အခန်း ၅၁
Vol. 6 Ch. 51
အခန်း (၅၁) ကျုပ်ရဲ့ အသည်းအသက်လေး
ဒုတိယဦးလေးနှင့် တတိယဦးလေးတို့က မနာလိုဖြစ်နေကြသော်လည်း သူတို့၏ကလေးများအတွက် အလုပ်အကိုင်ရှာဖွေပေးရန် လုယွမ်အား အကူအညီမတောင်းခဲ့ကြပေ။
မည်သို့ပင်ဆိုစေကာမူ ယခုကာလ၌ သူမနှင့် ဤသားမက်အကြားတွင် အတားအဆီးတစ်ခုရှိနေသေးသည်ကတော့ အမှန်ပင်ဖြစ်သည်။
သားမက်နှင့် စုချန်းလျန်တို့၏ ဆက်ဆံရေးကိုပင် အများစုက လျစ်လျူရှုထားကြသည်။
မိန်းကလေးတစ်ယောက်သည် ခင်ပွန်းဖြစ်သူ၏ မိသားစုနှင့် အိမ်ထောင်ကျသွားသည်နှင့် တစ်ပြိုင်နက် ထိုမိသားစု၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားတော့သည်။ ပွဲတော်ရက်များနှင့် အားလပ်ရက်များတွင် လက်ဆောင်အချို့ ယူဆောင်လာနိုင်ပါက အလွန်ကောင်းမွန်သည်ဟု ယူဆရပေမည်။
မိမိ၏ ယောက်ဖအတွက် တက်ကြွစွာ အလုပ်ရှာပေးတတ်သော လုယွမ်ကဲ့သို့ လူမျိုးကို တွေ့ရခဲလှပေသည်။
ဒုတိယဦးလေးနှင့် တတိယဦးလေးတို့၏ မိသားစုများက မနာလိုဖြစ်ခဲ့ကြသော်လည်း တကယ်တမ်း၌ လောဘကြီးသူများတော့ မဟုတ်ကြပေ။
မည်သို့ပင်ဖြစ်စေ စုချန်းလျန် အောင်မြင်လာပါက အားလုံးက ၎င်းထံမှ အကျိုးအမြတ်များကို ခံစားရမည်သာဖြစ်သည်။
သူ၏ ယောက်ဖပြောသော စကားကို ကြားလိုက်ရသောအခါ စုချန်းလျန်က စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်ပြီး ထပ်ခါတလဲလဲ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ယောက်ဖ..."
ထိုစဉ် ဒုတိယအဒေါ်နှင့် တတိယအဒေါ်တို့ကလည်း ပြုံးရွှင်စွာဖြင့် ဝင်ပြောလိုက်ကြသည်။
"စကားနဲ့ပဲ ကျေးဇူးတင်မနေနဲ့... နေ့လယ်စာစားတဲ့အခါကျရင် မင်းရဲ့ယောက်ဖကို အရက်ခွက်အကြိမ်ကြိမ် မြှောက်ပြီး ကျေးဇူးတင်ရမယ်..."
စုချန်းလျန်က စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြလိုက်သည်။
စုလီယန်၏ မိခင်က သူမ၏ သားမက်ဖြစ်သူအား စိတ်လှုပ်ရှားနေသော မျက်နှာဖြင့် ကြည့်နေခဲ့သည်။
စုလီယန်ကမူ ထိုနံနက်က ဝက်များနှင့် သိုးများသတ်ရာမှ ကျန်ရစ်ခဲ့သော အညစ်အကြေးများကို ခြံထောင့်တစ်နေရာ၌ ရှင်းလင်းနေခဲ့သည်။
သူမက ဘာမှမပြောသော်လည်း စုလီယန်၏ အမူအရာက ဂုဏ်ယူမှုများဖြင့် ပြည့်နှက်နေပေသည်။
ကြည့်စမ်း... ဤသူက ငါ့ယောက်ျားဟ။
...
နေ့လယ်စာက ပုံမှန်အတိုင်းပင်ဖြစ်သည်။ အခြားမိသားစုများက နှစ်သစ်ကူးပွဲတော်ကာလ၌ပင် မစားနိုင်သော အစားအစာများက ဤနေရာ၌ အလွန်ရိုးရှင်းသော ဟင်းလျာများဖြစ်နေပေသည်။
မွန်းလွဲပိုင်း၌ ငါးနှင့် အသားများကို ကြော်ရဦးမည်ဖြစ်ရာ သူမမှာ အလုပ်များနေဦးမည်ဖြစ်သည်။
ထို့ကြောင့် အရက်ကို အများကြီး သောက်ဖြစ်ကြမည်မဟုတ်ပေ။
လုယွမ်က မြို့ထဲတွင် စုချန်းလျန်အတွက် အလုပ်တစ်ခုရှာပေးရန် စဉ်းစားနေခဲ့သည်။
တကယ်တမ်းဆိုရလျှင် လုယွမ်နှင့် ကျောက်ချောင်အာတို့၏ လက်ရှိဆက်ဆံရေးအရဆိုပါက
စကားတစ်ခွန်းတည်းဖြင့်ပင် စုချန်းလျန်အား မြို့ထဲသို့ခေါ်သွားနိုင်ပြီး အလွန်ကောင်းမွန်သော နေရာတစ်ခုကို ရရှိစေနိုင်သည်။
သို့သော် လုယွမ်က စုချန်းလျန်အား အသင်းအဖွဲ့နှင့် မပတ်သက်စေလိုသကဲ့သို့ ကျောက်ချောင်အာနှင့်လည်း အတူအလုပ်မလုပ်စေချင်ပေ။
အဓိကအားဖြင့်... ပွင့်ပွင့်လင်းလင်းပြောရလျှင် ဤအသင်းအဖွဲ့ဆိုသည်မှာ အဖွဲ့အစည်းတစ်မျိုးသာ မဟုတ်ပါလား။
လက်ရှိအခြေအနေက ဝိညာဉ်ကျောက်တုံးများကို တူးဖော်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းများ လုပ်ဆောင်နိုင်စွမ်းကြောင့်သာဖြစ်သည်။
သို့သော် ရေရှည်၌ ဤလုပ်ငန်းက နေဝင်ဆဲစက်မှုလုပ်ငန်းတစ်ခုနှင့် တူသည်ဟု လုယွမ်က ခံစားခဲ့ရသည်။
လက်ရှိတွင် အသင်းအဖွဲ့က အောင်မြင်နေသော်လည်း နှစ်အနည်းငယ်အတွင်း ကျဆင်းသွားလိမ့်မည်ဟု လုယွမ်က ထင်မြင်နေခဲ့သည်။
အကြောင်းရင်းက ရိုးရှင်းလှသည်။
ရှန်းလင်းအင်ပါယာ၏ လက်ရှိအမျိုးသားရေးအင်အားသည် မြောက်ပိုင်းတွင် စုစည်းနေပြီး မြောက်ပိုင်းယွမ်နှင့်... မဟုတ်ပေ။ သားရဲမျိုးနွယ်များနှင့် တိုက်ခိုက်နေရသည်။
သို့သော်လည်း လက်ရှိ ရှန်းလင်းအင်ပါယာနှင့် ယှဉ်လိုက်ပါက ဤသားရဲမျိုးနွယ်များသည် ဆောင်းဦးရာသီမှ ကျိုင်းကောင်များနှင့် တူညီနေပြီး ရက်အနည်းငယ်မျှပင် ဆက်လက်ခုန်ပေါက်နိုင်တော့မည်မဟုတ်ပေ။
မြို့စားရွှီသည် သဲကန္တာရထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်သွားပြီး သားရဲမျိုးနွယ်များအား လေထဲတွင်လွင့်စင်သွားသော ဆောင်းဦးသစ်ရွက်များကဲ့သို့ လိုက်လံနှိမ်နင်းနေခဲ့သည်။
သားရဲမျိုးနွယ်များမှာ လုံးဝချေမှုန်းခံလိုက်ရသည်။
ရှန်းလင်းအင်ပါယာက ၎င်း၏ အမျိုးသားရေးအင်အားကို ပြည်တွင်းရေး၌ စတင်အာရုံစိုက်လာပြီးနောက်တွင် အရာအားလုံးက ပြောင်းလဲသွားခဲ့သည်။
ယခုအခါ အင်ပါယာ၌ လုပ်သားအင်အားများပြားလာသဖြင့် အသင်းအဖွဲ့များ ထိန်းချုပ်ထားသော ဝိညာဉ်ကျောက်တုံး မိုင်းတွင်းများကိုလည်း တဖြည်းဖြည်း ပြန်လည်သိမ်းယူလာမည်ဖြစ်သည်။
ထို့ပြင် အင်ပါယာက ပိုမိုအားကောင်းလာပြီး ကြီးပွားတိုးတက်လာသည်နှင့်အမျှ ငြိမ်းချမ်းပြီး သာယာဝပြောသော ခေတ်ကာလတစ်ခုက ပေါ်ထွက်လာခဲ့သည်။
ထိုအချိန်သို့ရောက်လျှင် ခရီးသွားလာသူများလည်း များစွာနည်းပါးသွားပေလိမ့်မည်။
(မူရင်းမှာ ခရီးသွားကို တစ္ဆေဖမ်းသူတွေကိုရော လေလင့်ဝိညာဉ်တွေကိုပါ ခေါ်ပါတယ်)
ဤခရီးသွားများလည်း တဖြည်းဖြည်း အလုပ်လက်မဲ့ဖြစ်လာပြီး လယ်ယာလုပ်ငန်းခွင်သို့ ပြန်သွားရလိမ့်မည်ဖြစ်သည်။
ထိုအခြေအနေသို့ ရောက်သွားပါက အသင်းအဖွဲ့များလည်း ယခင်ကဲ့သို့ အင်အားကြီးမားနိုင်တော့မည် မဟုတ်ပေ။
ခေတ်ကာလ၏ ယေဘုယျရေစီးကြောင်းက အလွန်မြန်ဆန်လှပေသည်။
ကမ္ဘာမြေပေါ်ရှိ နှစ်ပေါင်း ၂၀၀၀ ဝန်းကျင်ခေတ်မှ လူများက အနှစ် ၂၀ ကြာပြီးနောက် မိုဘိုင်းလ်ဖုန်းများဖြင့် အရာများစွာကို လုပ်ဆောင်နိုင်လိမ့်မည်ဟု စိတ်ကူးယဉ်နိုင်ခဲ့ပါမည်လော။
ကူးပြောင်းလာသူတစ်ယောက်အနေဖြင့် လုယွမ်၌ အခြေခံအမြင်အချို့ ရှိနေဆဲဖြစ်သည်။
အသင်းအဖွဲ့များနှင့် ပတ်သက်ခြင်းက လမ်းဆုံးတစ်ခုသာဖြစ်သည်။
မည်သို့သော အလုပ်မျိုးက အလားအလာကောင်းသော အနာဂတ်ရှိသနည်း။
အစိုးရအဖွဲ့အစည်းထဲသို့ ဝင်ရောက်ခြင်းပင်ဖြစ်သည်။
စကြဝဠာ၏ အဆုံးစွန်သောရည်မှန်းချက်က အစိုးရရာထူးတစ်ခု ရယူခြင်းပင်ဖြစ်သည်။
လုယွမ်အတွက်မူ အစိုးရအဖွဲ့ထဲသို့ ဝင်ရောက်ရန် အခွင့်အရေးမရှိပေ။ သူ ဝင်ခွင့်စာမေးပွဲကို အောင်မြင်လိမ့်မည်ဟု မျှော်လင့်ခြင်းက စိတ်ကူးယဉ်သက်သက်သာဖြစ်သည်။
ထို့အပြင် စနစ်ထံမှ ဆုလာဘ်များစွာ ရရှိပြီးနောက် လုယွမ်၌ ဝင်ရောက်ဖြေဆိုရန် ရည်ရွယ်ချက်လည်း မရှိတော့ပေ။
သို့သော် လုယွမ် မဝင်ရောက်ပါက မိသားစုထဲမှ တစ်ယောက်ယောက်တော့ ဝင်ရောက်ရမည်ဖြစ်သည်။
မိသားစုအတွင်း အစိုးရရာထူးတစ်ခုရှိခြင်းက ကြီးမားလှသော အကျိုးကျေးဇူးများကို ရရှိစေပေသည်။
ထို့ကြောင့် ပွဲခံပြီးနောက် ဤကိစ္စနှင့်ပတ်သက်၍ လုယွမ်က စဉ်းစားရတော့မည်ဖြစ်သည်။
လုယွမ်၏ ပွဲခံပြီးနောက် အစီအစဉ်များနှင့်ပတ်သက်၍ လွန်ခဲ့သည့်ရက်အနည်းငယ်က စနစ်သည် သူ့အား ဆုလာဘ်များစွာ ပေးအပ်ထားခဲ့သော်လည်း လုယွမ်က ၎င်းတို့ကို ထုတ်ယူကြည့်ရှုခြင်း မရှိသေးပေ။
သို့သော်လည်း ဆုလာဘ်၏အမည်ကို ကြည့်ခြင်းအားဖြင့် ၎င်း၏ အဓိပ္ပာယ်ကို နားလည်နိုင်သည်။
ဖြစ်ပျက်နေသည်များကို သူ ပိုမိုနားလည်သဘောပေါက်ထားပေသည်။
ပွဲခံပြီးသည်နှင့် သူတို့ အလုပ်စလုပ်ကြမည်ဖြစ်သည်။ လောလောဆယ်တွင်မူ သူ၏ ဇနီးဖြစ်သူနှင့်အတူ ပွဲခံရသော ပျော်ရွှင်ဖွယ်ရက်များကို ခံစားလိုက်ပါဦးမည်။
...
မွန်းလွဲပိုင်းအချိန်ကလည်း ပုံမှန်အတိုင်းပင် ကုန်လွန်သွားခဲ့သည်။
သို့သော် ရွာထဲမှ လူအများအပြားက ကူညီရန်ရောက်လာကြသည်မှာ ထင်ရှားလှပေသည်။
အဘယ်ကြောင့်နည်း။ ထိုအစားအစာများကြောင့်ပင်ဖြစ်သည်။
ဤသည်က အသားလုံးကြော်များနှင့် အခြားအသားဟင်းလျာများ ပါဝင်သော ဒယ်အိုးကြီးတစ်လုံးကို ဖြစ်ပေါ်စေခဲ့သည်။
မစားရလျှင်တောင်မှ အသားနံ့လေး ရရုံနှင့်တင် လုံလောက်လှပေပြီ။
ညနေခင်းသို့ ရောက်သောအခါ အလုပ်များမှာ အခြေခံအားဖြင့် ပြီးစီးသွားခဲ့ပြီဖြစ်သည်။
အားလုံးက မနက်ဖြန် ရွာ၏ ဘိုးဘေးခန်းမရှေ့တွင် ကျင်းပမည့် စားသောက်ပွဲကြီးကို မျှော်လင့်နေကြသည်။
ချန်လျိုရွာတွင် အိမ်ခြေ (၇၀) နှင့် လူဦးရေ (၃၀၀) ခန့်ရှိသည်။
တစ်ဝိုင်းလျှင် လူဆယ်ယောက်နှုန်းဖြင့် စားပွဲဆယ့်ခုနစ်လုံးကို ပြင်ဆင်ထားသည်။
ဤစားပွဲဆယ့်ခုနစ်လုံးစလုံးသည် စုလီယန်၏ မိသားစုနှင့် ဆက်ဆံရေးကောင်းမွန်သူများသာ ထိုင်မည့်နေရာများဖြစ်သည်။
စုလီယန်၏ မိခင်ဖြစ်သူ၏ အဆင့်အတန်းကြောင့် ခနဲ့တဲ့တဲ့ပြောဆိုကာ ပြဿနာရှာလေ့ရှိသူ အချို့လည်း ရှိနေပေသည်။
သို့မဟုတ်ပါက အလုပ်များသော လယ်ယာစိုက်ပျိုးရေးရာသီတွင် ရေလုရာမှ ရန်ဖြစ်ခဲ့ကြသူများလည်း ရှိနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ ဖိတ်ကြားမခံရသူများမှာ အတိတ်က ပဋိပက္ခများ ရှိခဲ့ဖူးသူများသာဖြစ်သည်။
လုယွမ်သည် မြို့မှလာသော သားမက်တစ်ဦးဖြစ်ကြောင်း ရွာသူရွာသားအားလုံးက သိထားကြသည်။
ဖိတ်ကြားမခံရသူများမှာ ဒေါသထွက်နေကြသော်လည်း မည်သည့်အရာကိုမျှ မလုပ်ရဲကြပေ။
ထိုညနေခင်းတွင်လည်း မိသားစုက ယမန်နေ့ညကအတိုင်းပင် ပြုလုပ်ခဲ့ကြသည်။
လုယွမ် ပထမဆုံးရောက်ရှိလာခဲ့သော ယမန်နေ့ညကနှင့် နှိုင်းယှဉ်ပါက အားလုံးက အနည်းငယ် ပို၍စိမ်းသက်နေခဲ့ကြသည်။
ယနေ့တွင် တစ်ယောက်ကိုတစ်ယောက် ပိုမိုရင်းနှီးလာကြပြီးနောက် ဦးလေးနှစ်ယောက်ကလည်း ပိုမိုစကားပြောလာကြသည်။
ယနေ့တွင် လုယွမ်က သူ၏ ဒုတိယဦးလေးနှင့် တတိယဦးလေးတို့၏ မိသားစုအခြေအနေများအကြောင်းကိုလည်း သိရှိခဲ့ရသည်။
တတိယဦးလေး၏ မိသားစုတွင် မူလက ကလေးသုံးယောက်ရှိခဲ့သည်။
သမီးနှစ်ယောက်နှင့် သားတစ်ယောက်ဖြစ်သည်။
ကံမကောင်းစွာဖြင့်ပင် ထိုကလေးငယ်မှာ အသက်မရှင်နိုင်ခဲ့ပေ။
သူသည် အသက်သုံးနှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့သည်။
ဤခေတ် ဤအခါ၌ ပြောစရာ သိပ်မရှိလှပေ။ ဧကရာဇ်မင်း၏ သားတော်များပင်လျှင် ငယ်ရွယ်စဉ် သေဆုံးနိုင်ခြေ အလွန်မြင့်မားလှသည်။
တတိယဦးလေး၏ သမီးနှစ်ယောက်စလုံးမှာ စောစီးစွာ အိမ်ထောင်ကျသွားခဲ့ကြသည်။
ဒုတိယဦးလေး၏ မိသားစုတွင် သမီးတစ်ယောက်နှင့် သားတစ်ယောက်ရှိသည်။
ဒုတိယဦးလေး၏ သမီးမှာလည်း အိမ်ထောင်ကျနေပြီဖြစ်သည်။
ဤလောကရှိ အမျိုးသမီးများသည် ငယ်ရွယ်စဉ်မှာပင် အိမ်ထောင်ပြုကြပြီး အထူးသဖြင့် ဆင်းရဲသောမိသားစုမှ မိန်းကလေးများကို ဆက်လက်ထိန်းသိမ်းထားရန်ပင် ပို၍ခက်ခဲလှပေသည်။
သူမက အသက်ဆယ့်ငါးနှစ် သို့မဟုတ် ဆယ့်ခြောက်နှစ်အရွယ်မှာပင် အိမ်ထောင်ကျသွားခဲ့သည်။
အသက်ဆယ့်ကိုးနှစ်အရွယ်မှ အိမ်ထောင်ပြုသော ဇနီးသည်မှာမူ ထူးခြားသော အခြေအနေတစ်ရပ်ပင်ဖြစ်သည်။
ဒုတိယဦးလေး၏သား အမည်မှာ စုချန်းယွီ ဖြစ်သည်။
သူသည် စုချန်းလျန်နှင့် အသက်တူသော်လည်း စုချန်းယွီက ရွာထဲတွင် မနေထိုင်ပေ။
ထိုအစား သူက မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် မီးဖိုချောင်အကူအဖြစ် အလုပ်လုပ်နေသည်။
သူ၏ဖခင်ဖြစ်သူထံ၌ ဤကျွမ်းကျင်မှုရှိပြီး ငယ်စဉ်ကတည်းက သင်ယူခဲ့ရသောကြောင့် စုချန်းယွီကလည်း သဘာဝကျစွာပင် သူ၏ခြေရာကိုနင်းကာ စားဖိုမှူးတစ်ယောက် ဖြစ်လာခဲ့သည်။
ဤလမ်းစဉ်က တော်တော်လေး ကောင်းမွန်ပေသည်။ အနည်းဆုံးတော့ မည်သို့သော နှစ်မျိုးပင်ဖြစ်နေပါစေ စားဖိုမှူးတစ်ယောက်က ဗိုက်ဆာရလိမ့်မည် မဟုတ်ပါလား။
ယခုတစ်ကြိမ် စားသောက်ပွဲကျင်းပရန် လုယွမ်၏ ဆုံးဖြတ်ချက်က အလွန်ရုတ်တရက်ဆန်လွန်းပြီး ရက်အနည်းငယ်သာ ကြာမြင့်ခဲ့သည်။
ထို့အပြင် မြို့မှ ဆိုင်ရှင်ကလည်း စုချန်းယွီအား ပြန်လာခွင့် ပေးနိုင်မည်မဟုတ်ပေ။
ထို့ကြောင့် သူတို့က စုချန်းယွီအား အကြောင်းမကြားခဲ့ကြပေ။
အဖွဲ့က အေးအေးဆေးဆေး စကားစမြည်ပြောဆိုကြပြီး ညခုနစ်နာရီ ရှစ်နာရီခန့်တွင် စားသောက်ပြီးနောက် အတန်ကြာ ဆက်လက်စကားပြောနေခဲ့ကြသည်။
ထို့နောက် အားလုံး အိမ်ပြန်သွားကြသည်။ မနက်ဖြန်သည် နေ့ထူးနေ့မြတ်ဖြစ်သောကြောင့် သဘာဝကျစွာပင် မည်သူမျှ အရက်ကို အများကြီး မသောက်ရဲကြပေ။
...
နောက်တစ်နေ့နံနက်ခင်း။
နံနက် ရှစ်နာရီ၊ ကိုးနာရီခန့်တွင် ရွာလေးမှာ လှုပ်ရှားမှုများဖြင့် စည်ကားနေခဲ့သည်။
ယနေ့ စားသောက်ပွဲသို့ တက်ရောက်နိုင်သူအားလုံးက ကူညီရန် ရောက်လာကြသည်။
သူတို့က စုလီယန်၏ အိမ်မှ အရက်၊ အသားနှင့် အခြားသော အထွေထွေပစ္စည်းများကို ဘိုးဘေးခန်းမသို့ သယ်ဆောင်သွားခဲ့ကြသည်။
လုယွမ်နှင့် စုလီယန်တို့သည်လည်း သတို့သားနှင့် သတို့သမီး ဝတ်စုံများကို လဲလှယ်ဝတ်ဆင်လိုက်ကြသည်။
အခါကောင်းအတွက် ပြင်ဆင်နေကြသည်။
လုယွမ်က သူ့ကိုယ်ပိုင်အဝတ်အစားများကို ဝတ်ဆင်ထားသည်။
*ဟူး... ငါ့ဘာသာ အဝတ်အစားဝတ်ရတာ အကျင့်မရှိတော့ဘူး*
သူ ဘာမှမတတ်နိုင်ပေ။ သူ၏ ဇနီးဖြစ်သူကလည်း ဟိုဘက်တွင် အဝတ်အစားလဲနေသည် မဟုတ်ပါလား။
သတို့သမီး၏ ဝတ်စုံများက အနည်းငယ်ရှုပ်ထွေးလှရာ အဒေါ်များစွာနှင့် စုလီယန်၏ မိခင်တို့က သူမကို ဝတ်ဆင်ရန် ကူညီပေးခဲ့ရသည်။
"ညည်းရဲ့ယောက်ျားက ညည်းကို အိမ်ပြန်ခေါ်မသွားမချင်း စကားမပြောရဘူးနော်... မဟုတ်ရင် အတင်းပြောတဲ့သူဖြစ်သွားလိမ့်မယ်..."
စုလီယန်၏ မိခင်ဖြစ်သူက သူမ၏ အဝတ်အစား ကြယ်သီးများကို တပ်ပေးရင်း သမီးဖြစ်သူအား လမ်းညွှန်မှာကြားလိုက်သည်။
စုလီယန်က နာခံမှုရှိစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ထိုနံနက် နံနက်စာစားပြီးကတည်းက သူမ စကားတစ်ခွန်းမျှ မဟခဲ့ပေ။
လူတိုင်းက ကိုယ့်အလုပ်နှင့်ကိုယ် အလုပ်များနေကြသည်။
ထိုစဉ် အပြင်ဘက်မှ လူတစ်ယောက်ပြောလိုက်သော စကားကို ကြားလိုက်ရသည်။
"အဒေါ်ရေ... ခင်ဗျားမိသားစုမှာ ဧည့်သည်တွေ ထပ်ရောက်နေပုံရတယ်။ သူတို့တွေ ရွာအဝင်ဝကို ရောက်နေကြပြီ... အဖွဲ့ကြီးက တော်တော်ကြီးတယ်ဗျ..."
သူတို့အားလုံးက ခရီးသွားများဖြစ်ကြပြီး လက်ဆောင်များလည်း ယူဆောင်လာခဲ့ကြသည်။
ထိုစကားကို ကြားလိုက်ရသောအခါ လုယွမ်က မျက်တောင်ခတ်လိုက်မိသည်။
“ဟင်”
လုယွမ် ရွာအဝင်ဝသို့ ရောက်ရှိသွားသောအခါ ချန်လျိုရွာမှ ရုံးတော်လမ်းမကြီးဆီသို့ သွားသော လမ်းတစ်လျှောက်လုံးတွင် မြင်းလှည်းများဖြင့် ပိတ်ဆို့နေသည်ကို မြင်လိုက်ရသည်။
လုယွမ်မှာ နားမလည်နိုင်ဖြစ်နေဆဲပင်။
ထို့နောက် ဆွဲဆောင်မှုရှိပြီး ဝမ်းသာအားရဖြစ်နေသော အသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။
"ငါ့ရဲ့ အသည်းအသက်လေး..."
အိုး... ထိုလှပသော အမျိုးသမီး၏ ရမ္မက်ဆန်ဆန် စကားလုံးက မည်သူ့အရိုးကိုမဆို အရည်ပျော်သွားစေရန် လုံလောက်လှပေသည်။