အခန်း ၉၂၈
Vol. 62 Ch. 928
အခန်း (၉၂၈)- လမင်းပင်လယ် အင်မော်တယ်ဂိုဏ်း
ကျယ်ပြန့်သော ကမ္ဘာကမ္ဘာ့ဆန္ဒတော် နောက်တစ်ကြိမ် ခေါင်းညိတ်ပြပြန်၏။
သူတော်စင် ဘိုးဘေးကြီးသည် အတွေးထဲတွင် နစ်မြောနေဟန်ဖြင့် ဟိုဟိုဒီဒီ လျှောက်နေသည်။
“နင်ချီ... တောင်နှင့်ပင်လယ် ကမ္ဘာရဲ့ ဆန္ဒတော်... ယုတ်ညံ့တဲ့ အငွေ့အသက်...”
သူသည် တစ်ကိုယ်တည်း ရေရွတ်နေရင်းမှ ရုတ်တရက်ပင် နိမိတ်ဖတ်ရန်အတွက် လိပ်ခွံကို ထုတ်ယူလိုက်၏။
ကျယ်ပြန့်သော ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော်သည် သူတော်စင် ဘိုးဘေးကြီး စိတ်ကို တည်ငြိမ်အောင် ထားပြီးနောက် ဟင်းလင်းပြင်ထဲတွင် နိမိတ်ဖတ်ကွက် တစ်ခုကို ချလိုက်သည်ကို တွေ့မြင်လိုက်ရသည်။
လိပ်ခွံသည် လေထဲတွင် ကန့်လန့်ဖြတ် တည်ရှိနေကာ သူတော်စင် ဘိုးဘေးကြီး၏ ရှေ့တွင် နိမိတ်ဖတ်ကွက် တစ်ခုကို တင်ပြနေ၏။ ၎င်းမှာ ကောင်းကင်ယံမှ နိမိတ်စကားတစ်ခု ပေါ်ထွက်လာသကဲ့သို့ပင်။
သူတော်စင် ဘိုးဘေးကြီးသည် ထိုနိမိတ်ကွက်ကို စိုက်ကြည့်နေသည်။ သူ၏ လေးနက်နေသော မျက်နှာထားမှာ အနည်းငယ် ပြေလျော့သွားသော်လည်း ထိုနိမိတ်ကွက်မှ ဘာကို မြင်လိုက်ရသည်လဲ ဆိုသည်မှာမူ ရှင်းလင်းခြင်း မရှိပါချေ။
“ကျစ်လီ... ငါ့ရဲ့ ကျယ်ပြန့်သော ကမ္ဘာဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီးပြီ... ရှေ့လျှောက် ဗဟိုဒေသမှာ ဖြစ်လာမယ့် ပဋိပက္ခတွေမှာ ငါတို့အနေနဲ့ အင်အားချို့တဲ့နေဖို့ များတယ်... ဒါကြောင့် ငါ ကိုယ်ပိုင် ကိုယ်ပွား တစ်ခုကို စေလွှတ်ပြီး ကူညီပေးလိုက်မယ်...”
ကျယ်ပြန့်သော ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော်မှာ အံ့အားသင့်သွားကာ အလျင်အမြန် ပြောလိုက်၏။ “ဆရာ... ဆရာကိုယ်တိုင် ပါဝင် ပတ်သက်တော့မလို့လား ခင်ဗျာ...”
သူတော်စင် ဘိုးဘေးကြီးသည် အနည်းငယ် ပြုံးလိုက်ကာ ပြောလိုက်သည်။ “ငါ အခု ပါဝင် မပတ်သက်ရင်တောင် နောက်ကျရင်တော့ တစ်ချိန်ချိန်မှာ ပါဝင်ရမှာပဲ... ဒါကြောင့် အစောကြီး ဝင်သွားပြီး အခြေအနေကို စုံစမ်းတာက ပိုကောင်းပါတယ်...”
ထို့နောက် သူသည် ကျယ်ပြန့်သော ကမ္ဘာကမ္ဘာ့ဆန္ဒတော်အား ကြည့်လိုက်၏။
“မင်းက ပင်ကိုကတည်းက စိတ်နှလုံး ကောင်းမွန်သူဖြစ်ပြီး... ငါ့ရဲ့ တပည့်ဖြစ်လာပြီးတဲ့နောက်မှာလည်း ကျယ်ပြန့်သော ကမ္ဘာက သက်ရှိအားလုံးအတွက် ကောင်းမှုတွေ အများကြီး ပြုလုပ်ခဲ့ပါတယ်... သို့သော်ငြားလည်း ဝိညာဉ်နယ်မြေ စစ်ပွဲတွေနဲ့ ပတ်သက်ရင်တော့ မင်းမှာ ငါ့လောက် အတွေ့အကြုံ မရှိသေးဘူး...”
“ဟုတ်ကဲ့ပါ ဆရာ...”
သူတော်စင် ဘိုးဘေးကြီးသည် စကားပြောပြီးသည့်နောက်တွင် ဘာမျှ လှုပ်ရှားခြင်း မရှိပါချေ... သို့သော်လည်း သူ၏ အနည်းငယ် အိုမင်းနေသော ခန္ဓာကိုယ်ထဲမှ ဝိုးတဝါး အရိပ်တစ်ခုသည် ထွက်ပေါ်လာကာ... ထိုအရိပ်သည် ကိုယ်ပွားတစ်ခု အသွင်သို့ ပြောင်းလဲသွားပြီး ကျယ်ပြန့်သော ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော် ဘေးတွင် ဆင်းသက်လိုက်၏။
“သွားကြစို့... တောင်နှင့်ပင်လယ် ကမ္ဘာက လူတွေနဲ့ သွားတွေ့ကြတာပေါ့... အဲ့ဒီ နင်ချီ ဆိုတဲ့ သူကိုလည်း ငါ သွားတွေ့ကြည့်ရမယ်...”
“ဟုတ်ကဲ့ပါ ဆရာ...”
နင်ချီကြောင့် ဖြစ်ပေါ်လာသော အဖြစ်အပျက်များစွာသည် တောင်နှင့်ပင်လယ် ကမ္ဘာ၏ ဘိုးဘေးနှစ်ဦးလုံး၏ အာရုံစိုက်မှုကိုလည်း ရရှိစေခဲ့၏။ တောင်ဘိုးဘေးသည် ကောင်းကင်နှင့် ဆက်သွယ်နေသော တောင်ထိပ်ပေါ်တွင် ရပ်နေသည်။ သူ၏ ထူထဲသော မျက်ခုံးတန်းကြီးမှာ အနည်းငယ် တွန့်ချိုးနေ၏။
တောင်ဘိုးဘေးအနေဖြင့် နင်ချီသည် တာအိုနယ်ပယ်သို့ ဤမျှ မြန်ဆန်စွာ ရောက်ရှိသွားနိုင်သည်ကို လက်ခံနိုင်သည်။ သို့သော်လည်း နင်ချီကြောင့် ဖြစ်ပေါ်လာသော ကောင်းကင်မိုးကြိုး ကပ်ဘေးမှာမူ တောင်ဘိုးဘေး၏ မျှော်လင့်ချက်များကို ကျော်လွန်သွားခဲ့၏။ ထို့ပြင် နင်ချီသည် ကပ်ဘေးသင့် လျှပ်စီးများကို ထိန်းချုပ်ကာ သူ၏ လက်အောက်ခံများအတွက်ပါ ကံကြမ္မာကပ်ဘေးကို ရင်ဆိုင်စေခဲ့သည် မဟုတ်ပါလော။
တောင်ဘိုးဘေးသည် ရင်ထဲတွင် နောင်တရစရာ တစ်ခုကို ခံစားနေရသည်။ ဤမျှ ထူးချွန်လှသော ပါရမီရှင်တစ်ဦးကို ပင်လယ်ဘိုးဘေးက ဦးအောင် လုယူသွားခဲ့ခြင်း ဖြစ်၏။
သူသည် တောင်ဘက်အရပ်ရှိ အဆုံးမဲ့ပင်လယ်ဆီသို့ အကြည့်ပို့လွှတ်လိုက်၏။ သူသည် ယခုအခါ ပင်လယ်ဘိုးဘေး၏ လက်ထဲမှ နက်ရှိုင်းသော သစ္စာတရား နယ်မြေကို ပြန်လည် ရယူလိုလျှင်ပင် ပိုမို ခက်ခဲသွားလိမ့်မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုရူးသွပ်နေသော မိန်းမသည် ယခင်ကတည်းက နင်ချီကို အလွန် တန်ဖိုးထားခဲ့သဖြင့် ယခုအခါတွင်မူ အလွယ်တကူ လက်လွှတ်မည် မဟုတ်သောကြောင့်ပင်။
နင်ချီ၏ အကူအညီဖြင့် ထိုရူးသွပ်နေသော မိန်းမ၏ ခွန်အားများသည် စစ်မြေပြင်နယ်မြေကို အပြည့်အဝ လွှမ်းမိုးထားနိုင်ပြီ ဖြစ်ချေသည်။ ဤသည်မှာ တောင်ဘိုးဘေး မမြင်လိုသော အခြေအနေတစ်ခုပင် ဖြစ်ပါသည်။
တောင်ဘိုးဘေးသည် ရုတ်တရက် ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။ သူ ကြည့်နေသော လားရာမှာ ဟင်းလင်းပြင် အချည်းနှီးဆီသို့ ဦးတည်နေဟန် ရှိသော်လည်း သူ၏ မျက်နှာထားမှာ အလွန်တရာ တည်ကြည်လေးနက်နေ၏။
“တောင်နှင့်ပင်လယ် ကမ္ဘာဟာ ဒီတစ်ကြိမ်မှာ ရှေ့တိုးနိုင်မလား... ပြီးတော့ ငါကိုယ်တိုင်လည်း ဒီအောင်မြင်မှုကို အသုံးချပြီး အင်မော်တယ် အစစ်အမှန်အဖြစ် ရောက်ရှိနိုင်မလား ဆိုတာဟာ... ဒီတစ်ကြိမ် လောင်းကြေးအပေါ်မှာပဲ မူတည်နေတော့တယ်...”
အဆုံးမဲ့ပင်လယ်အတွင်း၌..
ပင်လယ်ဘိုးဘေးသည် နင်ချီက နယ်မြေများ ပင်လယ်၏ ခွန်အားများကို ဆွဲထုတ်ကာ ကောင်းကင်ကပ်ဘေးအတွင်း ပေါင်းစည်းလိုက်သည်ကို တွေ့မြင်ခဲ့ရချိန်မှစ၍... သူမ၏ မျက်နှာပေါ်တွင် နားလည်ရခက်သော အပြုံးတစ်ခုမှာ အမြဲ ရှိနေခဲ့၏။ သူမ၏ အေးစက်လှသော မျက်ဝန်းများကို မှိတ်လိုက်ဖွင့်လိုက် ပြုလုပ်ရင်း ပင်လယ်ဘိုးဘေးသည် ဟင်းလင်းပြင်အတွင်း စိုက်ကြည့်လိုက်သည်။
“နင်ချီ... မင်း ငါ့ကို နောက်ထပ် ဘယ်လောက်တောင် အံ့ဩစရာတွေ ပေးနိုင်ဦးမှာလဲ...”
စစ်မြေပြင်နယ်မြေအတွင်း၌..
တောင်နှင့်ပင်လယ် ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော်သည် ယခုရက်ပိုင်းအတွင်း အနည်းငယ် တိတ်ဆိတ်နေဟန် ရှိသည်။ သူ၏ အရိပ်အယောင် ပုံရိပ်သည် ဗဟိုဒေသ၏ နယ်နိမိတ်တံတိုင်း ရှေ့တွင် ရပ်နေကာ သူ၏ မျက်ဝန်းထဲတွင် နင်ချီနှင့် လန်ချင်းအောက်၏ စစ်တပ်နှစ်ခု၏ ပုံရိပ်များ ထင်ဟပ်နေ၏။
“မင်း အခု ဝင်သွားဖို့ သေချာပြီလား...”
လန်ချင်းအောက်သည် တောင်နှင့်ပင်လယ် ကမ္ဘာကမ္ဘာ့ဆန္ဒတော်အား များစွာ ရိုသေလေးစားမှု ရှိသည်။ သူမသည် ထိုမေးခွန်းကို ပြန်လည် မဖြေကြားပါချေ... အဘယ်ကြောင့်ဆိုသော် ထိုသူသည် နင်ချီနှင့် စကားပြောနေခြင်း ဖြစ်မှန်း သူမ သိသောကြောင့် ဖြစ်၏။
နင်ချီ၏ အကြည့်မှာ ပြင်းထန်လှသည်။ “အတွင်းဘက်မှာ ဘာတွေ ဖြစ်နေသလဲဆိုတာ ကျွန်တော် သိပြီးသားပါ... အပြင်ဘက် နယ်မြေတွေမှာ ကျန်နေခဲ့တာက အချိန်ဖြုန်းတာသက်သက်ပဲ ဖြစ်လိမ့်မယ်...”
တောင်နှင့်ပင်လယ် ကမ္ဘာ၏ ကမ္ဘာ့ဆန္ဒတော်ပုံရိပ်ယောင်မှာ အနည်းငယ် ခေါင်းညိတ်လိုက်၏။ “ကောင်းပါပြီ... မင်း အတွင်းဘက်ကို ခြေချလိုက်တာနဲ့ မင်းရဲ့ စရိုက်အတိုင်း ချက်ချင်း ပြောင်းလဲမှုတွေ ဖြစ်လာတော့မှာပဲ... ဒါပေမယ့် မင်းကိုယ်မင်း ထိန်းချုပ်နိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်... မဟုတ်ရင် မင်းက ငါတို့ကို ဒီကစားပွဲထဲကနေ စောစောစီးစီး ထွက်ခွာသွားအောင် လုပ်မိလိမ့်မယ်...”