သနားစရာ မျက်စိသုံးလုံးကျား
Vol. 40 Ch. 397
သူတို့၏ တိုတောင်းလှသော တွေ့ဆုံမှုအပြီးတွင် မိုချန်၊ ရှန်ထိုက်နှင့် ဝေမြောင်တို့သည် ရွှေနဂါးမျိုးနွယ်စုဘက်သို့ အလျင်အမြန်ပြန်သွားကြသည်။ နောက်ထပ် လုပ်ဆောင်ရမည့်အဆင့်မှာ ကျိလင်းဟန်နှင့် ကျန်သောတပည့်များကို မိုးပြာနဂါးချိုင့်ဝှမ်းသို့ ပြောင်းရွှေ့ခိုင်းရမည်ဖြစ်၏။
ဂိုဏ်းချုပ်ကျန်းသည် လောလောဆယ်တွင် သူမည်သူဖြစ်ကြောင်း အမှန်တရားကို ထုတ်ဖော်ပြောကြားမည်မဟုတ်ဟုဆိုသော်လည်း သူ့နှလုံးသားထဲတွင်မူ အလွန်စိုးရိမ်ပူပန်နေခဲ့သည်။ မည်သည့်အမှားမျှ ဖြစ်မလာစေရန်အတွက် သူတို့အားလုံးကို သူ့မျက်စိအောက်တွင် နေ့တိုင်း ထားရှိချင်နေ၏။
သူတို့ လမ်းခွဲခါနီးအချိန်တွင် သူ့လက်စွပ်ထဲ၌ အတော်ကြာအောင် မွှေနှောက်ရှာဖွေလိုက်သည်။ ထိုနေ့က ဝူကျိဂူဗိမာန်တွင် သူသည် ဧကရာဇ်တစ်ပိုင်း ငါးပါးကို အမြစ်ပြတ်ချေမှုန်းပစ်ခဲ့သဖြင့် အဆင့်ရှစ် အင်မော်တယ်လက်နက်များ ပိုလျှံနေခဲ့သေးသည်။ သူသည် အဆင့်ရှစ် အင်မော်တယ်ဝတ်စုံ တစ်စုံနှင့် ထိပ်တန်းအဆင့် အင်မော်တယ်ရတနာတစ်ခုကို ထုတ်ယူလိုက်ပြီးနောက် အဆင့်ကိုး အင်မော်တယ်ဓား တစ်စင်းကိုပါ ထပ်မံထုတ်ယူလိုက်၏။
"ဒီ ရေခဲဝဲဂယက်ဓားက ဝူကျိဂူဗိမာန်ရဲ့ ဧကရာဇ်တစ်ပိုင်း ဂိုဏ်းချုပ်ကိုယ်တိုင် အသုံးပြုခဲ့တဲ့ဓားပဲ"
မိုချန်၊ ရှန်ထိုက်နှင့် ဝေမြောင်တို့၏ မျက်လုံးများမှာ နောက်ထပ်တစ်ကြိမ် မနာလိုမှုများဖြင့် စိမ်းတောက်သွားကြပြန်သည်။
ဒါက အဆင့်ကိုး အင်မော်တယ်ဓားကြီးလား...
အထက်အင်မော်တယ်လောကမှာဆိုရင်တောင် အင်မော်တယ်ဧကရာဇ်တစ်ပါးမှသာ ဒီလိုအဆင့်အတန်းရှိတဲ့ လက်နက်မျိုးကိုရနိုင်တာ...
ဝူကျိဂူဗိမာန်သည် နက်နဲသော အခြေခံအုတ်မြစ်များရှိသည့် ရှေးဦးအင်မော်တယ်ဂိုဏ်းကြီးတစ်ခု ဖြစ်နေ၍သာ ဧကရာဇ်တစ်ပိုင်းတစ်ပါးအနေဖြင့် ၎င်းကိုရရှိရန် အခွင့်အရေးရှိခဲ့ခြင်းဖြစ်သည်။ အခြားသော ဧကရာဇ်တစ်ပိုင်းများအတွက်မူ အဆင့်ရှစ် အင်မော်တယ်ဓားများကိုသာ အသုံးပြုနိုင်ကြ၏။
"ဒီအင်မော်တယ်ဝတ်စုံ၊ အင်မော်တယ်ရတနာနဲ့ အင်မော်တယ်ဓားကို ယူသွားပြီး ငါ့ကိုယ်စား ရှောင်ဟန်ဆီကိုပေးလိုက်ပါ"
ဂိုဏ်းချုပ်ကျန်း၏ နှလုံးသားထဲတွင်မူ ကျိလင်းဟန်၏ အဆင့်အတန်းမှာ အခြားလူများနှင့် လုံးဝကွဲပြားခြားနားသည်။ သူမသည် သူ၏အဖိုးတန်ဆုံးသောရတနာဖြစ်၏။
အဆင့်ကိုး အင်မော်တယ်ဓားတစ်စင်းက ဘာများအရေးကြီးလို့လဲ...
ထိုစဉ်တုန်းက သူသာ ရေခဲဝဲဂယက်ဓားကို မလုယူခဲ့မိပါက သူ့ကိုယ်ပိုင်ဓားကို သူမကိုပေးမည်ဖြစ်သည်။
"ဟား... မင်းတို့အားလုံး ငါ့ကို ဘာလို့ ဒီလိုမျိုး စိုက်ကြည့်နေကြတာလဲ"
"လူတိုင်းရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ သူမမှာ အနည်းငယ် ထူးခြားတဲ့ ဂုဏ်သိက္ခာမျိုးရှိဖို့ လိုအပ်တာပေါ့၊ မဟုတ်ဘူးလား..."
မိုချန်သည် ဓားကို လေးနက်စွာ လှမ်းယူလိုက်ပြီး ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်လိုက်သည်။
"ဂိုဏ်းချုပ်ပြောတာ တကယ်ကို မှန်ကန်ပါတယ်"
သူ၏ နံပါတ်တစ် ယုံကြည်ရသောလူယုံ ရာထူးနေရာသည်ပင် ကျိလင်းဟန်၏ အဆင့်အတန်းကို ဘယ်လိုမှမလှုပ်ခါနိုင်မှန်း သိရှိထားပြီးဖြစ်သည်။
"ဒါနဲ့... လန်ယီနဲ့ မျက်စိသုံးလုံးကျားတို့ရဲ့ သတင်းရော ရသေးလား"
ဂိုဏ်းချုပ်ကျန်းက ဤနှစ်ယောက်၏အကြောင်းကို မေးမြန်းလိုက်သည့်အခါ သူတို့ သုံးဦးစလုံးမှာ တပြိုင်နက်တည်း သက်ပြင်းချလိုက်ကြမိသည်။
"အဲ့အချိန်တွေတုန်းက သခင်မလန်ယီက နှုတ်မဆက်ဘဲ ထွက်ခွာသွားခဲ့ပြီးတဲ့နောက် သူမဆီကနေ ဘာသတင်းမှမရတော့ပါဘူး"
"သူမလည်း သေချာပေါက် အထက်အင်မော်တယ်လောကကို ရောက်နေလိမ့်မယ်လို့ ထင်ပါတယ်"
"ဒါပေမဲ့ ဒီနှစ်ပေါင်းသန်းငါးဆယ်အတွင်းမှာ ယောင်နယ်မြေမှာပဲ နေခဲ့ကြတာမို့ ကျန်တဲ့နယ်ပယ်ငါးခုရဲ့ သတင်းတွေကို သဲသဲကွဲကွဲမသိရပါဘူး"
ဤတုံ့ပြန်မှုက ဂိုဏ်းချုပ်ကျန်း၏ စိတ်ခံစားချက်ကို အကြောင်းပြချက်မရှိဘဲ ပိုမိုလေးလံသွားစေသည်။
မိုချန်က သူ့ကို နှစ်သိမ့်ပေးလိုက်သည်
"စိတ်အေးအေးထားပါ ဂိုဏ်းချုပ်၊ သူမရဲ့ အပြင်လောကမှာ လှည့်လည်သွားလာခဲ့တဲ့ အတွေ့အကြုံက အလွန်ကြွယ်ဝပြီး သူမရဲ့ပါရမီကလည်း ထူးခြားလှပါတယ်။ သူမမထွက်ခွာမီတုန်းက သူမရဲ့အင်အားက ကျိလင်းဟန်ထက်တောင် တစ်ဆင့်ပိုမြင့်နေခဲ့တာပါ"
"သူမ အခုအချိန်မှာ သေချာပေါက် အဆင်ပြေနေမှာပါ"
"အဲဒီလိုပဲ မျှော်လင့်ရတာပေါ့"
ဂိုဏ်းချုပ်ကျန်းက ခေါင်းညိတ်လိုက်ပြီး အနာဂတ်တွင် နယ်မြေကြီးခြောက်ခုစလုံးကို လိုက်လံရှာဖွေရပတ်စေဦးတော့ သူမကို သေချာပေါက်ရှာဖွေသွားမည်ဟု စိတ်ထဲမှနေ၍ သစ္စာဆိုလိုက်မိသည်။
"အဲဒီ ကျားငတုံးအကြောင်း ပြောရရင်တော့..."
မိုချန်သည် ၎င်းနှင့် တစ်ခါမျှ အဆင်မပြေခဲ့ဖူးသဖြင့် ၎င်း၏အကြောင်းကို ပြောလိုက်သည်နှင့် အံကြိတ်မိတော့သည်
"အရင်တုန်းက အဲ့ဒီအကောင်က ဂိုဏ်းထဲက ပျင်းစရာကောင်းတဲ့ဘဝကို မခံစားနိုင်ခဲ့ဘူး။ နှစ်ပေါင်းသောင်းချီနေထိုင်ခဲ့ပြီးနောက် လူတိုင်းအခြေကျသွားတာကိုမြင်တော့ ဒင်းက ပျော်ပါးဖို့အတွက် ယောင်မျိုးနွယ်စုဆီကို ထွက်ပြေးသွားခဲ့တာ..."
ဂိုဏ်းချုပ်ကျန်းကလည်း ရယ်ချင်နေသောအမူအရာဖြင့် ပြောလိုက်သည်။
"ဒါက သေချာပေါက် သူ့ပုံစံနဲ့ ကိုက်ညီတာပဲ"
ရှန်ထိုက်က တဟီးဟီး ရယ်မောလိုက်သည်
"အစ်ကိုကြီးကျားက သူ့ကျင့်ကြံခြင်းမှာ သိပ်ပြီးတော့မကြိုးစားခဲ့ပါဘူး။ သူ လွန်ခဲ့တဲ့ နှစ်ပေါင်းသန်းသုံးဆယ်ကမှ အင်မော်တယ်လောကကို တက်လှမ်းနိုင်ခဲ့တာ"
"သူက လောလောဆယ် ကျားမျိုးနွယ်စုနဲ့အတူရှိနေတာမို့ သူ့ရဲ့အခြေအနေကို သိနေတာပါ"
ဂိုဏ်းချုပ်ကျန်းမှာမူ ဆွံ့အသွားရသည်
" ငါ သူ့အတွက် မြှင့်တင်ပေးခဲ့တဲ့ ပထမတန်းစား ပါရမီအရည်အသွေးကို တကယ်ပဲ ဖြုန်းတီးပစ်တာပဲ"
မိုချန်က ပြုံးရင်း ပြောလိုက်သည်
"အခုအချိန်မှာတော့ သူက နေ့တိုင်း မှောင်မိုက်နေတဲ့ ဘဝဆိုးကြီးထဲမှာ ဖြတ်သန်းနေရတာပါ။ ဂိုဏ်းချုပ်အနေနဲ့ သူ့အတွက် စိုးရိမ်နေဖို့မလိုပါဘူး"
သူသည် စိုးရိမ်ဆိုသည့်စကားလုံးကို တမင်တကာ လေးနက်အောင် ပြောလိုက်ခြင်းဖြစ်ပြီး အခြားလူဒုက္ခရောက်သည်ကို ဝမ်းသာနေသည့်ပုံစံမှာ အထင်အရှားပင်။
ဂိုဏ်းချုပ်ကျန်းက အံ့ဩသွားသည်
"ဪ...ဘာလို့ အဲဒီလိုဖြစ်ရတာလဲ။ သူ ဘေးအန္တရာယ်နဲ့ ကြုံတွေ့နေရလို့လား"
အမှန်တကယ်သာ ဒုက္ခရောက်နေပါက သူထိုင်ကြည့်မနေနိုင်ပေ။ ထိုအကောင်က သူနှင့် စရိုက်ချင်း တူညီခဲ့ကြသည့် သူ၏ အပေါင်းအဖော်ဟောင်း မဟုတ်ပါလား။
"ဂိုဏ်းချုပ်က အတွေးလွန်နေတာပါ"
"အဲ့ကျားက အထက်အင်မော်တယ်လောကကို တက်လှမ်းလာခဲ့ပြီးတဲ့နောက် သူက အင်အားကြီးတဲ့ ကျောထောက်နောက်ခံတစ်ခုကို ရှာဖွေချင်ခဲ့တာ။ ကျားမျိုးနွယ်စုရဲ့အကြောင်းကို ကြားလိုက်ရတာနဲ့ သူချက်ချင်းပဲ စိတ်အားထက်သန်စွာနဲ့ ပြေးသွားခဲ့တာပေါ့"
"အဲဒီနောက်ပိုင်းကော"
"အဲဒီနောက်ပိုင်းမှာတော့ သူက ကြီးကျယ်ခမ်းနားတဲ့ ကြိုဆိုမှုကို ရရှိခဲ့တယ်။ ဂိုဏ်းချုပ် မြှင့်တင်ပေးခဲ့တဲ့ သွေးမျိုးဆက်ပါရမီက သူ့ကို ကျားမျိုးနွယ်စုရဲ့ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက် ဖြစ်လာစေခဲ့တယ်"
"ကျားဖြူဧကရာဇ်ကိုယ်တိုင် ထွက်ပေါ်လာခဲ့ပြီး သူ့ကို ကျားမျိုးနွယ်စုရဲ့ အိမ်ရှေ့မင်းသားအဖြစ် သတ်မှတ်ပေးခဲ့ပြီး သူ့ကို နောက်မျိုးဆက်ရဲ့ ယောင်ဧကရာဇ်ဖြစ်လာဖို့အတွက် ပျိုးထောင်ပေးခဲ့တယ်"
"ဒါက အတော်လေး ကောင်းမွန်တာ မဟုတ်ဘူးလား"
"ဒါက အတော်လေး ကောင်းမွန်ပါတယ်၊ ဒါပေမဲ့ သူ ဘယ်လောက်အထိ ပျင်းရိတတ်လဲဆိုတာ ဂိုဏ်းချုပ်လည်း သိတာပဲလေ"
"ကျားမျိုးနွယ်စုမှာ အခြေချပြီးတဲ့နောက်၊ သူက ဂိုဏ်းထဲက ကျားမတွေကို ရက်ခြားပြီး ပြဿနာရှာတဲ့အပြင် အိမ်နီးနားချင်း သမင်မျိုးနွယ်စု၊ ယုန်မျိုးနွယ်စုနဲ့ မြေခွေးမျိုးနွယ်စုတွေနဲ့ပါ မသင့်တော်တဲ့ ဆက်ဆံရေးတွေကို ပြုလုပ်ခဲ့သေးတယ်"
"အာ... ဒါက..."
ဂိုဏ်းချုပ်ကျန်း၏မျက်နှာ မည်းပြာသွားပြီး သူ့လက်ဖြင့် နဖူးကိုထောက်လိုက်မိသည်။
"ပတ်ဝန်းကျင်က မျိုးနွယ်စုတွေဆီကနေ ကန့်ကွက်မှုတွေကို လက်ခံရရှိပြီးတဲ့နောက် ကျားဖြူဧကရာဇ်က အလွန်အမင်း ဒေါသထွက်သွားခဲ့တယ်။ အဲဒီနောက်ပိုင်း သူ့ကို ပိတ်လှောင်ထားလိုက်ပြီး ကိုယ်တိုင် ကြပ်ကြပ်မတ်မတ် လေ့ကျင့်ပေးတော့တာပဲ"
မိုချန်က ပခုံးတွန့်ပြလိုက်သည်
"ဒီနှစ်ပေါင်းသန်းသုံးဆယ်အတွင်းမှာ သူတစ်ခါမှ အပြင်ကိုမျက်နှာပြခွင့်မရတော့ဘူး"
"ဂိုဏ်းချုပ်သိတဲ့အတိုင်း ကျားသစ်ဖြူမျိုးနွယ်စုက သတ်ဖြတ်ခြင်းမှာ အထူးပြုကြတာဆိုတော့ လေ့ကျင့်ခန်းတွေကတော့ သိပ်ပြီးတော့ ညင်သာလိမ့်မယ် မဟုတ်ဘူး"
"သူ လေ့ကျင့်ရင်းနဲ့ သေသွားပြီလားတောင် မသိဘူး။ ဟူး... တကယ်ကို စိုးရိမ်စရာပါပဲ..."
ဂိုဏ်းချုပ်ကျန်းသည် ဝမ်းသာလွန်းသဖြင့် တဆတ်ဆတ် တုန်ခါနေသည့် သူ၏မျက်ခုံးများကိုကြည့်ရင်း စိတ်ထဲမှနေ၍ မင်းကစိုးရိမ်နေရင်လည်း စိုးရိမ်နေပေါ့၊ ဘာလို့ ပါးစပ်ပိတ်ပြီး ခိုးရယ်နေရတာလဲဟု တွေးလိုက်မိသည်။
"ဟွန့်... ဒါလည်း အဆင်ပြေတာပါပဲ"
သူသည် လည်ချောင်းကိုရှင်းလိုက်ပြီး လေးနက်စွာပြောလိုက်သည်
"ကျားဖြူဧကရာဇ်က သူ့ရဲ့လုပ်ရပ်တွေအတွက် နက်နဲတဲ့အကြောင်းပြချက်တွေရှိနေမှာ သေချာပါတယ်။ ငါတို့တွေအနေနဲ့ အများကြီး ဝင်ရောက်စွက်ဖက်ဖို့ မကောင်းပါဘူး၊ ဒါကြောင့် အရာရာကို ရှိရင်းစွဲအတိုင်းပဲ ထားလိုက်ကြရအောင်"
"ဂိုဏ်းချုပ်က ဉာဏ်ပညာကြီးမားလှပါတယ်"
ဂိုဏ်းချုပ်ကျန်းကို နှုတ်ဆက်ပြီးနောက် မိုချန်နှင့် အခြားနှစ်ဦးတို့သည် ရွှေနဂါးချိုင့်ဝှမ်းအပြင်ဘက်ရှိ တောင်တန်းများဆီသို့ အလျင်အမြန် ပြန်လာခဲ့ကြသည်။ ထိုသုံးဦးစလုံးသည် ကျိလင်းဟန်ကိုမတွေ့မီ တူညီသောနေရာ၌ ရပ်တန့်လိုက်ကြ၏။
မိုချန်သည် တည်ကြည်သော အမူအရာ ရှိနေခဲ့သည်။
"မင်းတို့ နှစ်ယောက်၊ ငါတို့ တိုင်ပင်ထားတဲ့ဇာတ်လမ်းကို မှတ်မိကြသေးတယ်မဟုတ်လား"
ရှန်ထိုက်နှင့် ဝေမြောင်တို့က တပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြသည်။
"မှတ်မိပါတယ်"
"သေချာအောင် နောက်တစ်ခေါက် ပြန်ပြောပြဦး"
"ပုံစံကိုးမျိုး မိုးပြာနဂါးက နဂါးဧကရာဇ်အသစ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရတယ်။ ဒီနဂါးက အောက်ကမ္ဘာကနေ တက်လှမ်းလာခဲ့တာဖြစ်ပြီး လူသားတစ်ယောက်အဖြစ် မကြာခဏ သွားလာလှုပ်ရှားတတ်တာကြောင့် သူက လူသားကျင့်ကြံသူတွေနဲ့ အထူးတလည်ရင်းနှီးတယ်"
"သူက ငါတို့ ဖေးရှန်ဂိုဏ်းအပေါ် ကောင်းမွန်တဲ့ အထင်အမြင်ရှိပြီး ငါတို့နဲ့အတူ ရှေ့ဆက်လက်တွဲလုပ်ဆောင်ဖို့ လိုလားနေပါတယ်..."
မိုချန်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ အခြားနည်းလမ်းမရှိပေ...
ဂိုဏ်းချုပ်ကျန်းသည် သူ၏အဆင့်အတန်းအမှန်ကို ကျိလင်းဟန်နှင့် အခြားလူများထံမှ ဖုံးကွယ်ထားချင်နေ၏။ သူတို့ တိုက်ရိုက်ထုတ်ပြောလို့မရသည့် အချို့သောအရာများရှိနေသဖြင့် သူတို့သည် ဟာကွက်များကို ဖာထေးရန်အတွက် ကျိုးကြောင်းဆီလျော်သော ဆင်ခြေတစ်ခုကိုသာ လိမ်ညာဖန်တီးလိုက်ကြရသည်။
၎င်းကို နောက်တစ်ကြိမ် ပြန်လည်သုံးသပ်ပြီးနောက် သူတို့ သုံးဦးစလုံးသည် နောက်ဆုံးတွင် မျက်နှာများ၌ ဝမ်းသာအားရအပြုံးများဖြင့် ယာယီစခန်းချရာ တောင်တန်းများဆီသို့ ပြန်လာခဲ့ကြတော့သည်။
"စီနီယာအစ်မ၊ စီနီယာအစ်မ၊ သတင်းကောင်း ရှိတယ်"
"မိုးပြာနဂါးမျိုးနွယ်စုက ငါတို့ကို မိုးပြာနဂါးချိုင့်ဝှမ်းထဲမှာ လာရောက်နေထိုင်ဖို့ ဖိတ်ခေါ်လိုက်ပြီဗျာ"
"အဲဒီထဲက အင်မော်တယ် အနှစ်သာရစွမ်းအင်နဲ့ နိယာမစွမ်းအားတွေက ပိုပြီးတော့ သိပ်သည်းတယ်... ငါတို့ အမြန်ဆုံး ပြောင်းရွှေ့ကြရအောင်"
ဤကျယ်လောင်လှသော သတင်းကောင်း ကြေညာသံသည် တောင်တန်းများအတွင်းရှိ အခြားလူများကို အလျင်အမြန်ပင် အနှောင့်အယှက် ဖြစ်စေခဲ့သည်။ ကျိလင်းဟန်နှင့် အခြားဖေးရှန်ဂိုဏ်းဝင် တပည့်ပေါင်းငါးဆယ်ကျော် ထွက်လာကြသည့်အခါ သူတို့သည် ချက်ချင်းပင် ဆွံ့အသွားကြ၏။
လူတိုင်းက မိုချန်၊ ရှန်ထိုက်နှင့် ဝေမြောင်တို့ သုံးဦးစလုံးကို အထက်အောက် အကြိမ်ကြိမ် စိုက်ကြည့်လိုက်ကြသည်။
"အကြီးအကဲမို၊ မင်းတို့သုံးယောက်စလုံးက ဘာလို့ ပစ္စည်းကိရိယာတွေ အကုန်လုံး ပြောင်းလဲသွားရတာလဲ"
ကျိလင်းဟန်ကတော့ အတော်လေးတည်ငြိမ်နေဆဲဟု သတ်မှတ်နိုင်သော်လည်း အခြားလူများကမူ အလွန်အမင်း မနာလိုဖြစ်နေကြလေပြီ။ ဤနှစ်များအတွင်း ချွေချွေတာတာ နေထိုင်ခဲ့ကြရသဖြင့် သူတို့သည် ယေဘုယျအားဖြင့် အဆင့်ခုနစ်ဝတ်စုံများကိုသာ အသုံးပြုနေကြရဆဲ။
"ဂျူနီယာညီလေးရှန်၊ မင်း ဒီအဆင့်ရှစ် အင်မော်တယ်ဝတ်စုံနဲ့ အင်မော်တယ်ဓားကို ဘယ်ကနေရခဲ့တာလဲ"
"မင်းတို့ သုံးယောက်က မိုးပြာနဂါးမျိုးနွယ်စုဆီကို ဂုဏ်ပြုဖို့သွားခဲ့ကြတာ မဟုတ်ဘူးလား... ဘယ်လိုဖြစ်လို့ ရတနာတွေ တစ်စုံလုံးဝတ်ပြီး ပြန်လာနိုင်ရတာလဲ"
"ကြည့်ပါဦး၊ ဒီမှာ ထိပ်တန်းအဆင့် အင်မော်တယ်ရတနာတစ်ခုတောင် ရှိနေသေးတယ်"
"တူတော်မောင် ဝေ၊ ငါတို့ သေချာစကားပြောဖို့ လိုအပ်နေပြီနော်"
သူတို့ သုံးဦးစလုံး၏ နှလုံးခုန်သံများမှာ ချက်ချင်းပင် တုန်ခါသွားခဲ့ရသည်။
သွားပြီ...
သူတို့သည် ပစ္စည်းအသစ်များကို ဝတ်ဆင်ပြီးနောက် အလွန်ဝမ်းသာနေခဲ့ကြသဖြင့် ဤအချက်ကို မေ့လျော့သွားခဲ့သည်
မျက်တောင်တစ်ခတ်အတွင်းမှာတင် သူတို့သည် ရေတစ်စက်ပင် အပြင်သို့ မပေါက်ကြားနိုင်လောက်အောင် အလွန်တရာတင်းကျပ်စွာ ဝိုင်းရံပိတ်ဆို့ခံလိုက်ရတော့သည်။
မိုချန်ကမူ အကြိမ်ကြိမ်သာ အော်ဟစ်လိုက်၏...
"လူတိုင်း၊ ဒီအဖိုးကြီးရဲ့စကားကို နားထောင်ကြပါဦး"
"ဒါက ငါတို့က လက်ဆောင်တွေပေးခဲ့လို့၊ မိုးပြာနဂါးမျိုးနွယ်စုကလည်း ငါတို့ကို လက်ဆောင်တွေ ပြန်ပေးခဲ့ရုံသက်သက်ပါ..."
ထိုအကြောင်းပြချက်ကိုတော့ သရဲပဲယုံလိမ့်မည်။
"ငါတို့က အင်မော်တယ်ကျောက်တုံးတစ်သိန်းပဲ ပေးခဲ့တာကို၊ တစ်ဖက်လူက အဆင့်ရှစ် အင်မော်တယ်လက်နက် သုံးစုံနဲ့ အင်မော်တယ်ရတနာတွေပြန်ပေးတယ် ဟုတ်လား"
"ဒီလိုကောင်းမွန်တဲ့အရာက ဒီကမ္ဘာပေါ်မှာ ရှိပါ့မလား"