမှာ ရည်းစားမရှိတာ”
“ဟေ့... အနာဟောင်းကို လာမဆွနဲ့လေ။ မင်းမှာလည်း ရည်းစားမရှိတာပဲ မဟုတ်လား”
“ငါလား။ ငါ့မှာ ရှိတယ်”
“... ဟား။ ဒါက တစ်နှစ်လုံးမှာ ငါ ကြားဖူးသမျှထဲမှာ အကောင်းဆုံး ဟာသပဲ။ မင်းမှာလား။ ယောက်ျားတစ်ယောက်လား။ အဲဒီလူက ပိရမစ်စနစ်နဲ့ ပိုက်ဆံလိမ်တဲ့သူမျိုး မဟုတ်တာတော့ သေချာရဲ့လား”
“အရိုက်ခံချင်နေတာလား”
ဂန်ဟွမ်က သူ့နားကနေ ဖယ်ပြီး မီးဖိုချောင်ဘက်ကို ခဏသွားလိုက်တယ်။ အဲဒီအချိန်မှာပဲ ဆိုင်ရှင် အဒေါ်ကြီးက ကင်မ်ဘတ်တွေနဲ့ ဝက်သားအစပ်ကြော်တွေ ထည့်ထားတဲ့ အိတ်တွေကို ယူလာပေးတယ်။
“တူတွေရော လိုသလား”
“ဟုတ်ကဲ့၊ ၁၄ စုံလောက် ပေးပါဦး”
သူတို့ နှစ်ယောက် တစ်ယောက်ကို အိတ်တစ်အိတ်စီ ဆွဲပြီး အပြင်ကို ထွက်လာခဲ့ကြတာပေါ့။
“ဒါနဲ့ မင်း တကယ်ပဲ တစ်ယောက်ယောက်နဲ့ တွဲနေတာလား”
“တွဲနေတာပေါ့”
“ဘယ်သူလဲ။ ငါ သိတဲ့သူလား။ ဘယ်သရုပ်ဆောင်လဲ”
“... မဟုတ်ပါဘူး၊ သူက ဒီလောကနဲ့ လုံးဝ မပတ်သက်ဘူး။ နေဦး... ပတ်သက်တယ်လို့လည်း ပြောလို့ရမလားပဲ”
“ဘယ်သူလဲဆိုတာ ပြောစမ်းပါ”
“ဟူး... မင်းကလည်း ဘာလို့ အဲဒီလောက်အထိ သိချင်နေရတာလဲ”
“ဘာလို့လဲဆိုတော့ ငါ သိချင်လို့လေ။ မင်းလို စရိုက်ဆိုးတဲ့သူကို ဘယ်သူကများတွဲမှာလဲလို့ သိချင်နေတာ”
“မင်း တကယ်ပဲ သေချင်နေတာလား”
ဂန်ဟွမ်ကတော့ ခြိမ်းခြောက်ခံနေရပေမဲ့လည်း ဆက်ပြီး စနောက်နေတုန်းပဲ။ ယန်မီဆိုက ကြောက်စရာ စကားလုံးတွေ ပြောနေပေမဲ့ သူ တကယ်ပဲ ရှက်နေတာကို ဂန်ဟွမ် ရိပ်မိတာပေါ့။ သူ့ရဲ့ အဲဒီလို အခြမ်းမျိုးကို တစ်ခါမှ မမြင်ဖူးတာကြောင့် ဂန်ဟွမ်ကတော့ ဆက်ပြီး စချင်နေတုန်းပါပဲ။
“... သူက ကျောင်းဆရာတစ်ယောက်ပါ”
“တကယ်ကြီးလား။ လမ်းမှားနေတဲ့ သိုးသူငယ်လေးတွေကို ကယ်တင်ဖို့က ဆရာတွေရဲ့ တာဝန်ပဲဆိုတော့လည်း ဟုတ်နေတာပဲ။ သူက ဘယ်မှာ အလုပ်လုပ်တာလဲ”
“ဝူးဆောင်း အထက်တန်းကျောင်းမှာ”
“တကယ်လား။ ဒီကျောင်းလား။ နေဦး... ဒါဆို မင်းက ကလပ်ကနေတစ်ဆင့် သူ့ကို တွေ့တာပေါ့။ ဒါဆို တစ်နှစ်လောက် ရှိပြီပေါ့”
ကိုယ့်ရဲ့ အထက်တန်းကျောင်းကနေ အချစ်ကို ရှာဖွေတွေ့ရှိတာ... အချစ်ဆိုတာ တကယ်ကို ထူးဆန်းတဲ့ အရာပါပဲ။
“ဆယ်နှစ်ကျော်ပြီ”
“ဘာ”
“ငါ သူ့ကို ဆယ်နှစ်တိတိ စိတ်ထဲကနေ ကြိုက်နေခဲ့တာ။ အခုမှပဲ အဆင်ပြေသွားတာ”
ယန်မီဆိုရဲ့ မျက်နှာက မုန်လာဥနီလိုမျိုး ရဲတက်သွားတော့တာပဲ။ ဆယ်နှစ်ကြီးများတောင်လား။ ဘယ်လိုတွေ ဖြစ်တာပါလိမ့်။
“ငါ ဒီမှာ ကျောင်းတက်နေတုန်းက ငါနဲ့အတူ ပြဇာတ်ကလပ်ကို တည်ထောင်ပေးခဲ့တဲ့သူလေ။ အဲဒီတုန်းက သူက တကယ်ကို ချစ်ဖို့ကောင်းတာ။ အခုလည်း ချစ်ဖို့ကောင်းနေတုန်းပါပဲ”
“ခဏလေး”
“ဘာလဲ”
“ဒါဆို မင်းက အထက်တန်းကျောင်းတုန်းက စိတ်ထဲကနေ ကြိုက်ခဲ့တဲ့ ဆရာနဲ့ တွဲနေတာပေါ့”
“အင်း”
“ဟားဟားဟား၊ ငါ့ကို လာမနောက်ပါနဲ့။ မင်းက အချစ်ဝတ္ထုထဲက မင်းသမီးများလား။ အနည်းဆုံးတော့ ယုံချင်စရာကောင်းတဲ့ ပုံပြင်မျိုးလောက်တော့ ပြောပါဦး”
“ငါ့ပုံစံက လိမ်နေတဲ့ပုံ ပေါက်နေလို့လား”
ယန်မီဆိုက စိတ်ပျက်လက်ပျက်နဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ ဂန်ဟွမ်ရဲ့ မျက်နှာကတော့ တောင့်ခဲသွားတာပေါ့။ သူ့ကျောင်းသူနဲ့ တွဲတဲ့ ဆရာတစ်ယောက်လား။
“တကယ်လား”
“အင်း”
“တကယ် တကယ်လား”
“အင်း အင်း”
“... ဟား။ ဘဝကြီးက အနှစ်သာရ မရှိလိုက်တာ။ ဟူး...”
ဂန်ဟွမ်ကတော့ အရှုံးပေးလိုက်တဲ့ ပုံစံမျိုးနဲ့ သက်ပြင်းအရှည်ကြီး ချလိုက်တော့တာပဲ။
* * * * * * * * *
“ပင်ပန်းသွားပါပြီ” လို့ မာရူးက ပြောလိုက်တယ်။
“ပင်ပန်းတယ် ဟုတ်လား။ မဟုတ်ပါဘူး၊ ပျော်ဖို့ကောင်းပါတယ်။ အထက်တန်းကျောင်းကို ပြန်ရောက်သွားသလိုပဲ။ မြောင်ဒုံက ကလေးတွေကတော့ သူတို့ ဘာလုပ်ရမလဲဆိုတာ ကောင်းကောင်း သိနေကြတော့ သင်ပေးရတာ သိပ်ပြီး မပျော်ရဘူးလေ”
“ကျွန်တော့်ကိုပါ ထည့်ပြောတာလား”
“မဟုတ်ပါဘူး၊ မင်းကတော့ မပါပါဘူး”
ဂန်ဟွမ်က ပြုံးပြုံးလေးနဲ့ သူ့ကားပေါ် တက်လိုက်တယ်။ မာရူးကတော့ အဲဒီလူက အခုလိုမျိုး အချိန်ပေးပြီး လာကူညီပေးတဲ့အတွက် ကျေးဇူးတင်နေမိတာပေါ့။ ဒီနေ့ တစ်ရက်တည်းနဲ့တင် သူ အများကြီး သင်ယူလိုက်ရတယ်လေ။
“မီဆိုက မင်းကို သေသေချာချာ သင်ပေးထားတာပဲ”
“သူက အားမာန်တွေ အပြည့်ရှိတဲ့သူလေ”
“တစ်ယောက်ချင်းစီ ကြည့်ရင်တော့ လိုအပ်ချက်လေးတွေ ရှိနေသေးပေမဲ့ မင်းတို့တွေ အကုန်လုံး စုလိုက်ရင်တော့ တကယ့်ကို ကောင်းတဲ့ အငွေ့အသက်လေး ရနေတယ်။ မင်းတို့တွေ တကယ်ပဲ ဆုတစ်ခုခု ရနိုင်တာပဲ။ ဒါပေမဲ့ အဲဒီလို ဖြစ်ဖို့က မင်းရဲ့ အခန်းကဏ္ဍက တကယ်ကိုအရေးကြီးတယ်နော်”
“ကျွန်တော့်ကို အဲဒီလောက်အထိတော့ ဖိအားမပေးပါနဲ့။ ကျွန်တော်က ဇာတ်ပို့သက်သက်ပါ”
“အရမ်းကို အရေးကြီးတဲ့ဇာတ်ပို့ပေါ့။ အော်... ပြီးတော့ ဂွန်ဆော့နဲ့လည်း အဆင်ပြေအောင်နေဦးနော်”
“ဂွန်ဆော့လား”
“အင်း။ အဲဒီကလေးက သူ ဘာလုပ်ရမလဲဆိုတာ သိတယ်။ သူကိုယ်တိုင်လည်း အများကြီး လေ့လာထားတာ သိသာတယ်။ သူက တကယ့်ကို အဖော်ကောင်းတစ်ယောက် ဖြစ်လာမှာပါ”
“ဟုတ်ကဲ့၊ ကောင်းပါပြီ”
သူကတော့ ဂွန်ဆော့နဲ့ထပ်ပြီး ရင်းနှီးဖို့ကတော့ မဖြစ်နိုင်တော့ဘူး ထင်ပါရဲ့။ မာရူးက အတွေးတွေကို မြိုသိပ်ထားရင်း ပြုံးပြလိုက်တယ်။ ဂန်ဟွမ်က မာရူးကို အကြိုပြိုင်ပွဲမှာ ကောင်းကောင်းလုပ်ဖို့ ပြောသွားတာပေါ့။
“ကျွန်တော်တို့ကို လာမကြည့်ဘူးလား”
“ငါ သင်ပေးနေတဲ့ တခြားကလေးတွေလည်း အများကြီး ရှိနေတာဆိုတော့ မင်းတို့ကိုပဲ ဘက်လိုက်ပြီး လာကြည့်လို့ မဖြစ်ဘူးလေ”
“ဒါပေမဲ့ ကျွန်တော်တို့က ဆရာနဲ့တပည့်လိုမျိုး ပတ်သက်နေတာ မဟုတ်ဘူးလား”
“ဒါတောင်မှ မရပါဘူး။ ပြီးတော့ ငါ အလုပ်လည်းများနေမှာ”
“အလုပ်တစ်ခုခု လက်ခံထားလို့လား”
“ဖြစ်နိုင်တာပေါ့။ ပြီးတော့... ဘာမှမဟုတ်တော့ပါဘူး။ နောက်မှပဲ ငါ ပြောပြမယ်။ ဒါပေမဲ့ တစ်ခုခုကိုတော့ သတိထားပြီး စောင့်ကြည့်နေဦးနော်”
ဂန်ဟွမ်က ထူးဆန်းတဲ့ စကားလုံးတွေ ပြောနေတာ။ သူ့ရဲ့ အလုပ်က မာရူးနဲ့လည်း ပတ်သက်နေလို့လား။ လောလောဆယ်တော့ မာရူး ခေါင်းပဲ ညိတ်ပြလိုက်တယ်။ တစ်ခုခုအတွက်တော့ ပြင်ဆင်ထားရမှာပေါ့။
“ဪ... ဒါနဲ့”
“ဗျာ….”
“ချစ်ဖို့ကောင်းတဲ့ ဆရာမလေးတွေရော သိလား”
မာရူးက ပြုံးပြီး သူ့ကို သွားတော့ဖို့ ပြောလိုက်တာပေါ့။ ဂန်ဟွမ်ကတော့ ပုခုံးတွန့်ပြပြီး ကားမောင်းပြီး ထွက်သွားတော့တယ်။
“မာရူး… သွားကြစို့”
ည ၁၁ နာရီ။ နောက်ဆုံး ဘတ်စ်ကားမထွက်ခင် မိနစ်ပိုင်းအလိုပေါ့။ မာရူးက သူ့စက်ဘီးကို တွန်းရင်း သူငယ်ချင်းတွေဆီ လျှောက်သွားလိုက်တယ်။ ယန်မီဆိုဆီကနေ ရုန်းထွက်ဖို့ တော်တော်လေး ကြိုးစားလိုက်ရပေမဲ့ ဒီနေ့တော့ သူ့စက်ဘီးကို သူ ပြန်ယူနိုင်ခဲ့ပြီလေ။
“ဟူး...” ဒိုဂျင်က သက်ပြင်းချလိုက်တယ်။
“ဘာဖြစ်လို့လဲ”
“တို့တွေ အစွမ်းကုန် ကြိုးစားကြရအောင်”
“ဘာတွေလဲ၊ ရုတ်တရက်ကြီး”
“မင်းတို့ နှစ်ယောက်ကတော့ တကယ်ပဲ အစွမ်းကုန် ကြိုးစားဖို့ လိုတယ်။ အထူးသဖြင့် အခုက မင်းတို့ရဲ့ အိပ်မက်တွေ ဖြစ်နေတာဆိုတော့လေ။ ငါကတော့... ဘေးကနေ လိုက်ခဲ့ရုံပါပဲ”
ဒိုဂျင်က နည်းနည်းတော့ အနေရခက်တဲ့ အပြုံးမျိုးနဲ့ ပြုံးနေတာပေါ့။ မာရူးက ကောင်လေးရဲ့ ကျောကို ပုတ်ပေးလိုက်တယ်။ ဒေးမြောင်ကလည်း ဒိုဂျင်ကို အလိုက်သင့်လေး လိုက်ပုတ်ပေးတာပေါ့။
“မင်းတို့ နာမည်ကြီးလာရင် ငါ့ကို မမေ့နဲ့ဦးနော်”
“အရမ်းကြီးတော့ အမြင့်ကြီး မမျှော်လင့်ထားနဲ့ဦး၊ ဖြစ်လာမှာ မဟုတ်ဘူးလေ”
“ဘာပဲဖြစ်ဖြစ်၊ တီဗီထဲ ရောက်သွားရင် ငါ့နာမည်လေးတော့ ထည့်ပြောပေးပါဦး”
“အမြဲတမ်းပေါ့၊ သူငယ်ချင်း”
ဒေးမြောင်ကလည်း တိုးတိုးလေးနဲ့ ငါ့ကိုလည်း လို့ ပြောလိုက်တာပေါ့။
“ကြိုးစားကြရအောင်”
“အင်း”
“သေချာတာပေါ့”
ကြိုးစားကြရအောင်။ အဲဒီ စကားလုံးလေးက မာရူးရဲ့ ရင်ဘတ်ကို နွေးထွေးသွားစေတာပေါ့။
* * * * * * * * *