အခန်း ၁၇၀
Vol. 17 Ch. 170
အခန်း (၁၇၀)
လုံယု၏ စစ်မှန်သော ရင်ဖွင့်ဝန်ခံချက်
ယောင်ရန်၏ ဇွတ်တရုတ်နိုင်သော မျက်နှာလေးကို ကြည့်ကာ လုံယုသည် သက်ပြင်းချလိုက်မိ၏။
သူသည် သူမ၏ ပါးပြင်လေးကို အသာအယာ ပွတ်သပ်ရင်း အကူအညီမဲ့စွာ ပြောလိုက်လေသည်။
"ရန်ရန်...၊ ငါ မင်းကို ဘယ်တော့မှ နာကျင်အောင် လုပ်မှာ မဟုတ်ဘူး...။"
ယောင်ရန်က မျက်မှောင်ကြုတ်လိုက်ကာ ပြောလိုက်၏။
"ရှင် ကျွန်မကို နာကျင်အောင် မလုပ်ဘူးဆိုတာ ကျွန်မ သိပါတယ်...။"
သူမကို ကာကွယ်ရန်အတွက် သူသည် သူ၏ အသက်ကိုပင် စွန့်လွှတ်ရန် ဝန်မလေးခဲ့သည် မဟုတ်ပါ လား။ အကယ်၍ တစ်စုံတစ်ယောက်က လုံယုသည် သူမကို နာကျင်အောင် လုပ်လိမ့်မည်ဟု ပြောလာ ပါက သူမ ယုံကြည်မည် မဟုတ်ပေ။
"ဒါဆိုရင် ဘာလို့ ငါ့ဆီကနေ ထွက်ပြေးဖို့ ကြိုးစားနေရတာလဲ...။" ဟု လုံယုက အနည်းငယ် ဝမ်းနည်း သော လေသံဖြင့် မေးလိုက်လေသည်။
၎င်းကို ကြားရသောအခါ ယောင်ရန်သည် သူမ၏ ခေါင်းကို မော့ကြည့်လိုက်ပြီး...၊
"ကျွန်မ မပြေးပါဘူး...၊ ကျွန်မက...။"
သူမ၏ မျက်ဝန်းများသည် လုံယု၏ နက်ရှိုင်းသော အကြည့်များနှင့် ဆုံစည်းသွားသည့်အခါ သူမ ဆက်လက် ပြောဆိုလိုသည်များကို မပြောနိုင်တော့ပေ။ သူ ပြောခဲ့သကဲ့သို့ပင် သူမသည် ကြောက်ရွံ့နေ မိခြင်း ဖြစ်၏။
သူမသည် နောက်ထပ်တစ်ကြိမ် သစ္စာဖောက်ခံရမည်ကိုလည်းကောင်း၊ သူမ၏ နှလုံးသားကို အခြား သူတစ်ဦးထံ ပေးအပ်လိုက်မိ၍ ထပ်မံ နာကျင်ရမည်ကိုလည်းကောင်း ကြောက်ရွံ့နေမိလေသည်။
သူမ၏ မျက်ဝန်းထောင့်တွင် နီမြန်းလာသည်ကို မြင်သောအခါ လုံယုသည် သူ၏ ခံစားချက်များကို သူမအပေါ် အတင်းအကြပ် မတိုက်တွန်းတော့ဘဲ နောက်သို့ နှစ်လှမ်း ဆုတ်လိုက်၏။
သူသည် လက်ကို တင်းတင်း ဆုပ်ကိုင်ထားကာ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး တည်ကြည်လေး နက်စွာ ပြောလိုက်လေသည်။
"ရန်ရန်...၊ ငါ မင်းကို ချစ်တယ်... ။ ငါ့ကို အခွင့်အရေးတစ်ခုလောက် ပေးဖို့ပဲ တောင်းဆိုချင်တာပါ...။ ငါတို့နှစ်ယောက်ရဲ့ အနာဂတ်ကို အတူတူ ဖန်တီးခွင့်ပြုပါ...။ ငါ့ရဲ့ ဒီဆန္ဒလေးကို ဖြည့်ဆည်းပေးလို့ မရ ဘူးလား...။"
သူ၏ ရင်ဖွင့်သံကို နားထောင်ရင်း ယောင်ရန်၏ နှလုံးသားမှာ ဒိတ်ဒိတ်တုန်အောင် လှုပ်ခတ်သွားရလေ သည်။ သူသည် သူမအပေါ် မည်သို့ ခံစားရသည်ကို ယခင်က အကြိမ်ကြိမ် ပြောပြခဲ့ဖူးသော်လည်း၊ သူမတို့၏ ပတ်သက်မှု ပြောင်းလဲသွားမည်ကို ကြောက်ရွံ့နေသဖြင့် သူမသည် အမြဲတမ်းပင် မသိချင် ယောင်ဆောင်ခဲ့ခြင်း ဖြစ်လေသည်။
သို့သော် ယခုအခါတွင်မူ သူ၏ စစ်မှန်သော နှလုံးသားနှင့် ရင်ဆိုင်လိုက်ရသည့်အခါ သူမသည် ဆက် လက်၍ လူအဖြစ် ဟန်ဆောင်နေရန်နှင့် သူ့ကို နာကျင်အောင် လုပ်ရန် စိတ်မရက်နိုင်တော့ပေ။
ယောင်ရန် ၏ နှလုံးသားမှာ သူ၏ အကြည့်အောက်တွင် တုန်လှုပ်သွားရကာ သူမသည် အလျင်အမြန်ပင် ခေါင်းငုံ့လိုက်မိ၏။ လုံယု၏ မျက်ဝန်းများမှာ သူမထံမှ မခွာသော်လည်း ယောင်ရန်မှာမူ သူ့ကို မကြည့်ဝံ့ တော့ပေ။
သူမသည် မျက်လွှာချလိုက်ကာ မေးလိုက်လေသည်။
"ဒီအကြောင်းကို စဉ်းစားဖို့ ကျွန်မကို အချိန်နည်းနည်း ပေးလို့ရမလား...။"
လုံယုသည် သူမ၏ အတိတ်ဘဝတွင် မည်သို့သော ဒုက္ခများ ကြုံတွေ့ခဲ့ရသည်ကို သိရှိထားသဖြင့် သူမ ကို သူ၏ ခံစားချက်များ လက်ခံလာအောင် အတင်းအကြပ် လုပ်ဆောင်မည် မဟုတ်ပေ။ သူမအနေဖြင့် စဉ်းစားပေးမည်ဟု ပြောလာသည့်အတွက် လုံယုမှာ ကျေနပ်သွားရ၏။ အနည်းဆုံးတော့ သူမသည် ဆက်လက်၍ မသိချင်ယောင်ဆောင်မနေတော့ပေ။
သူက ပြုံး၍ ခေါင်းငြိမ့်ပြလိုက်လေသည်။
"ကောင်းပါပြီ...၊ ဒါပေမဲ့ အချိန်ကန့်သတ်ချက်တစ်ခုတော့ ပေးရမယ်နော်...။"
ယောင်ရန်က ခေါင်းငြိမ့်ကာ... "ကောင်းပါပြီ..." ဟု ဆို၏။
၎င်းကို ကြားရသောအခါ လုံယု၏ မျက်ဝန်းများ ဝင်းလက်သွားကာ စိတ်အားထက်သန်စွာ မေးလိုက် လေသည်။
"မနက်ဖြန်ကျရင် အဖြေပေးလို့ ရမလား...။"
ယောင်ရန်က အလျင်အမြန် ခေါင်းခါလိုက်ပြီး သူ့ကို ကြည့်ကာ...၊
"ကျွန်မ အချိန် ပိုလိုသေးတယ်...။" ဟု ပြောလိုက်လေသည်။
လုံယုသည် သူမ၏ ပျာပျာသလဲ ဖြစ်နေသော အမူအရာကို ကြည့်ကာ ပြောလိုက်၏။
"ဒါဆိုရင် သုံးရက်ပေါ့...။ ငါ မင်းရဲ့ အဖြေကို စောင့်နေခဲ့တာ နှစ်ပေါင်းများစွာ ရှိပါပြီ...။ ငါ ထပ်ပြီး မစောင့်နိုင်တော့ဘူးလေ...။"
ယောင်ရန်သည် ခဏမျှ စဉ်းစားပြီးနောက် နောက်ဆုံးတွင် သဘောတူလိုက်လေသည်။
"ကောင်းပါပြီ...၊ သုံးရက်နေရင် ရှင့်ကို အဖြေပေးပါ့မယ်...။"
သူ အလိုရှိသော အဖြေကို ရရှိပြီးနောက် လုံယုမှာ စိတ်ကြည်လင်သွားပြီး ပြောလိုက်၏။
"ဒါဆိုရင် ဒီရိက္ခာတွေကို သိမ်းဆည်းပေးဖို့ ငါ့ကို ကူညီပေးနိုင်မလား...။ တောင်းပန်ပါတယ်နော်...။"
သူ၏ အသနားခံနေသော မျက်ဝန်းများကို မြင်ရသည့်အခါ ယောင်ရန်မှာ စကားဆွံ့သွားရတော့၏။
ဤကဲ့သို့သော အမူအရာမျိုးဖြင့် ကြည့်နေသည်မှာ မတရားဘူးလေ... ဟု သူမ တွေးနေမိလေသည်။
ယောင်ရန်သည် နှုတ်ခမ်းကို စူလိုက်ကာ ရိက္ခာများကို စစ်ဆေးရန် လျှောက်သွားလိုက်၏။ သူမသည် အစားအသောက်နှင့် ရေအချို့ကို သီးခြားစီ ခွဲထုတ်လိုက်ပြီးနောက် ကျန်ရှိသည်များကို သိမ်းဆည်းပေး လိုက်လေသည်။
သူမသည် အစားအသောက်နှင့် ရေများကို လုံယုထံ ကမ်းပေးရင်း ပြောလိုက်၏။
"ရှင့်ရဲ့ ရိက္ခာတွေကို ကျွန်မရဲ့ သိုလှောင်ရုံထဲမှာ ထည့်ထားပေးလိုက်ပြီ...၊ ရှင် လိုအပ်တဲ့ အချိန်ကျရင် ကျွန်မကို ပြောပါ...။ ကျွန်မ ရှင့်ရဲ့ ရိက္ခာစာရင်းကို သေချာ မှတ်သားထားပြီးတော့ အဲ့ဒီစာရင်းကို ရှင့်ဆီ ပေးမယ်လေ...။ ဒါမှ ကျွန်မတို့ စာရင်းအင်း ရှင်းလင်းမှာပေါ့...။"
လုံယုသည် သူ၏ လက်ထဲရှိ အစားအသောက်နှင့် ရေကို ကြည့်ကာ စိတ်ရှည်ရန် မိမိကိုယ်ကို သတိ ပေးနေမိလေ၏။
သူမသည် သူ့ကို ချစ်သူအဖြစ် လက်ခံလိုက်သည့်အခါ သူ၏ ပိုင်ဆိုင်မှု အားလုံးနှင့် သူကိုယ်တိုင်မှာပါ သူမ၏ အပိုင် ဖြစ်လာမည် မဟုတ်ပါလား။ သူသည် ရိက္ခာများ ရှာဖွေရန်နှင့် သူမကို ကာကွယ်ရန်သာ အစွမ်းကုန် ကြိုးစားနေသရွေ့ သူမ ပျော်ရွှင်နေမည်ဖြစ်ပြီး၊ သူသည်လည်း သူမ၏ အနာဂတ် ခင်ပွန်း လောင်းအဖြစ် နေရာမြဲနိုင်ပေလိမ့်မည်။
ထိုသို့ တွေးပြီးနောက် လုံယုသည် ခေါင်းငြိမ့်ကာ နာခံစွာ ပြောလိုက်လေသည်။
"မင်း ပြောတဲ့အတိုင်းပဲ လုပ်ပါ့မယ်...။"
ယောင်ရန်သည် သူ့ကို တစ်ချက်ကြည့်လိုက်ကာ...၊
"ဒါဆို... ကျွန်မ အရင် ပြန်လိုက်ပါဦးမယ်...။"
လုံယုက ပြုံး၍ သူမအတွက် တံခါးဖွင့်ပေးကာ ပြောလိုက်လေသည်။
"ငါ မင်းကို ပြန်လိုက်ပို့ပါရစေ...။"
ယောင်ရန်သည် ထိုစကားကို ကြားရသည့်အခါ သူမ၏ ခြေထောက်နှင့်ပင် သူမ ခလုတ်တိုက်မတတ် ဖြစ်သွားရ၏။ သူမသည် သူ့ကို စကားမပြောနိုင်ဘဲ လှည့်ကြည့်လိုက်မိလေသည်။
*ရှင် ကျွန်မတို့က အိမ်နီးချင်းတွေဆိုတာ မေ့သွားတာလား...။ ရှင့်အခန်းနဲ့ ကျွန်မအခန်းကြားမှာ ငါးမီ တာတောင် မရှိဘူးလေ...။* ဟု သူမ တွေးနေမိသော်လည်း ဘာမှ ပြန်မပြောဘဲ လုံယု၏ နောက်မှ လိုက်ပါလာခဲ့လေသည်။
သူတို့ လုံယု၏ တိုက်ခန်းအတွင်းမှ ထွက်လာသည့်အခါ ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့မှာ စင်္ကြံလမ်းတွင် နှင်းခဲများကို ခွဲနေဆဲ ဖြစ်လေသည်။ လုံယု၏ တောက်ပသော အပြုံးကို မြင်လိုက်ရသည့်အခါ ထိုသူနှစ် ဦးမှာ နေ့တိုင်း နှင်းများကို ကြည့်နေရလွန်းသဖြင့် သူတို့၏ မျက်လုံးများ ကန်းသွားလေပြီလားဟုပင် ထင်မှတ်သွားကြ၏။
လုံယုသည် သူ့ကို ထိတ်လန့်တကြား ကြည့်နေသော ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့ကို ဂရုမစိုက်ဘဲ ယောင်ရန်ကို သူမ၏ တိုက်ခန်းအထိ ပျော်ရွှင်စွာ လိုက်ပါပို့ဆောင်ပေးခဲ့လေသည်။
ယောင်ရန် တံခါးမပိတ်မီ သူသည် တံခါးကို လှမ်းကိုင်ကာ ထပ်မံ သတိပေးလိုက်၏။
"ရန်ရန်... သုံးရက်နေရင် ငါ့ကို အဖြေပေးဖို့ မမေ့နဲ့ဦးနော်...။"
ယောင်ရန်က ခေါင်းငြိမ့်ပြကာ တံခါးကို ပိတ်လိုက်လေသည်။ လုံယုသည် စိတ်ကြည်လင်စွာဖြင့် နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဆင်မြန်းလျက် သူ၏ တိုက်ခန်းသို့ ပြန်လာခဲ့၏။
သူ့ကို အံ့အားသင့်စွာ ကြည့်နေသော ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့ကို မြင်သည့်အခါ သူသည် သူတို့၏ ပုခုံးများကို ပုတ်ကာ ပြောလိုက်လေသည်။
"မင်းတို့ ပင်ပန်းသွားပြီနော်...၊ ကျေးဇူးပါပဲ...။"
ထိုသို့ ပြောပြီးနောက် သူသည် ပျော်ရွှင်စွာပင် အိမ်ထဲသို့ ပြန်ဝင်သွားတော့၏။ အခန်းအမှတ် (၂၀၀၂) ၏ တံခါး ပိတ်သွားသည့်အခါတွင်မူ ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့မှာ သူတို့၏ ခြေထောက်များ အားအင်ကုန် ခမ်းသွားသလို ခံစားလိုက်ကြရလေသည်။
သူတို့နှစ်ဦး အကြည့်ချင်း ဆုံလိုက်ကြပြီးနောက် ဟွမ်ကျိဟွေးက တုန်တုန်ရင်ရင်ဖြင့် မေးလိုက်၏။
"နင် ခုနက မြင်လိုက်လား...။"
တန်ချီချီက ခေါင်းငြိမ့်ကာ...၊
"အင်း... မြင်လိုက်တယ်...။"
သူတို့သည် ထိတ်လန့်တကြား တံတွေးတစ်ချက် မျိုချလိုက်ကြပြီး၊ အခန်းအမှတ် (၂၀၀၂) ၏ တံခါးကို ခဏမျှ စိုက်ကြည့်နေမိကြလေသည်။ ထို့နောက် သူတို့သည် သူတို့၏ ကိရိယာများကို အမြန်ကောက်ယူ ကာ...၊
" အစ်မ ကျားရှန်းရေ..." ဟု ထိတ်လန့်တကြား အော်ဟစ်ရင်း အိမ်ထဲသို့ အပြေးအလွှား ဝင်သွား ကြလေတော့သည်။
ယောင်ရန်မှာမူ အပြင်ဘက်တွင် ဘာတွေ ဖြစ်ပျက်နေသည်ကို မသိရှိပေ။ သူမသည် သူမ၏ အိပ်ခန်း အတွင်းသို့ ပြန်ဝင်လာကာ ကြောင်အမ်းအမ်းဖြင့် ကြမ်းပြင်အပူပေးစနစ်နှင့် အပူပေးစက်များကို ဖွင့် လိုက်လေသည်။ အခန်းအပူချိန် မြင့်တက်လာသည့်အခါ သူမသည် ပူအိုက်လာသဖြင့် သူမ၏ ထူထဲ သော အအေးဒဏ်ခံဝတ်စုံနှင့် ကိရိယာများကို ချွတ်လိုက်လေ၏။
ကုတင်ပေါ်တွင် ထိုင်ရင်း သူမသည် နီမြန်းနေသော ပါးပြင်များကို အသာပုတ်ကာ၊ နံရံတွင် ချိတ်ဆွဲထား သော အနုတ် (၁၅) ဒီဂရီ ပြသနေသည့် အပူချိန်တိုင်းကိရိယာကို ကြည့်ရင်း ဇဝေဇဝါဖြင့် ရေရွတ်လိုက် လေသည်။
"ဒီနေ့ ဘာလို့ ဒီလောက်တောင် ပူနေရတာလဲ...၊ အလွန်အမင်း အေးစက်တဲ့ ရာသီဥတုက စောစောစီးစီး ပြီးဆုံးသွားတာလား...။"