အခန်း ၁၆၄
Vol. 17 Ch. 164
အခန်း (၁၆၄)
ပေါက်ကွဲမှု
လုံယုသည် ယောင်ရန်၏ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်လေသည်...။
"ငါ့ရဲ့ ခြေရာအတိုင်း လိုက်ခဲ့ပါ...။"
"ကောင်းပါပြီ...။"
ယောင်ရန်က ခေါင်းငြိမ့်ပြကာ လုံယု၏ အနောက်မှနေ၍ သူ၏ ခြေရာများကို ဂရုတစိုက် နင်းကာ လိုက်ပါသွားခဲ့လေ၏။
သူက ရှေ့မှ ဦးဆောင်လမ်းပြပေးနေသဖြင့် သူမအတွက် သွားလာရ ပိုမိုလွယ်ကူစေပြီး၊ သူတို့နှစ်ဦးမှာ မှောင်မိုက်နေသော ညဉ့်အမှောင်အောက်တွင် လင်းယွမ်တိုက်ခန်းအဆောက်အအုံအတွင်းမှ ဖြည်း ညှင်းစွာ ထွက်ခွာလာခဲ့ကြလေသည်။ သူတို့သည် ရုံးအဆောက်အအုံ အနီးသို့ရောက်ရှိလာသည့် အခါ တွင်မူ အတွင်းသို့ ချက်ချင်း မဝင်သေးဘဲ အခြား အဆောက်အအုံ တစ်ခုအတွင်း၌ ပုန်းကွယ်ကာ အခြေ အနေကို စောင့်ကြည့်နေကြလေသည်။
သူတို့နှစ်ဦးသည် ပတ်ဝန်းကျင်ကို နာရီဝက်ခန့် စောင့်ကြည့်ပြီးနောက်မှသာ ရုံးအဆောက်အအုံဆီသို့ ဦးတည်ခဲ့ကြ၏။ နှင်းများက တံခါးဝကို ပိတ်ဆို့ထားသည်ကို မြင်ရသဖြင့် သူတို့သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ရှာဖွေလိုက်ရာ နှင်းများ ဖုံးလွှမ်းမနေသော ကျိုးပဲ့နေသည့် ပြတင်းပေါက်တစ်ခုကို ရှာတွေ့ခဲ့ ကြလေသည်။
လုံယုသည် ပတ်ဝန်းကျင်၌ မည်သူမျှ မရှိကြောင်း သေချာအောင် စစ်ဆေးပြီးနောက်မှသာ ယောင်ရန်ကို ပြတင်းပေါက်မှတစ်ဆင့် တက်နိုင်ရန် ကူညီပေးလိုက်လေ၏။
သူတို့သည် ပတ်ဝန်းကျင်ကို နိုးကြားစွာ စောင့်ကြည့်ရင်း သတိရှိရှိ လှုပ်ရှားနေကြလေသည်။ သူတို့နှစ်ဦး နှင်းလျှောစီးယာဉ်ကို ရှာဖွေနေစဉ်အတွင်းမှာပင် လူတစ်စုသည် မီတာငါးရာအကွာရှိ ရုံးအဆောက်အအုံ တစ်ခုဆီသို့ ဦးတည်လာနေကြပေသည်။
နှင်းလျှောစီးယာဉ် ဆယ်စီးကျော်မှာ ကျွင်းချန်မြို့စွန်သို့ အရှိန်အဟုန်ဖြင့် မောင်းနှင်လာနေကြခြင်း ဖြစ်လေသည်။ ရှေ့ဆုံးမှ နှင်းလျှောစီးယာဉ်ပေါ်တွင် လူနှစ်ဦး ပါရှိပြီး၊ အနောက်မှ လိုက်ပါလာသူမှာ သေနတ်ကို ကိုင်ဆောင်ထားကာ စခရင်ပေါ်တွင် အနီရောင် အစက်ကလေးများ မြည်နေသည့် ကိရိယာ တစ်ခုကို ကြည့်နေကြလေ၏။
မိနစ်အနည်းငယ် ကြာပြီးနောက်တွင်မူ ရှေ့ဆုံးမှ လိုက်ပါလာသူက မလှမ်းမကမ်းရှိ ရုံးအဆောက်အအုံ တစ်ခုကို လက်ညှိုးထိုးပြလိုက်လေသည်။ ယာဉ်မောင်းဖြစ်သူက ခေါင်းငြိမ့်ကာ လမ်းကြောင်း ပြောင်း လဲလိုက်ပြီး ကျန်ရှိသော သူများကလည်း နောက်မှ လိုက်ပါလာကြလေတော့၏။
မကြာမီမှာပင် ယာဉ်မောင်းများမှာ ရုံးအဆောက်အအုံ ရှေ့၌ နှင်းလျှောစီးယာဉ်များကို ရပ်နားလိုက် ကြလေ၏။ သူတို့သည် ယာဉ်များကို စောင့်ရှောက်ရန် လူသုံးဦးကို ထားရစ်ခဲ့ပြီး ကျန်ရှိသော သူများ မှာမူ ထိုကိရိယာကို ကိုင်ဆောင်ထားသူ၏ နောက်မှနေ၍ အဆောက်အအုံအတွင်းသို့ ဝင်ရောက်သွား ကြလေသည်။
သူတို့သည် လက်နက်များကို မြှောက်ကာ သတိဝီရိယ အပြည့်ဖြင့် အတွင်းသို့ လှမ်းဝင်လာခဲ့ကြလေ သည်။ အောက်ထပ်ကို စစ်ဆေးပြီးနောက် ခေါင်းဆောင်ဖြစ်သူက လက်ဟန်ခြေဟန် ပြလိုက်ရာ ထိုအုပ်စုမှာ အပေါ်ထပ်သို့ တက်သွားကြလေသည်။
ငါးမိနစ်ခန့် ကြာသည့်အခါ သူတို့သည် အပေါ်ဆုံးထပ်သို့ ရောက်ရှိသွားကြ၏။ ထိုနေရာ၌ အေးခဲနေ သော အလောင်းပေါင်း နှစ်ဆယ်ကျော်ကို တွေ့လိုက်ရသဖြင့် သူတို့သည် တစ်လောင်းချင်းစီကို အမြန် စစ်ဆေးကာ ကော်လာပေါ်ရှိ အနက်ရောင် ရင်ထိုးတံဆိပ်များကို သိမ်းဆည်းလိုက်ကြလေသည်။
ရင်ထိုးတံဆိပ် အားလုံးကို သိမ်းဆည်းပြီးသည့်အခါ တစ်ဦးက ပြောလိုက်လေသည်...။
"ခေါင်းဆောင်...၊ ယောင်ယွဲ့ချွမ်က ဒီနေရာမှာ မရှိဘူး...။"
ခေါင်းဆောင်ဖြစ်သူက ထိုကိရိယာကို ကြည့်ကာ ကြမ်းပြင်တစ်ခုလုံးကို ဂရုတစိုက် ရှာဖွေလိုက်လေ၏။ ကြမ်းပြင်ထောင့် တစ်နေရာတွင်မူ ငွေရောင်အမှတ်အသားပါသော အနက်ရောင် ရင်ထိုးတံဆိပ်တစ်ခုကို သူ ရှာတွေ့ခဲ့သဖြင့် ၎င်းကို ကောက်ယူ သိမ်းဆည်းလိုက်လေသည်။
ထို့နောက် သူက သူ၏ လက်အောက်ငယ်သားများကို လှည့်ကြည့်ကာ အမိန့်ပေးလိုက်လေ၏...၊
"အလောင်းတွေကို ယူခဲ့...၊ ဌာနချုပ်ကို ပြန်ကြမယ်...။"
"ဟုတ်ကဲ့ ခေါင်းဆောင်...။"
သူ့အမိန့်အတိုင်း သူတို့သည် ကျောပိုးအိတ်များအတွင်းမှ အလောင်းထည့်သည့်အိတ်များကို အမြန် ထုတ်ယူလိုက်ကြလေသည်။
နောက်ဆုံး အလောင်းကို အိတ်အတွင်းထည့်၍ ဇစ်ပိတ်ပြီးနောက်၊ ခေါင်းဆောင်ဖြစ်သူသည် သူ၏ ဘယ်ဘက်လက်ရှိ နာရီကို နှိပ်ကာ ပြောလိုက်လေ၏...။
"ငါတို့ အလောင်းတွေကို အောက်ကို ပို့ပေးလိုက်မယ်...။"
နောက်တစ်စက္ကန့်တွင် နာရီအတွင်းမှ အသံတစ်ခု ထွက်ပေါ်လာလေသည်...။
"လက်ခံရရှိပါတယ်...။"
ခေါင်းဆောင်ဖြစ်သူက အလောင်းများကို သယ်ရန် အခြားသူများကို ခေါင်းငြိမ့်ပြလိုက်ရာ၊ သူ၏ လက်အောက်ငယ်သားများသည် အလောင်းအိတ်များကို တစ်ခုပြီးတစ်ခု မ၍ ကျိုးပဲ့နေသော ပြတင်း ပေါက်မှနေ၍ အောက်သို့ ပစ်ချလိုက်ကြလေသည်။
အောက်ဘက်တွင် နှင်းလျှောစီးယာဉ်များကို စောင့်နေသော လူသုံးဦးမှာ အလောင်းအိတ်များကို အလျင် အမြန် ဆွဲယူ၍ စုပုံထားလိုက်ကြ၏။ အလောင်းအားလုံး စုံလင်သည့်အခါတွင်မူ သူတို့သည် ၎င်းတို့ကို တုပ်နှောင်ကာ နှင်းလျှောစီးယာဉ် သုံးစုံ၏ အနောက်တွင် ကြိုးဖြင့် ချိတ်ဆက်လိုက်ကြလေသည်။
ခေါင်းဆောင်ဖြစ်သူမှာ အခြားသူများနှင့်အတူ ရုံးအဆောက်အအုံအတွင်းမှ ထွက်လာသည့်အခါ သူတို့ သည် နှင်းလျှောစီးယာဉ်များပေါ်သို့ တက်ကာ အေးခဲနေသော အလောင်းများကို ဆွဲ၍ ထွက်ခွာသွားကြ လေတော့သည်။
တစ်ချိန်တည်းမှာပင် ယောင်ရန်နှင့် လုံယုတို့သည် ရုံးအဆောက်အအုံ၏ အနောက်ဘက်တွင် ဝှက်ထား သော နှင်းလျှောစီးယာဉ်များကို နောက်ဆုံး၌ ရှာတွေ့သွားကြလေသည်။
နှင်းလျှောစီးယာဉ်များကို ရေစိုခံအဝတ်စ တစ်ထည်နှင့် ထူထဲသော နှင်းများဖြင့် ဖုံးအုပ်ထားခြင်း ဖြစ် လေ၏။ လုံယု၏ ထူးကဲသော ခြေရာခံ ကျွမ်းကျင်မှုသာမရှိခဲ့ပါက သူတို့ ဤယာဉ်များကို ရှာတွေ့နိုင် မည် မဟုတ်ပေ။
သူတို့သည် နှင်းများကို ဖယ်ရှားကာ ရေစိုခံအဝတ်စကို ခွာလိုက်သည့်အခါ နှစ်ယောက်စီး နှင်းလျှော စီးယာဉ် ငါးစီဒကို တွေ့လိုက်ရလေသည်။
ထိုနေ့က သူတို့ကို လူနှစ်ဆယ်ကျော် တိုက်ခိုက်ခဲ့ခြင်း ဖြစ်လေသည်။ သူတို့၏ လူအင်အားအရဆိုလျှင် ဤနေရာ၌ နှင်းလျှောစီးယာဉ် ဆယ်စုံကျော် ရှိနေသင့်ပေသည်။ သို့သော်လည်း လုံယုနှင့် ယောင်ရန်တို့ မှာ ဤနေရာတွင် ငါးစုံကိုသာ တွေ့ရှိခဲ့ကြရလေသည်။
ဤနေရာတွင် တစ်ခုခု မှားယွင်းနေပေပြီ။
လုံယုနှင့် ယောင်ရန်တို့သည် ခဏမျှ အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် အမြန်ပင် ရှာဖွေမှုများ စတင်လိုက်ကြလေသည်။ မကြာမီမှာပင် ယောင်ရန်သည် နှင်းလျှောစီးယာဉ်များနှင့် မလှမ်းမကမ်းတွင် တစ်စုံတစ်ခုကို ရှာတွေ့သွားခဲ့၏။
"လုံယု...၊ ဒီကို လာကြည့်ပါဦး...။"
လုံယုသည် သူလုပ်ဆောင်နေသည်များကို ရပ်တန့်လိုက်ကာ သူမ ရှာတွေ့သည့်အရာကို သွားရောက် ကြည့်ရှုလိုက်လေသည်။
ယောင်ရန်က နှင်းများပေါ်ရှိ အနက်ရောင် ရင်ထိုးတံဆိပ်ကို လက်ညှိုးထိုးပြကာ ပြောလိုက်၏...။
"ဒါကို ကြည့်လိုက်ပါဦး...။"
လုံယုသည် သူမ၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ကာ ထိုရင်ထိုးတံဆိပ်ကို ကြည့်လိုက်လေသည်။
၎င်းမှာ ယောင်ယွဲ့ချွမ် သူတို့ကို ပြသခဲ့သည့် တံဆိပ်နှင့် ဆင်တူသော်လည်း အရောင်မှာမူ ကွဲပြားနေ၏။ ယောင်ယွဲ့ချွမ်၏ ရင်ထိုးတံဆိပ်မှာ အနက်ရောင် အမှတ်အသားပါသော ငွေဖြူရောင် ဖြစ်သော်လည်း၊ ဤတစ်ခုမှာမူ အဖြူရောင် အမှတ်အသားပါသော အနက်ရောင် ဖြစ်နေလေသည်။
လုံယုသည် ထိုအနက်ရောင် ရင်ထိုးတံဆိပ်ပေါ်ရှိ ဖြည်းညှင်းစွာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော အနီရောင်မီးလုံးကို မြင်လိုက်ရသည့် ခဏမှာပင် မျက်နှာပျက်သွားတော့၏။ ၎င်းမှာ မည်သည့်အရာ ဖြစ်ကြောင်း သိရှိလိုက်သဖြင့် သူ အချိန်ဆွဲမနေတော့ပေ။ သူသည် ယောင်ရန်ကို ဆွဲကာ ရုံးအဆောက် အအုံဆီသို့ ရှိသမျှ အင်အားကုန်သုံး၍ အပြေးအလွှား ဦးတည်လိုက်တော့သည်။
ယောင်ရန်က သူ အဘယ်ကြောင့် ရုတ်တရက် ထွက်ပြေးရသည်ကို မေးရန် ပြင်လိုက်စဉ်မှာပင်၊ လုံယုက သူမကို ဖက်၍ တစ်ဖက်သို့ လှည့်လိုက်ကာ သူ၏ ကိုယ်ခန္ဓာဖြင့် သူမကို ကာကွယ်ထားလိုက်လေသည်။ နောက်တစ်စက္ကန့်တွင်မူ သူတို့၏ အနောက်ဘက်မှနေ၍ နားကွဲမတတ် ကျယ်လောင်လှသော ပေါက်ကွဲ သံကြီး တစ်ခုက ထွက်ပေါ်လာခဲ့လေတော့သည်။
"ဝုန်း…."
ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော လေလှိုင်းများမှာ ရုံးအဆောက်အအုံကို တုန်ခါသွားစေကာ အ ဆောက်အအုံ၏ တစ်ဝက်ခန့်မှာ ပျက်စီးသွားရပြီး ခေါင်မိုးပေါ်မှ နှင်းပုံကြီးများမှာလည်း ပြိုကျလာခဲ့ လေသည်။
လုံယုက ယောင်ရန်ကို သူ၏ ကိုယ်ခန္ဓာဖြင့် ကာကွယ်ထားသော်လည်း၊ သူမသည် လေထုထဲမှ ပူပြင်း သော အငွေ့အသက်များကို ခံစားနေရဆဲ ဖြစ်၏။ သူမ၏ နှလုံးသားမှာ ဒိတ်ဒိတ်တုန်အောင် ခုန်နေပြီး၊ နားထဲမှ လေထွက်သံများ ပျောက်ကွယ်သွားရန်နှင့် ဖုန်မှုန့်များ ငြိမ်သက်သွားရန်အတွက် ငြိမ် သက်စွာ စောင့်ဆိုင်းနေမိလေသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် ယောင်ရန်၏ အမြင်နှင့် အကြားအာရုံများမှာ ပုံမှန်အတိုင်း ပြန်လည် ဖြစ်ပေါ်လာခဲ့၏။ သူမသည် ညည်းညူလိုက်ကာ လုံယု၏ လေးလံသော ကိုယ်ခန္ဓာကြီးမှာ သူမအပေါ်သို့ ဖိကပ်ထားသည်ကို ခံစားလိုက်ရလေသည်။
သူမ သူ့ကို ခေါ်ရန် ပြင်လိုက်စဉ်မှာပင် ယောင်ရန်သည် လေထုထဲ၌ သံချေးနံ့ကဲ့သို့သော သွေးနံ့ကို ရရှိလိုက်၏။ ၎င်းမှာ မည်သည့်အရာ ဖြစ်ကြောင်း သိရှိလိုက်ရသည့်အခါ သူမ၏ မူးဝေနေသော စိတ်များမှာ ချက်ချင်းပင် ရှင်းလင်းသွားတော့သည်။
သူမ၏ ကျောပြင်မှာ နာကျင်နေသော်လည်း ယောင်ရန်သည် အံကြိတ်ကာ လုံယု၏ ကိုယ်ခန္ဓာကို သူမအပေါ်မှ ဖြည်းညှင်းစွာ ဖယ်ရှားလိုက်လေသည်။
ယောင်ရန်သည် ဖုန်မှုန့်များကြောင့် ခဏမျှ ပြင်းထန်စွာ ချောင်းဆိုးလိုက်ရပြီးနောက် လုံယုကို အသံ ဩဩဖြင့် ခေါ်လိုက်လေသည်...။
"လုံယု...၊ ထပါဦး...။"
သူ့ထံမှ မည်သည့် တုံ့ပြန်မှုမျှ မရှိသည်ကို မြင်သောအခါ ယောင်ရန်က ထပ်မံ ခေါ်လိုက်ပြန်လေသည်...။
"လုံယု...၊ ငါပြောတာ ကြားရလား...။"
သူမ အကြိမ်ကြိမ် ခေါ်ပြီးနောက်တွင်မူ လုံယုသည် နောက်ဆုံး၌ လှုပ်ရှားလာခဲ့၏။ သူ နောက်ဆုံး၌ မျက်လုံးပွင့်လာသည်ကို မြင်လိုက်ရသည့်အခါမှသာ ယောင်ရန်၏ ရင်ထဲရှိ လေးလံနေသော အပူလုံး ကြီးမှာ ပျောက်ကွယ်သွားတော့သည်။
သူမသည် သူ၏ ကိုယ်ခန္ဓာကို စစ်ဆေးလိုက်ရာ သူ၏ ကျောပြင်တစ်ခုလုံးတွင် သွေးများ စိုရွှဲနေသည်ကို တွေ့လိုက်ရလေတော့သည်။