အခန်း ၁၆၂
Vol. 17 Ch. 162
အခန်း (၁၆၂)
ငါ သူ့ကို မယုံဘူး
ယောင်ယွဲ့ချွမ်၏ ဒေါသတကြီး ဖြစ်နေသော အမူအရာကို ကြည့်ရင်း လုံယုက တည်ငြိမ်စွာ မေးလိုက် လေသည်...။
"မင်း ဖန်းချန်မြို့ကနေ ကျွင်းချန်မြို့ကို ဘယ်လို ရောက်လာတာလဲ...။"
၎င်းကို ကြားသောအခါ ယောင်ယွဲ့ချွမ်သည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ကာ ပြောလိုက်၏။
"ကျွန်တော်တို့ရဲ့ နည်းပညာကို ရရှိဖို့ မကြိုးစားပါနဲ့...။ ဒီအကြောင်းကို မယောင်ရန် တစ်ယောက်တည်း ကိုပဲ ပြောပြမှာပါ...။"
ယောင်ရန်က သူ၏ ခြေထောက်ကို ကန်လိုက်ကာ အေးစက်စွာ ပြောလိုက်လေသည်။
"သူ့မေးခွန်းကို ဖြေစမ်း...။"
ယောင်ယွဲ့ချွမ်မှာ စိတ်မချမ်းမမြေ့ ဖြစ်သွားခဲ့လေ၏။ သူသည် သူ၏ ခြောက်သွေ့ကွဲအက်နေသော နှုတ်ခမ်းများကို စူကာ ပြောလိုက်လေသည်...။
"ကျွန်တော်တို့ဆီမှာ နှင်းလျှောစီးယာဉ် ရှိပါတယ်...။"
သူက ထိုသို့ ပြောလိုက်သည်နှင့် ယောင်ရန်က ထပ်မံ မေးမြန်းလိုက်၏...။
"နှင်းလျှောစီးယာဉ်က ဘယ်မှာလဲ...။"
ယောင်ရန်က မေးမြန်းခြင်း ဖြစ်သဖြင့် ယောင်ယွဲ့ချွမ်က ပြုံး၍ အလျင်အမြန်ပင် ပြန်လည် ဖြေ လိုက် လေသည်...။
"ငါတို့ ဆုံခဲ့တဲ့ နေရာနဲ့ သိပ်မဝေးပါဘူး...။ မယောင်ရန်သာ အလိုရှိမယ်ဆိုရင် ကျွန်တော် လိုက်ပို့ပေး နိုင်ပါတယ်...။"
ထိုစကားကို ကြားရသောအခါ ယောင်ရန်သည် လုံယုကို ဘေးသို့ ဆွဲခေါ်သွားပြီး တိုးတိုးလေး ပြော လိုက်လေ၏...။
"ကျွန်မတို့ အဲ့ဒီ နှင်းလျှောစီးယာဉ်ကို သွားယူကြမလား...။ အလွန်အမင်း အေးခဲတဲ့ ရာသီဥတုက နောက်ထပ် လပေါင်းများစွာ ကြာဦးမှာလေ...။ နှင်းလျှောစီးယာဉ် ရှိရင် သွားလာရတာ ပိုပြီး အဆင် ပြေမှာပေါ့...။"
သူမ၏ နေရာလွတ် အတွင်း၌လည်း နှင်းလျှောစီးယာဉ် အချို့ ရှိနေသော်လည်း အရေအတွက်မှာ အနည်း ငယ်သာ ရှိလေသည်။ အကယ်၍ အခမဲ့ ရရှိနိုင်မည့် နှင်းလျှောစီးယာဉ်များ ရှိနေပါက သူမ ငြင်းဆန်ရန် အကြောင်းမရှိပေ။
လုံယုက ခဏမျှ စဉ်းစားလိုက်ပြီး မျက်မှောင်ကြုတ်ကာ တိုးတိုးလေး ပြောလိုက်၏...။
"ငါ သူ့ကို မယုံဘူး...။"
ယောင်ရန်သည်လည်း ယောင်ယွဲ့ချွမ်ကို မယုံကြည်ပေ။ သူမက ပြောလိုက်လေသည်။
"ကျွန်မလည်း သူ့ကို မယုံပါဘူး...။ ဒါဆိုရင် သူ့ဆီကနေ တိကျတဲ့ တည်နေရာကိုပဲ မေးပြီး ငါတို့ဘာသာ ငါတို့ သွားယူကြရင် ဘယ်လိုလဲ...။"
လုံယုသည် သူမ၏ အကြံပြုချက်ကို စဉ်းစားလိုက်ပြီး ခေါင်းငြိမ့်ပြလိုက်၏...၊
"ကောင်းပြီ...၊ မင်း ပြောသလိုပဲ လုပ်ကြတာပေါ့...။"
သူတို့နှစ်ဦး ခဏမျှ ဆွေးနွေးပြီးနောက် ယောင်ယွဲ့ချွမ်ရှိရာသို့ ပြန်လျှောက်လာခဲ့ကြလေသည်။ ထိုလူမှာ ဘီစကစ်မုန့်များကို စားပြီး၍ ရေကိုလည်း သောက်ပြီးသွားသည်ကို မြင်သောအခါ ယောင်ရန်က ရေနွေး အိုးကို ပြန်လည် သိမ်းဆည်းလိုက်၏။
သူမက ပြောလိုက်လေသည်...၊
"နင် ဒီညမှာ ရေ၊ အစားအသောက်နဲ့ အပူပေးစက်တွေ ထပ်လိုချင်သေးတယ်ဆိုရင်...၊ နှင်းလျှောစီးယာဉ် ဘယ်မှာလဲဆိုတာကို ငါတို့ကို ပြောပြရမယ်...။"
ယောင်ယွဲ့ချွမ်က သူမ၏ အကြံပြုချက်ကို စဉ်းစားလိုက်ပြီး ပြောလိုက်လေ၏...၊
"နှင်းလျှောစီးယာဉ် ရှိတဲ့ နေရာကို ကျွန်တော် ပြောပြနိုင်ပါတယ်...။ ဒါပေမဲ့ ကျွန်တော်က အပူပေးစက်၊ အစားအသောက် ဒါမှမဟုတ် ရေကို မလိုချင်ဘူး...။ ကျွန်တော် ဒီကနေ ထွက်သွားချင်တယ်...။"
"မဖြစ်နိုင်ဘူး...။"
ယောင်ရန်က ချက်ချင်းပင် တုံ့ပြန်လိုက်လေသည်။
သူမသည် ယောင်ယွဲ့ချွမ်ထံမှ ယောင်လုံခြုံရေးကုမ္ပဏီ အကြောင်းကို ပိုမို သိရှိလိုသေး၏။ သူမ အလို ရှိသော သတင်းအချက်အလက် အားလုံးကို မရရှိမချင်း သူ့ကို လွှတ်ပေးရန်မှာ မဖြစ်နိုင်ပေ။
သူမ၏ ငြင်းဆန်မှုကို ခံလိုက်ရသဖြင့် ယောင်ယွဲ့ချွမ်သည် သက်ပြင်းချကာ အကူအညီမဲ့စွာပင် ရှင်းပြ လိုက်လေသည်...။
"မယောင်ရန်...၊ ကျွန်တော် ပြန်သွားပြီး ကျွန်တော့်ရဲ့ သူငယ်ချင်းတွေနဲ့ အဲ့ဒီ အဘိုးကြီးတွေကို ကောက်ရှု ဝေ က မင်းကို သတ်ချင်နေတဲ့အကြောင်း သတင်းပို့ရမှာလေ...။ အကယ်၍ မင်း အသက်ရှင် နေသေး တယ်ဆိုတာကို သူတို့ သိသွားရင် မင်းကို ကူညီပံ့ပိုးပေးဖို့ သူတို့ ဝမ်းသာအားရ ဖြစ်နေကြမှာပါ...။"
"ကျွန်တော်တို့ရဲ့ ရှေ့ပြေးတပ်ဖွဲ့ဌာန တစ်ခုတည်းမှာတင် ထိပ်တန်းစစ်သည် နှစ်ရာကျော် ရှိပါတယ်...။ သတင်းအချက်အလက်၊ နည်းပညာ၊ ကင်းထောက်နဲ့ ဆေးဘက်ဆိုင်ရာ ဌာနတွေကိုတော့ ထည့်တောင် မပြောသေးပါဘူး...။ မင်းအတွက် အလုပ်လုပ်ပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ စစ်သည်တွေနဲ့ ဆေးဘက် ဆိုင်ရာ ဝန်ထမ်းပေါင်း နှစ်ထောင်ကျော် ရှိနေတာပါ...။"
"မယောင်ရန်...၊ မင်းသာ ယောင်လုံခြုံရေးကုမ္ပဏီကို လွှဲပြောင်းယူပြီး ကောက်ရှုဝေကို အနိုင်ယူချင် တယ်ဆိုရင် ကျွန်တော်တို့ရဲ့ အကူအညီ လိုအပ်ပါလိမ့်မယ်...။ မဟုတ်ရင် မင်း သူ့ရဲ့ အရိပ်ကိုတောင် မြင်ရမှာ မဟုတ်ဘူး...။"
"ကောက်ရှုဝေက အရမ်းကို ကောက်ကျစ်ပြီး ရက်စက်တတ်တဲ့သူပဲ...။ သူက မင်းကို သတ်ဖို့ ဆုံးဖြတ် ထားပြီးပြီဆိုမှတော့...၊ မကြာခင်မှာ တခြား ညွှန်ကြားရေးမှူးတွေကိုလည်း သတ်ပြီး ယောင်လုံခြုံရေး ကုမ္ပဏီ တစ်ခုလုံးကို အပိုင်သိမ်းတော့မှာပေါ့...။ အဲ့ဒီအချိန်ကျရင်တော့ ငါတို့ ဘာမှ လုပ်နိုင်မှာ မဟုတ် တော့ဘူး...။"
ယောင်ယွဲ့ချွမ်၏ စကားကို နားထောင်ပြီးနောက် ယောင်ရန်သည် အတွေးနက်သွားလေသည်။
သူမသည် ကိုယ်ပိုင် အဖွဲ့အစည်းတစ်ခုကို တည်ထောင်ရန် အစီအစဉ် ရှိသည်မှာ အမှန်ပင် ဖြစ်သော် လည်း၊ ယောင်ယွဲ့ချွမ်ကိုမူ မယုံကြည်နိုင်သေးပေ။ မည်သို့ပင်ဖြစ်စေ အတိတ်ဘဝမှ အတွေ့အကြုံများ မှာ သူမအတွက် အလွန်ပင် နာကျင်စရာ ကောင်းလှသဖြင့် သူမသည် အခြားသူများကို အလွယ်တကူ မယုံကြည်ဝံ့တော့ပေ။
သူမ စဉ်းစားနေစဉ်အတွင်း လုံယုက မေးလိုက်လေသည်...။
"ငါတို့ မင်းကို လွှတ်ပေးလိုက်ရင်...၊ မင်းက ကောက်ရှုဝေကို ကိုင်တွယ်ဖို့ တကယ် ပြန်သွားမှာလား၊ ဒါမှ မဟုတ် ငါတို့အားလုံးကို သတ်ဖို့အတွက် လူတွေ ပိုခေါ်လာမှာလားဆိုတာ ငါတို့ ဘယ်လို သိနိုင်မှာလဲ...။"
"....."
၎င်းကို ကြားရသောအခါ ယောင်ယွဲ့ချွမ်မှာ ဆွံ့အသွားတော့၏။
သူတို့ကို ယုံကြည်လာအောင် လုပ်ဆောင်ရန်အတွက် သူ၏ လက်ထဲ၌ မည်သည့် နည်းလမ်းမျှ မရှိပေ။ သူသာ သူတို့၏ နေရာတွင် ရှိနေမည်ဆိုလျှင်လည်း သူစိမ်းတစ်ဦး၏ စကားကို ယုံကြည်မည် မဟုတ်ပေ။
လုံခြုံရေးကုမ္ပဏီ တစ်ခုတွင် ဤမျှလောက် ကြီးမားသော အာဏာနှင့် ဩဇာ ရှိနေနိုင်သည်ဟု မည်သူက ယုံကြည်နိုင်ပါ့မည်နည်း။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူသည် သက်ပြင်းချကာ ပြောလိုက်လေသည်...။
"ကောင်းပါပြီ...၊ နှင်းလျှောစီးယာဉ် ရှိတဲ့ နေရာကို ကျွန်တော် ပြောပြပါ့မယ်...။ ဒါပေမဲ့ ကျွန်တော့်ရဲ့ သူငယ်ချင်း တစ်ယောက်ယောက်နဲ့ တွေ့ခဲ့ရင် ဒီအရာကို သူတို့ကို ပေးလိုက်ပါ...။"
ထို့နောက် သူသည် သူ၏ လက်ပတ်ကို ချွတ်၍ ညစ်ပတ်သော ကြမ်းပြင်ပေါ်သို့ တင်လိုက်ကာ ပြောလိုက်လေ၏...။
"ဒါက ကျွန်တော့်ရဲ့ ကိုယ်ပိုင် လက်ပတ်ပါ...။ ကျွန်တော့် သူငယ်ချင်းတွေ မြင်လိုက်တာနဲ့ မင်းတို့ဟာ ကျွန်တော့်ရဲ့ မိတ်ဆွေတွေဆိုတာ သိသွားပါလိမ့်မယ်...။"
"ယာဘက်အစုအဖွဲ့က အဖွဲ့ဝင်တွေ အားလုံးက အနက်ရောင် အမှတ်အသား ထွင်းထုထားတဲ့ ငွေဖြူ ရောင် ရင်ထိုးတံဆိပ်တွေကို ဝတ်ဆင်ကြပြီး...။ ဝဲဘက်အစုအဖွဲ့ကတော့ ငွေရောင် အမှတ်အသားပါတဲ့ အနက်ရောင် ရင်ထိုးတံဆိပ်ကို ဝတ်ဆင်ကြပါတယ်...။"
"တကယ်လို့များ ငါတို့ သေဆုံးသွားခဲ့ရင် အဲ့ဒီ ရင်ထိုးတံဆိပ်က အချက်ပြလှိုင်းတစ်ခု ထုတ်လွှတ်ပြီး အနီးဆုံးမှာရှိတဲ့ ဌာနချုပ်ဆီကို တည်နေရာ ပို့ပေးပါလိမ့်မယ်...။ ဒါကြောင့် မင်းတို့ ဝဲဘက်အစုအဖွဲ့က လူတွေနဲ့ တွေ့ပြီး သူတို့ကို သတ်လိုက်တယ်ဆိုရင်...၊ အဲ့ဒီ တည်နေရာကနေ ချက်ချင်း ထွက်သွားရ မယ်...။ မဟုတ်ရင် သူတို့ရဲ့ အမဲလိုက်တာကို ခံရလိမ့်မယ်...။"
"အဲ့ဒီ ရူးသွပ်နေတဲ့ ကောင်တွေက ခွေးရူးတွေလိုပဲ...။ သူတို့နဲ့ တွေ့ရင် အမြန်သာ ထွက်ပြေးကြပေ တော့...။"
လုံယုသည် ငုံ့၍ လက်ပတ်ကို ကောက်ယူလိုက်ကာ ဂရုတစိုက် စစ်ဆေးလိုက်၏။ ၎င်းမှာ ယောင်ယွဲ့ချွမ် ၏ နာမည်ကို ထိုးထားသော သာမန် လက်ပတ်တစ်ခုသာ ဖြစ်သည်ကို မြင်သောအခါ လုံယုသည် ၎င်းကို သိမ်းဆည်းထားလိုက်လေသည်။
လုံယုက လက်ပတ်ကို သိမ်းဆည်းပြီးနောက် မေးလိုက်လေသည်...။
"နှင်းလျှောစီးယာဉ်က ဘယ်မှာလဲ...။"
ယောင်ယွဲ့ချွမ်က ပြန်လည်ဖြေလိုက်၏...။
"မင်းတို့ ငါ့ကို ရှာတွေ့ခဲ့တဲ့ အဆောက်အအုံရဲ့ အရှေ့ဘက် မီတာ ငါးရာအကွာမှာပဲ...၊ နှင်းလျှောစီးယာဉ် ကို တခြား ရုံးအဆောက်အအုံ တစ်ခုထဲမှာ ဝှက်ထားခဲ့တာလေ...။"
နှင်းလျှောစီးယာဉ် ရှိသည့် တည်နေရာကို သိရှိပြီးနောက် လုံယုသည် ယောင်ရန်ကို ကြည့်လိုက်ရာ သူမ မှာ အတွေးများထဲတွင် နစ်ဝင်နေဆဲ ဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။ သူသည် စိုးရိမ်ပူပန်သော လေသံ ဖြင့် သူမ၏ လက်ကို ဆုပ်ကိုင်ကာ မေးလိုက်လေသည်...။
"ရန်ရန်...၊ ဘာဖြစ်လို့လဲ...။"
ယောင်ရန်သည် သတိပြန်ဝင်လာကာ ခေါင်းခါပြလိုက်၏... ။
"ဘာမှ မဟုတ်ပါဘူး... နှင်းလျှောစီးယာဉ် ရှိတဲ့ နေရာကို ရှင် သိပြီလား...။"
သူမသည် စောစောက စကားဝိုင်းကို နားမထောင်နေခဲ့ကြောင်း လုံယု သိရှိလိုက်လေသည်။ သူသည် သူမကို ခဏမျှ စိုက်ကြည့်နေပြီးမှ ခေါင်းငြိမ့်ပြလိုက်လေ၏...။
"အင်း...၊ သိပါပြီ...။"
"ကောင်းပြီ... ဒါဆိုရင် အခု ပြန်ကြရအောင်...။" ဟု သူမက ဆိုလေသည်။
သူမ ပြောပြီးသည်နှင့် လုံယုသည် ယောင်ယွဲ့ချွမ်ကို ပြန်လည် တုပ်နှောင်လိုက်၏။ ယောင်ယွဲ့ချွမ် ထွက် မပြေးနိုင်ကြောင်း အတည်ပြုပြီးနောက်တွင်မူ သူသည် ယောင်ရန်၏ လက်ကို ဆွဲကာ ထွက်ခွာခဲ့လေ သည်။
လုံယုနှင့် ယောင်ရန်တို့ မထွက်ခွာမီမှာပင် ယောင်ယွဲ့ချွမ်က လှမ်းပြောလိုက်လေ၏...၊
"အစ်ကိုကြီး...၊ အပူပေးစက်၊ ရေနဲ့ အစားအသောက်တွေ ပို့ပေးဖို့ မမေ့ပါနဲ့ဦးနော်...။ အော်... ပြီးတော့ စောင်တစ်ထည်လောက်လည်း ပေးပါဦး...။ အခု တော်တော်လေး ချမ်းနေလို့ပါ...။"