← Chapters

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း (၁၀၁) အတွေးအခေါ် ပြုပြင်ပြောင်းလဲရေးသည် အိမ်သာကျင်းရှင်းလင်းခြင်းမှ စတင်သည်

တစ်စက္ကန့်ခန့်အကြာတွင် လူအုပ်ကြီးထံမှ နားကွဲမတတ် ဟစ်ကြွေးသံကြီး ပေါက်ကွဲထွက်ပေါ်လာလေသည်။

"ကောင်းတယ်..."

"အဲ့ဒီအကြံ သိပ်ကောင်းတာပဲ၊ တော်တော်လေးကို ကျေနပ်စရာကောင်းတယ်..."

ချန်အယ်တန့်က ပထမဆုံး စိတ်လှုပ်ရှားစွာ ခုန်ပေါက်ထလာပြီး သူ့ပေါင်ကို ပုတ်ကာ ပြောလိုက်လေသည်။

"ဟုတ်တယ်၊ အဲ့ဒီအတိုင်းပဲ လုပ်ကြတာပေါ့..."

ရွာလူကြီး ချန်ကွမ်လင်က ခပ်ပြင်းပြင်း ခေါင်းညိတ်လိုက်ပြီး

"ငါတို့ တောင်သူတွေ စပါးခင်းကို ရေသွင်းဖို့ ဘာတွေသုံးရသလဲဆိုတာ သူ့ကို သိသွားအောင် လုပ်ပေးလိုက်..."

ဤသည်ကား လူတစ်ယောက်၏ စိတ်ဓာတ်ကို ရိုက်ချိုးပြီး သတ်ပစ်ရန် အကောင်းဆုံးနည်းလမ်းပင် ဖြစ်လေသည်။

ကျေးလက်တောရွာမှ လူများကို အထင်သေးတတ်သော ပြည်နယ်မြို့တော်မှ ကောလိပ်ကျောင်းသားတစ်ယောက်အား အိမ်သာကျင်း ရှင်းလင်းခိုင်းခြင်းက သူ့အတွက် ကျောကို ဓားဖြင့်ထိုးခံရသည်ထက် ပို၍ နာကျင်စေမည် ဖြစ်သည်။

"အိမ်သာကျင်း ရှင်းလင်းရမည်" ဟူသော စကားကို ကြားလိုက်ရချိန်တွင် လီဟောင်က မြေပြင်ပေါ်မှနေ၍ ချက်ချင်းဆိုသလို ခုန်ထလာလေသည်။

ဝက်ခေါင်းတစ်လုံးကဲ့သို့ ဖောင်းအစ်နေသော သူ၏မျက်နှာတွင် မျက်လုံးအစုံက ပြူးကျယ်နေ၏။

"ဟင့်အင်း၊ ငါ မသွားဘူး..."

သူ လုံးဝ ပြိုလဲသွားကာ အော်ဟစ်လိုက်ပြီး

"ငါ အလုပ်ကြမ်းစခန်းကိုပဲ သွားမယ်၊ ထောင်ပဲ ကျခံလိုက်မယ်၊ အိမ်သာကျင်းတော့ မရှင်းနိုင်ဘူး၊ ငါ့ကိုသာ သတ်ပစ်လိုက်ကြပါ..."

အလွန်အမင်း စိတ်လှုပ်ရှားသွားသောကြောင့်လားမသိ၊ သူ ရုတ်တရက် ခေါင်းမူးသွားပြီး မျက်လုံးများ ပြာဝေကာ သတိလစ် မေ့မြောသွားတော့သည်။

"..."

ခြံဝင်းတစ်ခုလုံး ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

ထို့နောက် ချက်ချင်းပင် နားကွဲမတတ် ရယ်မောသံကြီးများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

"ဟားဟားဟား၊ ဒီသူရဲဘောကြောင်တဲ့ကောင်၊ ကြောက်လွန်းလို့ သတိတောင် လစ်သွားတယ်ဟေ့..."

"တကယ် ရယ်ရတာပဲ၊ အိမ်သာကျင်းရှင်းရမှာထက် ထောင်ကျခံမယ်တဲ့..ကြည့်ရတာ ဒီနည်းလမ်းက တကယ်အလုပ်ဖြစ်ပုံပဲ..."

"အစ်ကိုချန်က တကယ် တော်တာပဲ၊ ဒါကို ဘယ်လိုခေါ်လဲဆိုတော့ ရောဂါနဲ့ ဆေး တည့်သွားတာလို့ ခေါ်တယ်..."

ရွာသားများမှာ ရယ်ရလွန်း၍ ခါးများပင် ကိုင်းကုန်ကြလေသည်။

အဆိပ်ခတ်ခံရလုနီးပါး ဖြစ်ခဲ့ရသဖြင့် စုပုံနေသော ပြင်းထန်သည့် ဒေါသများနှင့် ကျန်ရစ်နေသော အကြောက်တရားများမှာ ဤပျော်ရွှင်ဖွယ် ရယ်မောသံများနှင့်အတူ လွင့်ပါးပျောက်ကွယ်သွားတော့သည်။ ခြံဝင်းတစ်ခုလုံး၏ အပြင်ဘက်နှင့် အထဲဘက် နှစ်နေရာစလုံးတွင် ပျော်ရွှင်ဖွယ် လေထုက လွှမ်းခြုံနေလေသည်။

ချန်ရှင်းက မြေပြင်ပေါ်ရှိ ရွှံ့ဗွက်အိုင်ကို ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်ပေါက်လာ၏။

သူ့နံဘေးတွင် တခစ်ခစ် ရယ်မောနေဆဲဖြစ်သော ချန်အယ်တန့်ဘက်သို့ ခေါင်းစောင်းလိုက်ပြီး

"သူ့ကို ဒီအတိုင်း အလကား မထားနဲ့၊ မီးဖိုချောင်ထဲသွားပြီး သတိရလာအောင် ရေအေးတစ်ဇလုံလောက် ခပ်လာခဲ့.. ဒီညပဲ အလုပ်စလုပ်မယ် ပြီးတဲ့အချိန်မှပဲ စားကြတာပေါ့..."

"ကောင်းပါပြီ..."

ချန်အယ်တန့်က ကျယ်လောင်စွာ တုံ့ပြန်လိုက်ပြီး မီးဖိုချောင်ဆီသို့ ပြေးသွားလေသည်။ မကြာမီတွင် သူသည် ရေတွင်းရေ အပြည့်ပါသော ဇလုံတစ်လုံးကို ယူဆောင်လျက် ပြန်ရောက်လာ၏။

ရေခဲတမျှ အေးစက်နေသော ရေတွင်းရေတစ်ဇလုံမှာ လီဟောင်၏ ခေါင်းအစ ခြေအဆုံးတိုင်အောင် အရှိန်ပြင်းပြင်းဖြင့် လောင်းချခံလိုက်ရသည်။

"အား..."

လီဟောင်မှာ အေးစက်မှုကြောင့် စူးရှစွာ အော်ဟစ်လိုက်ရင်း လန့်နိုးလာကာ တဖြည်းဖြည်း သတိပြန်လည်လာလေသည်။

ဘာတွေဖြစ်နေသလဲဆိုတာကို သူ နားမလည်နိုင်ခင်မှာပင် ချန်ရှင်း၏ မိစ္ဆာတစ်ကောင်ကဲ့သို့ အသံကို ကြားလိုက်ရသည်။

"ငါတို့တွေ တစ်ညလုံး အလုပ်စလုပ်မယ်..."

ထိုရိုးရှင်းသော စကားလုံးအနည်းငယ်က လီဟောင်၏ နှလုံးသားထဲရှိ နောက်ဆုံးလက်ကျန် မျှော်လင့်ချက်လေးကိုပင် မြေမှုန့်အဖြစ်သို့ ကြေမွသွားစေရန် ရိုက်ချိုးလိုက်လေသည်။

သူသည် အေးစက်သော ရွှံ့ဗွက်မြေပြင်ပေါ်တွင် မှိုင်တွေစွာ ထိုင်နေပြီး တစ်ကိုယ်လုံး အရိုးထဲထိ စိမ့်ဝင်အောင် စိုရွှဲနေကာ ဖရိုဖရဲဖြစ်နေ၏။ သူ၏ မျက်လုံးများမှာ ဟာလာဟင်းလင်းဖြစ်နေပြီး နှလုံးသားမှာလည်း ပြာများကဲ့သို့ အေးစက်နေလေသည်။

အချည်းနှီးဖြစ်သော ပြဇာတ်ကြီးမှာ အဆုံးသတ်သွားခဲ့လေပြီ။

ချန်အယ်တန့်က လူငယ်အနည်းငယ်ကို ခေါ်လိုက်ပြီး လီဟောင်ကို ဆွဲခေါ်ကာ ရွာထိပ်ရှိ အများသုံး အိမ်သာဆီသို့ တန်းတန်းမတ်မတ် ထွက်သွားလေသည်။

မီးဖိုချောင်ထဲတွင်မူ နောက်ကျနေသော အစားအသောက်များကို ဒယ်အိုးထဲသို့ ပြန်လည် ထည့်သွင်းလိုက်ကြသည်။

မကြာမီတွင် မွှေးကြိုင်လှသော အဓိကဟင်းလျာများ တစ်ပွဲပြီးတစ်ပွဲ ရောက်ရှိလာလေသည်။

ဝက်သားနီချက်၊ ကြက်တစ်ကောင်လုံးပေါင်း၊ အာလူးနှင့် အမဲသားနှပ်၊ ဂေါ်ဖီချဉ် ငါးဟင်း... ဟင်းလျာတစ်ခုချင်းစီတိုင်းက အသားတုံးကြီးများဖြင့် ပြည့်နှက်နေသော အသားပွဲတော်အစစ်အမှန်ဖြစ်ပြီး ဆီပြန်နေကာ မျက်စိကျိန်းမတတ် စွဲမက်ဖွယ်ကောင်းလှသဖြင့် သွားရည်ကျချင်စရာပင်။

"ပွဲတော် စကြစို့..."

ရွာလူကြီး ချန်ကွမ်လင်၏ ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ အိမ်တက်မင်္ဂလာ စားပွဲသောက်ပွဲကြီးကို တရားဝင် စတင်လိုက်လေသည်။

ရွာသားများမှာ မိမိတို့ကိုယ်ကို ထပ်မံ မထိန်းချုပ်နိုင်ကြတော့ဘဲ ဝိုင်ပန်းကန်လုံးများကို မြှောက်ကာ ချန်ရှင်းထံသို့ ပြေးသွားကြလေသည်။

"ဆရာချန်... ကျွန်တော် ခင်ဗျားကို ဝိုင်တစ်ခွက်လောက် တိုက်ပါရစေ၊ အိမ်သစ်တက်တာ ဂုဏ်ယူပါတယ်၊ ခင်ဗျားရဲ့ အနာဂတ်က ဒီမီးဖိုလေးလိုပဲ ကြီးပွားတိုးတက်ပါစေ..."

"အကြံပေးချန်... ကျွန်တော်က စကားပြော မတတ်ဘူး၊ ဒီတစ်ခွက်ကို အကုန်သောက်လိုက်မယ်၊ ခင်ဗျား သဘောရှိသလို လုပ်ပါ… ခင်ဗျားနဲ့ ချင်းချင်းတို့ မြန်မြန် ရင်သွေးလေး ရပါစေလို့ ဆုတောင်းပေးပါတယ်..."

"ကလေးရပြီးသွားရင်လည်း မင်းတို့နှစ်ယောက် အတူတူ ပျော်ပျော်ရွှင်ရွှင်နဲ့ သဟဇာတဖြစ်ဖြစ် အတူအိုမင်းတဲ့အထိ ပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်းပါတယ်..."

ရိုးသားလှသော မျက်နှာတစ်ခုချင်းစီတိုင်းတွင် အစစ်မှန်ဆုံးသော ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတင်မှုများ ထင်ရှားစွာ ပေါ်လွင်နေလေသည်။

ချန်ရှင်းမှာ ကြီးမားသော ရည်မှန်းချက်ရှိသူတစ်ယောက်ဖြစ်၏။ ပန်းကန်လုံးအကြီးကြီးကို ကိုင်ထားရင်း မည်သူတိုက်တိုက် တုံ့ဆိုင်းခြင်းမရှိ လက်ခံကာ တွေ့သမျှလူတိုင်းနှင့်အတူ သောက်လိုက်ရာ အချိန်တိုအတွင်းမှာပင် ပန်းကန်လုံးများ ပြောင်စင်သွားလေသည်။

ခြံဝင်းတစ်ခုလုံးရှိ လေထုမှာ ပြိုင်ဘက်ကင်းသော စိတ်အားထက်သန်မှု အဆင့်တစ်ခုအထိ မြင့်တက်သွားတော့သည်။

သောက်စရာများ အကြိမ်ကြိမ် သောက်ပြီးနောက်၊ ဟင်းလျာငါးမျိုးကိုလည်း စားသုံးပြီးသွားသောအခါ ချန်ရှင်း၏ မျက်နှာမှာ အရက်အရှိန်ကြောင့် အနည်းငယ် ရဲတက်နေသော်လည်း သူ၏မျက်လုံးများကမူ ပို၍ပင် တောက်ပနေလေသည်။

သူ လှည့်ကြည့်လိုက်ပြီး ဆူညံနေသော လူအုပ်ကြီးထဲတွင် ရွှီချင်းချင်းကို တိကျစွာ ရှာဖွေတွေ့ရှိသွားကာ သူမ၏ နူးညံ့သော လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။

သူက သူမ၏ နားရွက်နားသို့ ကပ်သွားပြီး သူ၏ နွေးထွေးသော ထွက်သက်က သူမ၏ နားရွက်ဖျားလေးကို ပွတ်တိုက်သွားကာ ဩရှရှနှင့် ဆွဲဆောင်မှုရှိသော အသံဖြင့်

"ဒီည ကိုယ်တို့ရဲ့ အိမ်သစ်လေးမှာလည်း လှုပ်လှုပ်ရှားရှား ဖြစ်နေရမယ်လေ..."

ရွှီချင်းချင်း၏ မျက်နှာလေးမှာ ချက်ချင်းပင် နီမြန်းသွားပြီး သူမ၏ ပါးပြင်မှနေ၍ ဖြူဝင်းသော လည်တိုင်အထိ ရှက်သွေးများ ဖြာဆင်းသွားလေသည်။

ပတ်ဝန်းကျင်မှ ဆူညံသံများက နားကွဲမတတ် ဖြစ်နေသော်လည်း သူမ ကြားနိုင်သည်မှာ သူ၏ မူးယစ်နေသော တီးတိုးစကားသံများနှင့် မိုးခြိမ်းသံကဲ့သို့ ဆူညံနေသော သူမကိုယ်ပိုင် နှလုံးခုန်သံများသာ ဖြစ်သည်။

အရက်ကြောင့်လား၊ ပျော်ရွှင်မှုကြောင့် ခေါင်းမူးသွားသည်လား မသိသော်လည်း ရွှီချင်းချင်းက ရုတ်တရက် ရဲတင်းလာလေသည်။ သူမ ခြေဖျားလေးကို အနည်းငယ် ထောက်လိုက်ပြီး လှပသော မျက်နှာလေးကို အပေါ်သို့ မော့ကာ ချန်ရှင်း၏ နှုတ်ခမ်းကို ညင်သာစွာ အနမ်းတစ်ပွင့် ပေးလိုက်လေသည်။

ရေပြင်ကို ဖြတ်ပျံသွားသော ပုစဉ်းလေးတစ်ကောင်ကဲ့သို့ ချက်ချင်းပင် ခွာလိုက်ကြသည်။ သို့သော် ယင်းက ယမ်းကြိုးကို မီးညှိလိုက်သကဲ့သို့ပင် ဖြစ်သွားလေသည်။

ချန်ရှင်း၏ နှလုံးသားထဲတွင် နွေးထွေးမှုလှိုင်းလုံးကြီးတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာပြီး သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ သူ၏ လက်ကြီးများက သူမ၏ သွယ်လျသော ခါးလေးကို တင်းကျပ်စွာ ဖက်ထားလိုက်လေသည်။

ယင်းကို မြင်သောအခါ မျက်စိလျှင်သော ရွာသားများက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ဟစ်ကြွေးသံများနှင့် လက်ခုပ်သံများကို ပေါက်ကွဲထွက်ပေါ်လာစေတော့သည်။

"နမ်းလိုက်၊ နမ်းလိုက်..."

"ဟားဟား…ချင်းချင်းက ပိုပြီး ရဲတင်းလာပြီပဲ..."

"ခင်ပွန်းသည်နဲ့ ဇနီးသည်ဆိုတာ ဒီလောက်တော့ ချစ်ချစ်ခင်ခင် ရှိရမှာပေါ့..."

စားပွဲသောက်ပွဲ၏ လေထုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားလေသည်။

ရွှီချင်းချင်းမှာ အလွန်ရှက်လွန်းလှသဖြင့် မြေကြီးထဲသို့သာ ဝင်ပျောက်သွားချင်စိတ် ပေါက်သွားတော့သည်။ သူမသည် ချန်ရှင်း၏ ကျယ်ပြန့်သော ရင်အုပ်ကြီးထဲသို့ တိုးဝင်သွားပြီး အပေါ်သို့ပင် မမော့ရဲတော့ချေ။

မဝေးလှသော စားပွဲတစ်ခုတွင်မူ ကျောက်ဖန်းအာသည် လူအများဝိုင်းရံထားသော ပြီးပြည့်စုံသည့် စုံတွဲကို ကြည့်ကာ လှိုက်လှဲသော ကောင်းချီးမင်္ဂလာများဖြင့် ပြုံးလိုက်လေသည်။ သူမက ဝိုင်ပန်းကန်လုံးကို ကောက်ကိုင်ကာ တစ်ကျိုက်တည်းနှင့် မော့သောက်လိုက်ပြီး သူမ၏ မျက်လုံးထဲတွင် အားကျမှုအချို့ စွဲထင်ကျန်ရစ်နေ၏။

ခြံဝင်း၏ ထောင့်တစ်နေရာရှိ စားပွဲတစ်ခုတွင်မူ လင်းရှို့ရှို့က တိတ်ဆိတ်စွာ ထိုင်နေလေသည်။ မီးရောင်အောက်တွင် ဖက်တွယ်ထားကြသော ချန်ရှင်းနှင့် ရွှီချင်းချင်းတို့ကို ကြည့်နေသည့် သူမ၏ မျက်လုံးများတွင် အားကျမှုများ ပြည့်လျှံနေပြီး ထို့နောက် အထီးကျန်ဆန်မှုအဖြစ်သို့ ပြောင်းလဲသွားလေသည်။

သူမက ခေါင်းငုံ့လိုက်ပြီး တူဖြင့် ဟင်းသီးဟင်းရွက် တစ်ဖတ်ကို တိတ်ဆိတ်စွာ ကောက်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်တော့သည်။

...

နောက်တစ်နေ့ နံနက်စောစော။

အသစ်စက်စက် မှန်ပြတင်းပေါက်များမှတစ်ဆင့် နေရောင်ခြည်၏ ပထမဆုံး အလင်းတန်းများက အိပ်ခန်းထဲသို့ ဖြာကျလာလေသည်။

ချန်ရှင်းသည် နူးညံ့သော ကုတင်ပေါ်တွင် နိုးထလာပြီး တစ်ကိုယ်လုံး လန်းဆန်းကာ ပေါ့ပါးနေသည်ကို ခံစားလိုက်ရသည်။ သူသည် အသစ်စက်စက် မီးဖိုချောင်ထဲသို့ လျှောက်သွားပြီး သတ္တုရောင် တလက်လက်တောက်နေသည့် အနာဂတ်ဆန်သော မီးဖိုချောင်သုံးပစ္စည်းများဖြစ်သည့် ဂတ်စ်မီးဖိုများ၊ မီးခိုးစုပ်စက်များ၊ စတီးလ်ဘေစင်များကိုကြည့်ကာ အလွန်တရာ ကျေနပ်သွားလေသည်။

သူက ဂတ်စ်မီးဖိုကို ကျွမ်းကျင်စွာ ဖွင့်လိုက်ပြီး အိုးခွက်ပန်းကန်များကို တင်ကာ အားပြည့်စရာ နံနက်စာတစ်နပ် ပြင်ဆင်ရန် အသင့်ပြင်လိုက်သည်။

ထိုစဉ် သူ၏ ခါးကို အနောက်ဘက်မှနေ၍ နူးညံ့သော လက်တစ်စုံက လာရောက် ဖက်တွယ်လိုက်လေသည်။

ရွှီချင်းချင်းမှာ မည်သည့်အချိန်ကတည်းက နိုးနေသည်မသိ။ ခေတ်သစ်မှ သူမအတွက် ချန်ရှင်း ဝယ်ပေးထားသော ပိုးသား ညအိပ်ဝတ်စုံကိုသာ ဝတ်ဆင်ထားလေသည်။ သူမ၏ ရှည်လျားမည်းနက်သော ဆံပင်များက ပခုံးပေါ်တွင် ကျနေပြီး အိပ်မှုန်စုံမွှားနှင့် နွမ်းလျနေပုံ ပေါ်နေဆဲပင်။

သူမက ချန်ရှင်း၏ ကျယ်ပြန့်သော ကျောပြင်တွင် ပါးကို ညင်သာစွာ အပ်ထားပြီး သူမအတွက် သီးသန့်ဖြစ်သော နွေးထွေးမှုကို ခံစားနေလေသည်။ အနောက်ဘက်မှ နူးညံ့သော အထိအတွေ့ကို ခံစားလိုက်ရသောအခါ ချန်ရှင်း၏ နှလုံးသားထဲတွင် နွေးထွေးသွားပြီး သူ၏ လှုပ်ရှားမှုများမှာလည်း ပို၍ ညင်သာသွားတော့သည်။

"နည်းနည်းလောက် ဆက်မအိပ်ဘူးလား..."

ရွှီချင်းချင်းက သူ၏ အနောက်ဘက်မှနေ၍ ခေါင်းခါလိုက်ပြီး ယခုမှ နိုးလာသောကြောင့် သူမ၏ အသံလေးမှာ နူးညံ့ချိုသာနေ၏။

"အစ်ကိုနဲ့ အတူတူနေချင်လို့..."

ထိုသို့ ပြောရင်း သူမက မီးဖိုဆီသို့ လျှောက်သွားကာ သူမ၏ ပိုးသား ညအိပ်ဝတ်စုံ လက်တိုလေးကို ကျွမ်းကျင်စွာ ခေါက်တင်လိုက်ရာ ကြာရိုးလေးများကဲ့သို့ ဖြူဖွေးနေသော လက်မောင်းလေးများ ပေါ်လာပြီး ချန်ရှင်းကို ဟင်းသီးဟင်းရွက်များ ဆေးကြောရန်နှင့် လှီးဖြတ်ရန် ကူညီပေးလေတော့သည်။

မီးဖိုချောင်လေးမှာ နေရောင်ခြည်ဖြင့် တောက်ပနေ၏။

တစ်ယောက်က အရပ်ရှည်ပြီး ချောမောကာ နောက်တစ်ယောက်ကမူ သေးသွယ်ကျော့ရှင်းလေသည်။ ထိုနှစ်ယောက်မှာ စကားသိပ်မပြောကြသော်လည်း ရံဖန်ရံခါ အချင်းချင်း ပြုံးပြကြပြီး ပြီးပြည့်စုံသော သဟဇာတဖြစ်မှုဖြင့် အတူတကွ အလုပ်လုပ်နေကြလေသည်။

ဒယ်အိုးထဲမှ ဆီဆူသံများက ပြတင်းပေါက် အပြင်ဘက်မှ ရှင်းလင်းသော ငှက်ကလေးများ၏ တေးဆိုသံများနှင့်အတူ လိုက်ဖက်နေလေသည်။

ဤသည်ကား သူတို့၏ အိမ်သစ်လေး၌ ကြုံတွေ့ရသော ချိုမြိန်ပြီး နွေးထွေးလှသည့် ပထမဆုံးသော နံနက်ခင်းပင် ဖြစ်လေတော့သတည်း။

All Chapters