← Chapters

အခန်း ၂၁၇

Vol. 22 Ch. 217

အခန်း ၂၁၇

Vol. 22 Ch. 217

အခန်း (၂၁၇) တော်ဝင်ညီလာခံခန်းမထဲမှ ပြေးထွက်သွားခြင်း

"ဟေ့‌လူ... မင်းက ဘယ်လိုသတ္တိမျိုးနဲ့ အဲ့လိုစကားမျိုး ပြောရဲတာလဲ... ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ငါမင်းသား မင်းကို ရိုက်ပစ်မယ်နော်..."

တတိယမင်းသားသည် သတိကင်းမဲ့သော ကောင်လေးတစ်ဦးဖြစ်၏။ ယွင်ဟွားအား သူ၏ အစ်မကြီးအဖြစ် သတ်မှတ်ထားသဖြင့် သူသည် မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ အကြောက်အလန့် ကင်းမဲ့နေလေသည်။

"ငါ့ရဲ့ အစ်မကြီးက နိုင်ငံ့အတွက်ရော ပြည်သူတွေအတွက်ပါ တိုက်ပွဲဝင်ပေးနေတဲ့ သူရဲကောင်းအမျိုးသမီး... သူမက အကျင့်ပျက်အရာရှိတွေကို ဖမ်းဆီးနှိမ်နင်းပြီး သူလျှိုတွေကို ဖမ်းဆီးပေးတယ်... မင်းကော အဲ့လိုမျိုး လုပ်နိုင်လို့လား... ပြီးတော့ မင်းက သူမရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးနေတာလား... ငါ့ရဲ့ အစ်မကြီးက နာမည်ကောင်းရှိတဲ့သူပဲ..."

"အလွန်ဆုံးဖြစ်လှ ခေါင်းကွဲရုံလောက်ပါပဲ... ဒါပေမယ့် ငါ့နာမည်က ပိုပြီးဆိုးရွားနေသေးတယ်... လူတွေက ငါ့ကို ဆိုးသွမ်းတဲ့ နတ်ဆိုးဘုရင်လို့ ခေါကြတယ်..."

"ငါ့နာမည်ကလည်း မြို့တော်တစ်ခုလုံးမှာ ကျော်ကြားတယ်... လူတိုင်းက ငါ့ကို ရက်စက်တဲ့ မိစ္ဆာဆိုးအဖြစ် သိထားကြတယ်..."

ရှန်ကွမ်းဝမ်သော်သည် သူ၏ မေးစေ့ကို ပင့်မကာ သူ၏ ဆရာကြီးအား ကာကွယ်ပေးနေသည့်အလား ရှင်းလင်းစွာ ပြုမူနေလေသည်။

တတိယမင်းသားသည် ရှန်ကွမ်းဝမ်သော်အား ရုတ်တရက် လှမ်းကြည့်လိုက်ပြီးနောက် အသံတိုးတိုးဖြင့် မေးလိုက်၏။

"မိစ္ဆာဆိုးဆိုတဲ့ နာမည်ပြောင်က ငါ့ညီတော်ရဲ့ နာမည် မဟုတ်ဘူးလား..."

ရှန်ကွမ်းဝမ်သော်၏ မျက်လုံးများ မှောင်မိုက်သွားပြီးနောက် ပြန်ပြောလိုက်သည်။

"ငါ့ရဲ့ နာမည်ပြောင်က ခွေးရူးသော်ပဲ... နည်းနည်းတော့ အဆင့်နိမ့်နေတယ်... ဒါကြောင့် ဒီနာမည်ကို ခဏလောက် ငှားသုံးလိုက်ဦးမယ်..."

အမတ်လျူသည် ခြိမ်းခြောက်နေသော အမူအရာများဖြင့် လူနှစ်ဦးကို လှမ်းကြည့်လိုက်ပြီးနောက် အေးတိအေးစက် နေဟန်ရှိသော ယွင်ဟွားကို ကြည့်လိုက်ရာ သူ၏ ခေါင်းထဲတွင် ဟာလာဟင်းလင်း ဖြစ်သွားလေတော့သည်။

"ကျွန်တော်..."

"ကျွန်တော် သူမကို မကွာရှင်းတော့ဘူး... ရတယ်မလား..."

ဤမင်းသမီးသည် ပြဿနာရှာတတ်သူ တစ်ဦးဖြစ်ရာ အကယ်၍ သူမ၏ ဖမ်းဆီးခြင်းကို ခံရပါက သေချာပေါက် အသတ်မခံရလျှင်တောင်မှ ပြင်းထန်စွာ အပြစ်ပေးခံရမည်ဖြစ်၏။

ယခုချက်ချင်း မကွာရှင်းလျှင်တောင်မှ ယနေ့ည အိမ်ပြန်ရောက်သောအခါ ကွာရှင်းပစ်ရမည်။

သူမက သူ၏ အိမ်တော်အထိ လိုက်လံရှာဖွေနိုင်မည်ဆိုသည်ကိုမူ သူ လုံးဝ မယုံကြည်ပေ။

"မရဘူး..."

ယွင်ဟွား၏ မျက်လုံးများ ကျဉ်းမြောင်းသွားသော်လည်း သူမသည် အမူအရာကို ချက်ချင်း ပြောင်းလဲလိုက်ပြီး သူမ၏ လက်ငယ်လေးများဖြင့် အဆက်မပြတ် တွက်ချက်နေရင်း ပြောလိုက်၏။

"အမတ်လျူ... တကယ်တော့ ရှင်တို့ကို ကွာရှင်းဖို့ ပြောရတဲ့ အကြောင်းရင်းက ရှင့်ရဲ့ ကောင်းကျိုးအတွက်ပါ... ကျွန်မ ရှင့်မျက်နှာကို ခုလေးတင် ကြည့်လိုက်တော့ ရှင့်နဖူးက မည်းမှောင်နေတယ်... အဲ့တာက အလွန်ဆိုးရွားတဲ့ နိမိတ်တစ်ခုပဲ..."

“ဘာ…”

အမတ်လျူသည် ယွင်ဟွား၏ စကားများကြောင့် အလွန်အမင်း ထိတ်လန့်သွားကာ မှင်သက်စွာ ရပ်နေမိလေသည်။

ယွင်ဟွား တွက်ချက်နေစဉ် သူမသည် သူ့အား ဂရုတစိုက် စစ်ဆေးကြည့်ရှုနေ၏။ သူမ၏ မျက်မှောင်ကြုတ်နေမှုများကို မြင်လိုက်ရသောအခါ အမတ်လျူ၏ နှလုံးသားမှာ တုန်လှုပ်သွားပြီး မမေးဘဲ မနေနိုင်တော့ပေ။

"ယုံအန်းမင်းသမီး... ကျွန်တော်တို့ အခု ဘာဆက်လုပ်ရမလဲ..."

"ငါ့ကို လာမနှောင့်ယှက်နဲ့..."

ယွင်ဟွားက သူ့အား မျက်စောင်းထိုး၍ ကြည့်လိုက်လေသည်။

အမတ်လျူက ချက်ချင်းပင် ပါးစပ်ပိတ်သွားတော့၏။

"ကျစ် ကျစ် ကျစ်... အမည်းရောင်ထဲမှာ အပြာရောင်လေး စွက်နေတယ်... အပြာရောင်ထဲမှာလည်း အနီရောင်လေး စွက်နေပြီးတော့ အနီရောင်ထဲမှာ အစိမ်းရောင်လေး နည်းနည်း ပါနေတယ်... အမတ်လျူ... ရှင်က သွေးထွက်သံယို ဘေးအန္တရာယ်တစ်ခုနဲ့ ကြုံတွေ့ရတော့မယ်..."

ယွင်ဟွားက အံ့ဩတကြီး ရေရွတ်လိုက်စဉ် သူမ၏ လက်ချောင်းထိပ်များမှ ယင်စွမ်းအင်တစ်ခုက သူ၏ ခြေထောက်များဆီသို့ ပစ်လွှတ်လိုက်၏။

မည်သည့်အကြောင်းကြောင့်မှန်း မသိရဘဲ အမတ်လျူ၏ ဒူးများမှာ ခွေကျသွားကာ ကြမ်းပြင်ပေါ်သို့ ချက်ချင်း ဒူးထောက်ကျသွားလေသည်။ တိုက်ဆိုင်စွာပင် ကြမ်းပြင်ပေါ်၌ ကြွေပန်းကန်ကွဲစတစ်ခု ရှိနေ၏။ အမတ်လျူသည် နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့သွားပြီး သူ၏ အဝတ်အစားများဆီသို့ သွေးများ ဖြည်းညင်းစွာ စိမ့်ထွက်လာလေသည်။

"အမတ်လျူ... အရောင်က ပြာလဲ့လဲ့အနီရောင်ပါ... အနီရောင်က သွေးထွက်သံယိုနဲ့ ဘေးအန္တရာယ်ကို ကိုယ်စားပြုတယ်..."

“ရှောင်ပေပေ့... နင် အဲ့အကွဲစကို နေရာချလိုက်တာ အတော်လေး အချိုးကျတာပဲ…”

တရားသူကြီးစုတ်တံသည် မိမိကိုယ်ကို အလွန်ကျေနပ်အားရစွာဖြင့် ချက်ချင်းပင် သူ၏ ခေါင်းလေးကို မော့လိုက်၏။ ထို့နောက် သူက

"ဟုတ်တာပေါ့... ဟွားဟွားလေးအတွက် အလုပ်လုပ်ပေးရမယ်ဆိုရင် ဒီစုတ်တံက အမြဲတမ်း ကြိုးကြိုးစားစားနဲ့ ညည်းညူခြင်းမရှိဘဲ လုပ်ဆောင်ပေးဖို့ ဆန္ဒရှိတယ်..."

"အနီရောင်... အနီရောင်နဲ့ အစိမ်းရောင် ရောနေတယ်ဆိုတာက ဘာကိုဆိုလိုတာလဲ..."

အမတ်လျူသည် အထိတ်တလန့်ဖြစ်သွားကာ နာကျင်မှုကို အံကြိတ်ခံရင်း မတ်တတ်ရပ်နိုင်ရန် ရုန်းကန်လိုက်လေသည်။

"ပြီးတော့... မင်းသမီး ခုနက ပြောခဲ့တဲ့ ဆိုးရွားတဲ့ နိမိတ်ဆိုတာက ဘာလဲ..."

လူတိုင်း...

ယွင်ဟွားသည် သက်ပြင်းကို ဖွဖွချလိုက်ပြီး အသံဩဩဖြင့် ပြောလိုက်၏။

"အစိမ်းရောင်ဆိုတာက ရှင့်ရဲ့ ဇနီးက ရှင့်ရဲ့ ကံကြမ္မာကို နှောင့်ယှက်နေတဲ့ ရန်သူဖြစ်နေတာကို ရည်ညွှန်းတာပဲ..."

“ရှင်က ဖောက်ပြန်ခံလိုက်ရပြီ…”

“သခင်မလျူ... ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့... တကယ်တော့ သူက ရှင့်အတွက် ကံဆိုးစေတဲ့သူ ဖြစ်နေလို့ပါ... နောက်မှ ဒီကိစ္စကို ကျွန်မ ရှင်းပြပေးပါ့မယ်…”

သခင်မလျူသည် ခေတ္တမျှ ရပ်တန့်သွားကာ သူမ၏ မျက်နှာပေါ်ရှိ အပြုံးကို ဖုံးကွယ်လိုက်ပြီး အံ့အားသင့်ကာ ထိတ်လန့်သွားဟန် ဆောင်လိုက်လေသည်။

"ငါ... ငါက ငါ့ခင်ပွန်းအတွက် ကံဆိုးစေတဲ့သူလား..."

အမတ်လျူ၏ မျက်ဝန်းအိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွား၏။

"ဘာ..."

"သူမက ငါ့ရဲ့ ရန်သူတဲ့လား..."

အမတ်လျူသည် တစ်ကိုယ်လုံး တုန်ယင်နေပြီး သူ၏ မျက်လုံးများထဲတွင် ဒေါသများ ပြည့်နှက်နေလေသည်။

ငါ ဤမျှလောက် ကြိုးကြိုးစားစား အလုပ်လုပ်နေတာတောင်မှ ရာထူးက တက်မလာဘူးဆိုတာ အံ့ဩစရာ မရှိတော့ပါဘူး... အားလုံးက သူမကြောင့်ပဲဖြစ်ရမယ်။

"ယုံအန်းမင်းသမီး... ကျွန်တော် ဇနီးသည်ကို ကွာရှင်းချင်တယ်... တစ်နေ့နေ့ သူမရဲ့ ကျိန်စာတိုက်တာခံရပြီး ကျွန်တော် သေမသွားချင်ဘူး..."

သူက ပြတ်သားစွာ ပြောလိုက်၏။ ထပ်၍ စောင့်ဆိုင်းနေခြင်းက သူ့ကိုယ်သူ သစ္စာဖောက်ရာ ကျပေလိမ့်မည်။

နန်ကုန်းယွမ်သည် အရိပ်များဆီသို့ လက်ဟန်ခြေဟန်တစ်ခု ပြုလုပ်လိုက်ရာ ချက်ချင်းပင် လူရိပ်တစ်ခု ပျောက်ကွယ်သွားလေသည်။

ယွင်ဟွားက ခေါင်းခါမ်းလျက် သက်ပြင်းချလိုက်၏။

"မဟုတ်ဘူး... အကယ်၍ ရှင်က ဇနီးသည်ကို ကွာရှင်းလိုက်မယ်ဆိုရင် ရှင့်အပေါ်ထားတဲ့ သူမရဲ့ နာကြည်းမှုတွေကို ပိုပြီး ပြင်းထန်လာစေလိမ့်မယ်... ရှင်တို့ နှစ်ယောက်ရဲ့ ကံကြမ္မာက ရောယှက်နေပြီးတော့ အဲ့ဟာကို ရှောင်လွှဲလို့ မရနိုင်ဘူး..."

"ဒါကြောင့် ကွာရှင်းပြတ်စဲခြင်းကသာ တစ်ခုတည်းသော ထွက်ပေါက်ပဲ..."

"အကယ်၍ ရှင်က ဇနီးသည်ကို ကွာရှင်းဖို့ ဆက်ပြီး ဇွတ်တောင်းဆိုနေမယ်ဆိုရင် မကြာခင်မှာ ဆိုးရွားတဲ့ နိမိတ်တစ်ခု ရှင့်ဆီ ကျရောက်လာလိမ့်မယ်..."

“ရှောင်ရှူးရှူး... ရှောင်ပေပေ့... အဆင်သင့်ပြင်ထားကြ... အကယ်၍ သူက တုံ့ဆိုင်းနေတုန်းပဲဆိုရင် အမျိုးသမီးတွေရဲ့ ခေါင်းပေါ်က ဆံထိုးတွေနဲ့ ဖယောင်းတိုင်တွေ အားလုံးကို သူ့ဆီ ပစ်ပေါက်လိုက်တော့…”

“အမိန့်အတိုင်းပါ…”

ကောင်လေးနှစ်ယောက်၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် အရောင်လက်သွားပြီး ယွင်ဝေသည်လည်း အုတ်ခဲများကို ထုတ်ယူကာ နောက်မှ ပစ်ပေါက်ရန်အတွက် အကောင်းဆုံးနေရာကို ရှာဖွေနေလေသည်။

ဤသည်ကို မြင်လိုက်ရသောအခါ ချွေ့ဝမ်ရှင်းသည် သူမ၏ ရင်ဘတ်ကို ဖိထားလိုက်မိ၏။

"မော့အာ... မြန်မြန်... မင်းရဲ့ တတိယညီမကို မြန်မြန် ဆွဲချလိုက်စမ်း... ပြီးတော့ အဲ့အုတ်ခဲတွေကိုပါ လွှင့်ပစ်လိုက်..."

*ဘုရားရေ...ငါ့သမီးလေးက အရင်တုန်းက ခွေးခြေခုံပေါ် ရပ်ရလောက်အောင် အရပ်ပုခဲ့ပေမယ့် အခုတော့ စားပွဲပေါ်ကိုတောင် တက်ဖို့ ကြိုးစားနေပါပကောလား*

ယွင်ယာသည် ခေတ္တမျှ ရပ်တန့်သွားကာ သူမ ထုတ်ယူတော့မည့် အုတ်ခဲငယ်ကို လက်ထဲတွင် ကိုင်ထားဆဲဖြစ်ပြီး တိတ်ဆိတ်စွာပင် ပြန်ထိုင်လိုက်လေသည်။

အမတ်လျူမှာ စိတ်ရှုပ်ထွေးနေဟန်ရှိသည်။ သေခြင်းရှင်ခြင်းစာအုပ်သည် အနီးဆုံးရှိနေသော အမျိုးသမီး၏ ခေါင်းဆီသို့ ပြေးသွားပြီး ပန်းကလေး ထောက်ပံ့ပေးထားသော စွမ်းအားကို အသုံးပြုကာ သူမ၏ ဆံပင်ထဲမှ ဆံထိုးကို ဆွဲထုတ်လိုက်လေသည်။

“သွားစမ်း…”

"အု..အား..."

ဆံထိုးက သူ၏ တင်ပါးထဲသို့ တိုက်ရိုက် စိုက်ဝင်သွားသောကြောင့် အမတ်လျူက အူသံပေးလျက် ချက်ချင်း ခုန်ထလိုက်၏။ ချန်ကျဲဟန်သည် တံတွေးကို ခဲယဉ်းစွာ မြိုချလိုက်ပြီး သူ၏ ကိုယ်ပိုင်တင်ပါးကို မသိမသာ စမ်းသပ်ကြည့်လိုက်မိလေသည်။

"ကြည့်စမ်း... ဒါက ရှင့်ဆီကို ကံဆိုးမှုတွေ ထပ်ယူလာတာ မဟုတ်ဘူးလား..."

ယွင်ဟွားက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ တစ်ချိန်တည်းမှာပင် တရားသူကြီးစုတ်တံက ဖယောင်းတိုင်စင်ကို တိုက်ချလိုက်ရာ အမတ်လျူမှာ လန့်ဖျပ်သွားပြီး သူ၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားလေသည်။

"ကျွန်တော် ကွာရှင်းချင်တယ်... ကျွန်တော် ကွာရှင်းမယ်..."

သူသည် မည်သည့် စွန့်စားမှုကိုမျှ မလုပ်ရဲတော့ပေ။ အကယ်၍ သူ ကွာရှင်းချင်လျှင်လည်း ဖြစ်ပါစေတော့။ သူမကို ဖယ်ရှားလိုက်နိုင်သရွေ့ သူသည် တရားဝင်သားတစ်ယောက် ရနိုင်ရုံသာမက သူ၏ အရာရှိဘဝသည်လည်း ပိုမို တိုးတက်လာနိုင်ပေသည်။

နန်ကုန်းယွမ်သည် လက်ထဲတွင် စက္ကူနှင့် စုတ်တံကို ကိုင်ထားလျက် ဝှီးချဲကို တွန်းလာပြီးနောက် ကမ်းပေးလိုက်ကာ ယွင်ဟွားအား ကြွားဝါရန်လည်း မမေ့လျော့ခဲ့ပေ။

အမတ်လျူသည် နောက်ထပ် မမျှော်လင့်ထားသော ကိစ္စရပ်တစ်ခု ဖြစ်လာမည်ကို စိုးရိမ်သဖြင့် ကွာရှင်းစာချုပ်ကို အမြန်ရေးသားကာ သူ၏ နာမည်ကို လက်မှတ်ရေးထိုးလိုက်လေသည်။

သခင်မလျူ... သို့မဟုတ် ယခုအခါ သူမအား လီဟန်ကျစ်ဟု ခေါ်ဆိုသင့်ပေသည်။

သူမသည် သူမ၏ ကွာရှင်းစာချုပ်မိတ္တူကို ကိုင်ထားလျက် ရှည်လျားသော သက်ပြင်းတစ်ချက်ကို ချလိုက်၏။

အကယ်၍ ယနေ့တွင် ယုံအန်းမင်းသမီးသာ မရှိခဲ့လျှင် သူမသည် တစ်သက်လုံး အမှန်တရားကို သိရှိနိုင်မည် မဟုတ်ပေ။ သူ သူမအား မကွာရှင်းမီအထိ သူမကို စောင့်ကြိုနေသည်မှာ ပိုးကြိုးဖြူတစ်ချောင်း (သို့မဟုတ်) ဗုဒ္ဓဘာသာတရားကို ကျင့်ကြံကာ အထီးကျန်စွာ နေထိုင်ရမည့် ဘဝပင် ဖြစ်သည်။

ကိစ္စများ အားလုံး ပြေလည်သွားပြီဖြစ်ကြောင်း ယွင်ဟွား မြင်တွေ့လိုက်ရပြီးနောက် သူမ၏ အမူအရာမှာ အံ့အားသင့်သွားဟန်သို့ ရုတ်တရက် ပြောင်းလဲသွားလေသည်။

"အိုး... ဒုက္ခပါပဲ..."

"ထူးဆန်းလိုက်တာ... ထူးဆန်းလိုက်တာ... အမတ်လျူ... ရှင် သခင်မလီနဲ့ ကွာရှင်းပြီးကတည်းက ရှင်တို့နှစ်ယောက်စလုံး လုံးဝ ကွဲပြားသွားသလိုပဲ..."

ယွင်ဟွားက အံ့ဩတကြီး ရေရွတ်လိုက်ရာ ယခုလေးတင်မှ သက်ပြင်းချနိုင်ခဲ့သော အမတ်လျူသည် ချက်ချင်းပင် သတိပြန်ဝင်သွားလေသည်။

"ယုံအန်းမင်းသမီး... သူမက ပိုကောင်းလာတာလား ဒါမှမဟုတ် ပိုဆိုးသွားတာလား..."

ယွင်ဟွားသည် သူ၏ စကားများကို တုံ့ပြန်ခြင်း မရှိဘဲ သူမ၏ တောက်ပသော မျက်လုံးများက သူတို့နှစ်ဦးကြားတွင် အပြန်အလှန် ရွေ့လျားနေလေသည်။

"အဲ..."

"အမတ်လျူ... တကယ်တော့ မကောင်းတဲ့ လွှမ်းမိုးမှုတွေကို သယ်ဆောင်လာတာက ရှင့်ရဲ့ ကံကြမ္မာဖြစ်ပြီး အဲ့တာကက လီရဲ့ ကံကြမ္မာကို ဖိနှိပ်ထားတဲ့အတွက် ကျွန်မ တွက်ချက်တာ မှားယွင်းသွားတာပါ... တကယ်တော့ ရှင်က သူမနဲ့ သဟဇာတမဖြစ်တဲ့သူပါ... ကျွန်မ... ကျွန်မ... စာဖတ်တာ မှားသွားတယ်..."

အမတ်လျူ……

သူသည် ယွင်ဟွား၏ နှုတ်ခမ်းပေါ်ရှိ ထူးဆန်းသော အပြုံးကို မြင်လိုက်ရပြီးနောက် ရုတ်တရက် မကောင်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာလေသည်။

“ပန်းကလေး... သူ့ရဲ့ ကိုယ်လုပ်တော်နှစ်ယောက်က သူတို့ရဲ့ လင်ငယ်နဲ့ ပြင်းပြင်းထန်ထန် နပန်းလုံးနေတယ်... သူ့ကို လက်တစ်ဖက်လောက် ကူညီပေးလိုက်ရင် မကောင်းဘူးလား…”

သေခြင်းရှင်ခြင်းစာအုပ်က ချက်ချင်းပင် ရောက်လာပြီး အတွင်းရေးသတင်းများကို ပန်းကလေးအား ပြောပြလိုက်၏။

ယွင်ဟွား၏ မျက်လုံးများက အရောင်လက်သွားလေသည်။

လူအုပ်ကြီးမှာ အတော်လေး စိတ်လှုပ်ရှားနေကြ၏။ အကယ်၍ သူတို့သာ နန်းတွင်းပွဲတော်ကို တက်ရောက်နေခြင်း မရှိပါက သူတို့သည် နံရံကိုပင် ကျော်တက်ချင်နေကြပေလိမ့်မည်။

"အမတ်လျူ... ရှင် အခုပဲ အိမ်ပြန်ပြီး... ခဏလောက် အနားယူလိုက်ပါလား..."

"အင်း... အရင်က ကျွန်မ ပြောခဲ့တာက အနီရောင်မှာ အစိမ်းရောင်စွက်နေတယ်ဆိုတာ လီမိသားစုက ရှင့်ဆီ ကံဆိုးမှုတွေ ယူဆောင်လာတယ်လို့ ထင်ခဲ့တာပါ... အခုတော့ ရှင့်ရဲ့ အသွင်အပြင်က ပြောင်းလဲသွားပြီဆိုတော့ တကယ်တမ်းမှာ ကလေးရှိနေတဲ့ ကိုယ်လုပ်တော်နှစ်ယောက်က ရှင့်ကို ဖောက်ပြန်ခဲ့တယ်ဆိုတာကို ဆိုလိုတာပဲ..."

"ရှင့်ရဲ့ မကောင်းတဲ့ စွမ်းအင်တွေက အရမ်းပြင်းထန်လွန်းလို့ ရှင့်ကို ကလေးမရနိုင်အောင် ဖြစ်စေတာပါ... ပွင့်ပွင့်လင်းလင်း ပြောရရင် အဲ့ဟာကို အသုံးပြုလို့ရပေမယ့် အရည်အသွေးကတော့ ညံ့ဖျင်းနေတယ်..."

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ရှင့်အိမ်ရှိ ကလေးများမှာ ရှင့်ကလေးများ မဟုတ်ပေ။

ယွင်ဟွား၏ စကားများက ကြည်လင်နေသော ကောင်းကင်ယံမှ မိုးခြိမ်းသံတစ်ခုအလား ဖြစ်သွားကာ အမတ်လျူ၏ ခေါင်းထဲတွင် အူဝေသွားစေသည်။

*ကလေးမရနိုင်တဲ့သူက သူကိုယ်တိုင်ပဲတဲ့လား…*

*သူ ဖောက်ပြန်ခံလိုက်ရတာလား…*

*ကလေးနှစ်ယောက်စလုံးက သူနဲ့မဆိုင်ဘူးလား…*.

"အဲ... မရေမတွက်နိုင်တဲ့ ဗေဒင်တွက်ခြင်းတွေကို လုပ်ဆောင်ခဲ့ဖူးတဲ့ ဒ္မင်းသမီးတောင်မှ အမှားလုပ်မိသွားတယ်... အမတ်လျူ... တောင်းပန်ပါတယ်နော်... ရှင် ဇနီးသည်ကို ဆုံးရှုံးလိုက်ရပြီ..."

"စကားမစပ်... ရှင့်အတွက် ဧကရာဇ်ဆီကနေ ခွင့်တောင်းပေးရမလား... ရှင် အခုချက်ချင်း ပြန်သွားပြီး သူတို့ကို လက်ပူးလက်ကြပ် ဖမ်းလို့ရတယ်လေ... အဲ့စုံတွဲနှစ်တွဲက အခုချိန်မှာ တကယ့်ကို ရန်ဖြစ်နေကြတာ..."

"လင်ငယ်တွေထဲက တစ်ယောက်က ရှင့်အိမ်တော်က အိမ်တော်ထိန်းတောင် ဖြစ်နေသေးတယ်... ကျစ် ကျစ် ကျစ်... သနားစရာကောင်းလိုက်တာ..."

သူမ စကားပြောဆိုပြီးသည်နှင့်…

အမတ်လျူသည် ထွက်ပြေးသည့်အလား တော်ဝင်ညီလာခံခန်းမထဲမှ ပြေးထွက်သွားလေတော့သည်။

All Chapters