အခန်း ၁၁၀
Vol. 11 Ch. 110
အခန်း (၁၁၀) အကြံပေးမှူးချုပ်
လေထုက ချက်ချင်းပင် တိတ်ဆိတ်သွားလေသည်။
မျက်လုံးများအားလုံး ချန်ရှင်းအပေါ်သို့ ကျရောက်နေ၏။
ဤမေးခွန်းက နည်းပညာဆန်လွန်းပြီး အလွန်ပင် ဖြေရခက်လှသည်။ ရွာသူရွာသားများကို မဆိုထားဘိ ကွန်မြူနစ် အတွင်းရေးမှူး ကျန်းပေါ်ပင်လျှင် ဘာမှန်းမသိဘဲ အူကြောင်ကြောင် ဖြစ်နေလေသည်။
ခရိုင်မှ နည်းပညာရှင်များသည် ချန်ရှင်း ဤမေးခွန်းကို ဖြေနိုင်မည်လားဟု မျှော်လင့်တကြီးဖြင့် ကြည့်နေကြ၏။
ဤအရာက စကားလုံးများဖြင့် လှည့်စား၍ရသော အရာမျိုး မဟုတ်ပေ။
သို့ရာတွင် ချန်ရှင်းက မျက်မှန်နှင့် နည်းပညာရှင်ကို တစ်ချက်သာကြည့်လိုက်ပြီး ဖြည်းညင်းစွာ စကားဆိုလေသည်။
"မတူညီတဲ့ အသက်အရွယ်တွေက မတူညီတဲ့ ကုသမှုနည်းလမ်းတွေကို လိုအပ်တယ်..."
သူ၏အသံက လူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွား၏။
"၁ ရက်ကနေ ၇ ရက်သားအရွယ် ကြက်ပေါက်လေးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ မိခင်ဆီကရတဲ့ ပဋိပစ္စည်းတွေ ကျန်ရှိနေသေးတဲ့အတွက် တိုက်ရိုက် ကာကွယ်ဆေးထိုးတာက သိပ်အကျိုးမရှိဘဲ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်တယ်... ဒါကြောင့် ပထမဆုံး ကာကွယ်ဆေးကို မျက်စဉ်းခတ်တာ ဒါမှမဟုတ် နှာခေါင်းထဲ အစက်ချတဲ့နည်းနဲ့ လုပ်သင့်ပြီး ကာကွယ်ဆေးကို နှစ်ဆ ရေရောကာ ဆေးပမာဏကို တစ်ဝက်လျှော့ချရမယ်..."
"၂၁ ရက်သားအရွယ်လောက်မှာ မိခင်ဆီကရတဲ့ ပဋိပစ္စည်းတွေ အခြေခံအားဖြင့် လျော့ကျသွားပြီဖြစ်လို့ ဒုတိယအကြိမ် ကာကွယ်ဆေးပေးဖို့ အကောင်းဆုံးအချိန်ပဲ... အဲ့ဒီအချိန်မှာ သတ်မှတ်ထားတဲ့ ဆေးပမာဏအတိုင်း ကြွက်သားထဲကို ထိုးသွင်းပေးလို့ရတယ်..."
"ကြက်ကြီးတွေ၊ အထူးသဖြင့် ဥစားကြက်တွေအတွက်ကျတော့ ကိုယ်ခံအားအဆင့်ကို မြင့်မြင့်မားမား ထိန်းထားနိုင်ဖို့ နွေဦးနဲ့ ဆောင်းဦးမှာ တစ်ကြိမ်စီ ထပ်တိုးကာကွယ်ဆေး ထိုးပေးဖို့ အကြံပြုချင်တယ်..."
ချန်ရှင်းက ဤနေရာတွင် ခဏရပ်လိုက်ပြီး ကြောင်တောင်တောင် ဖြစ်နေကြပြီဖြစ်သော နည်းပညာရှင်အချို့ကို တစ်ချက်ကြည့်ကာ နောက်ထပ် စကားတစ်ခွန်း ထပ်ဖြည့်လိုက်သည်။
"ဒါကတော့ ပုံမှန်အခြေအနေကို ပြောတာပေါ့... အကယ်၍ အခုတစ်ခေါက်လို ရောဂါဖြစ်ပွားနေပြီဆိုရင်တော့ အရေးပေါ် ကာကွယ်ဆေးထိုးဖို့ လိုအပ်လိမ့်မယ်..."
"အသက်အရွယ်မရွေး ကြက်အုပ်စုတစ်ခုလုံးကို ဆေးဖျန်းပြီး ကာကွယ်ရမယ်၊ ဒါပေမဲ့ ကာကွယ်ဆေးပမာဏကို သုံးဆကနေ ငါးဆအထိ တိုးပေးရမယ်... တစ်ချိန်တည်းမှာပဲ ကြက်အုပ်ရဲ့ စိတ်ဖိစီးမှု တုံ့ပြန်မှုကို သေချာဂရုစိုက်ရမယ်၊ ကြက်ခြံကို လေဝင်လေထွက်ကောင်းအောင် ထားရမယ်၊ ပြီးတော့ ကြက်တွေရဲ့ ခံနိုင်ရည်ကို မြှင့်တင်ပေးဖို့ သောက်ရေထဲမှာ ဗီတာမင်စုံတချို့ ထည့်တိုက်နိုင်တယ်..."
သူ စကားပြောပြီးသွားသောအခါ တစ်ခန်းလုံး တိတ်ဆိတ်သွားလေသည်။
မေးခွန်းမေးခဲ့သော အနက်ရောင်မျက်မှန်ကိုင်းနှင့် နည်းပညာရှင်မှာ ပါးစပ်အဟောင်းသားဖြစ်နေပြီး သူ၏မျက်နှာထက်တွင် အံ့ဩမင်သက်မှုများ ပြည့်နှက်နေ၏။
မိခင်ထံမှရသော ပဋိပစ္စည်းများ၊ ကိုယ်ခံအားစနစ် ထိခိုက်မှု၊ စိတ်ဖိစီးမှု တုံ့ပြန်မှု စသည်တို့ဖြစ်ကြသည်။
သူတို့သည် ဤစကားလုံးများကို ပြည်နယ်စိုက်ပျိုးရေးကောလိပ်မှ ထွက်ပေါ်လာသော အတွင်းရေး လေ့လာမှုစာရွက်စာတမ်း အချို့တွင်သာ မြင်ဖူးခဲ့ကြပြီး ထိုစဉ်ကပင် အပေါ်ယံမျှသာ နားလည်ခဲ့ကြခြင်း ဖြစ်သည်။
သို့သော် ဤလူငယ်လေးသည် အလွယ်တကူ ဖြေရှင်းနိုင်ရုံသာမက ပြီးပြည့်စုံသော နည်းပညာပိုင်းဆိုင်ရာ ဖြေရှင်းချက်တစ်ခုအဖြစ်ပင် ပေါင်းစပ်ပေးလိုက်သေးသည် မဟုတ်ပါလော။
ဤကျွမ်းကျင်မှုအဆင့်ကား... ခရိုင်အဆင့်ကို မဆိုထားဘိ ပြည်နယ် သုတေသနဌာနမှ ကျွမ်းကျင်ပညာရှင်များကို ဖိတ်ခေါ်လျှင်ပင် ဤအဆင့်အထိ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။
ဤသည်က လယ်သမားတစ်ယောက်နှင့် လုံးဝ မတူပေ။ တောရွာတွင် လာရောက် ပုန်းအောင်းနေသော ကျွမ်းကျင်ပညာရှင်တစ်ဦးဟုပင် ထင်မှတ်ရလေသည်။
ဟူဖုန်းနှင့် ကျန်းပေါ်တို့သည် နည်းပညာဝေါဟာရများကို နားမလည်ကြသော်လည်း နည်းပညာရှင်များ၏ မျက်နှာပေါ်ရှိ မျက်နှာအမူအရာများကိုမူ ဖတ်တတ်ကြသည်။
၎င်းမှာ လုံးဝကို အလဲထိုးခံလိုက်ရခြင်းမှ ထွက်ပေါ်လာသော အံ့ဩမှင်တက်မှုနှင့် အထင်ကြီး လေးစားမှု ခံစားချက်မျိုးပင် ဖြစ်သည်။
ဟူဖုန်းမှာ ချန်ရှင်းကို ပို၍ပင် သဘောကျ နှစ်ခြိုက်စွာဖြင့် ကြည့်လိုက်လေသည်။
လူအုပ်ကြီး၏ တအံ့တဩဖြစ်နေမှုကို လျစ်လျူရှုကာ ချန်ရှင်းက လှည့်ပြီး ရွှီချင်းချင်းထံမှ အဝတ်အိတ်ကြီးတစ်လုံးကို ယူလိုက်သည်။ သူက ဖော့ဆို့နှင့် ဖယောင်းများဖြင့် ချိပ်ပိတ်ထားသော ဝါညိုရောင် ဖန်ပုလင်း အနည်းငယ်နှင့်အတူ ပြီးပြည့်စုံစွာ အတုလုပ်ထားသည့် "လျှို့ဝှက်စာရွက်စာတမ်း" တစ်ထပ်ကိုပါ ထုတ်ယူလိုက်ပြီး ဟူဖုန်းကို ပြသလိုက်သည်။
"ခရိုင်အုပ်ချုပ်ရေးမှူးဟူ ဒါက ကျွန်တော်ရထားတဲ့ အထူးဆေးပါ၊ ဒါပေမဲ့ သိပ်အများကြီးတော့ မရှိဘူး... ဒီမှာ လက်ရေးနဲ့ရေးထားတဲ့ ဆေးညွှန်းနဲ့ သုတေသန အချက်အလက်တချို့လည်း ပါတယ်၊ ခရိုင်က နည်းပညာရှင်တွေအတွက်တော့ ရည်ညွှန်းစရာတန်ဖိုးတချို့ ရှိနိုင်တယ်..."
ဟူဖုန်း၏ အသက်ရှူနှုန်းများ ချက်ချင်း မြန်ဆန်လာတော့သည်။
သူသည် လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ဆေးပုလင်းများနှင့် စာရွက်တစ်ထပ်ကို သေချာစွာ ယူလိုက်ပြီးနောက် အဝတ်အိတ်ကြီးကို သူ၏လူများထံ ကမ်းပေးလိုက်သည်။
သူ၏လက်များမှာ စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်ယင်နေလေ၏။
"ကောင်းတယ်... သိပ်ကောင်းတာပဲ..."
ဟူဖုန်းက ထိုပစ္စည်းများကို အဖိုးမဖြတ်နိုင်သော ရတနာများပမာ ဆုပ်ကိုင်ထားပြီး
"ရဲဘော်ချန်၊ ခရိုင်သူခရိုင်သားအားလုံးကိုယ်စား ကျေးဇူးတင်ပါတယ်... တကယ့်ကို ကျေးဇူးတင်ပါတယ်..."
သူ ခေါင်းမော့ကာ ချန်ရှင်းကို စူးစိုက်ကြည့်လိုက်ပြီး ဘေးပတ်ဝန်းကျင်ရှိ ရွာသူရွာသားများကိုပါ တစ်ချက် ဝေ့ကြည့်လိုက်သည်။
အသက်အရွယ်၊ ကျားမ မရွေး ရွာသူရွာသားအားလုံးမှာ ချန်ရှင်းကို လေးစား အထင်ကြီးမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်နေကြ၏။
ထို့နောက် ဟူဖုန်း၏ အကြည့်က မလှမ်းမကမ်းရှိ ကြီးကျယ်ခမ်းနားသော အုတ်ပြာနှင့် အုတ်ကြွပ်မိုး အိမ်ကြီးဆီသို့ ကျရောက်သွားသည်။
အိမ်ရာများ၊ ဩဇာလွှမ်းမိုးမှု၊ နည်းပညာ…
အလွန်ရဲတင်းသော စိတ်ကူးတစ်ခု သူ၏ခေါင်းထဲတွင် ဖြတ်ပြေးသွားလေသည်။
ရောဂါကို ကုသရုံမျှနှင့် မလုံလောက်ပေ။ လုံးဝကို မလုံလောက်ခြင်းဖြစ်သည်။
ဤကြက်တုပ်ကွေးက ဘေးဒုက္ခတစ်ခု ဖြစ်သော်လည်း ဘေးဒုက္ခ၏နောက်ကွယ်တွင် အခွင့်အလမ်းများလည်း ရှိနေနိုင်ပေသည်။
၎င်းကား ချင်းရွှေရွာသာမက အလံနီ ကွန်မြူနစ်တစ်ခုလုံးကိုပါ အမြင့်ဆုံး အဆင့်သစ်တစ်ခုဆီသို့ တွန်းပို့ပေးနိုင်မည့် အခွင့်အလမ်းတစ်ရပ်ပင် ဖြစ်သည်။
ဟူဖုန်းသည် သူ၏ပေါင်ကို ရုတ်တရက် ရိုက်ချလိုက်ရာ ဘေးတွင်ရပ်နေသော ကျန်းပေါ်ကိုပင် လန့်ဖျပ်သွားစေသည်။
"ရဲဘော်ချန်ရှင်း..."
ဟူဖုန်း၏ မျက်လုံးများ အရောင်လက်သွားပြီး ချန်ရှင်း၏ လက်မောင်းကို စိတ်လှုပ်ရှားစွာဖြင့် ဆုပ်ကိုင်လိုက်သည်။
"ရောဂါကို ကုသရုံနဲ့ မလုံလောက်ဘူး၊ ငါတို့က ဖွံ့ဖြိုးတိုးတက်အောင်နဲ့ ကြိုတင်ကာကွယ်နိုင်အောင်လည်း လုပ်ရမယ်... မင်းက ဦးဆောင်ပြီးတော့ တစ်ခရိုင်လုံးစာအတွက် စံပြ ကြက်မွေးမြူရေးခြံတစ်ခုကို ချင်းရွှေရွာမှာ တည်ထောင်ဖို့ အကြံပြုချင်တယ်... ဘယ်လိုသဘောရလဲ..."
စံပြကြက်မွေးမြူရေးခြံတဲ့လား။
ဤစကားလုံးများက ထိုနေရာရှိ လူအားလုံးကို ခဏတာ ဆွံ့အသွားစေခဲ့သည်။
ဤသည်က အလုပ်အကိုင်တစ်ခုကို ဆိုလိုခြင်းဖြစ်သည်။ တည်ငြိမ်သော ဝင်ငွေတစ်ခုကို ဆိုလိုခြင်းပင် ဖြစ်သည်။ ထို့အပြင် သတင်းစာများနှင့် ရေဒီယိုတွင်ပင် ပါဝင်လာနိုင်ပြီး တစ်ခရိုင်လုံး၌ နာမည်ကျော်ကြားလာရန် အခွင့်အရေးပင် ရှိနေသေးသည်။
နောက်တစ်စက္ကန့်တွင်တော့ ရွာသူရွာသားများအားလုံး၏ အသိတရားများက ဤကြီးမားလှသော အံ့အားသင့်မှုကြီး၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရတော့သည်။
သူတို့သည် သူတို့၏ အာရုံအားလုံးကို ချန်ရှင်းထံသို့သာ စူးစိုက်ထားလိုက်ကြ၏။
တူညီသော တောင့်တမှုနှင့် ဆုတောင်းမှုတို့က လူတိုင်း၏ မျက်နှာထက်တွင် အထင်းသား ပေါ်လွင်နေလေသည်။
သဘောတူလိုက်ပါ။ အခုပဲ သဘောတူလိုက်ပါတော့။
တစ်ရွာလုံး၏ စိတ်အားထက်သန်နေသော အကြည့်များနှင့် ခရိုင်အုပ်ချုပ်ရေးမှူး၏ ပြင်းပြသော မျှော်လင့်ချက်များကို ရင်ဆိုင်ရင်း ချန်ရှင်း၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားကာ တည်ငြိမ်သော လေသံဖြင့် ဆိုလိုက်သည်။
"ခရိုင်အုပ်ချုပ်ရေးမှူးဟူ၊ ရိုးရိုးသားသား ပြောရရင် အဲ့ဒါက ကျွန်တော် တွေးနေတဲ့အရာပါပဲ..."
ဝုန်းခနဲပင်။
လူအုပ်ကြီးက ပေါက်ကွဲထွက်သွားတော့သည်။
ဟူဖုန်းမှာ အလွန်တရာ ဝမ်းသာသွား၏။ သူက ချန်ရှင်း၏ ပခုံးကို အားပါးတရ ပုတ်လိုက်ပြီး နားရွက်တိတ်မတတ် ပြုံးဖြီးနေတော့သည်။
"ကောင်းတယ်... သိပ်ကောင်းတယ်... ကြီးမြတ်တဲ့သူတွေက တွေးပုံခေါ်ပုံချင်း တူကြတာပဲ... ရဲဘော်ချန်၊ ယုံကြည်မှုရှိရှိနဲ့ ရှေ့ဆက်ပြီးသာ လုပ်လိုက်စမ်းပါ... ခရိုင်ကနေ အပြည့်အဝ ထောက်ခံပံ့ပိုးပေးမယ်... ပိုက်ဆံ၊ မူဝါဒတွေ၊ ခွဲတမ်းတွေ... မင်း ဘာပဲလိုလို ငါ ပေးမယ်... အပြည့်အဝကို ပံ့ပိုးပေးမယ်..."
စကားပြောပြီးနောက် သူ လှည့်လိုက်ကာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေကြသော ရွာသူရွာသားအားလုံးကို မျက်နှာမူလျက် လည်ချောင်းဟန့်လိုက်ပြီး ထိုနေရာတွင်ပင် ကြေညာလိုက်သည်။
"ဒီနေ့ကစပြီး ရဲဘော် ချန်ရှင်းကို 'ချင်းရွှေရွာ စုပေါင်း ကြက်မွေးမြူရေးခြံ' ရဲ့ နည်းပညာပိုင်းဆိုင်ရာ အကြံပေးမှူးချုပ်အဖြစ် တရားဝင်ခန့်အပ်ကြောင်း ငါ ဒီကနေ ကြေညာလိုက်တယ်..."
စကားသံဆုံးသွားလေသည်။
ချင်းရွှေရွာတစ်ခုလုံးမှာ တစ်စက္ကန့်မျှ သေမတတ် တိတ်ဆိတ်သွား၏။
ထိုနောက် ချက်ချင်းပင် အောင်ပွဲခံ အော်ဟစ်သံများ ပေါက်ကွဲထွက်လာတော့သည်။
"သတင်းကောင်းကြီးဟေ့... ငါတို့ရွာမှာ ကြက်မွေးမြူရေးခြံ ဆောက်တော့မှာကွ..."
"အကြံပေးချန် သက်တော်ရာကျော် ရှည်ပါစေ..."
ရွာသူရွာသားများမှာ အလွန်စိတ်လှုပ်ရှားနေကြသဖြင့် သူတို့၏ မျက်နှာများပင် နီရဲလာကြသည်။
ရွာလူကြီး ချန်ကွမ်လင်သည်လည်း လူအုပ်ထဲတွင် ရပ်နေကာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေလေသည်။
လူအုပ်ကြီး၏ အလယ်ဗဟို၌ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး ရှိနေသော ချန်ရှင်းကို သူ ကြည့်လိုက်ရာ သူ၏နှုတ်ခမ်းများ တုန်ယင်နေ၏။ သူ ကျေးဇူးတင်စကား တစ်စုံတစ်ရာ ပြောချင်သော်လည်း စကားတစ်ခွန်းမျှ ထွက်မလာခဲ့ပေ။
နောက်ဆုံးတွင် သူက ချန်ရှင်းကို ရိုသေစွာ ဦးညွှတ် ဂါရဝပြုလိုက်သည်။
ထိုသို့ ကိုင်းညွှတ်သွားသော ကျောပြင်၌ အရိုးထဲထိ စွဲလန်းနေခဲ့သည်မှာ ကြာပြီဖြစ်သော အတိုင်းအဆမရှိသည့် ကျေးဇူးတင်မှုနှင့် လေးစားမြတ်နိုးမှုတို့ ပါဝင်နေလေသည်။
မလှမ်းမကမ်းတွင် သတင်းကြားပြီး မြင်ကွင်းကို လာရောက်ကြည့်ရှုကြသော လီကျားရွာမှ ရွာသူရွာသားများ၏ မျက်လုံးများမှာ နီရဲနေကြသည်။
သဝန်တိုမှုများ။ မနာလိုမှုများ။
ထိုခံစားချက်က ကိုယ့်အိမ်မှ ပိုက်ဆံများ ပျောက်ဆုံးသွားခြင်းထက်ပင် ပို၍ ဆိုးရွားလှသည်။
*ဘာကြောင့်လဲ။ ဘာဖြစ်လို့ ချင်းရွှေရွာကပဲ ကောင်းတဲ့အရာတွေ အားလုံးကို ရနေရတာလဲ။ သူတို့ရွာမှာ ချန်ရှင်း ရှိနေလို့များလား….”
ချန်ရှင်းကို ပြန်ပေးဆွဲပြီး လီကျားရွာကို ခေါ်သွားချင်စိတ်တောင် ပေါက်လာကြသည်။
လီမင်သည် လူအုပ်ကြီး၏ အစွန်ဆုံးတွင် ရပ်ကာ ချင်းရွှေရွာမှ ရွာသူရွာသားများ၏ အောင်ပွဲခံ ပျော်ရွှင်နေမှုကိုကြည့်နေပြီး သူ၏ နှလုံးသားထဲတွင် ခါးသီးမှုများ ပြည့်နှက်နေလေသည်။
သူသည် သူ၏ ဆေးတံကို အားပါးတရ ဖွာရှိုက်လိုက်ရာ ဝဲပျံနေသော မီးခိုးငွေ့များကြားမှ တစ်ခါမျှ မဖြစ်ဖူးသော စိတ်ပိုင်းဖြတ်မှု အရိပ်အယောင်တစ်ခုက သူ၏ မှုန်ဝါးနေသော မျက်လုံးများထဲတွင် လက်ကနဲ ဖြစ်သွားသည်။
“မဖြစ်ဘူး။ ဒီအတိုင်း ဆက်သွားနေလို့ မဖြစ်တော့ဘူး…”
ယခုမှစ၍ ချင်းရွှေရွာက ဘာပဲလုပ်လုပ် သူတို့ လီကျားရွာက နောက်ကနေ လိုက်လုပ်မည်ဟု သူ စိတ်ပိုင်းဖြတ်လိုက်သည်။ သူတို့အနေဖြင့် ချန်ရှင်း၏ အင်္ကျီစကို ဆွဲတွယ်ထားရမည်ဖြစ်ပြီး ဘယ်တော့မှ လက်မလွှတ်ရပေ။