← Chapters

အခန်း ၁၆၇

Vol. 17 Ch. 167

အခန်း ၁၆၇

Vol. 17 Ch. 167

အခန်း (၁၆၇)

ရှင် ကျွန်မကို အသေမခံနိုင်ဘူး မဟုတ်လား

ယောင်ရန်၏ ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သော စကားများကြောင့် လုံယု၏ စိတ်အာရုံမှာ မဖွယ်မရာ သော အတွေးများကြားတွင် နစ်ဝင်နေခဲ့ပြီး နာကျင်မှုကိုလည်း များစွာ မခံစားရတော့ပေ။

ယောင်ရန်သည် သူ၏ ဒဏ်ရာများကို သန့်စင်ပေးလိုက်သည့် အခါတွင်မူ လုံယုမှာ မျက်မှောင်ပင် မကြုတ်သည်ကို တွေ့လိုက်ရ၏။ ၎င်းကို မြင်သည့်အခါ သူမသည် စိတ်ထဲ၌ လုံယုအတွက် အမှတ်တစ်ခု ထပ်တိုးပေးလိုက်လေသည်။

ယောင်ရန်သည် ပြုံးလိုက်ပြီးနောက် လုံယု၏ ကျောပြင်ဆီသို့ အကြည့်ပြန်လွှဲလိုက်၏။ သူ၏ ကျောပြင် တစ်ခုလုံးတွင် သွေးစိုနေသော ဒဏ်ရာများကို မြင်လိုက်ရသည့်အခါ သူမသည် လုံယုကို ထပ်မံ ငေး ကြည့်မိပြန်လေသည်။ အကယ်၍ သူသာ သူ၏ ကိုယ်ခန္ဓာဖြင့် ကာကွယ်ပေးခဲ့ခြင်း မရှိပါက သူမသည် ပြင်းထန်စွာ ဒဏ်ရာရရှိသွားပေလိမ့်မည်။

ဆေးထည့်ပေးရင်းနှင့် ပတ်တီးစီးပေးနေစဉ်အတွင်း ယောင်ရန်က မနေနိုင်ဘဲ မေးလိုက်လေသည်...။

"ရှင် ဘာလို့ အဲ့ဒီလို လုပ်ခဲ့တာလဲ...။"

လုံယုမှာ အတွေးလွန်နေသဖြင့် သူမ၏ မေးခွန်းကို ရှင်းလင်းစွာ မကြားလိုက်ရပေ...၊

"ဘာပြောလိုက်တာလဲ...။"

ယောင်ရန်သည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် ထပ်မံ မေးမြန်းလိုက်၏...။

"ဘာလို့ ရှင့်ရဲ့ ကိုယ်ခန္ဓာနဲ့ ကျွန်မကို ကာကွယ်ခဲ့တာလဲ...။ တကယ်လို့ ပေါက်ကွဲမှုကသာ အခုထက် ပိုပြင်းခဲ့မယ်ဆိုရင် ရှင် သေသွားနိုင်တယ်လေ...။"

သူမ၏ မေးခွန်းကို ကြားရသည့်အခါ လုံယုက ခဏမျှ စဉ်းစားပြီးမှ ပြန်လည် ဖြေလိုက်လေ၏...၊

"ငါ့ရဲ့ ကိုယ်ခန္ဓာက ငါ့စိတ်ထက် ပိုပြီး မြန်မြန် တုံ့ပြန်သွားလို့ပါ...။"

၎င်းကို ကြားရသောအခါ ယောင်ရန်၏ လက်များမှာ ခေတ္တမျှ ရပ်တန့်သွားပြီး သူမက မှိုင်တွေစွာ ပြော လိုက်လေသည်...။

"လုံယု...၊ ကျွန်မက ဘယ်သူ့ရဲ့ ကာကွယ်မှုကိုမှ မလိုအပ်ပါဘူး...။ ကျွန်မကိုယ်ကျွန်မ ကာကွယ်နိုင် ပါတယ်...။ ရှင့်မှာ အသက်တစ်ချောင်းပဲ ရှိတာလေ...၊ ရှင့်ရဲ့ ရှင်သန်မှုကို တန်ဖိုးထားသင့်တယ်...။"

လုံယုသည် သူမ၏ လေသံအတွင်းမှ တစ်စုံတစ်ခုကို ခံစားလိုက်ရသဖြင့် သူမဘက်သို့ လှည့်ကြည့် လိုက်လေ၏။ သူသည် သူမ၏ လက်ကလေးကို ဆုပ်ကိုင်ကာ သူမ​၏ မျက်ဝန်းများကို စိုက်ကြည့် လိုက်ရာ၊ ထိုမျက်ဝန်းများထဲရှိ နုနယ်မှုနှင့် နာကျင်မှုများကို တွေ့ရှိလိုက်ရသဖြင့် စိတ်မကောင်း ဖြစ် သွားရလေသည်။

သူသည် သူမ၏ နူးညံ့သော လက်ကလေးကို ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်၏..၊

"ရန်ရန်... မင်း ငါ့ရဲ့ ကာကွယ်မှုကို မလိုဘူးဆိုတာ ငါသိပါတယ်၊ ပြီးတော့ ငါက ဒါကို မင်းအတွက် လုပ်ခဲ့ တာလည်း မဟုတ်ဘူး...။ ငါ မင်းအတွက် လုပ်ဆောင်ခဲ့သမျှ အရာအားလုံးက ငါ့ကိုယ်ငါအတွက်ပဲ...။"

သူမက သူ့ကို မယုံကြည်ဟန် ရှိနေသည်ကို မြင်သဖြင့် လုံယုက ရှင်းပြလိုက်လေသည်...။

"ငါ မင်းကို ကာကွယ်ခဲ့တာက ငါ ကာကွယ်ချင်လို့ပဲ...။ ငါ့အတွက် မင်းရဲ့ ကျေးဇူးတင်စကားလည်း မလို သလို၊ မင်းရဲ့ ဆုလာဘ်ကိုလည်း ငါ မတောင်းတပါဘူး...။ ငါ အလိုရှိတာက မင်းကို ဘေးကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင် ငြိမ်းငြိမ်းချမ်းချမ်း နေစေချင်တာပဲ...။"

"အဲ့ဒီ ရင်ထိုးတံဆိပ်က တကယ်တော့ ဗုံးတစ်လုံး ဖြစ်နေမှန်း ငါ သိလိုက်တဲ့ အချိန်မှာ ငါ့ရဲ့ ကိုယ်ခန္ဓာက ဦးနှောက်ထက် ပိုမြန်မြန် တုံ့ပြန်သွားတာ...။ မင်းကို ထပ်ပြီး ဒဏ်ရာ မရစေချင်တော့ဘူးဆိုတာကိုပဲ ငါ သိနေခဲ့တာလေ...။ ဗုံးပေါက်ကွဲသွားပြီးတဲ့နောက်မှာ မင်း မဟုတ်ဘဲ ငါ ဒဏ်ရာရခဲ့လို့ တကယ့်ကို ဝမ်း သာမိတယ်...။"

ထို့နောက် သူက ပြုံးလိုက်ပြီး ထပ်လောင်း ပြောလိုက်၏...။

"မင်းကလည်း ငါနဲ့ တူတူပါပဲ မဟုတ်လား...။ ငါ မင်းကို အကြိမ်ကြိမ် ထွက်သွားဖို့ ပြောခဲ့ပေမဲ့ မင်း ငါ့ကို စွန့်ပစ်မသွားခဲ့ဘူးလေ...။ ဒါဟာ မင်းကိုယ်တိုင်အတွက် မဟုတ်ဘူးလား...၊ မင်း ငါ့ကို အသေမခံနိုင်လို့ မဟုတ်လား...။"

ယောင်ရန်မှာ ထိုစကားကို ကြားရသည့်အခါ မှင်တက်သွားရလေသည်။ သူမသည် မျက်လွှာချလိုက်ကာ အချိန်အတော်ကြာ စဉ်းစားပြီးမှ ပြောလိုက်လေ၏...။

"ရှင့်စကားက မှန်တယ်လို့ ကျွန်မ ထင်မိတယ်...။"

၎င်းကို ကြားရသောအခါ လုံယု၏ အပြုံးမှာ ပိုမို နက်ရှိုင်းသွားတော့၏...။

"မင်း ငါ့စကားကို သဘောတူတယ်ဆိုမှတော့...၊ အခုကစပြီး ငါပေးသမျှနဲ့ ငါလုပ်ဆောင်ပေးသမျှ အရာ အားလုံးကို စိတ်အေးလက်အေးနဲ့ လက်ခံနိုင်ပါပြီ...။"

ထိုစကားကို ကြားရသည့်အခါ ယောင်ရန်သည် မျက်မှောင်ကြုတ်ကာ သူ့ကို ကြည့်လိုက်လေသည်။ လုံယုသည် သူမအတွက် ကျော့ကွင်းတစ်ခု တမင်တကာ ဆင်လိုက်ခြင်း ဖြစ်မည်ဟု သံသယဝင်မိသော် လည်း သူမ၌ သက်သေ မရှိပေ။

သူ့ကို ခဏမျှ သံသယဖြင့် စိုက်ကြည့်နေပြီးနောက်မှသာ သူ၏ ဒဏ်ရာများကို ပတ်တီး ဆက်လက် စည်းပေးလိုက်ပြီး၊ သူ၏ နဖူးပေါ်မှ ဒဏ်ရာများကိုလည်း ကုသပေးလိုက်၏။ အားလုံး ပြီးစီးသွားသည့် အခါတွင်မူ ယောင်ရန်က ပြောလိုက်လေသည်...။

"ရှင့်ရဲ့ ကိုယ်ခန္ဓာကို သန့်စင်ချင်လား...၊ ရေချိုးလို့ မရသေးပေမဲ့ ရေနွေးလေးနဲ့တော့ အညစ်အကြေး တွေကို သုတ်လို့ ရပါတယ်...။ ကျွန်မ ရေချိုးခန်းထဲမှာ ရှင့်အတွက် သဘက်တွေနဲ့ သန့်ရှင်းတဲ့ အဝတ် အစားတွေ ပြင်ပေးထားပါတယ်...။"

လုံယုက ခေါင်းငြိမ့်ပြကာ ပြုံးလိုက်၏...။

"ကျေးဇူးပါ ရန်ရန်...။"

ယောင်ရန်သည် သူ၏ အပြုံးကို ကြည့်လိုက်မိကာ သူမ၏ ပါးပြင်များမှာ ပိုမို ပူထူလာခဲ့လေသည်။ သူမ ၏ နှလုံးခုန်သံများမှာလည်း မြန်ဆန်လာသဖြင့် အမြန်ပင် ထရပ်လိုက်တော့၏။

"ကျွန်မ...၊ ကျွန်မ စားစရာ တစ်ခုခု သွားလုပ်လိုက်ဦးမယ်...။ ရှင် အေးအေးဆေးဆေး လုပ်ပြီးမှ ဧည့်ခန်း ကို လာခဲ့ပါ...။"

ထိုသို့ ပြောပြီးနောက် သူမသည် လုံယု တစ်ခုခု ပြန်မပြောမီမှာပင် အိပ်ခန်းအတွင်းမှ အလျင်အမြန် ထွက်ခွာသွားတော့သည်။ သူမ မျက်နှာလေး နီမြန်းကာ ပြေးထွက်သွားသည်ကို ကြည့်ပြီး လုံယုမှာ တိုးညှင်းစွာ ရယ်မောလိုက်ကာ ရေချိုးခန်းအတွင်းသို့ ဝင်သွားလေတော့သည်။

ယောင်ရန်နှင့် လုံယုတို့ နေရာလွတ် အတွင်း၌ အနားယူနေကြစဉ်အတွင်း လိုက်လံဖမ်းဆီးသူများမှာမူ ထူထဲသော နှင်းများအောက်တွင် ရှာဖွေရန် အလုပ်ရှုပ်နေခဲ့ကြလေ၏။

နှစ်နာရီခန့် ရှာဖွေပြီးနောက်တွင်မူ ခေါင်းဆောင်ဖြစ်သူသည် လက်လျှော့လိုက်ကာ ပြောလိုက်လေ သည်...။

"ဌာနချုပ်ကို ပြန်ကြမယ်...။"

သူ၏ အမိန့်အတိုင်း သူတို့သည် ပေါက်ကွဲမှု ခြေရာများကိုသာ ချန်ထားရစ်ခဲ့ပြီး ဌာနချုပ်သို့ အလျင် အမြန် ပြန်သွားခဲ့ကြလေသည်။

လုံယုနှင့် ယောင်ရန်တို့သည် နေရာလွတ် အတွင်း၌ ငါးနာရီခန့် ကြာအောင် နေထိုင်ခဲ့ကြ၏။ အစားအ သောက်များ စားသုံးကာ ကောင်းမွန်စွာ အနားယူပြီးနောက်တွင်မူ သူတို့၏ အားအင်များ ပြန်လည် ပြည့် ဝလာခဲ့ပြီ ဖြစ်သည်။

လုံယုသည် သူ၏ နာရီကို ကြည့်ကာ ပြောလိုက်လေသည်...။

"နံနက် ငါးနာရီ ရှိနေပြီပဲ...။ ရန်ရန်...၊ အပြင်ဘက်မှာ ဘာတွေ ဖြစ်နေသလဲဆိုတာ သိရအောင် ငါ့ကို အပြင်ထွက်ခွင့် ပေးမလား...။"

ယောင်ရန်က ခဏမျှ စဉ်းစားပြီးနောက် ခေါင်းခါလိုက်၏...။

"ရှင့်ရဲ့ ဒဏ်ရာက တော်တော်လေး ပြင်းထန်တယ်...၊ ရှင် ဒီမှာပဲ နေခဲ့ပါ...။ ကျွန်မ အပြင်ထွက်ပြီး သွား ကြည့်လိုက်မယ်...။ တကယ်လို့ သူတို့ ရှိနေသေးတယ်ဆိုရင်တောင် သူတို့ မရိပ်မိခင် ကျွန်မ ဒီကို ပြန်လာလို့ ရတာပဲလေ...။"

လုံယုသည် သူမ၏ စကားကို ခဏမျှ စဉ်းစားလိုက်ပြီးမှ သဘောတူလိုက်လေသည်...။

"ကောင်းပါပြီ... ဒါပေမဲ့ သတိထားပါနော်...။"

"ကျွန်မ သိပါတယ်...။"

ဆုံးဖြတ်ချက် ချပြီးနောက်တွင်မူ ယောင်ရန်သည် လုံယုအတွက် အပူချိန်ထိန်းအဝတ်အစား၊ ဓားဒဏ်ခံ အင်္ကျီ၊ ဆောင်းတွင်းဝတ်စုံတစ်စုံ၊ အပေါ်အင်္ကျီနှင့် အအေးဒဏ်ခံဝတ်စုံတို့ကို ပြင်ဆင်ပေးလိုက်၏။ ထို့ ပြင် သူမသည် သူ့ကို နှာခေါင်းစည်းအသစ်၊ နှင်းတောလျှောက် မျက်မှန်နှင့် လက်အိတ်များကိုလည်း ပေးလိုက်လေသည်။

လုံယုသည် အမျိုးသားဝတ် အဝတ်အစားများကို ကြည့်လိုက်ကာ ရင်ထဲ၌ မချိတင်ကဲ ဖြစ်သွားရ၏။ သူက သူမကို ကြည့်၍ မေးလိုက်လေသည်...။

"ရန်ရန်...၊ မင်းမှာ အမျိုးသားဝတ် အဝတ်အစားတွေလည်း ရှိနေတာလား...။ တစ်စုံတစ်ယောက်အတွက် ပြင်ဆင်ထားတာလား...။"

ယောင်ရန်မှာမူ သူ ဘာတွေ တွေးနေသည်ကို မသိဘဲ ပြန်လည် ဖြေလိုက်၏...။

"ဟုတ်တယ်...၊ ကျွန်မကိုယ်တိုင် ဝတ်လို့ မရပေမဲ့ တခြားသူတွေနဲ့ ပစ္စည်းချင်း ဖလှယ်ဖို့အတွက် သုံးလို့ ရတာပဲလေ...။ နောင်မှာ ဘာတွေ ဖြစ်လာဦးမလဲဆိုတာ ကျွန်မ မသိနိုင်ဘူးဆိုတော့ ဖြစ်နိုင်သမျှ အစုံ အလင် ရှိနေအောင် ပြင်ထားတာပေါ့...။"

သူမက ပြုံးလိုက်ပြီး ဂုဏ်ယူစွာဖြင့် ထပ်လောင်း ပြောလိုက်လေ၏...။

"ကျွန်မသာ အစုံအလင် မပြင်ထားခဲ့ရင် ရှင် အဲ့ဒီ ညစ်ပတ်ပြီး စုတ်ပြတ်နေတဲ့ အဝတ်အစားတွေကိုပဲ ဆက်ဝတ်နေရမှာပေါ့...။"

လုံယုသည် သူမ၏ ဂုဏ်ယူနေသော အမူအရာကို ကြည့်ကာ၊ သူမသည် အဘယ်ကြောင့် ဤမျှ လောက်အထိ ချစ်စရာ ကောင်းနေရသနည်းဟု တွေးတောရင်း ရင်ထဲ၌ ယားကျိကျား ဖြစ်သွားရလေ သည်။

"..."

သူတို့နှစ်ဦး အဝတ်အစားများ လဲလှယ်ကာ ကိရိယာများကို တပ်ဆင်ပြီးသည့်နောက်တွင်မူ ယောင်ရန်က ပြောလိုက်၏...။

"ရှင် ဒီမှာ ခဏ စောင့်နေဦး...။ ဟိုလူတွေ ထွက်သွားပြီဆိုတာကို ကျွန်မ အတည်ပြုပြီးမှ ရှင့်ကို အပြင် ခေါ်ထုတ်မယ်...။"

လုံယုက ခေါင်းငြိမ့်ပြလိုက်ရာ ယောင်ရန်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့၏။ သူသည် ဤ လျှို့ဝှက်ဆန်းပြားလှသော နေရာလွတ်ကို အံ့သြ၍ပင် မဆုံးသေးမီမှာပင် ပြင်းထန်သော ဆွဲငင်အား တစ်ခုကို ခံစားလိုက်ရကာ သူ၏ အမြင်အာရုံများမှာ မှောင်မည်းသွားတော့၏။ နောက်တစ်စက္ကန့်တွင်မူ ယောင်ရန်၏ အံ့အားသင့်နေသော အသံကို ကြားလိုက်ရလေသည်။

"လုံယု...၊ ရှင် ဘာလို့ အပြင်ကို ရောက်လာတာလဲ...။"

All Chapters