← Chapters

အခန်း ၁၆၈

Vol. 17 Ch. 168

အခန်း ၁၆၈

Vol. 17 Ch. 168

အခန်း (၁၆၈)

သူတို့ရဲ့ ပစ်မှတ်က ကျွန်တော်ပဲ

လုံယုသည် မော့ကြည့်လိုက်ရာ ယောင်ရန်မှာ ပြတင်းပေါက်၏ အပြင်ဘက်တွင် ရပ်နေသည်ကို တွေ့ လိုက်ရလေသည်။ သို့သော် သူကမူ သိုလှောင်ရုံအတွင်း၌သာ ရှိနေသေးလေသည်။

သူတို့သည် မနေ့ညက ပျောက်ကွယ်သွားခဲ့သည့် နေရာ၌ပင် အတိအကျ ပြန်လည် ပေါ်လာခြင်း ဖြစ်၏။

သူသည် သူမကို ကြည့်ကာ မေးလိုက်လေသည်...။

"မင်း ငါ့ကို အပြင်ခေါ်ထုတ်လာတာ မဟုတ်ဘူးလား...။"

ယောင်ရန်က ခေါင်းခါပြလိုက်၏...။

"မဟုတ်ဘူး...၊ ကျွန်မ အပြင်ထွက်လိုက်တာနဲ့ ရှင်လည်း ရုတ်တရက် ပေါ်လာတာပဲ...။"

သူမ ထိုသို့ ပြောပြီးနောက် သူတို့နှစ်ဦးမှာ ခဏမျှ အကြည့်ချင်း ဆုံနေကြပြီးနောက် လုံယုက ပြောလိုက် လေသည်...။

"မင်း…၊ မင်းရဲ့ နေရာလွတ်ထဲမှာ ရှိနေမှသာ တခြားသူတွေက အဲ့ဒီမှာ နေလို့ရပုံရတယ်...။"

ယောင်ရန်သည်လည်း သဘောတူဟန်ဖြင့် ခေါင်းငြိမ့်လိုက်ပြီး တွေးနေမိ၏...။

*ဒါဆိုရင် ငါ့ရဲ့ ပစ္စည်းတွေ အားလုံးကို နေရာလွတ်ထဲမှာ ထည့်ထားသရွေ့တော့ ဘယ်သူမှ လာခိုးလို့ မရတော့ဘူးပေါ့... ဒါ တကယ့်ကို ကောင်းတဲ့အချက်ပဲ...။*

ယောင်ရန်သည် သူမ၏ နေရာလွတ်တွင် နောက်ထပ် စွမ်းဆောင်ရည်တစ်ခု ရှိနေသည်ကို သိရှိ သွားသဖြင့် စိတ်ကြည်လင်သွားလေသည်။ သူမသည် မှန်ပြောင်းကို ထုတ်ယူကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်လေ၏။

အနီးအနားတွင် သစ်ပင်များ သို့မဟုတ် မြက်ပင်များ မရှိသဖြင့် သူမ၏ သစ်သားစွမ်းအင်ကို အသုံးပြု၍ စောင့်ကြည့်ရန် မဖြစ်နိုင်ပေ။

သူမသည် ဆယ့်ငါးမိနစ်ခန့် စောင့်ကြည့်ပြီးနောက် ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိကြောင်း အတည်ပြု လိုက်လေသည်။ ထို့နောက် မှန်ပြောင်းကို ပြန်လည် သိမ်းဆည်းလိုက်ပြီး ပြောလိုက်၏...။

"ဘယ်သူမှ မရှိတော့ဘူး...၊ ငါတို့ရဲ့ ကျောပိုးအိတ်တွေကို သွားယူကြမလား...။"

လုံယုက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်လေသည်...။

"တစ်ဝက်တစ်ပျက် ပျက်စီးနေတဲ့ အဆောက်အအုံထဲ ပြန်ဝင်ဖို့က အရမ်း အန္တရာယ်များတယ်...။ မင်းရဲ့ ကျောပိုးအိတ်ထဲမှာ ပြန်ယူရမယ့် အရေးကြီးတဲ့ ပစ္စည်းတွေ ပါသေးလို့လား...။"

ယခုအခါ လုံယုသည် သူမ၏ နေရာလွတ်အကြောင်း သိရှိသွားပြီ ဖြစ်သောကြောင့် ယောင်ရန်သည် ဆက်လက် ဟန်ဆောင်မနေတော့ဘဲ ပြောလိုက်၏...။

"အိတ်က အလွတ်ကြီးပါ...၊ ဘာမှ ထည့်မထားဘူး...။ ရှင့်အိတ်ထဲမှာကော...။"

သူမ၏ အဖြေကို ကြားရသောအခါ လုံယုသည် မျက်ခုံးအနည်းငယ် မြင့်တက်သွားပြီး တွေးလိုက်မိ၏...

*ဒါဆို သူမက အခုထိ ကျောပိုးအိတ်ကို အကာအကွယ်အနေနဲ့ပဲ သုံးနေတာပေါ့...။ အပြင်ထွက်တဲ့အခါ ပစ္စည်းတွေ အများကြီး သယ်လာနိုင်ပေမဲ့ သူမရဲ့ ကျောပိုးအိတ်က အမြဲတမ်း အလွတ်ကြီးလို ဖြစ်နေ တာ မဆန်းပါဘူး...။*

လုံယုက ပြောလိုက်လေသည်...။

"ဖိသိပ်ထားတဲ့ ဘီစကစ်မုန့် အနည်းငယ်နဲ့ ရေတစ်ပုလင်းပဲ ပါတာပါ...။ ပေါက်ကွဲမှု ဖြစ်ပြီးတဲ့နောက် တော့ အဲ့ဒါတွေကို ပြန်ရဖို့ မမျှော်လင့်တော့ပါဘူး...။ ငါတို့ ဒီမှာ အချိန်အကြာကြီး မနေသင့်ဘူး...။ အရင် ပြန်ကြရအောင်...။"

ယောင်ရန်က ခေါင်းငြိမ့်ပြလိုက်ပြီး သူတို့နှစ်ဦးသည် ရုံးအဆောက်အအုံ အတွင်းမှ တိတ်တဆိတ် ထွက်ခွာလာခဲ့ကြလေသည်။ သူတို့သည် အဝေးမှ လင်းယွမ်တိုက်ခန်းအဆောက်အအုံကို မြင်တွေ့ရ သည့် အချိန်အထိ သတိဝီရိယ အပြည့်ဖြင့် လျှောက်လှမ်းလာခဲ့ကြပြီး၊ ထိုအခါမှသာ စိတ်သက်သာရာ ရစွာ သက်ပြင်းချနိုင်ကြတော့၏။

သူတို့ လင်းယွမ်တိုက်ခန်းအဆောက်အအုံ အတွင်းသို့ ဝင်ရောက်လာသည့် အချိန်တွင်မူ ကောင်းကင်ယံ မှာ အနည်းငယ် လင်းပွင့်စ ပြုနေပြီ ဖြစ်သော်လည်း၊ မှိုင်းညို့နေသော ကောင်းကင်ယံထက်မှ နှင်းပွင့် များမှာမူ ကျဆင်းနေဆဲ ဖြစ်လေသည်။

လမ်းလျှောက်နေရင်း ယောင်ရန်က ရုတ်တရက် မေးလိုက်၏...။

"ငါတို့ ယောင်ယွဲ့ချွမ်ကို သတ်ပစ်သင့်သလား...။"

သူမ၌ ဤကဲ့သို့ အတွေးမျိုး ရှိနေသည်ကို လုံယုက အံ့သြမနေပေ။

အကယ်၍ နှင်းလျှောစီးယာဉ်ကို သွားယူရန် မထွက်ခွာမီ ယောင်ယွဲ့ချွမ်က ယောင်လုံခြုံရေးကုမ္ပဏီ အတွင်းရှိ အစုအဖွဲ့များအကြောင်းကိုသာ ပြောပြမထားခဲ့ပါက၊ ယောင်ယွဲ့ချွမ်သည် သူတို့ကို သတ်ရန် အတွက် တမင်တကာ ကျော့ကွင်းဆင်ခဲ့ခြင်း ဖြစ်သည်ဟု လုံယု ထင်မြင်မိပေလိမ့်မည်။

သို့သော်လည်း ယောင်ရန် ရှာတွေ့ခဲ့သော ရင်ထိုးတံဆိပ်မှာ အနက်ရောင် ဖြစ်နေပြီး ယောင်ယွဲ့ချွမ်၏ ရင်ထိုးတံဆိပ်နှင့် မတူညီသောကြောင့် ယောင်ယွဲ့ချွမ်မှာ အမှန်အတိုင်း ပြောနေခြင်း ဖြစ်ကြောင်း သက်သေပြနေလေသည်။ ထို့ကြောင့် လုံယုသည် သူ့ကို သတ်ရန် အစီအစဉ် မရှိပေ။

လုံယုက ခဏမျှ တိတ်ဆိတ်ပြီးနောက် မေးလိုက်လေသည်။

"သူက ငါတို့ကို သတ်ချင်နေတဲ့ လူတွေနဲ့ ပူးပေါင်းနေတယ်လို့ မင်း ထင်လို့လား...။"

ယောင်ရန်က ခေါင်းငြိမ့်ပြကာ ပြန်မေးလိုက်၏...၊

"သူတို့က အဖွဲ့တစ်ခုတည်းကလို့ ရှင် မထင်ဘူးလား...။"

လုံယုက ပြန်လည်ဖြေလိုက်လေသည်...။

"မနေ့က ငါတို့ သူ့ဆီ သွားတုန်းက သူ ငါ့ကို ယောင်လုံခြုံရေးကုမ္ပဏီထဲက အစုအဖွဲ့ နှစ်ခုအကြောင်း ပြောပြခဲ့တယ်လေ...။ ယောင်ယွဲ့ချွမ်က ယာဘက်အစုအဖွဲ့က အဖွဲ့ဝင် တစ်ယောက်ပဲ...။ ပြီးတော့ မနေ့ညက ငါတို့ဆီကို လာသတ်တဲ့သူတွေက ဝဲဘက်အစုအဖွဲ့က လူတွေ ဖြစ်ရမယ်...။"

၎င်းကို ကြားရသောအခါ ယောင်ရန်သည် သူမ၏ ခေါင်းကို အနည်းငယ် စောင်းကာ မေးလိုက်၏...၊

"သူတို့က ဝဲဘက်အစုအဖွဲ့ကမှန်း ရှင် ဘယ်လို သိတာလဲ...။"

လုံယုက သူမကို ကြည့်ကာ မေးလိုက်လေသည်...။

"ယောင်ယွဲ့ချွမ်ရဲ့ ရင်ထိုးတံဆိပ် အရောင်နဲ့ ခုနက ပေါက်ကွဲသွားတဲ့ ရင်ထိုးတံဆိပ် အရောင်ကို မင်း မှတ်မိသေးလား...။"

ယောင်ရန်သည် စက္ကန့်အနည်းငယ်မျှ စဉ်းစားလိုက်ပြီးနောက် သူမ၏ မျက်ဝန်းများ ဝင်းလက်သွား တော့၏။ သူမက မေးလိုက်လေသည်...။

"အဲ့ဒီ အနက်ရောင် ရင်ထိုးတံဆိပ်က ဝဲဘက်အဖွဲ့ကလား...။"

လုံယုက ခေါင်းငြိမ့်ပြလိုက်၏...။

"ဟုတ်တယ်...။"

သူတို့ စကားပြောနေကြရင်းပင် အမှတ် (၃) အဆောက်အအုံသို့ ရောက်ရှိလာခဲ့ကြလေသည်။

သူတို့ကို မသိသောသူများမှာမူ လုံယုနှင့် ယောင်ရန်တို့၏ ထူထဲသောအဝတ်အစားများနှင့် အရည် အသွေးမြင့် ဆောင်းတွင်းသုံး ပစ္စည်းများကို ကြည့်ကာ မနာလိုဝန်တိုစိတ်ဖြင့် ငေးကြည့်နေကြ၏။ သူတို့၏ နာမည်ဆိုးကို သိထားကြသူများမှာမူ ကူးစက်ရောဂါတစ်ခုကဲ့သို့ သဘောထားကာ သူတို့နှင့် ဝေးဝေးတွင်သာ နေကြလေသည်။

အထပ် (၁၈) ရှိ ကျိုးပဲ့နေသော ပြတင်းပေါက်များမှတစ်ဆင့် အဆောက်အအုံ အတွင်းသို့ တက်လှမ်းပြီး နောက် လုံယုနှင့် ယောင်ရန်တို့သည် အထပ် (၂၀) သို့ ချက်ချင်း မပြန်သေးဘဲ ယောင်ယွဲ့ချွမ်ကို သွားတွေ့ ရန် အထပ် (၁၉) သို့ ဦးတည်ခဲ့ကြလေ၏။

ယောင်ယွဲ့ချွမ်သည် လုံယု၏ နဖူးပေါ်ရှိ ပတ်တီးလေးကို မြင်လိုက်ရသည့်အခါ သူ၏ မျက်နှာမှာ ပျက် သွားပြီး မေးလိုက်လေသည်...။

"ဝဲဘက်အဖွဲ့က အဲ့ဒီ အရူးတွေနဲ့ တွေ့ခဲ့တာလား...။"

လုံယုက ခေါင်းငြိမ့်ပြကာ...၊

"ငါတို့ နှင်းလျှောစီးယာဉ်ကို ရှာတွေ့ခဲ့တယ်...။ ဒါပေမဲ့ အဲ့ဒီမှာ အနက်ရောင် ရင်ထိုးတံဆိပ် အသေးလေး တစ်ခု ဝှက်ထားတာကို တွေ့ခဲ့ရတယ်လေ...။ နှင်းလျှောစီးယာဉ်ကို တွေ့ပြီး နှစ်မိနစ်အကြာမှာပဲ အဲ့ဒါက ပေါက်ကွဲသွားတာပဲ...။ ရန်ရန်နဲ့ ငါ အဲ့ဒီကို သွားမယ်ဆိုတာကို သူတို့ ကြိုသိပြီး တမင်တကာ ထောင် ချောက်ဆင်ထားတာလား...။"

၎င်းကို ကြားရသောအခါ ယောင်ယွဲ့ချွမ်၏ မျက်ဝန်းများမှာ မှေးမှိန်သွားတော့၏။ သူက ခေါင်းခါ ပြကာ...။

"သူတို့ရဲ့ ပစ်မှတ်က ကျွန်တော်ပဲ...။" ဟု ဆိုလေသည်။

ထို့နောက် သူက လှောင်ပြုံးပြုံးကာ အံကြိတ်၍ ပြောလိုက်လေသည်...။

"အဲ့ဒီ ကောက်ကျစ်တဲ့ ကောင်တွေက ကျွန်တော့်ရဲ့ နည်းပညာကိုသုံးပြီး ကျွန်တော့်လူတွေကို ရန်ပြုရဲ တယ်ပေါ့...။ သူတို့ တကယ့်ကို သေချင်နေကြတာပဲ...။"

ယောင်ရန်က မျက်စောင်းထိုးကာ ပြောလိုက်၏...။

"ရှင့်လူတွေက ဘယ်သူတွေလဲ...၊ လျှောက်မပြောနဲ့ဦး...။"

ယောင်ယွဲ့ချွမ်သည် ထိုစကားကို ကြားရသည့်အခါ သူ၏ ရက်စက်ကြမ်းကြုတ်သော အမူအရာများမှာ ချက်ချင်း ပျောက်ကွယ်သွားတော့၏။ သူသည် သူမ၏ စိတ်အနှောင့်အယှက် ဖြစ်နေသော အမူအရာကို မြင်လိုက်ရသဖြင့် အလျင်အမြန်ပင် ပြုံးပြလိုက်လေသည်...။

"ဟုတ်ကဲ့...၊ ဟုတ်ကဲ့...၊ ကျွန်တော် လျှောက်ပြောမိတာပါ...။"

ယောင်ယွဲ့ချွမ်၏ မျက်နှာပေး အပြောင်းအလဲ မြန်ပုံကို ကြည့်ရင်း လုံယုမှာ တွေးနေမိ၏...။

*သူက ဘာလို့ ရန်ရန်ရဲ့ အမြီးနန့်နေတဲ့ ခွေးတစ်ကောင်လို ပြုမူနေရတာလဲ...။ သူ့မှာသာ အမြီးပါရင် အခုလောက်ဆို ကြမ်းပြင်တောင် ပြောင်စင်နေလောက်ပြီ...။*

ယောင်ယွဲ့ချွမ်မှာမူ လုံယုက သူ့ကို ခွေးတစ်ကောင်နှင့် နှိုင်းယှဉ်နေသည်ကို မသိဘဲ ပြောလိုက်လေ သည်...။

"မမလေးယောင်...၊ မမလေးတို့နှစ်ယောက် အသက်ရှင်လျက် ပြန်လာနိုင်တာ တကယ့်ကို ကောင်းပါ တယ်...။"

အပူပေးစက်မှာ အားကုန်လုနီးပါး ဖြစ်နေသည်ကို မြင်ရသဖြင့် ယောင်ရန်က ပြောလိုက်၏..။

"ခဏနေရင် အပူပေးစက် အသစ်တစ်လုံး လာပို့ပေးမယ်...။"

ယောင်ယွဲ့ချွမ်သည် ထိုစကားကို ကြားလိုက်ရသည့်အခါ မျက်ဝန်းများ ဝင်းလက်သွားကာ အလျင်အမြန် ခေါင်းငြိမ့်ပြပြီး ပြုံးလိုက်လေသည်...။

"ကျေးဇူးတင်ပါတယ် မမလေးယောင်..."

မနေ့ညက ဖြစ်ပျက်ခဲ့သမျှကို ယောင်ယွဲ့ချွမ်အား တမင်တကာ အသိပေးပြီးနောက်ယောင်ရန်နှင့် လုံယု တို့သည် အထပ် (၂၀) သို့ ပြန်လာခဲ့ကြလေသည်။ ယခုအခါ ငါးစာကို ပစ်ချပြီးပြီ ဖြစ်သောကြောင့် ယောင်ယွဲ့ချွမ်၏ လှုပ်ရှားမှုကိုသာ စောင့်ကြည့်ရန် ကျန်တော့၏။ ထိုအချိန်ကျမှသာ သူသည် မိတ်ဆွေ လော သို့မဟုတ် ရန်သူလော ဆိုသည်ကို သူတို့ သိရှိကြရပေလိမ့်မည်။

All Chapters