← Chapters

အခန်း ၁၆၆

Vol. 17 Ch. 166

အခန်း ၁၆၆

Vol. 17 Ch. 166

အခန်း (၁၆၆)

ငါတို့ ဘယ်ရောက်နေတာလဲ

ထိုအတောအတွင်း ယောင်ရန်နှင့် လုံယုတို့ နေရာလွတ် အတွင်း၌ ပေါ်လာသည့်အခါတွင် လုံယုသည် အင်အားများ ကုန်ခန်းသွားကာ နူးညံ့သော မြေပြင်ပေါ်သို့ လဲကျသွားတော့၏။

"အွန်း..."

ယောင်ရန်သည် သူ၏ ညည်းတွားသံကို ကြားရသည့်အခါ မြေပြင်ပေါ်မှ အလျင်အမြန် ထလိုက်လေ သည်။

သူမသည် သူ၏ ဒဏ်ရာကို စိုးရိမ်တကြီး စစ်ဆေးရင်း မေးလိုက်၏။

"လုံယု...၊ ရှင် အဆင်ပြေရဲ့လား...။"

လုံယုသည် မျက်လုံးများကို မှိတ်ထားလျက် ပူလောင်သော ဝေဒနာကို အောင့်အည်း သည်းခံနေ၏။ နာကျင်မှု အနည်းငယ် သက်သာသွားသည့် အခါမှသာ သူက ပြန်လည် ဖြေလိုက်လေသည်။

"... ငါ အဆင်ပြေပါတယ်...။"

ထိုသို့ ပြောပြီးနောက် သူသည် ဖြည်းညှင်းစွာ မျက်လုံးများကို ဖွင့်လိုက်သည့်အခါ ရှေ့တွင် မြင်တွေ့ရ သော မြင်ကွင်းကြောင့် အံ့အားသင့်သွားရလေသည်။ နူးညံ့သော မြက်ခင်းပြင်ပေါ်၌ လဲလျောင်းနေသော သူ ပထမဆုံး မြင်လိုက်ရသည့်အရာမှာ မြူနှင်းများ ဖုံးလွှမ်းနေသော ကောင်းကင်ယံကြီးပင် ဖြစ်၏။

သူသည် မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်လျက် မလှုပ်မယှက် လဲလျောင်းနေသည်ကို မြင်သောအခါ ယောင်ရန်သည် ခုနက လဲကျစဉ်က သူ၏ ဦးခေါင်းကို တစ်ခုခု ထိခိုက်သွားလေသလားဟု စိုးရိမ်မိသွား သည်။

သူမသည် သူ့ကို အသာအယာ တွဲထူလိုက်ကာ ပြောလိုက်လေ၏။

"လုံယု...၊ ရှင့်ဒဏ်ရာကို အမြန်ဆုံး ကုသပေးရမယ်...၊ ရှင် လှုပ်ရှားနိုင်သေးရဲ့လား...။"

သူမ၏ မေးခွန်းကို ကြားရသည့်အခါမှ လုံယုသည် သတိပြန်ဝင်လာတော့၏။ သူသည် ယောင်ရန်ကို ကြည့်ကာ ကြောင်အမ်းအမ်းဖြင့် မေးလိုက်လေသည်။

"ရန်ရန်... ငါတို့ ဘယ်ရောက်နေတာလဲ...။"

ယောင်ရန်သည် လုံယု၏ မျက်နှာအမူအရာကို အကဲခတ်လိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် အစော ပိုင်းက အံ့အားသင့်မှုနှင့် စူးစမ်းလိုစိတ်မှလွဲ၍ အခြား မည်သည့်အရာကိုမျှ မတွေ့ရပေ။

၎င်းကို မြင်သည့်အခါ ယောင်ရန်က ပြောလိုက်လေသည်။

"ဒါက ကျွန်မရဲ့ နေရာလွတ်ပါ...။"

သူမ၏ စကားကို ကြားရသည့်အခါ လုံယုသည် သူမကို ကြည့်ကာ ပြုံးလိုက်လေ၏။

"ဒါ တကယ့်ကို ကောင်းတာပဲ...။ ဒီလို နေရာလွတ်မျိုး ပိုင်ဆိုင်ထားတယ်ဆိုတော့ နောင်မှာ မင်း ပိုပြီး ကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာပေါ့...။"

လုံယု၏ မျက်ဝန်းများထဲတွင် စစ်မှန်သော ဝမ်းမြောက်မှုနှင့် စိတ်သက်သာရာရမှုများကို မြင်လိုက် ရသည့်အခါ ယောင်ရန်က သံသယဖြင့် မေးလိုက်လေသည်။

"ရှင်...၊ ကျွန်မအတွက် ဝမ်းသာနေတာလား...။"

လုံယုက ခေါင်းငြိမ့်ပြကာ ဇဝေဇဝါဖြင့် ပြန်လည်ဖြေလိုက်၏။

"သေချာတာပေါ့...၊ မင်း ဒီလို နေရာလွတ်မျိုး ရထားတာ တကယ့်ကို ကံကောင်းတာပဲ...။ မင်းဆီကလို ဝိညာဉ်ဥယျာဉ် နေရာလွတ်မျိုးကို ရဖို့ဆိုတာ ကံတရား အများကြီး လိုအပ်တာလေ...။ မင်း အဲ့ဒီထဲက တစ်ခုနဲ့ စိတ်ဝိညာဉ်ချင်း ချိတ်ဆက်နိုင်တာကို မြင်ရလို့ ငါ ဝမ်းသာပါတယ်...။ ငါက ဘာလို့ မင်းအတွက် ဝမ်းမသာဘဲ နေရမှာလဲ...။"

သူ၏ စကားကို ကြားရသည့်အခါ ယောင်ရန်သည် တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိသွားကာ မေးလိုက်၏။

"ရှင်ဆိုလိုတာက...၊ ကျွန်မအပြင် တခြား တိရစ္ဆာန်တွေ မွေးမြူလို့ရပြီး အပင်တွေ စိုက်လို့ရတဲ့ နေရာလွတ်မျိုး ပိုင်ဆိုင်ထားတဲ့သူတွေ ရှိသေးတာလား...။"

လုံယုက ခေါင်းငြိမ့်ပြလိုက်သလို၊ တစ်ဖက်ကလည်း ခေါင်းခါပြပြန်၏။

သူမ၏ ဇဝေဇဝါဖြစ်မှုကို မြင်သောအခါ သူက ရှင်းပြလိုက်လေသည်။

"ကမ္ဘာပျက်ကပ် စတင်ပြီး ဆယ့်တစ်နှစ်မြောက်မှာ လူတွေဟာ အချို့သော ရှေးဟောင်းပစ္စည်းတွေထဲ မှာ နေရာလွတ်တွေ ရှိနေတာကို ရှာဖွေတွေ့ရှိခဲ့ကြတယ်...။ ဒါပေမဲ့ နေရာလွတ် စွမ်းအားရှင်တွေကပဲ အဲ့ဒီ ရှေးဟောင်းပစ္စည်းတွေနဲ့ စိတ်ဝိညာဉ်ချင်း ချိတ်ဆက်နိုင်တာလေ...။"

"မင်းလည်း သိမှာပါ...၊ နေရာလွတ် စွမ်းအားရှင်တွေဆိုတာ တကယ့်ကို ရှားပါးလွန်းတယ်ဆိုတာကို..၊ ဒါကြောင့် ဝိညာဉ်ဥယျာဉ် နေရာလွတ်မျိုး ရရှိဖို့ ကံကောင်းတဲ့သူက သိပ်မရှိလှဘူး...။ ဝိညာဉ်ဥယျာဉ် နေရာလွတ် ပိုင်ဆိုင်ထားတဲ့သူတွေဆိုရင် ဘယ်နေရာကိုပဲ ရောက်ရောက် နိုင်ငံတော်အဆင့် ရတနာတွေ လို တန်ဖိုးထားခြင်း ခံရတာမျိုးပေါ့...။"

လုံယု၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ယောင်ရန်မှာ တိတ်ဆိတ်သွားတော့၏။

သူမ ဤသို့ ဖြစ်နေသည်ကို မြင်သောအခါ လုံယုက ခဏမျှ ရပ်နားလိုက်ပြီး မေးလိုက်လေသည်။

"ရန်ရန်...၊ ငါ မင်းရဲ့ နေရာလွတ်ကို လောဘတက်နေတယ်လို့ မင်း ထင်နေတာလား...။"

ယောင်ရန်သည် သူမ၏ အတွေးများကို သူ့ထံမှ ဖုံးကွယ်မထားဘဲ တည်ငြိမ်စွာ ပြောလိုက်၏။

"ကျွန်မရဲ့ မိသားစုဝင်တွေတောင်မှ ဆန်အနည်းငယ်အတွက်နဲ့ ကျွန်မကို ရောင်းစားခဲ့ကြတာပဲဟာ...။"

၎င်းကို ကြားရသောအခါ လုံယုသည် သူမကို အကူအညီမဲ့စွာ ပြုံးကြည့်ကာ ပြောလိုက်လေသည်။

"ရန်ရန်...၊ ငါ မင်းဆီကနေ တစ်ခုခုကို ခိုးယူနိုင်မယ်ဆိုရင်တောင်...၊ အဲ့ဒါဟာ မင်းရဲ့ ပစ္စည်းတွေ ဒါမှ မဟုတ် မင်းရဲ့ နေရာလွတ် ဖြစ်မှာ မဟုတ်ဘူး...။"

ယောင်ရန်မှာ ကြောင်အမ်းအမ်း ဖြစ်သွားပြီး ရုတ်တရက် မျက်နှာလေး နီမြန်းလာရ၏။ သူ၏ စိုက် ကြည့်ခြင်းကို ခံရသဖြင့် သူမ၏ မျက်နှာမှာ အနည်းငယ် ပူထူလာကာ အလျင်အမြန်ပင် ပြောလိုက် လေသည်။

"ရှင့်ဒဏ်ရာကို အမြန်ဆုံး ကုသရအောင်...။"

လုံယုကို စကားပြောချိန် မပေးဘဲ ယောင်ရန်သည် သူ့ကို တွဲထူလိုက်ကာ ပြောလိုက်၏။

"ဒဏ်ရာတွေကို ကုဖို့ ဗီလာထဲ သွားရအောင်...။"

ထိုသို့ ပြောပြီးနောက် သူမသည် သူ့ကို ဗီလာအသေးစားလေးအတွင်းသို့ တွဲခေါ်သွားလေသည်။ သူမ သည် ဧည့်ခန်းအတွင်းသို့ လှမ်းဝင်လိုက်သည့်အခါ လေထုထဲ၌ လွင့်မျောနေသော အချိန်တိုင်းစက်ကို ကြည့်လိုက်၏။ အချိန်အတော်အများ ကျန်ရှိနေသေးသည်ကို မြင်လိုက်ရသဖြင့် သူမ စိတ်အေးသွားရ လေသည်။

အချိန်များကို ချွေတာရန်မှာ သူမအတွက် မလွယ်ကူသော်လည်း၊ ယခုအချိန်မှာမူ တွန့်တိုနေရမည့် အချိန် မဟုတ်ပေ။ လုံယု၏ လက်ရှိ အခြေအနေအရ သူ၏ ဒဏ်ရာများမှာ အပြင်ဘက်ရှိ အလွန်အမင်း အေး စက်သော ရာသီဥတုနှင့် ထိတွေ့မိပါက ပိုမို ဆိုးရွားသွားနိုင်ပေသည်။

သူမ ဤသို့ တွေးတောနေစဉ်အတွင်းမှာပင် သူတို့သည် အိပ်ခန်းအတွင်းသို့ ရောက်ရှိလာခဲ့ကြ၏။

ယောင်ရန်သည် သူ့ကို ကုတင်ပေါ်သို့ ခေါ်ဆောင်သွားကာ ထိုင်ခိုင်းလိုက်ပြီး ပြောလိုက်လေသည်။

"အဝတ်အစားတွေ ချွတ်လိုက်ပါဦး...။"

သူသည် စိတ်လှုပ်ရှားနေသော်လည်း လုံယုက ခေါင်းငြိမ့်ပြကာ သူမ ပြောသည့်အတိုင်း နာခံစွာပင် အဝတ်အစားများကို ချွတ်လိုက်လေ၏။ နေရာလွတ် အတွင်းရှိ အပူချိန်မှာ (၂၅) ဒီဂရီ ဆဲလ်စီးယပ်စ်တွင် တည်ငြိမ်နေသဖြင့် အအေးဒဏ်ခံဝတ်စုံများ ဝတ်ဆင်ထားရန် မလိုအပ်တော့ပေ။ လုံယု အဝတ်အစား များ ချွတ်နေစဉ်အတွင်း ယောင်ရန်မှာမူ ရေချိုးခန်းအတွင်းသို့ ဝင်သွားခဲ့လေသည်။

သူမသည် သူမ၏ ညစ်ပတ်နေသော အဝတ်အစားများကို ချွတ်လိုက်ပြီး မှန်အရှည်ကြီး၏ ရှေ့တွင် ရပ် လိုက်၏။ သူမသည် တစ်ပတ်လှည့်ကာ မှန်ထဲရှိ သူမ၏ ကျောပြင်ကို ကြည့်လိုက်လေသည်။ သူမ၏ ကျောပြင်မှ ဒဏ်ရာများမှာ အနာဖေး တက်နေပြီဖြစ်သည်ကို မြင်လိုက်ရသည့်အခါ ယောင်ရန်သည် အမြန်ပင် ရေချိုးကာ သန့်ရှင်းသော အဝတ်အစားများကို လဲလှယ်လိုက်တော့၏။

နှစ်မိနစ်ခန့် ကြာပြီးနောက် သူမသည် ဆေးသေတ္တာကို ကိုင်ဆောင်ကာ အိပ်ခန်းအတွင်းသို့ ပြန်လည် ရောက်ရှိလာခဲ့လေသည်။

ယောင်ရန် အိပ်ခန်းအတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် လုံယုသည် လေထုထဲ၌ လွင့်ပျံ့နေသော လတ် ဆတ်သည့် ရနံ့လေးကို ရရှိလိုက်၏။ သူ လှည့်ကြည့်လိုက်သည့်အခါ သူမသည် ဆေးသေတ္တာလေးကို ကိုင်ကာ လျှောက်လာသည်ကို တွေ့လိုက်ရလေသည်။ အိမ်နေရင်း အဝတ်အစားများ ဝတ်ဆင်ထားကာ တစ်ဝက်ခန့် ခြောက်သွေ့နေသော ဆံနွယ်များနှင့်အတူ သူမသည် ပုံမှန်ထက်ပင် ပိုမို လှပနေပေသည်။

လုံယုသည် သူ၏ နှာခေါင်းထဲတွင် ပူထူလာသလို ခံစားလိုက်ရသဖြင့် ထိတ်လန့်တကြား မျက်လွှာချ လိုက်ကာ စိတ်တည်ငြိမ်စေရန် အသက်ကို ပြင်းပြင်းရှူလိုက်ရ၏။ သူမသည် သူ့အပေါ် သတိဝီရိယ မထားသည့် အချိန်မျိုးတွင် စိတ်တည်ငြိမ်အောင် ထိန်းထားရန်မှာ တကယ့်ကို ခက်ခဲလှပေသည်။ သူမ သူ့ကို ကြည့်နေသည်ကို မြင်လိုက်ရသည့်အခါ သူ၏ စိတ်များကို ထိန်းချုပ်ရန်မှာ ပို၍ပင် မလွယ်ကူ တော့ပေ။

သူသည် တီရှပ်ကို မချွတ်ရသေးသည်ကို မြင်သောအခါ ယောင်ရန်က ပြောလိုက်၏။

"ရှင့်ရဲ့ ကျောကုန်းကို ကြည့်ပါရစေဦး...။"

လုံယုက ခေါင်းငြိမ့်ပြကာ နာခံစွာပင် ကျောပေးလိုက်လေသည်။ အေးခဲနေသော ဒဏ်ရာများနှင့် ကပ်ငြိ နေသည့် တီရှပ်ကို မြင်သောအခါ ယောင်ရန်သည် ဆေးသေတ္တာထဲမှ ကတ်ကြေးကို ထုတ်ယူ၍ တီရှပ် ကို ညှပ်ထုတ်လိုက်၏။ ထို့နောက် သူမသည် အေးခဲနေသော ဒဏ်ရာများကို အနီးကပ် ကြည့်ရှုလိုက် လေသည်။

ခဲနေသော သွေးများ အရည်ပျော်သွားသည်ကို မြင်သောအခါ ယောင်ရန်သည် ဒဏ်ရာများမှ အဝတ်စ များကို ဂရုတစိုက် ခွာပေးလိုက်၏။ သူမသည် အလွန်ပင် ညှင်သာစွာ လုပ်ဆောင်ပေးနေသော်ငြား လည်း၊ လုံယု၏ ကြွက်သားများမှာမူ နာကျင်မှုကြောင့် တင်းမာနေဆဲ ဖြစ်လေသည်။

သူမသည် သူ၏ တင်းစေ့နေသော မေးရိုးများကို ကြည့်ကာ တိုးညှင်းစွာ ပြောလိုက်၏။

"ခဏလောက် သည်းခံပေးပါဦးနော်...၊ ကျွန်မ အညှင်သာဆုံး လုပ်ပေးပါ့မယ်...။"

၎င်းကို ကြားရသောအခါ လုံယုသည် သူမကို အကူအညီမဲ့စွာ တစ်ချက် ကြည့်လိုက်လေသည်။ သူမ၏ ကုတင်ပေါ်တွင် ထိုင်နေရင်း၊ သူမ၏ ကိုယ်သင်းနံ့ကို ရရှိနေကာ၊ သူမ အခုလေးတင် ပြောလိုက်သော စကားများကိုပါ ကြားလိုက်ရသည့်အခါ သူကဲ့သို့သော အမျိုးသားတစ်ဦးအတွက် မဖွယ်မရာသော အတွေးများ ဝင်ရောက်လာမိသည်မှာ မဆန်းပေ။

All Chapters