← Chapters

အခန်း ၉၁၈

Vol. 62 Ch. 918

အခန်း ၉၁၈

Vol. 62 Ch. 918

အခန်း (၉၁၈) ကပ်ဘေးအတွင်းမှ မွေးဖွားလာသော အသင်္ချေ တာအို နည်းစနစ်များ

၎င်းမှာ ကပ်ဘေး အတွင်းမှ မွေးဖွားလာသော အသင်္ချေ တာအို နည်းစနစ်များ ဟု အမည်ရသော သိုင်းကျမ်း စုစည်းမှု ကျင့်စဉ် တစ်ခု ပင် ဖြစ်၏။ ၎င်းကို လေ့လာ ကြည့်ရှုပြီးနောက်... သူတို့ ယခင်က ကျွမ်းကျင် ပိုင်နိုင်ခဲ့ပြီး ဖြစ်သော စည်းမျဉ်း စွမ်းအား များကို အနည်းငယ်မျှပင် ထိခိုက်မှု မရှိစေဘဲ ဤ ကျင့်စဉ် အား မည်သည့် အတားအဆီး မျှ မရှိ ပြောင်းလဲ ကျင့်ကြံနိုင်ကြောင်းကို သူတို့ တွေ့ရှိသွားကြ၏။

ကပ်ဘေး အတွင်းမှ အသင်္ချေ တာအိုများ မွေးဖွားလာခြင်း ဆိုသည်မှာ ဘာကို ဆိုလိုသနည်း ဆိုလျှင်... နင်ချီသည် ကမ္ဘာကြီး နှစ်ခုနှင့် နယ်မြေများ ပင်လယ်၏ စည်းမျဉ်းများကို လုယူကာ ကောင်းကင်မိုးကြိုး ကပ်ဘေး အဖြစ်သို့ အသွင်ပြောင်းလိုက်ခြင်း ပင် ဖြစ်သည်။

ဤကောင်းကင်မိုးကြိုး ကပ်ဘေး အတွင်း၌ ဖန်တီးခြင်း စွမ်းအားများ လည်း မွေးဖွားလာခဲ့ပြီး လူတစ်ဦးစီတိုင်း၏ ပါရမီ အရည်အချင်း များနှင့် ပြီးပြည့်စုံစွာ ကိုက်ညီမှု ရှိနေ၏။

ထို့ကြောင့် ၎င်းကို ကပ်ဘေးမွေးဖွား အသင်္ချေ တာအိုများ ဟု အမည်ပေးထား၏။

နင်ချီသည် ဤကျင့်စဉ်ကို ဖန်တီးခဲ့ခြင်းမှာ ကောင်းကင်မိုးကြိုး ကပ်ဘေး အပေါ် သူ၏ ကိုယ်ပိုင် နားလည် သဘောပေါက်မှု များကြောင့်သာ မကဘဲ... သူ၏ ကျင့်ကြံသူများ အတွက် အထူး ရည်ရွယ်၍ ဖန်တီးထားသလို သူ ကိုယ်တိုင် ထိန်းချုပ်နိုင်သော ကောင်းကင်မိုးကြိုး ကပ်ဘေး နှင့်လည်း အံဝင်ခွင်ကျ ဖြစ်နေသောကြောင့် ဖြစ်ရာ... သုံးဦး သုံးဖက် အကျိုးရှိစေသော အရာပင် ဖြစ်တော့သည်။

ဓားဘိုးဘေးကြီးနှင့် အခြားသူများသည် နင်ချီက ဤကျင့်စဉ်များကို ကိုယ်တိုင်ကိုယ်ကျ သင်ကြား ပေးသနားခဲ့သည့် အတွက် အတိုင်းမသိ ကျေးဇူးတင်နေကြသော်ငြား ဤအခိုက်အတန့်တွင် အရေးအကြီးဆုံး အရာမှာ ကောင်းကင်မိုးကြိုး ကပ်ဘေး များကို အမြန်ဆုံး စုပ်ယူရန်ပင် ဖြစ်၏။

သူတို့၏ နားလည် သဘောပေါက်နိုင်စွမ်း နှင့် အတူ... နင်ချီ၏ အလိုဆန္ဒ ဖြင့် စွမ်းအားများ လွှဲပြောင်း ပေးအပ်မှု ကြောင့် လူတိုင်းသည် ထို လျှို့ဝှက်ချက်ကို မျက်စိတစ်မှိတ် အတွင်းမှာပင် နားလည် သဘောပေါက်သွားကြသည်။

လူတိုင်းသည် လေထဲ၌ လင်းလက် တောက်ပနေသော အရိုးဖြူ ခုနစ်ဆယ်ကျော် ကို ချက်ချင်း မြင်တွေ့လိုက်ကြရပြီး... သူတို့၏ ခန္ဓာကိုယ် ပေါ်ရှိ ကောင်းကင်မိုးကြိုး ကပ်ဘေး အလွှာကို အလွန် လျင်မြန်စွာ စုပ်ယူနေကြသည် ကို မြင်တွေ့လိုက်ရ၏။

“ရွှီး ရွှီး ရွှီး”

သူတို့သည် လေထဲတွင် လူသား မီးသီးများအလား တလက်လက် တောက်ပနေကြပြီး... အောက်ဘက်ရှိ စောင့်ကြည့်နေသူ များ၏ မျက်နှာ အမူအရာ များကို လင်းထိန်သွားစေသည်။

ကောင်းကင်မိုးကြိုး ကပ်ဘေးသည် သူတို့၏ အရိုးများကို အဆက်မပြတ် သန့်စင် ဆေးကြောပေးနေပြီး မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်း ဖြင့် ကျုံ့ဝင်သွားစေဟန် ရှိ၏။ ကောင်းကင်မိုးကြိုး ကပ်ဘေး၏ ဖယ်ရှားမှုကြောင့် အရိုးပြာ အလွှာများသည် တစ်လွှာပြီး တစ်လွှာ ကွာကျလာကာ... လျှပ်စီးများ အတွင်း၌ မြူခိုးများအလား အရိုးမှုန့် မြူနှင်းများ အဖြစ်သို့ ပြောင်းလဲသွားကြ၏။ လျှပ်စီးများ ကုန်ခမ်းသွားလုနီးပါး အချိန်တွင်... အရိုးဖြူများ အားလုံးသည် လေထဲသို့ ပျောက်ကွယ်သွားပြီး အရိုးမှုန့်များနှင့် မြူခိုး အစုအဝေး များ အဖြစ်သို့ အသွင်ပြောင်းသွားကြတော့သည်။

“ပြန်သိမ်းမယ်...”

ဟင်းလင်းပြင် နေရာလွတ် အတွင်း၌ လူတိုင်းက သူတို့၏ စိတ်အာရုံ ထဲမှနေ၍ ပြန်သိမ်းမယ် ဟု ရွတ်ဆိုလိုက်သော တာအို အသံ ကိုသာ ကြားလိုက်ရ၏။

မျက်စိတစ်မှိတ် အတွင်းမှာပင်... ပြန့်ကျယ်နေသော အရိုးမှုန့် မြူခိုး တိမ်တိုက်ကြီးသည် အလယ်ဗဟို ဆီသို့ ရုတ်တရက် ကျုံ့ဝင်သွားပြီး... အရိုးဖြူ အဖြစ်သို့ နောက်တစ်ကြိမ် ပြန်လည် စုစည်းသွားတော့သည်။

အရိုးစု တစ်ခုစီတိုင်းမှ ခြောက်ခြားဖွယ် ကောင်းသော လျှပ်စီးများ တဖျပ်ဖျပ် တောက်ပနေပြီး... အစွမ်းထက်လှသော အရှိန်အဝါ များက တဖြည်းဖြည်း လျှံကျလာကာ... အောက်ဘက်ရှိ လူတိုင်း၏ ရင်တွင်းသို့ ဖိနှိပ်မှု ခံစားချက် တစ်ခုကို မျက်စိတစ်မှိတ် အတွင်း ယူဆောင်လာပေးတော့သည်။

လူတိုင်း၏ ရင်များ ပူထူသွားတော့၏။ ဤကဲ့သို့ ကောင်းကင်မိုးကြိုး ကပ်ဘေး ဖြတ်ကျော်မှုမျိုးကို သူတို့ ဘယ်သောအခါမှ မမြင်ဖူးခဲ့ကြချေ။ ဤမျှ လျင်မြန်စွာ အောင်မြင်ကျော်ဖြတ်ပြီး အရှိန်အဝါများ လျှံကျလာသော ကျင့်ကြံသူကိုလည်း မတွေ့ဖူးခဲ့ကြပေ။ ဤအရာများ အားလုံးမှာ ကပ်ဘေးမိုးကြိုးများ အလယ်ရှိ ထို လူငယ်လေး၏ ကျေးဇူးကြောင့်သာ ဖြစ်၏။

“ဒုတိယမြောက် ကပ်ဘေး”

နင်ချီ၏ အသံနှင့်အတူ ရေစည်ပိုင်းလုံးခန့် ထူထဲသော ဒုတိယမြောက် မိုးကြိုးလျှပ်စီးတန်းကြီး တဟုန်ထိုး ကျဆင်းလာတော့သည်။ ဤမျှ အတိုင်းထက်အလွန် ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်မိုးကြိုး ကပ်ဘေးကြီးကို မြင်လိုက်ရသောအခါ လူတိုင်းမှာ ဆွံ့အအာစေးမိသွားကြ၏။

တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ်ကို ကျော်ဖြတ်ခဲ့ဖူးသော ကျင့်ကြံသူ အများအပြားမှာ ရေစည်ပိုင်းလုံးခန့် ရှိသော ထို ကောင်းကင်မိုးကြိုး ကပ်ဘေးကြီးကို ကြည့်ရင်း ပါးစပ်ထဲ၌ ခါးသက်သက် အရသာကို ခံစားလိုက်ကြရသည်။ ယခုအချိန်၌ပင် သူတို့ကို ဤကဲ့သို့သော ကောင်းကင်မိုးကြိုး ကပ်ဘေးမျိုးကို ဖြတ်ကျော်ခိုင်းမည် ဆိုပါက အတော်လေး ထိတ်လန့်တုန်လှုပ်နေကြမည်သာ ဖြစ်၏။ အကယ်၍ ထိုအထဲသို့ ဝင်ရောက်သွားပါက ချက်ချင်း ပွဲချင်းပြီး သေဆုံးသွားမည်မှာ သေချာလှ၏။ အစအနပင် မကျန်တော့ဘဲ တည်ရှိမှု တစ်ခုလုံး လုံးဝ ပျောက်ကွယ်သွားမည်သာ ဖြစ်တော့သည်။

အရိုးစုများ အဖြစ် ပြောင်းလဲသွားသော ဓားဘိုးဘေးကြီးနှင့် အခြားသူများမှာ ယခုအခါ ယုံကြည်မှု ပိုမို ပြည့်ဝနေဟန် ရှိပါ၏။ သူတို့သည် ကောင်းကင်မိုးကြိုး ကပ်ဘေးကို တက်ကြွစွာ ရင်ဆိုင်လိုက်ကြသည်။ ဟင်းလင်းပြင်မှ လျှပ်စီးများ ပေါက်ကွဲထွက်လာ၏။

ဂျွတ်ခနဲ အသံ မြည်၏။

တဆက်တည်း၌ သူတို့ ခုလေးတင်မှ စုစည်းထားသော အရိုးဖြူများမှာ မျက်စိတစ်မှိတ်အတွင်း အရိုးမှုန့်များ အဖြစ်သို့ ကြေမွသွားတော့သည်။ အရိုးမှုန့် သေးသေးလေး တစ်မှုန့်စီတိုင်းကို မိုးကြိုးများက အဆက်မပြတ် သန့်စင်ပေးနေပြီး ၎င်းတို့အတွင်းရှိ စည်းမျဉ်းစွမ်းအားများ လျှို့ဝှက်စွာ စိမ့်ဝင်သွား၏။

လျှပ်စီးများ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် အရိုးမှုန့်များ အားလုံးမှာ အရိုးဖြူများ အဖြစ် နောက်တစ်ကြိမ် ပြန်လည် ဖွဲ့တည်သွားကြပြန်သည်။ ဒုတိယမြောက် ကပ်ဘေး အပြီးတွင် သူတို့၏ အရှိန်အဝါများ များစွာ ပိုမို အစွမ်းထက်လာကြောင်းကို လူတိုင်း ရှင်းလင်းစွာ ခံစားလိုက်ရတော့၏။

“တတိယမြောက် ကပ်ဘေး”

တတိယမြောက် ကပ်ဘေးမှ စတင်၍ နင်ချီသည် ဓားဘိုးဘေးကြီးနှင့် အခြားသူများကို ကပ်ဘေးမိုးကြိုး၏ အရွယ်အစားဖြင့် မစမ်းသပ်တော့ချေ။ ထိုအစား ဒဏ္ဍာရီလာ ကပ်ဘေးကြီး သုံးပါး ဖြစ်သော လေဘေး၊ မီးဘေး နှင့် ရေဘေး အဖြစ်သို့ အသွင်ပြောင်းပစ်လိုက်၏။

ကောင်းကင်မိုးကြိုး ကပ်ဘေး သည် လေ၊ မီး နှင့် ရေ အဖြစ်သို့ ပြောင်းလဲသွားပြီး လူတိုင်း၏ အရိုးများ၊ အသိစိတ်များ နှင့် ဝိညာဉ်များကို အသစ်တဖန် သန့်စင် ဆေးကြောပေးနေတော့သည်။

နင်ချီသည် ကောင်းကင်မိုးကြိုး ကပ်ဘေး၏ အလယ်ဗဟိုတွင် ရပ်ကာ အောက်သို့ ငုံ့ကြည့်နေပါ၏။ သူ၏ အာရုံခံစားမှု အရ ဓားဘိုးဘေးကြီးနှင့် အခြားသူများ ကပ်ဘေး ငါးခုကို ဖြတ်သန်းပြီးနောက် သူတို့၏ ခန္ဓာကိုယ် အတွင်းရှိ တောင်နှင့် ပင်လယ် ကမ္ဘာ၏ အမှတ်အသားမှာ လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

'ဒီနည်းလမ်းက တကယ်ပဲ အလုပ်ဖြစ်တာပဲ...'

နင်ချီ သိမ်မွေ့စွာ ပြုံးလိုက်တော့သည်။ ကြည့်ရသည်မှာ သူ့နောက်သို့ လိုက်ပါလာသူများသည် သူနှင့် တောင်နှင့် ပင်လယ် ကမ္ဘာ အကြားတွင် ညပ်ကာ နှစ်ဖက်စလုံးကို အလိုကျအောင် မျက်နှာချိုသွေးနေရသည့် အဖြစ်မျိုးမှ ကင်းလွတ်သွားပြီ ဖြစ်ဟန် တူပေ၏။

ကပ်ဘေး ငါးခု အပြီးတွင် အောက်ဘက်ရှိ လူတိုင်းသည် ကောင်းကင်ယံသို့ မော့ကြည့်နေကြသည်။ ဓားဘိုးဘေးကြီးနှင့် အခြားသူများ ဤမျှလောက် ကပ်ဘေး ငါးခုတိုင်တိုင် ကျော်ဖြတ်နိုင်လိမ့်မည်ဟု သူတို့ အိပ်မက်ထဲတွင်ပင် မထင်မှတ်ထားခဲ့ကြချေ။

နောက်ထပ် ကပ်ဘေး တစ်ခု စောင့်ကြိုနေသေးပြီး ၎င်းမှာ တောင်နှင့် ပင်လယ် ကမ္ဘာ အတွင်းရှိ ပါရမီရှင် တာအိုများ ရောက်ရှိလာခြင်းပင် ဖြစ်တော့မည်။ ဤသည်မှာ အထူးချွန်ဆုံး ကျင့်ကြံသူများသာ ရောက်ရှိနိုင်သော အဆင့်အတန်း တစ်ခု ဖြစ်၏။ သို့သော် ထို ပါရမီရှင်များ ပင်လျှင် သူတို့၏ အံ့မခန်း ကပ်ဘေး ငါးခုကို ကျော်ဖြတ်နိုင်ရန် အလွန်တရာ ခဲယဉ်းလှပါသည်။

“ဆဋ္ဌမမြောက် ကပ်ဘေး”

ဆဋ္ဌမမြောက် ကပ်ဘေးတွင်မူ နင်ချီသည် သူ ကိုယ်တိုင် ဖြတ်သန်းခဲ့ရသော ကောင်းကင်မိုးကြိုး ကပ်ဘေးကို တိုက်ရိုက် အတုခိုးလိုက်၏။ လျှပ်စီးများကို ဓားဘိုးဘေးကြီးနှင့် အခြားသူများ၏ ပုံရိပ်ယောင်များ အဖြစ်သို့ အသွင်ပြောင်းစေကာ သူတို့နှင့် ပြန်လည် တိုက်ခိုက်စေခြင်း ပင်တည်း။ ရုပ်ခန္ဓာချင်း တိုက်ခိုက်ရာမှသည် ဝိညာဉ်ချင်း တိုက်ခိုက်သည်အထိ သူတို့၏ အလားအလာများကို မနားမနေ ရှာဖွေ ဖော်ထုတ်စေတော့သည်။

ဤကပ်ဘေးကို ကျော်ဖြတ်ပြီးသွားသော အခါ လူတိုင်းသည် ယခင်ကနှင့် လုံးဝ မတူညီတော့သော အသွင်ပြောင်းလဲမှု တစ်ခုကို ခံစားလိုက်ရပြီး အရာအားလုံးကို ကျော်လွန်သွားသည့်အလား ရှိနေလေပြီ။

“သတ္တမမြောက် ကပ်ဘေး”

“...”

“နဝမမြောက် ကပ်ဘေး”

အောက်ဘက်ရှိ လူအုပ်ကြီးမှာ အကြီးအကျယ် အံ့အားသင့် တုန်လှုပ်သွားကြရ၏။ ဓားဘိုးဘေးကြီးနှင့် အခြားသူများသည် နဝမမြောက် ကပ်ဘေးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြပြီ ဖြစ်ပါသည်။

၎င်းက တောင်နှင့် ပင်လယ် ကမ္ဘာ၏ ထိပ်တန်း ပါရမီရှင်များ သာလျှင် ရရှိနိုင်သော ကပ်ဘေး အဆင့်အတန်း တစ်ခု ပင်တည်း။ ဤ ခုနစ်ဆယ်ကျော်သော တပ်မှူးများ အားလုံးသည် ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြသည်ဟု ပြောမည် ဆိုပါက မည်သူကမျှ ယုံကြည်ကြမည် မဟုတ်ချေ။

ရေတွက်၍ မရနိုင်သော လူများစွာမှာ ခါးသက်သက် ခံစားလိုက်ကြရသည်။ အထူးသဖြင့် ယခင်က နင်ချီနှင့် အပြန်အလှန် ဆက်ဆံဖူးသူများ ပို၍ ဆိုးရွား၏။ ယခုအခါ နင်ချီ၏ အစစ်အမှန် စွမ်းအားကို သူတို့ ကောင်းကောင်းကြီး နားလည် သဘောပေါက်သွားကြပါသည်။

နင်ချီ မည်မျှပင် အစွမ်းထက်နေပါစေ သူတို့ အနေဖြင့် သိပ်ပြီး ဂရုစိုက်ချင်မှ စိုက်ကြမည်သာ ဖြစ်သည်။ အကယ်၍ ဂရုစိုက်ခဲ့လျှင်တောင် သူတို့သည် နင်ချီ၏ ခွန်အားကိုသာ ဒူးထောက် အညံ့ခံကြမည်သာ။ သို့သော် နင်ချီကမူ သူ၏ ကျင့်ကြံသူများကိုပါ အတူတကွ ပိုမို အစွမ်းထက်လာစေရန် ဦးဆောင် လမ်းပြပေးနိုင်စွမ်း ရှိနေ၏။

ဤကဲ့သို့ တစ်ကိုယ်ကောင်း မဆန်သော သဘောထား ကြီးမြတ်မှုက လူတိုင်းကို အတိုင်းမသိ လေးစား အားကျသွားစေပြီး အလွန်အမင်း မနာလို ငြူစူသွားစေတော့သည်။

ဤ တာအို ကျင့်ကြံသူများ အားလုံးသည် တောင်ဘိုးဘေးကြီး သို့မဟုတ် ပင်လယ်ဘိုးဘေးကြီး ၏ လက်အောက်ခံများ ပင် ဖြစ်ကြ၏။ တောင်နှင့် ပင်လယ် ကမ္ဘာကို အသခ်ျေ ရာစုနှစ်များစွာ တိုင်အောင် လွှမ်းမိုး အုပ်စိုးထားခဲ့ကြသော ဘိုးဘေးကြီး နှစ်ပါး ပင်လျှင် သူတို့၏ လက်အောက်ငယ်သားများ အပေါ် ဤမျှလောက် ကြီးမားသော စောင့်ရှောက်မှုမျိုးကို ဘယ်သောအခါမှ မပြသနိုင်ခဲ့ကြချေ။

“ခင်ဗျားတို့ ဒသမမြောက် ကပ်ဘေးကို စမ်းကြည့်ချင်သေးလား...”

ဓားဘိုးဘေးကြီးနှင့် အခြားသူများ ယခုအချိန် အထိ တောင့်ခံနိုင်ခဲ့သည်ကို နင်ချီ အလွန်အမင်း ကျေနပ် အားရနေမိပါ၏။

ကပ်ဘေး ကိုးခုကို အောင်မြင်စွာ ကျော်ဖြတ်ပြီးနောက် သူတို့သည် သူ၏ လက်အောက်ရှိ အစွမ်းထက်သော စစ်သူကြီးများ အဖြစ်သို့ ရောက်ရှိသွားခဲ့ကြလေပြီ။ သူ၏ အကူအညီဖြင့် သူတို့သည် အနာဂတ် တောင်နှင့် ပင်လယ် ကမ္ဘာတွင် ထိပ်တန်း အစွမ်းထက် မဟာမိတ် အုပ်စုကြီး တစ်ခု ဖြစ်လာလိမ့်မည်ဟု နင်ချီ အခိုင်အမာ ယုံကြည်ထားပြီး ဤအရာမှာ အချိန်တို အတွင်းမှာပင် ဖြစ်ပေါ်လာတော့မည်ပင်။

ဓားဘိုးဘေးကြီးနှင့် အခြားသူများ သည် တစ်ယောက်က မျက်နှာ တစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြတော့သည်။ ဆက်လက် တောင့်ခံနိုင်စွမ်း ရှိနေသေးသော ဓားဘိုးဘေးကြီးနှင့် ချီခယ်ချင်း တို့မှလွဲ၍ ကျန်ရှိနေသော အခြား ဒါဇင်ပေါင်းများစွာသော အဖွဲ့ဝင်များမှာ ယခုအခါ သူတို့၏ ကိုယ်ပိုင် ရုပ်ခန္ဓာကို ပြုပြင်ရန်ပင် ခက်ခဲနေကြလေပြီ။

သူတို့သည် နောက်ဆုံးတွင် ပေါင်းစည်းခြင်း ရုပ်ခန္ဓာ အသစ် တစ်ခုကို အလွန်တရာ ခက်ခဲ ပင်ပန်းစွာဖြင့် ဖန်တီးနိုင်ခဲ့ကြသော်ငြား ခါးသက်သက် ပြုံးရုံမှတစ်ပါး အခြား မတတ်နိုင်ကြတော့ချေ။

နင်ချီသည် အကန့်အသတ်မဲ့ ဓားဂိုဏ်း အတွင်းရှိ ထို အကြီးအကဲများကို ကောင်းစွာ ရင်းနှီး ကျွမ်းဝင်၏။

တာအိုဆရာ ဇီယန်၊ အကြီးအကဲ ကျန်းရူဟိုင်၊ ဂိုဏ်းချုပ်ဟောင်း ကျန်းပိုင်ချွမ်း နှင့် အခြားသူများလည်း ထိုအထဲတွင် ပါဝင်နေကြသည်။ သူတို့ အားလုံးသည် ကောင်းကင်မိုးကြိုး ကပ်ဘေး ၏ အလယ်ဗဟိုတွင် ရှိနေသော နင်ချီကို ဦးညွှတ်လိုက်ကြပြီး...

“ဂိုဏ်းချုပ်... ကျုပ်တို့ ဆက်ပြီး မတောင့်ခံနိုင်တော့ဘူး ထင်တယ်”

နင်ချီ က ဆက်လက် ဖိအားပေးခြင်း မရှိခဲ့ချေ။ မည်သို့ပင် ဆိုစေကာမူ သူတို့ ဖြတ်သန်းခဲ့ရသော ကောင်းကင်မိုးကြိုး ကပ်ဘေးမှာ တောင်နှင့် ပင်လယ် ကမ္ဘာ ၏ ယခင် ပေါင်းစည်းခြင်း ကပ်ဘေးများ အားလုံးထက် များစွာ သာလွန်နေခဲ့လေပြီ။ သူတို့သည် အဆင့်အတန်းနှင့် အတိုင်းအတာ အရ လုံးဝ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ကွာခြားနေကြခြင်း ပင်တည်း။

“ကောင်းပြီလေ... ခင်ဗျားတို့ အောက်ကို ဆင်းပြီး ကျင့်ကြံခြင်း အခြေခံကို အရင် ခိုင်မာအောင် လုပ်လိုက်ကြဦး”

“ဟုတ်ကဲ့ပါ... အခုလို ဆုချီးမြှင့်ပေးတဲ့ အတွက် ဂိုဏ်းချုပ် ကို ကျေးဇူးတင်ပါတယ်... ပြီးတော့ ကောင်းကင်မိုးကြိုး ကပ်ဘေး နဲ့ ကျွန်တော်တို့ကို သန့်စင် ဆေးကြောပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်”

ထို့နောက် သူတို့ အားလုံး မြေပြင်ပေါ်သို့ ဆင်းသက်သွားကြတော့သည်။

မြေပြင်ပေါ်ရှိ ကျင့်ကြံသူ အားလုံးက သူတို့ကို မနာလို ငြူစူလုမတတ် အားကျသော အကြည့်များဖြင့် စိုက်ကြည့်နေကြသည်ကို မြင်လိုက်ရသောအခါ သူတို့ အားလုံးသည် ပြိုင်တူ ပြုံးလိုက်ကြ၏။ သူတို့၏ အနာဂတ် အတွက် မျှော်လင့်ချက်များ အပြည့်အဝ ကိန်းအောင်းနေတော့သည်။

All Chapters