← Chapters

အခန်း (၁၅၃-၁၅၄)

Vol. 16 Ch. 153-154

အခန်း (၁၅၃-၁၅၄)

Vol. 16 Ch. 153-154

အခန်း(၁၅၃)

မြောင်ဒုံ အနုပညာပြဇာတ်ရုံကြီး…

သူ ဒီနေရာကို ပြန်ရောက်မလာဖြစ်တာ နှစ်ပတ်လောက်တောင် ရှိသွားပြီလေ။ စင်မြင့်ပေါ်ကို လျှောက်သွားလိုက်တော့ ကလေးတွေ တစ်စုတစ်ဝေးတည်း စုနေကြတာကို တွေ့လိုက်ရတယ်။ အတန်းခေါင်းဆောင်အဖြစ် သရုပ်ဆောင်တဲ့ ဘက်ဂျွန်နဲ့ ယိုဂျင်တို့က သူ့ကို တစ်ယောက်ပြီးတစ်ယောက် လှမ်းနှုတ်ဆက်ကြတာပေါ့။ သူတို့ဘေးမှာတော့ ဆရာမနေရာက သရုပ်ဆောင်တဲ့ ချွဲအာရမ် ရှိနေတယ်။

“မတွေ့ရတာ ကြာပြီနော်” ဘက်ဂျွန်က မာရူးရဲ့ပခုံးကို လှမ်းပုတ်ရင်းနဲ့ ဆက်ပြောတယ် “အရည်အချင်းစစ်ပွဲကော ဘယ်လိုလဲ”

“အဆင်ပြေပါတယ်”

“ဟန်ဆောင်ပြီး နှိမ့်ချမနေစမ်းပါနဲ့။ ယိုဂျင်ပြောတာတော့ မင်းတို့တွေ တကယ့်ကို အလန်းစားပဲဆို”

သူတို့တွေ ဘာတွေ လျှောက်ပြောထားကြလို့ပါလိမ့်။ မာရူးက သိချင်စိတ်နဲ့ ယိုဂျင်ဘက်ကို လှည့်ကြည့်လိုက်မိတာပေါ့။

“ငါကတော့ နင်တို့ တော်တော်လေး ကောင်းကောင်းမွန်မွန် လုပ်နိုင်ခဲ့ကြတယ်လို့ပဲ ပြောလိုက်တာပါ။ ဒါနဲ့ နေဦး...”

ယိုဂျင်က သူ့နားကို ကပ်ပြီး တိုးတိုးလေး လာပြောတယ်။

“အဲဒီနောက်ပိုင်းကျတော့ ဘာဖြစ်သွားသေးလဲ”

“ဘာက ဘာဖြစ်ရမှာလဲ”

“နင်…. နင့်ကောင်မလေးရဲ့အမေနောက်ကို လိုက်သွားရတယ် မဟုတ်လား”

“နင် မြင်လိုက်တာလား”

“မြင်တာပေါ့။ ငါလည်း သူ့ဆီမှာ မိသွားတာလေ။ နင်တို့နှစ်ယောက် နမ်းနေကြတာကို ငါက ဒီအတိုင်းပဲ ကြည့်နေတာ၊ အဲဒါကို သူက ငါ့နောက်မှာ ရုတ်တရက်ကြီး ပေါ်လာတာ။ ငါတောင် လန့်ပြီး အော်မိတော့မလို့”

ဪ... ဒါဆို သူမက အဲဒါကို မြင်သွားခဲ့တာကိုး။ မာရူးက သူမကို မကျေနပ်သလိုမျိုး စိုက်ကြည့်လိုက်တော့ ယိုဂျင်က ပြုံးဖြီးဖြီး လုပ်နေတာပေါ့။

“စိတ်မပူပါနဲ့။ ငါကတော့ လျှို့ဝှက်ချက်အနေနဲ့ ထိန်းသိမ်းထားမှာပါ။ ဒါပေမဲ့ အဲဒီနောက်ပိုင်း ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါ့ကို နည်းနည်းလောက် ပြောပြဦးလေ။ ငါ တအား သိချင်နေလို့ပါ”

“ဘာမှ ထွေထွေထူးထူး မရှိပါဘူး။ ငါ သူနဲ့ ခဏလောက် စကားပြောဖြစ်ခဲ့ရုံတင်ပါ”

“ဘာလဲ... အဲဒါတင်ပဲလား။ ထူးထူးခြားခြား ဘာမှမရှိဘူးလား”

“နင်က တကယ်တမ်း ဘာကို ကြားချင်နေတာလဲဟ”

“အင်း... ဒရာမာတွေထဲကလိုမျိုး အကြောင်းအရာလေးတွေပေါ့”

“ဟင်း...”

အာရမ်နဲ့ ဘက်ဂျွန်တို့ကလည်း အဲဒီစကားဝိုင်းထဲကို ဝင်ပါဖို့ ကြိုးစားလာကြပြန်ရော။

“နင်တို့နှစ်ယောက် ဘာတွေ ပြောနေကြတာလဲ”

“ငါတို့ကိုလည်း ပေးသိဦးလေ”

မာရူးလည်း ချက်ချင်းပဲ ပါးစပ်ပိတ်လိုက်တော့တာပေါ့။ ဒီနှစ်ယောက်က အတူတူရှိနေရင် ထူးထူးဆန်းဆန်းကြီး တက်ကြွနေတတ်တာမို့ သူတို့ဆီမှာ လျှို့ဝှက်ချက်တွေကို စိတ်ချလက်ချ အပ်နှံထားလို့ မဖြစ်ဘူးလေ။ ကြည့်ရတာ တကယ့်ကို အမြွှာတွေအတိုင်းပဲ။

“ဟိုလေ... တကယ်တော့ မာရူးက...”

ယိုဂျင်က နောက်ပြောင်ချင်တဲ့ အပြုံးနဲ့ စကားစလိုက်တယ်။ မာရူးကတော့ လက်မြှောက်ပြီး အရှုံးပေးလိုက်တဲ့ အမူအရာ လုပ်ပြလိုက်တော့မှ သူမလည်း ပါးစပ်ပိတ်သွားတော့တာပေါ့။

“အိုး... နင်တို့နှစ်ယောက်ကတော့ မသင်္ကာစရာကောင်းနေပြီနော်”

“တကယ့်ကို မသင်္ကာစရာကြီး”

မာရူးက အဲဒီနှစ်ယောက်ကို ကျောခိုင်းလိုက်ပြီး ဇာတ်ညွှန်းစာအုပ်ကို လှမ်းကိုင်လိုက်တယ်။ ဒါကို မမြင်ရတာ တော်တော်လေးတောင် ကြာသွားခဲ့ပြီကိုး။ သူ့အနေနဲ့ လေယူလေသိမ်းတွေကို ပြန်ပြီး ရရှိလာဖို့အတွက် အချိန်နည်းနည်းတော့ ယူရဦးမယ်လေ။ သူ ဇာတ်ညွှန်းဖတ်နေတုန်းမှာပဲ တခြားကျောင်းသားတွေလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြတာပေါ့။ အားလုံးနဲ့ မဆုံရတာ တကယ့်ကို ကြာသွားခဲ့ပြီမို့ သူလည်း ပျော်ပျော်ရွှင်ရွှင်ပဲ စကားတွေ ပြောဖြစ်ခဲ့တယ်။ သူတို့တွေ အကြောင်းအရာမျိုးစုံကို ပြောဖြစ်ခဲ့ကြပေမဲ့ နောက်ဆုံးတော့ စကားဝိုင်းအားလုံးက အကြောင်းအရာတစ်ခုတည်းဆီကိုပဲ ပြန်ရောက်သွားကြတာပါပဲ။

“တို့တွေ အရည်အချင်းစစ်ပွဲ အောင်မယ်လို့ ထင်လား”

ဘယ်သူပြောလိုက်တာလဲတော့ မသိဘူး၊ အသံကတော့ တော်တော်လေး ကျယ်တာပဲ။ အခန်းထဲက ဘယ်သူ့ကိုမဆို ရည်ရွယ်ပြီး ပြောလိုက်တာမျိုး မဟုတ်ပေမဲ့ အားလုံးရဲ့ စိုးရိမ်စိတ်တွေကိုတော့ နှိုးဆွပေးလိုက်သလို ဖြစ်သွားခဲ့တယ်။ ဂျောင်ဂီပြည်နယ်ရဲ့ မြောက်ပိုင်းနဲ့ တောင်ပိုင်း ဒေသတွေ၊ ပြီးတော့ ဆိုးလ်။

အမျိုးသားအဆင့် ပြိုင်ပွဲတွေကို သွားရောက်ယှဉ်ပြိုင်ဖို့အတွက် အသင်းတစ်သင်းတည်းကိုပဲ ရွေးချယ်တဲ့ တခြားဒေသတွေနဲ့မတူဘဲ အဲဒီနေရာတွေမှာတော့ အသင်းနှစ်သင်းစီအခြေ ရွေးချယ်တာ ဖြစ်ပါတယ်။ ဒီအပျော်တမ်း သရုပ်ဆောင်သင်တန်းမှာ ရှိနေတဲ့ ကျောင်းသား ၁၂ ယောက်ထဲက ၇ ယောက်က ဆိုးလ်က အထက်တန်းကျောင်းတွေက ဖြစ်ကြတာပေါ့။ တစ်ယောက်ချင်းစီက ကျောင်း မတူကြတာမို့ အနည်းဆုံးတော့ ဒီထဲက ငါးယောက်လောက်ကတော့ ကျရှုံးသွားကြမှာ အသေအချာပါပဲ။ ဂျောင်ဂီပြည်နယ်က လာတဲ့ ကျောင်းသားတွေအတွက်လည်း ဒီအတိုင်းပါပဲ။

“ငါ ကြားတာတော့ အီလျန်အထက်တန်းကျောင်းနဲ့ ဒေဂျင်မိန်းကလေးအထက်တန်းကျောင်းက ဆိုးလ်အတွက် ကိုယ်စားလှယ်တွေ ဖြစ်သွားကြပြီတဲ့”

“ဂျောင်ဂီအတွက်ကတော့ မြောင်ဟွာအထက်တန်းကျောင်း ဖြစ်ဖို့များတယ်၊ ပြီးတော့... တခြား ဘာကျန်သေးလဲ မသိဘူးနော်”

ကျောင်းသားတွေက မာရူးနဲ့ ယိုဂျင်ဘက်ကို လှည့်ကြည့်လာကြတာပေါ့၊ ဘာလို့လဲဆိုတော့ အခုချိန်မှာ ဒီကို ရောက်နေတဲ့သူတွေထဲမှာ ဂျောင်ဂီကဆိုလို့ သူတို့နှစ်ယောက်တည်းပဲ ရှိတာကိုး။

“တို့တွေမှာ အရည်အချင်းစစ်ပွဲ တစ်ခု ကျန်သေးတယ်လေ။ မြောက်ပိုင်းဒေသကတော့ ပြီးခဲ့တဲ့အပတ်ကတည်းက အရည်အချင်းစစ်ပွဲတွေ ပြီးသွားခဲ့ပြီ”

ယိုဂျင်က ပခုံးတွန့်ပြရင်းနဲ့ ပြန်ဖြေလိုက်တယ်။

“နင်တို့ပြည်နယ်မှာ အရည်အချင်းစစ်ပွဲက နှစ်ခုတောင် ရှိတာလား”

“အင်းလေ၊ ပြည်နယ်က တအားကြီးတာကိုး။ မြောက်ပိုင်းက နှစ်သင်း၊ တောင်ပိုင်းက နှစ်သင်းပေါ့။ အဲဒီနောက်မှာမှ တို့ပြည်နယ်အတွက် နောက်ဆုံး နှစ်သင်းကို ပြန်ပြီး ရွေးချယ်ဖို့ နောက်ထပ် အရည်အချင်းစစ်ပွဲ တစ်ခု ထပ်လုပ်ရဦးမယ်”

ဘက်ဂျွန်လည်း နားလည်သွားတဲ့ပုံစံနဲ့ ခေါင်းညိတ်ပြတာပေါ့။

“မင်းတို့ပြည်နယ်က အမြဲတမ်းနိုင်နေတာ မဆန်းပါဘူးကွာ။ မင်းတို့ဆီမှာ ကျောင်းတွေက တအားများတာကိုး”

“အဲလိုလည်း ဟုတ်ချင်ဟုတ်မှာပေါ့။ ဒါပေမဲ့ အဲဒါက တကယ်တမ်း မြောင်ဟွာအထက်တန်းကျောင်းကြောင့်တင် မဟုတ်ဘူးလား။ သူတို့ပဲ အမြဲတမ်း နိုင်ခဲ့တာလေ”

“နေဦး... ငါ ကြားဖူးတာတော့ ဝူးဆောင်းအထက်တန်းကျောင်းကလည်း အရင်တုန်းက အမြဲတမ်းနိုင်ခဲ့ဖူးတယ် ဆိုလား” ဘက်ဂျွန်က ဇဝေဇဝါနဲ့ ကိုယ့်ဘာသာ ရေရွတ်လိုက်မိတယ်။

အားလုံးက မာရူးဘက်ကို လှည့်ကြည့်လာကြတာပေါ့။ သူလည်း ခဏလောက် ဇာတ်ညွှန်းစာအုပ်ကို ချထားလိုက်ရတော့တာပေါ့။

“လွန်ခဲ့တဲ့ အချိန်အကြာကြီးတုန်းကပေါ့၊ အင်း... တကယ့်ကို လွန်ခဲ့တဲ့ အချိန်အကြာကြီးတုန်းကပါ”

“ဝူးဆောင်းအထက်တန်းကျောင်းက ဒီတစ်ခါတော့ တကယ်ကို တော်တာဗျ။ သူတို့ တော်တော်လေး ကောင်းခဲ့ကြတာ။ မဟုတ်ဘူး... တကယ့်ကို ပြောင်မြောက်လှတာပေါ့”

ယိုဂျင်ကလည်း ယုံကြည်မှုအပြည့်နဲ့ ခေါင်းညိတ်ပြတယ်။ ကလေးတွေက သူ့ကို အရင်ထက် ပိုပြီးတော့တောင် သေသေချာချာ စိုက်ကြည့်လာကြတာမို့ မာရူးတစ်ယောက် သက်ပြင်းချမိရုံကလွဲလို့ ဘာမှမတတ်နိုင်တော့ဘူးလေ။ ယိုဂျင်က ဒီနေရာမှာ သြဇာတော်တော်ရှိတာဆိုတော့ လူတွေက သူ့ကို အဲဒီလိုမျိုး ကြည့်လာကြတာကတော့ သဘာဝပါပဲ။ ဒီမိန်းကလေးက ဘာဖြစ်လို့ အဲဒီစကားကို ပြောလိုက်ရတာပါလိမ့်။ အင်း... ကြည့်ရတာတော့ ရှင်းနေတာပဲလေ။

‘သူမကတော့ တကယ့်ကို ပျော်နေတာပေါ့’

ယိုဂျင်ကတော့ ပါးစပ်ကြီး နားရွက်ချိတ်မတတ် ပြုံးဖြီးနေခဲ့ပြီလေ။ ကလေးတွေကလည်း သူတို့ ဘယ်လိုပြဇာတ်မျိုးတွေ ကပြခဲ့ကြတာလဲဆိုတာကို သိချင်ဇောနဲ့ မေးခွန်းတွေ အလုအယက် မေးလာကြတော့တာမို့ မာရူးလည်း နောက်ဆုံးတော့ အကုန်လုံးကို လိုက်ပြီး ပြန်ဖြေပေးလိုက်ရတော့တာပေါ့။

“ငါ ပြောပြမယ်၊ မာရူးက လေ့ကျင့်တဲ့အချိန်တုန်းကနဲ့ လုံးဝမတူဘူး။ သူ စင်ပေါ်ကို ရောက်သွားတဲ့ အချိန်ကျရင် တကယ့်ကို ပျံသန်းနေတဲ့အတိုင်းပဲ”

သူမကတော့ တကယ့်ကို လမ်းဘေးသောက်ဆိုင်တွေက သီချင်းသည်တစ်ယောက်အတိုင်းပါပဲ၊ လူတွေနဲ့ စကားအတင်းအဖျင်း ပြောဖို့အတွက် ပိုက်ဆံအငှားခံထားရတဲ့ လူစားမျိုးပေါ့။ မာရူးက သူမကို ရပ်ဖို့အတွက် လက်ဟန်ခြေဟန် ပြလိုက်မိတယ်၊ သူ ကိုယ်တိုင်ပဲ အကုန်လုံးကို ပြောပြပါ့မယ်ဆိုတဲ့ မက်ဆေ့ခ်ျကို တိတ်တိတ်လေးပေးဖို့ ကြိုးစားလိုက်တာပေါ့။

ယိုဂျင်လည်း နောက်ဆုံးတော့ သူ့ကို ပြန်ပြီးပြုံးပြပြီး စကားဝိုင်းကို တခြားနေရာဆီ လွှဲပြောင်းလိုက်တော့တာပဲ။ နောက်ဆုံးတော့ သူတို့တွေ သူတို့အတန်းထဲကို လာမယ့် နာမည်ကြီးသရုပ်ဆောင်အကြောင်းကို ပြောဖြစ်သွားကြတာပေါ့။

ယိုဂျင်ရဲ့ အမေက ဇာတ်လမ်းတွဲလောကထဲမှာ အလုပ်လုပ်တယ်လို့ မာရူး ကြားဖူးခဲ့တာကို သတိရလိုက်မိတယ်။ သူမ ဘာအလုပ်လုပ်လဲဆိုတာကို သူ သေသေချာချာ မမှတ်မိတော့ပေမဲ့ ကလေးတွေရဲ့ အာရုံက ယိုဂျင်ဆီ ပြန်ရောက်သွားတော့မှပဲ သူလည်း စိတ်အေးလက်အေး ရှိသွားနိုင်တော့တာပေါ့။

“ဘာလုပ်နေတာလဲ”

တစ်ယောက်ယောက်က မာရူးရဲ့ ပခုံးပေါ်ကို မေးတင်ပြီး လှမ်းမေးလိုက်တာလေ။ ရေမွှေးနံ့တစ်ခုက သူ့နှာခေါင်းထဲကို တိုးဝင်လာခဲ့တယ်။ သူ ကိုယ်တိုင် တစ်ဦးတစ်ယောက်အတွက် ဝယ်ပေးခဲ့ဖူးတဲ့ ရေမွှေးနံ့လေးပေါ့။

“ရောက်လာပြီလား”

သူမက သူ့ရဲ့ နောက်တည့်တည့်မှာ ရပ်နေခဲ့တာလေ။ သူ သူမရဲ့ ပြုံးနေတဲ့ မျက်နှာလေးကို ကြည့်လိုက်ပြီးမှ အောက်ဘက်ဆီကို နည်းနည်းလောက် လှမ်းကြည့်လိုက်မိတယ်။

“ဆောရီးပဲ၊ ငါ အဲဒါကို မဝတ်ထားခဲ့ဘူး”

သူမက မာရူးဆီကို လက်လှမ်းပြလိုက်တာပေါ့။ လက်စွပ်လေးကိုတော့ ဘယ်နေရာမှာမှ မြင်ခွင့်မရခဲ့ပါဘူး။ ဒါကို သူ ကြိုတင်ပြင်ဆင်ထားခဲ့ပြီးသား ဆိုပေမဲ့လည်း စိတ်ထဲမှာတော့ နည်းနည်းတော့ စိတ်ပျက်မိသွားတာပေါ့။

“နင် စိတ်ပျက်သွားတဲ့ ပုံပဲနော်”

“ကိုယ်က မင်း အဲဒါကို ဝတ်လာမလားလို့ တွေးနေမိလို့ပါ”

သူမက ပြုံးလိုက်ပြီးမှ ဖုန်းကို ထုတ်လိုက်တာပေါ့။ သူမရဲ့ လက်စွပ်လေးက အဲဒီဖုန်းမှာ တွဲလောင်းလေး ချိတ်ထားတာကိုး။

“သူတို့က အလှဆင်ပစ္စည်းတွေ ဝတ်ဆင်ခွင့် မပြုကြဘူးလေ၊ ဒါပေမဲ့ ငါ့ဖုန်းကိုတော့ သူတို့ လာပြီး မကိုင်ရဲပါဘူး။ နင် ဒီလောက်နဲ့တင် ကျေနပ်လိုက်ပါတော့နော်”

လက်စွပ်လေးက သူမရဲ့ ဖုန်းအောက်မှာ တလက်လက်နဲ့ လည်နေခဲ့တာပေါ့။ မာရူးက သူ့လက်ကို အဲဒီဘေးနားမှာ ကပ်ထားလိုက်တော့ ယုန်ကလေးနှစ်ကောင်က လေထဲမှာ အတူတူ ဆုံတွေ့သွားကြတာပေါ့။

“ဒါ ဘာကြီးလဲ”

သူ သတိမထားမိခင်မှာတင် ယိုဂျင်က မာရူးရဲ့လက်နဲ့ ယိုဂျင်ရဲ့ ဖုန်းကို လှမ်းကိုင်လိုက်တာပေါ့။ သူမလည်း လန့်ဖျတ်သွားပြီး ဖုန်းကို ပြန်လုဖို့ ကြိုးစားလိုက်ပေမဲ့ ယိုဂျင်က ပိုပြီး လက်သွက်သွားခဲ့တယ်လေ။

“အိုး... ဒါဆို နင်တို့နှစ်ယောက်က အခုလိုမျိုး လူပုံအလယ်မှာ တရားဝင်တွဲနေကြပြီပေါ့ ဟုတ်လား”

“ဘာ... ဘာဖြစ်လို့လဲ”

သူမ တကယ့်ကို လန့်သွားခဲ့တာပေါ့။ အဲဒီနေ့တုန်းက ယိုဂျင် သူတို့နှစ်ယောက်ကို မြင်သွားခဲ့မှန်း သူမ အခုထိ မသိသေးဘူးဆိုတာကို မာရူး ပြန်ပြီး သတိရလိုက်မိတယ်။ အဲဒီမိန်းကလေးကတော့ ပြုံးစိစိနဲ့ နမ်းပြဖို့ လက်ဟန်ခြေဟန် လုပ်ပြနေတော့တာပဲ။

“နမ်းလိုက်... နမ်းလိုက်... နမ်းလိုက်။ အချစ်ပြင်းပြင်းနဲ့ အနမ်းလေးတစ်ခုပေါ့”

သူမက မျက်လုံးကြီးတွေကို ပြူးလိုက်ပြီး ယိုဂျင်ရဲ့ ပါးစပ်ကို လက်နဲ့ အတင်းပိတ်ပစ်လိုက်တော့တာပေါ့။

“နင်... နင်ကတော့နော်”

“ငါ နင်တို့နှစ်ယောက်ကို သေသေချာချာ မြင်လိုက်တာ။ အခုခေတ် ကလေးတွေကတော့ တကယ့်ကို မြန်လှပါလား”

“ဘယ်လိုလုပ်...”

“ဒီကမ္ဘာကြီးမှာ မျက်လုံးတွေ အများကြီး ရှိပါတယ် ကောင်မလေးရဲ့”

ယိုဂျင်က သူမရဲ့ နှာခေါင်းလေးကို အသာအယာ ညှစ်လိုက်တာပေါ့။ ကြည့်ရတာ ကြောင်တစ်ကောင်ရဲ့ ရှေ့မှာ ထိုင်နေရတဲ့ ကြွက်ကလေးတစ်ကောင်ကို စောင့်ကြည့်နေရတဲ့အတိုင်းပါပဲ။

“မာရူး...”

“ဆောရီးပါ”

သူကတော့ အခုလောလောဆယ် တောင်းပန်ထားလိုက်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ ဒီနေ့တော့ သူ ငြိမ်ငြိမ်လေးပဲ နေတာ အကောင်းဆုံးပါပဲ။

“မင်းတို့အားလုံး ရောက်နေကြပြီပေါ့ ဟုတ်လား”

ဂန်ဟွမ်က နောက်ဆုံးတော့ လက်ထဲမှာ ရေသန့်ဘူးတစ်ဘူးကိုင်ရင်း ပေါ်လာတယ်။ ကလေးတွေလည်း သူ့ရှေ့မှာ တန်းစီပြီး ရပ်လိုက်ကြတာပေါ့။

“မင်းတို့ အရည်အချင်းစစ်ပွဲတွေကို ကောင်းကောင်းမွန်မွန် ပြီးဆုံးအောင် လုပ်နိုင်ခဲ့ကြရဲ့လား”

“ဟုတ်ကဲ့ပါခင်ဗျာ”

“အောင်မယ်လို့ ထင်ကြလား”

ဘယ်သူမှ သူ့ကို လွယ်လွယ်ကူကူ ပြန်ပြီး မဖြေနိုင်ခဲ့ကြဘူး။ ပြန်စဉ်းစားကြည့်ရင်တော့ သူတို့ ၁၂ ယောက်လုံးက တကယ့် ပြိုင်ဘက်တွေ ဖြစ်နေကြတာကိုး။ အကယ်၍ တစ်ယောက် အောင်မြင်သွားခဲ့ရင် တခြားတစ်ယောက်က ကျရှုံးသွားရမှာလေ။

“ပြိုင်ဆိုင်မှုတွေ ပြည့်နှက်နေတဲ့ လောကထဲကို ကြိုဆိုပါတယ်ကွယ်။ ဒီလိုအလုပ်မျိုးမှာကတော့ မင်းတို့တွေဟာ အမြဲတမ်း တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်နေကြရမှာပဲ။ ဒါက ဆိုးဝါးတဲ့အရာတော့ မဟုတ်ပါဘူး။ တခြားလူ တစ်ရာလောက်နဲ့ အပြိုင်အဆိုင် လုပ်ရမယ့် လူရွေးပွဲတွေ အများကြီး ရှိနေသေးတာပဲ။ မင်းတို့ရဲ့ အထက်တန်းကျောင်းသား ဘဝလေးကို ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းကြလေ”

ဂန်ဟွမ်က နောက်ပြောင်ချင်တဲ့ အပြုံးတစ်ခု ပြုံးလိုက်တော့ ကျောင်းသားတွေဆီကနေ မကျေနပ်တဲ့ ညည်းတွားသံတွေ တဝုန်းဝုန်း ထွက်လာတော့တာပေါ့။

“ကဲ... ဒါဆိုရင်တော့ တို့တွေ လေ့ကျင့်ခန်း အချို့ကို သွားပြီး လုပ်ကြစို့လေ။ မတွေ့ရတဲ့ ဒီရက်သတ္တပတ်တွေအတွင်းမှာ မင်းတို့တွေ ဇာတ်လမ်းစာသားတွေကို မေ့မသွားကြဘူးလို့ မျှော်လင့်တာပဲ”

အဲဒီလိုနဲ့ပဲ မြောင်ဒုံမှာ သူတို့ရဲ့ လေ့ကျင့်ခန်းတွေ ပြန်ပြီး စတင်ခဲ့ရပြန်တာပေါ့။

* * * * * * * * *

“ဂျစ်… ဂျစ်”

ယွန်ရင်က သူမရဲ့ မီးခြစ်ကျောက်ကို ခဏခဏ လှည့်နေမိတော့ မီးပွားလေးအချို့က ထွက်ထွက်လာတာပေါ့။ ယွန်ရင်ရဲ့ မျက်လုံးတွေက အဲဒီမီးတောက်လေးဆီကိုပဲ အသည်းအသန် လိုက်ကြည့်နေမိတယ်။

ဒီနေ့က ဒီဇင်ဘာ ၃၁ ရက်။ ၂၀၀၃ ခုနှစ်ရဲ့ နောက်ဆုံးနေ့ ဖြစ်ပါတယ်။

မနေ့တုန်းကတော့ အရည်အချင်းစစ်ပွဲရဲ့ ရလဒ်တွေ ထွက်လာခဲ့တယ်လေ။ ဝူးဆောင်းအထက်တန်းကျောင်းက အောင်မြင်သွားခဲ့တာမို့ ကလပ်အဖွဲ့ဝင်တွေအားလုံး ဆရာမ မီဆိုနဲ့အတူ မနေ့က ပျော်ပျော်ပါးပါး အချိန်ဖြုန်းခဲ့ကြတာပေါ့။ သူမက သူတို့တွေကို အရည်အချင်းစစ်ပွဲရဲ့ ဒုတိယအပိုင်းမှာသာ ကောင်းကောင်းမွန်မွန် လုပ်နိုင်မယ်ဆိုရင် အမျိုးသားအဆင့် ပြိုင်ပွဲတွေဆီအထိ သွားနိုင်လိမ့်မယ်လို့ ပြောပြခဲ့တာလေ။ အားလုံးက ပြုံးနေခဲ့ကြတာပေါ့။

သူတို့ကြားက ပတ်ဝန်းကျင်က တကယ့်ကို နွေးထွေးလှပေမဲ့ ယွန်ရင်ကတော့ ဒါကို သဘောမကျနိုင်ခဲ့ဘူး။ အကယ်၍ ကလပ်ကသာ အဆင်ပြေပြေ ဖြစ်သွားမယ်ဆိုရင် ဂွန်ဆော့က သူမနဲ့ ပိုပြီးတော့တောင် ဝေးကွာသွားရတော့မှာလေ။ အဲဒါကတော့ ထင်ရှားလှတဲ့ အချက်ပါပဲ။ အဲဒီကောင်လေးကသာ အဆင်ပြေသွားမယ်ဆိုရင် တကိုယ်တော် သင်ခန်းစာတွေကို ပိုပြီးတော့တောင် ယူဖြစ်တော့မှာကိုး။ အဓိပ္ပာယ်ကတော့... သူက အဲဒီ လှပတဲ့ အမျိုးသမီးနဲ့ အချိန်တွေ ပိုပြီး ကုန်ဆုံးရတော့မယ်ဆိုတဲ့ သဘောပေါ့။

ယွန်ရင်တစ်ယောက် ဂွန်ဆော့ သူမမျက်စိရှေ့ကနေ ပျောက်ကွယ်သွားမယ့် အတွေးကို တွေးလိုက်မိရုံနဲ့တင် လက်ထဲက အင်အားတွေ အကုန်ကုန်ခမ်းသွားသလို ခံစားလိုက်ရတယ်။ သူမရဲ့ မီးခြစ်က ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားခဲ့ပေမဲ့ သူမကတော့ ဒါကို အူကြောင်ကြောင်ကြီးပဲ ငေးကြည့်နေမိတာပေါ့။

“ဒီအတိုင်း ဆက်သွားလို့တော့ မဖြစ်တော့ဘူး”

သူမကတော့ သူတို့ကို ကျရှုံးသွားပါစေလို့ ဆုတောင်းခဲ့တာ။ ဒါပေမဲ့ သူတို့က အောင်မြင်သွားခဲ့ကြပြီလေ။ ဂွန်ဆော့က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပိုပြီးတော့တောင် များလာခဲ့ပြီပေါ့။ သူမ သူ့ကို ဒီလိုပုံစံအတိုင်းတော့ ပြန်ပြီးမခေါ်နိုင်တော့ဘူးလေ။ သူမ သူ့ကို ပြိုလဲပျက်စီးသွားအောင် လုပ်ရမယ်၊ ပြီးတော့ အခုလက်ရှိ စီးဆင်းမှုကို ဖျက်ဆီးပစ်လိုက်ပြီး သူ့ကို သူမအပေါ်မှာပဲ အပြည့်အဝ မှီခိုလာအောင် လုပ်မှဖြစ်တော့မယ်လေ

“ဂွန်ဆော့က ငါ့ကိုပဲ လိုအပ်တာ။ ငါကလွဲလို့ တခြားဘယ်သူမှ ဖြစ်လို့မရဘူး”

ယွန်ရင်က မျက်လုံးတွေကို တင်းတင်းပိတ်လိုက်ပြီး ကိုယ့်ဘာသာ တိုးတိုးလေး ရေရွတ်လိုက်မိတယ်။

“... မဟုတ်ဘူး၊ သူသာ မရှိရင် ငါလည်း ရှင်သန်နိုင်မှာ မဟုတ်ဘူး။ ငါ သူ့ကို လိုအပ်တယ်”

သူမရဲ့ လက်တွေက စိုးရိမ်တုန်လှုပ်မှုတွေကြောင့် တုန်ရင်လာခဲ့ပြီလေ။ အသက်ရှူသံတွေကလည်း ပိုပြီးတော့တောင် မြန်လာခဲ့ရပြန်ရော။ သူမ ဆုံးဖြတ်ချက်တစ်ခု ချဖို့ လိုနေပြီလေ။ ဒီနေ့က ၃၁ ရက်နေ့။ အကယ်၍ သူမ ဒါကို လုပ်တော့မယ်ဆိုရင် မနက်ဖြန်ကျမှပဲ လုပ်ရတော့မယ်။ မနက်ဖြန်ကျမှကို လုပ်ရမှာ။ ယွန်ရင်က ကော်ဘူးတစ်ဘူးနဲ့ မီးခြစ်တွေကို ကောက်ကိုင်လိုက်ပြီး သူမရဲ့ အိတ်ထဲကို ပြန်ထည့်လိုက်တော့တာပေါ့။

* * * * * * * * *

မာရူးက သူ့အခန်းထဲကနေ နာရီကို မော့ကြည့်လိုက်တော့ သန်းခေါင်ယံအချိန်ကို ရောက်ဖို့ နီးနေခဲ့ပြီလေ။ သူ ဧည့်ခန်းထဲကို လျှောက်ထွက်လာခဲ့တော့ သူ့မိသားစုက အပြင်မှာ ထိုင်ပြီး တီဗီကို စူးစူးစိုက်စိုက် ကြည့်နေကြတာကို မြင်လိုက်ရတယ်။

“အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ နှစ်သစ်ကူးဖို့ တကယ့်ကို နီးကပ်လို့လာခဲ့ပါပြီ။ တို့တွေ ၂၀၀၃ ခုနှစ်ရဲ့ နောက်ဆုံးအချိန်လေးတွေကို ကောင်းကောင်းမွန်မွန် ပြီးဆုံးအောင် လုပ်ကြပြီး ၂၀၀၄ ခုနှစ်ကို ကြိုဆိုဖို့ ပြင်ဆင်ကြစို့လေ”

အပြင်ဘက်က တစ်နေရာရာမှာ ရပ်နေကြပြီး ခေါင်းလောင်းသံ မြည်လာမှာကို စောင့်ဆိုင်းနေကြတဲ့ လူအများအပြားရဲ့ မျက်နှာတွေက စခရင်ပေါ်မှာ ပေါ်လာခဲ့ပြီလေ။ သူတို့အားလုံးက မျှော်လင့်ချက်အပြည့် ရှိနေတဲ့ မျက်နှာပေးတွေနဲ့ ပြောင်းလဲလာမယ့် အချိန်တွေကို စောင့်ကြည့်နေကြတာပေါ့။ သတင်းထောက်ကလည်း လူတွေဆီ လျှောက်သွားပြီး သူတို့ရဲ့ နှစ်သစ်ဆုတောင်းတွေကို လိုက်မေးနေတာလေ။ အဲဒီအချိန်မှာပဲ မာရူးလည်း ဆိုဖာပေါ်က သူ့မိသားစုဆီမှာ သွားပြီး ဝင်ထိုင်လိုက်တာပေါ့။

“တို့တွေ ဒီနှစ်ထဲမှာလည်း တော်တော်လေး ကြိုးစားခဲ့ကြတာပဲနော်” လို့ သူ့အဖေက စခရင်ကို ကြည့်ရင်း ပြောလိုက်တယ်။

ကဲ... ၂၀၀၄ ခုနှစ် ရောက်ဖို့ ဆယ်စက္ကန့်ပဲ လိုပါတော့တယ်ခင်ဗျာ။ တို့တွေနဲ့အတူတူ ပြောင်းလဲမှုကို ရေတွက်ကြရအောင်လေ။

စခရင်ရဲ့ အောက်ဘက် ညာခြမ်းက ဂဏန်းတွေက တဖြည်းဖြည်းနဲ့ လျော့နည်းလာခဲ့ပြီလေ။ ဂဏန်းက ငါးအထိ ရောက်သွားတဲ့ အချိန်မှာတော့ ဘာဒါက ပါးစပ်ကနေ အသံကျယ်ကျယ်နဲ့ လိုက်ပြီး ရေတွက်တော့တာပေါ့။

“နှစ်သစ်မှာ ပျော်ရွှင်ပါစေ”

တီဗီထဲကနေ ခေါင်းလောင်းသံကြီး မြည်လာခဲ့ပြီလေ။ စခရင်ပေါ်က လူတိုင်းကလည်း ‘နှစ်သစ်မှာ ပျော်ရွှင်ပါစေ’ လို့ အားရပါးရ အော်ဟစ်လိုက်ကြတာပေါ့။

“နှစ်သစ်မှာ အဆင်ပြေပါစေ မေမေနဲ့ ဖေဖေ” လို့ မာရူးက သူ့မိဘတွေကို ပြောလိုက်တယ်။

သူ့ညီမလေးအတွက်လည်း ဒီအတိုင်းပါပဲ။

“ကိုကြီးလည်း အတူတူပါပဲနော်”

မာရူးက သူ့မိသားစုနဲ့ ခဏလောက် စကားပြောပြီးတာနဲ့ သူ့အခန်းထဲကို ပြန်ဝင်လာခဲ့တာပေါ့။ သူ ပထမဆုံး လုပ်လိုက်တဲ့အရာကတော့ သူမဆီကို ဖုန်းဆက်လိုက်တာပဲ၊ သူမကလည်း ဖုန်းကို ချက်ချင်းဆိုသလို ကိုင်လိုက်တာပေါ့။

“နှစ်သစ်မှာ ပျော်ရွှင်ပါစေနော်”

“နင်လည်း အတူတူပါပဲ”

“မင်းရဲ့ အမေကိုလည်း ကိုယ့်ကိုယ်စား နှုတ်ဆက်ပေးပါဦး”

“သူက အခု တကယ်တော့ ငါ့ဘေးနားတင် ရှိနေတာ”

မာရူးတစ်ယောက် ဖုန်းတစ်ဖက်ကနေ “ရည်းစားလေးလား... မာရူးလား” လို့ လှမ်းမေးနေတဲ့ အသံကို ကြားလိုက်ရတာပေါ့။ သူမကတော့ သက်ပြင်းတစ်ချက်ချပြီး ဖုန်းကို ချက်ချင်း ချသွားခဲ့တယ်။ သူတို့နှစ်ယောက်ကတော့ အမြဲတမ်းလိုပဲ အဆင်ပြေပြေ ရှိနေကြတုန်းပါပဲ။

“နှစ်ရက်ပဲ လိုတော့တယ်”

သူ့ရဲ့ ခန္ဓာကိုယ်ကို ခုတင်ပေါ်ကို ပစ်ချလိုက်တာပေါ့။ သူတို့တွေ နောက်ထပ် နှစ်ရက်နေရင် ပြိုင်ပွဲထဲမှာ ထပ်ပြီး ပြိုင်ဆိုင်ကြရဦးမယ်လေ။ သူတို့တွေ ပြဇာတ်ပစ္စည်းတွေနဲ့ ဝတ်စုံတွေကို နောက်ဆုံးတစ်ခေါက် အနေနဲ့ သေသေချာချာ ပြန်ပြီး စစ်ဆေးကြည့်သင့်တာပေါ့။ ဘာပြဿနာမှ ရှိမနေသင့်ဘူးလေ။ မာရူး အသက်ကို အားရပါးရ ရှူသွင်းလိုက်ပြီးမှ မျက်လုံးတွေကို မှိတ်လိုက်တော့တာပေါ့။

၂၀၀၄ ခုနှစ်ရဲ့ အစပြုခြင်းလေးက အေးအေးဆေးဆေးပဲ ဖြစ်ပါစေလေ။

* * * * * * * * *

အခန်း(၁၅၄)

နှစ်သစ်ကူးညဆိုပေမဲ့လည်း ထူးထူးခြားခြား ပြောင်းလဲသွားတာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ နှစ်သစ်ကို ကြိုဆိုရတဲ့ ပျော်ရွှင်မှုလေးကြောင့် မာရူးတစ်ယောက် မသိမသာ ပြုံးမိသွားတာပေါ့။

“နင် ဒီနေ့လည်း ကျောင်းသွားရဦးမှာလား”

“အင်း”

“သရုပ်ဆောင်ရတာ တကယ်ပဲ အဲလောက်တောင် ပျော်ဖို့ကောင်းလို့လား”

“အခွင့်အရေးရရင် နင်လည်း စမ်းလုပ်ကြည့်ပါလား။ အလယ်တန်းကျောင်းတချို့မှာ ကလပ်အသင်း ရှိတယ်လို့ ငါသိထားတယ်”

“လုပ်ကြည့်ရမလား”

သူ့ညီမလေးက ပါးစပ်မှာ ပြုံးစိစိနဲ့ မနက်စာကို ထိုင်စားနေတာပေါ့။ သူမရဲ့ နှစ်သစ်ကူး သန္နိဋ္ဌာန်ကတော့ ကျောင်းပိတ်ရက်မှာတောင် မနက် ၇ နာရီအတိ ထရမယ်ဆိုတာလေ။ ဒါကြီးက ဘယ်လောက်တောင် ကြာကြာခံမလဲဆိုတာ မာရူးတစ်ယောက် တွေးပြီး ရယ်ချင်နေမိတော့တယ်။ သုံးရက်ထက်တော့ ပိုမယ်မထင်ပါဘူး။ မနက်ဖြန်ကျရင် သူမ အိပ်ရာကနေ မထနိုင်ဘဲ အသည်းအသန် ဖြစ်နေဦးမှာကို သူ အသေအချာ သိနေတာကိုး။

“မနက်ဖြန်ကျရင် ငါလည်း လေ့ကျင့်ခန်း စလုပ်တော့မယ်။ ပန်းခြံထဲမှာ ပြေးမလို့”

ကဲလေ... သူမဘာသာတော့ တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ အစီအစဉ်ကြီးတွေ ချမှတ်ထားပုံရတာပဲ။

“နင့်ရဲ့ သန္နိဋ္ဌာန်အတိုင်း ဖြစ်အောင် လုပ်နိုင်ပါစေလို့ပဲ ဆုတောင်းပေးရမှာပဲ”

“ဘာဖြစ်လို့လဲ။ ငါက မလုပ်နိုင်ဘူးလို့ ထင်နေတာလား။ ငါက ဒါမျိုးဆို တကယ်လုပ်ပြနိုင်တဲ့သူနော်။ ဟုတ်တယ်မလား မေမေ”

သူမ ပြန်ရလိုက်တဲ့ တုံ့ပြန်မှုကတော့ အမေ့ဆီကနေ ထွက်လာတဲ့ အဓိပ္ပာယ်မရှိတဲ့ အပြုံးလေးတစ်ခုပါပဲ။ ညီမဖြစ်သူကတော့ နှုတ်ခမ်းဆူသွားပြီး စောင့်ရုံသာ စောင့်ကြည့်လိုက်ပါလို့ ရန်ထောင်နေတော့တာပေါ့။

“နင် ဒီနေ့လည်း အိမ်ပြန်နောက်ကျဦးမှာလား” လို့ အမေက လှမ်းမေးခဲ့တယ်။

“မသိသေးဘူးမေမေ။ နောက်ကျမယ်ဆိုရင် ဖုန်းဆက်လိုက်မယ်လေ”

အမေက သမ်းဝေလိုက်တာပေါ့။ မာရူးတစ်ယောက် အိပ်ခါနီးအချိန်အထိ အမေက အဖေနဲ့ စကားတွေ တပြောပြော ရှိနေသေးတာကို သူ မှတ်မိနေသေးတယ်။ အခုလို ပင်ပန်းနေတာကလည်း သဘာဝကျပါတယ်လေ။

“မေမေ သွားအိပ်လိုက်ပါဦး”

“အရမ်းကြီး မနောက်ကျစေနဲ့နော်”

အမေက နောက်တစ်ကြိမ် ထပ်ပြီး သမ်းဝေရင်း အခန်းထဲကို ဝင်သွားခဲ့တယ်။

“ကိုကြီး”

“ဘာလဲ”

“ကိုကြီးရဲ့ လက္ခဏာ ဇာတာ ကို ငါ ကြည့်ပေးရမလား”

“ဇာတာ ဟုတ်လား”

ဒါက ဘာအကြောင်းလဲလို့ သူ မမေးနိုင်ခင်မှာတင် ညီမဖြစ်သူက အခန်းထဲကနေ မဂ္ဂဇင်းစာအုပ်တစ်အုပ် ပြေးယူလာခဲ့ပြီလေ။ အမျိုးသမီးမဂ္ဂဇင်းစာအုပ်ကို ကိုင်ထားတာကိုး။ သူမလည်း အဲဒီလို အသက်အရွယ်မျိုးကို ရောက်လာခဲ့ပြီပဲပေါ့။ အဲဒီကောင်မလေးက စာမျက်နှာတွေကို တဖတ်ဖတ် လှန်နေရင်း ‘နှစ်သစ်အတွက် လက္ခဏာ ဇာတာ’ ဆိုတဲ့ နေရာကို ရောက်သွားခဲ့တာ။

“ကိုကြီးရဲ့ မွေးနေ့က ဘယ်တော့လဲ”

“ဇူလိုင် ၂၅ ရက်”

“ဒါဆိုရင်တော့ သိဟ်ရာသီဖွားပေါ့”

သူမက စာကို စဖတ်ရင်း စကားလုံးအချို့ကို ထစ်ထစ်ငေါ့ငေါ့နဲ့ ပြောလာခဲ့တာပေါ့။

“ကိုကြီး အကြာကြီး စောင့်မျှော်ခဲ့ရတဲ့ ရလဒ်တွေက နောက်ဆုံးတော့ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒါက ကိုကြီး အလိုရှိတဲ့အရာမျိုး ဟုတ်ချင်မှ ဟုတ်မှာမို့လို့ အထူးသတိထားဖို့ လိုအပ်ပါလိမ့်မယ်။ အကယ်၍ ပျင်းရိနေမယ်ဆိုရင်တော့ ကြီးမားတဲ့ ကံဆိုးမှုတွေ ကြုံရနိုင်ပေမဲ့ မဟုတ်ရင်တော့ အရာရာက အဆင်ပြေပြေ ဖြစ်သွားမှာပါ။ ဟင်... ဒါက ကောင်းတဲ့အချက်လား၊ မကောင်းတဲ့အချက်လား မသိဘူးပဲ”

မာရူးက ခပ်ဖွဖွလေး ပြုံးလိုက်မိတာပေါ့။ ဒါတွေက ပုံသေကားချပ် စကားလုံးတွေပဲလေ။ ဘယ်သူမဆို ယေဘုယျအားဖြင့် မှန်နေတတ်တဲ့ အရေးအသားမျိုးပေါ့။ သေချာတာပေါ့၊ တစ်ခုခုကို လုပ်တဲ့အချိန်မှာ ကိုယ်မလိုချင်တဲ့ ရလဒ်မျိုးလည်း ထွက်လာနိုင်တာပဲလေ။ ပြီးတော့ ကိုယ်က ပျင်းနေမယ်ဆိုရင်လည်း အရာရာက လွဲချော်သွားနိုင်တာကတော့ အမှန်ပဲ မဟုတ်လား။

‘ဒါကြောင့်မို့လည်း ဒါက မဂ္ဂဇင်းထဲက စာစုတစ်ခု ဖြစ်နေတာပေါ့’

သူကတော့ မဂ္ဂဇင်းထဲက စကားလုံးတွေအပေါ် စိတ်တိုနေဖို့ စိတ်ကူးမရှိပါဘူး။

“ဒါပဲလား”

“နေဦး၊ ဒီမှာ ကျန်သေးတယ်”

သူ ထင်ထားတာထက်တော့ ပိုပြီး အသေးစိတ်ကျလှတာပေါ့။ မာရူးက စိတ်ဝင်စားတဲ့ ပုံစံမျိုး ပြလိုက်တော့ ညီမဖြစ်သူက ပိုပြီး တက်တက်ကြွကြွနဲ့ ဆက်ဖတ်ပြပြန်ရော။

“အား... တွေ့ပြီ။ မိဿရာသီဖွားတွေကို သတိထားရမယ်လို့ ရေးထားတယ်။ ကိုကြီးတို့တွေက တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေမှာ မဟုတ်ဘူးတဲ့”

“မိဿရာသီဖွား ဟုတ်လား”

“အင်း။ ပြီးတော့ ဝတ်စားဆင်ယင်မှုကိုလည်း သတိထားရမယ်တဲ့။ အဲဒါမှ လုပ်ငန်းခွင်မှာ ကောင်းမွန်တဲ့ အရာတွေ ဖြစ်လာမှာ... ဟင်”

“ကျောင်းကော လုပ်ငန်းခွင်ထဲမှာ ပါဝင်လို့လား”

“ဘာကြီးလဲ မသိဘူး၊ ဒီမှာက အလုပ်အကြောင်းတွေချည်းပဲ ပါတာပဲ”

ဘာဒါက စာမျက်နှာအချို့ကို ထပ်လှန်ကြည့်ပြီးတဲ့နောက် စိတ်ပျက်လက်ပျက်နဲ့ မဂ္ဂဇင်းစာအုပ်ကို ပိတ်ပစ်လိုက်တော့တယ်။ မာရူးကတော့ စာအုပ်မျက်နှာဖုံးကို ကြည့်လိုက်ရုံနဲ့တင် ဘာဖြစ်နေလဲဆိုတာကို ချက်ချင်း သဘောပေါက်သွားတာပေါ့။ အဲဒီမဂ္ဂဇင်းက အသက် ၂၀ ကျော် အရွယ် အမျိုးသမီးတွေကို ရည်ရွယ်ပြီး ထုတ်ထားတာကိုး။ သေချာတာပေါ့၊ အဲဒီထဲမှာ ကျောင်းအကြောင်းတွေ ပါဝင်နေမှာ မဟုတ်ပါဘူးလေ။

“ဟူး... အဲဒါကြောင့်ပဲ လက္ခဏာ ဇာတာတွေကို မယုံသင့်တာ”

လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်တင် ဇာတာအကြောင်းကို အသည်းအသန် စိတ်လှုပ်ရှားနေခဲ့တဲ့ ကောင်မလေးတစ်ယောက်ရဲ့ ပါးစပ်ကနေ ထွက်လာရမယ့် စကားမျိုးတော့ မဟုတ်ဘူးပေါ့။ ဘာပဲဖြစ်ဖြစ် မာရူးကတော့ သူမကို ကျေးဇူးတင်စကား ပြောလိုက်ပြီး ထမင်းစားပွဲခုံကနေ ထလိုက်တာပေါ့။

“ကိုကြီး” လို့ ညီမဖြစ်သူက သူ့ဆီကို လက်လှမ်းပြလိုက်တယ်။

“ဘာလဲ”

“မုန့်ဖိုး ပေးပါဦး”

ဪ... ကြည့်စမ်း၊ သူမက ဒါကို အလိုရှိနေတာကိုး။

“ငါ ပြီးခဲ့တဲ့တစ်ခေါက်က ပေးထားတဲ့ မုန့်ဖိုးတွေကော။ ပြီးတော့ အရေးပေါ် သုံးဖို့ ပေးထားတဲ့ ပိုက်ဆံတွေကော”

“ဟို... အကုန် သုံးပစ်လိုက်ပြီ”

“ငါ အဲဒီထဲမှာ ဝမ် တစ်သိန်းလောက် ထည့်ပေးထားတယ်လို့ ထင်တာပဲ”

ညီမဖြစ်သူက ခေါင်းညိတ်ပြရှာတယ်။

“ဘာတွေအတွက် သုံးပစ်လိုက်တာလဲ”

သူမက ခဏလောက် ဝေခွဲမရဖြစ်နေပြီးမှ ပါးစပ်ကို ဖြည်းဖြည်းချင်း ဖွင့်လာခဲ့တာပေါ့။

“အဖေ့မွေးနေ့မို့လို့လေ။ အဖေ့အတွက် လက်ဆောင်တစ်ခုခု ဝယ်ပေးမလို့ ကြည့်တာ၊ ဒါပေမဲ့ ပိုက်ဆံ နည်းနည်း လိုနေလို့။ အမှန်အတိုင်း ပြောရရင် တော်တော်လေးကို လိုနေတာပါ”

အာ... မာရူး ပြက္ခဒိန်ဘက်ကို လှည့်ကြည့်လိုက်မိတယ်။ သူ လုံးဝ မေ့သွားခဲ့တာပဲ။ ဇန်နဝါရီ ၈ ရက်။ အဖေ့ရဲ့ မွေးနေ့က ရောက်ဖို့ သိပ်မလိုတော့ပါဘူး။ တကယ့်ကို လိမ္မာတဲ့ ကောင်မလေးပဲ မဟုတ်လား။

“ဘာဝယ်ပေးလိုက်လို့လဲ”

“အဖေ့အတွက် ရှပ်အင်္ကျီတစ်ထည် ဝယ်လိုက်တယ်၊ ပြီးတော့ အမေ့အတွက်လည်း ပိုက်ဆံအိတ်အသစ်တစ်လုံး ဝယ်ပေးခဲ့တယ်။ အမေက အဖေပေးထားတဲ့ အဲဒီ ပိုက်ဆံအိတ်အဟောင်းကြီးကို အခုထိ သုံးနေတုန်းမို့လို့လေ”

“ဪ... ဟို အညိုရောင် အိတ်ကြီးလား”

“အင်း”

“ဟုတ်ပါပြီ၊ အဲဒါကြီးက လဲရမယ့် အချိန်တောင် ရောက်နေပါပြီ”

မာရူးက သူမကို အေးအေးဆေးဆေး ထိုင်နေဖို့ ပြောလိုက်ပြီး အခန်းထဲကို ဝင်လာခဲ့တယ်။ သူ ညီမဖြစ်သူအတွက် အရေးပေါ်ပိုက်ဆံတွေ ဝှက်ထားပေးတဲ့ သေတ္တာလေးကို ဖွင့်ကြည့်လိုက်မိတာပေါ့၊ မကြာသေးခင်က သူ အရမ်း အလုပ်ရှုပ်နေတာကြောင့် ဒါကို စစ်ဖို့ မေ့နေခဲ့တာလေ။ သူမ ရေးမှတ်ထားခဲ့တဲ့ မှတ်တမ်းလေးတွေကို ကြည့်ရသလောက်တော့ သူမက ဒီထဲကနေ ပိုက်ဆံတွေကို ပုံမှန် ယူသုံးနေခဲ့တဲ့ပုံပဲ။

‘အမေနဲ့ အဖေ့အတွက် လက်ဆောင်’

ဒါကတော့ စာရင်းထဲမှာ နောက်ဆုံး ရေးထားတဲ့ အရာလေးပေါ့။ သူမက ပိုက်ဆံသုံးတဲ့နေရာမှာ စိတ်အလိုလိုက်တတ်တဲ့ ပုံစံမျိုး ရှိပေမဲ့ အခုလိုမျိုး ပိုက်ဆံသုံးခဲ့တာကို မြင်ရတော့ မာရူးတစ်ယောက် စိတ်ထဲမှာ ဂုဏ်ယူမိသွားရပြန်ရော။ ဒါကြောင့်မို့လည်း ဖခင်တွေက သားတွေထက် သမီးတွေကို ပိုပြီး အလိုလိုက်တတ်ကြတာ ထင်ပါရဲ့။

‘... သူမ အဆင်ပြေပြေ ရှင်သန်နေပါစေလို့ ဆုတောင်းရုံပါပဲ’

သူ့သမီးလေးရဲ့ မျက်နှာကိုတောင် သူ သေသေချာချာ မမှတ်မိတော့ဘူး၊ သူမကတော့ အခုချိန်မှာ သူ မရှိတော့တဲ့ ကမ္ဘာကြီးထဲမှာပဲ ရှင်သန်နေရရှာမှာပေါ့။ ရင်ထဲမှာ နည်းနည်းတော့ နာကျင်လာရပြန်ရော။ သူ သူမအတွက် လုပ်ပေးခဲ့ဖူးတာဆိုလို့ ဆူပူကြိမ်းမောင်းခဲ့တာပဲ ရှိတာကိုး။ ကောင်းမွန်တဲ့ အမှတ်တရလေးတွေ မဖန်တီးနိုင်ခင်မှာတင် သူမနဲ့ ကုန်ဆုံးခဲ့ရတဲ့ ဘဝတစ်ခုလုံးက ပျောက်ကွယ်သွားခဲ့သလိုမျိုး ခံစားရလို့လေ။

မာရူးက ပိုက်ဆံအိတ်ကို ဖွင့်လိုက်ပြီး သူ့ရဲ့ ဒက်ဘစ်ကတ်ကို ထုတ်လိုက်တယ်။ ဒါက သူ့ညီမလေးအတွက်တော့ နည်းနည်း စောလွန်းသေးတယ်ဆိုပေမဲ့ ငွေကြေးစီမံခန့်ခွဲမှုပိုင်းနဲ့ ပတ်သက်လာရင်တော့ ဘယ်အချိန်မဆို စောတယ်လို့ မရှိပါဘူးလေ။ မာရူးက မီးဖိုချောင်ဘက်ကို ပြန်ထွက်လာခဲ့ပြီး သူ့ရဲ့ တခြားဘဏ်အကောင့်တစ်ခုကနေ ထုတ်ထားတဲ့ ဒက်ဘစ်ကတ်ကို ညီမဖြစ်သူဆီ ကမ်းပေးလိုက်တာပေါ့။

“ဒါ ဘာကြီးလဲ”

“ဒက်ဘစ်ကတ်လေ။ ငါ လတိုင်း ဒီထဲကို ပိုက်ဆံထည့်ပေးမယ်၊ အဲဒီတော့ သေသေချာချာစိစစ်ပြီး သုံးစမ်း”

“တကယ်လား”

သူမက ကတ်လေးကို သိချင်စိတ်နဲ့ စိုက်ကြည့်နေတာပေါ့။

“ဒါပေမဲ့ စာရင်းစာအုပ်တော့ မဖြစ်မနေထားရမယ်။ ပိုက်ဆံဘယ်မှာသုံးလဲဆိုတာကို အကုန် ချရေးထား”

“... ကိုကြီး လာစစ်မှာလား”

“မစစ်ပါဘူး၊ ကိုယ့်ဘာသာ ပိုက်ဆံကိုဘယ်လို စီမံရမလဲဆိုတာကို သိအောင်လုပ်ခိုင်းတာ။ အဲဒါက နင်အနာဂတ်ကျရင် အထောက်အကူ ဖြစ်လိမ့်မယ်။ ဒါက ဒက်ဘစ်ကတ်ဆိုတော့ နင့်ဆီမှာရှိတဲ့ ပိုက်ဆံထက် ပိုပြီး သုံးလို့မရဘူးလေ။ အစီအစဉ်တကျ သုံးတတ်အောင် လုပ်ကြည့်စမ်းပါ။ ကျန်တဲ့ ပိုက်ဆံတွေကိုတော့ ကိုယ့်ဘာသာ စုထားလိုက်ရုံပဲပေါ့”

“ဝိုး...”

ညီမဖြစ်သူက အခန်းထဲကနေ ပိုက်ဆံအိတ် ပြေးယူလာခဲ့ပြီး အဲဒီကတ်လေးကို အထဲကို သေသေချာချာ ထည့်ဝှက်ထားလိုက်တာပေါ့။ သူမကိုယ် သူမ တော်တော်လေးကို ဂုဏ်ယူနေတဲ့ အမူအရာမျိုး ဖြစ်နေတာလေ။

“ငါ ဒါကို တကယ်ကြီး သုံးလို့ရတာလား”

“လုပ်ချင်တာ လုပ်စမ်းပါ။ ဒါပေမဲ့ အကုန်လုံးတော့ သုံးမပစ်နဲ့ဦး”

“မသုံးပါဘူး၊ ငါက ငတုံးမှ မဟုတ်တာ”

“ကြည့်စမ်း... တော်တော်လေးကို လူကြီးဆန်လာတာပဲ။ ဪ... ဒါနဲ့၊ အမေ့ကိုတော့ သွားမပြောနဲ့ဦးနော်”

“အင်း... သိပြီ”

သူ့ရဲ့ မှတ်ဉာဏ်ထဲက ဘာဒါက ငွေကြေးပိုင်းနဲ့ ပတ်သက်ရင် သိပ်ပြီးဆိုးရွားတဲ့သူ မဟုတ်ပါဘူး၊ သူမက ပိုက်ဆံသက်သာအောင်လို့ မင်္ဂလာပွဲကိုတောင် သေးသေးလေးပဲ လုပ်ခဲ့တဲ့သူလေ။ ငွေကြေးစီမံခန့်ခွဲတဲ့ နေရာမှာတော့ သူမက တကယ်ကို တော်တဲ့သူတစ်ယောက် ဖြစ်တာပေါ့။ ပြန်စဉ်းစားကြည့်ရင်တော့ သူမ အဆင်ပြေပြေ ရှိနေတယ်ဆိုတဲ့ အကြောင်းကို အမေ့ဆီကနေ အမြဲတမ်း ကြားခဲ့ရတာပဲ။ ဒါဆိုရင် သူမက ဘာဖြစ်လို့ ရုတ်တရက်ကြီး ကွာရှင်းလိုက်ရတာပါလိမ့်။ သူတို့ရဲ့ စရိုက်ချင်း မတူလို့လား၊ ဒါမှမဟုတ် တခြား အကြောင်းရင်းတစ်ခုခု ရှိနေလို့လား။

‘ဪ... ငါ တကယ်ပဲ သူမအပေါ်မှာ စိတ်မဝင်စားခဲ့မိပါလား’

ဘာဒါကို ကြည့်ရင်းနဲ့ စိတ်ထဲမှာ တကယ်ပဲ အားနာမိသွားရပြန်ရော။ သူ တက္ကသိုလ် ရောက်သွားခဲ့တဲ့ အချိန်တုန်းကလည်း သူမကို တစ်ခါမှ ဂရုမစိုက်ဖြစ်ခဲ့ဘူးလေ။

“ဘာလဲ၊ ကိုကြီး ငါ့ကို ပြောစရာတစ်ခုခု ရှိလို့လား” လို့ ဘာဒါက လှမ်းမေးခဲ့တယ်။

“ငါ အိမ်ထောင်ကျပြီးတဲ့ အချိန်အထိ နင်နဲ့ အမြဲတမ်းအဆက်အသွယ် ရှိနေမှာပါ”

“... ဘာကြီးလဲ၊ ဘာတွေ လာပြောနေတာလဲ”

“မဟုတ်ပါဘူး၊ ဆောရီးပဲ။ ဘာမှမဟုတ်ပါဘူး”

သူမကို အနားယူဖို့ ပြောလိုက်ပြီး အိမ်အပြင်ဘက်ကို ထွက်လာခဲ့တော့တယ်။ လှေကားအတိုင်း ဆင်းလာခဲ့ပြီး တိုက်ခန်းအပြင်ကို မထွက်ခင်မှာတင် မှန်အရှေ့မှာ သွားရပ်လိုက်မိတာပေါ့။

“ဝတ်စားဆင်ယင်မှုကို သတိထားရမယ်... ဟုတ်လား”

သူကတော့ လက္ခဏာ ဇာတာတွေကို မယုံကြည်တတ်တဲ့သူဆိုပေမဲ့ ဒါကို လိုက်နာလိုက်လို့လည်း ဘာမှ ထိခိုက်သွားတာမှ မဟုတ်တာပဲလေ။ သူ သူ့ရဲ့ ရှပ်အင်္ကျီကို နည်းနည်းလောက် ပြန်ပြီး အဆင်ပြေအောင် ပြင်လိုက်တာပေါ့။ ကဲ... ဟုတ်ပြီ။ ကြည့်ရတာ အများကြီး ပိုပြီး အဆင်ပြေသွားသလိုပဲ။ ဒီနေ့တစ်နေ့လုံး ကောင်းမွန်တဲ့ နေ့လေးတစ်နေ့ ဖြစ်ပါစေလို့ပဲ ဆုတောင်းရတော့မှာပေါ့။

“ဟူး... ချမ်းလိုက်တာ”

လက်တွေကို အင်္ကျီအိတ်ထဲ ထည့်လိုက်ပြီး လမ်းမပေါ်ကို ဖြည်းဖြည်းချင်း လျှောက်လာခဲ့တော့တယ်။

* * * * * * * * *

“အကုန်လုံး စစ်ဆေးပြီးပြီလား”

“ဟုတ်ကဲ့”

“ပျောက်ဆုံးသွားတာမျိုး ဒါမှမဟုတ် ပျက်စီးသွားတဲ့ ပစ္စည်းတွေ ရှိသေးလား”

“မရှိပါဘူး”

ယန်မီဆိုက ခေါင်းညိတ်ပြလိုက်တာပေါ့။ မာရူးက ခန်းမရဲ့ ဘယ်ဘက်ထောင့်မှာ ရှိနေတဲ့ ပြဇာတ်ပစ္စည်းတွေနဲ့ ဝတ်စုံတွေကို လှမ်းကြည့်လိုက်တော့ အရာရာက သေသေချာချာ ပြင်ဆင်ထားပြီးသားပုံပဲ။ အခုချိန်မှာ အရေးကြီးဆုံးက ဒါတွေကို သုံးပြီး သရုပ်ဆောင်ပိုင်းမှာ ကောင်းကောင်းကြီး အစွမ်းပြဖို့ပဲ ကျန်တော့တာလေ။

“ဒီနေ့တော့ အိမ်မှာပဲ အေးအေးဆေးဆေး အနားယူကြ၊ တခြားနေရာတွေ သွားမနေနဲ့ဦး။ အပြင်တွေ လျှောက်သွားပြီး ဖျားနာတာမျိုး လုံးဝ အဖြစ်မခံနိုင်ဘူးနော်။ ည ၈ နာရီမတိုင်ခင် အိမ်အရောက်ပြန်ကြစမ်း။ ကြားလား”

“ဟုတ်ကဲ့ပါခင်ဗျာ”

“ကောင်းပြီ။ ဒါဆိုလည်း သွားကြတော့”

မာရူးက သူ့ဖုန်းနဲ့ အချိန်ကို ကြည့်လိုက်မိတယ်။ မနက် ၁၁ နာရီပဲ ရှိသေးတာ ပါလား။ ကလပ်အသင်း သမိုင်းတစ်လျှောက်မှာ အစောဆုံး လူစုခွဲလိုက်တာ ဖြစ်မှာပေါ့။ ဒါက ယန်မီဆိုတစ်ယောက် ကလပ်အဖွဲ့ဝင်တွေရဲ့ အခြေအနေကို ဘယ်လောက်တောင် ဂရုစိုက်လဲဆိုတာကို သက်သေပြနေတာပဲလေ။ ပြန်စဉ်းစားကြည့်ရင်တော့ အဖွဲ့ဝင်အချို့ ပင်ပန်းနေတာကြောင့် ပြဇာတ်ကြီး ပျက်စီးသွားရမယ်ဆိုရင်တော့ တကယ်ကို စိတ်တိုစရာကောင်းမယ့် ကိစ္စပဲ မဟုတ်လား။

“ငါ အရင်ပြန်ရတော့မယ်။ မနက်ဖြန်မှ ပြန်တွေ့ကြတာပေါ့”

ယန်မီဆိုက အရင်ဆုံး ပြေးထွက်သွားခဲ့တာပေါ့။ ကြည့်ရတာ သူမမှာ တခြား သွားစရာ အလုပ်တစ်ခုခု ရှိနေသေးတဲ့ ပုံစံမျိုးပဲ။ ကလပ်အဖွဲ့ဝင်တွေလည်း သူမ ထွက်သွားတာနဲ့ အလိုအလျောက်ပဲ လီယွန်းဂျုံဘက်ကို လှည့်ကြည့်လိုက်ကြတော့တာပေါ့။

“ဒီနေ့တော့ ဒီမှာတင် ရပ်လိုက်ရအောင်လေ။ အိမ်ပြန်ရောက်ရင် ဇာတ်ညွှန်းတွေကို နောက်ဆုံးတစ်ခေါက် ထပ်ဖတ်ပြီး အနားယူကြဦးနော်။ တခြား မဟုတ်ကဟုတ်က နေရာတွေကိုတော့ သွားမနေကြနဲ့ဦး”

“နင်ကတော့ ဒီနေရာမှာ အပြောဆုံးလူပဲ”

လင်ဒန်မီရဲ့ စကားကြောင့် လီယွန်းဂျုံတစ်ယောက် နှုတ်ခမ်းလေး ဆူသွားရှာတာပေါ့။

“ကဲ... အားလုံးပဲ၊ အလုပ်လုပ်ရတာ ပင်ပန်းသွားကြပြီ။ မနက်ဖြန်မှ တွေ့ကြစို့”

ထုံးစံအတိုင်းပဲ၊ ဘန်ဂျောင်ဟော့ခ်ကပဲ ကြားထဲကနေ ကလပ်အစည်းအဝေးကို အဆုံးသတ်ပေးလိုက်တာပေါ့။

“မင်းတို့ အရင်သွားကြလေ။ တို့တွေကတော့ ကလပ်ခန်းဘက်ကို ခဏလောက် သွားဦးမှာမို့လို့”

စီနီယာတွေ အကုန်လုံး ထွက်သွားကြတော့မှ ပထမနှစ် ကျောင်းသားတွေချည်းပဲ ကျန်ခဲ့ပြီး စကားစပြောဖြစ်ကြတာလေ။

“ဪ... ဒါနဲ့၊ အားလုံးပဲ။ မကြာခင်မှာ ယွန်ရင်ရဲ့ မွေးနေ့ ရောက်တော့မှာနော်”

ကင်ဆိုယွန်းက ယွန်ရင်ရဲ့ လက်ကို လှမ်းကိုင်ရင်း ပြောလိုက်တာပေါ့၊ ဒါပေမဲ့ ယွန်ရင်က သူမလက်ကို မသိမသာလေး ပြန်ပြီး ဖြုတ်လိုက်တာကို မာရူး သတိထားမိသွားရပြန်ရော။ ကင်ဆိုယွန်းကတော့ အနေရခက်စွာ ပြုံးရင်း သူမလက်ကို အင်္ကျီအိတ်ထဲ ပြန်ထည့်လိုက်တော့တာပေါ့။

“ဘာလဲ၊ နင့်မွေးနေ့က ရောက်တော့မှာလား” လို့ ကန်ဘက်ဂျွန်က လှမ်းမေးခဲ့တယ်။

ဒီတစ်ခါတော့ ယွန်ရင်က သိသိသာသာကို တောက်ပတဲ့ အပြုံးလေးနဲ့ ပြန်ဖြေရှာတာပေါ့။

“အင်း”

“ဘယ်တော့လဲ”

“ဇန်နဝါရီ ၅ ရက်”

“ရက်ပိုင်းပဲ လိုတော့တာပဲ။ တို့တွေ ပါတီလုပ်ကြရအောင်လေ”

“ရပါတယ်၊ ကိစ္စမရှိပါဘူး”

“နောက်ထပ် ပြိုင်ပွဲတစ်ခု ပြီးသွားတော့မှပဲ ပါတီလုပ်ကြရင်ကော” လို့ အီဆိုးလ်က ကြားထဲကနေ ဝင်ပြောခဲ့တာပေါ့။

ဒိုဂျင်ကတော့ အဲဒီစကားကို ကြားတာနဲ့ ချက်ချင်းဆိုသလို အော်ပြီး ထောက်ခံလိုက်တာပဲ၊ သူတို့နှစ်ယောက်က ကြည့်ရတာ စကားပြောတာချင်းကို တညီတညွတ်တည်း ရှိနေသလိုမျိုး။ ဒါပေမဲ့ ကောင်လေးက မာရူးရဲ့ အကြည့်ကို မသိမသာ ရှောင်ဖယ်သွားတာကို မာရူး သတိထားမိလိုက်တယ်။

‘အီဆိုးလ်က သူ့ကို တစ်ခုခု ပြောထားခဲ့တာ ဖြစ်မှာပေါ့’

ဒိုဂျင်တစ်ယောက် အငြင်းခံလိုက်ရတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူး၊ ဒါပေမဲ့ သူတို့နှစ်ယောက်လုံး တွဲနေကြတဲ့ ပုံစံမျိုးလည်း မဟုတ်ပြန်ဘူး။ ဟင်း...

“တို့တွေ မွေးနေ့တစ်ခုကိုတော့ ဒီအတိုင်းကြီး ကျော်သွားလို့ ဘယ်ဖြစ်မလဲ”

တေဂျွန်းကလည်း တော်တော်လေးကို စိတ်လှုပ်ရှားနေတဲ့ ပုံစံမျိုးပဲ။

“ဘာလဲ၊ မင်းရဲ့ ကောင်မလေးကို ဂရုစိုက်ပေးနေတာလား” လို့ ဒိုဂျင်က ပြုံးစိစိနဲ့ လှမ်းစနောက်လိုက်တာပေါ့။

တေဂျွန်းကတော့ အဲဒီစကားကို ယုံကြည်ချက်အပြည့်နဲ့ ခေါင်းညိတ်ပြီး ပြန်ထူးခဲ့တယ်။

“ဒါဆိုရင်တော့ အရည်အချင်းစစ်ပွဲ ပြီးသွားတာနဲ့ ကာရာအိုကေ သွားကြတာပေါ့၊ ဘယ်လိုလဲ”

“ကောင်းသားပဲ”

အားလုံးကတော့ အစီအစဉ်တွေကို ကိုယ်စီ ချမှတ်နေကြပြီလေ။ ခဏလေးအတွင်းမှာတင် ပြိုင်ပွဲပြီးတာနဲ့ ပါတီပွဲကို ချက်ချင်း လုပ်ကြမယ်ဆိုပြီး ဆုံးဖြတ်ချက် ချလိုက်ကြတော့တာပေါ့။

“ဒါဆိုရင်တော့ ငါ မနက်ဖြန်ကျရင် ပိုက်ဆံ ယူလာရမှာပေါ့”

“အများကြီးတော့ ယူမလာခဲ့နဲ့ဦးနော်”

“ကဲ... ကဲ၊ သွားကြစို့။ အိမ်ပြန်ပြီး အနားယူကြတော့”

သူတို့တွေ လွယ်အိတ်တွေကို ကိုယ်စီလွယ်ပြီး တစ်ယောက်ပြီးတစ်ယောက် အပြင်ထွက်လာခဲ့ကြကာ ကျောင်းအဝင်ဝနားမှာ စုမိကြတာပေါ့။

“နေဦး... ယွန်ရင်ကော ဘယ်ရောက်သွားတာလဲ” လို့ ပတ်ဒေးမြောင်က လှမ်းမေးခဲ့တယ်။

“စောစောကတင် ဒီနားမှာ ရှိနေသေးတာ မဟုတ်ဘူးလား” လို့ အီဆိုးလ်ကလည်း သတိပြုမိသွားတယ်။

အဲဒီမိန်းကလေးက ဘယ်များ သွားပါလိမ့်။ မာရူးက အဆောက်အဦးထဲကို ပြန်လှည့်ကြည့်လိုက်ပေမဲ့ အထဲမှာတော့ လူသူ ကင်းရှင်းနေတာပဲ။ သူတို့တွေ မိနစ်အနည်းငယ်လောက် ထပ်ပြီး စောင့်နေတဲ့ အချိန်ကျမှပဲ အဲဒီကောင်မလေးက စီနီယာတွေနဲ့အတူ ထွက်လာခဲ့တာကို တွေ့လိုက်ရတယ်။

“ဪ... စီနီယာတွေကို စောင့်နေတာကိုး။ တကယ့်ကို ယဉ်ကျေးတဲ့ မိန်းကလေးပဲ” လို့ အီဆိုးလ်က ပြုံးပြီး ပြောလိုက်တာပေါ့။

“အားလုံးပဲ... သွားကြစို့” လို့ လီယွန်းဂျုံက အဝေးကနေ လှမ်းအော်ပြောခဲ့တယ်။

လူတိုင်းကတော့ ခေါင်းကို တရမ်းရမ်းနဲ့ပဲ ခြေလှမ်းတွေကို စတင် လှမ်းလိုက်ကြတော့တာပေါ့။

“နေဦး၊ ငါ စက်ဘီး သွားယူလိုက်ဦးမယ်”

“ငါလည်း အတူတူ လိုက်ခဲ့မယ်လေ”

မာရူးက သူငယ်ချင်းတွေနဲ့ စောစောစီးစီး နှုတ်ဆက်လိုက်ပြီး အထဲကို ပြန်ဝင်ဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ ဒိုဂျင်နဲ့ ပတ်ဒေးမြောင်ကလည်း သူ့နောက်ကနေ လိုက်ခဲ့ဖို့ ဆုံးဖြတ်လိုက်ကြတာပေါ့။

“အခုထိ စက်ဘီးစီးတုန်းပဲလား။ ရာသီဥတုက တအားချမ်းနေတာကို”

“ဘတ်စ်ကားပဲ စီးပါလားကွာ”

“ရပါတယ်၊ ငါက ဒါမျိုးကို နေသားကျနေလို့ ခံနိုင်ရည် ရှိနေပါပြီ”

မာရူးက သူ့စက်ဘီးသော့ကို ဖွင့်လိုက်တဲ့ အချိန်ကျမှပဲ တစ်ခုခုကို သတိရသွားတာပေါ့။

“အား... ငါ့ဖုန်း ကျန်ခဲ့ပြီ”

ဝတ်စုံတွေရဲ့ ဘေးနားတင် ထားခဲ့မိတာကို သူ ပြန်ပြီး သတိရလိုက်တာလေ။

“ဟူး... မြန်မြန်လုပ်စမ်းပါကွာ”

“ငါပါ အတူတူ လိုက်ခဲ့ပေးရမလား”

ဒိုဂျင်ကတော့ သူ့ကို မြန်မြန်လုပ်ဖို့ ပြောနေပြီး ပတ်ဒေးမြောင်ကတော့ အတူတူ လိုက်ခဲ့ပေးဖို့ ကမ်းလှမ်းရှာတာပေါ့။

“ငါ ချက်ချင်း ပြန်လာခဲ့မယ်၊ ငါ့စက်ဘီးလေးကို ခဏလောက် စောင့်ကြည့်ပေးထားဦး”

သူက စက်ဘီးကို ဒိုဂျင်လက်ထဲ အပ်လိုက်ပြီး ဖိနပ်ကို နောက်တစ်ကြိမ် ပြန်လဲစီးလိုက်တယ်။ အပေါ်ထပ်ကို ပြန်ပြီး ပြေးတက်ရဦးမယ်လို့ တွေးလိုက်ရုံနဲ့တင် တကယ်ကို ပင်ပန်းချင်လာပြီလေ။

“အား... ငါ့ခါးတွေ နာလိုက်တာ”

သူ ခန်းမတံခါးအရှေ့မှာ ရပ်ရင်း ကိုယ့်ဘာသာ ညည်းတွားလိုက်မိတာပေါ့၊ ပြီးတော့မှ တံခါးလက်ကိုင်ကို ဆွဲလှည့်လိုက်တာ။ အဲဒီအချိန်မှာတင် တံခါးကြားထဲကနေ ရဲရဲနီနေတဲ့ အလင်းရောင်တချို့ ဖြာထွက်လာတာကို သူ မြင်လိုက်ရတယ်။

နေဦး... အနီရောင် အလင်းရောင် ဟုတ်လား

ဒီနေ့က တိမ်တွေ ထူထပ်နေတဲ့ နေ့တစ်နေ့ပဲလေ။ ဒါဆိုရင် အဲဒီအလင်းရောင်က ဘယ်ကနေ ရောက်လာတာပါလိမ့်။ မာရူးက တံခါးကို ရှိသမျှ အားနဲ့ ချက်ချင်းဆိုသလို ဆောင့်ဖွင့်ပစ်လိုက်တော့တယ်။

“... ချီးပဲ”

သူ့အရှေ့မှာ မြင်လိုက်ရတဲ့ မြင်ကွင်းကတော့... တောက်ပနေတဲ့ မီးတောက်မီးလျှံကြီးတွေက ပြဇာတ်ပစ္စည်းတွေကို အရှိန်အဟုန်နဲ့ ဝါးမြိုနေတဲ့ မြင်ကွင်းကြီးပဲ ဖြစ်နေတော့တာပေါ့။ ဒီနေ့တော့ တကယ်ကို ကံဆိုးလွန်းတဲ့ နေ့တစ်နေ့ပါပဲလား။

* * * * * * * * *

All Chapters