← Chapters

အခန်း ၁၀၂

Vol. 11 Ch. 102

အခန်း ၁၀၂

Vol. 11 Ch. 102

အခန်း (၁၀၂) အခြားသော ပြဿနာတစ်ခု ဖြစ်ပွားလာခြင်း

အိမ်သစ်တက်ပွဲ၏ ဆူညံသံများ ငြိမ်သက်သွားလေသည်။

ချင်းရွှေရွာလေးသည် ယခင်ကအတိုင်း တိတ်ဆိတ်ငြိမ်သက်သွားတော့၏။

လယ်ယာလုပ်ငန်းခွင်မှ အလုပ်များ ပြီးစီးသွားသည်မှာ အတန်ကြာပြီဖြစ်ပြီး အိမ်သစ်များလည်း ဆောက်လုပ်ပြီးစီးသွားပြီဖြစ်ရာ ရွာသူရွာသားများမှာ ရုတ်တရက် လုပ်စရာအလုပ် မရှိသလို ဖြစ်သွားကြလေသည်။

ရွာအရှေ့ဘက်အစွန်ရှိ ရှားပင်အိုကြီးအောက်တွင် အမျိုးသား၊ အမျိုးသမီးများ အုပ်စုလိုက် စုဝေးကာ ဖရဲစေ့များ ခွာစားရင်း ဖိနပ်အောက်ခံပြားများကို ချုပ်လုပ်နေကြသော်လည်း သူတို့၏ စကားဝိုင်းမှာ အကြောင်းအရာ တစ်ခုတည်းကိုသာ ဗဟိုပြုနေလေသည်။

"နင်တို့ မမြင်လိုက်လို့ပါဟယ်... အကြံပေးချန်ရဲ့ အိမ်သစ်ကလေ... အို ဘုရားရေ... နံရံတွေကို နှင်းတွေလို ဖြူဖွေးနေအောင် သုတ်ထားတာပဲ... ပြီးတော့ ပြတင်းပေါက်တွေကလည်း လင်းထိန်ပြီး ကြည်လင်နေတာ... အဲ့ဒါကို ဘယ်လိုခေါ်ပါလိမ့်... အာ မှန်တွေလေ... မြို့က ခေါင်းဆောင်ကြီးတွေနေတဲ့ အိမ်တွေကျနေတာပဲ..."

"ဒါပေါ့..."

သူ့ဘေးနားရှိ လူက ချက်ချင်း ဝင်ထောက်ခံလိုက်ပြီး

"မနေ့ညက စားပွဲသောက်ပွဲကြီးကို နင်တို့ မမြင်လိုက်ဘူးလား... ဝက်သားနီချက်တွေရော၊ ကြက်တစ်ကောင်လုံးပေါင်းတွေရော... နှစ်သစ်ကူးပွဲထက်တောင် စည်ကားသေးတယ်... ပြီးတော့ သူ့မိန်းမဆိုတာလေ ပန်းချီကားတစ်ချပ်လို လှလိုက်တာဟယ်... အခုဆို ပိုတောင် လှလာသေးတယ်..."

"ရုပ်ရည်ချောမောနေတော့ရော ဘာလုပ်ရမှာလဲ... အဓိကက ချန်ရှင်း အရည်အချင်းရှိတာပဲ..."

ရိုးသားပုံရသော အမျိုးသားတစ်ဦးက ဝင်ပြောလိုက်သည်။

"မင်းတို့ မေ့သွားကြပြီလား... ချန်ရှင်းသာ မရှိရင် လီဟောင့်ကြောင့် မနေ့ညက ငါတို့တစ်ရွာလုံး ငရဲမင်းကြီးဆီ ရောက်နေလောက်ပြီ..."

လီဟောင့်အကြောင်းကို ပြောလိုက်သည်နှင့် လူအုပ်ကြီးထံမှ နောက်ထပ် ကျိန်ဆဲသံများ ထွက်ပေါ်လာပြန်သော်လည်း ကျိန်ဆဲသံများ ငြိမ်သက်သွားပြီးနောက် သူတို့၏ မျက်နှာများပေါ်တွင် ပို၍ ရှုပ်ထွေးသော အမူအရာများ ပေါ်ပေါက်လာလေသည်။

၎င်းမှာ မနာလိုအားကျမှုများ၊ အံ့ဩချီးကျူးမှုများ ဖြစ်သော်လည်း ထိုထက်ပိုသည်က အနာဂတ်အတွက် မသေချာမရေရာသော ခံစားချက်ပင် ဖြစ်လေသည်။

ချန်ရှင်းသည် နတ်ဘုရားတစ်ပါးကဲ့သို့ ဘဝကို ဖြတ်သန်းနေလေ၏။

သို့သော် သူတို့ကရော... သူတို့မှာတော့ လယ်ကွင်းထဲတွင် ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်နေရဆဲဖြစ်ပြီး နောက်တစ်နပ်အတွက် ဘယ်ကနေ ရလာမလဲဆိုသည်ကို ပူပန်နေရဆဲပင်။

"ဟူး..."

ဆေးတံသောက်နေသော အဘိုးအိုတစ်ဦးက ဆေးလိပ်တစ်ရှိုက် ဖွာလိုက်ပြီး ရှည်လျားသော ဆေးလိပ်ငွေ့ကွင်းကြီးကို မှုတ်ထုတ်လိုက်လေသည်။

"အကြံပေးချန် နောက်ကို လိုက်တုန်းက နေ့တိုင်း အသားစားရတယ်... လုပ်စရာ အလုပ်ရှိတယ်... မျှော်လင့်စရာတစ်ခုခု ရှိတယ်... အခု ရုတ်တရက်ကြီး အားနေတော့ ငါ့ရင်ထဲမှာ ဘာလို့ ဒီလောက်တောင် စိုးရိမ်ပူပန်ပြီး ဟာလာဟင်းလင်း ဖြစ်နေရတာလဲ မသိပါဘူးကွာ..."

ဤစကားများက လူတိုင်း၏ ရင်ထဲသို့ ချက်ချင်းပင် ပဲ့တင်ထပ်သွားစေသည်။

"ဟုတ်တယ်... အခု ဗိုက်ဝအောင်စားပြီး အုတ်ကုတင်ပေါ်မှာ လှဲနေရပေမယ့် ဟိုဘက်ဒီဘက် လူးလှိမ့်နေပြီး အိပ်လို့ကို မပျော်ဘူး... တစ်ခုခုလိုနေသလိုပဲ အမြဲ ခံစားနေရတယ်..."

"အရင်တုန်းကတော့ စားစရာ မလောက်ငှမှာကို ပူပန်ခဲ့ရတယ်... အခုတော့ လုပ်စရာမရှိမှာကို ပူပန်နေရပြီ... လူတွေက အဲ့ဒီလိုပဲ... အရမ်းကို ဖောက်ပြန်တတ်ကြတာ..."

"ငါ့ကို မေးရင်တော့ အနာဂတ်တစ်ခု ရဖို့အတွက် အကြံပေးချန်နောက်ကို လိုက်ရဦးမှာပဲ..."

ချက်ချင်းဆိုသလို မျက်လုံးပေါင်းများစွာသည် ဘေးဘက်တွင် ဆောင့်ကြောင့်ထိုင်နေပြီး စကားသိပ်မပြောသော ရွာလူကြီး ချန်ကွမ်လင်ထံသို့ စူးစိုက်ကြည့်လာကြလေသည်။

သူတို့၏ မျက်လုံးထဲမှ အဓိပ္ပာယ်မှာ ပို၍ပင် ရှင်းလင်း၍ မရနိုင်တော့ချေ။

“ရွာလူကြီး... ခင်ဗျား ကျုပ်တို့ကို အကြံဉာဏ်ပေးမှရမယ်... အကြံပေးချန်ကို သွားမေးပေးမှရမယ်…”

ချန်ကွမ်လင်သည် လူတိုင်း၏ စူးစိုက်ကြည့်မှုများကြောင့် သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်ကို ခံစားလိုက်ရပြီး နောက်ဆုံးတွင် သွားကိုကြိတ်ကာ ရုတ်တရက် မတ်တတ်ရပ်လိုက်လေသည်။

"ကောင်းပြီ... သက်ပြင်းချတာတွေ ရပ်လိုက်ကြတော့... ငါ သွားမေးမယ်... မင်းတို့အတွက် အကြံပေးချန်ကို ငါ သွားမေးပေးမယ်..."

ချန်မိသားစု၏ အိမ်သစ် ထမင်းစားခန်းထဲတွင် ချန်ရှင်းနှင့် ရွှီချင်းချင်းတို့က အသစ်စက်စက် ထမင်းစားစားပွဲ၌ နံနက်စာ စားနေကြလေသည်။

နံရံများမှာ နှင်းများကဲ့သို့ ဖြူဖွေးနေပြီး ထမင်းစားစားပွဲမှာလည်း အစွန်းအထင်း ကင်းစင်နေကာ စားပွဲပေါ်တွင် အခိုးအငွေ့များ ထွက်နေသော ဆန်ပြုတ်ဖြူဖြူများနှင့် ရွှေရောင် ကြက်ဥကြော်များ ထည့်ထားသည့် ကြွေပန်းကန်လုံးအဖြူများ ရှိနေလေသည်။

လင်းထိန်နေသော မှန်ပြတင်းပေါက်မှတစ်ဆင့် နေရောင်ခြည် ဖြာကျနေသဖြင့် ပန်းချီကားတစ်ချပ်ထဲမှအတိုင်း မြင်ကွင်းတစ်ခုကို ဖန်တီးပေးနေ၏။

ချန်ကွမ်လင်သည် တံခါးဝတွင် ရပ်နေပြီး သူ၏ ခြေထောက်များမှာ ရွှံ့များဖြင့် ဖုံးလွှမ်းနေလေသည်။ အထဲမှ မြင်ကွင်းကို ကြည့်ရင်း သူသည် ဘာလုပ်ရမည်မှန်း မသိဖြစ်နေကာ အထဲသို့ပင် ခြေလှမ်းမဝင်ရဲတော့ချေ။

သူ့တစ်သက်တာလုံးတွင် ဤမျှသန့်ရှင်းပြီး တောက်ပလင်းထိန်နေသော အိမ်မျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။

"ရွာလူကြီး... ဘာလို့ အထဲမဝင်လာတာလဲ..."

ချန်ရှင်းက သူ့ကို မြင်သောအခါ တူကို ချထားလိုက်ပြီး "လာ... အထဲဝင်ထိုင်လေ..." ဟု ပေါ့ပေါ့ပါးပါး လက်ယပ်ခေါ်လိုက်သည်။

"ဟေ…အေး အေး..."

ချန်ကွမ်လင်မှာ သတိပြန်ဝင်လာပြီး သူ၏ဖိနပ်ပေါ်ရှိ ရွှံ့များကို ပြောင်စင်သွားစေရန် တံခါးဝရှိ ကျောက်သားလှေကားထစ်ပေါ်တွင် ခြေထောက်ကို ခပ်ပြင်းပြင်း ဆောင့်နင်းလိုက်ကာ အထဲသို့ ဝင်လာခဲ့သည်။

ချန်ရှင်းက သူ့အတွက် ကုလားထိုင်တစ်လုံး ဆွဲယူပေးလိုက်ပြီး ရွှီချင်းချင်းက သူ့အတွက် ရေနွေးတစ်ပန်းကန်လုံး သေချာစွာ ငှဲ့ပေးလိုက်လေသည်။

ချန်ကွမ်လင်သည် ကုလားထိုင်ပေါ်တွင် ကသိကအောက်ဖြင့် ထိုင်နေပြီး သူ၏ ကြမ်းတမ်းသော လက်များက ဒူးပေါ်တွင် အဆက်မပြတ် ပွတ်သပ်နေကာ မျက်နှာတွင်လည်း ရှက်ရွံ့မှုများ ပြည့်နှက်နေ၏။

"အမ်း... အကြံပေးချန်..."

သူ ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမှန်း မသိဖြစ်နေလေသည်။

"ပြောစရာရှိတာ ပြောပါ ရွာလူကြီးရဲ့.."

ချန်ရှင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

ချန်ကွမ်လင်သည် ခွင့်လွှတ်မှုရလိုက်သည့်အလား အလျင်အမြန်ပင် ပြောလိုက်၏။

"ဒီလိုပါ... အခုလယ်ကွင်းထဲက အလုပ်တွေ ပြီးသွားပြီဆိုတော့ အားလုံးက အားလပ်ချိန်လေးတွေ ရနေကြတယ်... လူတွေက လုပ်စရာအလုပ်မရှိတဲ့အခါ အလွန်အကျွံ တွေးပြီး စိုးရိမ်ပူပန်လာတတ်ကြတယ်လေ..."

"အားလုံးက... အားလုံးက မင်း ငါတို့ကို မှန်ကန်တဲ့ လမ်းကြောင်းဆီ ထပ်ပြီး လမ်းညွှန်ပေးနိုင်မလား... တစ်ခုခုလုပ်ဖို့ ဦးဆောင်ပေးနိုင်မလား... မျှော်လင့်စရာ တစ်ခုခု ပေးနိုင်မလားဆိုပြီး မျှော်လင့်နေကြတာပါ..."

ချန်ရှင်းသည် ရွာမှ အသုံးမကျသော ဆန်ကုန်မြေလေးတစ်ယောက် မဟုတ်တော့ပေ။

သူသည် တစ်ရွာလုံးကို ဝဝလင်လင် စားနိုင်ပြီး ဘဝကောင်းတစ်ခုရရှိရန် ဦးဆောင်ပေးနိုင်သော နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်နေပြီဖြစ်ကာ အားလုံး၏ ကျောထောက်နောက်ခံလည်း ဖြစ်လေသည်။

နားထောင်ပြီးနောက် ချန်ရှင်းက သူ၏ တူကို ချထားလိုက်သည်။

သူက ချောမွေ့နေသော စားပွဲမျက်နှာပြင်ပေါ်တွင် သူ၏ လက်ချောင်းထိပ်လေးများဖြင့် ညင်သာစွာ ခေါက်ရင်း ခေတ္တမျှ တွေးတောနေလေသည်။

ချင်းရွှေရွာသည် ဆင်းရဲမွဲတေလှပြီး တွေးခေါ်ပုံများလည်း ဆင်းရဲကာ ထွက်ပေါက်မရှိသဖြင့် ဆင်းရဲနေခြင်း ဖြစ်သည်။

အမဲလိုက်ခြင်းနှင့် ထိုမြေရိုင်းဧကအနည်းငယ်ကို စိုက်ပျိုးခြင်းဖြင့် မည်သည့်အခါမှ ချမ်းသာလာမည် မဟုတ်ချေ။

အပြောင်းအလဲတစ်ခုဖြစ်လာစေရန် ငွေရှာရန် နည်းလမ်းသစ်များကို ရှာဖွေရမည်ဖြစ်သည်။

ချန်ကွမ်လင်၏ စိုးရိမ်နေသော်လည်း မျှော်လင့်နေသော မျက်နှာကို ကြည့်ရင်း ချန်ရှင်းက ခေါင်းညိတ်လိုက်သည်။

"ကျုပ် ဒါကို မှတ်ထားလိုက်ပါ့မယ်..."

သူ၏ အသံမှာ တည်ငြိမ်နေပြီး စိတ်ချယုံကြည်ရသော ခွန်အားများ ပါဝင်နေလေသည်

"နောက်မှ ကျုပ် ရွာထဲသွားပြီး အခြေအနေကို သွားကြည့်လိုက်မယ်..."

ထိုရိုးရှင်းသော စကားတစ်ခွန်းက ချန်ကွမ်လင်ကို ချက်ချင်းပင် စိတ်အေးသွားစေတော့သည်။

"ကောင်းပြီ... ကောင်းပြီ... ဒါဆို မင်းတို့ ထမင်းစားတာကို ငါ ထပ်ပြီး အနှောင့်အယှက် မပေးတော့ပါဘူး... သတင်းကောင်းကို အားလုံးဆီ ငါ ချက်ချင်း သွားပြောလိုက်ဦးမယ်..."

ချန်ရှင်းက ခေါင်းညိတ်ပြလိုက်ပြီး သူ့ကို တံခါးဝအထိ ယဉ်ကျေးစွာ လိုက်ပို့ပေးလိုက်သည်။

ရွှီချင်းချင်းက သူမ၏ ယောကျ်ားဖြစ်သူ၏ ဘေးတိုက်မျက်နှာကို ကြည့်လိုက်ရာ သူမ၏ လှပသော မျက်လုံးလေးများထဲတွင် အားကျမှုများနှင့် ချစ်ခြင်းမေတ္တာများ တောက်ပနေလေသည်။

တစ်ချိန်တုန်းကတော့ သူသည် ရွာထဲရှိ လူတိုင်း ရှောင်ဖယ်ကြသော ဆန်ကုန်မြေလေးတစ်ယောက် ဖြစ်ခဲ့သည်။

သို့သော် ယခုအခါတွင်မူ သူသည် လူတိုင်းက လေးစားအားကျရပြီး မှီခိုအားထားရသူ တစ်ယောက် ဖြစ်လာခဲ့လေပြီ။

ဤအမျိုးသားသည် သူမ၏ ခင်ပွန်းဖြစ်သည်။

ဤအရာအားလုံးကို တတ်စွမ်းနိုင်သော အမျိုးသားသည် သူမ၏ အရာအားလုံးပင် ဖြစ်လေသည်။

သူမ၏ နှလုံးသားထဲတွင် ကြီးမားလှသော ပျော်ရွှင်မှုနှင့် လုံခြုံမှု ခံစားချက်များ ပြည့်လျှံနေပြီး သူမ၏ နှုတ်ခမ်းထောင့်များက အလိုအလျောက် ကော့တက်သွားတော့သည်။

သို့ရာတွင် ဤနွေးထွေးမှုနှင့် တိတ်ဆိတ်ငြိမ်သက်မှုများကြားတွင်…

"အမလေးတော့..."

အမျိုးသမီးတစ်ဦးထံမှ စူးရှသော အော်ဟစ်သံကြီးတစ်ခုက ခြံဝင်းအပြင်ဘက်မှ သတိပေးချက်မရှိဘဲ ထွက်ပေါ်လာကာ နံနက်စောစော ရွာလေး၏ တိတ်ဆိတ်ငြိမ်သက်မှုကို ရုတ်တရက် ရိုက်ချိုးလိုက်လေသည်။

ထိုအသံတွင် အလွန်အမင်း မျှော်လင့်ချက် ကင်းမဲ့မှုများနှင့် လုံးဝ ပြိုလဲသွားမှုများ ပြည့်နှက်နေ၏။

ချန်ရှင်းနှင့် ရွှီချင်းချင်းတို့က အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး တစ်ချိန်တည်းမှာပင် မျက်မှောင်ကြုတ်လိုက်ကြသည်။

"ဘာဖြစ်တာလဲဟင်..."

ရွှီချင်းချင်းက စိုးရိမ်တကြီး အမူအရာဖြင့် မေးလိုက်သည်။

ချန်ရှင်းက သူမ၏ အနည်းငယ် အေးစက်နေသော လက်လေးကို ဆုပ်ကိုင်လိုက်ပြီး ညင်သာစွာဖြင့်

"ဘာမှမဖြစ်ပါဘူး... အပြင်ထွက်ကြည့်ရအောင်..."

ရွှီချင်းချင်းက ခေါင်းညိတ်ပြလိုက်ပြီး ချန်ရှင်း၏နောက်မှ ခြံဝင်းအပြင်ဘက်သို့ အလျင်အမြန် လိုက်သွားလေသည်။

အော်ဟစ်သံများမှာ ဘေးအိမ်ရှိ အဒေါ်လျူ၏ အိမ်မှ ထွက်ပေါ်လာခြင်းဖြစ်သည်။

သူတို့ ရောက်သွားသောအခါ လူတစ်စုသည် အဒေါ်လျူ၏ ခြံဝင်းတံခါးဝတွင် စုဝေးနေကြပြီဖြစ်ကာ အထဲသို့ ချောင်းကြည့်ရင်း ထိုကိစ္စကို ဆွေးနွေးနေကြလေသည်။

ချန်ရှင်း ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့်တပြိုင်နက် အဒေါ်လျူမှာ မြေပြင်ပေါ်တွင် အရုပ်ကြိုးပြတ် ထိုင်ချနေပြီး သူမ၏ ခြေရင်းရှိ တောင့်တင်းနေသော ကြက်မတစ်ကောင်ကို လက်ညှိုးထိုးကာ အသည်းအသန် ငိုကြွေးနေသည်ကို မြင်လိုက်ရသည်။

"ဘုရားရေ... ငါတို့တွေ ဘယ်လို ဆက်အသက်ရှင်ရမှာလဲ... ဥဥပေးနေတဲ့ ငါ့ရဲ့ ရွှေကြက်မလေး..."

ထိုကြက်မအိုကြီးသည် အဒေါ်လျူ၏ အသည်းနှလုံးလေးဖြစ်ကာ မိုးရွာရွာ နေပူပူ သူမ မွေးမြူလာခဲ့သည်မှာ နှစ်အတော်ကြာပြီဖြစ်ပြီး နေ့စဉ် ဥတစ်လုံးစီ ဥပေးလေသည်။

တစ်မိသားစုလုံးသည် ဆီ၊ ဆား၊ ပဲငံပြာရည်နှင့် ရှာလကာရည်တို့ လဲလှယ်ရန် ဤကြက်ဥများကိုသာ အားထားနေရပြီး တစ်ခါတစ်ရံတွင် သူတို့၏ မြေးလေးအတွက် အပိုမုန့်လေးတစ်ခုခု ကျွေးရန်လည်း အသုံးပြုကြသည်။

ယခုမူ ထိုကြက်မကြီးမှာ မြေပြင်ပေါ်တွင် တောင့်တင်းစွာ လဲကျနေပြီး ခြေထောက်များက အပေါ်သို့ ထောင်နေကာ အသက်မရှူတော့ချေ။

"အဒေါ်လျူ... မငိုပါနဲ့တော့..."

"အဒေါ့်ယောက်ျားကို ကုန်စည်ထောက်ပံ့ရေးနဲ့ ဈေးကွက်သမဝါယမအသင်းဆီ သွားခိုင်းပြီး နောက်မှ နောက်တစ်ကောင် သွားဝယ်ခိုင်းလိုက်ပေါ့..."

ကြည့်ရှုနေကြသော ရွာသားများက သူတို့၏ အကြံဉာဏ်များကို ပေးကြသော်လည်း သူတို့၏ စကားများတွင် သူတို့နှင့် မသက်ဆိုင်သဖြင့် အနည်းငယ် သဘောမတူလိုသည့် အရိပ်အယောင်များ အမြဲပါဝင်နေလေသည်။

ချန်ရှင်းက စကားမပြောပေ။ သူ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူ၏ အကြည့်များက သေနေသော ကြက်ပေါ်သို့ ကျရောက်သွားသည်။

ကြက်ဖီးလေးမှာ ပုံမှန် တောက်ပသော အနီရောင် မဟုတ်တော့ဘဲ ထူးဆန်းသော ပြာနှမ်းနှမ်း ခရမ်းရောင်ဖြစ်နေ၏။

ကြက်၏ ဖင်အောက်တွင် အဖြူရောင် အရည်ကျဲကျဲ မစင်အိုင်တစ်ခု ရှိနေပြီး ဆိုးရွားသော အပုပ်နံ့များ ထွက်ပေါ်နေလေသည်။

"တစ်ခုခု မှားနေပြီ... ဒီကြက်က တစ်ခုခု မှားနေပြီ..."

အတွေ့အကြုံရှိသော အဘိုးအိုတစ်ဦးက လူအုပ်ကြားထဲမှ တိုးထွက်လာပြီး သေနေသောကြက်ကို အချိန်အတော်ကြာ စူးစိုက်ကြည့်နေကာ သူ၏ မျက်နှာမှာ ချက်ချင်း ဖြူရော်သွားပြီး သူ၏ အသံမှာ တုန်ယင်နေလေသည်။

"ကြက်ဖင်ကို ကြည့်လိုက်စမ်း... ပြီးတော့ မစင်တွေကိုလည်း ကြည့်လိုက်ဦး... ဒါက... ဒါက ကြက်တုပ်ကွေးပဲ..."

ကြက်တုပ်ကွေး…။

All Chapters