← Chapters

ဖေးရှန်ဂိုဏ်း၏ လက်ရှိအခြေအနေ

Vol. 40 Ch. 393

ဖေးရှန်ဂိုဏ်း၏ လက်ရှိအခြေအနေ

Vol. 40 Ch. 393

စိတ်လှုပ်ရှားဖွယ် ပြန်လည်ဆုံစည်းခြင်း ပြီးဆုံးသွားသောအခါ နဂါးမျိုးနွယ်စု၏ အဆင့်မြင့်အရာရှိများသည် အလိုက်သိစွာဖြင့် နောက်ဆုတ်ပေးကြပြီး သူတို့အုပ်စုအတွက် သီးသန့်နေရာတစ်ခု ချန်ထားပေးခဲ့၏။ အစ်ကိုကြီးချန်သည်လည်း အသေးစိတ်အခြေအနေများကို စတင်မေးမြန်းတော့သည်။

"ဂိုဏ်းသားအမြောက်အမြား တိုက်ပွဲမှာကျသွားခဲ့တယ်လို့ ငါကြားတယ်။ ဘာတွေဖြစ်ခဲ့တာလဲ"

ဤအကြောင်းကို ပြောလိုက်သည့်အခါ ရှန်ထိုက်နှင့် ဝေမြောင်တို့ မနည်းအောင့်အီးထားခဲ့ရသော မျက်ရည်များသည် နောက်တစ်ကြိမ် ပြန်လည်ပေါက်ကွဲထွက်လာကြပြန်သည်။

"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်..."

"ဒါက တကယ်ကို ရက်စက်လွန်းပါတယ်။ အဆက်မပြတ်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထဲမှာ ဂျူနီယာညီအစ်ကို၊ ညီအစ်မတွေနဲ့ မြေးတပည့်တွေအများကြီး သေဆုံးခဲ့ရတယ်"

"မူလကရှိခဲ့တဲ့ လူတစ်ထောင်ကျော်ထဲက အခုအချိန်အထိ ၁၅၂ ယောက်ပဲ အသက်ရှင်ကျန်ရစ်တော့တယ်"

"စီနီယာအစ်မယင်းတောင်မှ... ချန်မင်းနန်းတော်က အင်မော်တယ်ဧကရာဇ်တစ်ပါးရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတယ်"

"လင်းနင်လည်း အတူတူပါပဲ။ အဲ့အချိန်က သူမဟာ ဧကရာဇ်တစ်ပိုင်းအဆင့်ကို ချိုးဖျက်နိုင်ခဲ့ပေမဲ့ ကြယ်ကိုးလုံးမိစ္ဆာနန်းတော်က မိစ္ဆာဧကရာဇ်နှစ်ပါးရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို ခံခဲ့ရတယ်။ သူမရဲ့ သွေးမျိုးဆက်ပါရမီသာ အသက်မဝင်ခဲ့ရင် ယောင်နယ်မြေဆီကို အသက်ရှင်လျက် ထွက်ပြေးနိုင်မှာ မဟုတ်ဘူး..."

"အဲဒီလူတွေက တကယ်ကိုရက်စက်လွန်းတယ်၊ သူတို့မှာ သိုင်းပညာကျင့်ဝတ်ဆိုတာ လုံးဝမရှိကြဘူး"

"ကျွန်တော်တို့က ဘယ်သူ့ကိုမှလည်း မနှောင့်ယှက်ခဲ့ဘဲနဲ့ အကြောင်းပြချက်မရှိဘဲ အင်မော်တယ်နယ်မြေနဲ့ မိစ္ဆာနယ်မြေတစ်ခုလုံးရဲ့ ဘုံရန်သူဖြစ်ခဲ့ရတယ်..."

အစ်ကိုကြီးချန်သည် စိတ်ထဲမှနေ၍ ခေါင်းခါလိုက်မိသည်။ အချို့သောအရာများတွင် မိမိဘက်က မှန်နေရုံမျှနှင့် အရာရာအဆင်ပြေမနေနိုင်ပေ။ အခြားသူများက ခြိမ်းခြောက်မှုတစ်ခုဟု ခံစားရသည့်အခါ ၎င်းသည် တိုက်ခိုက်ရန် လုံလောက်သောအကြောင်းပြချက် ဖြစ်သွားတတ်သည်။

သူသည် မိုချန်ကို မကြည့်ဘဲမနေနိုင်တော့ဘဲ အနည်းငယ် အပြစ်တင်သည့်လေသံဖြင့် ပြောလိုက်သည်

"သူတို့က ငယ်ရွယ်ပြီး အတွေ့အကြုံမရှိလို့ ထားလိုက်ပါဦး၊ ဒါပေမဲ့ မင်းက အင်မော်တယ်နယ်မြေရဲ့ ဝါရင့်တစ်ယောက်ပဲ။ လူမသိသူမသိဘဲ ချမ်းသာအောင်လုပ်ရမယ့်နိယာမကို ဘယ်လိုလုပ် သဘောမပေါက်ရတာလဲ"

"မိစ္ဆာဘုရင်တစ်ထောင်ကျော်က ဒီလောက်အထိ ထင်ထင်ပေါ်ပေါ် နေနေတာ အာရုံစိုက်မခံရဘဲ နေပါ့မလား"

"မင်းတို့ မိစ္ဆာနယ်မြေက တာအိုဆွေးနွေးပွဲတစ်ခုမှာတောင်ပါဝင်ခဲ့တယ်လို့ ငါကြားတယ်။ ဒါက တကယ့်ကိုမော်ကြွားလွန်းတာပဲ"

"သစ်ပင်မြင့်လေ လေတိုက်ခံရပြီး အရင်ဆုံးခုတ်လှဲခံရလေပဲ။ သူတို့က ဒီသဘောတရားကို နားမလည်ရင်တောင်၊ မင်းက‌ရောနားမလည်ဘူးလား"

အမှန်စင်စစ်၊ နှစ်ပေါင်းသန်းတစ်ရာကြာပြီးနောက်တွင် ဖေးရှန်ဂိုဏ်းမှ ထိုတပည့်အုပ်စုသည် လူမိုက်ကလေးများ မဟုတ်ကြတော့ပေ။ သူတို့သည် အတွေ့အကြုံမရှိခြင်း သို့မဟုတ် မသိနားမလည်ခြင်းမျိုး ဘယ်လိုလုပ် ဖြစ်နိုင်ပါမည်နည်း... ဂိုဏ်းချုပ်ကျန်းသည် ဆုံးမရန်အတွက် တစ်စုံတစ်ဦးကို ရွေးချယ်လိုက်ခြင်းသာ။

အင်မော်တယ်မို၏ ခြောက်သွေ့နေသောနှုတ်ခမ်းများ တုန်ရီသွားပြီး နောက်ဆုံးတွင် သူသည် အရှက်ရစွာဖြင့် ခေါင်းငုံ့လိုက်ရသည်

"ဟူး၊ ဒီအဖိုးကြီးရဲ့ အမှားပါ။ ဂိုဏ်းချုပ်ရဲ့မျှော်လင့်ချက်တွေကို စိတ်ပျက်စေခဲ့ပြီး သူတို့ကို သေချာမကာကွယ်နိုင်ခဲ့ဘူး..."

"ကျေးဇူးပြုပြီး အပြစ်ပေးပါ၊ ဂိုဏ်းချုပ်"

အစ်ကိုကြီးချန်ကမူ သူ့ကို အမှန်တကယ် အပြစ်ပေးမည်မဟုတ်။ အင်မော်တယ်မိုကဲ့သို့သော ဝါရင့်တစ်ယောက်သာမရှိခဲ့လျှင် အလယ်အင်မော်တယ်လောကတွင် လူအများအပြားမှာ အစကတည်းက သေဆုံးသွားလောက်သည်။

ဘေးမှ ရှန်ထိုက်သည် အလျင်အမြန်ပင် ဝင်ရောက်တောင်းပန်ပေးသည်

"ဂိုဏ်းချုပ်၊ ကျေးဇူးပြုပြီး အကြီးအကဲမိုကို အပြစ်မတင်ပါနဲ့။ အဲ့အချိန်က ဆုံးဖြတ်ချက်တွေကို လူတိုင်းစုပေါင်းပြီး ချမှတ်ခဲ့ကြတာပါ"

ဝေမြောင်က သူ၏မျက်ရည်များကိုသုတ်ရင်း သက်ပြင်းချလိုက်သည်

"တကယ်တော့ တောအုပ်ထဲမှာ အမြင့်ဆုံးသစ်ပင်က လေဒဏ်ကို အရင်ဆုံးခံရတတ်တယ်ဆိုတဲ့ သဘောတရားကို ကျွန်တော်တို့သိပါတယ်"

"ဒါပေမဲ့ အဲ့အချိန်က အထက်အင်မော်တယ်လောကမှာ ဂိုဏ်းချုပ်ရှိနေတယ်လို့ လူတိုင်းက ထင်ခဲ့ကြတယ်။ ဒါကြောင့် ဂိုဏ်းချုပ်က ပိုပြီး စောစောစီးစီး ရှာတွေ့နိုင်အောင်လို့ ဖေးရှန်ဂိုဏ်းရဲ့နာမည်ကို တမင်တကာကျော်ကြားအောင်လုပ်ပြီး တတ်နိုင်သမျှ ပြန့်နှံ့အောင် လုပ်ခဲ့ကြတာပါ"

ကိစ္စများက အမှန်စင်စစ် သူ့ကြောင့်ဖြစ်နေသည်လော...

အစ်ကိုကြီးချန်သည် သူ၏နှလုံးသားထဲတွင် နာကျင်မှုကိုခံစားလိုက်ရပြီး တစ်ခွန်းမျှပင် ဆက်အပြစ်မတင်နိုင်တော့ပေ။

"ထားလိုက်ပါတော့၊ ငါ့ရဲ့ကုသမှုက အချိန်အကြာကြီးယူခဲ့မိလို့ အားလုံးက ငါ့အမှားပါပဲ..."

ချီးထုပ်စနစ်...

၎င်းက အစကတည်းက အခြေအနေကို ရှင်းရှင်းလင်းလင်း ရှင်းမပြခဲ့ပေ။ အကယ်၍ ၎င်းက နှစ်ပေါင်းသန်းတစ်ရာကြာမြင့်မည်ကို သူသိခဲ့လျှင် သူတို့ကို အစကတည်းက ပုန်းအောင်းပြီး စောင့်ဆိုင်းနေရန် ပြောခဲ့မည်ဖြစ်သည်။

"တိုက်ပွဲမှာကျဆုံးသွားခဲ့တဲ့ အဲဒီတပည့်တွေရဲ့ ရုပ်အလောင်း အကြွင်းအကျန်တွေကို မင်းတို့ သိမ်းဆည်းနိုင်ခဲ့ကြသေးလား"

ဤစကားစုကို ကြားလိုက်ရသည့်အခါ သူတို့သုံးဦးစလုံးသည် ဘာကိုဆိုလိုသည်ကို သိရှိသွားကြပြီး ချက်ချင်းပင် အလွန်ဝမ်းသာသွားကြသည်။

"သိမ်းထားပါတယ်၊ သိမ်းထားပါတယ်"

အခြားသူများကမူ မသိနိုင်သော်လည်း သူတို့သည် အစ်ကိုကြီးချန်၏ ထပ်ခါတလဲလဲ အသက်ပြန်ရှင်စေခဲ့သည့် အံ့ဖွယ်ဖြစ်ရပ်များကို မျက်မြင်တွေ့ခဲ့ဖူးသည့်အတွက်ကြောင့် သူတို့သည် အစကတည်းကပင် မျှော်လင့်ချက်အနည်းငယ်ကို ဆုပ်ကိုင်ထားခဲ့ကြခြင်းဖြစ်သည်။

"တစ်ယောက်ယောက် တိုက်ပွဲမှာကျဆုံးသွားတိုင်း ရုပ်အလောင်း အကြွင်းအကျန်အချို့ကို ပြန်လုယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ကြတယ်။ ဒါက ဂိုဏ်းချုပ် သူတို့ကို ပြန်ပြီးအသက်ပြန်သွင်းပေးနိုင်ဖို့ စောင့်နေခဲ့ကြတာပါ"

"စီနီယာအစ်မယင်းမှာ လက်ချောင်းတစ်ချောင်းပဲ ကျန်တော့တယ်။ ဒါက အသက်ပြန်သွင်းဖို့ လုံလောက်ပါ့မလား"

အစ်ကိုကြီးချန်သည် ဤအရာကို ကြားရပြီးနောက် စိတ်သက်သာရာရသွား၏။ ကံကောင်းထောက်မစွာဖြင့် သူတို့တွင် ဤသို့ပြုလုပ်ရန် အမြော်အမြင်ရှိခဲ့ကြသည်။ မည်သည့်အရာမျှ ကျန်ရစ်ခဲ့ခြင်းမရှိပါက သူလည်း ဘာမှလုပ်နိုင်တော့မည်မဟုတ်။ သူက လူတစ်ယောက်ကို လေဟာနယ်ထဲမှ ဖန်တီးပြီး အသက်ပြန်သွင်းပေးနိုင်ခြင်းမရှိပေ...

"စိတ်မပူပါနဲ့"

သူ၏ စိတ်ခံစားချက် ကောင်းမွန်လာသည်နှင့်အမျှ သူသည် နောက်တစ်ကြိမ်ကြွားဝါရန် ပြင်လိုက်ပြန်သည်။ သူ၏လက်နှစ်ဖက်ကို နောက်ပစ်ထားရင်း ကောင်းကင်ကို ၄၅ ဒီဂရီ စောင်း၍ စိုက်ကြည့်ကာ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်

"သွေးတစ်စက် ဒါမှမဟုတ် ဆံပင်တစ်ပင်ပဲ ကျန်ခဲ့ရင်တောင် ငါ သူတို့ကို အသက်ပြန်သွင်းပေးနိုင်တယ်"

သူတို့သုံးဦးစလုံး အလွန်အမင်း စိတ်လှုပ်ရှားသွားကြပြီး ဝမ်းသာအားရ ကခုန်ကြတော့သည်။

"ဒါက တကယ်ကိုကောင်းတာပဲ"

"ဟားဟားဟား၊ ငါ သိသားပဲ၊ ဂိုဏ်းချုပ်က ဒါကို သေချာပေါက် လုပ်နိုင်မှာပါ"

"အဲဒီနှစ်တွေက ငိုခဲ့ရတဲ့မျက်ရည်တွေက အလကားဖြစ်သွားတာပဲ။ သူတို့ ပြန်ရောက်လာရင် ငါတို့ကို ပြန်ပြီး လျော်ကြေးပေးခိုင်းရမယ်..."

အစ်ကိုကြီးချန်သည် လက်ကိုဝေ့ယမ်းလိုက်ပြီး ထပ်မံမေးမြန်းလိုက်သည်

"လောလောဆယ် လူတိုင်းက ရွှေနဂါးချိုင့်ဝှမ်းမှာ ရှိနေကြတာလား"

မိုချန်က ခေါင်းခါလိုက်သည်။

"ရွှေနဂါးချိုင့်ဝှမ်းမှာ လောလောဆယ် လူ ၆၀ ပဲ ရှိပါသေးတယ်။ ကျိလင်းဟန်က အဲဒီမှာရှိနေဆဲပဲ"

"ကျန်တဲ့လူတွေကော ဘယ်မှာလဲ"

"ကျန်တဲ့လူတွေကတော့ အင်မော်တယ်နယ်မြေနဲ့ မိစ္ဆာနယ်မြေကြားက ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ ရန်သူတွေကို တစ်နှစ်ပတ်လုံး တိုက်ခိုက်နေကြပါတယ်။ ဒုတိယမျိုးဆက်တပည့်တွေဖြစ်တဲ့ လော့ယွမ်၊ ချင်ချန်နဲ့ ကန်ဇီယိတို့က သူတို့ကို သီးခြားစီဦးဆောင်နေကြတာပါ"

ရှန်ထိုက်က သူ၏လက်ကို ဖြန့်ပြလိုက်သည်

"အခြားနည်းလမ်းမရှိလို့ပါ။ ဒီယောင်နယ်မြေမှာ လူသားမျိုးနွယ်စုနဲ့ကိုက်ညီတဲ့ ကျင့်ကြံခြင်းအရင်းအမြစ်တွေက အရမ်းကိုရှားပါးတယ်။ အပြင်ထွက်ပြီးမတိုက်ခိုက်ရင် အဆင့်မြှင့်တင်နိုင်မှာ မဟုတ်ဘူး"

အစ်ကိုကြီးချန်သည် နားလည်ကြောင်း ခေါင်းညိတ်လိုက်၏။ တစ်ဖက်တွင် ၎င်းက အရင်းအမြစ်များအတွက်ဖြစ်ပြီး အခြားတစ်ဖက်တွင်မူ ကလဲ့စားချေရန်အတွက်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ထိုအချိန်က ဖေးရှန်ဂိုဏ်းကို ဝိုင်းရံပိတ်ဆို့ပြီး လိုက်လံနှိမ်နင်းခဲ့ကြသည်မှာ အင်မော်တယ်နယ်မြေနှင့် မိစ္ဆာနယ်မြေတို့ မဟုတ်ပါလား။

"လင်းနင်ကတော့ လောလောဆယ် ဖီးနစ်မျိုးနွယ်စုနဲ့အတူ ရှိနေပါတယ်"

"ဒါ့အပြင် သွမ့်ဟယ်၊ မြောင်ယဲ့၊ ရွှီဇီချွမ်းနဲ့ ယိချန်ဆိုတဲ့ တပည့်လေးဦးကတော့ လောလောဆယ် ယောင်နယ်မြေမှာမရှိကြပါဘူး"

ဤလေးဦးစလုံးမှာ ဇာတ်လိုက်လမ်းကြောင်းများ ပိုင်ဆိုင်ထားသည့် ဇာတ်လိုက်ကျော်များဖြစ်၏။ အစ်ကိုကြီးချန်သည် ယခင်က ထိုလေးဦး၏ ပါရမီအရည်အသွေးကို ပထမတန်းစားအဆင့်အထိ အထူးတလည် မြှင့်တင်ပေးခဲ့ဖူးသည်။

၎င်းကို ကြားရသောအခါ သူက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်

"သူတို့က ဘယ်ကိုသွားကြတာလဲ"

"အဲဒီလေးယောက်က အထက်အင်မော်တယ်လောကကို ရောက်ပြီးတဲ့နောက်မှာ တစ်ယောက်ချင်းစီ အပြင်ထွက်ပြီး ခရီးလှည့်လည်ခဲ့ကြတာပါ"

"ဖေးရှန်ဂိုဏ်း ဝိုင်းရံပိတ်ဆို့ခံရတဲ့ အချိန်တုန်းက သူတို့အားလုံးက ပုန်းအောင်းနေခဲ့ကြလို့ သူတို့ရဲ့တည်ရှိမှုက ဘယ်တော့မှ ပေါ်မလာခဲ့ဘူး"

"ကျန်တဲ့ ၁၅၂ ယောက် နောက်ပိုင်းမှာ ဖောက်ထွက်ပြီး ထွက်ပြေးနိုင်ခဲ့တာကလည်း သူတို့က မတူညီတဲ့အထောက်အထားတွေနဲ့ လျှို့ဝှက်ကူညီပေးခဲ့ကြလို့ပါ"

"အခု သူတို့ဟာ အင်မော်တယ်နယ်မြေ၊ မိစ္ဆာနယ်မြေနဲ့ ဝိညာဉ်နယ်မြေတို့မှာ အသီးသီး အခြေချနေထိုင်နေကြပြီး သူတို့ရဲ့ ကိုယ်ပိုင်အောင်မြင်မှုတွေ ရှိနေကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ယောင်နယ်မြေက တခြားမျိုးနွယ်စုတွေကို အရမ်းဖယ်ကြဉ်လွန်းလို့ ဆက်သွယ်ဖို့ခက်ခဲနေတာကြောင့် အခု သူတို့ ဘယ်လိုအခြေအနေရှိနေလဲ မသိရတော့ပါဘူး"

"ဪ... ဒါက ဒီလိုကိုး"

အစ်ကိုကြီးချန်သည် ထိုလေးဦး၏ တစ်ကိုယ်တော်လမ်းစဉ်များအပေါ် အံ့ဩမနေခဲ့ပေ။ ဇာတ်လိုက်လမ်ူးကြောင်းရှိသည့်လူများသည် ထူးခြားဆန်းပြားသော အတွေ့အကြုံများ အမြဲတမ်းရှိတတ်ကြသဖြင့် သူတို့ဘာသာ သီးခြားဖွံ့ဖြိုးတိုးတက်အောင် လွှတ်ထားပေးသင့်သည်။ ဂိုဏ်းထဲအောင်းပြီး ပင်ပန်းကြီးစွာကျင့်ကြံနေခြင်းက သူတို့၏ ကောင်းကင်ဘုံကိုဆန့်ကျင်သော ကံတရားကို ဖြုန်းတီးရာရောက်၏။

"ဒါနဲ့၊ မင်းတို့ အလယ် အင်မော်တယ်လောကမှာလည်း ဖေးရှန်ဂိုဏ်းခွဲတစ်ခုကို တည်ထောင်ခဲ့ကြသေးတယ် မဟုတ်လား"

မိုချန်နှင့် အခြားသူများက ရယ်မောလိုက်ကြသည်

"ဟုတ်ပါတယ်၊ ဂိုဏ်းချုပ်၊ သူတို့ကို တွေ့ခဲ့လို့လား"

"အဲ့အချိန်တုန်းက ဂိုဏ်းတစ်ခုကို ဒီအတိုင်း ပေါ့ပေါ့ပါးပါး တည်ထောင်ခဲ့ကြတာပါ၊ အင်မော်တယ်လောကမှာ ဖေးရှန်ဂိုဏ်းရဲ့ အမွေအနှစ်တစ်ခု ချန်ထားခဲ့ဖို့ ရည်ရွယ်ချက်နဲ့ပေါ့။ ကံမကောင်းစွာနဲ့ နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ်တောင် မကာကွယ်နိုင်တော့လို့ အဲဒီနောက်ပိုင်း သူတို့ဘာဖြစ်သွားလဲဆိုတာ မသိရတော့ဘူး"

အစ်ကိုကြီးချန်က ပုခုံးတွန့်လိုက်သည်

"သူတို့ အဆင်ပြေကြပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းက အင်မော်တယ်လောကကို တက်လှမ်းရမယ့်အချိန်ကာလ ရောက်လာတဲ့အခါ ငါသူတို့အားလုံးကို ဒီကိုခေါ်လာခဲ့တယ်"

"ဪ"

သူတို့ သုံးဦးစလုံးသည် အစပိုင်းတွင် ခေါင်းညိတ်လိုက်ကြသော်လည်း နောက်ပိုင်းတွင် လုံးဝဆွံ့အသွားကြသည်။

"အာ"

"ဂိုဏ်းချုပ်က သူတို့အားလုံးကို ခေါ်လာခဲ့တာလား"

"အဲဒီဂိုဏ်းမှာ အခုဆိုရင် လူပေါင်းတစ်သောင်းကျော် ရှိနေလောက်ပြီ မဟုတ်လား"

အစ်ကိုကြီးချန်က တည်ငြိမ်စွာပြောလိုက်သည်

"တစ်သောင်း ဟုတ်လား... အခုဆို လူပေါင်း ၁၄၀,၀၀၀ တောင် ရှိနေပြီ"

"ဘုရားရေ၊ ဂိုဏ်းချုပ်က လူပေါင်း ၁၄၀,၀၀၀ ကို ဒီကို ဘယ်လိုများခေါ်လာခဲ့တာလဲ"

"မှတ်မိသလောက်တော့ အင်မော်တယ်ဘုရင်အောက်ကလူတွေ တက်လှမ်းနိုင်ဖို့အတွက် အင်မော်တယ်ကံကြမ္မာတိုကင် လိုအပ်တယ်။ ဂိုဏ်းချုပ်က အင်မော်တယ်ကံကြမ္မာတိုကင်ပေါင်း တစ်သိန်းကျော် ဝယ်ခဲ့တာလား"

"အင်း၊ အဲဒီအကြောင်းကိုတော့ နောက်မှ သူတို့ကိုမေးကြည့်လိုက်ပါတော့"

ပစ္စည်းများ ဝယ်လှောင်ခြင်းနှင့် စျေးနှုန်းကြီးမြင့်စွာရောင်းချခြင်းကဲ့သို့သောအရာများသည် အလွန်ရှုပ်ထွေးလှသဖြင့် အစ်ကိုကြီးချန်သည် ၎င်းကိုသုံးပြီးကြွားဝါရန်ပင် ပျင်းရိနေခဲ့သည်။

သူတို့ သုံးဦး၏ စူးစမ်းလိုစိတ်မှာ ချက်ချင်းပင် မြင့်တက်လာ၏။ ဂိုဏ်းချုပ်က တစ်စုံတစ်ရာသော အံ့ဖွယ်နည်းလမ်းကို အသုံးပြုခဲ့တာ ဖြစ်နိုင်မလား...

"ဒါဆိုရင်၊ ဂိုဏ်းချုပ် လူအမြောက်အမြားကို ဒီကိုခေါ်လာတဲ့အချိန်တုန်းက အင်မော်တယ်နယ်မြေနဲ့ မိစ္ဆာနယ်မြေ ဂိုဏ်းတွေကလူတွေက မရိပ်မိကြဘူးလား"

အစ်ကိုကြီးချန်က ပုခုံးတွန့်လိုက်သည်

"သူတို့က ငါတို့ကို မရိပ်မိကြပါဘူး၊ ဒါပေမဲ့ ငါက သူတို့ကိုကြည့်ရတာ စိတ်အနှောင့်အယှက်ဖြစ်လို့ အင်မော်တယ်ဂိုဏ်းတစ်ခုကို ဒီအတိုင်း ပေါ့ပေါ့ပါးပါး အမြစ်ပြတ်ချေမှုန်းပစ်ခဲ့တယ်"

ဝိုး...

ဂိုဏ်းချုပ်က အခြားဂိုဏ်းတစ်ခုကို ထပ်ပြီး အမြစ်ပြတ်ချေမှုန်းပစ်ခဲ့ပြန်ပြီလား...

သူတို့ သုံးဦးစလုံးသည် ထိုအင်မော်တယ်ဂိုဏ်းများအပေါ် မည်သည့် ခံစားချက်ကောင်းမျှ မရှိကြသဖြင့် စိတ်လှုပ်ရှားစွာဖြင့် လက်ဝါးချင်းပွတ်လိုက်ကြမိသည်။

"ဂိုဏ်းချုပ် အမြစ်ပြတ်ချေမှုန်းပစ်ခဲ့တာ ဘယ်အင်မော်တယ်ဂိုဏ်းလဲဆိုတာ မေးလို့ရမလား"

"ဪ၊ ဝူကျိဂူဗိမာန်လို့ခေါ်တဲ့ အင်မော်တယ်ဂိုဏ်းတစ်ခုပါ။ ကံမကောင်းစွာနဲ့ သူတို့ရဲ့ အင်မော်တယ်ဧကရာဇ်သုံးပါးကတော့ အဲဒီမှာရှိမနေခဲ့ကြဘူး"

All Chapters