← Chapters

ကျိလင်းဟန်၏သံသယ

Vol. 40 Ch. 399

ကျိလင်းဟန်၏သံသယ

Vol. 40 Ch. 399

ကျိလင်းဟန်သည် လက်ဆောင်ကို လက်ခံလိုက်ပြီးနောက် ဖေးရှန်ဂိုဏ်းနှင့် မိုးပြာနဂါးမျိုးနွယ်စုတို့အကြား မဟာမိတ်ဖွဲ့ခြင်းကိစ္စမှာ အတည်ဖြစ်သွား၏။ ထို့နောက်တွင် သူမသည် အရာရာတိုင်းကို ထိရောက်လျင်မြန်စွာဖြင့် စီစဉ်ညွှန်ကြားလိုက်သည်။

ပထမဦးစွာ၊ သူမသည် ရွှေနဂါးမျိုးနွယ်စုထံသို့ လူလွှတ်၍ မိမိတို့ထွက်ခွာတော့မည့်အကြောင်း အသိပေးခိုင်းလိုက်ပြီး အင်မော်တယ်နယ်မြေနှင့် မိစ္ဆာနယ်မြေတို့၏ ရှေ့တန်းစစ်မျက်နှာများသို့ ရောက်ရှိနေကြသော လော့ယွမ်၊ ချင်ချန်၊ ထန်ရုနှင့် အခြားလူများထံသို့လည်း လူလွှတ်၍ အမြန်ဆုံးပြန်လာကြရန် အကြောင်းကြားစာပို့လိုက်သည်။ နောက်ဆုံးတွင်မူ ဖီးနစ်မျိုးနွယ်စုလူတစ်ယောက် စေလွှတ်၍ လင်းနင်အား ဤမဟာမိတ်ဖွဲ့သည့်အကြောင်းကို အသိပေးခိုင်းလိုက်၏။ အရာရာတိုင်းကို သေချာစွာစီစဉ်ပြီးသွားသည့်အခါမှသာ သူမသည် ပစ္စည်းများသိမ်းဆည်းကာ စတင်ထွက်ခွာလာသည်။

မထွက်ခွာမီ သူမသည် ရှန်ထိုက်နှင့် ဝေမြောင်တို့ကို တိတ်တဆိတ် ဆင့်ခေါ်လိုက်သည်။

" ပုံစံကိုးမျိုး မိုးပြာနဂါးရဲ့ စေတနာက ဘာအကြောင်းပြချက်မှမရှိဘဲ အရမ်းကြီးမားလွန်းတယ်လို့ ခံစားနေရတယ်။ ဒီကိစ္စရဲ့နောက်ကွယ်မှာ တစ်စုံတစ်ရာ ဖုံးကွယ်ထားတဲ့ဇာတ်လမ်း ရှိနေတာလား"

သူမသည် ဤကိစ္စက အလွန်အမင်း မယုံနိုင်စရာကောင်းလွန်းသည်ဟု ခံစားနေရဆဲ။ သို့သော်လည်း အင်မော်တယ်မိုသည် မည်မျှအထိ လိမ္မာပါးနပ်သည်ကို သူမ ကောင်းစွာသိရှိထားသဖြင့် သူ့ထံမှ မည်သည့်အဖြေမှ ရရှိလိမ့်မည်မဟုတ်ကြောင်း သေချာ၏။

သူမ၏ ဖိအားပေးလာသော မျက်ဝန်းများကို ရင်ဆိုင်လိုက်ရသည့်အခါ ထိုနှစ်ယောက်မှာ တပြိုင်နက်တည်းအကြည့်လွှဲကာ ဇက်ပုလိုက်ကြသည်။

"မရှိပါဘူးဗျာ"

"တကယ် မရှိပါဘူး။ အကြီးအကဲမို ပြောခဲ့တာတွေက အမှန်တရားတွေချည်းပါပဲ"

"ဒါက သာမန် မဟာမိတ်ဖွဲ့တာသက်သက်ပါပဲ စီနီယာအစ်မ၊ အတွေးမလွန်ပါနဲ့"

"ဘာပဲဖြစ်ဖြစ် နဂါးမျိုးနွယ်စုတွေက အင်မော်တယ်လက်နက်တွေနဲ့ ရတနာတွေကို အသုံးပြုလို့ရတာ မှမဟုတ်တာ။ ငါတို့ကသာ တန်ဖိုးရှိတယ်လို့ ထင်နေကြတာ၊ သူတို့မျက်လုံးထဲမှာတော့ ဒါတွေက သံတိုသံစတွေသက်သက်ပါပဲ"

"အဲဒီလိုလား"

ကျိလင်းဟန်၏ လှပသောမျက်ခုံးများ ပင့်တက်သွားခဲ့ပြီး သူမ၏အကြည့်မှာ တဖြည်းဖြည်း စူးရှလာခဲ့သည်။

"ဒါဆို ငါ မင်းတို့ကို မေးပါရစေဦး၊ လင်းနင်က ဖီးနစ်မျိုးနွယ်စုရဲ့ အလေးအမြတ်ထားမှုကို ခံရလား"

ရှန်ထိုက်က စိတ်ထဲရှိသည့်အတိုင်း အလိုအလျောက် ဖြေလိုက်မိသည်

"သေချာတာပေါ့၊ သူမက ဖီးနစ်မျိုးနွယ်စုရဲ့ မင်းသမီးတစ်ပါးလိုမျိုး ဆက်ဆံခံရတာ၊ ဟုတ်ပြီလား"

"ဒါဆို ဖီးနစ်မျိုးနွယ်စုက သူမကို အဆင့်ကိုး အင်မော်တယ်ဓားတစ်စင်း လက်ဆောင်ပေးခဲ့ဖူးလား"

"ဒါက..."

အမှန်စင်စစ် လင်းနင်သည် ဖီးနစ်မျိုးနွယ်စု၏ အဆင့်မြင့်ပုဂ္ဂိုလ်ကြီးများထံမှ အဆင့်ရှစ် အင်မော်တယ်ဓားတစ်စင်းကိုသာ ဆုလာဘ်အဖြစ် ရရှိခဲ့ဖူးသည်။ သူမ၏ အင်မော်တယ်ဝတ်စုံမှာမူ ယခုအထိ အဆင့်ခုနစ်သာ ရှိသေးသည်။ ၎င်းသည် ဖီးနစ်မျိုးနွယ်စုက ကပ်စေးနှဲလွန်း၍ မဟုတ်သလို သူတို့၏ သမိုင်းတစ်လျှောက်တွင် ထိပ်တန်းရတနာများကို မလုယူခဲ့ဖူး၍လည်း မဟုတ်ပေ။ အင်မော်တယ်နယ်မြေနှင့် မိစ္ဆာနယ်မြေတို့သို့ ယူဆောင်သွားကာ ယောင်မျိုးနွယ်စုများ အသုံးပြုနိုင်မည့် ကျင့်ကြံခြင်း အရင်းအမြစ်များနှင့် လဲလှယ်နိုင်ခြင်းကြောင့်ဖြစ်သည်။

အင်မော်တယ်လောကတွင် နယ်မြေကြီးခြောက်ခုစလုံးကို ချိတ်ဆက်ပေးထားပြီး စီးပွားရေးလုပ်ငန်းများကို အထူးပြုလုပ်ဆောင်သည့် ထျန်းရှုဂိုဏ်းဟု ခေါ်သော အဖွဲ့အစည်းတစ်ခုရှိသည်။ ထို့ကြောင့် သူတို့အသုံးမပြုနိုင်ရုံမျှဖြင့် အရာရာကို သံတိုသံစဟုသတ်မှတ်မည့် အတွေးအခေါ်မျိုး လုံးဝမရှိနိုင်ပေ။

အဆင့်ရှစ်၊ အဆင့်ကိုး အင်မော်တယ်လက်နက်များနှင့် ထိပ်တန်းအဆင့် အင်မော်တယ်ရတနာများဆိုသည်မှာ မည်သည့်နယ်ပယ်တွင်မဆို ရရှိရန်အလွန်ခက်ခဲလှသော ရတနာများဖြစ်ကြပြီး ၎င်းတို့၏တန်ဖိုးကို တိုင်းတာ၍မရနိုင်ပေ။ ထို့ကြောင့် လင်းနင်သည် ဖီးနစ်မျိုးနွယ်စု၏ မျက်နှာသာပေးမှုကို မည်မျှရသည်ဆိုစေ သူမသည် ခြွင်းချက်အနေဖြင့် အဆင့်ရှစ် အင်မော်တယ်ဓားတစ်စင်းကိုသာ ရရှိခဲ့ခြင်းဖြစ်သည်။

"ဒါပေမဲ့ ဒီပုံစံကိုးမျိုး မိုးပြာနဂါးကတော့ မဟာမိတ်ဖွဲ့ရုံသက်သက်အတွက်နဲ့ အဆင့်ရှစ် အင်မော်တယ်လက်နက်တွေအပြင် အဆင့်ကိုး အင်မော်တယ်ဓားတစ်စင်းကိုပါ ပေးခဲ့တယ်”

"ဒီစကားကို မင်းတို့ကိုယ်တိုင်ကော ယုံကြည်ရဲ့လား”

ကျိလင်းဟန်က တစ်ဆင့်ပြီးတစ်ဆင့် ဖိအားပေးမေးမြန်းလိုက်သည့်အခါ ရှန်ထိုက်နှင့် ဝေမြောင်တို့၏ ကျောပြင်တစ်ခုလုံးတွင် ချွေးစေးများ စီးကျလာတော့သည်။

"ဒါ့အပြင် ဒီလောက်များပြားတဲ့ ရတနာတွေကို မပေးခင်တုန်းက သူက ငါတို့ကို တစ်ခါမှတောင် မတွေ့ဖူးသေးဘူး။ သူက ငါတို့ ကတိဖျက်သွားမှာကို လုံးဝ စိုးရိမ်ပူပန်ပုံမရဘူး"

"မင်းတို့က ပုံစံကိုးမျိုး မိုးပြာနဂါးက အရိုးခံသက်သက်ပဲလို့ ထင်နေတာလား၊ ဒါမှမဟုတ် ငါ့ကို လှည့်စားဖို့လွယ်ကူတယ်လို့ ထင်နေတာလား"

သူမ၏လေသံမှာ ပြင်းထန်မနေသလို သူမ၏ အမူအရာမှာလည်း ဒေါသထွက်မနေပေ... သူမသည် မိမိ၏ခွဲခြမ်းစိတ်ဖြာချက်များကိုသာ တဖြည်းဖြည်းချင်း ပြောပြနေခြင်းဖြစ်သည်။ ပတ်ဝန်းကျင်ရှိ စွမ်းအင်များမှာလည်း အေးခဲသွားခြင်း သို့မဟုတ် မိစ္ဆာစွမ်းအင်များ ဖုံးလွှမ်းသွားခြင်းမျိုးမရှိပေ။ သို့သော်လည်း ရှန်ထိုက်နှင့် ဝေမြောင်တို့မှာမူ ကြောက်ရွံ့လွန်းသဖြင့် တဆတ်ဆတ်တုန်နေလေပြီ။

ယောင်နယ်မြေသို့ မရောက်ရှိမီကတည်းက ကျိလင်းဟန်သည် ဧကရာဇ်တစ်ပိုင်းတစ်ပါး ဖြစ်နေခဲ့ပြီး ဖေးရှန်ဂိုဏ်းတွင် ပထမဆုံးဖြစ်သည်။ ယခုမူ သူမသည် အဆင့်မြင့် ဧကရာဇ်တစ်ပိုင်း ဖြစ်နေလေပြီ။ အထက်အင်မော်တယ်လောက၏ အက်ကွဲကြောင်းများအကြား ရှင်သန်နိုင်ရန်အတွက် သူမသည် တစ်ချိန်က မိစ္ဆာဧကရာဇ်များနှင့် ယောင်ဧကရာဇ် အများအပြား၏ ဖိအားပေးမှုများကို တစ်ကိုယ်တည်း ရင်ဆိုင်ကျော်ဖြတ်ခဲ့ဖူးသည်။ အင်မော်တယ်နယ်မြေနှင့် မိစ္ဆာနယ်မြေတို့မှ ရုန်းထွက်နိုင်ရန်အတွက်လည်း သူမသည် သွေးချောင်းစီးသောတိုက်ပွဲများကို ဆင်နွှဲခဲ့ဖူးကာ ရေတွက်၍မရနိုင်သော အင်မော်တယ်များနှင့် မိစ္ဆာများကို သတ်ဖြတ်ခဲ့ဖူးသည်။

ဂိုဏ်းချုပ်ကျန်းမရှိခဲ့သောနေ့ရက်များတွင် သူမသည် လူတိုင်း၏ ကျောထောက်နောက်ခံ အားကိုးရာရွှေတောင်ကြီးဖြစ်ခဲ့သည်။ သူမသာ ဦးဆောင်မပေးခဲ့ပါက ယနေ့အထိ အသက်ရှင်ကျန်ရစ်နေသော လူ ၁၅၂ ဦးမှာ ၁၅ ဦးပင် ကျန်လိမ့်မည်မဟုတ်။ ရှင်သန်နိုင်ရန်အတွက် သူမသည် မိစ္ဆာကျင့်ကြံသူများ၏ နည်းလမ်းများကို အသုံးပြုရန်ပင် ဝန်မလေးခဲ့။ အစ်ကိုကြီးချန် မရောက်ရှိမီကတည်းက သူမသည် အင်မော်တယ်နယ်မြေနှင့် မိစ္ဆာနယ်မြေတို့တွင် လူတိုင်း၏အကြောက်တရားဖြစ်ခဲ့ပြီး အမုန်းခံရဆုံးသူတစ်ဦးလည်းဖြစ်ခဲ့သည်။

သူမသည် ထူးခြားသော အကြည့်မျိုးကိုပင် ပြသရန်မလိုအပ်ဘဲ သူမ၏ စိတ်ကူးတစ်ခုတည်းဖြင့် လူတစ်ဦး၏ ဝိညာဉ်မှ ကြောက်ရွံ့ထိတ်လန့်မှုများကို ဖြစ်ပေါ်စေနိုင်စွမ်းရှိသည်။ ထိုနှစ်ယောက်သည် မိမိတို့၏ အင်မော်တယ်ဝိညာဉ်များအား မမြင်ရသော မိစ္ဆာလက်ဝါးကြီးတစ်ခုက ထိန်းချုပ်ထားသကဲ့သို့ ခံစားလိုက်ရပြီး မရုန်းထွက်နိုင်ကြတော့ပေ။

"ဂိုဏ်းချုပ်..."

"စီနီယာအစ်မ၊ ကျေးဇူးပြုပြီး ငါတို့ကို လွှတ်ပေးပါဦး"

"ငါတို့မှာ တကယ်ပဲ အခြားရွေးချယ်စရာမရှိလို့ပါ..."

ဤသို့သော အဖြေမျိုးက ကျိလင်းဟန်ကို မည်သို့မျှ ကျေနပ်စေနိုင်မည်မဟုတ်။ အရေးကြီးသော အချိန်အခါတွင် ရှန်ထိုက်ကသာ အော်ဟစ်လိုက်ရတော့သည်

"ဘာပဲဖြစ်ဖြစ်၊ နဂါးပြာဧကရာဇ်က ငါတို့အပေါ် မကောင်းတဲ့ ရည်ရွယ်ချက် လုံးဝမရှိတာကိုတော့ အသက်နဲ့ရင်းပြီး အာမခံရဲပါတယ်"

"ဒီနှစ်တွေအများကြီးအတွင်းမှာ၊ ငါတို့ကရော ကိုယ့်လူအချင်းချင်းကို ဘယ်တုန်းကများ နစ်နာအောင် လုပ်ခဲ့ဖူးလို့လဲ"

ထိုအခါမှသာ ပိန်းပိတ်နေသော အရိပ်မည်းများနှင့် ဖိအားများမှာ တဖြည်းဖြည်းချင်း ပြန်လည်ဆုတ်ခွာသွားသည်။

"အဲဒီလိုလား..."

ကျိလင်းဟန်သည် ဆက်လက်၍ ဖိအားမပေးတော့ဘဲ အလွန်ရိုးရှင်းစွာပင် လက်လျှော့လိုက်တော့သည်။

တစ်ရက်ကြာပြီးနောက် အစ်ကိုကြီးချန်သည် သူအိမ်မက်မက်နေခဲ့ရသော အစ်မတော်ဟန်ကို နောက်တစ်ကြိမ် ပြန်လည်မြင်တွေ့လိုက်ရသည်။ သူမ၏နောက်တွင်မူ သူနှင့်အတူ နေ့ရက်များကို ဖြတ်သန်းခဲ့ဖူးသော အခြားတပည့်ပေါင်းငါးဆယ်ကျော် လိုက်ပါလာ၏။ သူသာ မိုးပြာနဂါးခန္ဓာကိုယ်အစစ်အမှန်ကို ထိန်းသိမ်းမထားရပါက ရှေ့သို့ အပြေးအလွှားသွားရောက်ကာ သူမကိုဖက်ထားလိုက်မည်ဖြစ်သည်။

"ဟားဟားဟား၊ ဂိုဏ်းချုပ်ကျိနဲ့ ဖေးရှန်ဂိုဏ်းကလူတိုင်း ငါ့ရဲ့မိုးပြာနဂါးချိုင့်ဝှမ်းကို ရောက်ရှိလာတာက တကယ့်ကို ဂုဏ်ယူစရာပါပဲ"

မိုချန်၊ ရှန်ထိုက်နှင့် ဝေမြောင်တို့မှာမူ စိတ်ထဲမှကျိတ်၍ ညည်းတွားလိုက်ကြမိသည်။

ဂိုဏ်းချုပ်သရုပ်ဆောင်တာ တကယ်ကို တော်လွန်းလှပါတယ်...

"နှုတ်ခွန်းဆက်သပါတယ် မိုးပြာနဂါးဧကရာဇ်မင်းကြီး။ အရှင့်ရဲ့ ပူးပေါင်းဆောင်ရွက်မှု အဆိုပြုချက်ကို လက်ခံပါတယ်"

"ဒါ့အပြင် အရှင့်ရဲ့ လက်ဆောင်တွေအတွက်လည်း အလွန်ကျေးဇူးတင်ပါတယ်"

ကျိလင်းဟန်၏ အမူအရာမှာ မာနကြီးမနေသလို နှိမ့်ချမနေဘဲ အလွန်ပင် ယဉ်ကျေးသိမ်မွေ့ကာ လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်၏။ အစ်ကိုကြီးချန်သည် စိတ်ထဲမှနေ၍ တိတ်တဆိတ် ရယ်မောလိုက်မိသည်။ ရှောင်ဟန်ကတော့ အခုအချိန်မှာ ဂိုဏ်းချုပ်တစ်ယောက်ရဲ့ အရှိန်အဝါမျိုး ရှိနေပြီပဲ။

"ကောင်းပါပြီ၊ ကောင်းပါပြီ။ ငါတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက သေချာပေါက် အလွန်ပျော်ရွှင်စရာကောင်းမှာပါ..."

စကားပြောပြီးနောက် သူသည် အလေ့အထအရ သူမ၏ လက်မောင်းကိုကိုင်ရန် နဂါးလက်သည်းကို လှမ်းလိုက်မိသည်။ သူသည် နဂါးပုံစံဖြစ်နေသော်လည်း သူ၏ခန္ဓာကိုယ်ကို သာမန်လူသားတစ်ယောက် အရွယ်အစားအထိ ကျုံ့ထားသဖြင့် ဤလှုပ်ရှားမှုမှာ ခက်ခဲမနေပေ။

သို့သော်လည်း ယခုအချိန်တွင်မူ အဓိပ္ပာယ်မှာ ကွဲပြားခြားနားသွားလေပြီ။ ဆန်းကျိ၊ ဆန်းချုံးနှင့် ယိခွန်းတို့ကမူ သူနှင့် ဖေးရှန်ဂိုဏ်းတို့၏ ဆက်နွယ်မှုကို သိရှိထားကြသဖြင့် နားလည်နိုင်ကြသော်လည်း ဆန့်ကျင်ဘက်ရှိ ဖေးရှန်ဂိုဏ်းမှ တပည့်များမှာမူ လုံးဝဆွံ့အသွားတော့သည်။

ဒါက...

သူတို့ ပူးပေါင်းဆောင်ရွက်နေကြတာဖြစ်သော်လည်း ဤမျှလောက်အထိ ရင်းရင်းနှီးနှီး လက်ချင်းတွဲစရာမလိုဘူးမဟုတ်လား...

ဤမိုးပြာနဂါးသည် ရမ္မက်ဆန္ဒများရှိနေပြီး စီနီယာအစ်မကျိကို ကာအိန္ဒြေပျက်ပြားအောင် လုပ်ဆောင်ချင်နေပုံရသည်။

ဘယ်လိုမှ မဖြစ်နိုင်ပါဘူး...

စီနီယာအစ်မကျိနှင့် လိုက်ဖက်နိုင်မည့်သူမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ပျောက်ဆုံးနေခဲ့သည့် ဂိုဏ်းချုပ်ကျန်း တစ်ယောက်တည်းသာရှိသည်။

ကျိလင်းဟန် ချက်ချင်းမတုံ့ပြန်နိုင်မီမှာပင် တပည့်အမြောက်အမြားမှာ မျက်နှာများ၌ ပြုံးရွှင်လျက် ရှေ့သို့ အပြေးအလွှားပျံသန်းလာခဲ့ကြပြီး ထိုနှစ်ဦးကို ခွဲထုတ်လိုက်ကြတော့သည်။

"ဟားဟားဟား၊ မိုးပြာနဂါးဧကရာဇ်မင်းကြီးကို ကြည်ညိုလေးစားနေခဲ့တာ ကြာပါပြီ"

"အနာဂတ်မှာ ပိုမိုပြီး ရင်းနှီးခွင့်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

"မှန်ပါတယ်၊ အရှင်နဲ့ ကျင့်ကြံခြင်းဆိုင်ရာ ပြဿနာတွေကို ဆွေးနွေးချင်ပါသေးတယ်။ အရှင့်အနေနဲ့ လမ်းညွှန်ပြသပေးနိုင်မလား"

ဤအရာက အစ်ကိုကြီးချန်ကို အလွန်ဒေါသထွက်သွားစေသည်။

လမ်းညွှန်ပြသပေးရမယ် ဟုတ်လား...

မင်းတို့တွေက ပတ်ဝန်းကျင်က အခြေအနေကို မကြည့်တတ်ကြဘူးလား...

မျက်စိမရှိကြဘူးလား...

ကောင်းပြီ၊ ဒီအစ်ကိုကြီး ဒါကို မှတ်ထားတယ်... အနာဂတ်မှာ မင်းတို့စားဖို့အတွက် ကောင်းမွန်တဲ့ အသီးအပွင့်တွေကို မျှော်လင့်မနေကြနဲ့တော့...

သို့သော်လည်း သူသည် မိမိ၏အဆင့်အတန်းကို ပြောင်းလဲထားခြင်းဖြစ်သဖြင့် အမှန်တကယ်ပင် သတိထားရမည်ဖြစ်ကြောင်းကိုလည်း သဘောပေါက်သွားသည်။

ဟူး... ဒါက ကိုယ်ပြုသည့်ကံ ကိုယ့်ထံပြန်လာခြင်းဟု သတ်မှတ်နိုင်မလား...

ထိုအဖွဲ့သည် မကြာမီမှာတင် မိုးပြာနဂါးချိုင့်ဝှမ်းရှိ ဖေးရှန်ဂိုဏ်း၏ ယာယီစခန်းချရာနေရာသို့ ဝင်ရောက်လာကြသည်။ ဘိုးဘေးဂိုဏ်းချုပ်ဖြစ်သော ကျိလင်းဟန်ကို မြင်တွေ့လိုက်ရသည့်အခါ ယွမ်ကျန့်၊ ယွမ်ရှန့်၊ ယွမ်ရှုနှင့် အခြားသော ဖေးရှန်ဂိုဏ်းဝင်များမှာ မျက်ရည်များဝဲလျက် အပြေးအလွှားလာရောက်ကာ အသီးသီး ဦးညွှတ်အလေးပြုကြတော့သည်။ အချို့သောတပည့်များမှာမူ အလွန်အမင်း စိတ်လှုပ်ရှားလွန်းသဖြင့် မူးလဲလုနီးပါးပင်။ ဤမြင်ကွင်းမှာ နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့ရသော ကလေးငယ်များက မိဘများကို ရှာဖွေတွေ့ရှိသွားကြသကဲ့သို့ ငိုယိုရင်း၊ ရယ်မောရင်းဖြင့် အတူတကွပွေ့ဖက်နေကြသည့်ပုံစံမျိုးဖြစ်သည်။

အစ်ကိုကြီးချန်သည် အနောက်ဘက်၌ မတ်တတ်ရပ်ရင်း နှုတ်ခမ်းစူနေတော့သည်။ ဘာလို့ သူက ဂိုဏ်းကို စတင်တည်ထောင်ခဲ့တဲ့ ဘိုးဘေးဂိုဏ်းချုပ် ဖြစ်နေတာတောင်မှ သူမလောက် အရှိန်အဝါ မရှိသလိုမျိုး ခံစားနေရတာလဲ...

ပြန်လည်ဆုံတွေ့ပြီးနောက် ကျိလင်းဟန်သည် သူ၏ကူညီပေးမှုများအတွက် သူ့ကို နောက်တစ်ကြိမ် ထပ်မံကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့သည်။ အစ်ကိုကြီးချန်သည် မိုးပြာနဂါးဧကရာဇ်အနေဖြင့် ဤနေရာ၌ ကြာကြာနေ၍မရသဖြင့် ဘိုးဘေးများ၏နယ်မြေရှိ နဂါးဧကရာဇ်နန်းတော်သို့သာ ပြန်လာခဲ့ရ၏။

အခြားတစ်ဖက်တွင်မူ၊ မိုချန်၊ ရှန်ထိုက်နှင့် ဝေမြောင်တို့သည် နောက်တစ်ကြိမ် ပြန်လည် စုစည်းလိုက်ကြပြန်သည်။

"ငါတို့ သေဆုံးသွားခဲ့ရတဲ့ ဂိုဏ်းဝင်တပည့်တွေရဲ့ ရုပ်အလောင်း အပိုင်းအစတွေကို အသက်ပြန်သွင်းပေးနိုင်ဖို့အတွက် ဂိုဏ်းချုပ်ကျန်းဆီကို အမြန်ဆုံးယူဆောင်သွားရမယ်"

"မှန်တယ်၊ ဒီကိစ္စက နှောင့်နှေးလို့မဖြစ်ဘူး"

All Chapters