← Chapters

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း (၁၀၇) သက်ရှိနတ်ဘုရား

ထိုအချိန်၌ ဆံပင်ဖြူဖြူနှင့် အသက်အရွယ်ကြီးရင့်နေသော အဘွားအိုတစ်ယောက်သည် သစ်သားတုတ်ကောက်ကို အားပြုလျက် တုန်တုန်ယင်ယင်နှင့် ရှေ့သို့ ထွက်လာလေ၏။ သူမ၏ မှုန်ဝါးနေသော မျက်လုံးများထဲတွင် မျက်ရည်များ ရစ်သိုင်းနေပြီး အသံကျယ်ကျယ်ဖြင့် ငိုယိုအော်ဟစ်လိုက်သည်။

"အကြံပေးချန်... အလကားပါပဲ... ကျမယောက်ျားက တောင်ပေါ်က ဆေးပင်တွေအကုန်နီးပါး ခူးလာပြီးပြီ၊ နံ့သာပြာ၊ ကြက်သွန်ဖြူရေ၊ ပြောစရာမရှိအောင် အကုန်လုပ်ကြည့်ပြီးပြီ... ဘာမှအလုပ်မဖြစ်ဘူး... ဒီကြက်တုပ်ကွေးက သဘာဝဘေးအန္တရာယ်ပဲ... နတ်ဘုရားက ငါတို့ကြက်တွေကို ယူသွားတာ... ငါတို့ ကံကြမ္မာကို လက်ခံရမှာပဲ..."

သူမ၏ စကားများက လူတိုင်း၏ ရင်တွင်းဖြစ်ကို ထုတ်ဖော်ပြောဆိုလိုက်ခြင်းပင် ဖြစ်လေသည်။

ထိုစကားကို ကြားသော်လည်း ချန်ရှင်းက မျက်ခွံကိုပင် ပင့်မကြည့်ခဲ့ဘဲ အဘွားအို၏ ငိုယိုသံများနှင့် ပတ်ဝန်းကျင်မှ တီးတိုးရေရွတ်သံများကို လုံးဝ လျစ်လျူရှုထားလေ၏။

သူက လှည့်ကာ အခြား ကင်းဗတ်အိတ်တစ်လုံးထဲမှ ပိုသေးငယ်သော ဖန်ပုလင်း အနည်းငယ်နှင့် ဆီစိမ်စက္ကူဖြင့် ထုပ်ပိုးထားသော တလက်လက် တောက်နေသည့် ပစ္စည်းအချို့ကို ဆွဲထုတ်လိုက်သည်။

ထိုဖန်ပုလင်းလေးများထဲတွင် နေဝင်ဆည်းဆာအလင်းရောင်အောက်၌ အရောင်ပြန်နေသည့် ကြည်လင်ပြတ်သားသော အရည်များ ပါရှိလေသည်။

"ဒီဆေးရည်က နေမကောင်းတဲ့ ကြက်တွေအတွက်ပဲ..."

ကြည်လင်နေသော အရည်ပုလင်းများကို မြှောက်ကိုင်ပြရင်း ချန်ရှင်းက ပြောလိုက်သည်။ သူ၏အသံက အခန်းတစ်ခုလုံးကို ရှင်းလင်းပြတ်သားစွာ ပျံ့နှံ့သွား၏။

"ဒါတွေကတော့ အကောင်းပကတိရှိသေးတဲ့ ကြက်တွေအတွက်ပဲ၊ ရောဂါကို ကာကွယ်ပေးနိုင်တယ်..."

သူက ဆီစိမ်စက္ကူထုပ်တစ်ခုကို ဆွဲဖြဲလိုက်ပြီး အေးစက်စက် သတ္တုရောင်လက်နေသည့် ရှည်လျားပါးလျသော အပ်တစ်ချောင်းကို ကောက်ကိုင်လိုက်လေသည်။

"ဆေး... ဆေးထိုးမလို့လား..."

"ကြက်တွေကို ဆေးထိုးပေးမယ် ဟုတ်လား..."

လူအုပ်ကြီးထံမှ ရုတ်ရုတ်သဲသဲ အသံများ ထွက်ပေါ်လာလေ၏။ စောစောက သံသယဖြစ်နေမှုများသည် ယခုအခါ လုံးဝ အဓိပ္ပာယ်မရှိသော ကိစ္စတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

တီးတိုးပြောဆိုသံများက ရုတ်တရက် ပိုမိုကျယ်လောင်လာကာ ပျားပန်းခပ်မျှ ဆူညံသွားလေသည်။

"ဘုရားရေ... ဒါ အပ်ကြီးလား... ဆေးခန်းတွေမှာ သုံးတဲ့ဟာနဲ့ အတူတူပဲ..."

"ကြက်တွေကို ဆေးထိုးပေးမယ်... ငါ အသက်ခြောက်ဆယ်ကျော်လာပြီ ဒါမျိုး တစ်ခါမှ မကြားဖူးပါဘူး..."

"ဟုတ်ပါ့... ဒီနည်းက အလုပ်ဖြစ်ပါ့မလား... အကောင်းပကတိရှိနေတဲ့ ကြက်တွေပါ သေကုန်ရင် ဘယ်လိုလုပ်မလဲ..."

ဤခေတ်ကာလတွင် ကြက်နှင့် ဘဲများသည် သာမန်လူများအတွက် အဖိုးတန်ပိုင်ဆိုင်မှုများ ဖြစ်သောကြောင့် ချန်ရှင်း၏ လုပ်ရပ်က သူတို့ကို တုံ့ဆိုင်းသွားစေလေသည်။

အသားမည်းမည်းနှင့် တောင်သူအဘိုးအိုတစ်ယောက်သည် သစ်ရွက်များပမာ တုန်ယင်နေသော လက်များဖြင့် ချန်ရှင်း၏ လက်ချောင်းထိပ်တွင် အေးစက်စွာ တလက်လက်ဖြစ်နေသော အပ်ကိုကြည့်ရင်း ရှေ့သို့ ဦးစွာ ထွက်လာခဲ့သည်။

"အကြံပေးချန်... အဲ့လို မလုပ်ပါနဲ့... လူတွေတောင် ဆေးထိုးရမှာကို ရွှေလို တန်ဖိုးထားကြတာ၊ ဒီ... ဒီသံချောင်းနဲ့ ကြက်ကို ထိုးလိုက်ရင် မသေသွားနိုင်ဘူးလား..."

"ဟုတ်တယ်... ဟုတ်တယ်... အကောင်းပကတိကြက်တောင် အထိုးခံရရင် သေသွားမှာပေါ့..."

"ဒီနည်းလမ်းက အရမ်းထူးဆန်းလွန်းတယ်၊ ငါတော့ မရဲဘူး..."

"ငါလည်း မရဲပါဘူး၊ ဘယ်သူက အဲ့လို လောင်းကြေးထပ်ရဲမှာလဲ..."

သံသယဝင်မှုများက ပိုမိုကျယ်လောင်လာပြီး လီကျားရွာ၏ ရွာလူကြီးဖြစ်သော လီမင်ပင်လျှင် အခက်တွေ့နေပုံရသည်။

သူက ချန်ရှင်းထံမှ အကူအညီတောင်းရန် လာခဲ့သော်လည်း သူ၏မျက်စိရှေ့မှ မြင်ကွင်းက သူနားလည်နိုင်စွမ်းထက် လုံးဝ ကျော်လွန်နေလေ၏။

"မင်းတို့အားလုံး ပါးစပ်ပိတ်ထားကြစမ်း..."

ထိုစဉ် ချန်ကွမ်လင်၏ ကျယ်လောင်သော အော်ဟစ်သံ ရုတ်တရက် ထွက်ပေါ်လာလေသည်။

သူ၏မျက်နှာကြီး နီရဲတက်လာကာ လည်ပင်းမှ သွေးကြောများ ထောင်ထနေပြီး တတွတ်တွတ် ပြောနေကြဆဲဖြစ်သော ရွာသားများကို လက်ညှိုးထိုးရင်း မျက်လုံးပြူးကာ အမြှုပ်တစီစီဖြင့် ပြောလိုက်သည်။

"အကြံပေးချန် ခိုင်းတဲ့အတိုင်း လုပ်ကြစမ်းပါ... အကြံပေးချန်ရဲ့ စကားက ဥပဒေပဲ... မင်းတို့က အကြံပေးချန်လောက် တတ်လို့လား... မင်းတို့နည်းလမ်းတွေကရော အလုပ်ဖြစ်လို့လား... အလုပ်ဖြစ်ရင် မင်းတို့ကြက်တွေ အကုန်သေမနေဘူးလေ..."

"အခု အကြံပေးချန်စကားကို နားထောင်ပြီး ဘာပဲဖြစ်ဖြစ် စမ်းကြည့်ကြမလား၊ သေလမ်းပဲဖြစ်နေပါစေ ထွက်ပေါက်တစ်ခုတော့ ရှိနိုင်သေးတယ်... ဒါမှမဟုတ် မင်းတို့အိမ်ပြန်ပြီး သေမယ့်ကြက်တွေကို ဖက်ငိုနေကြမလား... တစ်ယောက်ယောက်ကများ နောက်ထပ် စကားတစ်ခွန်း ဟလာရဲရင် ရွာကရမယ့် ဝေစုကို မရစေရဘူး..."

ချန်ကွမ်လင်သည် တကယ်ကို စိုးရိမ်ပူပန်နေပြီး ချန်ရှင်းကိုလည်း အကြွင်းမဲ့ ယုံကြည်နေလေသည်။ သူက ဆဲရေးတိုင်းထွာကာ ဆက်တိုက် အော်ဟစ်တော့၏။

ချန်ကွမ်လင်၏ လူသတ်မတတ် စူးရဲသော အကြည့်များကြောင့် ရွာသားများ အလန့်တကြား အသိဝင်သွားကြပြီး သူ၏ဘေးတွင် အမူအရာကင်းမဲ့စွာ ရှိနေသော ချန်ရှင်း၏မျက်နှာကို မြင်လိုက်ရသောအခါ မည်သူမျှ ဆက်၍ မတုံ့ဆိုင်းရဲကြတော့ချေ။

ဟုတ်သားပင်၊ မည်သို့ပင်ဖြစ်စေ အားလုံး သေရတော့မည်ဖြစ်ရာ စမ်းကြည့်ခြင်းက ဘာများ ဆုံးရှုံးသွားစရာရှိမည်နည်း။ တကယ်လို့ ထူးခြားလာခဲ့လျှင်ရော။

"ကောင်းပြီ... ကောင်းပြီ... ငါ လုပ်မယ်..."

"အင်း... ငါလည်း စမ်းကြည့်မယ်..."

လူအုပ်ထဲမှ တစ်ယောက်က စတင်လှုပ်ရှားလိုက်သည်နှင့် ရွာသားများက ကိုယ်စီ သစ်သားပုံးများနှင့် မြေအိုးများကို ကိုင်ဆောင်ကာ ရှေ့သို့ တိုးဝှေ့လာကြလေသည်။ သူတို့က ရေစည်ကြီးထဲမှ ဆေးရည်များကို ခပ်ယူကြပြီးနောက် ချန်ကွမ်လင်ထံမှ ဆေးထိုးအပ်များနှင့် ဆေးပုလင်းများကို သတိတကြီး ယူဆောင်ကာ အိမ်သို့ ပြေးကြတော့သည်။

လင်းရှို့ရှို့လည်း ဆေးတစ်ပတ်လည်စာ ရရှိခဲ့လေသည်။

သူမအိမ်ရှိ ကြက်မနှစ်ကောင်အနက် တစ်ကောင်မှာ လဲကျသေဆုံးသွားခဲ့ပြီဖြစ်ပြီး နောက်ဆုံးတစ်ကောင်မှာမူ ထောင့်တစ်နေရာတွင် လှဲလျောင်းနေကာ အသက်ကို မနည်းရှူရှိုက်နေရရှာသည်။

သေလုမျောပါးဖြစ်နေသော ကြက်မလေးကို ကြည့်ရင်း သူမ အနည်းငယ်မျှပင် တုံ့ဆိုင်းမနေခဲ့ချေ။

ဇွန်းငယ်လေးကို ကိုင်ကာ ကြက်၏ နှုတ်သီးကို တဖြည်းဖြည်းချင်း ဟလိုက်ပြီး နောက်ကျိနေသော ဆေးရည်များကို ဂရုတစိုက် လောင်းထည့်ပေးလိုက်သည်။

ထို့နောက် ချန်ရှင်း၏ ညွှန်ကြားချက်အတိုင်း ကြက်၏ တောင်ပံအောက်၌ ဆေးကို ကမန်းကတန်း ထိုးပေးလိုက်လေသည်။

ဤအရာအားလုံးကို ပြုလုပ်ပြီးနောက် သူမက ကြက်ခြံရှေ့တွင် ဆောင့်ကြောင့်ထိုင်လျက် တိတ်ဆိတ်စွာ ဆုတောင်းနေခဲ့သည်။

အကြံပေးချန်က မြောင်မြောင်၏ အသက်ကို ကယ်တင်ပေးခဲ့သည်ဖြစ်ရာ ဤကြက်လေး၏ အသက်ကိုလည်း သေချာပေါက် ကယ်တင်ပေးနိုင်လိမ့်မည်ဟု သူမ ယုံကြည်နေမိသည်။

ထိုညတွင်တော့ ချင်းရွှေရွာနှင့် လီကျားရွာတို့မှာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့လေသည်။

အရင်က ကြားနေကျဖြစ်သော ကြက်တွန်သံများ၊ ခွေးဟောင်သံများနှင့် လူတို့၏ စကားပြောသံများ အားလုံး ပျောက်ကွယ်သွားခဲ့၏။

အိမ်တိုင်း၌ မီးများ လင်းထိန်နေသော်လည်း မည်သူမျှ အိပ်မပျော်ကြချေ။

အမျိုးသားများက ခြံဝင်းထဲတွင် ဆောင့်ကြောင့်ထိုင်ကာ ဆေးတံများကို တစ်ဖွာပြီးတစ်ဖွာ ဖွာရှိုက်နေကြပြီး၊ အမျိုးသမီးများကမူ လဲကျနေသော သို့မဟုတ် ပျော့ခွေနေသော ကြက်များကို မျက်တောင်မခတ်တမ်း စောင့်ကြည့်ရင်း ကြက်ခြံနံဘေး၌ စောင့်ကြပ်နေကြလေသည်။

လူတိုင်းသည် စီရင်ချက်ကို စောင့်ဆိုင်းနေရသော အကျဉ်းသားများပမာ အဆုံးအစမဲ့သော အမှောင်ထုနှင့် တိတ်ဆိတ်မှုကြားတွင် မိုးလင်းမည့်အချိန်ကို နာကျင်စွာ စောင့်ဆိုင်းနေကြရသည်။

အချိန်များက ဤမျှလောက် ရှည်လျားသည်ဟု တစ်ခါမျှ မခံစားခဲ့ရဖူးပေ။

နောက်ဆုံးတွင် မိုးသောက်ယံ၏ ပထမဆုံး အလင်းတန်းများက မိုးကုတ်စက်ဝိုင်းပေါ်တွင် ထွက်ပေါ်လာကာ အမှောင်ထုကို ထိုးခွဲလိုက်ချိန်၌…

“အော်... အီး... အီး….အွတ်..."

အားပျော့သော်လည်း အလွန်တရာ ရှင်းလင်းပြတ်သားသည့် ကြက်ဖတွန်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာလေသည်။

ချက်ချင်းဆိုသလိုပင်။

"အသက်ရှင်လာပြီ... အသက်ရှင်လာပြီ... ငါ့ကြက်တွေ အစာစားနေပြီ..."

အသံပင် ပြာသွားရလောက်အောင် ပြင်းထန်သော အံ့သြဝမ်းသာ အော်ဟစ်သံက မိုးကြိုးပစ်ချလိုက်သည့်အလား တစ်ရွာလုံး၏ တိတ်ဆိတ်မှုကို ရိုက်ချိုးပစ်လိုက်လေသည်။

ထိုအသံမှာ အဒေါ်လျူ၏ အသံပင် ဖြစ်သည်။ ထိုအသံထဲတွင် ဖိနှိပ်ထားရသော ရှိုက်သံများနှင့် မယုံနိုင်လောက်အောင် ဝမ်းသာပီတိဖြစ်မှုများ ပြည့်နှက်နေလေ၏။

ဝုန်း ခနဲ ပေါက်ကွဲသွားသည့်အလား။

တစ်ရွာလုံး ချက်ချင်းပင် ပေါက်ကွဲသွားတော့သည်။

တစ်ညလုံး စောင့်ကြည့်နေခဲ့ကြသူ အားလုံးသည် ခလုတ်နှိပ်ဖွင့်ခံလိုက်ရသည့်အလား ကိုယ်စီ ကြက်ခြံများဆီသို့ အရူးအမူး ပြေးသွားကြလေတော့၏။

"ဘုရားရေ... သူတို့ မတ်တပ်ရပ်လာပြီ... ငါ့ရဲ့ လုရှန်းကြက်တွေ မတ်တပ်ရပ်နေပြီ..."

"စားနေပြီ... မြေကြီးပေါ်က ဆန်စေ့တွေကို ကောက်ဆိတ်နေပြီ..."

"ကြည့်စမ်း... ကြည့်စမ်း...မစင်အဖြူတွေ မပါတော့ဘူး..."

မနေ့က သေလုမျောပါးဖြစ်နေပြီး မျက်ခွံကိုပင် မပင့်နိုင်လောက်အောင် အားနည်းကာ မြေပြင်ပေါ်တွင် လဲလျောင်းနေခဲ့ကြသော ကြက်နာများသည် ယခုအခါ နှစ်ကောင်၊ သုံးကောင် စတင် မတ်တပ်ရပ်လာကြပြီ ဖြစ်သည်။ သူတို့က အနည်းငယ် နုံးချည့်နေပုံရကာ အမွေးအတောင်များ ဖွာလန်ကြဲနေသေးသော်လည်း ခေါင်းငုံ့ကာ မြေပြင်ပေါ်တွင် ကမန်းကတန်း ကောက်ဆိတ် စားသောက်နေကြပြီ ဖြစ်လေ၏။

မုတ်ဆိတ်မွေး အပြည့်နှင့် လူထွားကြီးတစ်ယောက်သည် သူမြင်နေရသည်ကို မယုံနိုင်စွာဖြင့် သွေးကြောများနီရဲနေသော မျက်လုံးများကို ပွတ်သပ်လိုက်သည်။ ထို့နောက် လက်ကို မြှောက်ကာ သူ၏ မျက်နှာကို အားကုန် လွှဲရိုက်လိုက်လေသည်။

ဖျန်း ခနဲ မြည်သံ ထွက်ပေါ်လာ၏။

အသံက ပြတ်သားကာ ရှင်းလင်းလှသည်။

ပြင်းထန်သော နာကျင်မှုက သူ့တစ်ကိုယ်လုံးသို့ စိမ့်ဝင်သွားမှသာ သူ အိပ်မက်မက်နေခြင်း မဟုတ်ကြောင်းကို နောက်ဆုံးတွင် ယုံကြည်သွားတော့သည်။

နောက်တစ်စက္ကန့်တွင်တော့ ဆုံးရှုံးသွားသောအရာများကို ပြန်လည်ရရှိလိုက်သည့် ဝမ်းသာပီတိနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသော မိုးခြိမ်းသံအလား အားရပါးရ အော်ဟစ်သံကြီးကို သူ ထုတ်လွှတ်လိုက်လေတော့၏။

သူက ရုတ်တရက် လှည့်ကာ ရွာအရှေ့ဘက်ခြမ်းရှိ ချန်ရှင်း၏ အိမ်သစ်လေးရှိရာသို့ မျက်နှာမူလိုက်သည်။ "ဒူး" ခနဲ အသံနှင့်အတူ သူ၏ သန်မာသော ဒူးနှစ်ဖက်က မာကျောသော ရွှံ့မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျသွားလေသည်။

သူက နဖူးကို မြေကြီးနှင့် ထိကာ အစွမ်းကုန် အော်ဟစ်လိုက်လေတော့သည်။

"အသက်ရှင်လာပြီ... ကြက်တွေ တကယ် အသက်ရှင်လာပြီ... အကြံပေးချန်ရဲ့ နည်းလမ်းက တကယ် အလုပ်ဖြစ်တယ်..."

"နတ်ဘုရားပဲ... အကြံပေးချန်က သက်ရှိနတ်ဘုရားပဲ..."

All Chapters