အခန်း ၁၆၃
Vol. 17 Ch. 163
အခန်း (၁၆၃)
ညဉ့်နက်သန်းခေါင် ပြင်ပသို့ ထွက်ခွာခြင်း
လုံယုသည် ယောင်ယွဲ့ချွမ်ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှ မပြောခဲ့ပေ။ သူတို့ ထွက်ခွာ သွား ပြီးနောက် ယောင်ယွဲ့ချွမ်သည် ဝရန်တာမှနေ၍ အပြင်ဘက်ကို ကြည့်ကာ သက်ပြင်းချလိုက်လေ၏။
သူသည် ဤနေရာ၌ ခဏမျှ ပိတ်မိနေဦးမည်ဖြစ်ကြောင်း သိလိုက်လေသည်။
သူသည် အပြင်ဘက်မှ ဖြူလွှလွှကမ္ဘာကြီးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိလေ၏...၊
"အရာအားလုံးက အစီအစဉ်အတိုင်း ဖြစ်လာဖို့ မျှော်လင့်ရတာပဲ...။ ကောက်ရှုဝေက အခုအချိန်မှာ အလုပ်ရှုပ်နေမှာဆိုတော့ သူတို့ကို ကိုင်တွယ်ဖို့ အချိန်ရှိမှာ မဟုတ်ဘူး...။"
အထပ် (၂၀) သို့ ပြန်ရောက်သောအခါ လုံယုသည် ယောင်ရန်ကို သူမ၏ တိုက်ခန်းအထိ လိုက်ပါပို့ ဆောင်ပေးခဲ့လေသည်။ မထွက်ခွာမီ သူက မေးလိုက်လေ၏...၊
"ရန်ရန်...၊ မင်း တကယ်ပဲ အဆင်ပြေရဲ့လား...။"
ယောင်ရန်က ခေါင်းငြိမ့်ပြကာ...၊
"ကျွန်မ အဆင်ပြေပါတယ်...၊ ခုနက ယောင်ယွဲ့ချွမ် ပြောသွားတဲ့ စကားတွေကို စဉ်းစားနေလို့ပါ...။"
လုံယုက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး မေးလိုက်၏...၊
"ယောင်လုံခြုံရေးကုမ္ပဏီကို လွှဲပြောင်းယူမယ့်အကြောင်း ပြောတာလား...။"
ယောင်ရန်က ထပ်မံ ခေါင်းငြိမ့်ပြကာ၊
"ဟုတ်တယ်...၊ သူ့ဆီကရတဲ့ သတင်းတွေအရဆိုရင် သေတ္တာတော် ကို ယောင်လုံခြုံရေးကုမ္ပဏီရဲ့ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနက လူတွေက တည်ထောင်ခဲ့တာပဲ...။ တကယ်လို့ ကျွန်မတို့က ကုမ္ပဏီကို လွှဲပြောင်းယူနိုင်ရင် သေတ္တာတော် ပေါ်ပေါက်လာမှာကို တားဆီးနိုင်မလားလို့လေ...။"
လုံယုက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏...။
"ဒါက ဖြစ်နိုင်ချေရှိတဲ့ အစီအစဉ်ပဲ...၊ ဒါပေမဲ့ အခုက ကမ္ဘာပျက်ကပ် ဖြစ်နေပြီဆိုတော့ ကုမ္ပဏီဆိုတာ မလိုအပ်တော့ဘူး...။ ငါတို့ လိုအပ်တာက ယောင်လုံခြုံရေးကုမ္ပဏီကို ကမ္ဘာပျက်ကပ်နဲ့ ကိုက်ညီတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲဖို့ပဲ...။"
ယောင်ရန်က သက်ပြင်းချကာ ပြောလိုက်လေသည်...။
"ဒါက ကောက်ရှုဝေ လုပ်ချင်နေတဲ့အရာပဲ...။ ဖြစ်နိုင်ရင် သူ့ကိုသတ်ပြီး ပြဿနာကို အစကတည်းက ဖြေရှင်းပစ်ချင်တာ...။"
ထိုစကားကို ကြားသောအခါ လုံယုက ခေါင်းခါပြကာ ပြောလိုက်လေ၏...။
"သေတ္တာတော် ကို တည်ထောင်သူပေါင်း တစ်ရာကျော် ရှိတယ်...။ သူတို့အားလုံးက ယောင်လုံခြုံရေး ကုမ္ပဏီမှာ အလုပ်လုပ်နေတုန်းပဲလို့ ယောင်ယွဲ့ချွမ်က ပြောပေမဲ့...၊ သူတို့ရဲ့ ဩဇာအာဏာက ကုမ္ပဏီ အပြင်ဘက်အထိ ဘယ်လောက် ပျံ့နှံ့နေပြီလဲဆိုတာ ငါတို့မသိဘူး...။"
"နောင်မှာ စာရင်းထဲက လူပေါင်း ခြောက်ဆယ်ကျော်က ဩဇာအာဏာကြီးမားတဲ့သူတွေ ဖြစ်လာကြပြီး ကျန်တဲ့သူတွေကတော့ လူမြင်ကွင်းကနေ ပျောက်ကွယ်သွားလိမ့်မယ်...။ ဒါပေမဲ့ ငါမသေခင်မှာ
အဲ့ဒီ ပျောက်ကွယ်သွားတဲ့သူတွေက မြေအောက်ဓာတ်ခွဲခန်းတွေမှာ အလုပ်လုပ်နေကြတာကို ရှာဖွေ တွေ့ရှိခဲ့တယ်...။"
သူက ခေတ္တမျှ ရပ်နားလိုက်ပြီး ဆက်ပြောလိုက်၏...၊
"အခုအချိန်မှာ သေတ္တာတော် ကို ဖျက်ဆီးဖို့က နောက်ကျနေပြီလို့ ငါထင်တယ်...။ ကောက်ရှုဝေကို သတ်လိုက်ရင်တောင် သူတို့ထဲက တခြားတစ်ယောက်ယောက်က သေတ္တာတော် ကို တည်ထောင်နိုင် သေးတာပဲလေ...။"
ယောင်ရန်ကလည်း သဘောတူဟန်ဖြင့် ခေါင်းငြိမ့်လိုက်လေသည်...။
"ရှင်ပြောတာ မှန်တယ်...။ အခုလောလောဆယ်တော့ အခွင့်အရေးကိုပဲ စောင့်ရတော့မှာပေါ့...။"
လုံယုက သက်ပြင်းချကာ...၊
"လောလောဆယ်တော့ ငါတို့ ဒါပဲ လုပ်နိုင်သေးတာပေါ့...။"
သူတို့နှစ်ဦး ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လုံယုက ပြောလိုက်လေသည်...။
"ခဏလောက် အနားယူလိုက်ပါဦး... ။ ဒီညကျမှ ငါတို့ နှင်းလျှောစီးယာဉ်ကို သွားယူကြတာပေါ့...။"
ရန်သူ့ပစ္စည်းကို လုယူမည်ဆိုပါက လူမြင်ကွင်းတွင် မလုပ်ဆောင်သင့်ပေ။ ထို့ကြောင့် ညအချိန်မှာသာ အသင့်တော်ဆုံး ဖြစ်ပေသည်။
လုံယု ထွက်သွားပြီးနောက် ယောင်ရန်သည် သူမ၏ အိပ်ခန်းသို့ ပြန်လာကာ နေ့စဉ် လေ့ကျင့်ခန်းများကို စတင်လိုက်၏။ ယနေ့ည အပြင်ထွက်ရမည် ဖြစ်သော်လည်း သူမ ပျင်းရိမနေခဲ့ပေ။
လေ့ကျင့်ခန်းများ ပြီးဆုံးပြီးနောက် ယောင်ရန်သည် နေရာလွတ် အတွင်းသို့ ဝင်ရောက်ကာ ရေချိုးပြီး ညစာကို စောစောစီးစီး သုံးဆောင်လိုက်၏။ ညစာစားပြီးသည့်နောက် နေရာလွတ်ထဲမှ ထွက်လာကာ အိပ်ခန်းအတွင်း၌ ပြန်လည် ပေါ်လာခဲ့လေသည်။ သူမ အိပ်ရာမဝင်မီ နှိုးစက်ပေးထားလိုက်၏။
ကုတင်ပေါ်တွင် လှဲလိုက်သည်နှင့် သူမ ချက်ချင်းပင် အိပ်ပျော်သွားတော့သည်။
"ဘိ... ဘိ... ဘိ... "
နာရီအနည်းငယ် ကြာပြီးနောက် နှိုးစက်သံမှာ တိတ်ဆိတ်နေသော အိပ်ခန်းအတွင်း ဟိန်းထွက်လာ၏။ ယောင်ရန်သည် ဖြည်းညှင်းစွာ နိုးလာခဲ့ပြီး နှိုးစက်ကို ပိတ်လိုက်လေသည်။ သူမ ကုတင်ပေါ်တွင် စက္ကန့် အနည်းငယ်မျှ ထပ်မံ လှဲလျောင်းနေပြီးနောက် မျက်လုံးဖွင့်ကာ ထလိုက်တော့သည်။
သူမသည် နေရောင်ခြည်စွမ်းအင်သုံး မီးလုံးကို မဖွင့်ဘဲ နေရာလွတ် အတွင်းသို့ ဝင်ကာ သန့်ရှင်းရေး လုပ်လိုက်၏။ ဗိုက်ဆာနေသဖြင့် နွားနို့ပူပူတစ်ခွက်နှင့် ဒိန်ခဲမုန့် နှစ်လုံးကို စားသုံးလိုက်လေသည်။
ဗိုက်ပြည့်သွားသည့်အခါ သူမသည် အပူချိန်ထိန်းအဝတ်အစား၊ ဓားဒဏ်ခံအင်္ကျီ၊ ဆောင်းတွင်းဝတ်စုံ တစ်စုံနှင့် နောက်ဆုံးတွင် ကျည်ကာအင်္ကျီကိုပါ ဝတ်ဆင်လိုက်လေ၏။ ထို့နောက် အပြင်ဘက်မှ အပေါ် အင်္ကျီအထူနှင့် အအေးဒဏ်ခံဝတ်စုံကို ထပ်မံ ဝတ်ဆင်လိုက်လေသည်။
ထို့နောက် သူမသည် နှာခေါင်းစည်း၊ လက်အိတ်၊ နှင်းတောလျှောက်ဖိနပ်၊ နားကြပ်နှင့် ဦးထုပ်တို့ကို ဝတ် ဆင်ကာ အဆင်သင့်ဖြစ်သည့်အခါ နေရာလွတ်ထဲမှ ထွက်လာခဲ့လေ၏။
သူမသည် နေရာလွတ် အတွင်းမှ သယ်ဆောင်ရလွယ်ကူသော အပူပေးစက်၊ ရေနွေးအိုးနှင့် ဖိသိပ်ထား သော ဘီစကစ်မုန့်များကို ယူဆောင်လာခဲ့လေသည်။ ရေနွေးအိုးနှင့် ဘီစကစ်မုန့်များကို ပလတ်စတစ် အိတ်တစ်ခုထဲသို့ ထည့်ကာ၊ လက်ထဲတွင် အပူပေးစက်ကို ကိုင်၍ ကျောပိုးအိတ်ကို လွယ်ကာ ခါးတွင် လည်း ဓားရှည်တစ်လက်ကို ချိတ်ဆွဲထားလိုက်လေ၏။
သူမ တိုက်ခန်းအတွင်းမှ ထွက်လာသည့်အခါ လုံယုသည် စင်္ကြံလမ်းတွင် စောင့်ဆိုင်းနေပြီး ဖြစ်လေ သည်။ သူမ ပစ္စည်းအများအပြား သယ်ဆောင်လာသည်ကို မြင်သောအခါ သူက အပူပေးစက်နှင့် ပလတ်စတစ်အိတ်ကို လှမ်းယူလိုက်လေ၏။ ထို့နောက် သူတို့နှစ်ဦးမှာ စကားတစ်ခွန်းမှ မပြောဘဲ အောက်ထပ်သို့ ဆင်းလာခဲ့ကြလေသည်။
အထပ် (၁၉) တွင် လုံယုက အခန်း (၁၉၀၃) ၏ တံခါးကို ဖွင့်လိုက်ရာ ယောင်ယွဲ့ချွမ်သည် ဝရန်တာမှနေ ၍ အပြင်ဘက်ကို ငေးငိုင်စွာ ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။
သူတို့၏ ခြေသံများကို ကြားရသည့်အခါ သူက လှည့်မကြည့်ဘဲ ပြောလိုက်လေသည်...။
"ခင်ဗျားတို့ လာမှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်နေတာ...။"
လုံယုက ဘာမှမပြောဘဲ ပလတ်စတစ်အိတ်ကို ထိုလူ၏ ဘေးတွင် ချထားပေးလိုက်၏။
ယောင်ယွဲ့ချွမ်သည် အိတ်ကို တစ်ချက်ကြည့်လိုက်ကာ ယောင်ရန်ကို သနားစဖွယ် ကြည့်၍ ပြောလိုက် လေသည်...။
"မယောင်ရန်...။ ကျွန်တော် ဒီလိုပုံစံနဲ့ ဘယ်လိုလုပ် စားသောက်နိုင်မှာလဲ...။"
ယောင်ရန် စကားမပြောမီ လုံယုသည် ယောင်ယွဲ့ချွမ်၏ လက်မှ ကြိုးများကို ဖြေပေးလိုက်၏။ ထို့နောက် သူသည် ကျောပိုးအိတ်အတွင်းမှ လက်ထိပ်ကို ထုတ်ကာ ယောင်ယွဲ့ချွမ်ကို ဝရန်တာ လက်ရန်းတွင် တွဲ လျက် ခတ်ထားလိုက်လေသည်။
သူ၏ ဘယ်ဘက် လက်ကောက်ဝတ်ရှိ လက်ထိပ်ကို ကြည့်ကာ ယောင်ယွဲ့ချွမ်မှာ ဆွံ့အသွားတော့၏။
"အစ်ကိုကြီးရာ...၊ ကျွန်တော့်ကို လက်နှစ်ဖက်လုံးနဲ့ စားခွင့်မပေးနိုင်ဘူးလား...။ ကျွန်တော် မပြေးပါ ဘူးလို့ ကတိပေးပါတယ်...။"
လုံယုက ယောင်ယွဲ့ချွမ်၏ မကျေမနပ်ဖြစ်နေသော မျက်နှာကို လျစ်လျူရှုကာ အပူပေးစက်ကို ဖွင့်ပေး လိုက်ပြီး ပြောလိုက်၏...။
"ဒီအပူပေးစက်က ဆယ့်နှစ်နာရီ ခံတယ်...။ မင်းသာ လိမ္မာလိမ္မာနေမယ်ဆိုရင် အားကုန်သွားတဲ့အခါ ငါတို့ ပြန်လဲပေးမယ်...။"
ထိုသို့ပြောပြီးနောက် လုံယုနှင့် ယောင်ရန်တို့သည် တံခါးကို ပြန်လည်ပိတ်ကာ ထွက်ခွာခဲ့ကြလေသည်။
မထွက်ခွာမီ ယောင်ရန်သည် ကျောပိုးအိတ်ကို ဖွင့်ကာ ညကြည့်မှန်ပြောင်း နှစ်စုံကို ထုတ်ယူလိုက်၏။ ထို့နောက် သူမသည် လုံယုကို တစ်စုံ ကမ်းပေးလိုက်လေသည်။ ၎င်းကို တပ်ဆင်လိုက်သည့်အခါတွင်မူ မှောင်မည်းနေသော ကမ္ဘာကြီးမှာ ပိုမို လင်းထိန်သွားတော့၏။