အခန်း ၅၅
Vol. 6 Ch. 55
အခန်း (၅၅) ပြဿနာရှာရဲတာနဲ့တင် အိမ်ကိုပါ ဖြိုချလိုက်တော့မလို့လား
နောက်တစ်နေ့ နံနက်စောစောအချိန်၌ ဖြစ်သည်။
လုယွမ်က ဝိညာဉ်ကျောက်တုံးမီးဖိုနားသို့ သွားကာ လက်လှမ်း၍ စမ်းသပ်ကြည့်လိုက်သည်။
ဟင်...
အနည်းဆုံး ငွေစင်ငါးဆယ် သို့မဟုတ် ခြောက်ဆယ်ခန့် တန်ဖိုးရှိသော ဝိညာဉ်ကျောက်တုံးများက တစ်ညတည်းနှင့် ကုန်သွားခဲ့သည်လား။
*တစ်ရက်လုံးတောင် အသုံးမခံဘူးလား။ မီးဖိုက တစ်ညတည်းနဲ့ အေးစက်သွားခဲ့ပြီပဲ*
*ဘာဖြစ်တာလဲ…*
လုယွမ် ကြက်သေသေနေဆဲဖြစ်စဉ်မှာပင် အစေခံမလေးနှစ်ဦးက ဝါးခြင်းတောင်းကြီးတစ်ခုကို သယ်ဆောင်ကာ ဝင်လာခဲ့ကြသည်။
၎င်းအထဲတွင် ဝိညာဉ်ကျောက်တုံးအသစ် တစ်တောင်း အပြည့်ပါလာခဲ့သည်။
လုယွမ်က အစေခံမလေးနှစ်ဦးကို ကြည့်ကာ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ပြောလိုက်သည်။
"ဒါက..."
အစေခံမလေးနှစ်ဦးက ရိုသေလေးစားစွာဖြင့် ပြန်ပြောလိုက်သည်။
"သခင်မလေးက သခင်လေး အခန်းထဲမှာရှိနေသရွေ့ ဝိညာဉ်ကျောက်တုံးတွေ ကုန်သွားတာနဲ့ အသစ်ထပ်ဖြည့်ပေးဖို့ ညွှန်ကြားထားပါတယ်... ဒါမှ သခင်လေး အအေးမိမှာမဟုတ်ဘူးလို့ ဆိုပါတယ်..."
လုယွမ်က တိတ်ဆိတ်သွားခဲ့သည်။
ဤသည်က အရမ်းကို ဖြုန်းတီးရာကျလွန်သည်။ တစ်ရက်ကို အပူပေးဖို့အတွက်တင် ငွေဘယ်လောက်တောင် ကုန်ကျနေမလဲ။
သဘာဝကျစွာပင် အဒေါ်ကျောက်၌ ငွေကြေးချမ်းသာကြွယ်ဝပေသည်။
ယခင်က တိုင်နင်းမြို့ရှိ အဓိကအသင်းကြီးသုံးခုအနက် နှစ်ခုမှာ အဒေါ်ကျောက်၏ ပိုင်ဆိုင်မှုများဖြစ်ကြသည်။
ပြီးခဲ့သောကိစ္စတွင် အခြားအသင်းတစ်ခုက အဒေါ်ကျောက်ကို တိတ်တဆိတ် ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သောအကြိမ်က ဖြစ်ရပ်များအပြီးတွင် အဒေါ်ကျောက်က အခြားအသင်းတစ်ခုကိုပါ လွှဲပြောင်းရယူခဲ့သည်။
ယခုအခါ တစ်ခုလုံးသော တိုင်နင်းမြို့က အဒေါ်ကျောက်၏ ပိုင်ဆိုင်မှုဖြစ်သည်ဟုပင် ဆိုနိုင်ပေသည်။
ထို့အပြင် တိုင်နင်းမြို့သည် ခရိုင်မြို့တစ်မြို့ဖြစ်သော်လည်း ပြည်နယ်မြို့တော်၏ အနီးတစ်ဝိုက်တွင် တည်ရှိပေသည်။
အရေးအကြီးဆုံးမှာ တိုင်နင်းမြို့သည် ပြည်နယ်လမ်းမကြီးပေါ်တွင် တည်ရှိသော ခရိုင်မြို့တစ်မြို့ဖြစ်သောကြောင့် အတော်အတန် ကြွယ်ဝချမ်းသာပေသည်။
သို့သော်... မည်မျှပင် ချမ်းသာနေပါစေ ငွေများကို ရေထဲသို့ ဒီအတိုင်း ပစ်ချပစ်၍ မဖြစ်နိုင်ပေ။
ကမ္ဘာမြေပေါ်ရှိ သူဌေးကြီးတွေပင် ချမ်းသာကြသော်လည်း သူတို့က နေ့စဉ် ငွေသိန်းပေါင်းများစွာကို ရေထဲပစ်ချနေသည်ကို မတွေ့ရဘူး မဟုတ်လား။
လုယွမ်က ယမန်နေ့က "လက်မှုပညာ" စာအုပ်ကို ဖတ်ရှုခဲ့ပြီး ကြမ်းပြင်အပူပေးစနစ်တစ်ခုကို တည်ဆောက်ချင်နေခဲ့သည်။
ထိုအရာက တကယ်ကို အံ့မခန်းဖြစ်ပေသည်။ ကျောက်မီးသွေးကို လောင်ကျွမ်းစေရုံဖြင့် ၎င်း၏အာနိသင်က အလွန်ကောင်းမွန်လှပေသည်။
သို့သော် ကြမ်းပြင်အပူပေးစနစ် တပ်ဆင်လိုပါက အရင်ဆုံး အလုပ်တစ်ခုကို လုပ်ရမည်ဖြစ်သည်။ ၎င်းမှာ... အိမ်ကို ဖြိုချရန်ပင်ဖြစ်သည်။
စဉ်းစားကြည့်ပါဦး... အိမ်မှာ တစ်ညပဲ အိပ်ရသေးတယ် အဒေါ်ကျောက်ဆီသွားပြီး ဤအိမ်မှာ မနေချင်ဘူး ဖြိုချချင်တယ်လို့ သွားပြောရမှာလား။
ဤသည်က... တကယ့်ကို အခြေအနေမသိရာ ကျလွန်းလှပေသည်။
အစေခံမလေးနှစ်ဦးက ဝိညာဉ်ကျောက်တုံးများကို ဖြည့်တင်းပေးပြီးနောက် ထွက်သွားကြသည်။
ခဏမျှ စဉ်းစားနေပြီးနောက် လုယွမ်၏နားထဲသို့ ချိုသာသောအသံလေးတစ်ခု ဝင်ရောက်လာခဲ့သည်။
"အစ်ကို... ရေနွေးရပြီနော်..."
လုယွမ် သတိပြန်ဝင်လာသောအခါ သူ၏ဇနီး ပြန်ရောက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
အဒေါ်ကျောက်က သူမတို့အတွက် အစေခံမလေး အနည်းငယ်ကို တာဝန်ချထားပေးခဲ့သော်လည်း လုယွမ်က သူတို့အားလုံးကို ပြန်လွှတ်လိုက်ခဲ့သည်။
သူ့ကို ပြုစုပေးရန် ဤလူများ မလိုအပ်ပေ။ မည်သို့ပင်ဆိုစေကာမူ လုယွမ်၌ "လက်မှုပညာရှင်၏စိတ်ဝိညာဉ်" နှင့် "ကောင်းကင်ဆရာသခင်" ကဲ့သို့သော လျှို့ဝှက်ချက်အချို့ ရှိနေသောကြောင့်ဖြစ်သည်။
ကိုယ်ပိုင်ဇနီးက ကြည့်ရှုနိုင်သော်လည်း အပြင်လူများက ကြည့်၍မဖြစ်နိုင်ပေ။
ထို့ကြောင့် သူတို့နှစ်ဦးက အိမ်တွင် အမြဲနေထိုင်သကဲ့သို့ပင် ဆက်လက်နေထိုင်ခဲ့ကြသည်။
နံနက်ပိုင်း မျက်နှာသစ်ရေချိုးပြီးနောက် လုယွမ်နှင့် စုလီယန်တို့က အဒေါ်ကျောက်၏အခန်းသို့ သွားခဲ့ကြသည်။
အတွင်း၌ နံနက်စာ တစ်စားပွဲလုံးကို ပြင်ဆင်ထားပြီးဖြစ်နေသည်။
အဒေါ်ကျောက်က လုယွမ်နှင့် စုလီယန်တို့ ဝင်လာသည်ကို မြင်သောအခါ ပြုံး၍ ပြောလိုက်သည်။
"နေရာသစ်မှာ သက်တောင့်သက်သာ အိပ်ပျော်ရဲ့လား..."
လုယွမ်က ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။
"ကျွန်တော်ကတော့ ဘယ်နေရာဖြစ်ဖြစ် အဆင်ပြေပါတယ်... ခေါင်းချလိုက်တာနဲ့ အိပ်ပျော်သွားတာပါပဲ..."
ထို့နောက် အဒေါ်ကျောက်က စုလီယန်ကို အနားသို့ ဆွဲခေါ်လိုက်ကာ ညင်သာစွာ မေးလိုက်သည်။
"လီယန်ရော..."
စုလီယန်ကလည်း သဘာဝကျစွာပင် ယောက်ျားဖြစ်သူ၏ စကားအတိုင်း လိုက်ပြောကာ သူမလည်း အလွန်သက်တောင့်သက်သာ အိပ်ပျော်ခဲ့ကြောင်းနှင့် အဒေါ်ကျောက်၏ စီစဉ်ပေးမှုများအတွက် ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။
ထိုစကားကြောင့် အဒေါ်ကျောက်က ယခုမှစ၍ မိသားစုထဲတွင် မည်သူကမျှ ကျေးဇူးတင်စကား မပြောရဟုဆိုကာ သူမကို ညင်သာစွာ ဆူပူလိုက်လေသည်။
ထို့နောက် သူတို့သုံးဦးသား စတင်စားသောက်ကြလေသည်။
ပြောရမည်ဆိုလျှင် အဒေါ်ကျောက်က တကယ်ကို အလုပ်များလှပေသည်။
မည်သို့ပင်ဆိုစေကာမူ ကျောက်မိသားစု၏ လုပ်ငန်းကဲ့သို့သော ကြီးမားသည့် လုပ်ငန်းလည်ပတ်မှုအားလုံးကို အဒေါ်ကျောက်က စီမံခန့်ခွဲရခြင်းဖြစ်သည်။
ထမင်းစားနေစဉ်အတွင်း အိမ်တော်ထိန်းအိုကြီးက အကြိမ်ကြိမ် ဝင်လာခဲ့ပြီး အဒေါ်ကျောက်ကို ပစ္စည်းအမျိုးမျိုး ပြသကာ သူမ၏ သဘောတူညီချက်ကို တောင်းခံခဲ့သည်။
၎င်းတို့အားလုံးမှာ အရေးတကြီးကိစ္စများဖြစ်ကြသည်။ သို့မဟုတ်ပါက ထမင်းစားနေချိန်တွင် လာရောက်တင်ပြမည်မဟုတ်ပေ။
အရေးမကြီးသော ကိစ္စများဆိုလျှင် တောင်လိုပုံနေလောက်ပြီ ဖြစ်သည်။
အဒေါ်ကျောက်က အခက်အခဲဖြင့် စားသောက်နေရသည်ကို မြင်သောအခါ လုယွမ်က မပြောဘဲ မနေနိုင်တော့ပေ။
"အဒေါ်ကျောက် အနားယူဖို့ လိုတယ်နော်... အဒေါ်က နေမကောင်းသေးဘူးလေ..."
လုယွမ်၏ စိုးရိမ်ပူပန်မှုကို ကျောက်ချောင်အာက ပြုံး၍ ပြန်ဖြေလိုက်သည်။
"အဒေါ်သိပါတယ်... ဆောင်းရာသီရောက်လာပြီဆိုတော့ နောက်နှစ်နွေဦးအတွက် ဝိညာဉ်ကျောက်တုံးမိုင်းတွင်းတွေ ပြင်ဆင်ရဦးမယ်... တစ်နှစ်ပတ်လုံး အလုပ်များနေတာပါပဲ..."
"အဲ့အချိန်ကို ကျော်လွန်သွားရင်တော့ အခြေအနေတွေက ပိုပြီး သက်သာသွားမှာပါ..."
လုယွမ်က ခေါင်းညိတ်လိုက်သော်လည်း ဘာမှမပြောပေ။ ဤကိစ္စနှင့်ပတ်သက်၍ သူ အနည်းငယ် သိထားပေသည်။
ဝိညာဉ်ကျောက်တုံးများ တူးဖော်ခြင်းကလည်း ရာသီအလိုက် ဖြစ်ပေသည်။
ယေဘုယျအားဖြင့် နွေဦးရာသီသည် အထွက်နှုန်းအကောင်းဆုံး ရာသီဖြစ်သည်။
ထို့ကြောင့် တူးဖော်ခြင်းကို နွေဦးရာသီတွင် စတင်ရမည်ဖြစ်ပြီး နွေရာသီကုန်ဆုံးချိန်အထိ ဆက်လက်လုပ်ဆောင်ကာ ဆောင်းဦးရာသီတွင် ပြီးဆုံးရမည်ဖြစ်သည်။
နွေဦးရာသီတွင် တူးဖော်ရန် စီစဉ်ထားသောကြောင့် ဆောင်းရာသီအတွင်း အစီအစဉ်အမျိုးမျိုးကို ပြုလုပ်ရမည်ဖြစ်သည်။
လမ်းကြောင်းများ၊ သိုလှောင်မှု၊ သယ်ယူပို့ဆောင်ရေးနှင့် အခြားသော အထွေထွေကိစ္စရပ်များ အမျိုးမျိုးဖြစ်သည်။
အထူးသဖြင့် ယခုအခါ အဒေါ်ကျောက်၏ လက်အောက်တွင် အခြားအသင်းတစ်ခု ရှိနေပြီဖြစ်ရာ အဟောင်းများက အသုံးမဝင်တော့ပေ။
အကယ်၍ လုပ်ငန်းတာဝန်များကို ပြန်လည်ခွဲဝေရမည်ဆိုပါက သဘာဝကျစွာပင် ပို၍ အလုပ်များလာမည်ဖြစ်သည်။
ဤကိစ္စတွင် ဘာတွေဖြစ်နေသည်ကို အဒေါ်ကျောက်က သိပေသည်။ သူ့အနေဖြင့် ထပ်ပြောနေရန် မလိုအပ်ပေ။
မည်သို့ပင်ဆိုစေကာမူ သူတို့က ဤမျှကြီးမားသော စီးပွားရေးလုပ်ငန်းကို နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့သည်ဖြစ်ရာ သူထက်ပို၍ သိကြသည်မဟုတ်ပါလား။
ထိုကဲ့သို့သော စကားမျိုးကို တစ်ကြိမ်ပြောလျှင် လုံလောက်ပေသည်။ ထပ်ခါတလဲလဲ ပြောနေခြင်းက စိတ်အနှောင့်အယှက် ဖြစ်စေရုံသာဖြစ်သည်။
"အဒေါ် စားပြီးသွားရင် ကျွန်တော် လီယန်ကိုခေါ်ပြီး အိမ်အသစ်ကို သွားကြည့်ချင်လို့... ပြီးတော့ ရှီကဲရွာကိုပြန်ပြီး ကျွန်တော့်စာအုပ်အချို့ကို သွားယူဖို့ လူနှစ်ယောက်လောက် စီစဉ်ပေးရဦးမယ် ပြီးတော့..."
လုယွမ် စကားပြော၍ပင် မဆုံးသေးပေ။
ကျောက်ချောင်အာက လုယွမ်ကို အဆုံးအစမဲ့သော ချစ်ခင်မြတ်နိုးမှုများဖြင့် ကြည့်ကာ ပြောလိုက်သည်။
"အဒေါ့်ကို ပြောနေစရာ မလိုပါဘူး... ကိုယ့်အိမ်လိုပဲ သဘောထားပါ... မင်းက ဒီနေရာရဲ့ သခင်လေးပဲ..."
"အိမ်ထဲက လူအားလုံးက မင်းရဲ့ အမိန့်ကို နာခံကြလိမ့်မယ်... သူတို့ကို လိုသလို ခိုင်းစေလို့ရတယ်... ဘာပြဿနာပဲဖြစ်ဖြစ် အဒေါ်က ဖြေရှင်းပေးမယ်..."
လုယွမ်ကို ပြောပြီးနောက် ကျောက်ချောင်အာက သူမဘေးရှိ စုလီယန်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
"လီယန်လည်း အတူတူပဲနော်... ဘာပဲကြိုက်ကြိုက် ဘာပဲလိုချင်လိုချင် စာရင်းကိုင်ရုံးခန်းကို သွားပြီး ငွေထုတ်ကာ တိုက်ရိုက် ဝယ်လို့ရတယ်... အိမ်ထဲက အစေခံမလေးတွေကိုလည်း လိုသလို ခိုင်းလို့ရတယ်..."
"အဒေါ်က မင်းတို့ ဒီနေရာမှာနေရတာ အသားမကျဘဲ အနေကျုံ့နေမှာကို စိုးရိမ်နေတာ... အဒေါ့်ဆီမှာ အနေကျုံ့စရာ မလိုဘူးနော်..."
"ငါတို့က မိသားစုတွေပဲလေ..."
အားလုံးက အလွန်ပွင့်လင်းပြီး ရွှင်လန်းနေကြကာ လေထုကလည်း တက်ကြွပြီး ပျော်ရွှင်စရာကောင်းနေခဲ့သည်။
"အဒေါ်တို့ ဒီအိမ်မှာနေလာတာ နှစ်ပေါင်းများစွာ ရှိနေပြီဆိုပေမဲ့ အမြဲတမ်း တိတ်ဆိတ်ခြောက်ကပ်နေခဲ့တာ... မင်းတို့တွေ ဆူဆူညံညံလေး လုပ်ပေးဖို့ မျှော်လင့်နေတာပါ..."
ကျောက်ချောင်အာ၏ ထိုစကားများကို ကြားပြီးနောက် မည်သူကများ စိတ်မလှုပ်ရှားဘဲ နေမည်နည်း။
ဤအရာက တကယ့်ကို ရင်ထဲကို နွေးထွေးသွားစေခဲ့သည်။
စိတ်လှုပ်ရှားမှုများ ဖုံးလွှမ်းသွားခြင်းကြောင့် လုယွမ်က သူစောစောက စဉ်းစားနေခဲ့သည်များကို လုံးဝမေ့လျော့သွားခဲ့သည်။
အခြေအနေကို ချင့်ချိန်ရမည်ဆိုသည်က ဘာလဲ... ထိုစိုးရိမ်ပူပန်မှုများ အားလုံးကကော ဘာလဲ။
သူက ခဏမျှ စဉ်းစားလိုက်ပြီး အရင်က တွေးတောခဲ့သည်များကို ပြန်လည်သုံးသပ်ကြည့်လိုက်သည်။
သူလုပ်သော အရာများသည် ရမ်းသန်းပြီး လုပ်ဆောင်ခြင်းမျိုး မဟုတ်ပေ။
၎င်းက မူလကတည်းက အလွန်ကို ကောင်းမွန်သောအရာတစ်ခု ဖြစ်ပေသည်။
အခြားအရာများကို ဘေးဖယ်ထားလိုက်ပြီး ငွေမည်မျှ သက်သာသွားမည်ကိုသာ စဉ်းစားကြည့်ပါ။
သူတို့က အိမ်ထဲတွင် နေ့ရောညပါ နေ့စဉ် ဝိညာဉ်ကျောက်တုံးများကို လောင်ကျွမ်းစေသည်။
ဆောင်းရာသီတစ်တွင်းလုံး လောင်ကျွမ်းစေမည်ဆိုပါက လုယွမ်၏ အခန်းတစ်ခုတည်းအတွက်ပင် ငွေစင်ထောင်ပေါင်းများစွာ ကုန်ကျမည်ဖြစ်သည်။
အရေးအကြီးဆုံးမှာ ငွေများစွာ ကုန်ကျခဲ့သော်လည်း ၎င်းက လုံလောက်မှု မရှိသေးခြင်းဖြစ်သည်။
တစ်ညကို ငွေစင်ငါးဆယ် ကုန်ကျသော်လည်း အခန်းတွင်း အပူချိန်က ဆဲလ်စီးယပ်စ် ဆယ့်ခြောက် သို့မဟုတ် ဆယ့်ခုနစ် ဒီဂရီခန့်သာ ရှိပေသည်။
အရေးအကြီးဆုံးမှာ ဤသည်က အစသာရှိသေးသည်။ ဤသည်က ပထမဆုံး နှင်းခဲကျဆင်းမှုသာ ဖြစ်သည်။
နှင်းများပင် မကျသေးပေ။
ဆောင်းရာသီ၏ အအေးဆုံးအချိန်ဖြစ်သော တတိယနှင့် စတုတ္ထ ကိုးရက်တာကာလများအထိ စောင့်မည်ဆိုပါက ဤသည်က ပြဿနာတစ်ခု ဖြစ်လာပေလိမ့်မည်။
ထိုအရာက တကယ့်ကို အသုံးမဝင်ပေ။
ထိုအကြောင်းကို စဉ်းစားမိသောအခါ လုယွမ်က ထပ်ပြီး မြိုသိပ်မထားနိုင်တော့ပေ။
သူက ပြုံး၍ စကားပြောဆိုပြီးနောက် စားသောက်ရန် ပန်းကန်နှင့် တူကို ကောက်ကိုင်လိုက်တော့မည့် အဒေါ်ကျောက်ကို ချက်ချင်းကြည့်ကာ ပြောလိုက်သည်။
"အဒေါ် ကျွန်တော့်အခန်းထဲမှာ မြောင်းတစ်ခုတူးပြီး အထဲမှာ အပူပေးနံရံတစ်ခု တည်ဆောက်ချင်လို့..."
"ကျွန်တော်ပြောတာကို နားလည်ဖို့ နည်းနည်းခက်ကောင်း ခက်နိုင်ပေမဲ့ လွယ်လွယ်ပြောရရင် အဲ့ဒီအရှေ့ဘက်ဆောင်ကို ကျွန်တော့်အတွက် ဖြိုချပေးဖို့ လိုတယ်..."
ကျောက်ချောင်အာ - "..."
မထွက်သွားသေးသော အိမ်တော်ထိန်းအိုကြီးမှာလည်း ကြက်သေသေသွားခဲ့သည်။
*ပြဿနာရှာရဲတာနဲ့တင် အိမ်ကိုပါ ဖြိုချလိုက်တော့မလို့လား…*