အခန်း (၁၅၅-၁၅၆)
Vol. 16 Ch. 155-156
အခန်း(၁၅၅)
မိဘတွေဆိုတာ သူတို့သားသမီးတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်လာရင် အလိုလိုနေရင်း စိတ်ပူတတ်ကြတာပဲလေ။ မာရူးလည်း ထူးမခြားနားပါဘူး။ သမီးလေး ရလာပြီးတဲ့နောက်မှာတော့ စားပွဲထောင့်စွန်းတွေကို မြင်ရုံနဲ့တင် ကြောက်စရာကောင်းတဲ့ လက်နက်ကြီးတစ်ခုလို သူ မြင်လာမိတော့တာပေါ့။
အဲဒါကြောင့် စားပွဲထောင့်တွေကို အမြှုပ်အဖုံးလေးတွေနဲ့ လိုက်ပတ်ထားတဲ့အပြင် အိမ်ထဲမှာ ထက်မြက်တဲ့ ပစ္စည်းမှန်သမျှ လုံးဝမထားဖို့အထိပါ လုပ်ခဲ့တာလေ။ အရင်တုန်းကတော့ သူငယ်ချင်းတွေ သူတို့ကလေးတွေအပေါ် အဲလောက်အထိ ပုံကြီးချဲ့ပြီး စိုးရိမ်နေကြတာကို ကလေးဆိုတာ ကြီးပြင်းလာတဲ့ လမ်းခရီးမှာ ထိခိုက်ဒဏ်ရာရတာ သဘာဝပဲလို့ သူ တွေးခဲ့မိတာပေါ့။ ဒါပေမဲ့ ကိုယ်တိုင် ကလေးရလာတဲ့ အချိန်မှာတော့ သူ ကောင်းကောင်းကြီး သဘောပေါက်သွားခဲ့ပြီလေ။ သမီးလေး ငိုတာကို မြင်ရုံလေးနဲ့တင် သူ့ရင်ထဲ ဒုန်းခနဲ ကျသွားရတာကိုး။ သမီးလေး မထိခိုက်ခင်မှာပဲ အန္တရာယ်ရှိတဲ့ အရာမှန်သမျှကို ကြိုတင်ပြီး ရှင်းလင်းထားချင်ခဲ့တာပေါ့။
အတိတ်က တစ်ရက်မှာတော့ သူက လုပ်ဖော်ကိုင်ဖက်ဘတ်စ်ကားဆရာတွေနဲ့ ကော်ဖီသောက်ရင်း သူ့ရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးအကြောင်း တမြုံ့မြုံ့ ပြောနေခဲ့မိတယ်။ အဲဒီအချိန်မှာပဲ ဇနီးသည်ဆီက ဖုန်းလာတာပေါ့၊ သူမက အိမ်မှာ မီးလောင်နေပြီလို့ တကယ့်ကို တည်တည်ငြိမ်ငြိမ် အသံမျိုးနဲ့ လှမ်းပြောတာလေ။
မာရူးတစ်ယောက် တအားလန့်သွားပြီး ပါးစပ်ထဲက ကော်ဖီတွေတောင် ပြန်ထွက်လာခဲ့ရပေမဲ့ ဇနီးသည်ကတော့ သာမန်အတိုင်းပဲ ဖုန်းချသွားခဲ့တာပေါ့။ သူလည်း မန်နေဂျာကို အကြောင်းစုံပြောပြီး အိမ်ကို တန်းပြေးတော့တာပဲ။ အိမ်တံခါးကြီးက ပွင့်နေပြီး အိမ်ရှေ့မှာလည်း လူတွေ အများကြီး စုရုံးနေကြတယ်။ သူ အိမ်ထဲကို ပြေးဝင်သွားတဲ့အချိန်မှာ ပထမဆုံး မြင်လိုက်ရတာကတော့ ဇနီးသည်က သမီးလေးကို ရင်ခွင်ထဲပိုက်ပြီး ဝရန်တာတံခါးကို ဖွင့်နေတာပဲလေ။
မီးလောင်ရတဲ့ အကြောင်းရင်းကတော့ ဖုန်းအားသွင်းကြိုးကြောင့်ပါပဲ၊ အဲဒါကနေ မီးပွင့်ပြီး မီးတောက်ကြီး ဖြစ်သွားခဲ့တာကိုး။ အဲဒီအချိန်တုန်းက သမီးလေးက အဲဒီဘေးနားတင် အိပ်ပျော်နေခဲ့တာလေ။ မီးလောင်တာနဲ့ ဇနီးသည်က ချက်ချင်းပဲ သမီးလေးအပေါ်ကို တံပတ်တစ်ထည် လှမ်းခြုံပေးလိုက်တာပေါ့။ အခြေအနေကို သိလိုက်ရတဲ့ အချိန်မှာတော့ မာရူးရဲ့ မျက်နှာမှာ သွေးဆုတ်သွားသလိုမျိုးကို ဖြူဖတ်ဖြူလျော် ဖြစ်သွားရတယ်။
မီးလောင်တာ ဟုတ်လား။ လျှပ်စစ်မီးကနေလား။ အကယ်၍ သမီးလေးသာ မီးဟက်မိရင် ဘယ်လိုလုပ်မလဲ။ ဇနီးသည်က အလျင်စလို လုပ်မိသွားတာပဲလို့ သူ ပြောလိုက်တဲ့အချိန်မှာတော့ သူမက သူ့ကို စူးစိုက်ကြည့်ပြီး အော်ဟစ်လိုက်တော့တာပေါ့။
“တကယ်လို့ တို့သမီးလေးသာ တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”
အဲဒီအချိန်ကျမှ ဇနီးသည်က မျက်ရည်တွေ ဝေါခနဲ လိမ့်ကျလာခဲ့ပြီး မာရူးလည်း ကိုယ် အမှားလုပ်မိသွားပြီဆိုတာကို အဲဒီကျမှ သဘောပေါက်သွားခဲ့ရတယ်။ ဇနီးသည်က တုန်တုန်ရင်ရင်နဲ့ အအေးမိနေတဲ့ ပုံစံမျိုး ဖြစ်နေရှာတာ၊ သူမ ဒီထက်ပိုပြီး မကြောက်လန့်နိုင်တော့ဘူးလေ။ အဲဒါက... သူမဟာ သူ့ရဲ့ ဇနီးသည်ဖြစ်နေရုံတင်မကဘဲ အရာအားလုံးထက် မိခင်တစ်ယောက် အရင်ဆုံး ဖြစ်နေလို့ပါပဲ။
အဲဒီနောက်မှာတော့ ဖုန်းကုမ္ပဏီက လူတော်တော်များများလာပြီး ကိစ္စအဝဝကို လာရှင်းပေးကြတယ်။ အဲဒါကတော့ ဇနီးသည်တစ်ယောက် လူတွေကို အဲလောက်အထိ ဒေါသတကြီး ဆက်ဆံတာကို သူ မြင်ဖူးခဲ့ရတဲ့ ရှားရှားပါးပါး အချိန်တွေထဲက တစ်ခုပေါ့၊ မာရူးကိုယ်တိုင်တောင် သူမကို ကြည့်ပြီး ဒေါသတွေ ပြန်ငြိမ်သွားခဲ့ရတာလေ။
ဒီဖြစ်ရပ်ကြောင့်ပဲ အိမ်မှာ မီးသတ်ဆေးဘူးတစ်ဘူး မဖြစ်မနေ ဆောင်ထားဖို့ သူ ဆုံးဖြတ်လိုက်တော့တာပေါ့။ ဒါကြီးကို ဘဝတစ်လျှောက်လုံး လုံးဝမသုံးလိုက်ရတာက အကောင်းဆုံးဆိုပေမဲ့ ဘဝဆိုတာ ဘာဖြစ်လာမလဲ ကြိုသိနိုင်တာမှ မဟုတ်တာပဲလေ။
* * * * * * * * *
မီးသတ်ဆေးဘူး
ခေါင်းထဲကို ပထမဆုံး ဝင်လာတဲ့အတွေးက ဒါပါပဲ။ ဒါတင်မကဘူး၊ ဖုန်းတစ်လုံးလည်း ပါတာပေါ့။ ရုတ်တရက် အတိတ်က အဖြစ်အပျက်ကို ပြန်သတိရလိုက်မိလို့သာ သူ တည်တည်ငြိမ်ငြိမ် နေနိုင်ခဲ့တာလေ။ ပြဇာတ်ဝတ်စုံတွေနဲ့ ပစ္စည်းတွေ ရှိနေတဲ့နေရာမှာ မီးက တောက်လောင်နေခဲ့ပြီ။ အရေးကြီးတာက ဖုန်းက အဲဒီဘေးနားတင် ရှိနေတာမို့ အပူရှိန်ကြောင့် လွတ်နိုင်ပါ့မလားလို့ သူ တွေးနေမိတာပေါ့။
မာရူး ခန်းမထဲကနေ ပြေးထွက်လာပြီး ဘယ်ဘက်ကို လှည့်ကြည့်လိုက်တော့ အသေးစား မီးသတ်ဆေးဘူးလေးတစ်ခုကို တွေ့လိုက်ရတယ်။ ဖုန်တွေတက်နေတဲ့ အဲဒီမီးသတ်ဆေးဘူးကို ချက်ချင်းဆိုသလို လှမ်းဆွဲလိုက်ပြီး ဘေးကင်းပင်ကို ဖြုတ်ကာ အထဲကို ပြန်ပြေးဝင်ခဲ့တာပေါ့။ ကံကောင်းချင်တော့ မီးက မီးသတ်ဆေးဘူးနဲ့ ငြှိမ်းသတ်လို့ရမယ့် အနေအထားမျိုးပဲ ရှိနေသေးတယ်။
အခြေအနေက အရမ်းကြီး မဆိုးသေးလို့ တော်သေးတာပေါ့
သူက ခလုတ်ကို အားနဲ့ ညှစ်ချလိုက်တဲ့ အချိန်မှာပဲ တချောက်ချောက် အသံနဲ့အတူ အဖြူရောင် အမြှုပ်တွေ ထွက်လာခဲ့တာပေါ့။ ဒါပေမဲ့ အဲဒါက ခဏပါပဲ။ အမြှုပ်လေး နည်းနည်းပဲ ထွက်ပြီး မီးသတ်ဆေးဘူးကြီးက အလုပ်မလုပ်တော့ဘူးလေ။ မာရူးရဲ့ မျက်လုံးတွေက မီးသတ်ဆေးဘူးရဲ့ နောက်ဆုံး စစ်ဆေးထားတဲ့ ရက်စွဲဆီ တန်းရောက်သွားတော့တယ်၊ ၂၀၀၂ ခုနှစ် ပါလား။
“တောက်”
မာရူး မီးသတ်ဆေးဘူးကို လွှင့်ပစ်လိုက်ပြီး မီးသတ်ခလုတ်ဆီကို ပြေးသွားလိုက်တယ်။ ဒါကို နှိပ်လိုက်ရင်တော့ ပြဇာတ်ကလပ်မှာ မီးလောင်နေပြီဆိုတာကို တစ်ကျောင်းလုံး သိသွားကြမှာ ဖြစ်ပေမဲ့ သူ့မှာ ရွေးချယ်စရာ မရှိတော့ဘူးလေ။ မီးတွေ ထပ်ပြီး ပြန့်သွားတာမျိုးကို သူ အဖြစ်မခံနိုင်ဘူး။ ခလုတ်အပေါ်က ပလတ်စတစ်အဖုံးကို အားနဲ့ ဖိချလိုက်တာပေါ့။
ချီးပဲ
မီးသတ်ခလုတ်ကလည်း အလုပ်မလုပ်ဘူး၊ ဒါကြီးကပါ ပျက်နေတာ ပါလား။ ဒီကျောင်းက လူတွေက ဒီလောက်တောင် ပျင်းရိကြတာလား။ ဖုန်းကလည်း မီးထဲမှာ အရည်ပျော်သွားခဲ့ပြီဖြစ်သလို မီးသတ်ခလုတ်ကလည်း မမြည်ဘူး။ မာရူး တစ်ဖက်က အတန်းထဲကို ပြန်ပြေးဝင်ခဲ့တာပေါ့။ အဲဒီထဲမှာတော့ ဘေစင်တွေ အများကြီး ရှိနေတာကို တွေ့လိုက်ရတယ်။ အဲဒါက အချက်အပြုတ်ကလပ် သုံးတဲ့ အခန်းပဲလေ။ သူ တွေ့တဲ့ ပုံးတစ်ပုံးထဲကို ရေတွေ အပြည့်ဖြည့်ပြီး ပြတင်းပေါက်ဆီ ပြေးသွားလိုက်တာပေါ့။
“ဟန်ဒိုဂျင်…… ပတ်ဒေးမြောင်”
သူ့သူငယ်ချင်း နှစ်ယောက်ရဲ့ နာမည်ကို အကျယ်ကြီး အော်ခေါ်လိုက်တယ်။ သိပ်မကြာခင်မှာပဲ သူ့ရဲ့ စက်ဘီးကို ကိုင်ထားတဲ့ သူငယ်ချင်း နှစ်ယောက်က သူ့မျက်စိထဲ ရောက်လာတာပေါ့။
“ဒီဘက်ကို လာခဲ့ကြဦး”
သူ့ရဲ့ အသံထဲက အသည်းအသန် ဖြစ်နေတာကို သိလိုက်ရလို့လားတော့ မသိဘူး၊ သူ့သူငယ်ချင်းတွေက ဘာအကြောင်းပြချက်မှ မမေးဘဲ အထဲကို တန်းပြေးဝင်လာကြတယ်။ မာရူး ပုံးထဲမှာ ရေတွေ ပြည့်သွားပြီဆိုတာ သေချာတာနဲ့ ပုံးကို လက်နှစ်ဖက်နဲ့ မပြီး ခန်းမဆီ ပြန်သယ်လာခဲ့တာပေါ့။
ပွင့်နေတဲ့ တံခါးတွေကြားထဲကနေ အနက်ရောင် မီးခိုးငွေ့တွေ ထွက်လာနေပြီမို့ မာရူး သွားကို တင်းတင်းကြိတ်ပြီး အထဲ ဝင်ခဲ့တော့တယ်။ မီးက သေးငယ်တဲ့ ပြဇာတ်ပစ္စည်းတွေဆီကို ကူးစက်နေပြီ ဖြစ်သလို၊ အဲဒါတွေပြီးရင်တော့ သစ်သားနဲ့ လုပ်ထားတဲ့ စင်မြင့်ပစ္စည်းတွေဆီ ရောက်တော့မှာလေ။ အဲဒီဘက်ကို မီးကူးသွားရင်တော့ သူ ဘာမှ လုပ်နိုင်တော့မှာ မဟုတ်ဘူး
အဲဒီအချိန်မှာပဲ သူ့ခေါင်းထဲ အတွေးတစ်ခု ဝင်လာခဲ့တယ်။ သူ ဘဝမှာ အမြဲတမ်း ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေးလို့ တွေးခဲ့တာလေ။ မီးနဲ့ ဝေးဝေးမှာ နေတာက အကောင်းဆုံး နည်းလမ်းဖြစ်သလို မီးသတ်သမားတွေကို စောင့်တာကလည်း အကောင်းဆုံး ကိစ္စပဲ မဟုတ်လား။
သူက လူတစ်ယောက်တည်းမို့ သူလုပ်နိုင်တာက အကန့်အသတ် ရှိတယ်လေ။ အကူအညီ လာမှာကို စောင့်တာက သဘာဝကျပေမဲ့ မာရူးရဲ့ ခန္ဓာကိုယ်ကတော့ အလိုလို လှုပ်ရှားနေခဲ့ပြီ။ ရေတစ်ပုံးတည်းနဲ့တော့ ဒီမီးကို မငြှိမ်းသတ်နိုင်တော့ဘူးဆိုတာ သူ သိတာပေါ့။ သူ ရေကို တခြားကိစ္စအတွက် ယူလာခဲ့တာလေ။
“ငါ တကယ် ရူးနေပြီ ထင်တယ်”
သူ့နောက်ကနေ သူငယ်ချင်း နှစ်ယောက် ပြေးဝင်လာတဲ့ အချိန်မှာပဲ မာရူး ရေပုံးကို သူ့ကိုယ်ပေါ် သွန်းလောင်းချလိုက်တော့တယ်။
“ဘာ…. ဘာလုပ်တာလဲ”
“မီးလောင်နေတယ်”
မာရူး အခြေအနေကို သူ့သူငယ်ချင်းတွေကို အကျဉ်းချုံး ပြောပြလိုက်တာပေါ့
“ဘေးနားက အခန်းထဲကနေ ရေပုံးတွေနဲ့ ရေထပ်သယ်ပေးကြဦး။ အကယ်၍ အခြေအနေကို မထိန်းနိုင်တော့ဘူးလို့ ခံစားရရင် မီးသတ်ဌာနကို ဖုန်းဆက်လိုက်။ မလိုအပ်ရင်တော့ ဖုန်းမဆက်ဘဲ နေဖို့ ကြိုးစားကြည့်တာပေါ့”
အဲဒီလိုပြောပြီးတာနဲ့ မာရူး စိုစွတ်နေတဲ့ ဂျာကင်အင်္ကျီကို ခေါင်းပေါ် ခြုံလိုက်တယ်။
“မာရူး”
ဒိုဂျင်ရဲ့ ဇဝေဇဝါ အသံကို ကြားရပေမဲ့ မာရူး ပြဇာတ်ပစ္စည်းတွေဆီကို တန်းပြီး ခုန်ဝင်သွားခဲ့တာပေါ့။
“ဟေ့ကောင်…. မင်း တကယ့် ရူးနေတဲ့ ခွေးသူတောင်းစားပဲ”
သူ့နောက်ကနေ ထွက်လာတဲ့ အသံကို သူလည်း လက်ခံပါတယ်၊ သူ တကယ်ကြီးကို ရူးနေတာကိုး။ ဒါပေမဲ့ အခုချိန်မှာ လှုပ်ရှားလိုက်ရင် အနည်းဆုံးတော့ စင်မြင့်ပစ္စည်းတွေကို ကယ်နိုင်ဦးမှာပဲ။ ဝတ်စုံတွေကိုတော့ ခေတ်ပေါ်ပြဇာတ်မို့လို့ အလွယ်တကူ ပြန်လဲလို့ ရပေမဲ့ စင်မြင့်ပစ္စည်းတွေကျတော့ အဲလို မဟုတ်ဘူးလေ။ အဲဒါတွေကို လုပ်ဖို့ အချိန်အများကြီး ပေးခဲ့ရတာကိုး။
မီးက သူ ထင်သလောက်တော့ မပူပါဘူး။ တကယ့် ပြဿနာက အဆုတ်ထဲကို ဝင်လာတဲ့ ပူပြင်းတဲ့ လေထုပဲ၊ အသက်ရှူမှားလိုက်တာနဲ့ အဆုတ်တွေ အရည်ပျော်သွားမတတ် ခံစားရလို့လေ။ စိုစွတ်နေတဲ့ အဝတ်အစားတွေကလည်း မကြာခင်မှာပဲ ခြောက်ပြီး လောင်တော့မှာပေါ့။ သူ့မှာ စက္ကန့်ပိုင်းလောက်ပဲ အချိန်ရှိပေမဲ့ အဲဒါက လုံလောက်ပါတယ်။ ပထမဆုံး လှမ်းဆွဲလိုက်တာကတော့ ခုံတန်းအရှည်ကြီး တစ်ခုပဲ၊ ပုံမှန်ဆိုရင်တော့ အပိုင်းပိုင်း ခွဲထားတတ်ပေမဲ့ အခုတော့ အဲလို မဟုတ်ဘူး။ ဒါကြီး တစ်ခုလုံးက တော်တော်လေး လေးလံလှပေမဲ့ မာရူး သွားကို တင်းတင်းကြိတ်ပြီး ခုံရဲ့ ခြေထောက်တစ်ဖက်ကို အားနဲ့ ဆွဲထုတ်လိုက်တာပေါ့။ အဲဒါက မီးနဲ့ ဝေးရာကို ဖြည်းဖြည်းချင်း ရွေ့လာခဲ့တယ်။
ကောင်းပြီ
အဆောက်အဦး ပုံစံပစ္စည်းတွေဆီတော့ မီးမကူးသေးဘူး။ ဒီခုံတန်းအရှည်ကြီးကို မီးနဲ့ ဝေးရာကို ပို့နိုင်သရွေ့တော့...
အဲဒီအချိန်မှာပဲ ခုံတန်းကြီး လဲကျသွားတဲ့ဘက်ဆီကို သူ့ခန္ဓာကိုယ်ကပါ လိုက်ပါသွားခဲ့ရတယ်။ သူ့ဂျာကင်အင်္ကျီရဲ့ အစိတ်အပိုင်းတစ်ခုက ခုံတန်းကြီးထဲမှာ ညှပ်နေတာကို သူ မြင်လိုက်ရတာကိုး။
အဲဒါကြောင့်ပဲ အဝတ်အစားကို သေသေချာချာ ဝတ်ပါလို့ ပြောကြတာကိုး။ သောက်ရူးဆန်တဲ့ လက္ခဏာဗေဒင်တွေ
သူ့ခန္ဓာကိုယ်က ခုံတန်းကြီးပေါ်ကို လဲကျသွားခဲ့တယ်။ အခုချိန်မှာ သူလုပ်နိုင်တာဆိုလို့ ကိုယ့်ကိုယ်ကိုယ် တတ်နိုင်သလောက် ဘေးကင်းအောင် ခန္ဓာကိုယ်ကို တွန့်လိမ်လိုက်ရုံပဲ ရှိတော့တာပေါ့။
“မာရူး”
ဒေးမြောင်ရဲ့ အော်သံနဲ့အတူ
ဝုန်း……..
ခုံတန်းကြီး ပြန်လဲကျသွားတော့တယ်။
* * * * * * * * *
လီဂျွန်မင်း ကုတင်ဘေးက မီးအလင်းရောင်ကို ဖွင့်လိုက်ပြီး ဘေးနားက စာအုပ်တစ်အုပ်ကို လှမ်းယူလိုက်တယ်။ မကြာခင်ကပဲ ညဉ့်နက်တဲ့အထိ သူ အလုပ်လုပ်ခဲ့ရတာလေ။ အခုမှ မိုးလင်းခါနီးပဲ ရှိသေးပေမဲ့ သူ့ခန္ဓာကိုယ်ကတော့ အိပ်ပျော်ဖို့အတွက် တောင်းဆိုနေခဲ့ပြီ။
“ငါ တကယ်ကြီး အိုလာပြီ ထင်တယ်”
လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းကဆိုရင်တော့ တစ်ရက်လောက်နဲ့ ပုံမှန်အတိုင်း ပြန်အိပ်လို့ ရပေမဲ့ အခုတော့ နှစ်ရက်လောက်အထိ အချိန်ပေးရတာကိုး။ Gym ပြန်သွားရမလား။ အဲဒီအချိန်မှာပဲ မတ်ဒေါင်းက ညည်းတွားသံလေးနဲ့အတူ သူ့ကုတင်ပေါ်ကို ခုန်တက်လာခဲ့တယ်။ မတ်ဒေါင်းဆိုတာ အိမ်မှာ မွေးထားတဲ့ ရှီဟွာခွေးလေးပေါ့။
အိမ်မှာ ရှီဟွာခွေး သုံးကောင်တောင် မွေးထားတာဆိုပေမဲ့ မတ်ဒေါင်းတစ်ကောင်တည်းကပဲ သူ့ကုတင်ပေါ် ခုန်တက်ရတာကို သဘောကျတာလေ။ လီဂျွန်မင်း အဲဒီကောင်လေး ကုတင်ပေါ် သေသေချာချာ တက်နိုင်အောင် မပေးလိုက်တာပေါ့။ ခွေးလေးက ကုတင်ပေါ် ရောက်တာနဲ့ သမ်းဝေလိုက်ပြီး သူ့ခေါင်းလေးကို စောင်ထဲ ထည့်လိုက်တော့တယ်။
“မင်းက လူလား အောက်မေ့ရတယ်”
လီဂျွန်မင်း သူ့ရဲ့ လုံးဝန်းနေတဲ့ ခေါင်းလေးကို အသာအယာ ပွတ်ပေးလိုက်တာပေါ့။ စာအုပ်ဘက် ပြန်လှည့်မည့်ဆဲဆဲမှာပဲ ဖုန်းထဲကို စာတစ်စောင် ဝင်လာခဲ့တယ်။
“စီနီယာကြီး၊ ကျွန်တော် ဒီနေ့ မာရူးဆီ သွားလည်မလို့။ အတူတူ လိုက်မလား”
လီဂျွန်မင်း နံရံက ပြက္ခဒိန်ကို လှည့်ကြည့်လိုက်မိတယ်။ ပြန်စဉ်းစားကြည့်တော့ အဲဒီကောင်လေးဆီ သူ တစ်ခါမှ မသွားဖြစ်သေးဘူး မဟုတ်လား။ သူ ချက်ချင်းပဲ ဖုန်းခလုတ်တွေကို နှိပ်ပြီး ယန်ဂန်ဟွမ်ဆီ စာပြန်လိုက်တာပေါ့၊ သူ့ကားနဲ့ပဲ တစ်ခါတည်း လိုက်ခဲ့မယ်လို့ ပြောလိုက်တာလေ။
“အမလေး၊ သူ ကံကောင်းတာလား ကံဆိုးတာလားဆိုတာကို လုံးဝ ခွဲခြားလို့ မရတော့ဘူး”
လီဂျွန်မင်း ခွေးလေးရဲ့ ခေါင်းကို နောက်ဆုံးတစ်ခေါက် ထပ်ပွတ်ပေးပြီး ကုတင်ပေါ်ကနေ ထလိုက်တော့တယ်။
* * * * * * * * *
ဒဏ်ရာက အရမ်းကြီးတော့ မပြင်းထန်ပါဘူး။ ခြေထောက်မှာ မီးလောင်ဒဏ်ရာနဲ့ အရိုးအက်တာ နည်းနည်းပါရုံအပြင်၊ ပေါင်မှာလည်း ပြဲသွားလို့ ချုပ်လိုက်ရတာပေါ့။ ဆရာဝန်တွေကတော့ နှစ်ပတ်လောက် အနားယူရမယ်လို့ ပြောပေမဲ့ သူကတော့ အရမ်းကြီး မဆိုးဘူးလို့ ထင်တာလေ။ ဒါပေမဲ့ တခြားလူတွေကတော့ အဲလို မတွေးကြဘူး။
“ကလပ်ကနေ ထွက်လိုက်ပါတော့လား”
“မေမေရယ်၊ အရမ်းကြီး မဆိုးပါဘူးဆို”
“ဒဏ်ရာမရအောင် နေပါဦးလား။ ငါ့ကို ဘယ်လောက်တောင် စိတ်ပူအောင် လုပ်ဦးမလို့လဲ”
“ကျွန်တော်က လိမ္မာတဲ့ သားဆိုတာ မေမေလည်း သိတာပဲကို”
“ကြည့်စမ်းပါဦး၊ စကားကို တစ်ခွန်းမကျန် ခံဘဲ ပြန်ပြောနေတာ”
မေမေက သူ့ကျောကို ဖြတ်ရိုက်လိုက်တာပေါ့။ ဒါပေမဲ့ မနာပါဘူး၊ အဲဒါက မေမေက ချစ်လို့ လုပ်တာဆိုတာ သူ သိတာကိုး။ ဖေဖေကတော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ပဲ ပြောတယ်။ ဖေဖေ ပြောတာ မှန်နေတော့ မာရူးလည်း ဘာမှ ပြန်မပြောဖြစ်ခဲ့ဘူး။
ဘာဒါကလည်း အိမ်ကနေ ဆေးရုံဆီကို ခဏခဏ လာလည်တတ်တယ်။ ကြည့်ရတာ သူမ ငိုခဲ့တဲ့ပုံပဲ၊ ဒါပေမဲ့ အဲဒီအကြောင်း ပြောလိုက်တာနဲ့ သူမက သူ့ကို မျက်စောင်းထိုးကြည့်တတ်တာကိုး။ ဘာပဲဖြစ်ဖြစ် သူ့မိသားစုက ဆေးရုံမှာ အုန်းအုန်းထအောင် လုပ်ပြီးတဲ့နောက် အိမ်ပြန်သွားကြပြီ။ တကယ်တော့ မေမေ နေ့တိုင်း လာမှာကို တားဖို့အတွက် တော်တော်လေးတော့ အားစိုက်ခဲ့ရတာပေါ့။
“ဒီနေ့ ကိုကြီး တစ်ခုခု ဖြစ်လိမ့်မယ်ဆိုတာ ငါ ကြိုသိနေသားပဲ”
“ငါ တကယ်ကြီး နောင်တရနေပါပြီ။ ခွင့်လွှတ်ပေးပါနော်”
မာရူး အပြင်ဘက်ကို လှည့်ကြည့်လိုက်တော့ နှင်းတွေ ကျနေတာက မုန်တိုင်းတစ်ခုလိုတောင် ဖြစ်နေခဲ့ပြီ။ အခုချိန်မှာ နှင်းတွေ ဒီလောက်အထိ ကျနေတာက တကယ်ကို စိတ်ပူစရာပဲ။ ဘာဒါက ဒိုဂျင်နဲ့ ဒေးမြောင် သယ်လာပေးတဲ့ အာလူးကြော်တွေကို ဝါးစားရင်း မဂ္ဂဇင်းတစ်အုပ် ဖတ်နေတာပေါ့။
“အလုပ်မရှိရင် အိမ်ပြန်တော့လေ”
“အိမ်ပြန်လည်း လုပ်စရာ ဘာမှမရှိဘူး။ အပြင်မှာလည်း နှင်းတွေ တအားကျနေတော့ သွားလို့မရဘူးလေ။ စားဦးမလား”
မာရူး ညီမဖြစ်သူရဲ့ အိတ်ထဲကနေ အာလူးကြော်တစ်ပြား လှမ်းယူလိုက်တယ်။ ပုံမှန်ဆိုရင်တော့ ဆေးရုံလာပြရင် ဆိုဒီယမ်နည်းတဲ့ မုန့်တွေ သယ်လာပေးရတာ မဟုတ်ဘူးလား။ ဒါပေမဲ့ အရသာရှိတာကတော့ အမှန်ပဲ။
“မင်းက တကယ့်ကို အလျင်စလို လုပ်တတ်တာပဲ ကိုကြီး။ ဘာဖြစ်လို့ မီးထဲကို ခြေစုံပစ် ဝင်သွားရတာလဲ။ မင်းရဲ့ သူငယ်ချင်းတွေဆီက ဇာတ်လမ်းကို ကြားတုန်းက ငါတော့ လိမ်နေတာလို့ ထင်ခဲ့မိတာ”
“ငါ အထဲဝင်တုန်းက နည်းနည်းတော့ စဉ်းစားခဲ့ပါသေးတယ်။ အလျင်စလို လုပ်ခဲ့တာမျိုး မဟုတ်ပါဘူး”
“ဒါပေမဲ့ ဒဏ်ရာတော့ ရခဲ့တာပဲ မဟုတ်လား”
ညီမဖြစ်သူက စင်ပေါ်က မာကာဘောပင်တစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး သူ့ရဲ့ ကျောက်ပတ်တီးပေါ်မှာ ‘ငတုံး’ ဆိုပြီး ရေးလိုက်တာပေါ့။ သေချာတာပေါ့၊ အဲဒီပေါ်မှာ ‘အသုံးမကျတဲ့ကောင်’ နဲ့ ‘သားဆိုး’ လို့ ရေးခဲ့တာလည်း သူမပါပဲ။ ဒေးမြောင်ကတော့ ‘မြန်မြန် နေကောင်းပါစေ’ လို့ ရေးခဲ့ပြီး၊ ဒိုဂျင်ကတော့ ‘မီးသတ်သမား’ လို့ ရေးထားခဲ့တာလေ။
“နင့်မှာ သူငယ်ချင်းက ဒါတွေပဲ ရှိတာလား” လို့ ဘာဒါက ပြုံးစိစိနဲ့ မေးတယ်။
“ငါ့မှာ သူငယ်ချင်း သိပ်မရှိလို့ ဆောရီးပဲနော်”
“လူတွေကို ကောင်းကောင်း ဆက်ဆံသင့်တာပေါ့”
“အဲဒီ ဒက်ဗစ်ကတ်ကို ဘယ်နေရာမှာ ဖျက်ဆီးပစ်ရမလဲဆိုတာ ငါ စဉ်းစားနေတာ…”
“အို... ကိုကြီးရယ်၊ အဲလိုလုပ်တာကျတော့ မတရားဘူး မဟုတ်လား”
“ဟက်... “မာရူး ပြုံးမိသွားရတယ်။
“နင့်ရဲ့ ကောင်မလေးကော လာမှာလား”
ဪ... အဲဒါကြောင့်ပဲ သူမ အခုထိ ဒီမှာ ရှိနေတာကိုး။ မာရူး ပခုံးတွန့်ပြလိုက်တယ်။ သူ တတ်နိုင်သလောက် ဖုံးကွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဆေးရုံမှာ နှစ်ပတ်လောက် နေရမယ်ဆိုတဲ့ အချက်ကိုတော့ ဖုံးကွယ်လို့ မရခဲ့ဘူးလေ။ ဖုန်းထဲကနေ ဆူပူကြိမ်းမောင်းတာကို တော်တော်လေး ခံခဲ့ရတာ၊ အဲဒီအချိန်ကစပြီး အခုဆို သုံးရက်တောင် ရှိခဲ့ပြီ။
ကံကောင်းချင်တော့ သူ ပြဇာတ်ပစ္စည်းတွေကို တော်တော်လေး ကောင်းကောင်းမွန်မွန် ကယ်နိုင်ခဲ့တာပေါ့။ လွန်ခဲ့တဲ့ နှစ်ရက်တုန်းက ကျင်းပခဲ့တဲ့ နောက်ထပ် ပြိုင်ပွဲတစ်ခုဆီကိုတောင် သူတို့တွေ သွားနိုင်ခဲ့ကြသေးတယ်။ သူတစ်ယောက်တည်း ဒဏ်ရာရခဲ့တာက တကယ်ကို တော်သေးတာပေါ့။
သူ့ရဲ့ ဇာတ်ကောင်က ပြဇာတ်တစ်ခုလုံးကို ပျက်စီးစေနိုင်မယ့်အရာမျိုး မဟုတ်တာကြောင့် သူ မပါဘဲနဲ့လည်း အဆင်ပြေပြေ လုပ်နိုင်ခဲ့ကြတာ ဖြစ်မှာပါ။ ဒိုဂျင် ပြောပြချက်အရဆိုရင်တော့ သူ့ရဲ့ စကားလုံးတွေကို ချွဲမင်းဆောင်ရဲ့ တစ်ကိုယ်တော် ပြကွက်တွေထဲမှာ ပေါင်းထည့်လိုက်ကြတာတဲ့။ အဲဒီကောင်လေးက တော်တော်လေးကို ကောင်းကောင်းမွန်မွန် ကိုင်တွယ်နိုင်ခဲ့တာပေါ့။
ဘာပဲဖြစ်ဖြစ်၊ ကောင်းပါတယ်။ ကျောင်းက ကိစ္စရပ်တွေကို ကောင်းကောင်းမွန်မွန် အဆုံးသတ်နိုင်ခဲ့ပြီဖြစ်သလို၊ မနက်ဖြန်ကျရင်တော့ ရလဒ်တွေ ထွက်လာတော့မှာလေ။ မြောင်ဟွာကတော့ ကျိန်းသေပေါက် အောင်မြင်မှာ ဖြစ်တာကြောင့် ဒါက ကျောင်းသုံးကျောင်းကြားထဲက ပြိုင်ပွဲတစ်ခု ဖြစ်လာမှာပေါ့။
‘ငါတို့တွေ အောင်မြင်ပါစေလို့ ဆုတောင်းရမှာပဲ’
သူကတော့ အမျိုးသားအဆင့် ပြိုင်ပွဲတွေအထိတောင် ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။ အဆိုးဆုံးကတော့ သာမန် ပြဇာတ်ကလပ်မှာတောင် သူ့နေရာမှာ တခြားလူတစ်ယောက်ကို အစားထိုးလိုက်ကြတာပဲ။ အဲဒီအတွက်ကြောင့်ပဲ သူ့ရဲ့ ဇန်နဝါရီလ အစီအစဉ်က လုံးဝကို အလွတ်ကြီး ဖြစ်သွားခဲ့ရတာပေါ့။ သူလုပ်နိုင်တာဆိုလို့ စာဖတ်တာ ဒါမှမဟုတ် တီဗီကြည့်တာပဲ ရှိတော့တယ်။ ပြီးတော့...
“မင်း ဒါကို မစားဘူး မဟုတ်လား”
“... အေးပါ၊ ပျော်ပျော်ကြီးသာ စားလိုက်တော့”
နောက်ထပ် သူလုပ်နိုင်တဲ့ အကောင်းဆုံးအရာကတော့ ညီမဖြစ်သူနဲ့ စကားပြောတာပဲ ဖြစ်မှာပေါ့။ မာရူး သမ်းဝေရင်း ကုတင်ပေါ်ကို ပြန်လှဲလိုက်တဲ့ အချိန်မှာပဲ သူ့အခန်းတံခါးကြီး ပွင့်လာခဲ့တော့တယ်။
* * * * * * * * *
အခန်း(၁၅၆)
“နင် တစ်နေ့လုံး မိန်းမောတွေဝေနေသလိုပဲနော်”
“ရှင် ဘာပြောလိုက်တာလဲ”
သူမရဲ့ ကလပ်ဥက္ကဋ္ဌက သူမပုခုံးကို လှမ်းဖက်လိုက်တဲ့အချိန်မှာ သူမက မျက်မှောင်လေး နည်းနည်းကြုတ်ပြီး ခေါင်းငုံ့လိုက်မိတာပေါ့။ ဪ... နေပါဦး... ဒီနေရာမှာ သူမ ပြုံးပြလိုက်သင့်တာလေ။
“တစ်ခုခု ဖြစ်လို့လား” လို့ ဥက္ကဋ္ဌက လှမ်းမေးခဲ့တယ်။
တခြားအဖွဲ့ဝင်တွေအားလုံးကတော့ ပျော်ပျော်ပါးပါးနဲ့ သီချင်းတွေ အော်ဆိုနေကြတာပေါ့။ သူမက ပတ်ဝန်းကျင်က ဆူညံနေတဲ့ သီချင်းသံတွေကို စက္ကန့်ပိုင်းလောက် နားထောင်နေပြီးမှ ပါးစပ်ဟလိုက်တော့တယ်။
“ကျွန်မသူငယ်ချင်း ထိခိုက်ဒဏ်ရာရသွားလို့ပါ”
“တကယ်လား တအားပြင်းထန်လို့လား”
“အင်း... ထင်တာပဲ။ ဆေးရုံမှာ နှစ်ပတ်လောက် တက်ရမယ်တဲ့”
“ဒါကြောင့်မို့လို့လည်း နင်တစ်နေ့လုံး ဒီလောက်တောင် စိတ်ပျက်လက်ပျက် ဖြစ်နေတာကိုး”
သူမက နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်မိတာပေါ့။ ကလပ်အသင်းက အရည်အချင်းစစ်ပွဲ အောင်မြင်တယ်ဆိုတဲ့ သတင်းကို ကြားရကတည်းက သူမအနေနဲ့ တတ်နိုင်သလောက် ပျော်ရွှင်တက်ကြွတဲ့ ပုံစံမျိုး ပြချင်ခဲ့တာလေ။ ဒါပေမဲ့လည်း ဥက္ကဋ္ဌကိုတော့ ဘယ်လိုမှ လိမ်လို့မရခဲ့ပါဘူး။
“ငါ အစောကတည်းက သတိမထားမိတဲ့အတွက် ဆောရီးပဲနော်” လို့ ဥက္ကဋ္ဌက သူမရဲ့ လက်တွေကို ဆုပ်ကိုင်ရင်း ပြောလိုက်တာပေါ့။
သူမက ခေါင်းကို အားရပါးရ ခါယမ်းပြလိုက်တယ်။
“မဟုတ်တာ... ကျွန်မ အဆင်ပြေပါတယ်”
“လူလိမ်မလေး... နင့်မျက်နှာပေါ်မှာ အကုန်ပေါ်နေတာကို”
ဥက္ကဋ္ဌက သူမရဲ့ ပါးလေးကို ခပ်ဖွဖွလေး လိမ်ဆွဲလိုက်တာပေါ့။ အစ်မအရင်းတစ်ယောက် ရှိရင် ဒီလိုမျိုး ခံစားရမှာလား။ ကိုယ့်ကို နားလည်ပေးမယ့်သူ တစ်ယောက် ရှိနေတယ်ဆိုတာကို သိရတာ တကယ်ပဲ ရင်ထဲမှာ နွေးထွေးရပါတယ်။
“နင် သွားသင့်ပြီ”
“ရှင်”
“တို့တွေ ဒီဘက်မှာလည်း အလုပ်တွေ ပြီးလုနီးပါး ဖြစ်နေပါပြီ။ နင်လည်း နည်းနည်းလောက် စောစော ပြန်လိုက်တော့လေ”
“ဟင့်အင်း... ကျွန်မ နေခဲ့ပါ့မယ်”
“ရပါတယ်ဆို။ ကျန်တဲ့လူတွေကိုတော့ ဘာဖြစ်လဲဆိုတာ ငါပဲ ပြောပြလိုက်မယ်၊ အဲဒီတော့ နင် အရင်ဆုံး သွားနှင့်တော့နော်”
ဥက္ကဋ္ဌက သူမဘေးနားက ဒုတိယနှစ် ကျောင်းသားတစ်ယောက်ဆီကို တိုးတိုးလေး ကပ်ပြောလိုက်တော့ အဲဒီဒုတိယနှစ် ကောင်လေးက ပြုံးပြပြီး သူတို့ကို တာ့တာပြ နှုတ်ဆက်တာနဲ့ သူတို့လည်း ထွက်လာခဲ့ကြတာပေါ့။
“တောက်... နှင်းတွေ တအားကျနေတာပဲ။ နင့်မှာ ထီးပါလား”
“ဟုတ်ကဲ့... ပါပါတယ်”
ကောင်းကင်ကြီးကနေ အလုံးအရင်းနဲ့ သွန်ချနေသလိုမျိုး နှင်းတွေက တအားကို သည်းသည်းမည်းမည်း ကျနေတာလေ။ သူမက လွယ်အိတ်ထဲကနေ ထီးတစ်လက်ကို ထုတ်ပြီး ဆန့်လိုက်တယ်။ ထီးကြီးက တိုက်ခတ်နေတဲ့ လေပြင်းတွေကြောင့် အချိန်မရွေး ကျိုးပျက်သွားနိုင်မယ့် ပုံစံမျိုး ခံစားရတာပေါ့။
“ဂရုစိုက်ပြီး သွားနော်။ သောကြာနေ့ကျမှ ပြန်တွေ့ကြတာပေါ့”
ဥက္ကဋ္ဌက သူမကို အဝင်ဝအထိ လိုက်ပို့ပေးခဲ့တာမို့ သူမလည်း နှုတ်ဆက်ပြီး နောက်လှည့်ထွက်လာခဲ့တာပေါ့။ ဒါပေမဲ့လည်း ဥက္ကဋ္ဌအပေါ်မှာ ရှိခဲ့တဲ့ ကျေးဇူးတင်စိတ်တွေကတော့ အကြာကြီး မခံခဲ့ပါဘူး။ ဘတ်စ်ကားဂိတ်ကို ရောက်တဲ့ အချိန်မှာတော့ သူမရဲ့ မျက်နှာက တော်တော်လေးကို ပျက်နေခဲ့ပြီလေ။
“ဟန်မာရူး”
အဲဒီကောင်လေးက မြောင်ဒုံ အနုပညာပြဇာတ်ရုံက အတန်းကို ဘာလို့ ရောက်မလာတာပါလိမ့်လို့ သူမ တွေးနေမိတာ၊ သူက ဒီအတိုင်း အတန်းပျက်မယ့် လူစားမျိုး လုံးဝ မဟုတ်ဘူးလေ။ နောက်ရက်ကျမှပဲ နည်းပြ ယန်ဂန်ဟွမ် ဆီကနေ အဲဒီကောင်လေး ထိခိုက်ဒဏ်ရာရသွားတယ်ဆိုတာကို သူမ သိခဲ့ရတာပေါ့။ အဲဒီမတိုင်ခင်တုန်းက မာရူးက သူမကို ‘ဘာမှ ထူးထူးခြားခြား မဟုတ်ပါဘူး’ လို့ပဲ ပြောခဲ့တာလေ။
သူမက မရမက အတင်းအကျပ် မေးမြန်းတော့မှပဲ အကုန်လုံးကို အစအဆုံး ဖွင့်ပြောတော့တာပေါ့။ မီးလောင်ဒဏ်ရာရတာတင်မကဘဲ အရိုးအက်တာကော၊ နောက်ပြီး ချုပ်ရိုးတွေပါ ပါသေးတယ်ဆိုပဲ။ သူမလည်း အသေးစိတ်ကို ကြားလိုက်ရတဲ့ အချိန်မှာ တအားကို အံ့ဩသွားရလွန်းလို့ ဘာစကားမှတောင် ပြန်မပြောနိုင်ခဲ့ဘူးလေ။ ကဲလေ... သူမကို ဖုံးကွယ်ထားချင်တဲ့ သူ့ရဲ့ စိတ်ကူးကိုတော့ နားလည်ပေးလို့ ရပါတယ်။ ခေါင်းထဲမှာတော့ လက်ခံလို့ ရပေမဲ့ စိတ်ထဲက ခံစားချက်ကတော့ တခြားစီပေါ့။
‘ဪ... ယောက်ျားလေးတွေများ ဖြစ်ရလေ’
သူမ ဘတ်စ်ကားဂိတ်မှာ သက်ပြင်းတစ်ချက် ချလိုက်ပြီးမှ သစ်သီးဆိုင်တစ်ဆိုင်ထဲကို လှည့်ဝင်ခဲ့ပြီး ခြင်းတောင်းအသေးလေး တစ်တောင်း ဝယ်လိုက်ပြီးတော့ ဘတ်စ်ကားပေါ် တက်ခဲ့တာပေါ့။ သူမ စိတ်တိုနေတာနဲ့တင် လက်ဗလာနဲ့ သွားပစ်လိုက်ချင်ပေမဲ့ အဲဒီလောက်အထိတော့ မရိုင်းစိုင်းချင်ပါဘူးလေ။ ဘတ်စ်ကားပေါ်မှာ လူ သိပ်မရှိတာမို့ သူမ တစ်နေရာမှာ ဝင်ထိုင်လိုက်ပြီး အပြင်ဘက်ကို လှမ်းငေးနေမိတော့တယ်။
‘သူ့မှာ ကြောက်စိတ်ဆိုတာ လုံးဝ မရှိဘူးလား မသိဘူး’
အစတုန်းကတော့ ဘောလုံးကန်ရင်းနဲ့ပဲ ကိုယ့်ဘာသာ ထိခိုက်မိတာလို့ သူမ ထင်ခဲ့တာလေ။ လူတွေက သူ့ကို မီးထဲ ဝင်ခုန်တာလို့ ပြောပြတုန်းကဆိုရင် တကယ်ပဲ နောက်ပြောင်နေကြတာလို့ ထင်ခဲ့မိတာပေါ့။ အဲဒါက နောက်ပြောင်တာ မဟုတ်ဘဲ အဲဒီကောင်လေးက တကယ်ကြီး မီးထဲကို ဝင်ခုန်ခဲ့တာလေ။
ပြဇာတ်ပစ္စည်း အနည်းငယ်ကို ကယ်တင်ဖို့အတွက်နဲ့ အဲဒီလိုမျိုး လုပ်ခဲ့တယ်လို့ တွေးကြည့်စမ်းပါဦး။ အကယ်၍သာ တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ။ ဒါကို တွေးမိရုံနဲ့တင် သူမ တကယ်ကို စိတ်တိုလာရပြန်ရော။
ဘတ်စ်ကားက ဆေးရုံကြီးရဲ့ အရှေ့မှာ ဆိုက်ရောက်လို့ ရပ်တန့်သွားတာနဲ့ သူမလည်း ထီးလေးဆန့်ပြီး ဆင်းလာခဲ့တာပေါ့။ လမ်းရဲ့ တစ်ဖက်ခြမ်းမှာတော့ ဖြူဖွေးနေတဲ့ ဆေးရုံကြီးကို လှမ်းမြင်နေရပြီလေ။ သူမရဲ့ စိတ်ထဲမှာ စိုးရိမ်ပူပန်မှုတွေက တစ်ကျော့ပြန် တိုးဝင်လာပြန်ရော။
သူမ အခုလို ပုံစံကြီးနဲ့ သူ့ကို သေသေချာချာ ဆူပူကြိမ်းမောင်းနိုင်ပါ့မလား။ သူမ ရင်ဘတ်ပေါ် လက်တစ်ဖက် တင်လိုက်ပြီး အသက်ကို ဝဝကြီး ရှူလိုက်မိတယ်။ မာရူး ဒဏ်ရာရတဲ့ သတင်းကို ကြားရတာက သူမရဲ့ ဖခင်ဖြစ်သူကို ပြန်ပြီး သတိရစေတာကိုး။ ကိုယ်နဲ့ နီးစပ်ရတဲ့သူတွေ ထပ်ပြီး ထိခိုက်ဒဏ်ရာရတာမျိုးကို သူမ လုံးဝ မနှစ်သက်ဘူးလေ။
“ငါ သူ့ကို ကျိန်းသေပေါက် အပြတ်အသတ် ဆူပစ်ဦးမယ်”
သူမ စိတ်ကို တင်းတင်းမွေးလိုက်ပြီး ဆေးရုံထဲကို ခြေလှမ်းလှမ်းခဲ့တော့တယ်။ မှန်ကန်တဲ့ အခန်းနံပါတ်ကို ရှာဖို့အတွက် စင်္ကြံလမ်းအတိုင်း လျှောက်လာခဲ့တာပေါ့။ နောက်ဆုံးတော့ ဝှီးချဲလ်စီးထားတဲ့ အဘိုးအိုတစ်ယောက်ကို ဖြတ်ကျော်ပြီးတဲ့ အချိန်မှာပဲ သူမ ခြေလှမ်းတွေ ရပ်တန့်သွားခဲ့တယ်။
“ဟန်မာရူး”
“ဪ... ဒီနေရာကိုး”
သူမ တံခါးကို အသာအယာ ဖွင့်လိုက်တာပေါ့။ အခန်းထဲက ခုတင်လေးခုထဲမှာ သုံးခုက လုံးဝ အလွတ်ကြီး ဖြစ်နေပြီး ပြတင်းပေါက်နားတင် မာရူး ရှိနေတာကို သူမ မြင်လိုက်ရတယ်။ အဲဒီအပြင် အာလူးကြော်ကို ပြုံးစိစိနဲ့ ထိုင်စားနေတဲ့ မိန်းကလေးတစ်ယောက်ကိုလည်း တွေ့လိုက်ရသေးတာပေါ့။ ကြည့်ရတာ သူ့ရဲ့ ညီမလေး ထင်ပါရဲ့။
သူမ အဝင်ဝကနေ မာရူးကို စက္ကန့်ပိုင်းလောက် စိုက်ကြည့်နေမိပေမဲ့ အဲဒီကောင်လေးကတော့ သူမ ရောက်လာတာကို သတိထားမိတဲ့ပုံ မပေါ်သေးပါဘူး။ ကောင်လေးက အေးအေးလူလူနဲ့ စာအုပ်စာမျက်နှာတွေကို တလှန်လှန် ဖတ်နေတာကို ကြည့်ပြီး သူမရဲ့ ရင်ထဲက ဒေါသတွေက တဟုန်းဟုန်း ပြန်တောက်လာရပြန်ရော။ သူမမှာတော့ သူ့ကြောင့်နဲ့ အိပ်ရေးတွေ ပျက်ခဲ့ရတာကို... သူကတော့ ဒီလောက်အထိ အေးအေးဆေးဆေးကြီး နေနိုင်ရတယ်လို့လေ။
အဲဒီအချိန်မှာပဲ မာရူးက အဝင်ဝဘက်ကို လှည့်ကြည့်လိုက်တာပေါ့။ သူတို့နှစ်ယောက် မျက်လုံးချင်း တည့်တည့် ဆုံသွားကြတယ်။ မာရူးရဲ့ နှုတ်ခမ်းတွေက အောက်ကို နည်းနည်းလေး တွဲကျသွားပြီးမှ ပြုံးတဲ့ပုံစံမျိုး ချက်ချင်း ပြန်ပြင်လိုက်တာလေ။ အဲဒီလိုမျိုး အူကြောင်ကြောင် အပြုံးကြီးကြောင့် သူမလည်း မျက်လုံးတွေ အဝိုင်းသား ဖြစ်သွားရတော့တာပေါ့။
“ဧည့်သည် လာတာလား”
ညီမလေးဖြစ်မယ့် ပုံစံရှိတဲ့ မိန်းကလေးက လှမ်းမေးခဲ့တာပေါ့။ သူမလည်း လက်ထဲက သစ်သီးခြင်းတောင်းကို ကိုင်ပြီး လျှောက်လာရင်း ပြုံးပြပြီး လက်လှမ်းပြလိုက်တယ်။ မာရူးတစ်ယောက်ကတော့ ခုတင်ပေါ်မှာ လှဲချလိုက်ပြီး အိပ်ချင်ယောင်ဆောင်ဖို့ ပြင်နေတာကို မြင်လိုက်ရတာပေါ့။
“အစ်မက ဘယ်သူလဲဟင်”
“ဒီကောင့်ရဲ့ သူငယ်ချင်းပါ”
သူမက သစ်သီးခြင်းတောင်းကို မာရူးဆီကို လှမ်းပစ်ပေးလိုက်တာပေါ့။ ကောင်လေးကတော့ လန့်ဖြန့်ပြီး အဲဒီခြင်းတောင်းကို လက်ထဲ အမိအရ ဖမ်းယူလိုက်ရရှာတယ်။
“... မင်း ရောက်လာတာလား”
“အင်း... ရောက်လာတာ။”
“အပြင်မှာ နှင်းတွေ တအားကျနေတာ မဟုတ်လား”
“အများကြီးပဲ။ အခုထိ ကျနေတုန်းပဲလေ။ ဒီကို လာရတာ တော်တော်လေးကို ပင်ပန်းတာ”
သူမ သူ့ကို နှစ်သိမ့်ပေးရမလား၊ ဒါမှမဟုတ် ဆူပူကြိမ်းမောင်းရမလား။ အခုချိန်မှာ သူ့ကို ကြည့်ရတာကတော့ တကယ့်ကို ဆူပစ်ချင်စရာ ကောင်းလွန်းနေတာပေါ့။
“ညီမက မာရူးရဲ့ ညီမလေးလား”
“ရှင်... ဪ... ဟုတ်ကဲ့ပါ”
“နင်လည်း တော်တော်လေး လန့်သွားခဲ့မှာပဲ မဟုတ်လား။ အားနာလိုက်တာနော်”
“ရပါတယ်၊ ကိစ္စမရှိပါဘူး”
မာရူးရဲ့ ညီမလေးက သူမနဲ့ မာရူးကို တလှည့်စီ ကြည့်ရင်းနဲ့ ပြုံးပြနေတာပေါ့။ တကယ့်ကို ချစ်စရာကောင်းတဲ့ ကလေးလေးပဲ။ ဟိုဘက်ခုတင်ပေါ်မှာ သူမကို မသိချင်ယောင်ဆောင်ပြီး လျစ်လျူရှုဖို့ ကြိုးစားနေတဲ့ မာရူးထက်စာရင်တော့ အများကြီး ပိုပြီး သဘောကောင်းမယ့် ပုံစံမျိုးပါပဲ။
“ဟိုလေ... အစ်မ”
“အင်း... ဘာလဲဟင်”
“အစ်မက ကိုကြီးရဲ့ ကောင်မလေးလားဟင်”
ရုတ်တရက်ကြီး ဝင်လာတဲ့ မေးခွန်းကြောင့် သူမ ဘာပြန်ပြောရမှန်းမသိဘဲ ကြောင်သွားရတယ်။
“ဒါဆို... အစ်မက ကောင်မလေး အစစ်ပေါ့နော်”
ကလေးမလေးရဲ့ ပျော်ရွှင်တက်ကြွနေတဲ့ တုံ့ပြန်မှုက ကြိုဆိုချင်စရာ ကောင်းလှပေမဲ့ အဲဒါက သူမအတွက်တော့ အံ့ဩစရာ ဖြစ်နေတုန်းပဲလေ။
“အမလေး... ကျွန်မဖြင့် ကိုကြီးက နောက်နေတာလို့ ထင်ခဲ့မိတာ။ အစ်မရယ်... အစ်မက ကိုကြီးနဲ့ဆိုရင် တကယ့်ကို နှမြောစရာကြီး။ ဘာဖြစ်လို့ သူ့ကို တွဲရတာလဲဟင်”
“အဲ... အဲဒါက...”
“သူက အခုတလော နည်းနည်းလေး လူကြီးဆန်လာလို့ တော်သေးတာပေါ့။ ဒါပေမဲ့လည်း ဪ... အစ်မက သူ့အတွက်ဆိုရင် တအားကို ချောလွန်းလှပါတယ်”
ကလေးမလေးက အသက်ငယ်ငယ်လေးနဲ့ လူကို တော်တော်လေး အရှက်ရစေမယ့် စကားလုံးတွေကို စိတ်အေးလက်အေး လျှောက်ပြောနေတာပေါ့။ အဲဒီနေရာမှာတော့ မာရူးနဲ့ တကယ့်ကို တစ်ပုံစံတည်းပဲ။ မဟုတ်သေးဘူး... မာရူးထက်တောင် ပိုဆိုးသေးတယ်လို့ ပြောရမယ်။
“တကယ်ကြီး အဲလိုလား”
“ဟုတ်ပါရှင့်။ ဘယ်လိုငတုံးမျိုးကများ မီးထဲကို တန်းပြီးဝင်ခုန်ပါလိမ့်။ ကြည့်ရတာ ဒီလူကြီးပဲ ရှိတာနေမှာ”
မာရူးရဲ့ ညီမလေးက ကိုယ့်ဘာသာ တိုးတိုးလေး ရယ်မောနေတာပေါ့။ သူမကတော့ ဟန်ဘာဒါ လို့ ခေါ်တဲ့ အဲဒီကလေးမလေးကို တော်တော်လေး သဘောကျသွားခဲ့ပြီလေ။ အဲဒီကလေးမလေးက မာရူး ဘယ်လောက်တောင် အဓိပ္ပာယ်မရှိတဲ့ လူစားမျိုးလဲဆိုတာကို မိနစ် ၃၀ လောက်ရှိအောင် အဆက်မပြတ် လျှောက်ပြောပြနေတာ၊ လူတစ်ယောက်ရဲ့ မျက်နှာကို ရှေ့တင်ထားပြီး အတင်းပြောရတာ တကယ်ကို အရသာရှိလှပါတယ်။
“အစ်မ... ဒါလေး စားပါဦး”
“ကျေးဇူးပဲနော်”
သူတို့တွေက ခဏလေးအတွင်းမှာတင် တော်တော်လေး ရင်းနှီးသွားကြပြီလေ။ အဲဒီအချိန်အတွင်းမှာတင် မာရူးကတော့ ပြတင်းပေါက် အပြင်ဘက်ကိုပဲ စိုက်ကြည့်နေတုန်းပဲ။ ပြဇာတ်တွေထဲက ဇာတ်ဆောင်တစ်ယောက်လိုမျိုး ပုံစံဖမ်းလို့ပေါ့။
“ငတုံး... ငတုံး... ငတုံး...”
ဘာဒါက မာရူးရဲ့ ကျောက်ပတ်တီးပေါ်မှာ ‘ငတုံး’ ဆိုပြီး လိုက်ရေးနေတာ။
“အစ်မရော တစ်ခုခု လာရေးဦးမလား”
“ရေးရမလား”
သူမ သေသေချာချာ ကြည့်လိုက်တော့ မာရူးရဲ့ ကျောက်ပတ်တီးပေါ်မှာ စကားလုံးတွေ အများကြီး ရေးထားတာကို တွေ့ရတယ်။ အဲဒီထဲကမှ သူမမျက်စိထဲ အထူးတလည် ဝင်လာတာကတော့ ‘မြန်မြန် နေကောင်းပါစေ’ ဆိုတာလေးပေါ့။ အေးလေ... သူ အကြာကြီး ဒဏ်ရာရနေရင်လည်း သူမပဲ စိတ်မကောင်း ဖြစ်ရမှာဆိုတော့...
‘မြန်မြန် နေကောင်းပါစေနော်’
“အိုး... အစ်မကြီးရယ်”
“ဘာဖြစ်လို့လဲဟင်”
“အစ်မက သူ့ရဲ့ ကောင်မလေးမို့လို့ အဲလောက်အထိ တယုတယ ဂရုစိုက်ပေးနေတာပေါ့နော်”
“သူ အခုလို ပုံစံကြီးနဲ့ဆိုတော့ သနားစရာကောင်းလို့ပါကွယ်”
“အဲဒါတော့ ဟုတ်တယ်”
သူတို့နှစ်ယောက် စကားပြန်စပြောကြမယ့် အချိန်မှာတင် အခန်းတံခါး ပွင့်လာခဲ့တယ်။ လူကြီးနှစ်ယောက် ဝင်လာတာပေါ့။ ကြည့်လိုက်တော့ နည်းပြ ယန်ဂန်ဟွမ် နဲ့အတူ ဦးထုပ်ဆောင်းထားတဲ့ လူတစ်ယောက် ပါလာတာလေ။
“ဟင်... နည်းပြပါလား”
“အလို... တို့တွေ အချိန်မတော်ကြီး လာမိသွားတာလား မသိဘူး”
သူမလည်း နည်းပြကို အရိုအသေပေး နှုတ်ဆက်လိုက်ပြီး နောက်ထပ်လူကို လှည့်ကြည့်လိုက်မိတယ်။ အဲဒီလူကတော့ ထုတ်လုပ်သူ လီဂျွန်မင်း ပါလား။
‘သူက ဘာဖြစ်လို့...’
အဲဒီလူက မာရူးနဲ့ စကားခဏခဏ ပြောတာကို သူမ မြင်ဖူးပေမဲ့... သူတို့တွေက အခုလိုမျိုး ဆေးရုံအထိ လာတွေ့ရလောက်အောင်ကို ရင်းနှီးနေကြတာလား။
“ဆရာ”
မာရူးက ခုတင်ပေါ်ကနေ ထရပ်ဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ လီဂျွန်မင်းက သူ့ကို တားလိုက်တာပေါ့။
“တော်သေးတာပေါ့၊ ကြည့်ရတာ အဲလောက်အထိ အပြင်းအထန် ထိခိုက်သွားတဲ့ ပုံစံမျိုးတော့ မဟုတ်ပါဘူး”
“ဟုတ်ကဲ့... ကံကောင်းသွားလို့ပါ”
“နောက်ခါကျရင် သတိထားဦးနော်။ မင်းရဲ့ ခန္ဓာကိုယ်က မင်းတစ်ယောက်တည်း ပိုင်တာ လုံးဝ မဟုတ်ဘူး”
ဟင်... ဘယ်လို စကားလုံးကြီးပါလိမ့်။ သူမ မာရူးနဲ့ လီဂျွန်မင်းကို တလှည့်စီ ကြည့်နေမိတော့တယ်။ အဲဒီနှစ်ယောက်ကြားမှာ ဘယ်လိုမျိုး ပတ်သက်မှု ရှိနေလို့ပါလိမ့်။ လီဂျွန်မင်းက မိနစ်အနည်းငယ်လောက် စကားပြောပြီးတဲ့နောက်မှာတော့ နောက်လှည့်ဖို့ ပြင်လိုက်တာပေါ့။
“တို့တွေ ပြန်တော့မယ်။ လူတွေအများကြီး စုနေရင်လည်း မကောင်းဘူးလေ။ နောက်မှပဲ တို့တွေ အေးအေးဆေးဆေး စကားထပ်ပြောကြတာပေါ့”
“မလိုက်ပို့နိုင်လို့ တောင်းပန်ပါတယ် ဆရာ”
“တိတ်စမ်းပါ။ လူနာတစ်ယောက်ဆီကနေ နှုတ်ဆက်တာကို ခံယူဖို့ဆိုတာ ရှက်စရာကြီးကွ”
လီဂျွန်မင်းက နည်းပြ ယန်ဂန်ဟွမ် ကို သူတို့ ယူလာခဲ့တဲ့ သစ်သီးခြင်းတောင်းကို ချခိုင်းဖို့ လက်ဟန်ပြလိုက်တယ်။ အဲဒီခြင်းတောင်းကြီးက ဗီဒိုလေးပေါ်မှာ တင်ဖို့အတွက်တောင် တော်တော်လေး ကြီးလွန်းနေတာပေါ့။ အမှန်အတိုင်း ပြောရရင် အဲဒီခြင်းတောင်းက ဒီထက် နည်းနည်းလေးသာ ပိုကြီးသွားမယ်ဆိုရင် ဘာဒါကိုတောင် အထဲ ထည့်လို့ရမယ့် ပုံစံမျိုးပဲ။
“ဆရာရယ်... ဒါတွေကို ကျွန်တော် အကုန်ကုန်အောင် စားနိုင်ပါ့မလားတောင် မသိဘူး”
“ဒီအတိုင်းပဲ ယူထားလိုက်စမ်းပါ”
အဲဒီလူကြီးနှစ်ယောက်က ခပ်ပြတ်ပြတ်ပဲ နှုတ်ဆက်ပြီး ထွက်သွားကြတာမို့ အခန်းထဲမှာ မုန်တိုင်းတစ်ခု ဖြတ်တိုက်သွားသလိုမျိုးတောင် ခံစားလိုက်ရတယ်။
“အစ်မ... အဲဒါ ဘယ်သူလဲဟင်”
“တကယ့်ကို နာမည်ကြီးတဲ့သူတစ်ယောက်ပေါ့ကွယ်”
“တကယ်ကြီးလား”
“အင်း... ဟုတ်တယ်”
သူတို့နှစ်ယောက် သစ်သီးခြင်းတောင်းကြီးကို စိုက်ကြည့်နေတုန်းမှာပဲ တံခါးက နောက်တစ်ကြိမ် ထပ်ပွင့်လာပြန်ရော။ တံခါးဖွင့်ပြီး ဝင်လာတဲ့ အမျိုးသမီးကို မြင်လိုက်ရတော့ သူမ တော်တော်လေးကို အံ့ဩမှင်သက်သွားခဲ့ရတယ်။ လက်ထဲမှာ ဝက်ဝံရုပ်ကြီးတစ်ရုပ်ကို ပွေ့ချီလာတဲ့ အဲဒီအမျိုးသမီးက တကယ့်ကို အံ့ဩစရာကောင်းလောက်အောင် လှပလွန်းလို့ပေါ့။ ဖြူဖွေးနေတဲ့ အသားအရေ၊ ရှည်လျားတဲ့ ဆံပင်နက်နက်လေးတွေနဲ့ ပြုံးရွှင်နေတဲ့ မျက်နှာ... အရာရာတိုင်းက ပြည့်စုံလွန်းလှတာကိုး။
“အလို... အစ်မ ဆွန်ဂျီ ပါလား”
“ငါ သတင်းကြားလို့ လာခဲ့တာ။ အဆင်ပြေရဲ့လား”
ဆွန်ဂျီ လို့ ခေါ်တဲ့ အဲဒီအမျိုးသမီးက ဝက်ဝံရုပ်ကြီးကို မာရူးဆီ လှမ်းပေးလိုက်တာပေါ့။ ဒါပေမဲ့... ဘာဖြစ်လို့ အရုပ်ကြီး လာပေးရတာပါလိမ့်။
“မင်္ဂလာပါရှင်”
“အာ... ဟုတ်ကဲ့၊ မင်္ဂလာပါရှင်”
“... မင်္ဂလာပါ”
သူမနဲ့ ဘာဒါက အဲဒီအမျိုးသမီးရဲ့ နှုတ်ဆက်မှုကို အူကြောင်ကြောင်ကြီး ပြန်ပြီး တုံ့ပြန်မိသွားကြတယ်။ ဆွန်ဂျီနဲ့ မာရူးက စကားအချို့ကို တွတ်တီးတွတ်တာ ပြောနေကြတာ၊ ကြည့်ရတာ သူတို့နှစ်ယောက်က တကယ့်ကို ရင်းနှီးလွန်းနေတဲ့ ပုံစံမျိုးပဲ။
“ဒိုဝူးက ငါ့ကို ပြောပြတာလေ”
“အခုတလော နင်တို့နှစ်ယောက်ကြားမှာ ဘယ်လိုနေလဲ”
“ဖုန်းဆက်ပြီး စကားပြောဖြစ်ကြတဲ့အထိတော့ အဆင်ပြေပါတယ်”
“အိုး... အံ့ဩစရာပဲ”
“ဒါတွေအားလုံးက နင့်ကြောင့်ပါကွယ်။ တို့တွေ မကြာခင်မှာ အတူတူ ထမင်းစားကြမလို့လေ။ နင်ပါ လိုက်ခဲ့ပါလား”
“ကျွန်တော်က မိသားစုကိစ္စတွေကြားထဲကို ဝင်မပါတာ ပိုကောင်းပါတယ်”
“ဘာလို့လဲ... နင်က တို့မိသားစုအတွက် သူစိမ်းမှ မဟုတ်တာပဲ။ ဖေဖေကလည်း နင့်ကို တွေ့ချင်နေတာဆိုတော့ လိုက်ခဲ့ပါနော်”
“ဟုတ်ကဲ့... ပါ”
“ဒါနဲ့... ဒိုဝူး ဒီကို လာသေးလား”
“သူ့ဆီက ဖုန်းလာလို့ အချိန်ဖြုန်းပြီး ဒီကို လာမနေနဲ့လို့ ပြောလိုက်ပါတယ်”
“ဪ... အဲလိုလား”
ဆွန်ဂျီက ပြုံးပြီး ခေါင်းညိတ်လိုက်တာပေါ့။ သူမကတော့ ဘေးနားကနေ ဆွန်ဂျီကို သတိကြီးကြီးနဲ့ စောင့်ကြည့်နေမိတယ်၊ ဘာကြောင့်လဲတော့မသိဘူး... ဒီအမျိုးသမီးရဲ့ ရှေ့မှာ သူမ ကိုယ့်ကိုယ်ကိုယ် ရှုံးနိမ့်နေသလိုမျိုး ခံစားချက် ခပ်စိပ်စိပ် ဝင်လာလို့လေ။
“ငါလည်း တစ်ခုခု ရေးလို့ရမလား”
“ရတာပေါ့”
ဆွန်ဂျီက မာကာဘောပင်နဲ့ ‘ကျန်းမာရေး’ ဆိုပြီး ရေးလိုက်တာပေါ့။ သူတို့တွေ မိနစ်အနည်းငယ်လောက် ထပ်ပြီး စကားပြောဖြစ်ကြပြီးမှ ဆွန်ဂျီက ထရပ်ဖို့ ပြင်တော့တာလေ။
“ငါ သွားတော့မယ်နော်။ ဂရုစိုက်ပါဦး”
“ဟုတ်ကဲ့... ပြန်တွေ့ကြတာပေါ့”
“မောင်လေးတို့နှစ်ယောက် စကားပြောနေတာကို နှောင့်ယှက်မိသွားရင် တောင်းပန်ပါတယ်နော်”
ဆွန်ဂျီက နောက်ဆုံးအချိန်အထိ တကယ့်ကို ယဉ်ကျေးပျိုးစုံလှပါတယ်။ အဲဒီအမျိုးသမီး ထွက်သွားတာနဲ့ တစ်ပြိုင်တည်း သူမ ဘာဒါနဲ့အတူ မာရူးကို ချက်ချင်း လှည့်ကြည့်လိုက်ကြတာပေါ့။ သူတို့တွေ ရှင်းပြချက်တစ်ခု ကျိန်းသေပေါက် လိုအပ်နေပြီလေ။ ဒါပေမဲ့ မာရူး ပါးစပ်မဟရသေးခင်မှာတင် တံခါးက နောက်တစ်ကြိမ် ထပ်ပွင့်လာပြန်ရော။
“ဪ... ဒီနေရာကိုး”
နောက်ထပ် အမျိုးသမီးတစ်ယောက် ပါလား။ စောစောက ဆွန်ဂျီက ရိုးသားဖြူစင်တဲ့ ပုံစံမျိုးဆိုရင်တော့... အခု ဝင်လာတဲ့ အမျိုးသမီးကတော့ တကယ့်ကို ဆွဲဆောင်မှုအပြည့်နဲ့ ညို့ဓာတ်ပြင်းတဲ့ ပုံစံမျိုးပဲ။ တကယ်တမ်း ပြောရရင် သူမက ရင်ဘတ်အဟိုက်ကြီး ပါတဲ့ အင်္ကျီကိုတောင် ဝတ်ထားတာလေ။ သားရေဂျာကင် ဝတ်ထားတဲ့ အဲဒီအမျိုးသမီးက ဒေါက်ဖိနပ်အမြင့်ကြီးနဲ့ တချောက်ချောက် မြည်အောင် လျှောက်လာခဲ့တာပေါ့။ သူမကလည်း တကယ့်ကို လှပလွန်းတဲ့သူပဲ။
“ငါ့ကို မှတ်မိသေးရဲ့လား”
“အာ... ဟုတ်ကဲ့၊ မှတ်မိပါတယ် ခင်ဗျာ”
“အိုး... အဲလိုဆိုတော့ ငါ တန်းပြီး ပျော်သွားတာပဲ”
အဲဒီအမျိုးသမီးကို ကြည့်လိုက်ရုံနဲ့တင် သူမစိတ်ထဲမှာ မြေခွေးတစ်ကောင်ကို ချက်ချင်း ပြေးမြင်မိစေတယ်၊ တကယ့်ကို ခက်ထန်ပြီး ကြောက်စရာကောင်းတဲ့ မြေခွေးမျိုးပေါ့။
“မင်္ဂလာပါရှင်”
“... မင်္ဂလာပါ”
“ညီမတို့နှစ်ယောက်က ဘယ်သူတွေလဲဟင်”
ဘာဒါက ပထမဆုံးအကြိမ်အဖြစ် ချက်ချင်း ပြန်ဖြေလိုက်တာပေါ့။
“ညီမလေးပါ”
သူမလည်း လည်ချောင်းထဲက အသံကို နည်းနည်းလောက် ပိုပြီး အားစိုက်လိုက်ကာ ‘ကောင်မလေးပါ’ လို့ ပြန်ဖြေလိုက်မိတယ်၊ ဒါကို ပြောလိုက်ရတာ စိတ်ထဲမှာ နည်းနည်းတော့ ရှက်ကိုးရှက်ကန်း ဖြစ်ရတာပေါ့။
“ဪ... မာရူးမှာ ဒီလောက်အထိ ချစ်စရာကောင်းတဲ့ ကောင်မလေး ရှိနေတာကိုး”
အဲဒီအမျိုးသမီးက သူမ ယူလာခဲ့တဲ့ အလှစိုက်အိုးလေးကို ပြတင်းပေါက်ဘောင်ပေါ်မှာ တင်လိုက်တာပေါ့။
“အဆင်ပြေရဲ့လား... ဘယ်လိုနေလဲ”
“အင်း... အဆင်ပြေပါတယ်”
“ငါ ရောက်လာတာကို နင် သိပ်ပြီး မပျော်တဲ့ ပုံစံပဲနော်”
“အံ့ဩသွားရုံသက်သက်ပါဗျာ။ တို့တွေက အဲလောက်အထိ ရင်းနှီးကြတာမှ မဟုတ်တာပဲ”
“ဟင်း... နင်က ထင်ထားတာထက် အများကြီး ပိုပြီးတော့ အေးစက်ပါလား”
အဲဒီအမျိုးသမီးက ပြုံးပြုံးလေးနဲ့ ခုတင်ရဲ့ အစွန်းနားမှာ ဝင်ထိုင်လိုက်တဲ့ အချိန်မှာပဲ သူမ လက်သီးကို တင်းတင်း ဆုပ်ကိုင်လိုက်မိတာပေါ့။ ဒါက တကယ့်ကို ထူးဆန်းတဲ့ ခံစားချက်ကြီးပဲ။ စောစောက ဆွန်ဂျီ စကားပြောတုန်းကတော့ သူငယ်ချင်းတစ်ယောက်လိုမျိုး ခံစားရတာလေ။ ဒါပေမဲ့ ဒီအမျိုးသမီးကတော့ လုံးဝကို ကွဲပြားခြားနားလှပါတယ်၊ သူမ လုပ်ပြနေတဲ့ အပြုံးတွေက တကယ့် စိတ်ရင်းနဲ့ ပြုံးနေတဲ့ အပြုံးမျိုး လုံးဝ မဟုတ်ဘူးလေ။ သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမှ သူငယ်ချင်း ဖြစ်လာကြမှာ မဟုတ်တာတော့ သေချာသလောက်ပဲ။
“အာ”
ဘာဒါက ပါးစပ်ကို လက်နဲ့အုပ်ပြီး အော်လိုက်တာပေါ့။ ဘာဖြစ်လို့ပါလိမ့်။ သူမ အဲဒီအမျိုးသမီးကို ထပ်ပြီး လှည့်ကြည့်လိုက်မိတယ်။ အမျိုးသမီးက သူမရဲ့ နေကာမျက်မှန်ကို ချွတ်လိုက်တဲ့ အချိန်မှာပဲ သူမပါ ဘာဒါ ဘာလို့ အဲဒီလိုမျိုး တုံ့ပြန်ခဲ့လဲဆိုတာကို ချက်ချင်း သဘောပေါက်သွားခဲ့ရတော့တာပဲ။
“ဆူယွန်း မဟုတ်လား... ကျွန်မ အစ်မကို ပြဇာတ်တွေထဲမှာ မြင်ဖူးပါတယ်”
ဘာဒါက တကယ့်ကို ဝမ်းသာအားရ အော်ဟစ်နေတာလေ။ အဲဒီအမျိုးသမီး... မဟုတ်ဘူး၊ ဆူယွန်းက ပြုံးလိုက်ပြီး ဘာဒါရဲ့ လက်ကို ဆုပ်ကိုင်လိုက်တာပေါ့။
“ငါ့ကို မှတ်မိပေးလို့ ကျေးဇူးအများကြီး တင်ပါတယ်ရှင်။ ငါက နာမည်မရှိတဲ့ မင်းသမီးလေးတစ်ယောက်ဆိုတော့ လူတွေက သိပ်ပြီး မမှတ်မိကြဘူးလေ”
“နာမည်မရှိတာ မဟုတ်ပါဘူး။ ဘယ်လိုလုပ် အဲလိုဖြစ်ရမှာလဲ။ ကျွန်မက အစ်မရဲ့ တကယ့် ဖန်အစစ်ကြီးပါနော်။ အစ်မရဲ့ ပြဇာတ်ကို တအား သဘောကျတာ”
“အိုး... ဒါကို ကြားရတာ တကယ်ပဲ ဝမ်းသာပါတယ်ရှင်။ ချီးမွမ်းပေးလို့ ကျေးဇူးတင်ပါတယ်နော်”
ဆူယွန်းက ပြုံးပြီး ဘာဒါရဲ့ ဆံပင်လေးတွေကို အသာအယာ သုတ်သင်ပေးနေပေမဲ့ အဲဒါကလည်း သူမအတွက်တော့ အတုအယောင်ကြီးလိုမျိုးပဲ ခံစားနေရတုန်းပဲလေ။
‘ဒါက မဟုတ်သေးပါဘူး’
လူတစ်ယောက်ကို ဒီလိုမျိုး စောစောစီးစီး ဆုံးဖြတ်ချက်ချတာက မကောင်းတဲ့ အကျင့်တစ်ခုဆိုတာ သူမ သိပါတယ်။ အဲဒီအပြင် ဒီလူက မာရူး ဒဏ်ရာရနေတဲ့ အချိန်မှာ လာတွေ့ပေးတဲ့သူပဲလေ။ သူမအနေနဲ့ မကောင်းတဲ့ အမြင် ရှိနေစရာ အကြောင်းပြချက် မရှိပါဘူး။ အဲဒီအချိန်မှာတင်...
“အလို... လူတွေ အများကြီး ရှိနေကြတာပါလား”
“... နောက်တစ်ယောက် ထပ်လာပြန်ပြီလား”
သူမ ကိုယ့်ဘာသာတောင် မသိလိုက်ဘဲ နှုတ်ကနေ ထုတ်ပြီး ပြောမိသွားတာပေါ့။ အခန်းထဲက လူတွေအားလုံးရဲ့ အကြည့်က သူမဆီကို တန်းပြီး ရောက်လာတော့မှပဲ သူမ ပါးစပ်ကို လက်နဲ့ အမြန် ပြန်အုပ်လိုက်ရတယ်။ တံခါးဝမှာ ရပ်နေတဲ့ အမျိုးသမီးကတော့ ဆံပင်တိုတိုနဲ့သူ ဖြစ်နေတာ။ သူကလည်း တကယ့်ကို လှပလွန်းပြန်ရော။ ကြည့်ရတာ တကယ့်ကို ကျန်းမာသန်စွမ်းတဲ့ ပုံစံမျိုးနဲ့လေ။
‘ဒါ ဘာကြီးလဲ’
သူမ စိတ်ပျက်လာရပြီလေ။ လာလည်တဲ့သူတွေအားလုံးက တစ်ယောက်ထက်တစ်ယောက် ချောမောလှပလွန်းနေကြတာမို့ သူမ ကိုယ့်ကိုယ်ကိုယ် ပုံစံကို ပိုပြီးတော့တောင် သတိထားမိလာရတယ်။ ကိုယ့်ကိုယ်ကိုယ်တောင် ရှက်စိတ် ဝင်လာမိတဲ့အထိပေါ့။
“နည်းပြ ယန်မီဆို ပါလား” လို့ မာရူးက လှမ်းပြောလိုက်တယ်။
ဪ... ဒါဆို အဲဒီအမျိုးသမီးရဲ့ နာမည်က ယန်မီဆို ကိုး။
“ဝိုး... မာရူး နင်ကတော့ တော်တော်လေးကို လူကြိုက်များတာပဲ မဟုတ်လား”
ယန်မီဆိုက အခန်းထဲကို အားရပါးရ ရယ်မောရင်းနဲ့ လျှောက်ဝင်လာခဲ့တော့တာပေါ့။
* * * * * * * * *