အခန်း ၉၂၂
Vol. 62 Ch. 922
အခန်း (၉၂၂) အတိုင်းအတာ မရှိသော မကောင်းဆိုးဝါး ချီ
တောင်နှင့်ပင်လယ်ကမ္ဘာ့ဆန္ဒတော်နှင့် ကျယ်ပြန့်သော ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော်တို့မှာလည်း အကြီးအကျယ် အံ့အားသင့်သွားကြရ၏။
"အဲဒီသော့က ဘာလဲ... ဘယ်လိုလုပ်ပြီး ဒီမကောင်းဆိုးဝါးချီကို တိုက်ခိုက်ဖို့ အသုံးဝင်နေရတာလဲ"
သူတို့ကိုယ်တိုင်လည်း အဖြေမထုတ်နိုင်ခဲ့ကြချေ။
သို့သော် သူတို့သည် နင်ချီကို နောက်တစ်ကြိမ် အသစ်အဆန်းသဖွယ် လေးစားစွာ စူးစိုက်ကြည့်နေမိကြပြန်သည်။
ဤကောင်လေးမှာ တကယ့်ကို ကံကောင်းလှပေ၏။ သူတို့ကိုယ်တိုင်ပင် နားမလည်နိုင်သော အရာဝတ္ထုများကို ရရှိထားသည် မဟုတ်ပါလော။
ဝိညာဉ်ကမ္ဘာနှစ်ခုလုံး၏ ဆန္ဒတော်များမှာလည်း မျက်လုံးများ အနည်းငယ် တလက်လက် တောက်ပလာကြသည်။
သည်အချက်ကိုကြည့်ခြင်းအားဖြင့် သည်ကောင်လေးသည် ဝိညာဉ်ကမ္ဘာတိုက်ပွဲကြီးအတွင်း အကြီးမားဆုံးသော အပြောင်းအလဲ ဖြစ်လာနိုင်ချေရှိ၏။
ထိုမကောင်းဆိုးဝါးချီ၊ ထိုရွှေရောင်သော့ သာမက နင်ချီကိုယ်တိုင်ကိုပါ သူတို့ ပို၍..ပို၍ နားမလည်နိုင်အောင် ဖြစ်လာရသည်ကို သူတို့ကိုယ်တိုင် ဝန်ခံလိုက်ရတော့သည်။
ဤအချက်မှာ ကောင်းသလား၊ ဆိုးသလားဆိုသည်ကို ဝိညာဉ်ကမ္ဘာဆန္ဒတော်များအနေဖြင့် အဖြေထုတ်ရန် ခက်ခဲနေဆဲပင်။ အမှန်တကယ်ပင် နင်ချီမှာ အလွန်အားကောင်းလာပြီး သူတို့၏ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားပြီဖြစ်သော်လည်း ဝိညာဉ်ကမ္ဘာဆန္ဒတော်များ၏ အစစ်အမှန်ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်ပါက အားနည်းနေဆဲပင် ဖြစ်သည်။
ထို့အပြင် ဘိုးဘေးကြီး သုံးပါးမှာလည်း စစ်မြေပြင်နယ်မြေအတွင်းသို့ ခြေမချရသေးချေ။ နင်ချီ၏ လက်ရှိစွမ်းအားမှာ ဝိညာဉ်ကမ္ဘာကြီးနှစ်ခုရှိ အစွမ်းအထက်ဆုံးဂိုဏ်း သုံးခုမှ ဂိုဏ်းချုပ်ကြီးများနှင့်သာ နှိုင်းယှဉ်၍ ရနိုင်သေးသည် မဟုတ်ပါလော။ ဘိုးဘေးကြီး သုံးပါး သို့မဟုတ် သူတို့ကို အမီလိုက်နိုင်ရန်ဆိုသည်မှာ အလွန်ဝေးကွာနေသေး၏။
နင်ချီသည် သူ၏ဝိညာဉ်အာရုံဖြင့် ရွှေရောင်သော့ကို အသုံးပြုကာ မကောင်းဆိုးဝါးချီများကို အကြိမ်ကြိမ် ခုတ်ပိုင်းလိုက်ရာ နောက်ဆုံး၌ ထိုသတ္တဝါ၏ မာနထောင်လွှားနေသော အငွေ့အသက်များကို ဖိနှိပ်နိုင်ခဲ့၏။
သူက အမြန်ပင် မကောင်းဆိုးဝါးချီများကို အပိုင်းပိုင်းခွဲလိုက်ပြီး ဝိညာဉ်ကျောက်တုံးများဖြင့် ပြုလုပ်ထားသော မိစ္ဆာချိတ်ပိတ်ပုလင်းများအတွင်းသို့ တစ်ခုချင်းစီ ထည့်သွင်းလိုက်တော့သည်။
နောက်ဆုံး၌ နင်ချီသည် ရွှေရောင်သော့ကို ချိတ်ပိတ်ပုလင်းနှင့် ပြန်လည်ဆက်သွယ်ကာ သိုလှောင်ရေးဟင်းလင်းပြင်အတွင်းသို့ ပြန်လည်သိမ်းဆည်းလိုက်၏။ မကောင်းဆိုးဝါးချီကို အောင်မြင်စွာ နှိမ်နင်းပြီးနောက် နင်ချီသည် နောက်တစ်ကြိမ် လူတိုင်း၏ အာရုံစိုက်မှုကို ခံယူလိုက်ရပြန်တော့သည်။
နင်ချီသည် စွမ်းအင်အမြောက်အမြား ကျန်ရှိနေသေးသော ကပ်ဘေးတိမ်တိုက်များနှင့် သူ၏ပတ်လည်တွင် လှည့်ပတ်နေသော လျှပ်စီးဆေးလုံးများအား စစ်ဆေးလိုက်၏။
"ဒီကောင်းကင်မိုးကြိုး ကပ်ဘေးတွေကိုပါ သိမ်းဆည်းလို့ မရနိုင်ဘူးလား"
ရဲတင်းသည့်အတွေးတစ်ခု နင်ချီ၏ခေါင်းထဲ၌ ပေါ်ပေါက်လာ၏။
သူသည် ယခုအခါ ကောင်းကင်မိုးကြိုး ကပ်ဘေးကို ကြိုးကိုင်နိုင်နေပြီဖြစ်သလို ဤလျှပ်စီးဆေးလုံးမှာလည်း သူကိုယ်တိုင် ဖြတ်သန်းခဲ့သော ကောင်းကင်မိုးကြိုး ကပ်ဘေးမှ ကျန်ရှိနေသော မိုးကြိုးများဖြင့် ဖွဲ့စည်းထားခြင်းပင် ဖြစ်သည်။
နင်ချီ၏ စိတ်အာရုံမှာ လှုပ်ရှားသွားခဲ့လေပြီ။
ချက်ချင်းပင် အောက်ဘက်ရှိလူတိုင်းသည် ကောင်းကင်ယံရှိ ကပ်ဘေးတိမ်တိုက်ကြီးများ အလယ်ဗဟိုသို့ အလျင်အမြန် ကျုံ့ဝင်သွားသည်ကို မြင်တွေ့လိုက်ရသည်။
သို့သော် နောက်တစ်စက္ကန့်တွင် သူတို့ကို အံ့အားသင့်သွားစေသည်မှာ တိမ်တိုက်ကြီးများသည် မူလအရွယ်အစား၏ ထက်ဝက်ခန့်အထိ ကျုံ့ဝင်သွားပြီးနောက် ရပ်တန့်သွားခြင်းပင် ဖြစ်သည်။ ကပ်ဘေးတိမ်တိုက်များအောက်တွင် နင်ချီ၏ လက်အောက်ငယ်သားများ အားလုံး ကောင်းကင်ယံသို့ ပျံတက်လာကြသည်ကို သူတို့မြင်တွေ့လိုက်ရ၏။
၎င်းမှာ ယခုလေးတင်မှ ကပ်ဘေးစတင်ဖြတ်ကျော်ခဲ့သော ဓားဘိုးဘေးကြီးနှင့် သူ၏အဖွဲ့ကို ဆိုလိုခြင်း မဟုတ်ဘဲ နင်ချီ၏ ဦးဆောင်မှုအောက်တွင် ရှိနေခဲ့ကြသော နက်ရှိုင်းသောသစ္စာတရားနယ်မြေနှင့် ဖူယောင်နယ်မြေ စစ်တပ်ကြီးကို ဆိုလိုပါ၏။
ဓားဘိုးဘေးကြီးနှင့် ချီခယ်ချင်းတို့ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကြပြီး ရုတ်တရက် ကောင်းကင်ယံသို့ ပျံတက်သွားကြသော သူတို့၏ ကျင့်ကြံသူများကို အံ့ဩတကြီး စိုက်ကြည့်နေမိကြသည်။
အခြားသော ကျင့်ကြံသူများမှာလည်း မှင်သက်သွားကြရ၏။
‘ဘာတွေဖြစ်နေတာလဲ၊ သူတို့လည်း ကပ်ဘေးဖြတ်ကျော်ကြတော့မှာလား၊ ဒါက တာအိုအဆင့်တွေအတွက်သာ သီးသန့်ဖြစ်တဲ့ ကောင်းကင်မိုးကြိုး ကပ်ဘေးလေ’
ကြည့်ရှုသူများမှာ တွေးနေမိကြသည်။
တောင်နှင့်ပင်လယ်ကမ္ဘာတွင် ဖြစ်စေ၊ ကျယ်ပြန့်သောကမ္ဘာတွင် ဖြစ်စေ ပေါင်းစည်းခြင်းနယ်ပယ် ကျင့်ကြံသူများသာ တာအိုအဆင့်သို့ တက်လှမ်းရန် ကပ်ဘေးဖြတ်ကျော်ကြရလေ့ ရှိပြီး ထိုအဆင့်အောက်ရှိ ကျင့်ကြံသူများမှာ ကောင်းကင်မိုးကြိုး ကပ်ဘေးကို ဘယ်သောအခါမှ မဖြတ်ကျော်နိုင်ချေ။ အကြောင်းမှာ ထိုအဆင့်အောက်ရှိ ကျင့်ကြံသူများ၏ စည်းမျဉ်းနားလည်မှု၊ ရုပ်ခန္ဓာခိုင်ခံ့မှုနှင့် အသိစိတ်တည်ငြိမ်မှုတို့မှာ ကောင်းကင်မိုးကြိုး ကပ်ဘေးကို ခံနိုင်ရည် မရှိပါချေ။
ဝေးကွာလှသော ဒဏ္ဍာရီများထဲတွင်သာ ကျင့်ကြံခြင်းလမ်းစဉ်ကို စတင်လျှောက်လှမ်းသည်နှင့် ကပ်ဘေးဖြတ်ကျော်ရသော အဖြစ်အပျက်များ ရှိခဲ့သော်လည်း ၎င်းမှာ ဒဏ္ဍာရီသက်သက်သာ။
နင်ချီသည် ကောင်းကင်ယံသို့ ပျံတက်လာသော ကျင့်ကြံသူများကို ကြည့်နေ၏။ သူသည် ထိုသူများကို တာအိုအဆင့်သို့ တက်လှမ်းရန်အတွက် ကပ်ဘေးဖြတ်ကျော်ခိုင်းနေခြင်း မဟုတ်ဘဲ သူ၏ လက်ရှိ ကောင်းကင်မိုးကြိုး ကပ်ဘေးအပေါ် ထိန်းချုပ်နိုင်စွမ်းကို အသုံးချကာ တိမ်တိုက်များအတွင်း ကျန်ရှိနေသော စွမ်းအင်များကို လူတိုင်း ခံနိုင်ရည် ရှိသော ကောင်းကင်မိုးကြိုး ကပ်ဘေးအဖြစ် ပြောင်းလဲပေးရန် ရည်ရွယ်ထားပါသည်။
၎င်းမှာ သူတို့၏ ရုပ်ခန္ဓာကို သန့်စင်ပေးရန်နှင့် နောင်တစ်ချိန်တွင် ကျင့်ကြံခြင်းအတွက် ပိုမိုကောင်းမွန်သော အခြေခံအုတ်မြစ်များ ရရှိစေရန် ရည်ရွယ်ခြင်းပင် ဖြစ်သည်။ လူအုပ်ကြီး၏ သံသယအပြည့်နှင့် အကြည့်များအောက်တွင် နင်ချီသည် သူ၏လက်ကို ပြတ်သားစွာ ဝှေ့ယမ်းလိုက်လေပြီ။
"ဝုန်း"
ကောင်းကင်ယံရှိ ကပ်ဘေးတိမ်တိုက်များထဲမှ ထောင်ပေါင်းများစွာသော လျှပ်စီးတန်းများ ချက်ချင်းထွက်ပေါ်လာပြီး ကောင်းကင်ယံသို့ ပျံတက်လာကြသော ကျင့်ကြံသူများဆီသို့ တဟုန်ထိုး ပြေးဝင်သွားကြတော့သည်။ သူတို့အားလုံး တစ်ပြိုင်နက်တည်း မိုးကြိုးအပစ်ခံလိုက်ရ၏။
လူတိုင်းသည် လျှပ်စီးများဖြင့် ဆေးကြောခံနေကြရပြီး နာကျင်မှုနှင့် ပျော်ရွှင်မှု နှစ်မျိုးစလုံးကို ရောပြွမ်းခံစားနေကြရ၏။
သူတို့၏ ကိုယ်တွင်းရှိ အညစ်အကြေးများကို လျှပ်စီးများက ဖိအားပေး နှင်ထုတ်နေကြပြီး သူတို့၏ ရုပ်ခန္ဓာ၊ မူလဝိညာဉ်နှင့် အသိစိတ်များကို ပိုမိုသန့်စင်လာစေရန် ကောင်းကင်မိုးကြိုး ကပ်ဘေးက သန့်စင်ဆေးကြောပေးနေတော့သည်။