အခန်း ၁၆၉
Vol. 17 Ch. 169
အခန်း (၁၆၉)
မင်း ဘာကို ကြောက်နေတာလဲ
အထပ် (၂၀) သို့ သွားရာ သံတံခါးကို ဖွင့်လိုက်သည့်အခါ လုံယုနှင့် ယောင်ရန်တို့သည် စင်္ကြံလမ်းရှိ ကြမ်းပြင်နှင့် နံရံများပေါ်မှ နှင်းခဲများကို ရှင်းလင်းနေသော ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့ကို တွေ့လိုက် ရလေသည်။
သူတို့ အောက်ထပ်မှ ပြန်လာသည်ကို မြင်သောအခါ ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့က နှုတ်ဆက်လိုက်ကြ လေသည်။
" အစ်မ ယောင်ရန်...၊ အစ်ကို လုံယု...၊ မင်္ဂလာရှိသော မနက်ခင်းပါ...။"
ယောင်ရန်က သူတို့ကို ခေါင်းငြိမ့်ပြကာ မေးလိုက်၏။
"ကျန်တဲ့သူတွေရော ဘယ်မှာလဲ...။"
ဟွမ်ကျိဟွေးက အပြင်ဘက်သို့ လက်ညှိုးထိုးပြရင်း ပြောလိုက်လေသည်။
" အစ်ကို ရှီရွှမ်းက လူဟုန်ဟာ မနေ့ကတည်းက တိတ်တဆိတ် လှုပ်ရှားမှုတွေ ရှိနေတာကို သတိထားမိ လို့လေ...။ ဒါကြောင့် သူနဲ့ ကျွန်မရဲ့ အစ်ကိုတို့က စုံစမ်းဖို့အတွက် မိုးမလင်းခင်ကတည်းက ထွက်သွား ကြတယ်...။"
ယောင်ရန်က ကျားရှန်းအကြောင်း မမေးမီမှာပင် တန်ချီချီက ဦးအောင် ပြောလိုက်၏။
"အစ်မ ကျားရှန်းကတော့ အိမ်မှာပဲနေပြီး သူမရဲ့ ဓားကို သွေးချင်တယ်လို့ ပြောတယ်လေ...။"
ထိုသို့ ပြောပြီးနောက်တွင်မူ လုံယု၏ နဖူးပေါ်ရှိ ပတ်တီးကို သူတို့ သတိပြုမိသွားကြလေသည်။
ဟွမ်ကျိဟွေးက အံ့အားသင့်ကာ မျက်လုံးများ ပြူးကျယ်သွားပြီး မေးလိုက်၏။
"အစ်ကို လုံယု...၊ အစ်ကို ဒဏ်ရာရထားတာလား...။"
လုံယုက တည်ငြိမ်စွာပင် ပြန်လည် ဖြေလိုက်လေသည်။
"ဒဏ်ရာ အနည်းငယ်ပါပဲ...၊ ဘာမှ မဖြစ်ပါဘူး...။"
သူက ထိုသို့ ပြောလာသည့်အတွက် ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့မှာ ဆက်လက် မမေးမြန်းတော့ပေ။ သို့သော်လည်း လုံယုကဲ့သို့သော သူကို ဒဏ်ရာရအောင် လုပ်နိုင်သည့် ရန်သူမှာ မည်မျှအထိ အစွမ်း ထက်မည်နည်းဟု သူတို့ စူးစမ်းလိုစိတ် ဖြစ်ပေါ်နေကြ၏။
သူတို့နှင့် ခဏမျှ စကားပြောပြီးနောက် ယောင်ရန်သည် လုံယု၏ တိုက်ခန်းသို့ လိုက်ပါသွားခဲ့လေသည်။
အခန်းအမှတ် (၂၀၀၂) ၏ တံခါး ပိတ်သွားသည့်အခါ ဟွမ်ကျိဟွေးက တန်ချီချီကို တံတောင်နှင့် အသာ တို့ကာ တိုးတိုးလေး မေးလိုက်၏။
"ချီချီ...၊ အဲ့ဒီလူနှစ်ယောက်ကြားမှာ တစ်ခုခု ထူးခြားနေတယ်လို့ နင် မခံစားရဘူးလား...။"
တန်ချီချီသည် သူမ၏ အကြည့်အတိုင်း လိုက်ကြည့်လိုက်ရာ ပိတ်ထားသော သံတံခါးကို မြင်လိုက်ရ၏။ ထို့နောက် သူမက ဟွမ်ကျိဟွေးကို ပြန်ကြည့်ကာ မေးလိုက်လေသည်။
"သူတို့က အမြဲတမ်း ဒီအတိုင်းပဲ မဟုတ်ဘူးလား...။"
ဟွမ်ကျိဟွေးက နှာခေါင်းရှုံ့လိုက်ကာ သူမ၏ မေးစေ့ကို ပွတ်သပ်ရင်း ပိတ်ထားသော တံခါးကို စိတ်ဝင် တစား ကြည့်နေမိ၏။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမက ပြောလိုက်လေသည်။
"နင် မသိပါဘူး...။ ငါ ထင်တာတော့ သူတို့တွေ တိတ်တဆိတ် ချစ်သူတွေ ဖြစ်နေကြပြီ ထင်တယ်...။"
တန်ချီချီကမူ ထိုစကားကို မယုံကြည်ပေ။
သူမ၏ စိတ်ထဲတွင် လုံယုမှာ ကြောက်စရာကောင်းသူဟု ထင်မြင်ထားသော်လည်း၊ ယောင်ရန်မှာမူ သူ့ထက်ပင် ပိုမို ထိတ်လန့်ဖွယ် ကောင်းသည်ဟု ယူဆထား၏။ အကယ်၍ ထိုလူနှစ်ဦးသာ ပေါင်းဖက် ကြမည်ဆိုလျှင်...၊ တန်ချီချီမှာ ကြက်သီးမွေးညှင်းများပင် ထသွားရကာ ထိုကဲ့သို့သော ကြောက်မက် ဖွယ် စိတ်ကူးများကို ဦးနှောက်ထဲမှ မောင်းထုတ်လိုက်ရလေသည်။
ဟွမ်ကျိဟွေး၏ အတင်းအဖျင်း ပြောလိုသော မျက်နှာကို ကြည့်ကာ သူမသည် သက်ပြင်းချလိုက်ပြီး နံရံ ပေါ်ရှိ ရေခဲများကိုသာ ဆက်လက် ဖယ်ရှားနေတော့၏။ တစ်ချိန်တည်းမှာပင် လုံယုသည် ယောင်ရန်ကို သူ၏ တိုက်ခန်းအတွင်းရှိ အခြား ဧည့်ခန်းတစ်ခုသို့ ခေါ်ဆောင်သွားလေသည်။ သူက သူမကို ကြည့်ကာ ပြောလိုက်၏။
"ရန်ရန်...၊ ငါ မင်းကို အကူအညီတစ်ခု တောင်းလို့ ရမလား...။"
ယောင်ရန်က ခေါင်းငြိမ့်ပြကာ...။
"သေချာတာပေါ့...၊ ကျွန်မ ရှင့်ကို ဘာများ ကူညီပေးရမလဲ...။"
အိမ်အပြန်လမ်းတွင် လုံယုသည် ယောင်ရန် သူ့အပေါ် ယုံကြည်မှု ရှိလာအောင် မည်သို့ လုပ်ဆောင်ရ မည်နည်းဟု စဉ်းစားနေခဲ့ခြင်း ဖြစ်၏။ နာရီပေါင်းများစွာ စဉ်းစားပြီးနောက်တွင်မူ သူ၏ ပိုင်ဆိုင်မှု အားလုံးကို သူမထံတွင် အပ်နှံထားရန် သူ နောက်ဆုံး၌ ဆုံးဖြတ်လိုက်လေသည်။
ကမ္ဘာပျက်ကပ် ကာလတွင် ရိက္ခာနှင့် အသုံးအဆောင်များမှာ အလွန်ပင် အရေးကြီးလှပေသည်။
အကယ်၍ သူ၏ ရိက္ခာအားလုံးကို သူမအား ပေးအပ်လိုက်မည်ဆိုပါက၊ ယောင်ရန်အနေဖြင့် သူ သူမကို အမှန်တကယ် ချစ်မြတ်နိုးကြောင်းနှင့် သူမ၏ ရိက္ခာများကို လောဘတက်မည် မဟုတ်ကြောင်း ယုံ ကြည်သွားလိမ့်မည်ဟု သူ ယူဆထားလေ၏။
ယောင်ရန်သည် လုံယု၏ တည်ကြည်လေးနက်နေသော မျက်နှာကို ကြည့်လိုက်ရာ သူ တောင်းဆိုမည့် အကူအညီမှာ လုပ်ဆောင်ရန် ခက်ခဲလိမ့်မည်ဟု ခံစားလိုက်ရ၏။ သူမသည် သူမ၏ ပေါ့ပေါ့ပါးပါး အမူအရာများကို ဖျောက်ပစ်လိုက်ကာ ပြောလိုက်လေသည်။
"ငါ ကူညီပေးနိုင်တဲ့ အရာမျိုးဆိုရင်တော့ အစွမ်းကုန် ကြိုးစားပေးပါ့မယ်...။"
သူမက သူ့ကို ကူညီရန် အလေးအနက်ထားနေသည်ကို မြင်သောအခါ လုံယုက ပြုံးလိုက်ပြီး တံခါးကို ဖွင့်လိုက်၏။ ယောင်ရန်သည် ဧည့်ခန်းအတွင်းရှိ အရာများကို မြင်လိုက်ရသည့် ခဏမှာပင် အပြင်သို့ ပြန်ပြေးထွက်ချင်စိတ် ပေါ်လာတော့၏။ လုံယုက သူမ၏ အကြံကို ရိပ်မိသွားသဖြင့် တံခါးကို အလျင် အမြန်ပင် ပြန်ပိတ်လိုက်လေသည်။
ယောင်ရန်က သူ့ကို ကြည့်ကာ မေးလိုက်၏။
"ဒါတွေအားလုံးကို ကျွန်မကို ပြရတဲ့ ရည်ရွယ်ချက်က ဘာလဲ...။"
လုံယုသည် အခန်းအတွင်း ပြည့်နှက်နေသော ရိက္ခာပုံကြီးများကို ဖုံးအုပ်ထားသည့် အပူထိန်း အဝတ်စ ကို လှန်လိုက်ကာ ပြောလိုက်လေသည်။
"ဒီရိက္ခာတွေကို ကျွင်းချန်မြို့မှာ တိုင်ဖွန်းမုန်တိုင်း မကျရောက်ခင်ကတည်းက ငါ စုဆောင်းထားတာပါ... ။ အချို့ပစ္စည်းတွေက အချိန်အကြာကြီး သိုလှောင်ထားလို့ မရဘူးလေ...။ အခုက ရာသီဥတုက အရမ်း အေးစက်နေတော့ ဒီရိက္ခာတွေကို မပျက်စီးအောင် သင့်တော်တဲ့ အပူချိန်မှာ ထားဖို့အတွက် လောင်စာ တွေ အများကြီး သုံးနေရတယ်...။"
ထိုသို့ ပြောပြီးနောက် လုံယုက လှည့်ကြည့်ကာ မေးလိုက်၏။
"ရန်ရန်...၊ ဒီရိက္ခာတွေကို သိုလှောင်ထားဖို့အတွက် မင်းရဲ့ နေရာလွတ်ထဲမှာ နေရာလေး အနည်းငယ် လောက် ငှားလို့ ရမလား...။"
ကမ္ဘာပျက်ကပ်တွင် ရှင်သန်နေသူတိုင်း သိရှိထားကြသည်မှာ နေရာလွတ် စွမ်းအားရှင်များ၏ နေရာ လွတ် အတွင်း၌ အချိန်မှာ ရပ်တန့်နေသည်ဟူသော အချက်ပင် ဖြစ်၏။ လုံယုက သူမအား ရိက္ခာများ သိုလှောင်ပေးရန် တောင်းဆိုလာခြင်းကြောင့်၊ သူမ၏ ထူးခြားလှသော နေရာလွတ် အတွင်း၌ အချိန် ရပ်တန့်နေသော နေရာတစ်ခု ရှိကြောင်း သူ သိရှိထားပေလိမ့်မည်။
ယောင်ရန်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ကာ စူးစမ်းသလို မေးလိုက်လေသည်။
"ဘာလို့ ရှင့်ရဲ့ ရိက္ခာတွေကို ကျွန်မဆီမှာ လာအပ်ချင်ရတာလဲ...။ အခုအချိန်မှာ ရိက္ခာတွေက ဘယ် လောက် အရေးကြီးလဲဆိုတာ ရှင် မသိဘူးလား...။ အပြင်ဘက်မှာဆိုရင် သစ်ခေါက်တစ်စ အတွက် တောင် လူတွေဟာ တစ်ယောက်ကိုတစ်ယောက် သတ်နေကြတာလေ...။"
လုံယုသည် သူမရှိရာသို့ လျှောက်လှမ်းလာကာ ပြောလိုက်၏။
"ငါ့ကို မင်း ယုံကြည်လာဖို့ မျှော်လင့်လို့ပါ...။ ငါ့မှာ ရှိသမျှ အရာအားလုံးကို မင်းဆီ ပေးအပ်လိုက်မယ် ဆိုရင်...၊ ငါဟာ မင်းရဲ့ ရိက္ခာတွေကို ဘယ်တော့မှ လောဘမတက်ဘူးဆိုတာကို မင်း သိသွားလိမ့်မယ်လို့ ငါ ထင်မိတယ်...။"
သူ၏ မျက်ဝန်းများကို စိုက်ကြည့်လိုက်သည့်အခါ ယောင်ရန်မှာ အနည်းငယ် နေရခက်သလို ခံစားလိုက် ရ၏။ အဘယ်ကြောင့်ဆိုသော် သူသည် အမှန်အတိုင်း ပြောနေခြင်းဖြစ်ကြောင်း သူမ သိရှိနေသော ကြောင့်ပင်။
သူမသည် သူ သူမအပေါ် အလွန်အကျွံ ယုံကြည်သွားမည်ကို မလိုလားပေ။ သူနှင့် အခြားသူများနှင့်အတူ အသင်းဖော်အဖြစ် ဆက်လက် ရှင်သန်နိုင်သရွေ့ သူမအတွက် လုံလောက်လှပေပြီ။
သူမ၏ ရှောင်ဖယ်နေသော မျက်ဝန်းများကို မြင်သည့်အခါ လုံယုက ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလာခဲ့၏။
သူမ အမြဲသုံးနေကျဖြစ်သော ဆပ်ပြာနံ့လေးမှာ သူ၏ ကိုယ်ခန္ဓာမှ ထွက်ပေါ်နေသည်ကို ရရှိလိုက်သည့် အခါ ယောင်ရန်သည် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်လေသည်။
သူမ စကားပြောရန် ပြင်လိုက်စဉ်မှာပင် လုံယုက သူမထံသို့ နောက်ထပ် ခြေတစ်လှမ်း ထပ်မံ တိုးကပ် လာပြန်လေ၏။
သူတို့နှစ်ဦးကြားရှိ အကွာအဝေးမှာ ပိုမို နီးကပ်လာသည်ကို မြင်သောအခါ ယောင်ရန်က နောက်သို့ နှစ်လှမ်း ထပ်မံ ဆုတ်လိုက်ရာ၊ လုံယုကလည်း နှစ်လှမ်း ထပ်မံ တိုးလာခဲ့လေသည်။ ဤသို့ဖြင့် ယောင်ရန် က နောက်ဆုတ်ရင်း၊ လုံယုက ရှေ့တိုးရင်းဖြင့်သာ...။
သူမ၏ ကျောပြင်မှာ နံရံနှင့် ထိကပ်သွားသည့် အခါတွင်မူ ယောင်ရန်သည် သူမ၏ ခေါင်းကို မော့ကာ လုံယုကို ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်။ သို့သော်လည်း သူမ စကားမပြောမီမှာပင် လုံယု၏ လက်မောင်းနှစ်ဖက်မှာ သူမ၏ ဘယ်နှင့် ညာဘက်သို့ ဆန့်ထွက်လာကာ သူမကို အလယ်တွင် ပိတ် လှောင်ထားလိုက်တော့၏။
သူက ခေါင်းငုံ့လိုက်ကာ တိုးညှင်းသော အသံဖြင့် မေးလိုက်လေသည်။
"ရန်ရန်...၊ မင်း ဘာကို ကြောက်နေတာလဲ...။"
ယောင်ရန်က သူ့ကို စိုက်ကြည့်ကာ ပြောလိုက်၏။
"ကျွန်မ ဘာကိုမှ မကြောက်ဘူး...။"
"ဒါဆိုရင် ဘာလို့ ငါ့ကို ရှောင်နေရတာလဲ...။" ဟု လုံယုက ထပ်မံ မေးမြန်းလိုက်ပြန်သည်။
"ကျွန်မက..."
ယောင်ရန်သည် လက်ကို တင်းတင်း ဆုပ်ကိုင်ထားကာ အကြည့်ကို လွှဲလိုက်လေသည်။ သူမ သူ့ကို ပြန်လည် မဖြေနိုင်သဖြင့် တိတ်ဆိတ်နေခြင်းကိုသာ ရွေးချယ်လိုက်တော့၏။