အခန်း ၁၆၁
Vol. 17 Ch. 161
အခန်း (၁၆၁)
သေတ္တာတော်၏ အမှန်တရား (၂)
၎င်းကို ကြားရသောအခါ လုံယုသည် ပြုံးလိုက်ပြီး မျက်လုံးများကို ပင့်၍ သူမကို ကြည့်လိုက်လေသည်။ သူသည် သူမ၏ လက်များကို ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး ပြောလိုက်သည်။
"မှတ်ထားပါနော်...၊ ဒါက မင်းကိုယ်တိုင် ပြောခဲ့တာနော်...။ ငါ့ကို လိမ်လို့ မရဘူးနော်...။"
"အင်း...။"
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ယောင်ရန်က ပြောလိုက်လေသည်။
"ကျွန်မ ယောင်ယွဲ့ချွမ်ကို သွားတွေ့မလို့...၊ ရှင် ကျွန်မနဲ့အတူ လိုက်ခဲ့ပေးနိုင်မလား...။"
လုံယုက ခေါင်းငြိမ့်ပြကာ "သေချာတာပေါ့..." ဟု ဆို၏။
ထို့နောက် သူတို့နှစ်ဦးသည် စာရွက်စာတမ်းများကို သိမ်းဆည်းကာ ယောင်ရန်၏ တိုက်ခန်းသို့ ပြန်လည် ယူဆောင်လာခဲ့ကြလေသည်။
လုံယုက စင်္ကြံလမ်းတွင် သူမကို စောင့်ဆိုင်းနေစဉ် ယောင်ရန်သည် စာရွက်စာတမ်းများကို သူမ၏ ဗီလာအသေးစားလေးရှိ အိပ်ခန်းအတွင်း၌ သိမ်းဆည်းလိုက်၏။ ထို့နောက် သူမသည် သိုလှောင်ရုံ အတွင်းမှ ဖိသိပ်ထားသော ဘီစကစ်မုန့်တစ်ထုပ်ကို ထုတ်ယူကာ ရေနွေးအိုးအတွင်းသို့ ရေနွေးများ ဖြည့်ပြီးနောက် တိုက်ခန်းအတွင်းမှ ထွက်လာခဲ့လေသည်။
သူမ ထွက်လာသည်ကို မြင်သောအခါ လုံယုသည် သူမ၏ ရေနွေးအိုးနှင့် ဘီစကစ်မုန့်ထုပ်ကို လှမ်းယူ လိုက်လေ၏။ ထို့နောက် သူသည် သူမ၏ လက်ကို ဆုပ်ကိုင်ကာ သူတို့နှစ်ဦးမှာ အောက်ထပ်သို့ ဆင်း လာခဲ့ကြလေသည်။
သူတို့ အခန်းအမှတ် (၁၉၀၃) အတွင်းသို့ ဝင်လာသည့်အခါ ယောင်ယွဲ့ချွမ်က ပြုံး၍ မေးလိုက်လေသည်။
"မယောင်ရန်...၊ အခုတော့ ကျွန်တော် ပြောတာတွေကို ယုံပြီမလား...။"
ယောင်ရန်က ပြန်လည်ဖြေလိုက်၏။
"ကျွန်မ စာရွက်စာတမ်းတွေကို ဖတ်ပြီးပါပြီ...၊ ဒါပေမဲ့ ရှင့်ကိုတော့ မယုံသေးဘူး...။"
ယောင်ယွဲ့ချွမ်သည် သူမ၏ စကားကို ကြားရသောအခါ သက်ပြင်းချလိုက်လေသည်။ သူမအနေဖြင့် သူ့ ကို အလွယ်တကူ ယုံကြည်လိမ့်မည် မဟုတ်ကြောင်း သူ သိရှိထား၏။ သို့သော်လည်း စာရွက်စာတမ်း များကို ဖတ်ရှုပြီးနောက် သူမအနေဖြင့် အနည်းဆုံးတော့ သူ၏ စကားများကို အသိအမှတ်ပြုလိမ့်မည် ဟု သူ မျှော်လင့်ထားခြင်း ဖြစ်လေသည်။
ယောင်လုံခြုံရေးကုမ္ပဏီ အတွင်းရှိ အခြေအနေများကို သူမ နားလည်သွားသရွေ့ ယောင်ယွဲ့ချွမ်အနေ ဖြင့် ကျေနပ်လှပေပြီ။
သူက ပြုံး၍ ပြောလိုက်၏။
"မင်း ကျွန်တော့်ကို မယုံရင်လည်း ကိစ္စမရှိပါဘူး...။ မင်းရဲ့ ရန်သူက ဘယ်သူလဲဆိုတာကို မင်း သိသွား ရင်ပဲ ကျွန်တော့်အတွက် လုံလောက်ပါပြီ...။"
လုံယုသည် ရေနွေးအိုးနှင့် ဘီစကစ်မုန့်ထုပ်ကို ယောင်ယွဲ့ချွမ်၏ ရှေ့တွင် ချပေးလိုက်လေ၏။ သူသည် ထိုလူ၏ ရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ အေးစက်စွာ ပြောလိုက်လေသည်။
"မင်းသာ ထွက်ပြေးဖို့ ကြိုးစားရင်...၊ မင်းကို ငါ သတ်ပစ်မယ်...။"
ယောင်ယွဲ့ချွမ်က အလျင်အမြန် ခေါင်းငြိမ့်ပြကာ ပြောလိုက်၏။
"အစ်ကိုကြီး...၊ ကျွန်တော် မပြေးပါဘူး...။ ကျွန်တော် မယောင်ရန်ကို နောက်ဆုံးတော့ ရှာတွေ့ပြီပဲဟာ... ၊ ဘာလို့ ပြေးရမှာလဲ...။"
လုံယုက သူ့ကို လျစ်လျူရှုထားလိုက်ကာ ကြိုးများကို ဖြေပေးလိုက်လေသည်။ သူ အလုပ်ပြီးသွားသည့် အခါ မတ်တပ်ရပ်၍ သေနတ်ကို ထုတ်ယူလိုက်၏။
သေနတ်မှာ သူ၏ ဦးခေါင်းကို ချိန်ရွယ်ထားသဖြင့် ယောင်ယွဲ့ချွမ်သည် ကြွက်သားများ နာကျင်နေမှု ကြောင့် ညည်းညူရင်း သူ၏ တောင့်တင်းနေသော ကိုယ်လက်အင်္ဂါများကို ဖြည်းညှင်းစွာ လှုပ်ရှားလိုက် ရလေသည်။
သူသည် သူ၏ ကိုယ်ခန္ဓာကို တွန်းတင်ကာ အေးစက်သော ကြမ်းပြင်ပေါ်၌ ဝင်ထိုင်လိုက်ပြီး ရေနွေးအိုး ကို လှမ်းယူ၍ ခက်ခဲစွာ ဖွင့်လိုက်၏။ ထို့နောက် ရေနွေးကို တစ်ငုံချင်း သောက်ကာ လည်ချောင်းကို စိုစွတ်စေပြီးနောက် စတင် စားသောက်တော့လေသည်။
သူ စားသောက်နေစဉ်အတွင်း ယောင်ရန်က မေးမြန်းလိုက်လေ၏။
"ရှင့်ရဲ့ ပစ်မှတ်က ကျွန်မ ဖြစ်နေတာကို ရှင် မသိခဲ့ဘူးလို့ ပြောတယ်နော်...။"
ယောင်ယွဲ့ချွမ်က ခေါင်းငြိမ့်ပြကာ တုံ့ပြန်လိုက်ရာ ယောင်ရန်က ထပ်မံ မေးလိုက်ပြန်သည်။
"ဒါဆို ကျွန်မကို သတ်ဖို့ ဘယ်သူက အမိန့်ပေးခဲ့တာလဲ...။"
ယောင်ယွဲ့ချွမ်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ကာ ပြန်လည်ဖြေလိုက်၏။
"သူတို့က ကျွန်တော့်ကို အလျင်စလို ခိုင်းခဲ့တာဆိုတော့...။ ဒီလုပ်ကြံသတ်ဖြတ်မှု တာဝန်ရဲ့ အသေးစိတ် အချက်အလက်တွေကို စစ်ဆေးဖို့ ကျွန်တော် အချိန်မရခဲ့ဘူး...။ ဒါပေမဲ့ ဒါဟာ သုတေသနနှင့် ဖွံ့ဖြိုးရေး ဌာနရဲ့ ညွှန်ကြားရေးမှူး ကောက်ရှုဝေ ဖြစ်ရမယ်...။"
"သူက ဘယ်သူလဲ...။" ဟု လုံယုက မေးလိုက်လေသည်။
ယောင်ယွဲ့ချွမ်သည် လက်ကို တင်းတင်း ဆုပ်ကိုင်ကာ အံကြိတ်လိုက်လေ၏။ သူ စကားပြောလိုက်သည့် အခါတွင်မူ သူ၏ လေသံမှာ နာကျည်းမှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။
"ကျေးဇူးကန်းတဲ့ ကောင်ပေါ့...။"
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူသည် ဆက်လက် စားသောက်ရင်း ပြောလိုက်လေ၏။
"သူက ဥက္ကဋ္ဌယောင် ကယ်တင်ခဲ့တဲ့ မိဘမဲ့ကလေးတွေထဲက တစ်ယောက်ပဲ...။ ကျွန်တော်တို့ အားလုံး ဟာ ဥက္ကဋ္ဌယောင် တည်ထောင်ခဲ့တဲ့ လူမှုရေးအဖွဲ့အစည်းဆီကနေ ပညာသင်စရိတ်နဲ့ ငွေကြေးထောက် ပံ့မှုတွေ ရရှိခဲ့ကြတာလေ...။"
"ကျွန်တော်တို့ အရွယ်ရောက်လာတဲ့အခါ ယောင်အုပ်စုမှာ အလုပ်ဝင်ဖို့ ရွေးချယ်နိုင်သလို၊ အပြင်ထွက် ပြီး ကိုယ်ပိုင် အလုပ်ရှာဖို့လည်း ရွေးချယ်နိုင်တယ်...။ ဒါပေမဲ့ ကျွန်တော်တို့ အများစုကတော့ ဥက္ကဋ္ဌ ယောင်ရဲ့ ကျေးဇူးကို ဆပ်ဖို့အတွက် ယောင်အုပ်စုမှာပဲ ဆက်နေပြီး အလုပ်လုပ်ဖို့ ရွေးချယ်ခဲ့ကြတာ ပေါ့...။"
"ကောက်ရှုဝေကလည်း ဒီမှာပဲ နေခဲ့ဖို့ ရွေးချယ်ခဲ့တယ်...။ သူက ဇီဝနည်းပညာမှာ ပါရမီရှိတဲ့အတွက် မကြာခင်မှာပဲ ယောင်လုံခြုံရေးကုမ္ပဏီရဲ့ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနမှာ ညွှန်ကြားရေးမှူး ဖြစ်လာခဲ့ တာပဲ...။ ဥက္ကဋ္ဌယောင် ကွယ်လွန်သွားပြီးတဲ့နောက်မှာတော့ ကုမ္ပဏီဟာ အုပ်စုနှစ်စု ချက်ချင်း ကွဲသွား ခဲ့တယ်...။"
"ကျွန်တော် ပါဝင်တဲ့ အုပ်စုကတော့ ကုမ္ပဏီကို ပိတ်ပစ်ပြီး ကုမ္ပဏီအသစ်တစ်ခုအဖြစ် ပြောင်းလဲပစ် မယ့် အစီအစဉ်ကို လက်မခံခဲ့ကြဘူး...။ ကောက်ရှုဝေနဲ့ တခြား အတိုက်အခံ အုပ်စုက မြေခွေးအိုကြီး တွေကတော့ ကုမ္ပဏီအသစ် တစ်ခုကို တည်ထောင်ပြီး ယောင်လုံခြုံရေးကုမ္ပဏီကို သူတို့အပိုင်အဖြစ် သိမ်းပိုက်ချင်နေကြတာလေ...။"
ယောင်ရန်နှင့် လုံယုတို့မှာ ထိုစကားကို ကြားရသည့်အခါ တစ်ဦးကိုတစ်ဦး အကြည့်ချင်း ဖလှယ်လိုက် ကြလေ၏။ သေတ္တာတော် သည် ယောင်လုံခြုံရေးကုမ္ပဏီကို ပိတ်ပစ်ပြီးနောက်မှ ပေါ်ပေါက်လာခဲ့ပုံ ရလေသည်။
ယောင်ရန်သည် ယောင်ယွဲ့ချွမ်ကို ကြည့်ကာ မေးလိုက်လေ၏။
"ကုမ္ပဏီအသစ် တစ်ခု တည်ထောင်ပြီး ယောင်လုံခြုံရေးကုမ္ပဏီကို ပိတ်ပစ်ချင်နေတဲ့ လူတွေကို ရှင် သိသလား...။"
ယောင်ယွဲ့ချွမ်က ခေါင်းငြိမ့်ပြကာ ၊
"သေချာတာပေါ့...၊ ကျွန်တော် သူတို့နဲ့ တိုက်ခိုက်နေတာ အချိန်အတော်ကြာနေပြီပဲဟာ...။ သူတို့ရဲ့ နာမည်တွေကိုတောင် အနောက်ကနေ အရှေ့ကို ပြောင်းပြန် ရွတ်ပြလို့ ရသေးတယ်...။"
ထိုသို့ ပြောပြီးနောက် သူသည် ကောက်ရှုဝေနှင့် အုပ်စုတစ်ခုတည်းတွင် ရှိနေသော လူများ၏ နာမည် များကို စတင် ရွတ်ပြတော့လေသည်။ ယောင်ယွဲ့ချွမ်သည် နာမည်ပေါင်း တစ်ရာကျော်ကို ရွတ်ပြပြီး နောက် ရေတစ်ငုံ သောက်လိုက်ကာ ပြောလိုက်လေ၏။
"ဒါတွေကတော့ တခြားအုပ်စုနဲ့ ပူးပေါင်းသွားတဲ့ ထိပ်တန်း အရာရှိကြီးတွေ အားလုံးရဲ့ နာမည်တွေပဲ...။"
ယောင်ရန်သည် ခဏမျှ စဉ်းစားပြီးနောက် မေးလိုက်လေသည်။
"ယောင်လုံခြုံရေးကုမ္ပဏီရဲ့ ဌာနချုပ်က ဘယ်မှာလဲ...။"
ယောင်ယွဲ့ချွမ်သည် နောက်ဆုံး ဘီစကစ်မုန့် အပိုင်းအစကို စားပြီးနောက် ပြန်လည်ဖြေလိုက်လေ၏။
"ကျွန်တော်တို့ ကုမ္ပဏီမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဌာနချုပ်တွေ အများကြီး ရှိတာပေါ့...။ ငါတို့နဲ့ အနီးဆုံးကတော့ ဖန်းချန်မြို့မှာ ရှိတယ်...။ ကောက်ရှုဝေ ဦးဆောင်တဲ့ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနရဲ့ အဓိက အဖွဲ့ကလည်း ဖန်းချန်မြို့က ဌာနချုပ်မှာပဲ ရှိနေတာလေ...။"
ဖန်းချန်မြို့သည် ကျွင်းချန်မြို့၏ အရှေ့ဘက် ကီလိုမီတာ (၃၀၀) ခန့် အကွာတွင် တည်ရှိလေသည်။ ယခင် ကဆိုလျှင် ကျွင်းချန်မြို့မှ ဖန်းချန်မြို့သို့ ကားမောင်းသွားပါက ငါးနာရီခန့်သာ ကြာမြင့်မည် ဖြစ်၏။ သို့ သော်လည်း လက်ရှိ အခြေအနေတွင်မူ ဝေးလံသော ခရီးတစ်ခုကို သွားလာရန်မှာ မဖြစ်နိုင်သလောက် ပင် ရှိနေပြီ ဖြစ်လေသည်။
ထိုအကြောင်းကို တွေးမိကာ လုံယုက မေးလိုက်လေ၏။
"မင်းက ဖန်းချန်မြို့ကနေ လာတာလား...။"
ယောင်ယွဲ့ချွမ်က ခေါင်းငြိမ့်ပြလိုက်လေသည်။
"ဟုတ်တယ်...၊ ကျွန်တော်က ရှေ့ပြေးတပ်ဖွဲ့ဌာနရဲ့ အဖွဲ့ခေါင်းဆောင်တွေထဲက တစ်ယောက်ပါ...။ ကျွန်တော်တို့မှာ ပုံသေ ဌာနချုပ်ရယ်လို့ မရှိဘဲ ကျွန်တော်တို့ရဲ့ တာဝန် ပစ်မှတ်တွေ ရှိတဲ့နေရာကိုပဲ သွားကြရတာလေ...။ အခုက အမှတ်မထင် ဖန်းချန်မြို့က ဌာနချုပ်ကို သွားလည်တုန်းမှာပဲ သူတို့က ကျွန်တော့်ကို ဒီတာဝန်ကို အတင်းအကြပ် ခိုင်းလိုက်တာပေါ့...။"
သူ စကားပြောပြီးနောက် တစ်စုံတစ်ခုကို သတိပြုမိသွားဟန်ဖြင့် အတွေးနက်သွားလေသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် ယောင်ယွဲ့ချွမ်သည် အံကြိတ်လိုက်ကာ ပြောလိုက်၏။
"အခုမှ ပြန်စဉ်းစားကြည့်တော့...၊ အဲ့ဒီ ကောက်ရှုဝေ ဆိုတဲ့ အကောင်က ကျွန်တော့်ကို အပြစ်ပုံချ ဖို့အတွက် အသုံးချလိုက်တာပဲ...။ နောင်တစ်ချိန်မှာ မယောင်ရန်ရဲ့ အထောက်အထားတွေ ပေါက်ကြား သွားခဲ့ရင် သူက အညစ်အကြေး အားလုံးကို ကျွန်တော့် ခေါင်းပေါ်ပဲ ပုံချလိုက်မှာပေါ့...။"
"ဒါမှမဟုတ်ရင်လည်း သူက ကျွန်တော့်ကို မယောင်ရန်ကို သတ်ခိုင်းပြီးတော့ ရှေ့ပြေးတပ်ဖွဲ့ဌာနနဲ့ အုပ်စုဟောင်းကြားမှာ ပြဿနာတက်အောင် ဖန်တီးလိုက်မှာပဲ...။ အဲ့ဒီအခါကျရင် သူက ဘေးကနေ ထိုင်ကြည့်ပြီး အကျိုးအမြတ်တွေကို သိမ်းပိုက်တော့မှာပေါ့...။ ဒီကောင်က တကယ့်ကို ကောက်ကျစ် တာပဲ...။"